Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဂ)-ရတနာပုံ စီလီကွန် စီမံကိန်းမြေအဖြစ် သိမ်း ဆည်းထားသော ဧကတစ်သောင်းအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အသုံး ပြုရန်မလိုသောကျန်မြေဧကများကိုဒေသခံတောင် သူများအား စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ရတနာပုံ စီလီကွန် စီမံကိန်းမြေအဖြစ် သိမ်းဆည်းထားသော ဧကတစ်သောင်းအား ရည်မှန်းထားသည့် နိုင်ငံတော် စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အသုံးပြုရန် မလိုသော ကျန်မြေဧကများကို ဒေသခံ တောင်သူများအား စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ  နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

နိုင်ငံတော်အကျိုးငှာ အခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေလွတ် မြေရိုင်း၊ မြေလပ်များထဲမှ လိုအပ်သော အနည်းဆုံးမြေဧကကို ပြန်လည် ရယူပိုင်ခွင့်ရှိသည်ဟု လည်းကောင်း၊ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများဖြစ်သည့် သစ်တော နယ်မြေများကို ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် သဘာဝနယ်မြေ ရေဝေရေလဲဒေသများမှ သဘာဝ အင်းအိုင်များကို ထိန်းသိမ်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ၃၀-၃-၂၀၁၂ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀)တွင်မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေတွင် တွေ့ရှိရပါကြောင်း၊ ၂၀၁၀၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၁)၌ လယ်ယာမြေ ဥပဒေတွင် လည်း နိုင်ငံတော်အကျိုးဖြစ်ထွန်းသည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းဆည်း ယူရာတွင် အနည်းဆုံးလိုအပ်သော ပမာဏကိုသာ သိမ်းယူရမည်။ စီမံကိန်းအား သတ်မှတ်ကာလ အတွင်း အမြန်ဆုံးပြီးစီးရေးအတွက် အကောင်အထည်ဖော်ရမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ခြင်း မပြုလုပ်ပါက မူလလယ်ယာလုပ်ပိုင်ခွင့်ရရှိထားသော ပုဂ္ဂလိကအဖွဲ့အစည်းများထံ ပြန်လည်ပေးအပ် ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

 ပြင်ဦးလွင်မြို့နယ်တွင် ရတနာပုံစီလီကွန် စီမံကိန်းမြေအဖြစ် ဧက တစ်သောင်း သိမ်းဆည်းထား သော်လည်း စီမံကိန်းအကောင်အထည်ဖော်မှုမှာ ၂၀ ရာခိုင်နှုန်းပင် မရှိသေးသည်ကို တွေ့ရှိရပါ ကြောင်း၊ ထိုကဲ့သို့ သိမ်းဆည်းထားသော်လည်း စီမံကိန်းနှင့် ကာလကြာရှည် အသုံးမပြုဘဲ တာဝန်ရှိသူမှ ထိန်းသိမ်းမှုအားနည်းခြင်းတို့ကြောင့် သဘာဝသစ်တော၊ ထင်းရှူးတောများ ပြုန်းတီး နေပြီဖြစ်ပါကြောင်း၊

၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအတွက် အမိန့်ကြော်ငြာစာအမှတ်(၅/၂၀၁၃)အရ စိုက်ပျိုးမြေပါဝင်နေပါက တရားမဝင်လုပ်ပိုင်ခွင့်ရရှိခြင်း မရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ဆန္ဒအပေါ် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ဆိုထားပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၇ အရ  နိုင်ငံတော်သည် နိုင်ငံတော်အတွင်း မြေအား သင့်တင့်မျှတရေးဖြစ်သည်ဟု ဆိုထားပါကြောင်း၊ နိုင်ငံတော်စီမံကိန်းများ ခန့်ခွဲဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မရှိမဖြစ်လိုအပ်သကဲ့သို့ တောင်သူလယ်သမားများအတွက် မြေယာသည်လည်း အဓိကကျပါကြောင်း၊

ထို့ကြောင့် ရတနာပုံမြေဧကတစ်သောင်းကို အမြန်ဆုံး အကျိုးရှိရှိ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ရတနာပုံမြို့သစ်စီမံကိန်းကို မြန်မာ နိုင်ငံ၏နည်းပညာဗဟိုအချက်အခြာတစ်ခုဖြစ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ကာ လူမှုဘဝဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာအဆင့်မီ IT နည်းပညာဗဟို တစ်ခုဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ အဖွဲ့ရုံး၏ ၂-၈-၂၀၀၆ ညွှန်ကြားချက်အရ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရတနာပုံ မြို့သစ်ဧရိယာအတွင်းရှိ မြေနေရာများအား လ/န(၃၉)လျှောက်ထားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ မြေသိမ်းအမိန့်ထုတ်ပြန်၍ ပြင်ဦးလွင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေသိမ်း ဆောင်ရွက်ခဲ့ ပါကြောင်း၊ မြေသိမ်း ဆောင်ရွက်ခဲ့သည်ဧက ၁၀၀၀၀တွင်  ရတနာပုံမြို့သစ် လ/န(၃၉)ကျပြီး ၆၆၂ ဧက၊ သစ်တောကြိုးဝိုင်းမြေ ၆၈၃၄ ဧက၊ တောရိုင်းမြေ ၂၂၀၇ ဧက၊ စိုက်ပျိုးမြေ ၂၉၇ ဧက ပါဝင်ပါကြောင်း၊ မြေသိမ်းလျော်ကြေး ကျသင့်ငွေများကို မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှကျခံ၍ ပြင်ဦးလွင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် လျော်ကြေးငွေများ ထုတ်ပေးခဲ့ပါကြောင်း၊ စိုက်ပျိုးမြေ ၂၉၇ ဧကအတွက် လျော်ကြေးကျပ် ၁၅၂.၂ သိန်းနှင့် သီးနှံနှင့် အဆောက်အဦလျော်ကြေးငွေ ၁၇၁၉.၈၆၆ သိန်းဖြစ်၍ စုစုပေါင်း လျော်ကြေးငွေသည် ကျပ် ၁၈၇၂.၀၆၆ သိန်းလျော်ကြေးဖြစ်ပါကြောင်း၊

 ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင် ရတနာပုံမြို့သစ်စီမံကိန်း မြေဧရိယာဧက ၁၀၀၀၀ ကို ပြည်ထဲရေး ဝန်ကြီးဌာနမှ မြေသိမ်းမိန့် (၃)စောင်ထုတ်ပြန်၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ အမည်ပေါက်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဧက ၁၀၀၀၀ အနက် ဧရိယာ ၁၀၇ ဧကအား အကျဉ်း ဦးစီးဌာန ၂၄ မိုင် ကျောက်ထုတ်စခန်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါသဖြင့် ဧရိယာ ၉၈၉၃ ဧက ကျန်ရှိပြီး ၎င်းကျန်ရှိဧရိယာမှ ၆၆၂ ဧကအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မှ ရတနာပုံမြို့သစ်အိမ်ရာစီမံကိန်းဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၀၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်က ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာများဖြင့် ရတနာပုံမြို့သစ်တည်ဆောက်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ကာ ရတနာပုံမြို့သစ်စီမံကိန်းမြေဧရိယာ ၉၈၉၃ ဧကကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပိုင်ဆိုင်စီမံခန့်ခွဲသောမြေအဖြစ် သတ်မှတ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၀၆ ခုနှစ် မတ်လမှစတင်ပြီး အဆိုပြုစီမံကိန်း(Master Plan)ပုံစံကို ရေးဆွဲကာ စီမံကိန်းကို အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်သွားရန် စီမံခဲ့ပါကြောင်း၊

စီမံကိန်း အဆင့်(၁)သည် ဧရိယာ ၂၂၀၀ ဧကရှိပြီး Software ရေးဆွဲထုတ်လုပ်သည့်စက်ရုံများ၊ Factory Complex စိမ်းလန်းမြေနှင့် ဝန်ဆောင်မှုဧရိယာများ၊ ICT  နည်းပညာများ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးစေရန်အတွက် နည်းပညာသင်တန်းကျောင်းများပါဝင်သည့် ICT Main Complex အိမ်ရာစီမံကိန်းနှင့် ဝန်ထမ်းအိမ်ရာများ၊ နေ့ကလေးထိန်းကျောင်း၊ အားကစားကွင်းနှင့် စားသောက် ဆိုင်များ အများဆုံးဝန်ဆောင်မှုများပါဝင်သည့် တောင်ပိုင်းအိမ်ရာစီမံကိန်းစသည့် မြေအသုံးပြုမှုများ ဖြင့် ဖွဲ့စည်းပါဝင်ပါကြောင်း၊

စီမံကိန်းအဆင့်(၂)သည် ဧရိယာ ၂၉၁၉ ဧကရှိပြီး အဆိုပြုပုံစံမှာ လူနေဇုန်၊ အုပ်ချုပ်မှုဇုန်၊ ဝန်ဆောင်မှုဇုန်၊ စီးပွားရေးဇုန်၊ အသေးစားအလတ်စားစက်မှုလက်မှုဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးဇုန်များပါဝင်ပါကြောင်း၊

 စီမံကိန်းအဆင့်(၃)သည်  ဧရိယာ ၄၇၇၄ ဧကရှိပြီး တန်ဖိုး နည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊ တန်ဖိုးမြင့်အိမ်ရာ၊ ဟိုတယ်ဇုန်၊ နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ သီးနှံစိုက်ပျိုးရေးဇုန်၊ ဝန်ဆောင်မှုဇုန်၊ အုပ်ချုပ်မှုဇုန်၊ ဌာနဆိုင်ရာရုံးများနှင့် ဂေါက်ကွင်းဧရိယာများပါဝင်ပါကြောင်း၊

စီမံကိန်းကို ဆောင်ရွက်မည်ဆိုပါက မြို့ပြဖွံ့ဖြိုးမှုပုံစံ Urban Development လုပ်နိုင်သော နေရာနှင့် မလုပ်နိုင်သောနေရာများကို ပြန်လည်ဆန်းစစ်ရမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဒေသလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပါကြောင်း၊ အနာဂတ်အတွက် အဆိုပြုမြို့ပြဖွံ့ဖြိုးမှုသာမက စိုက်ပျိုးရေးကိုအခြေပြုသည့် အထူးဇုန်အဖြစ် ဖွံ့ဖြိုးမှု စီမံကိန်း ပုံစံ(Proposal Future Development Plan)ကို ပြည်တွင်းရင်းနှီးမြှုပ်နှံသူ များသာမက ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုပါ ဖိတ်ခေါ်၍ ပွင့်လင်းမြင်သာစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Development Plan ရေးဆွဲခြင်းကို သုံးလမှ ခြောက်လ အတွင်း၊ အတည်ပြုခြင်းကို ခြောက်လမှ တစ်နှစ်နှင့် အကောင်အထည်ဖော်ခြင်းကို ငါးနှစ်၊ ၁၀ နှစ်မှ ၁၅ နှစ်စီမံကိန်းများဖြင့် ဆောင်ရွက်ခြင်းတို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ပုဂ္ဂလိကမှပါဝင်မှု၊ ပြည်ပရင်းနှီး မြှုပ်နှံမှု များဖြင့် ရည်ရွယ်ဆောင်ရွက်သွားဖြစ်ပါကြောင်းနှင့် စီမံကိန်းဧရိယာ၊ ဧကများပြားသည့်အတွက် တစ်ပြိုင်နက် ဆောင်ရွက်ရန် အခက်အခဲရှိပါသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

၆-၄-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၁၇)၏ သဘောတူညီချက်အရ ရတနာပုံ မြို့သစ် တည်ဆောက်ရေးဦးစီးကော်မတီနှင့် ရတနာပုံမြို့သစ် တည်ဆောက်ရေးလုပ်ငန်း ကော်မတီများ ဖွဲ့စည်းပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ အဆိုပါမြေများကို ယာမြေ/ လယ်မြေ/စိုက်ပျိုးမြေများအဖြစ် ပြန်လည်ပြောင်းလဲရန် အစီအစဉ်မရှိပါကြောင်းနှင့် Master Plan အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါက်တာအောင်ခင်(ပြင်ဦးလွင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ရတနာပုံ စီလီကွန်စီမံကိန်းကို ၂-၈-၂၀၁၆ ခုနှစ်ကတည်းက သိမ်းယူခဲ့သည်မှ ယခုဆိုလျှင် ၁၁ နှစ်ကြာမြင့်ပြီဖြစ်ပြီဖြစ်ပြီး ယခုအချိန်ထိလည်း အကောင်အထည်ဖော်မှုဟာ မတွေ့ရပါကြောင်း၊ အဆိုပါစီမံကိန်းတွင် နေရာတွင်ရှိနေသော ပေပင်ကျေးရွာသည်လည်း အကြိမ်ကြိမ်ပြောင်း ရွှေ့ခဲ့ရပြီး ယခုရှိနေသော ရွာမြေအရ မြေဧရိယာကျဉ်းမြောင်း၍ ရတနာပုံ စီလီကွန်စီမံကိန်း ဧရိယာအတွင်းသို့ ငါးဧကခန့်ချဲ့ထားရပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စရပ်များအပေါ် ဝန်ကြီးအနေဖြင့် ထည့်သွင်း စဉ်းစားပေးမည့်အစီအစဉ်ရှိ/မရှိ သိရှိုလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ယခုအစိုးရသစ်လက်ထက်တွင် ရတနာပုံ စီလီကွန်စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ကိုးဦးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ပါဝင်သော ဦးစီးကော်မတီဖွဲ့စည်းရန် မူအားဖြင့် သဘောတသည့်အတွက် Cabinet ကိုတင်ပြထားပါကြောင်း၊ ထို့နောက် အဆိုပါ ဦးစီးကော်မတီက Master Plan သုံးခု၊ကို ဆက်လက်စိစစ်ပြီး နိုင်ငံတော်အတွက်အကျိုးရှိ/မရှိ၊ ပိုမိုကောင်းမွန်သည့် စီမံကိန်းအဖြစ် ပြင်ဆင်ရန်ရှိ/မရှိ  စသည့်အချက်များကို ဆန်းစစ်သုံးသပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

စီမံကိန်းဧရိယာတွင် လာရောက်နေထိုင်သော အိမ်စုများနှင့် ပတ်သက်၍ စီမံကိန်းအကောင်အထည်ဖော်ပါက Master Plan အတိုင်းဆောင်ရွက်ရမည်ဖြစ်သည့်အတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သို့သော်လည်း စီမံကိန်းသည် ကြီးမားသည့်အပြင် စက်ရုံ၊ အလုပ်ရုံများ၊ နေအိမ်များ တည်ဆောက်ရန်လည်း ပါရှိသည့်အတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ရရှိရေးကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
မေးမြန်းသူ 
ဒေါက်တာဦးအောင်ခင် (ပြင်ဦးလွင်)