Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဃ)-ကဒူးကြီးဒေသမှနေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်လာကြသူများ၏စားဝတ်နေရေး၊ကျန်းမာရေး နှင့် ၎င်းတို့ဘ၀လုံခြုံရေးအတွက်မည်ကဲ့သို့ ကူညီ ဖြေရှင်းပေးခဲ့ပြီး မည်သည့် အတိုင်းအတာ၊ မည် သည့် အချိန်ကာလအထိ ကူညီဆောင်ရွက်ပေးနိုင် မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

၁၂-၅-၂၀၁၇ ရက်နေ့ ညနေပိုင်းတွင်  ကဒူးကြီးကျေးရွာအုပ်စုရှိ မိုက်ရှားစေးရွာနှင့် ပုံးစုတ်ရွာ နှစ်ရွာတို့သည် ရိက္ခာနှင့် လူသစ်စုဆောင်းခြင်းဖိအားများကြောင့် နားဟီးကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့်  စာသင်ကျောင်းများရှိရာသို့ အိမ်ထောင်စုပေါင်း ၄၅ အိမ် စုစုပေါင်းလူဦးရေ ၂၀၉ ဦးထွက်ပြေးခိုလှုံခဲ့ကြာပါကြောင်း၊  ယခုလက်ရှိ  နားဟီးကျေးရွာတွင် မိုးကာတဲများဖြင့် စုပေါင်း နေထိုင်နေလျက်ရှိပြီး အချိန် ကာလအားဖြင့် နှစ်လတာနီးပါးကြာမြင့်ခဲ့ပါကြောင်းနှင့်  စားဝတ် နေရေး ကိစ္စများကို အလှူရှင်များပံ့ပိုးမှုဖြင့်‌ နေထိုင်နေကြရပါကြောင်း၊ ကျောင်းနေအရွယ်ကလေး များကို အ.မ.က နားဟီးတွင် ယာယီစာသင်နိုင်အောင် စီစဉ်ထားပေးပြီး ကျန်းမာရေး စောင့်ရှောက် မှုအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနရှိပါကြောင်း၊ ရာသီဥတုအခြေအနေ၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေများကြောင့် တာဝန်ရှိသူများ၊ အလှူရှင်များသည် နားဟီးကျေးရွာသို့ အရောက်သွားရောက်နိုင်ခြင်း မရှိပါကြောင်း၊

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင်ရေရှည်ရပ်တည်ရန် မလွယ်ကူသကဲ့သို့ ၎င်းတို့အမှီပြုနေထိုင်သည့်ရွာအတွက်လည်း ဝန်ထုပ်ပိုးထုပ်ဖြစ်နေဖြစ်နေသည့် အပြင် လူမှုရေး၊ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်၍လည်း ရေရှည်ရပ်တည် နေထိုင်ရန် အခက်အခဲများစွာဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်း(၁) ကဒူးကြီးဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ဘဝ လုံခြုံရေး အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ပါဝင်ကူညီဖြေရှင်းပေးခဲ့သည်ကိုလည်းကောင်း၊ မေးခွန်း(၂) မည်သည့်‌အတိုင်းအတာ၊ မည်သည့်‌အချိန်ကာလအထိ ကူညီဆောင်ရွက်ပေးနိုင်မည်ကို လည်းကောင်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားချက် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဦးစီးဌာနသည် ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများကို သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းထောက်ပံ့လျက် ရှိပါကြောင်း၊ ၁၂-၅-၂၀၁၇ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်လာကြသည့် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ မိုက်ရှားစေးကျေးရွာမှ အိမ်ထောင်စု ၂၅ စုနှင့် ပုံးစုတ်ကျေးရွာမှ အိမ်ထောင်စု ၂၀ စု စုစုပေါင်း အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၂၀၉ ဦးတို့သည် မောက်မယ်မြို့နယ်၊ ဘန်းမတ်ကျေးရွာ အုပ်စု၊ နားဟီးကျေးရွာကို ထွက်ပြေးတိမ်းရှောင်ခိုလှုံလျက် ရှိပါကြောင်း၊ ၎င်းတို့၏ စားဝတ်နေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၅ သိန်း၊ ထွက်ပြေးတိမ်းရှောင်လာသည့် အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၁၉၃ ဦးအတွက် လူမှုကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ၁၇-၅-၂၀၁၇ ရက်နေ့တွင် ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆီ၊ ဆန်၊ ရိက္ခာ စုစုပေါင်းတန်ဖိုး ၁၄၈၈၂၇၀ ကျပ်ကိုလည်းကောင်း၊ ၃၀-၅-၂၀၁၇ ရက်နေ့တွင် ဆီ၊ ငါးသေတ္တာ၊ ဆန်ရိက္ခာ စုစုပေါင်းထောက်ပံ့ငွေ ၁၁၄၈၂၅၀ ကျပ် ကို လည်းကောင်း၊ ၂-၆-၂၀၁၇ ရက်နေ့တွင် ယာယီမိုးကာတဲ ပြုလုပ်ရန်အတွက် တာပေါ်လင် မိုးကာလိပ် ၆ ပေ x ၃၀၀ ပေ အရွယ်အစားရှိ ၁၂ လိပ် နှင့် ရေသန့်ဆေး ဖာပေါင်း ၅၀ ကိုလည်းကောင်း၊  ၂၇-၆-၂၀၁၇ ရက်နေ့တွင် ဆီ၊ ငါးသေတ္တာ၊ ဆန်ရိက္ခာ ၁၄ ရက်စာ စုစုပေါင်းထောက်ပံ့ငွေ ၁၁၄၈၂၅၀ ကျပ် တို့ကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အခြားအလှူရှင်နှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍လည်း ငွေကျပ် ၁၉၃ သိန်းကျော်ကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ထောက်ပံ့ပစ္စည်းများ ဆက်လက်ပေးအပ်ရေးအတွက်ဆောင်ရွက်ထားရှိသည်ကို သိရှိရပါကြောင်း၊

လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ မိုက်ရှားစေးကျေးရွာမှ အိမ်ထောင်စု ၂၅ စုနှင့် ပုံးစုတ်ကျေးရွာမှ အိမ်ထောင်စု ၂၀ စု စုစုပေါင်း ၄၅ စုအတွက် မိမိဒေသသို့ မပြောင်းရွှေ့နိုင်သည့်ကာလအတွင်း နားဟီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအစီအစဉ်ဖြင့် သစ်ဝါးများ စုဆောင်း၍ အိမ်ထောင်စု ၄၅ စုအတွက် တဲ ၄၅ လုံးဆောက်လုပ်ပြီး ယာယီနေထိုင်စေခဲ့ပါကြောင်း၊ မိမိဒေသသို့ ပြန်လည်နေထိုင်ရေးအတွက် နယ်မြေဒေသ၏ အေးချမ်းမှုအခြေအနေနှင့် လုံခြုံမှုအခြေအနေကိုစောင့်ကြည့်ပြီး နေရပ်ကိုပြန်လည်အခြေချ နေထိုင်နိုင်ရေး အတွက်လည်း ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

ကဒူးကြီးကျေးရွာအုပ်စု မိုက်ရှားစေးရွာနှင့် ပုံးစုတ်ကျေးရွာသားများမှ နေရပ် စွန့်ခွာလာသူများကို လင်းခေးမြို့နယ်၊ မကျိုင်းမွန်းကျေးရွာ၊ ဝမ်ဟတ်တိုက်နယ် လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ် ပြုထားသည့် ထောက်ပံ့ကြေးရ မကျိုင်းမွန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် မူကြိုအရွယ် ကလေးငယ်များအတွက် ကလေးပျော်နေရာများပြုလုပ်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအတွက် ပညာဆက်လက်သင်ယူနိုင်ရန်အတွက်လည်း စီစဉ် ဆောင် ရွက်ပေးနေသကဲ့သို့ အတန်းပညာမသင်နိုင်သည့် ကလေးများအတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရန်လည်း စီစဉ်ဆောင်ရွက် ပေးနေပြီဖြစ်ပါကြောင်း၊

လူမှုဝန်ထမ်းဦးစီးဌာနသည် တိုက်ပွဲရှောင်ပြည်သူများ၊ ပဋိပက္ခဘေးရှောင်ပြည်သူများ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ပေးရန်နှင့် စိတ်ဒဏ်ရာရှိသူများကို စိတ်ဒုက္ခလျော့နည်းပြီး အများ ပြည်သူများနည်းတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ဖို့ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်း များသည် စိတ်လူမှုဆိုင်ရာပံ့ပိုးမှုအဖွဲ့ (Mobile Team)ဖွဲ့စည်းပြီး Psychosocial Counseling ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆီဆိုင်မြို့ ပေါ်တွင်ရှိသော တိုက်ပွဲရှောင်ပြည်သူ ၁၉၃ ဦးကို သွားရောက်တွေ့ဆုံပြီး လိုအပ်ချက်များကို မေးမြန်းကာ စစ်တမ်းကောက်ယူခြင်းနှင့် နှစ်သိမ့်‌ဆွေးနွေးပေးခြင်း၊ အမျိုးသမီးများနှင့် ပတ်သက်သည့်‌ Dignity Kit များ ထောက်ပံ့ပေးခြင်း၊ ၎င်းတို့သင်ကြားသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရန်စီစဉ်ပေးခြင်း၊ ကလေးပျော်နေရာများ စီစဉ်ပေးခြင်း၊ ကျောင်းသူကျောင်းသားများ ဆက်လက်ပညာသင်ကြားနိုင်ရန် ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လူမှုကာကွယ်စောင့်ရှောက်မှု ပေးခြင်း၊ မသန်စွမ်းနှင့်သက်ကြီးရွယ်အိုများအတွက် Wheel Chair ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးစိုင်းငေါင်းဆိုင်ဟိန်း(မောက်မယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကဒူးကြီးဒေသနေရပ်စွန့်ခွာ ပြည်သူများသည် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ရသည်မှာ နှစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်အတွက် ရေရှည်ရပ်တည်သွားနိုင်ရန် လူမှုရေး၊ ကျန်းမာရေး အခက်အခဲ များစွာရှိနေပါကြောင်း၊

NCA လက်မှတ်ရေးထားသည့်အဖွဲ့များအနေဖြင့်လည်း ရွာသူရွာသားများ နေရပ်ပြန်လည် နေထိုင် ရန် သဘောတူနားလည်မှုစာချုပ်ကို ဇူလိုင်လ တစ်ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ လင်းခေးခရိုင်တွင်လည်း ၂၈-၆-၂၀၁၇ ရက်နေ့တွင် ဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စောင့်ကြည့်အဖွဲ့(GMC) ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေသည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ သိရှိလိုပါကြောင်းမေးမြန်းပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး

ကဒူးကြီးဒေသက နေရပ်စွန့်ခွာ ထွက်ပြေးရှောင်တိမ်းလာသူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့်‌ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး တိုက်ပွဲရှောင်စခန်းများတွင် လေ့လာဆန်းစစ်ရန် စီမံချက်နှင့် ဆောင်ရွက်ထားရှိပါကြောင်း၊ ထိုသို့ဖွဲ့စည်းရာတွင် အဖွဲ့နှစ်ဖွဲ့ဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ အဖွဲ့တစ်တွင် တိုင်းရင်းရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းညွှန်ကြားရေးမှူး၊ ကယ်ဆယ်ရေးနှင့် နေရာချထားရေးညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးက လက်ထောက်ညွှန်ကြားရေးမှူးများ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး Team တစ်ခုဖွဲ့ထားရှိပါကြောင်း၊ ထို့ပြင် လက်ရှိတိုက်ပွဲရှောင်စခန်းများတွင် Psychosocial Support၊ ကလေးပျော်နေရာများ ဆောင်ရွက်ရန်တို့အတွက် Team တစ်ခုကို လည်း ဖွဲ့စည်းပြီး ခုနစ်နှင့် ရှစ်ရက်တွင် အဆိုပါဒေသကိုသွားရောက်ပြီး Assement ပြုလုပ်မည်ဖြစ်ပါကြောင်း၊

ယခုအခြေအနေတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းအပြင် Development ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် လုပ်ငန်းများပါ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေးကို ချက်ချင်းမဆောင်ရွက်နိုင်ခင် တိုက်ပွဲရှောင်စခန်းသို့ ခိုလှုံရောက်ရှိနေသော ပြည်သူများအတွက် အသက်မွေးဝမ်ကျောင်းပညာရပ်များ တတ်ကျွမ်း နိုင်ရန် သက်ဆိုင်ရာအမျိုးသား၊ အမျိုးသမီးများနှင့်‌ပတ်သက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရန် အစီအစဉ်များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
မေးမြန်းသူ 
ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်)