Law Database | Mail | English Version

အမေး ၊ အဖြေများ

(စ)-စစ်ကိုင်းမြို့တွင်းဖြတ်သန်းသွားသောမန္တလေး စစ်ကိုင်း၊မုံရွာ၊ရွှေဘိုအဝေးပြေးလမ်းမကြီးမြို့တွင်း (၆) မိုင်အား မြို့ရှောင်လမ်း တစ်ရပ် ဖောက်လုပ် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော် စစ်ကိုင်းမြို့အတွင်း ဖြတ်သန်းသွားသော မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ အဝေးပြေးလမ်းမကြီးသည် စစ်ကိုင်းမြို့တွင်း အသင်္ခါရာအဝိုင်း မိုင်တိုင် (၁၄/၁) မှ စစ်ကိုင်းမြို့အထွက် မိုင်တိုင် (၂၀/၁) အထိ မြို့တွင်းလမ်းအရှည် ၆ မိုင်သည် နေ့စဉ်ယာဉ်ကြီး၊ ယာဉ်ငယ်ပေါင်း ထောင်သောင်းချီပြီး အရှိန်ပြင်းစွာ ဖြတ်သန်းမောင်းနှင်လျက်ရှိသည့်အတွက် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်နေခြင်း၊ ဖြတ်သန်းရာလမ်းတစ်လျှောက်တွင် ရွှေသမား ဘုန်းတော်ကြီးစာသင်ကျောင်း၊ ရွာထောင် အ.မ.က(၁၅)၊ ရွာထောင် အ.ထ.က(၃)၊ နည်းပညာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်တို့ ရှိသည့်အတွက် ကျောင်းသူကျောင်းသားများ၊ ရပ်ကွက်နေ ပြည်သူများနှင့် ကလေးသူငယ်များ လမ်းဖြတ်ကူးရန်ပင် အခက်အခဲဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် မြို့ရှောင်လမ်းတစ်ခု ဖောက်လုပ်ရန် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က နေပြည်တော် လမ်းပုံထုတ်ဌာနမှ လက်ထောက် အင်ဂျင်နီယာ(မြို့ပြ) ဦးစိန်လွင်နှင့်အဖွဲ့က စစ်ကိုင်းမြို့၊ မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်ရန် လျာထားသော ဦးစားပေးအဆိုပြု(၁)လမ်းအဖြစ် အသင်္ခါရာအဝိုင်းမှ ညောင်ပင်ဇင် ရွာအထိ ၆ မိုင် ၂ ဖာလုံ၊ ဒုတိယဦးစားပေးအဆိုပြု(၂)လမ်းအဖြစ် အသင်္ခါရာအဝိုင်းမှ ညောင်ပင်ဇင်ရွာ အထိ ၆ မိုင် ၄ ဖာလုံ လမ်းများကို ခန့်မှန်းတွက်ချက်မှု ကုန်ကျမည့်ငွေပမာဏနှင့်တကွ ကွင်းဆင်း ကြည့်ရှုခဲ့ကြပါကြောင်း၊ ၎င်းလမ်းမြေပုံများနှင့်တကွ ပူးတွဲ ခြောက်စောင်ကို လွှတ်တော်သို့ တစ်ပါတည်း တင်ပြပြီးဖြစ်ပါကြောင်း၊ ဦးစားပေးအမှတ်(၁)လမ်းသည် ကောင်းမှုတော်အင်းကြီးက မြို့တွင်းကို ရောက်သွားမည်ဖြစ်ပြီး မြို့ကိုလည်း တိုးချဲ့ပြီးသားဖြစ်သွားမည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့တွင်း ဖြတ်သန်းသွားလာသော မန္တလေး-စစ်ကိုင်း-ရွှေဘို-မုံရွာ အဝေးပြေးလမ်းမကြီး မြို့တွင်း ၆ မိုင်သည် စာသင်ကျောင်းများနှင့် ရပ်ကွက်များအတွင်း ဖြတ်သန်းပြီး ယာဉ်အသွားအလာ များပြားထူထပ်လာသည့်အတွက် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခြင်း၊ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရ ခြင်းများဖြစ်ပေါ်နေပါ၍ အမှန်တကယ် လိုအပ်နေသော မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် နိုင်ငံတော်အစိုးရမှ အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မန္တလေး-စစ်ကိုင်း-မုံရွာလမ်းနှင့် မန္တလေး-စစ်ကိုင်း-ရွှေဘိုလမ်းများသည် ပြည်ထောင်စုအစိုးရအဖွဲ့က စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ရွှေတောင်ကုမ္ပဏီက B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသောလမ်းများဖြစ်ရာ စစ်ကိုင်းမြို့တွင်းအပိုင်းတွင် ကတ္တရာ ကွန်ကရစ်လေးလမ်း သွားအဖြစ်ဆောင်ရွက်ပြီးဖြစ်ပြီး တံတားများကိုလည်း လေးလမ်းသွားအဖြစ် တိုးချဲ့တည်ဆောက် လျက်ရှိပါကြောင်း၊

စစ်ကိုင်းမြို့ရှောင်လမ်း ဖောက်လုပ်နိုင်ရေးအတွက် စစ်ကိုင်း-ဇီးချောင်း-ညောင်ပင်ဇင်လမ်း လမ်းအူ ကြောင်းကို ၂၀၁၄ ခုနှစ် မတ်လ၌ ပဏာမတိုင်းတာစစ်ဆေးခဲ့ရာတွင် လမ်းကြောင်း တစ်လျှောက်တွင် ရုံးအဆောက်အဦများ၊ ဂိုဒေါင်များနှင့် စိုက်ပျိုးမြေများ၊ အုတ်ဖို၊ ရေကန်များနှင့် နေအိမ်အဆောက်အဦများ မလွတ်ကင်းသည်ကို တွေ့ရှိရပါကြောင်း၊

စစ်ကိုင်းမြို့ရှောင်လမ်းအား ကောင်းမှုတော်အင်း အောက်ဘက်ကဖြတ်သန်း ဖောက်လုပ်ရမည်ဖြစ်ပြီး အချို့နေရာများတွင် ၅ ပေ၊ ပေ ၂၀၊ ပေ ၃၀ အမြင့်ခန့် အထိ လမ်းတာဘောင်ဖို့ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် မိုးသည်းထန်စွာရွာသွန်းပါက ကောင်းမှုတော်အင်းမှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လာနိုင်ပြီး အဆိုပါ အင်းတဝိုက်ရှိ လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အသေးစိတ်တိုင်းတာတွက်ချက်မှုများ အဆင့်ဆင့်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် စစ်ကိုင်းမြို့ရှောင်လမ်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရှာဖွေထားသော လမ်းအူကြောင်းအသစ်တစ်ခုကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊

စစ်ကိုင်း-ဇီးချောင်း-ညောင်ပင်ဇင် လမ်းသည် ၅.၆၆ မိုင် ရှည်လျားပါကြောင်း၊ စစ်ကိုင်း-ဇီးချောင်း-ညောင်ပင်ဇင်လမ်းအပြင် လမ်းကြောင်းအသစ်တစ်ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အဆိုပြုတင်ပြထားခဲ့ပါကြောင်း၊ ယခုတင်ပြထားသော စစ်ကိုင်းမြို့ရှောင်ကွင်းလမ်းသည် ၄.၈ မိုင်ရှိပြီး  စည်ပင်သာယာရေးအဖွဲ့ပိုင်လမ်း ဖြစ်ပြီး ၎င်းလမ်းအား သတ်မှတ်လမ်းအဆင့်အတန်းရောက်ရှိစေရန် အဆင့်မြှင့်၍ ဆောင်ရွက်ပါက ယခင်လျာထားအဆိုပြုထားသည့် စစ်ကိုင်း-ဇီးချောင်း-ညောင်ပင်ဇင်လမ်းကဲ့သို့ စိုက်ပျိုးမြေဆုံးရှုံးခြင်း နှင့် ရေဝပ်ဧရိယာအတွင်း ဖြတ်သန်းဖောက်လုပ်ရခြင်းကြောင့် ကုန်ကျစရိတ် ပိုမိုများပြားနိုင်ခြင်း စသည့် အခက်အခဲများကို ကျော်လွှားနိုင်ပြီး အချိန်တိုအတွင်း မြို့ရှောင်လမ်းအဖြစ် အသုံးပြု နိုင်မည့်လမ်းကြောင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လမ်းဦးစီးဌာနမှ အဆိုပြုတင်ပြ ထားပါကြောင်း၊ မြို့ရှောင်လမ်းဖောက်လုပ်ရန်အတွက် လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် သဘောထားများ ဆွေးနွေးညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးခင်မောင်သိန်း(စစ်ကိုင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတောင်းဆိုသည်မှာ မြို့ရှောင်လမ်းဖြစ်ပြီး ဝန်ကြီးဖြေကြားသည်က မြို့တွင်းအသွားအပြန် နှစ်လမ်းမောင်း ဖြစ်သည့်အတွက် အမြန်လမ်းမကြီးက မြို့ထဲတွင်သာ ရှိနေမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုထက် ပိုမိုသက်သာသွားမည်ဖြစ်ပါကြောင်း၊ ယခု ဝန်ကြီးဆောင်ရွက်ပေးမည့်လမ်းကို မည်သည့်အချိန်၊ မည်သည့်ဘတ်ဂျက်နှစ်တွင် ချပေးမည်ကို သိရှိလိုပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် Toll Gate မှ အခွန်ကောက်ရရှိနေသော ရွှေတောင်ကုမ္ပဏီနှင့် ဆက်လက်ညှိနှိုင်းပြီး မိမိတင်ပြသော မြို့ရှောင်လမ်းသည် ရေနက်ကွင်းဆိုသော်လည်း ရှမ်းလေးကျွန်းလောက် မနက်သည့် အနေအထားရှိပါကြောင်း၊  ထို့ကြောင့် မိမိတင်ပြသော မြို့ရှောင်လမ်းကို ရွှေတောင်ကုမ္ပဏီနှင့် ဆက်လက် ညှိနှိုင်းပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

မိမိတို့ဌာနတွင် Future Plan များ၊ အနာဂတ် Plan များနှင့် ဆက်စပ်ပြီး ယခု Plan ကို ရှင်းပြခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ အနာဂတ် Plan ဖြစ်သည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ End Destination က မြစ်ကြီးနားဖြစ်ပါကြောင်း၊ မန္တလေးမှ စစ်ကိုင်း၊  စစ်ကိုင်းမှတစ်ဆင့် မြစ်ကြီးနားကို Express Way တစ်လမ်းဖောက်ရန် Master Plan ရှိပါကြောင်း၊ လက်ရှိ လမ်းအဟောင်း ရွှေဘို-အင်းတော်ဘက်ကသွားသော လမ်းမဟုတ်ဘဲ ဧရာဝတီမြစ်နှင့်အပြိုင် လမ်းများ တစ်ချိန်တွင် ဖြစ်ပေါ်လာခဲ့ပါက ဆက်စပ်ပြီး စစ်ကိုင်းမြို့  ကောင်းမှုတော်ဘုရားကြီးအနားမှ ဝင်လာမည့် အဝင်လမ်း၊ အသွားလမ်းနှင့် လက်ရှိ ရန်ကုန်-မန္တလေးလမ်းထက် ဆက်စပ်မည့်လမ်းကြောင်းကို မိမိတို့ ရွေးချယ်ပြီးတင်ပြခြင်း ဖြစ်သည့်အတွက် ကိုယ်စားလှယ်တော်ကြီးပြောသည့် မြို့ရှောင်လမ်းသည် ညောင်ပင်ဇင်ရွာတွင် မိမိတို့လိုချင်သော အနာဂတ် Plan နှင့် ဆက်စပ်မည်မဟုတ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဖြေကြားသည့် ဌာန 
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
မေးမြန်းသူ 
ဦးခင်မောင်သိန်း (စစ်ကိုင်း)