Law Database | Mail | English Version

အမေး ၊ အဖြေများ

(က)-ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့မှ ရခိုင် ပြည်နယ်၊ ဂွမြို့သို့ သွယ်တန်းသော လျှပ်စစ်ဓာတ် အားခွဲရုံ 66/11 KVA(5)MVA မှ မည်သည့်အချိန် တွင် စတင်မီးလင်းမည်ကို သိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၁၅-၁၆ ခုနှစ် ပြည်ထောင်စုအစိုးရ ဘဏ္ဍာရန်ပုံငွေမှ ကျခံ၍ ၆၆/၁၁ KVA ၅ MVA ပမာဏရှိသော ဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၁၄-၁၅ ခုနှစ်မှစပြီး ၂၀၁၆-၁၇ ခုနှစ်တွင် ဖြန့်ဖြူးပေးနိုင်ပါရန် ဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဓာတ်အားဖြန့်ဖြူးရန် ကျေးရွာပေါင်း ၁၁ ရွာ၊ အိမ်ခြေပေါင်း ၁၃၇၇ အိမ်၊ ၂၀၁၆-၁၇ ခုနှစ် ဓာတ်အားဖြန့်ဖြူးရန် ကျေးရွာပေါင်းရှစ်ရွာ၊ အိမ်ခြေ ၁၁၀၀၊  ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဓာတ်အားဖြန့်ဖြူးရန် ကျေးရွာပေါင်း ၁၄ ရွာ၊ အိမ်ခြေ ၄၀၇၉ အိမ်၊ စုစုပေါင်းကျေးရွာ ပေါင်း ၃၃ ရွာ၊ အိမ်ခြေ ၆၅၅၉ အိမ် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် မတ်လတွင် မီးလင်းမည်ဟု သိထားရပြီး ယနေ့အချိန်အထိ မီးလင်းနိုင်မှုမရှိသေးပါကြောင်း၊ လက်ရှိအခြေအနေတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး (ဂွမြို့) နှင့် မြို့မီးလင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ဒီဇယ်အင်ဂျင်စက်များဖြစ်သော ၂၅၀  KVA တစ်လုံး၊ ၃၁၅ KVA တစ်လုံး၊ ၅၀၀ KVA တစ်လုံး စုစုပေါင်း ဒီဇယ်အင်ဂျင်စက် သုံးလုံးဖြင့် မောင်းနှင်၍ ဂွမြို့ပေါ်သုံးရပ်ကွက်အား မီးပေးလျက်ရှိပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးရာတွင် တစ်နေ့လျှင် နံနက် ၅ နာရီမှ ၆ နာရီထိတစ်ကြိမ်၊ နံနက် ၇ နာရီမှ ၁၁ နာရီအထိတစ်ကြိမ်၊ ညနေ ၁၅း၃၀ နာရီမှ ၂၃ နာရီအထိတစ်ကြိမ် ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့မှ ရခိုင်ပြည်နယ်၊ ဂွမြို့သို့ သွယ်တန်းသော လျှပ်စစ်ဓာတ်အားခွဲရုံ ၆၆/၁၁ KVA ၅ MVA မှ ဂွမြို့သို့ မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ရန် မည်သည့်‌အချိန်တွင် စတင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်၊ ဂွမြို့သို့လျှပ်စစ်ဓာတ်အား ပေးနိုင်ရန်အတွက် အသုတ်မြို့ရှိ ၂၃၀ KV ဓာတ်အားခွဲရုံမှ ၆၆ KV အသုတ်-ဂွ ဓာတ်အားလိုင်း ၅၄.၆၆ မိုင်နှင့် ၆၆/၁၁ KV၊ ၅ MVA ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစ၍ စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်း ကုန်ကျစရိတ်ကျပ်သန်းပေါင်း ၁၁၁၈၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် ငသိုင်းချောင်းမြို့နယ်၊ ငဝန်မြစ်ကျော် ဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်ရာ ဒေသခံများ၏ ကန့်ကွက်မှုများကြောင့် အနည်းငယ်နှောင့်နှေး ကြန့်ကြာခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ ဧရာဝတီတိုင်းဒေသကြီး အစိုးရမှညှိနှိုင်း ဆောင်ရွက်ပေးမှုကြောင့် မြစ်ကျော်ကြိုးဆွဲခြင်း လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း တည်ဆောက်ရေး လုပ်ငန်းများတွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးသွားခဲ့ပြီဖြစ်၍   ၃၀-၆-၂၀၁၇ ရက်နေ့ ဂွမြို့အတွင်းရှိ ၆၆/၁၁ KV ဓာတ်အားခွဲရုံအား ဓာတ်အားပို့လွှတ်ထားပြီး ၁၁ KV ဓာတ်အားလိုင်းများကိုလည်း ဓာတ်အားပို့လွှတ် ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်ဝေ(ဂွမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဖြေကြားသွားချက်အရ ဂွမြို့နယ်ထဲတွင် ၃၀ ရက်နေ့က မီးလင်းသွားသည်ကို သိရသည့်အတွက် ဒေသခံများနှင့်ထပ်တူ ဝမ်းသာပျော်ရွှင်ပါကြောင်း၊ ထို့ကြောင့် ကျေးရွာ ပေါင်း ၃၃ ရွာ၊ အိမ်ခြေပေါင်း ၆၅၅၆ အိမ်ကို အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း၊ အခုလက်ရှိ မီးလင်းသည်မှာ ဂွမြို့ပေါ်သုံးရပ်ကွက်နှင့် ရဟိုင်ကွင်းရယ်၊ ရဟိုင်ဖျား၊ မြို့ပေါ်သုံးရပ်ကွက်နှင့် ကျေးရွာနှစ်ရွာ မီးလင်းခြင်းဖြစ်ပြီး အိမ်ခြေပေါင်းအားဖြင့် ၁၄၅၇ အိမ်ခန့်သာ မီးလင်းပါကြောင်း၊ ဂွတစ်မြို့နယ်လုံး ဂွမြို့၏ ကျန်တလီဘက်ခြမ်း ဆိုလျှင် ဂွမြို့က တောင်နှင့်မြောက်သွယ်တန်းထားသည့် လမ်းတစ်လျှောက်လုံးတွင် ကျေးရွာကြီးများဖြစ်သည့် အတွက်ကြောင့် ဂွတစ်မြို့နယ်လုံးကို မည်သည့်အချိန်တွင် မီးလင်းနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

၎င်းတို့၏ ကျေးရွာများအတွင်း လျှပ်စစ်ဓာတ်အားရရှိရန်အတွက်ဆိုလျှင် ကျေးရွာတစ်ရွာချင်းက ဓာတ်အား ဆက်သွယ်ခွင့်များ အားလုံးကို ဝန်ကြီးဌာနအား တင်ပြလျှောက်ထားသည့် Procedure များအားလုံး၊ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအားလုံးနှင့် ကိုက်ညီပြီးစီးရန်နှင့် ကျေးရွာများအသီးသီးတွင် တည်ဆောက်ထားသော ဓာတ်အားလိုင်းစနစ်များ၏ လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်းကို စက်မှု ဝန်ကြီးဌာန၏ လက်အောက်ရှိ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးဌာနက အန္တရာယ်ကင်းရှင်းကြောင်းဆိုသည့် Certificate ရရှိအောင် ရယူထားရန်လည်း လိုအပ်ပါကြောင်း၊ အဆိုပါ အချက်အလက်များ ပြီးပြည့်စုံ မည်ဆိုပါက လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့နောက် အိမ်ခြေများအနေဖြင့် လျှပ်စစ် ဓာတ်အားရရှိရန် မီးသုံးစွဲမည့်အိမ် တစ်ဦးချင်းစီ အိမ်သုံးမီတာများ လျှောက်ထားရမည့်အဆင့်ကို ဆောင်ရွက် ရမည် ဖြစ်ပါကြောင်းနှင့် လျှောက်ထားရသည့် အဆင့်များ ပြီးပြည့်စုံလျှင် အိမ်သုံးမီတာများကို တပ်ဆင်ပေးသွားမည်ဖြစ်သည့်အတွက် လျှပ်စစ်ရရှိမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
မေးမြန်းသူ 
ဦးမြင့်ဝေ (ဂွ)