Law Database | Mail | English Version

အမေး ၊ အဖြေများ

(ခ)-သာစည်မြို့နယ်၊ ဟံဇားကျေးရွာရှိ (33/11) KV, (1250)KVA ထရန်စဖော်မာအား (33/11) KV, (5)MVA ဓာတ်အားခွဲရုံအဖြစ် တိုးမြှင့်တည် ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

သာစည်မြို့နယ်၊ ဟံဇားကျေးရွာသည် လျှပ်စစ်ဓာတ်အားကို ဓာတ်အားခွဲရုံမှ ရယူ၍ 33/11 KV, 1250 KVA ထရန်စဖော်မာ နှစ်လုံးဖြင့် ဟံဇားကျေးရွာနှင့်  အနီးဝန်းကျင်ရှိကျေးရွာများသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဝေသုံးစွဲလျက်ရှိပါကြောင်း၊ ယခုတပ်ဆင်အသုံးပြုနေသော 1250 KVA ထရန်စဖော်မာ နှစ်လုံးသည် အမျိုးအစားမတူသည့်အတွက် ချိတ်ဆက်အသုံးပြုနိုင်ခြင်းမရှိပါကြောင်း၊ ယခုအခါ မီးမရ ရှိသေးသော ပတ်ဝန်းကျင်ရွာများသည် ကိုယ့်အားကိုယ်ကိုးမီးလင်းရေးဆောင်ရွက်ရာတွင် ဟံဇား ကျေးရွာမှတစ်ဆင့် လျှပ်စစ်ဓာတ်အားချိတ်ဆက်အသုံးပြုရမည် ဖြစ်ပါကြောင်း၊ ထိုသို့ တိုးချဲ့တပ်ဆင်ပါက လက်ရှိအသုံးပြုနေသော 1250 KVA ထရန်စဖော်မာနှစ်လုံးသည် လျှပ်စစ်ဓာတ်အား မနိုင်မနင်း ဖြစ်လာနိုင်သောကြောင့် အဆိုပါ ထရန်စဖော်မာများအစား 33/11KVA,5 MVA ဓာတ်အားခွဲရုံ တည်ဆောက်ပေးပါက လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရယူသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဟံဇားကျေးရွာအတွက် လိုအပ်သော 33/11 KV, 5 MVA လျှပ်စစ်ဓာတ်အားခွဲရုံအား တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဟံဇားကျေးရွာရှိ 33/11 kV, 1250 KVA ဟံဇားဓာတ်အားခွဲ ရုံကို ၁၉၉၆ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဟံဇားနှင့်‌ဝမ်းသာကျေးရွာများသို့ ဓာတ်အားခွဲပေး ထားပါကြောင်း၊ ၁၂-၅-၂၀၁၆ ရက်နေ့တွင် 1250 KVA ထရန်စဖော်မာတစ်လုံး ထပ်မံတိုးချဲ့ တပ်ဆင်ခဲ့ပြီး အဆိုပါ နှစ်လုံးမှ သီးခြားရွာများကို ဓာတ်အားပေးထားခြင်း ဖြစ်ပါကြောင်း၊ သိမ်ရွာနှင့် ကျောက်ပနား ကျေးရွာများကိုလည်း တိုးချဲ့ဓာတ်အားပေးနိုင်ခဲ့ပါကြောင်း၊ ၁၁ ကေဗွီ ဟံဇား-ဝမ်းသာဓာတ်အားလိုင်းမှ ဟံဇားကျေးရွာတွင် ထရန်စဖော်မာလေးလုံး၊ ဝမ်းသာကျေးရွာတွင် ထရန် စဖော်မာနှစ်လုံး၊ သိမ်ရွာ ကျေးရွာတွင် ထရန်စဖော်မာတစ်လုံး၊ ကျောက်ပနားကျေးရွာတွင် ထရန်စဖော်မာ တစ်လုံး စုစုပေါင်း ရှစ်လုံးဖြင့် ဓာတ်အားရယူသုံးစွဲနေပါကြောင်း၊ 

ဟံဇားဓာတ်အားခွဲရုံအနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးရွာ လျှပ်စစ် မီးလင်းရေးဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားချိတ်ပြီး အသုံးပြုလာရန် တောင်းခံလာပါက ဝန်အားများ ယခုထက်တိုးပွားလာမည်ဖြစ်သည့်အတွက် နိုင်နင်းစွာပေးနိုင်ရန်  လက်ရှိ ၃၃/၁၁ ကေဗွီ၊ ၁၂၅၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံးနေရာတွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ထရန်စဖော်မာဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၌ လျာထား တောင်းခံပြီး  ဘဏ္ဍာငွေရရှိပါက တည်ဆောက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
လျှပ်စစ်နှင့်‌စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
မေးမြန်းသူ 
ဦးသန်းစိုး (သာစည်)