Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဂ)-သက်ဆိုင်ရာကျေးရွာလယ်စီအဖွဲ့၏ထောက် ခံချက်ဖြင့်လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ဝယ် ထားသူ၏ နာမည်ဖြင့် စိုက်ပျိုးစရိတ် ချေးငွေထုတ် ပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ဝယ်ယူထားသော တောင်သူများလယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ရန် အတွက်လိုအပ်သော ငွေရေးကြေးရေး အဆင်ပြေစေရန် သက်ဆိုင်ရာ ကျေးရွာရှိ လယ်စီ အဖွဲ့၏ ထောက်ခံချက်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ဝယ်ထားသူ၏ နာမည်ဖြင့် စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁ လယ်ယာမြေဥပဒေအခန်း(၄)၊ ပုဒ်မ ၁၂ အပိုဒ်ခွဲ(ဂ)  အရ လည်းကောင်း၊ လယ်ယာမြေဥပဒေအခန်း(၆) ပုဒ်မ ၁၈ အရလည်းကောင်း၊ လယ်ယာမြေနည်းဥပဒေ ၂၄ နည်းဥပဒေခွဲ(က)အရ လည်းကောင်း၊ လယ်သမားများသည် လယ်ယာမြေလုပ်ပိုင်ခွင့်‌ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို ပြုလုပ်နိုင်သည်ကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေတို့တွင် ပြဋ္ဌာန်းပြီးဖြစ်သော်လည်း လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချသည့်အခါတွင် ဖြစ်စေ၊ လဲလှယ်ပေးကမ်းသည့်အခါတွင်ဖြစ်စေ တစ်ပါတည်း ပေးလိုက်သော မူလလယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ကို လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲပြီး လုပ်ဆောင်ခွင့်‌မရရှိခြင်းများ ဖြစ်နေသည့်အတွက် တောင်သူလယ်သမား များသည်  ပုံစံ-၇ သာလက်ဝယ်ရှိနေပြီး မူလလယ်ယာမြေ လုပ်ပိုင်ခွင့်‌ရှိသူ၏ အမည်သာ ဖြစ်နေသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူခွင့်‌မရရှိဘဲ မူလအမည်ပေါက်သူ ထုတ်ယူပြီးမှသာ ရရှိနေသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ သို့သော် ချေးငွေထုတ်ချေးသည့်အခါ မူလအမည်ပေါက်သူ ခရီးလွန် နေခြင်း၊ အခြားဒေသသို့ပြောင်းရွှေ့သွားခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ချေးငွေလိုက် ထုတ်ပေးနိုင်ခြင်း မရှိသည့်အခါ မူလလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ကို ကိုင်ထားပြီး ချေးငွေ ထုတ်ယူခွင့်‌မရသော အခက်အခဲများ တွေ့ကြုံနေရသည့်အတွက် ဝယ်ယူထားသူများနှင့်‌ လဲလှယ် ပေးကမ်းခြင်း ခံရသူများသည် လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိသူအမည် ပြောင်းလဲလို ကြပါကြောင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်‌ရရှိသူ အမည်ပြောင်းလဲပေးရေးအတွက် လယ်ယာမြေကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်းအတွက် စာချုပ်ချုပ်ဆိုပြီး သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်ပြီးမှ ပုံစံ-၇ ထုတ်ပေးမည်ဟု သိရပါကြောင်း၊ ထိုသို့ မှတ်ပုံတင်ရန် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဒေသန္တရ အခြေအနေအရ ဆီလျော်သောဈေးနှုန်းသတ်မှတ်ပေးသည့် တန်ဖိုးအပေါ် ထိုက်သင့်‌သည့် အခွန် တံဆိပ်ခေါင်းအား ထမ်းဆောင်မှသာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲနိုင်မည်ဖြစ် သည်ဟု ပြောကြားပါကြောင်း၊

ယခုအချိန်အထိ လယ်ယာမြေလုပ်ပိုင်ခွင့်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်းတို့အတွက် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်တန်ဖိုးများကို သတ်မှတ်နိုင်ရေး ညှိနှိုင်းမှုသည် မပြီးပြတ်       သေးဘဲ လယ်သမားများ အခက်ကြုံနေရပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက် ရက်စွဲပါ ဗဟို လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တွင် အမွေဆက်ခံခြင်း၊ မြေယာပြုပြင ပြောင်းလဲခြင်း ကိစ္စရပ်များအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိပြီးသော ဦးပိုင်များအား ခွဲစိတ်ခွင့်‌၊ ပေါင်းစပ်ခွင့်‌တို့အား ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းဆိုင်ရာ နည်းလမ်းညွှန်ကြားချက် များသာ ပါရှိပါ ကြောင်း၊ မြေပြင်တွင် ဝယ်ယူထားမှုများနှင့် လဲလှယ်ခြင်း၊ ပေးကမ်းခြင်းခံရသူများ လယ်ယာမြေ လုပ်ပိုင်ခွင့်‌ ရရှိသူ အမည်ပြောင်းလဲပေးရန်အတွက် တစ်ဧကကို ၇၀၀၀၀ မှ ၁၅၀၀၀၀ နှုန်းအထိ ပေးဆောင်ရခြင်းများ ရှိကြသကဲ့သို့ လယ်မရှိဘဲ စိုက်ပျိုးစရိတ်ချေးရန်နှင့် လယ်ယာမြေပြဿနာများ မဖြေရှင်းနိုင်သေးခင် ပုံစံ-၇ တွင် ထွက်ရှိနေခြင်းများ များစွာ ရှိနေသည့်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် အရောင်းအဝယ်စာချုပ် ချုပ်ရာတွင်လိုအပ်သော သက်ဆိုင်ရာ ဒေသန္တရပေါက်ဈေးအပေါ် မူတည်ပြီး အခွန်သတ်မှတ်ခြင်းကို ယခုတိုင်မလုပ် ဆောင်ပေးခြင်းကလည်း အချို့သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြေစာရင်းဦးစီးဌာနကို လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရေးအတွက် တောင်သူလယ်သမားများထံမှ တစ်ဧကကို မည်သည့်ဈေးနှုန်း သတ်မှတ်ပေးဆောင်စေရန် အခွင့်အရေးပေးနေသကဲ့သို့   ဖြစ်နေပါ ကြောင်း၊

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ကို အရပ်ကတိဖြင့် ရောင်းဝယ်ထားသည့်အတွက် သက်ဆိုင်ရာ ကျေးရွာရှိ လယ်စီအဖွဲ့ကလည်း လယ်ယာမြေလုပ်ပိုင်ခွင့် အပြောင်းအလဲကို သိရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများအတွက် မလိုလားအပ်သော ငွေကုန်ကြေးကျမှု မဖြစ်ပေါ် စေရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ဝယ်ယူထားသော တောင်သူ များက ကြုံတွေ့နေရသော အခက် အခဲများကို ပြေလည်စေရန်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ဝယ်ယူထားသော တောင်သူများ  လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ရန်အတွက် လိုအပ်သော ငွေရေးကြေးရေးအဆင်ပြေစေရန် သက်ဆိုင်ရာကျေးရွာရှိ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၏ ထောက်ခံချက်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ဝယ်ယူထားသူ၏ အမည် ဖြင့်စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


  

 

ဖြေကြားချက် 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူများ စိုက်ပျိုးလုပ်ကိုင်မှု အဆင်ပြေချောမွေ့စေရေး အတွက် လိုအပ်သောအရင်းအနှီးဖြစ်သော စိုက်ပျိုးစရိတ်ကို ချေးငွေတစ်ရပ်အနေဖြင့် ထုတ်ချေးပါ ကြောင်း၊ ချေးငွေညွှန်ကြားစာပါ ငွေချေးစည်းကမ်းချက်များကို သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လယ်ယာမြေလုပ်ပိုင်ခွင့်‌ပြုလက်မှတ်   ပုံစံ-၇ ရရှိပြီးသူကို ထုတ်ချေးရန် သတ်မှတ်ထားပါကြောင်း၊

          သို့သော်လည်း အချို့ဒေသများတွင် ပုံစံ-၇ ထုတ်ပေးမှုလုပ်ငန်း ပြီးပြတ်မှုမရှိသေးသောကိစ္စ၊  လယ်ယာမြေကို ရောင်းဝယ်မှုများပြုလုပ်သည့်အခါ ဝယ်ယူထား‌သော တောင်သူများအနေဖြင့် ၎င်းတို့၏ အမည်ပြောင်းလျှောက်ထားမှု ဆောင်ရွက်ဆဲနှင့် မဆောင်ရွက်ရသေးသော အခြေအနေ တို့ကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေကို ချေးပေးနိုင်ရန်အတွက် စည်းကမ်းချက်အရ အကန့်အသတ်ရှိသော်လည်း တောင်သူများ  စိုက်ပျိုးစရိတ်ချေးငွေရရှိရေးအတွက် လယ်သမားများအခက်အခဲ ကြုံတွေ့နေရသည်ကို လတ်တလော ဖြေလျှော့ပေးသည့်အနေဖြင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော  တောင်သူလယ်သမားများ ချေးငွေရရှိနိုင်မှု အခွင့်အလမ်းမဆုံးရှုံးစေရန် လယ်ယာမြေပိုင်ဆိုင်မှုနှင့်‌ ဧရိယာအတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်‌ စာရင်းအင်းဦးစီးဌာန၊ သီးနှံစိုက်ပျိုးမှုအတွက် စိုက်ပျိုးရေး ဦးစီးဌာနကစိစစ်ပြီး၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေစိစစ်ရေး အဖွဲ့နှင့်‌ စိစစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ ထုတ်ချေး ပေးခဲ့ပါကြောင်း၊

          လက်ရှိပြဋ္ဌာန်းထားသော ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်ပတ်သက်ပြီး အခန်း ၄ လယ်ယာမြေလုပ်ပိုင်ခွင့်‌ရရှိသူ လိုက်နာရမည့်စည်းကမ်းများအပါအဝင် ပြဋ္ဌာန်းချက်ပါ လယ်ယာမြေ လုပ်ပိုင်ခွင့်‌ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းကိစ္စရပ်များနှင့် အခြားလိုအပ်သည်များအား ခေတ်နှင့်လျော်ညီစွာ၊ လွယ်ကူစွာလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ကို ပြုစုလျက်ရှိပါကြောင်း၊ အဆိုပါ မူကြမ်းကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စု လွှတ်တော်သို့ ဆွေးနွေးအတည်ပြုပေးနိုင်ရန်အတွက် ပေးပို့ထားရှိပြီးဖြစ်ပါကြောင်း၊

          ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့်‌ရရှိသူများ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချ ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို လွယ်ကူစွာ ဆောင်ရွက် သွားနိုင် ပြီး လယ်ယာမြေအတွက် အခွန်တံဆိပ်ခေါင်းပါကိစ္စရပ်များအပါအဝင် လိုအပ်သောပြဋ္ဌာန်းချက်များကို စီမံဆောင်ရွက်သွားနိုင်သည့်အပြင် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ချိုချို(အုတ်တွင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများသည် ချေးငွေထုတ်ချေးရန်အတွက် သက်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် ချေးငွေထုတ်ချေးခွင့်ရှိသည်ဟု ဝန်ကြီးကဖြေကြားထားသော်လည်း လက်တွေ့ မြေပြင် အခြေအနေတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ၏ အမည်ပြောင်းပြီးမှသာ ချေးငွေ ထုတ်ချေးခွင့်ရရှိသည့်အတွက် တစ်ဧကကို ၇၀၀၀၀ မှ ၁၅၀၀၀၀ နှုန်း အထိ ပေးပြီး မိမိ၏ အမည်ပေါက်ရေးအတွက် လုပ်ဆောင်နေရသည့်အတွက် လယ်သမားများ လက်တွေ့ကြုံနေရသော ပြဿနာများ ပြေလည်စေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားပါသနည်း၊ လယ်ယာမြေ လွှဲပြောင်း ခြင်းနှင့်ပတ်သက်ပြီး အခွန်ဥပဒေအမြန်ဆုံးပေါ်ပေါက်ရန် ဝန်ကြီးဌာနအနေဖြင့် မည်သည့်အချိန်တွင် အမြန်ဆုံးဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်ကိစ္စရပ်သည် အောက်ခြေတွင် ဖွဲ့စည်းထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ တာဝန်ရှိမှုဖြစ်ပါကြောင်း၊ အောက်ခြေတွင် မလိုလားအပ်သောကိစ္စရပ်များ မဖြစ်စေရန် မိမိတို့ဝန်ကြီးဌာနအောက်ရှိ လယ်ယာ မြေစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ကို သေချာစွာ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ရှင်းလင်း‌ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဒေါ်ချိုချို (အုတ်တွင်း)