Law Database | Mail | English Version

အမေး ၊ အဖြေများ

(စ)-ရေချိုရရှိရန် ခက်ခဲသည့် ပင်လယ်နှင့် နီးစပ် နေသော ကျေးရွာများအတွက် စက်တပ်ရေနက် တွင်းကြီးများ တူးဖော်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အချို့သော ကျေးရွာများသည် ပင်လယ်ကမ်းခြေ ပတ်ဝန်းကျင်များ တည်ရှိနေခြင်းကြောင့် ရေချိုရရှိရန် ခက်ခဲပါကြောင်း၊ ရာသီဥတု တဖြည်းဖြည်း ပြောင်းလဲပြီး နွေရာသီများတွင် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်၊ စမ်းချောင်းများ ခမ်းခြောက်လာပါကြောင်း၊ အချို့ကျေးရွာများတွင် ရေကန်များ ပိုမို တူးဖော်လာသော်လည်း လူဦးရေတိုးမြင့်လာခြင်းကြောင့် ရေလုံလောက်မှု မရှိပါကြောင်း၊ တူးဖော်ထားသည့် ရေကန်များတွင် နုန်းမြေများပြားလာခြင်း၊ ရေကန်ပေါင်ခတ်ထားခြင်းမရှိသည့်အတွက် ကျွဲ၊ နွားများ ဝင်ရောက်သောက်သုံးပြီး ရောဂါပိုးများဝင်ရောက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊

ပေါင်မြို့နယ်ရှိ ကျေးရွာပေါင်း ၅၇ ရွာတွင် တစ်ဝက်ကျော်ခန့်သည် ပင်လယ်နှင့် ထိစပ်နေသည့်အတွက် ရေချိုရရှိရန် ခက်ခဲလျက်ရှိပါကြောင်း၊ သောက်သုံးရေ၊ သုံးစွဲ ရေရှားပါးသည့်အတွက် အစားအသောက်များချက်ပြုတ်ရာတွင်လည်းကောင်း၊ ရောင်းချ ရာတွင် လည်းကောင်း သန့်ရှင်းစင်ကြယ်စွာဆေးကြောနိုင်ခြင်းမရှိဘဲ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားပါကြောင်း၊

နွေရာသီရောက်တိုင်း နိုင်ငံတစ်ဝန်းလုံး ရေပြဿနာဖြစ်ပွားနေသည်ကို သိရှိနေရပါသော်လည်း ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်ရန် ဘတ်ဂျက်အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ မြို့ပေါ်များတွင်  ရေချိုရရှိရန် ပေတစ်ရာ၊ ပေနှစ်ရာခန့်ဖြင့် ရရှိနိုင်သော်လည်း ပင်လယ်နှင့် နီးစပ်သော ကျေးရွာများတွင် ပေပေါင်းငါးရာအထက်တူးသော်လည်း ရေချိုရရန် သေချာ မှု မရှိပါကြောင်းနှင့် ထိုသို့ ကိစ္စရပ်များအပေါ် ပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ရေအရင်းအမြစ်နှင့် ပူးပေါင်းဆောင်ရွက်သော်လည်း ကုန်ကျစရိတ်သည် သိန်းပေါင်း တစ်ရာ၊ နှစ်ရာခန့်ရှိသည့်အတွက် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် နွေရာသီမရောက်ခင် ရေအခက်အခဲ ကြုံတွေ့နေရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်နေသောကျေးရွာများအတွက် ဦးစားပေး စီမံချက်အနေဖြင့် ကြိုတင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း၊ အကယ်၍ စက်ရေတွင်းများ တူးဖော်ချိန်တွင် ရေချိုတူးဖော်ရရှိခြင်းမရှိပါက မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

မိမိတို့နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ဧရိယာများတွင် ပင်လယ်ရေငန်များ တိုးဝင်သည့်အတွက် မြေပေါ်မြေအောက် ရေချိုအရင်းအမြစ်များ အလွယ်တကူရရှိနိုင်ခြင်းမရှိဘဲ ခက်ခဲစွာကြံဆဆောင်ရွက်ရပါကြောင်း၊ မြေအောက်စက်ရေတွင်းတွေတူးဖော်ရာတွင်လည်း ရေငန်တိုးဝင်မှု(Sea Water Intrusion)ကြောင့်‌ စက်ရေတွင်းနက်များသာ တူးဖော်ရပြီး ဒေသအလိုက် မြေအောက်ရေချိုရရှိနိုင်သည့် အလားအလာအပေါ်မူတည် ဆောင်ရွက်သွားရခြင်း ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်းကို ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပင်မတာဝန် တစ်ခုအနေဖြင့်  အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ကျေးလက်ဒေသပြည်သူများ သောက်သုံးရေရှားပါးမှု အခက် အခဲကို  ဖြေရှင်းနိုင်ရေးမျှော်မှန်းပြီး နိုင်ငံတစ်ဝန်းရှိ ရေရနိုင်မည့် ရေအရင်းအမြစ်များကို ဖော်ထုတ် အသုံးချကာ ကျေးလက်ရေပေးဝေရေးလုပ်ငန်း(တွင်းတိမ်တူး ဖော်ခြင်း၊ တွင်းနက်တူးဖော်ခြင်း၊ လက်တူးတွင်းတူးဖော်ခြင်း၊ မြေသားရေကန်တူးဖော်ခြင်း၊ စိမ့်စမ်းရေ သွယ်ခြင်းလုပ်ငန်း)များ ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်ပေးလျက်ရှိပါကြောင်း၊

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ၂၀၁၂-၂၀၁၃ ခုနှစ်ကစတင်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၂၁ ရွာတွင် ငွေကျပ်သန်းပေါင်း ၂၁၆ သန်းကျော် အကုန်အကျခံကာ တွင်းနက် ခြောက်တွင်း၊ လက်တူးတွင်းနှစ်တွင်း၊ မြေသားမိုးရေလှောင်ကန် ၁၂ ကန်၊ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းတစ်ခု၊ စုစုပေါင်းရေရရှိရေးလုပ်ငန်း ၂၁ ခုကို လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မွမ်းမံရန်ပုံငွေကျပ် ၁၄ သန်းကျော်ဖြင့် ဝဲပတန်ကျေးရွာတွင် မြေသားရေကန်အနက်နှိုက်ခြင်းလုပ်ငန်းကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

          ၂၀၁၆ ခုနှစ်တွင် အယ်နီညိုရာသီဥတုကြောင့် ပေါင်မြို့နယ်အတွင်း သောက်သုံးရေ ပြတ်လပ်ခဲ့သည့် အလှပ်(န)၊ သပြေကုန်း၊ သပြေကုန်း(ခင်တန်း)၊ ကာတဲစု၊ မြလေးချောင်း၊ ဥက္ကံ၊ ညောင်ကုန်းလေး၊ ဝဲပတန်၊ ဘိုင်လောင်း၊ ကျားဘို၊ ကော့ထော်၊ ကဒိုင်၊ တပ်မှူးချောင် (ဘိုင်လောင်း)စသည့် ကျေးရွာများကို သောက်သုံးရေဖြန့်ဝေပေးရသည့် အခြေအနေရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း  မူလခွင့်ပြုရန်ပုံငွေ ကျပ် ၈၀ သန်းကျော်ဖြင့် ကျေးရွာကိုးရွာတွင် တွင်းနက်လေးတွင်း၊ မြေသားရေကန် အနက်နှိုက်ခြင်းလုပ်ငန်းလေးခု၊ ဂါလံ ၁၀၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု၊ စုစုပေါင်းရေရရှိရေးလုပ်ငန်းကိုးခုကို ဆောင်ရွက်ပေးရန် လျာထားစီမံထားရှိပြီးဖြစ်ပါကြောင်း၊

ရေချိုရရှိရန်ခက်ခဲသည့် ပင်လယ်နှင့် နီးစပ်သည့်ရွာများတွင် နွေရာသီ၌ ရေအခက်အခဲကြုံတွေ့ နေရခြင်းကို ဖြေရှင်းရန်အတွက် စက်တပ်ရေနက်တွင်းကြီးများရန်နှင့် ပတ်သက်ပြီး ဘူမိရူပနည်း စနစ်ဖြင့် မြေအောက်ရေတိုင်းတာစမ်းသပ်မှုအခြေအနေအရ အနက်ပိုင်းရောက်ပါက ရေချိုရရှိရန် အလားအလာနည်းပါးသည်ကို သိရှိရပါကြောင်း၊  ထို့အပြင် စက်ရေတွင်းတူးဖော်ရာတွင်လည်း သောက်သုံးရေရရှိနိုင်မှုအခြေအနေသိရှိနိုင်ရန် မြေအောက်ရေတိုင်းတာရေးစက်ဖြင့် တိုင်းတာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်  မိမိတို့ ဒေသအတွင်း လိုအပ်ချက်အပေါ်မူတည်ပြီး တိုင်းတာပေးရန် ညှိနှိုင်းဆောင်ရွက်လာမှုအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာပေးခြင်းကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် သက်ဆိုင်ရာတိုင်းဒေသကြီးများ၏ အဆိုပြုညှိနှိုင်းလာသည့်အပေါ်လည်း ဆောင်ရွက်ပေးခဲ့ပြီး မကွေးတိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်အနေဖြင့် မြေအောက်ရေအတွက် တိုင်းတာပေးရန် အခြေအနေကို အဆိုပြုလာမှုရှိပါက ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊

 ရေချိုရရှိရန် အလားအလာနည်းပါသည့်ဒေသများတွင် စက်ရေတွင်းတူးဖော်မည်ဆိုပါက အငန်ဓာတ်ပေါက်ပြီး ရေချိုမရနိုင်သည့်အတွက် မြေသားရေလှောင်ကန် တူးဖော်ခြင်း သို့မဟုတ် ရေချိုရရှိနိုင်သည့် အခြားနေရာများမှ ရေရယူခြင်းနည်းလမ်းတို့ဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစားပေးအလိုက် ရေးဆွဲတင်ပြလာသည့် လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိစစ်ပြီး နှစ်အလိုက် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားအပ်ပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဒေါ်မိကွန်ချမ်း (ပေါင်)