Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဇ)-မြင်းခြံမြို့နယ်၊ ဘိုးဘွားပိုင်မြေကွက် အမှတ် (၇)ရပ်ကွက်၊ ဦးပိုင် အမှတ်(၂၀)၊ ဧရိယာ(၀.၆၂) ဧက ပေါ်ရှိ နှစ်ထပ်တိုက်နှင့် ဂိုဒေါင်အဆောက်အ အုံကို မူလပိုင်ရှင်များထံသို့ ပြန်လွှဲပြောင်းပေးမည့် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မြင်းခြံမြို့နယ်၊ ဘိုးဘွားပိုင်မြေကွက် အမှတ်(၇)ရပ်ကွက်၊ အကွက်အမှတ်(၁၉)၊ ကွေ့ကြီးအရှေ့၊ ဦးပိုင် အမှတ်(၂၀)၊ ဧရိယာ(၀.၆၂)ဧက ပေါ်ရှိ နှစ်ထပ်တိုက်နှင့် ဂိုဒေါင်အဆောက်အအုံကို မူလပိုင်ရှင်များထံသို့ ပြန်လည်လွှဲပြောင်းပေးမည့် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

မြေနှင့်အဆောက်အအုံကို ၁၉၆၄ ခုနှစ်တွင် ပြည်သူပိုင်သိမ်းခံရပြီး ရေချို၊ ရေငန်ထွက်ပစ္စည်း အရောင်းဆိုင်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနက အသုံးပြုခဲ့ပါကြောင်း၊ ၁၉၇၀ ခုနှစ်တွင် ကုန်သွယ်ရေး ဦးစီးဌာန ပြည်သူ့ဆိုင်များဖျက်သိမ်းပြီး သမဝါယမအသင်းက ရေချို၊ ရေငန်ထွက်ပစ္စည်း အရောင်းဆိုင်နှင့် ဝန်ထမ်းသက်သာဆိုင်အဖြစ် အသုံးပြုခဲ့ပြန်ပါကြောင်း၊ ၁-၉-၁၉၇၃ ခုနှစ်မှစ၍ လစဉ် ၂၀၀ ကျပ်နှုန်းဖြင့် မြို့နယ်သမဝါယမအသင်းက ငှားရမ်းအသုံးပြုခဲ့ပါကြောင်း၊ ၂၇-၅-၁၉၇၇ ရက်နေ့ တွင် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနကိုယ်စား မန္တလေးတိုင်းကုန်သွယ်ရေး မန်နေဂျာက မူလပိုင်ရှင်ဖြစ်သည့် ဒေါ်မိမိအား ပုံစံ(၃)ဖြင့် အသိသက်သေများရှေ့မှောက်တွင် တရားဝင် စာရွက်စာတမ်းများဖြင့် နိုင်ငံတော်က အသုံးပြုခြင်း မရှိသည့်အတွက် ပြန်လည် ပေးအပ်ခဲ့ ပါကြောင်း၊ သို့သော် လက်ရောက်ပေးအပ်ခဲ့ခြင်း မဟုတ်ဘဲ စာရွက်ပေါ်တွင်သာ ပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ သမဝါယမအသင်းက ဆက်လက်အသုံးပြုပြီးနောက် ဆုမွန်ရတနာအထွေထွေ ရောင်းဝယ် ရေးက ဆွမ်းထွက်ပစ္စည်းအရောင်းဆိုင်အား တစ်လလျှင် ကျပ် ၆၀၀၀၀ ဖြင့် တစ်ဆင့်အငှားချထားပြီး မူလ ပိုင်ရှင်ကို ၂၀၀ ကျပ်မှ ၅၀၀ ကျပ်သို့ တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် ယင်းမြေကွက်နှင့် အဆောက်အဦမှာ အငှားချထားခြင်းမရှိဘဲ ပိတ်သိမ်းထားသည်မှာ သုံး၊ လေးနှစ်ခန့်ရှိပြီဟု သိရပါကြောင်း၊

မြင်းခြံမြို့နယ်၊ သမဝါယမအသင်း ဥက္ကဋ္ဌကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ယင်းမြေကွက်နှင့် အဆောက်အအုံအား ငှားရမ်းခြင်း၊ သုံးစွဲခြင်းမပြုရန် အထက်မှညွှန်ကြားထားပါကြောင်းနှင့် သမဝါယမအသင်းစုက ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ ယခုအခါ အဆောက်အအုံတွင်လည်း ပျက်စီးယိုယွင်းစပြုနေပါပြီဖြစ်ပါကြောင်း၊ အချုပ်အားဖြင့်ဆိုသော် ပုံစံ(၃) ဖြင့် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည် ဆိုသော်လည်း လက်ရောက်ပေးအပ်ခဲ့ခြင်း မဟုတ်သည့် အတွက် အစိုးရအဆက်ဆက်အိမ်ရှင်၊ အိမ်ငှားပုံစံမျိုး သက်ရောက်နေပါကြောင်း၊

ပိုင်ရှင်ဘိုးဘွားပိုင်မြေနှင့် အဆောက်အအုံ၊ နေအိမ်၊ ဆိုင်ခန်းကို လက်လွတ်ဆုံးရှုံး စွန့်ခွာလာခဲ့ရ သည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်ပြီး ချမ်းသာကုန်းတွင် (၁၀) စုနှစ်များစွာ အိမ်ငှားအဖြစ် နေထိုင်ဆဲ ဖြစ်နေသည့်အပြင် ငွေကြေးကလည်း မတတ်နိုင်သည့်အတွက် မိမိတို့ ဆုံးရှုံးနေသည့် ဝိုင်းမြေနှင့် အဆောက်အအုံကို ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်း မရှိပါကြောင်း၊ နိုင်ငံတော်က နှစ်ပေါင်း ၅၀ ကျော်အသုံးပြုခဲ့ပြီး ယနေ့အသုံးပြုခြင်းမရှိသည့်အတွက် နှစ်ရှည်လများ လူမှုရေး၊ စီးပွားရေးအဘက်ဘက်က နစ်နာနေသည့်မိသားစုဘဝကို ထောက်ထားငဲ့ညှာသောအားဖြင့် အရှုပ်အရှင်း မရှိဘဲ ပိုင်ရှင်ဒေါ်မိအမည်ပေါက် ဘိုးဘွားပိုင်ဝိုင်းမြေနှင့် အဆောက်အအုံကို မူလ ပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည် လွှဲပြောင်းပေးအပ်သင့်ပါကြောင်း၊

ထို့ကြောင့် ပြည်သူပိုင်သိမ်းဆည်းခံမြင်းခြံမြို့နယ် အမှတ်(၇)ရပ်ကွက်၊ အကွက်အမှတ် (၁၉)၊ ကွေ့ကြီး အရှေ့၊ ဦးပိုင်အမှတ်(၂၀) ဧရိယာ ၀.၆၂ဧကပေါ်ရှိ နှစ်ထပ်တိုက်နှင့် ဂိုဒေါင်အဆောက်အအုံကို မူလ ပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးမည့်အစီအစဉ်ရှိ/မရှိ၊ ရှိပါက ပိုင်ရှင်များက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို လမ်းညွှန်မှုပေးရန်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် မရှိပါသနည်းနှင့် မြန်မာနိုင်ငံအနှံ့ယခုကဲ့သို့ ပိုင်ရှင်အမည်ပေါက် ဘိုးဘွားပိုင်မြေနှင့် အဆောက် အအုံများကို သမဝါယမအသင်းစုက ငှားရမ်းခြင်း၊ သုံးစွဲခြင်းတို့ကိုမပြုဘဲ ထိန်းသိမ်းနေမည့်အစား မူလပိုင်ရှင်များကို ပြန်လည်လွှဲပြောင်းပေးအပ်မည့်အစီအစဉ်ရှိ/မရှိ၊ ရှိပါက မူလပိုင်ရှင်များက မည်သို့ ဆက်သွယ်ဆောင်ရွက်ရမည်ကို လမ်းညွှန်မှုပေးရန်၊ မရှိပါက မည်သည့်အတွက်ကြောင့် မရှိပါသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၇/၁၅၄)၊ အမှတ်(၇)ရပ်ကွက်၊ မြို့မဈေးကြီး အရှေ့ဘက် ၃၂ ပေ x ၄၉ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းနှစ်ထပ်အဆောက်အဦးနှင့် မြေဧရိယာ ၀.၀၆၂ ဧကကို ၁၉၆၄ ခုနှစ်မှာ ပဆ-၉၉၅၉ နှင့် ပြည်သူပိုင်သိမ်းယူခဲ့ပြီး ကုန်သွယ်ရေးမှ အသုံးပြုခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၁၉၇၇ ခုနှစ်တွင် ကုန်သွယ်ရေးက မူလပိုင်ရှင်ဦးမြင့်‌သန်း၊ ဒေါ်မိမိအမည်နှင့် ပုံစံ (၃) ထုတ်ပေးခဲ့ကြောင်းသည်ကို တွေ့ရှိရပါကြောင်း၊

အဆိုပါ ပြည်သူပိုင်သိမ်းအဆောက်အဦကို ၁-၉-၁၉၇၃ ရက်နေ့တွင် ကုန်သွယ်ရေးထံမှ မြင်းခြံမြို့နယ်သမဝါယမ အသင်းက လွှဲပြောင်းရရှိခဲ့ပြီး အရောင်းဆိုင်အဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ မြင်းခြံမြို့နယ် သမဝါယမအသင်းကို ဆုမွန်ရတနာ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်အဖြစ် ပြန်လည်ဖွဲ့စည်းပြီးနောက် ၎င်းအဆောက်အဦကို ပွဲရုံလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်အဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင်  တစ်လငှားရမ်းခ ၆၆၀၀၀ နှင့် နိုင်ငံတော်ဝင်ငွေပေးသွင်းခဲ့ပြီး ၂၀၁၁ ခုနှစ် မေလအထိ အသုံးပြုခဲ့ပါကြောင်း၊ အဆိုပါ ပြည်သူပိုင်သိမ်းအဆောက်အဦသည် သမဝါယမဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသည့် ပြည်သူ့ပိုင်သိမ်းအခန်း/အဆောက်အဦများစာရင်းတွင် ပါဝင်ပြီးလက်ရှိတွင် သော့ခတ်ပိတ်သိမ်းထားသည်ကို တွေ့ရှိရပါကြောင်း၊

မူလပိုင်ရှင်အနေဖြင့် ပြန်လည်တောင်းခံလျက်ရှိသည့် ပြည်သူပိုင်အခန်းအဆောက်အဦများနှင့် စပ်လျဉ်းပြီး ၁၃-၄-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ရက်စွဲပါစာအမှတ်တွင် ပြည်သူပိုင်သိမ်းဆည်းခဲ့သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို မူလသက်ဆိုင်သူနှင့် ဆက်ခံသူ များကို ပေးအပ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဥပဒေအရ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်းနှင့် နိုင်ငံပိုင်သိမ်းဆည်းထားသည့် ပစ္စည်းများ၊ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦ များနှင့် မြေယာကွက်များ၊ စီမံခန့်ခွဲမှုကော်မတီမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြိုခွဲရောင်းချရာတွင် မူလသက်ဆိုင်သူ သို့မဟုတ် ပိုင်ဆိုင်သူကိုယ်တိုင် ဦးစားပေးဝယ်ယူခွင့်ရရှိရေး ဆောင်ရွက်ရန် ဖြစ်ကြောင်း၊  မူချမှတ်ထားချက်အရ ၎င်းမူအတိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမ စီမံ ခန့်ခွဲခွင့်အရ ပြည်သူပိုင်သိမ်းအခန်းအဆောက်အအုံများကို မူလပိုင်ရှင်များ၊ မူလပိုင်ရှင်၏ ဆက်ခံသူ များက တင်ပြတောင်းခံခြင်းနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် မြင်းခြံမြို့နယ်၊ အမှတ်(၇/၁၅၄)၊ အမှတ်(၇)ရပ်ကွက်၊ မြို့မဈေးကြီးအရှေ့ဘက်ရှိ ပြည်သူပိုင်သိမ်း အဆောက်အဦ (ပဆ-၉၉၅၉) အပါအဝင် ပြည်သူပိုင်သိမ်းအခန်း/ အဆောက်အဦ ၇၁ ခုကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏မူများနှင့်အညီ စိစစ်ဆောင်ရွက်၍ တင်ပြရန်ဆုံးဖြတ်ခဲ့သည့် အလျောက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်သို့ အသေးစိတ်အချက်အလက်များနှင့် တင်ပြထားပြီးဖြစ်ပါကြောင်း၊

သို့ဖြစ်သည့်အတွက် ပြည်သူပိုင်အခန်း/အဆောက်အဦ စီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်းပြီး ပုဂ္ဂလိကပိုင် ကော်မရှင်၏ မူနှင့်ညွှန်ကြားချက်များရပါက ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ဆိုသည့် အကြောင်းအခြင်းအရာနှင့်စပ်လျဉ်းပြီး မူလပိုင်ရှင်အ နေဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သို့ ဆက်လက်လျှောက်ထား ဆောင်ရွက်သွားရန် သင့်ပါ ကြောင်း ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဦးသက်လွင်(ခ) ဦးပေါခင် (မြင်းခြံ)