Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် မြန်မာနိုင်ငံအာဆီယံဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများအလုပ်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မေရှီးရှိုဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည်  မြန်မာနိုင်ငံ အာဆီယံဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများအလုပ်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမေရှီးရှို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် အာဆီယံပါလီမန်များဆိုင်ရာ ပူးပေါင်း ကော်မတီအနေဖြင့် ယခုအထိ ဆောင်ရွက်ချက်များ၊ (၃၈) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံအတွက် ပြင်ဆင်မှုများ၊ နှစ် ၅၀ မြောက် အာဆီယံအဖွဲ့ကြီး၏ အထိမ်းအမှတ်နှင့် နှစ် ၄၀ မြောက် အာဆီယံပါလီမန်အဖွဲ့ကြီး အထိမ်းအမှတ်ပြင်ဆင်မှုများကို လွှတ်တော်ကိုယ်စားလှယ် များကဆွေးနွေးခဲ့ပြီး၊ အာဆီယံဆိုင်ရာအရပ်ဖက်လူမှုအဖွဲ့အစည်းက ၄င်းတို့အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြပါသည်။ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများက ပြည်ထောင်စုလွှတ်တော်အပြင် သက်ဆိုင်ရာအစိုးရ ၀န်ကြီးဌာန၊ တက္ကသိုလ်များ၊ လူငယ်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ထိတွေ့ဆက်ဆံပြီး အာဆီယံပါလီမန်ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပညာပေးစည်းရုံးမှုများ ပြုလုပ်ရန် နှစ်ဖက်စလုံး က ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဒေါ်ခင်နှင်းသစ်၊ ဦးဇာနည်မင်း၊ မိကွန်ချမ်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

၂၀၁၇ခုနှစ်၊ ဇွန်လ ၂၃ရက်