Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဂ)-ဖောင်းပြင်မြို့နယ်ရှိရောင်ဟီးအ.လ.က(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ်၊ မိုင်းချောင်းနှင့် ဟဲလှော် အ.ထ.က(ခွဲ)နှစ်ခုအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ်၂၀၁၇- ၂၀၁၈ ပညာသင်နှစ်တွင် တိုးမြှင့်ပေးနိုင်ခြင်းရှိ၊မရှိ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

(ဂ)-ဖောင်းပြင်မြို့နယ်ရှိ ရောင်ဟီး အ.လ.က(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ်လည်းကောင်း၊ မိုင်းချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှင့် ဟဲလှော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှစ်ခုအား အခြေခံပညာအထက်တန်း ကျောင်းအဖြစ်လည်းကောင်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ဖောင်းပြင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ကျောင်းများအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုရန် ဦးစားပေး အစီအစဉ်ဖြင့် အဆိုပြုထားသော One Line ပုံစံများကိုလည်း မိမိ၏မေးခွန်းနှင့်အတူ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသလိုအပ်ချက်နှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် ပညာရေးဌာန၏ သတ်မှတ်အညွှန်းကိန်းများကို အနည်းငယ်ဖြေလျှော့ စဉ်းစားပေးပြီးမှ အဆိုပါကျောင်းများတွင် ပါဝင်သည့် (၁) ဦးစားပေးအဆင့်တစ်တွင်ရှိသော ရောင်ဟီး အ.လ.က (ခွဲ) အား ယခု ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းကျောင်းသို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ (၂) ဦးစားပေးအဆင့် တစ်နှင့်နှစ်တွင်ရှိသော မိုင်းချောင်း အ.ထ.က(ခွဲ)နှင့် ဟဲလှော် အ.ထ.က(ခွဲ)တို့အား အ.ထ.က များ အဖြစ်သို့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဒေသခံပြည်သူများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့်ပညာသင်နှစ်တွင် ၃၃၁၂ ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဖောင်းပြင် မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (ခွဲ) လေးကျောင်း၊ အခြေခံပညာမူလတန်းလွန် ကျောင်း ၁၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၁၃ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၃၁ ကျောင်းကို မိမိတို့မှ ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ယခု ပညာသင်နှစ်တွင် အလယ်တန်းကျောင်း (ခွဲ) မှ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် သတ်မှတ်ချက်က ကျောင်းသားဦးရေအရဆိုလျှင် အလယ်တန်းအဆင့်သင် ကျောင်းသား/သူ ၂၄၀ ဦးနှင့် အထက်ရှိခြင်း သို့မဟုတ် သွားလာမှုခက်ခဲသော ဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့် ကျောင်းနှင့် ခရီးအကွာအဝေး နှစ်မိုင်အထက်ကွာဝေးခြင်း သို့မဟုတ် သွားလာရလွယ်ကူသော မြေပြန့် ဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် သုံးမိုင်အထက်ကွာဝေးခြင်းဆိုပြီး ကျောင်းအဆင့်တိုးမူများကို ပြင်ဆင်ပြီး သတ်မှတ်ပေးထားပါကြောင်း၊ ကျောင်းသားဦးရေအရ၊ သွားရေးလာရေးခရီးအကွာအဝေးအရ မိမိတို့ ပြင်ဆင်သတ်မှတ်ပေးထားပါကြောင်း၊

အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ပေးမှုမှာ ဖောင်းပြင်မြို့နယ်၊ ရောင်ဟီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ကျောင်းသား/သူစုစုပေါင်း ၁၇၈ ဦးရှိပါကြောင်း၊ ထို့ကြောင့် သတ်မှတ်ကျောင်းသားဦးရေ ၂၄၀ ကို မပြည့်မီသောကြောင့် သွားလာမှုခက်ခဲပြီး ပင်မကျောင်းနှင့် ခုနစ်မိုင်ကွာဝေးသည့် အတွက်ကြောင့် ခရီးအကွာအဝေးမိုင်အရ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အတွက်ကြောင့် ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ရေးအတွက် ဆက်လက်စိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

မိုင်းချောင်းကျေးရွာ အထက်တန်းကျောင်း(ခွဲ)ကို အထက်တန်းကျောင်းအဖြစ် ကျောင်းအဆင့်တိုးမြှင့် ပေးရန်အတွက် စိစစ်ဆောင်ရွက်မှု အခြေအနေမှာ အထက်တန်းကျောင်းသားဦးရေ ၁၇၁ ဦးရှိပါကြောင်း၊ ပင်မကျောင်းနှင့် ခရီးအကွာအဝေးသည် ၃၄ မိုင်ကွာဝေးသည်ဆိုသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ကျောင်းသား/သူဦးရေ ၁၇၄ ဦး ရှိသော်လည်း ပင်မကျောင်းနှင့် ခရီးအကွာအဝေးသည် ၁၀ မိုင်အထက်ရှိသည့် အတွက်ကြောင့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသောကြောင့် ကျောင်းအဆင့်တိုးမြှင့်ပေးရန်အတွက် ဆက်လက်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ဟဲလှော်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းကို အဆင့်တိုးမြှင့်ပေးဖို့အတွက်  ကျောင်းသား/သူဦးရေသည် ၁၇၄ ဦးရှိပြီး ပင်မကျောင်းနှင့် ခရီးအကွာအဝေးသည် ၁၄ မိုင်ရှိပါခြင်းကြောင့် ကျောင်းသား/သူဦးရေ သတ်မှတ်ချက် မပြည့်မီသော်လည်း ၁၀ မိုင်အထက်ကွာဝေးသည့် အတွက်ကြောင့် သတ်မှတ်ချက်နှင့် ကိုက်ညီပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်ပေးရန်အတွက် ဆက်လက်စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

၎င်းသည် ဖောင်းပြင်မြို့နယ်၏ မြေပုံဖြစ်ပါကြောင်း၊ မြေပုံပေါ်တွင်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် စိစစ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ နောက်ထပ် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) နှစ်ကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ) တစ်ကျောင်းတို့သည် ကျောင်းအဆင့် တိုးပြီးပြီဆိုလျှင် ပညာရေးဝန်ကြီးဌာန အနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိဘအုပ်ထိန်းသူများနှင့် ဒေသခံများက ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရန် အရေးကြီးပါကြောင်း၊ ကျောင်းသား/သူများ ကျောင်းမှန်မှန်တက်ပြီး ကျောင်းမထွက်ရန် လည်း လိုအပ်ပါကြောင်း၊ ဆရာ/မများ ပူးပေါင်းပြီးမှ အတန်းတွင်းရှိ ကျောင်းသား/သူအားလုံး သင်ယူ တတ်မြောက်မှု ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ ကျောင်းသား/သူအားလုံး စာဖတ်ပြိုင်ပွဲ၊ အင်္ဂလိပ်စာပြိုင်ပွဲ၊ သင်္ချာပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်ရန်လည်း အရေးကြီးပါကြောင်း၊ မိဘဆရာအသင်း လုပ်ငန်းများတွင်လည်း ရပ်မိရပ်ဖများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်အတွက် လိုအပ်မည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် ကျောင်းအဆင့်တိုးမြှင့်‌ပေးပြီးပါက စာသင်ဆောင်၊ သင်ကြားရေး ဆရာ/မနှင့် သင်ထောက်ကူ ပစ္စည်းများ ထပ်မံလိုအပ်လာနိုင်ခြင်း ဖြစ်ပါကြောင်း၊ ၎င်းကစ္စများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထားပြီး ခွင့်ပြုဘဏ္ဍာရေးအခြေအနေအရ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ပညာရေးဝန်ကြီးဌာန၊ ဒေါက်တာမျိုးသိမ်းကြီး ပြည်ထောင်စုဝန်ကြီး
မေးမြန်းသူ 
ဦးထွန်းဝေ (ဖောင်းပြင်)