Law Database | Mail | English Version

အမေး ၊ အဖြေများ

(စ)-ယင်းမာပင်မြို့နယ်၊ညောင်တန်းကျေးရွာအခြေခံ ပညာမူလတန်းကျောင်းတွင် (၁၂၀ ပေ x ၃၀ ပေ x၁၅ပေ)တစ်ထပ်အုတ်ညှပ်ကျောင်းဆောင်ဆောက် လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

မေးခွန်း အကြောင်းအရာ 

ယင်းမာပင်မြို့နယ် ညောင်တန်းကျေးရွာတွင် ယခင် ယင်းမာပင်မြို့နယ်၊ ယမောင်တိုင် ကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာ တွဲဖက်အခြေခံပညာမူလတန်း ကျောင်း ဖွင့်လှစ်ခွင့်ရရှိခဲ့စဉ်က ယာယီကျောင်းဆောင်အဖြစ် (၆၀ x  ၃၀) ထန်းလျက်မိုး၊ ကတ်ကာ အဆောက်အဦကို ကျေးရွာပြည်သူများထည့်ဝင်ငွေဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ပြီး ကျောင်းသားများကို စာသင်ကြားခဲ့ရပါကြောင်း၊

ယခုအခါညောင်တန်းကျေးရွာ တွဲဖက်အခြေခံမူလတန်းကျောင်းအဆင့်မှ အခြေခံပညာမူလတန်း ကျောင်းအဖြစ် ဖွင့်လှစ်ခွင့်ရရှိပြီး ကိုယ်ထူကိုယ်ထ ပေ ၁၂၀ x ပေ ၃၀ x ၁၅ ပေ ကွန်ကရစ်တိုင် သွပ်မိုးအဆင့်အထိ ကျောင်းဆောင်အဆောက်အဦကို ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော်လည်း အပြီးသတ် ဆက်လက် ဆောက်လုပ်ရန် အခက်အခဲရှိနေပါသဖြင့် နိုင်ငံတော်မှ အပြီးသတ်ဆောက်လုပ်နိုင်ရန် အရေးတကြီး တောင်းခံရခြင်း ဖြစ်ပါကြောင်း၊ ကျောင်း၏ ကျောင်းအဆောက်အဦသည် ကွန်ကရစ်တိုင်နှင့် သွပ်မိုးသာရှိပြီး အကာအရံလုံးဝမရှိပါသဖြင့် မိုးတွင်းကာလတွင် စာသင်ကြားရေး အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် ယင်းမာပင်မြို့နယ် ညောင်တန်း ကျေးရွာ အခြေခံပညာကျောင်းအတွက် လိုအပ်လျက်ရှိသော ၁၂၀ x ၃၀ x ၁၅ ပေ အုတ်ညှပ် အထပ်ဆောင် ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ယင်းမာပင်မြို့နယ်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ကျောင်းဆောင်တွေဆောက်လုပ်ပေးရန် ငွေကျပ် ၄၃၃ သန်း  ခွင့်ပြုရန်ပုံငွေရ ရှိသည့် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုအပ်နှံကာ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ညောင်တန်းရွာ၏ မူလတန်းကျောင်းသည် ၁၂၀ x ၃၀ ပေရှိပြီး စာသင်ခန်းဧရိယာ ၂၈၀၀ စတုရန်းပေရှိကာ မူလတန်းတွင် ကျောင်းသား/ကျောင်းသူ ၅၄ ဦး ပညာသင်ယူနေပါကြောင်း၊ အဆိုပါကျောင်းသည် အကာအရံမရှိသော်လည်း ယာယီဆောင်အနေဖြင့် ခိုင်ခံ့ပြီး  အမိုးများရှိပါကြောင်း၊ ကျောင်းသား/ ကျောင်းသူ ၅၄ ဦးသာရှိသည့်အတွက် စတုရန်းပေ ၆၄၈ ပေ အသုံးပြုနေပါကြောင်း၊

 ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပါကျောင်းအား အပြီးသတ်ဆောက်လုပ်ရန် ခန့်မှန်းကုန်ကျငွေ ၄၃၂ သိန်း တွက်ချက်တင်ပြတောင်းခံထားသည်ကို စိစစ်တွေ့ရှိပါကြောင်း၊ တောင်းခံသည့် ငွေ ပမာဏ သည် အသစ်ဆောက်လုပ်ပေးရမည့် ရန်ပုံငွေပမာဏနှင့် ညီမျှနေသည့်အတွက် ပညာဝန်ကြီးဌာန အနေ ဖြင့် လုပ်ထုံးလုပ်နည်းအရ ရန်ပုံငွေခွဲဝေချထားပေး၍ မရနိုင်ပါကြောင်း၊  သို့သော် ယခုအခါ အဆိုပါ ကျောင်းသည် အကာများ၊ ပြတင်းတံခါးများ၊ မျက်နှာကြက်များ၊ အချောကိုင်ရန်နှင့် ဆေးသုတ်ရန်အတွက် အမှန်တကယ်လိုအပ်နေသည့်အတွက် အပြီးသတ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာန အနေဖြင့် အလေးအနက်ထားပြီး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
မေးမြန်းသူ 
ဦးအောင်စိုး (ယင်းမာပင်)