Law Database | Mail | English Version

အမေး ၊ အဖြေများ

(ခ)-သမဝါယမတက္ကသိုလ်ဆရာ၊ဆရာမများအား အခြားတက္ကသိုလ်ဆရာ၊ဆရာမများနည်းတူဥပဒေနှင့် အညီရာထူးတိုးစာမေးပွဲများဖြေဆိုခွင့်ပြုခြင်း၊ရာထူး တိုးပေးခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

၁၁.၈.၂၀၁၆ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ် အသီးသီး မှ ဆရာ/ဆရာမအပေါင်း ၂၇၀၀ ကျော်အား နည်းပြဆရာ/ဆရာမ အဆင့်မှ လက်ထောက်ကထိက အဆင့်‌ရာထူးသို့ တိုးမြှင့်‌ပေးခဲ့ကြောင်း၊ နည်းပြဆရာ/ဆရာမ များအား လက်ထောက်ကထိက ရာထူးသို့ တိုးမြှင့်‌ဆောင်ရွက်ပေးရာတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင် တက္ကသိုလ်နှစ်ခုတည်းသာရှိသည့် သမဝါယမတက္ကသိုလ် (စစ်ကိုင်း)နှင့် သမဝါယမတက္ကသိုလ် (သန်လျင်)ရှိ လုပ်သက်သုံးနှစ်ရှိ ဆရာဆရာမများ ရာထူးတိုးရာတွင် မပါရှိခဲ့ပါကြောင်း၊၉.၉.၂၀၁၅ ရက်နေ့တွင် အခြားတက္ကသိုလ်များမှ ကထိကရာထူးဆရာ/ဆရာမ ၃၇ ဦးအား တွဲဖက်ပါမောက္ခ ရာထူးသို့ တိုးမြှင့်‌ပေးခဲ့ပါကြောင်း၊ ထိုဆရာ/ဆရာမများမှာ နည်းပြမှစ၍ ကထိကရာထူးထိ စုစုပေါင်း လုပ်သက် ၇ နှစ်ရှိသော ဆရာဆရာမများကို တွဲဖက်ပါမောက္ခရာထူးသို့ သုံးနှစ်တစ်ကြိမ် တိုးပေးခဲ့ခြင်း ဖြစ်ပါကြောင်း သမဝါယမတက္ကသိုလ်ရှိလုပ်သက် ၄ နှစ်ရှိ ဆရာ/ဆရာမ များအား မည်သည့်အတွက် ရာထူးတိုးမပေးသည်ကို သိရှိလိုပါကြောင်းဖြင့် တင်ပြလာပါကြောင်း၊

ထို့အပြင် ၎င်းတို့သမဝါယမတက္ကသိုလ်များတွင် ပြည်ထောင်စုရာထူးဝန်မှ ဦးစီးအရာရှိ စာမေးပွဲအောင်မြင်သူများအား သမဝါယမတက္ကသိုလ်များတွင် လက်ထောက်ကထိကအဖြစ် တိုက်ရိုက် ခန့်ထားခြင်းကြောင့်‌ သမဝါယမတက္ကသိုလ်မှ ဆရာ/ဆရာမများ ရာထူးတက်ရန် နှောင့်‌နှေး ကြန့်ကြာ နစ်နာနေရပါကြောင်း၊ ၎င်းတို့တာဝန်ထမ်းဆောင်နေသော သမဝါယမ တက္ကသိုလ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စီမံမှုအောက်တွင် တည်ရှိပါ၍  အခြား သမဝါယမ တက္ကသိုလ် များနှင့်‌တပြေးညီ နိုင်ငံ့ဝန်ထမ်းအချင်းချင်း တက္ကသိုလ် ဆရာ/ဆရာမများကို ဥပဒေနှင့်အညီတန်းတူ အခွင့်အရေးရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးပါရန် တင်ပြလာပါသဖြင့်  သမဝါယမတက္ကသိုလ်ဆရာဆရာမများအား အခြားတက္ကသိုလ် ဆရာ/ဆရာမ များနည်းတူ ဥပဒေ နှင့်အညီ ရာထူးတိုးစာမေးပွဲများ ဖြေဆိုခွင့်ပြုခြင်း၊ ရာထူးတိုးပေးခြင်း များဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီစဉ်ရှိပါက မည်သည့်အချိန်တွင် ခွင့်ပြုမည်ကိုသိရှိလိုပါကြောင်း မေးမြန်း ပါသည်။


 

ဖြေကြားချက် 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်‌ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီး ဌာနအောက်တွင် သမဝါယမ တက္ကသိုလ်များ၊ သမဝါယမကောလိပ်များနှင့်‌ သမဝါယမသင်တန်းကျောင်းများ ရှိပါကြောင်း၊  သမဝါယမတက္ကသိုလ်များ၏ ဖွဲ့စည်းပုံသည် အခြားတက္ကသိုလ်များနည်းတူ ဆရာ/ဆရာမများ၏ ရာထူးအဆင့်‌များတွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမေက္ခစသည်ဖြင့် ဖွဲ့စည်းထားပြီး သမဝါယမကောလိပ်(မန္တလေး)နှင့်‌ သမဝါယမ(ဖောင်ကြီး) တို့တွင် ဆရာ/ဆရာမ ရာထူးအဆင့်‌များကို နည်းပြ၊ အကြီးတန်းနည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ ဒုတိယ ကျောင်းအုပ် (ဒုတိယညွှန်ကြားရေးမှူး)အဆင့်‌၊ ကျောင်းအုပ်ကြီး (ညွှန်ကြားရေးမှူး)အဆင့်‌ စသည်ဖြင့် ဖွဲ့စည်းထားပါကြောင်း၊          သမဝါယမတက္ကသိုလ်များ၏ ရာထူးတိုးမြှင့်‌ခြင်းကိစ္စနှင့်‌ ပတ်သက်ပြီး ၎င်းတို့၏ ဖွဲ့စည်းပုံသည် အခြားတက္ကသိုလ်များ၏ ဖွဲ့စည်းပုံနှင့်‌ တူညီမှုရှိသည့်အတွက်  ရာထူးနေရာလစ်လပ်မှု အပေါ်မူတည်ပြီး သတ်မှတ်အရည်အချင်း ကိုက်ညီသူများကို ရာထူးတိုးမြှင့်‌ခြင်းအား နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

သမဝါယမကောလိပ်များအတွက် လက်ရှိဖွဲ့စည်းပုံအရ ဝန်ထမ်းရာထူးတိုးမြှင့်‌ခြင်း လုပ်ငန်းကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိ သမဝါယမကောလိပ်၏ ဖွဲ့စည်းပုံသည် အခြားကောလိပ်များ၏ ဖွဲ့စည်းပုံနှင့်‌တူညီမှုမရှိသည့်အတွက် ကောလိပ်များကို ဒီဂရီကောလိပ်အဆင့်‌သို့ တိုးမြှင့်‌ဆောင်ရွက်လျက်ရှိရာတွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဒီဂရီ ကောလိပ်များဖွဲ့စည်းပုံနှင့်‌တစ်ပြေးညီ ဖြစ်စေရန်အတွက် စီစဉ်တင်ပြဆောင်ရွက်လျက် ရှိပါ ကြောင်း၊ အဆိုပါဖွဲ့စည်းပုံအသစ်ရရှိအတည်ပြုပြီးပါက ရာထူးတိုးမြှင့်‌ခြင်းလုပ်ငန်းတွေကို အခြားတက္ကသိုလ်၊ ဒီဂရီကောလိပ်များနည်းတူ စီစဉ်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်းဖြေကြားခဲ့ပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်‌ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဦးခင်မောင်သိန်း (စစ်ကိုင်း)