Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဂ)-လက်ပံတန်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း ရေကာတာ(၂၃)မိုင်နှင့် မြစ်မခ အရှေ့ဘက်ကမ်းရေကာတာများကို တာပုံစံကျ ဆက်သွယ်ရေးလမ်းဖြစ်၊ ရေကာတာ ဖြစ်စေမည့် အကြီးစားတည်ဆောက်ပေးမည့် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

(ဂ)-လက်ပံတန်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း ရေကာတာ(၂၃)မိုင်နှင့် မြစ်မခ အရှေ့ဘက်ကမ်းရေကာတာများကို တာပုံစံကျ ဆက်သွယ်ရေးလမ်းလည်းဖြစ်၊ ရေကာတာလည်း ဖြစ်စေမည့် အကြီးစားတည်ဆောက်ပေးမည့် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

၂၀၁၅-၂၀၁၆ ခုနှစ် မိုးရာသီဖြစ်သည့် ဇူလိုင်လတွင် (၂)နှစ်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်း ခဲ့သည့်အတွက် ဧရာဝတီမြစ်နှင့် မြစ်မခမြစ်တို့တွင် ရေကြီးရေလျှံမှုကြောင့် ကျိုးပေါက်          လုဆဲဆဲ ဧရာဝတီအရှေ့ဘက်ကမ်းရေကာတာ ၂၃ မိုင်နှင့် အပိုင်းပိုင်းအပြတ်ပြတ် ကျိုးပေါက်သွားခဲ့သည့် မြစ်မခအရှေ့ဘက်ကမ်းရေကာတာ ၁၂ မိုင်ကို တာပုံစံကျလမ်းလည်းဖြစ်၊ ရေကာတာလည်းဖြစ်စေမည့် အကြီးစားရေကာတာ အသစ်တည်ဆောက်ခြင်းများကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည့် အစီအစဉ်ရှိ/မရှိ မေးထားသည့် မေးခွန်းဖြစ်ပါကြောင်း၊

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေးမှာ မေးထားသည့် မေးခွန်းဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတာမိုင် ၂၃ မိုင်အနက်မှ တာမိုင် ၃/၀ နှင့် ၈/၄ အထိ ၅ မိုင်နှင့် တာမိုင် ၁၉/၄ မှ ၂၆/၆ အထိ ၃ မိုင် ၂ ဖာလုံ စုစုပေါင်း ၈ မိုင်ကို ယခု တာပုံစံကျ အကြီးစားတည်ဆောက်ခဲ့သည်မှာ ယခုဧပြီလက ပြီးစီးသွားပါပြီဖြစ်ပါကြောင်း၊ တာမိုင် ၈/၄ နှင့် တာမိုင် ၁၉/၄ ကြားတွင် ကျန်ရှိနေသည့် ၁၁ မိုင်ကိုလည်း အခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပါလာပြီဖြစ်သောကြောင့် ယခုလုပ်ငန်းများစတင်ပြီး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မြစ်မခမြစ်၏ အရှေ့ဘက်ကမ်းတာများကိုလည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပါလာပြီဖြစ်၍ ယခုမိုးမကျမီ တာပုံစံကျ တည်ဆောက်နေပြီဖြစ်ပါကြောင်း၊ ဖြေဆိုရမည့် အချိန်နောက်ကျနေသည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၏ အစ ယခုမေလတွင် တင်ဒါကင်းလွတ်ချက်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကလည်း ပြီးပြတ်မည်မဟုတ်သေးသဖြင့်                ၂၀၁၇ ခုနှစ် မိုးရာသီရေကြီးနစ်မြုပ်မှုကို ကာကွယ်ကြရဦးမည်ဖြစ်ပါကြောင်း၊ သို့သော် ဧရာဝတီ ရေကာတာတွင် ကျန်နေသည့် တာမိုင် ၂၆/၆ မှ ၂၇/၆ အထိ ၅ မိုင်၊ မြစ်မခမြစ် အနောက်ဘက်ကမ်း ရေကာတာတွင် ကျန်နေသည့် မင်းလှမြို့နယ်အပိုင်ထဲမှ တစ်မိုင်ခန့်နှင့် ခမုန်ဆင့်လမ်း တာတွင် ကျန်နေသည့် ၅ မိုင်တို့ကိုလည်း လာမည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးမည့် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် ယခုမေးခွန်းနှင့် အဆက်အစပ်ရှိသည့် မေးခွန်းကိုလည်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးမှာလည်း မေးမြန်းခဲ့မှုရှိပါကြောင်း၊ လက်ရှိတွင် အဆိုပါ ရေဘေးကာကွယ်ရေး တာများကို ပြုပြင်တည်ဆောက်တာ ဆောင်ရွက်သည့် အခြေအနေရှိနေပြီ ဖြစ်ပါကြောင်း၊ မေးခွန်းမှာပါရှိသည့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတာနှင့် မြစ်မခမြစ်အရှေ့ဘက် ကမ်းတာများ ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်းအားဖြင့် လက်ပံတန်းမြို့နယ်တွင်ရှိသည့် လယ်မြေဧက ၅၂၅၂၂ ဧက ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပထမဦးစွာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ရေဘေးကာကွယ်ရေးတာ ပြုပြင်မှုနှင့် ပတ်သက်ပြီး အဆိုပါ ရေဘေးကာကွယ်ရေးတာသည် စုစုပေါင်း ၂၇ မိုင် ၆ ဖာလုံ ရှိပါပြီး ၄ မိုင် ၄ ဖာလုံသည် မိုးညိုမြို့နယ်အတွင်းရှိပါကြောင်း၊ ကျန် ၂၃ မိုင် ၂ ဖာလုံသည် လက်ပံတန်းမြို့နယ် အတွင်း တည်ရှိပါကြောင်း၊ ယခင်နှစ် ၂၀၁၆ ခုနှစ် မိုးရာသီ ရေကြီးရေလျှံမှုနှင့် ထူးကဲ ဒီရေမြင့်တက်စဉ် ကာလက လှိုင်းပုတ်ခြင်းကြောင့် တာပဲ့ခြင်း၊ တာအိလျှောကျခြင်း၊ တာပေါ်ရေကျော်ခြင်းနှင့် ကျိုးပေါက်မှုများကို ရေခွေခြင်း၊ မြေအိတ်ဆင့်ခြင်းနှင့် တာပဲ့မှုအား တုတ်တန်းရိုက်၊ မြေအိတ်ချ၊ ခြံစည်းရိုးဖြင့် ကာကွယ်ခြင်းနှင့် ယာယီပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတာ ၂၇ မိုင် ၆ ဖာလုံကို ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး လုပ်ငန်းအလိုက် ဦးစားပေးအပိုင်း ၅ ပိုင်းခွဲခြားပြီး တာပုံစံလည်းဖြစ်၊ ဆက်သွယ်ရေးလမ်းလည်းဖြစ်၊ ရေကာတာလည်းဖြစ်စေမည့် အကြီးစားပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါကြောင်း၊ တာမိုင် ၀/၀ ကနေ ၃/၀ အထိ အခိုင်အမာပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်အတွင်းက ဆောင်ရွက်ပြီးစီးခဲ့သည့်အလျောက်၊ တာမိုင် ၃/၀ ကနေ ၈/၄ နှင့် တာမိုင်၁၉/၄ မှ ၂၂/၆ အထိ အခိုင်အမာပြင်ဆင်ခြင်း လုပ်ငန်းကို မနှစ်က ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေနှင့် လုပ်ငန်းများအားလုံး ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊  ကျန်ရှိသည့် တာမိုင် ၈/၄ မှ ၁၉/၄ အထိ အခိုင်အမာပြင်ဆင်ခြင်း လုပ်ငန်းအတွက် ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး မူလရန်ပုံငွေတွင် ထည့်သွင်းတောင်းခံခဲ့သည့်အလျောက် ရန်ပုံငွေခွဲဝေရရှိပြီးဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လိုလားချက်အရ အရေးကြီးလုပ်ငန်းများကို မိုးမတိုင်မီ ဦးစားပေးပြီးဆောင်ရွက် ရမည့် အပိုင်းများကို စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ တာမိုင် ၂၂/၆ မှ ၂၇/၆ အထိ တာပုံစံကျ ပြင်ဆင်ခြင်းလုပ်ငန်းကို ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ မရရှိပါက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး မူလရန်ပုံငွေတွင် ဆက်လက်တင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

မြစ်မခမြစ်အရှေ့ဘက်ကမ်း ရေဘေးကာကွယ်ရေးတာများဖြစ်သည့် ကျီးပင်ဆိပ်-အိုးဘိုတန်းတာ အလျား ၅ မိုင်၊ မြင်ကဝကျောက်အိုင်တာ အလျား ၇ မိုင်နှင့် ဖိုးကတိုးတာ အလျား ၄ မိုင် ၃ ဖာလုံရှိပြီး စုစုပေါင်း အလျား ၁၆ မိုင် ၃ ဖာလုံရှိပါကြောင်း၊ အဆိုပါ မြစ်မခအရှေ့ဘက်ကမ်း ရေဘေး ကာကွယ်ရေး တာများကို တာပုံစံကျဆက်သွယ်ရေးလမ်းလည်းဖြစ်၊ ရေကာတာလည်းဖြစ်စေမည့် အကြီးစားပြုပြင်ခြင်း လုပ်ငန်းများအတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး မူလ ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ ထားသည့်အလျောက် ရန်ပုံငွေခွဲဝေရရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းများ ယခုအခါမှာ စတင်ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်းနှင့် အရေးကြီးလုပ်ငန်း ပိုင်းများအား ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဦးကျော်မင်း (လက်ပံတန်း)