Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဃ)-သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာနှင့် တွင်း လည်ကျေးရွာသို့သွားသော(၇)မိုင်ခန့်ရှိသည့်လမ်း အားကျောက်ချောလမ်းအဖြစ် ခင်းပေးပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း အကြောင်းအရာ 

မိမိတို့ သရက်မြို့နယ်အနောက်တောင်ခြမ်းရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှ ဖက်ဆစ်ဂျပန်အား စတင်တော်လှန်ခဲ့သည့် ပုဏ္ဏားကျေးရွာနှင့် တွင်းလည်ကျေးရွာသို့ လူနှင့်လှည်းသွားရန် ၇ မိုင် ခန့်ဝေးသော လမ်းကြမ်းတစ်လမ်းလည်းရှိပါကြောင်း၊ အဆိုပါလမ်းသည် ၁၉၆၅ ခုနှစ်ခန့်တွင် ဖောက်လုပ်ရန် စီမံခဲ့သော်လည်း ခေတ်အဆက်ဆက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန်စီမံချက် ချမှတ်ခဲ့သော်လည်း ဖောက်လုပ်နိုင်ခြင်းမရှိဘဲ ပျက်ပြယ်ခဲ့ရပါကြောင်း၊ ၎င်းလမ်းသည် ချိုင့်ခွက်များ၊ တောင်စောင်းများ၊ တောင်ကမ်းပါးများ၊ နက်နဲသော ချောက်ကမ်းပါးများရှိနေပြီး မိုးတွင်းဆိုလျှင် လုံးဝသွားလို့မရပါကြောင်း၊ ထိုလမ်းကို ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ပေးမည်ဆိုပါက တလပါးကျေးရွာအုပ်စု၊ တွင်းလည်ကျေးရွာအုပ်စု၊ ပုဏ္ဏားကျေးရွာအုပ်စု၊ ဆင်ငေါ်ကျေးရွာအုပ်စု၊ ယမကျေးရွာအုပ်စု၊ ကြိုးကြာကျေးရွာအုပ်စု၊ တညင်မော်ကျေးရွာအုပ်စု၊ ဗန်းကုန်းကျေးရွာအုပ်စုစသည့် ကျေးရွာအုပ်စုများမှ ကျေးရွာပေါင်း ၂၈ ရွာ တို့၏ ကျေးရွာသူကျေးရွာသားများမှာ ၎င်းတို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စအဝဝအား အလွယ်တကူသွားလာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာများသည် ရေမြေတောတောင် စိမ်းလန်းစိုပြေပြီး စိုက်ပျိုးသီးနှံအများအပြား ထွက်ရှိသော နယ်မြေ ဖြစ်သော်လည်း ကုန်စည်ကူးသန်း သွားလာမှုခက်ခဲနေခြင်း၊ ‌ဈေးကွက်မမီခြင်း၊ စီးပွားရေးတိုးတက် သင့်သလောက် မတိုးတက်ပါကြောင်း၊ ပညာရေးတွင်လည်း ကျောင်းသူ/သားများ ခက်ခဲစွာသွားလာရ၍ ပညာသင်ကြားရခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ များစွာစိုးရိမ်သောက ရောက်ရပါသဖြင့် ၎င်းကျေးရွာ ၂၈ ရွာမှ ရွာသူ/သားများက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပုဏ္ဏားကျေးရွာနှင့် တွင်းလည်ကျေးရွာ ၇ မိုင် ခန့်ရှိသောလမ်းအား ကျောက်ချောလမ်းအဖြစ် ခင်းပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။


 

ဖြေကြားချက် 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် အတွင်းရှိ တွင်းလည်-ပုဏ္ဏား ကျေးရွာချင်းဆက်လမ်းသည် အရှည် ၇ မိုင်ရှိပါကြောင်း၊ အဆိုပါလမ်းအား ဖောက်လုပ်မည်ဆိုပါက  သရက်-မင်းတုန်းလမ်းမကြီးမှ တလပါး-တွင်းလည်-အုတ်ဖို-ပုဏ္ဏား-ရွာမအထိ အရှည်(၁၂)မိုင် ဖောက်လုပ်ရမည်ဖြစ်ပါကြောင်း၊ သရက်-မင်းတုန်းလမ်းမကြီးမှ တလပါးကျေးရွာအထိ ကျောက်ချောလမ်း ၁ မိုင်ရှိပြီး ၎င်းလမ်းပိုင်းအဆုံးမှစပြီး ပုဏ္ဏားကျေးရွာအထိ ၉ မိုင် ၁.၀၆ ဖာလုံ၊ ပုဏ္ဏား-ရွာမ ကျေးရွာချင်းဆက် လမ်း ၁ မိုင် ၆.၉၄ ဖာလုံ စုစုပေါင်းအရှည် ၁၁ မိုင်၏ လက်ရှိ လမ်းအခြေအနေသည် မြေသားလမ်းအဆင့် ဖြစ်ပါကြောင်း၊ ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၁၉၄၀ နှင့် လူဦးရေ ၇၆၀၀ ကျော်တို့၏ အကျိုးခံစားရသည့် လမ်းဖြစ်ပါကြောင်း၊ လမ်းအရှည် ၁၁ မိုင်ကို ကျောက်ခင်းလမ်း ခင်းမည်ဆိုလျှင် ငွေကျပ်သန်းပေါင်း ၇၂၉.၃၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ စိစစ်တွေ့ရှိရပါသည်။ လမ်းတံတား လုပ်ငန်းများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအရ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဦးစားပေးအလိုက် ရေးဆွဲတင်ပြသည့် လုပ်ငန်းများအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိစစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုတင်ပြလာသည့် သရက်မြို့နယ်အတွင်းမှာရှိသော တွင်းလည်-ပုဏ္ဏား ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်‌ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ယခင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသော်လည်း ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း လျာထားချက်အရ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါသော်လည်း ပြည်နယ်တိုင်းဒေသကြီးများမှ လျာထားတင်ပြသည့် အခါတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးလျာထား ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဦးကံမြင့် (သရက်)