Law Database | Mail | English Version

အမေး ၊ အဖြေများ

(င)-ဆားလင်းကြီးမြို့နယ်အတွင်းကျောက်မျက်ကျေး ရွာရှိရပ်နားထားသောချင်းတွင်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းကို ရုပ်သိမ်း၍ စိုက်ပျိုးမြေများ အဖြစ် ပြန်လည်ပြုပြင်ပေးပြီးသက်ဆိုင်ရာတောင်သူများသို့ ပြန်လည်ပေးအပ်ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

(င)-ဆားလင်းကြီးမြို့နယ် အတွင်း ကျောက်မျက်ကျေးရွာရှိ ရပ်နားထားသော ချင်းတွင်းလျှပ်စစ် မြစ်ရေတင် စီမံကိန်းကို ရုပ်သိမ်း၍ မူလအတိုင်း စိုက်ပျိုးမြေများ အဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ တောင်သူများသို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

လျှပ်စစ်မြစ်ရေ တင်စီမံကိန်း၏ ရေစုပ်စက်ပိုင်းဆိုင်ရာ အချက်အလက်များကို ဖော်ပြသည့် ဇယားဖြစ်ပါကြောင်း၊ ၃၀ ကျူ့စက် ၇ လုံးနှင့် ၉ ကျူ့စက် ၉ လုံး စုစုပေါင်း ရေစုပ်စက် ၁၆ လုံးပါဝင်ပါကြောင်း၊ ကျူ့စက်ဆိုသည်မှာ 315 Per-second  ပါ စက်မှတစ်စက္ကန့်တွင် ထွက်သည့် ရေထုပမာဏကို ကုဗပေဖြင့်တွက်ပြထားခြင်း နောက်တစ်နည်းဖြစ်သည့် တစ်နာရီကို ရေဂါလံမည်မျှထွက်သည်ကိုလည်း ဖော်ပြပေးလို့ရပါကြောင်း၊ ရေကကုဗပေတစ်ပေတွင် ၆၂.၄ ပေါင်လေးပါကြောင်း၊ ဒါကတော့ မြောင်းပိုင်းဆိုင်ရာ အချက်အလက် ဖြစ်ပါကြောင်း၊ မူလက လယ်ယာမြေများသည် ရေမြာင်းနှင့် မြောင်းပေါင်များဖြစ်သွားကြောင်း၊ ချင်းတွင်းမြစ်ရေတက်သောကြောင့် အနောက်ဘက်ကမ်းမှ ၎င်း ပေါင်များကြောင့် ရေပိုကြီးပြီး ရေဘေးဒုက္ခသည်များ ဖြစ်ကြရပါကြောင်း၊

ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာလည်း မုံရွာမြို့ကြီးရှိပါကြောင်း၊ ၎င်းမြို့ထဲရေမဝင်အောင် အုတ်တံတိုင်းကြီးခတ်နိုင်ပါကြောင်း၊ အုတ်တံတိုင်းကြီးခတ်ထားခြင်းကြောင့် ကားများသွားလာနိုင်ပါကြောင်း၊ ရေကြီးသည့်အခါ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ရောက်သွားပါကြောင်း၊ ချင်းတွင်းမြစ်အနောက် ဘက်ကမ်းမှာလည်း တင်ပြထားသည့်အတိုင်း  ယခုလို ဆည်မြောင်းတာတမံများ လုပ်ကြကြောင်း၊ နောက်တစ်ချက်က ကြေးနီစီမံကိန်းရှိသည့်အတွက် စီမံကိန်းထဲရေမဝင်အောင် ယခုလို မြေပေါင်ကြီးများ လုပ်ရကြောင်း၊ မြေပေါင်လုပ်သည့်အခါတွင် မြောင်းတူးရသောကြောင့် မြောင်းကြီးများလည်းဖြစ်ကြောင်း၊ တချို့နေရာများတွင် အုတ်တံတိုင်းလည်း ခတ်သည်ကို တွေ့ရှိရပါကြောင်း၊ ကျေးရွာများတွင် ရေကြီးသည့်   ဒဏ်ကိုလည်းခံရပါကြောင်း၊ ရေကြီးသည့်အတွက် လယ်မြေများ ပျက်စီးခြင်းကြောင့် ချင်းတွင်းလျှပ်စစ်မြစ်ရေ တင်စီမံကိန်းကိုရုတ်သိမ်း၍ မူလအတိုင်းစိုက်ပျိုးမြေများအဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ တောင်သူများသို့ ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

ချင်းတွင်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းသည် ညောင်ပင်ကြီးလျှပ်စစ် မြစ်ရေတင်စီမံကိန်းဖြစ်ပြီး အဆိုပါစီမံကိန်းကို ၁၉၉၉-၂၀၀၀ ပြည့်‌ ဘဏ္ဍာနှစ်များတွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊  ၂၀၀၁-၀၂ ဘဏ္ဍာနှစ်တွင် ရေပေးဝေမှုကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ စတင်ရေပေးဝေခဲ့သည့် အခြေအနေတွင် စိစစ်ချက်များအရ ဧက ၂၉၃၄ ဧက ၃၀၀၀ နီးပါး ရေပေးနိုင်ရန်အတွက် စိစစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  သို့သော်လည်း ထိုစဉ်ကာလက ဆောင်ရွက်ရမည့် ပဏာမစူးစမ်းလေ့လာမှု လုပ်ငန်းများ၏ အားနည်းချက်ကြောင့်‌ အဆိုပါဧကကို အပြည့်‌အဝပေးနိုင်မည့် အခြေအနေမျိုးမရှိသကဲ့သို့ ပြောင်းလဲလာသည့် သဘာဝများအရ ချင်းတွင်းမြစ်ရေ၏ ဝင်ရောက်မှုနှင့် ဒေသခံတောင်သူများကလည်း ရေမလိုသော၊ ရေလိုအပ်မှုနည်းသည့် ဆောင်းသီးနှံများကိုသာ စိုက်ပျိုးလိုကြသည့်‌အတွက်ကြောင့် စုစုပေါင်းသီနှံစိုက်ဧက ၇၉၀၊ ၈၀၀ ခန့်ကိုသာ အများဆုံးရေပေး စိုက်ပျိုးခဲ့ရပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် စီမံကိန်း၏ ရေသောက် ဧရိယာအတွင်းတွင် ကြက်သွန်၊ ပဲမျိုးစုံစုစုပေါင်း ဧက ၁၀၀၀ ခန့်စိုက်ပျိုးခဲ့ပါကြောင်း၊ ရေပေးဝေမှုအရ ဧက ၅၀၀ ကျော်ကိုသာ ရေပေးဝေခဲ့ရပါကြောင်း၊

အဆိုပါ မြစ်ရေတင်လုပ်ငန်းအနေဖြင့် သီးနှံစိုက်ဧရိယာများအတွက် ရေပေးဝေခြင်းလုပ်ငန်းအပြင် ဒေသတွင်း သောက်သုံးရေအတွက်ကို အထောက်အကူဖြစ်လျက်ရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ ညောင်ပင်ကြီး လျှပ်စစ်မြစ်ရေတင်စီမံကိန်း၏ ရေပေးမြောင်းများမှတစ်ဆင့် ရိုးပင်ရိုး၊ ထန်းတောကြီး၊ ညောင်ပင်ကြီး၊ ရွှေလှေ၊ ပလောင်၊ ဖောင်းကား(အလယ်)၊ ဖောင်းကား(မြောက်)နှင့် ကံကုန်းကျေးရွာ စုစုပေါင်းကျေးရွာ ရှစ်ရွာမှာရှိသည့် လူဦးရေ ၆၀၀၀ ခန့်ကို သောက်သုံးရေ ပေးဝေလျက်ရှိပါကြောင်း၊ ထို့အပြင် မိုးရာသီကာလ ချင်းတွင်းမြစ် ရေတက်ချိန်တွင် လက်တံမြောင်းပေါင်များ ရေနစ်မြုပ်ခြင်း မရှိသည့်အတွက်ကြောင့်‌ အဆိုပါကာလအတွင်း မြောင်းပေါင်များကို ကျေးရွာချင်းဆက်လမ်းသဖွယ် အသုံးပြုလျက်ရှိပါကြောင်း၊

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့်‌ မိုးရွာသွန်းမှုလျော့နည်းခြင်း၊ မိုးခေါင်ခြင်းတို့ ဖြစ်ပေါ်ပြီး သီးနှံစိုက်ပျိုးရေးအတွက်သော်လည်းကောင်း၊ သောက်သုံးရေရှားပါး ပြတ်လပ်မှုကြုံတွေ့လာလျှင် သော်လည်းကောင်း အဆိုပါ အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်မည့် မြစ်ရေတင် စီမံကိန်းအဖြစ် ရှိနေပါကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်ပြီး ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးလျှပ်စစ် မြစ်ရေတင်စီမံကိန်းကို ဆက်လက် ထိန်းသိမ်းထားရှိမည် ဖြစ်ပါကြောင်းနှင့် ဖျက်သိမ်းရန်အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ရှင်းလင်း   ဖြေကြားပါသည်။

ဦးဝင်းသိန်းဇော် (ဆားလင်းကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

Project တစ်ခုဖြစ်သည့် နိုင်ငံတော်ပိုင် စီမံကိန်တစ်ခုသည် ယခုကဲ့သို့နစ်နာဆုံးရှုံးမှု မဖြစ်ရအောင်၊ နစ်နာဆုံးရှုံးမှုဖြစ်သည့် အခါတွင်လည်း ပြန်လည်သိမ်းဆည်းမှုမရှိဘဲ တန်ဖိုးရှိသည့် ပစ္စည်းများ သံချေးတက်ပြီး တကယ့်တစ်ကယ် မော်တာများ လျှပ်စစ်ပစ္စည်းများဆိုလျှင် သံချေးတက်ခြင်းများလည်းရှိကြောင်း၊ ယခုလိုဖြစ်ခြင်းမှာ အားနည်းသည့်အချက်များ ရှိနေမည်ဖြစ်ပါကြောင်း၊ မည်သည့်အရာများမှ အားနည်းနေသည်မှာ အုပ်ချုပ်ရေးယန္တရားအနေဖြင့် လည်ပတ်မှုအား နည်းခြင်းကြောင့်လည်းကောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း တာဝန်၊ ဝတ္တရားများ နားမလည်ခြင်းကြောင့်လည်းကောင်း၊ နောက်တစ်ခါ အထက်နှင့်အောက် တိုင်းနှင့်ပြည်နယ်၊ ပြည်ထောင်စုအဆင့်၊ မြို့နယ်အဆင့်စသည်ဖြင့် အထက်နှင့်အောက် ပြန်လည်ပြီး သတင်းပို့ခြင်းများ Report Back ပြန်လည် သတင်းပို့ခြင်း မရှိကြခြင်းကြောင့်လည်းကောင်း၊ ဒီကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေးမလုပ်ကြခြင်းကြောင့်လည်းကောင်း၊ ၎င်းကိစ္စမျိုးများ လုပ်ရန်လည်း လိုအပ်သည်ဟု ထင်မြင်မိပါကြောင်း၊ အားနည်းတဲ့အချက်များကို ပြုပြင်နိုင်မှသာလျှင် ကျွန်တော်တို့၏ စီမံကိန်း ကြီးတစ်ခုသည် ကလေးကစားသကဲ့သို့ အောင်လဲရပါကြောင်း၊ မအောင်လဲရပါကြောင်း၊ ၎င်းစ္စည်းများသည် နောက်စီမံကိန်းများအတွက် သုံး၍ရပါကြောင်း၊ တန်ဖိုးများကလည်း နှစ်ကြာလာသည့်အတွက် နှစ်ဆတက်လာခြင်း ဖြစ်ပါကြောင်း၊ ၎င်းအတိုင်းသံချေးများတက်ပြီး ပစ်ထားခြင်းတွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ၎င်းကိစ္စလေးကို အာရုံစိုက်ပြီး ထိုက်ထိုက်တန်တန် ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ပြည်သူ့ပစ္စည်းကို ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ပေးစေချင်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ဝန်ကြီးဌာနအနေဖြင့် ယခင်ကာလမှ တင်ပြခဲ့သည့်အတိုင်း စူးစမ်းလေ့လာမှု လုပ်ငန်းများ အားနည်း ချက်ရှိနေသည့်အလျောက် နိုင်ငံတော်အနေဖြင့်လည်း အကန့်အသတ်ရှိသည့် လျှပ်စစ်ဓာတ်အားကြောင့် ဆားလင်းကြီးလျှပ်စစ်မြစ်ရေတင်စီမံကိန်းသည် ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်အောင်  ဆောင်ရွက်နိုင်ခြင်း မရှိသည်ဆိုတာကို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အားနည်းချက်များမှာ လက်ရှိပြောင်းလဲလာသည့် အခြေအနေနှင့် လေ့လာပြီး ဆုံးရှုံးမှုမရှိစေရန် တန်ဖိုးရှိပစ္စည်းများကိုလည်း နိုင်ငံတော်အတွက် ပြန်လည်တန်ဖိုးရှိနိုင်ရန်အတွက် ပြန်လည်စိစစ်ပြီး စီမံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဦးဝင်းသိန်းဇော် (ဆားလင်းကြီး)