Law Database | Mail | English Version

အထူးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း (၁၇) ကြိမ်မြောက် ဒိုဟာဖိုရမ်မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

         ကာတာနိုင်ငံ ၊ ဒိုဟာမြို့တွင် မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၇) ကြိမ်မြောက် ဒိုဟာဖိုရမ်သို့ တက်ရောက်သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့သည်  ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

          ခရီးစဉ်အတွင်း အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကာတာနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီး H.E. Sheikh Mohammed bin Abdulrahman bin Jassim Al-Thani  နှင့် မေလ ၁၃ ရက်၊ ညနေ ၄ နာရီတွင် ဒိုဟာမြို့၊ Sheraton Hotel ၌လည်းကောင်း၊ ကာတာနိုင်ငံ၊ ဥပဒေရေးရာနှင့် ဥပဒေပြုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ H.E. Nasser Serayea Al Kaabi နှင့် မေလ ၁၅ ရက် နေ့လယ် ၁၂ နာရီတွင် Advisory Council ရုံးအဆောက်အဦ၌လည်းကောင်း တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ကာတာနိုင်ငံတွင် ဥပဒေမူကြမ်းကို Council of Minister ကရေးဆွဲကြောင်း၊ လွှတ်တော်သို့ ဥပဒေကြမ်းရောက်ရှိချိန်တွင် ဥပဒေရေးရာနှင့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီက လေ့လာသုံးသပ်ကြောင်း၊ ထို့နောက် Advisory Council က အတည်ပြု ပြဋ္ဌာန်းကြောင်း ကော်မတီဥက္ကဋ္ဌ၏ ရှင်းလင်းပြောကြားမှုအပေါ် အထူးကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်မှု ကို ပြန်လည်ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ အထူးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ် မေလ ၁၇ ရက်