Law Database | Mail | English Version

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၉) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -   

          ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဟာ ဒီနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို (၁၆-၁၁-၂၀၁၆) ရက်နေ့က စတင်ကျင်းပခဲ့တာ ဒီနေ့ဆိုရင် (၁၉) ရက် တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီအစည်းအဝေး ကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း (၁၁၇) ခု မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း (၁၅၄) ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆိုများအနေနဲ့ အရေးကြီးအဆို (၁) ခု အပါအဝင် အဆို စုစုပေါင်း (၁၀) ခု တင်သွင်းနိုင်ခဲ့ပြီး မှတ်တမ်းတင်အဆို (၆) ခု၊ ဆက်လက်ဆွေးနွေးရန် ကျန်ရှိအဆို (၄) ခုတို့ ဖြစ်ပါတယ်။ ဥပဒေကြမ်းများအနေနဲ့ ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း (၅) ခု အပါအဝင် ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း (၁၇) ခုရှိပြီး အတည်ပြုနိုင်ခဲ့တဲ့ ဥပဒေကြမ်း (၇) ခု ဖြစ်ပါတယ်။ ဆက်လက် ဆောင်ရွက်ရန်အတွက် ဥပဒေကြမ်း (၁၀) ခု ကျန်ရှိပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -   

          ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းဝေး ကာလအတွင်း လွှတ်တော်ကော်မတီ (၁၉) ခုရဲ့ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များ၊ သင်တန်းများနဲ့ပတ်သက်ပြီး လွှတ်တော်တွင်း ဆွေးနွေးဆောင်ရွက်ခဲ့မှုများ အနေနဲ့ ပြည်တွင်းဧည့်သည်ဦးရေ (၁၂၅၁) ဦး၊ ပြည်ပဧည့်သည်ဦးရေ (၁၂၁) ဦးတို့ဖြင့် တွေ့ဆုံမှုပေါင်း (၃၆) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးနိုင်ခဲ့မှု အနေနဲ့ ပြည်တွင်းဧည့်သည်ဦးရေ (၃၁၃၁) ဦး၊ ပြည်ပဧည့်သည်ဦးရေ (၃၂၂) ဦးတို့ဖြင့် တွေ့ဆုံမှုပေါင်း (၄၀) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လေ့လာရေးခရီးအပါအဝင် ပြည်ပသို့ သွားရောက်တွေ့ဆုံ ဆွေးနွေးနိုင်မှုအနေနဲ့ (၁၄) ကြိမ်ရှိခဲ့ပြီး  လွှတ်တော်ကိုယ်စားလှယ် (၂၀) ဦးနဲ့ ပြည်ပဧည့်သည် (၇၃၄) ဦးတို့ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -   

          ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများကို ကိုယ်စားလှယ်အားလုံးက တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတဲ့အတွက် အခုလို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်သူ့အတွက် မိမိအပါအဝင် ကိုယ်စားလှယ်များ ဆက်လက်ထမ်းဆောင်ကြရမယ့် တာဝန်တွေ များစွာကျန်ရှိနေပါတယ်။ ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲတွေ မထားရှိဘဲ ပြည်သူ့အကျိုးအတွက် အလေးထား ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ ကိုယ်စားလှယ်များက မေးမြန်းတဲ့ မေးခွန်းတွေ၊ တင်သွင်းတဲ့ အဆိုတွေဟာ စိတ်ကောင်း စေတနာကောင်းနဲ့ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ကြတာ ဆိုပေမယ့် ဥက္ကဋ္ဌအနေနဲ့  တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ဦးစားပေးပြီး  ဆောင်ရွက်ခဲ့ရခြင်းတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော်နှင့် ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရန် ရည်ရွယ်ခြင်းကို နားလည်ပေးကြစေလိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -   

          လွှတ်တော်ရဲ့ အဓိကလုပ်ငန်းတာဝန်ဖြစ်တဲ့ ဥပဒေပြုရေး တာဝန်များ ဆောင်ရွက်တဲ့အခါမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ သတိပြုဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။  လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေများဟာ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း ရှိ၊ မရှိနဲ့ ပြည်သူလူထုက လိုက်နာစောင့်ထိန်းနိုင်ခြင်း ရှိ၊ မရှိတို့ကိုလည်း အလေးအနက်ထား စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ လိုက်နာနိုင်တဲ့ (Law abiding) များဖြစ်မှသာ တရားဥပဒေ စိုးမိုးရေး ရရှိနိုင်မှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးရှိမှသာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေမှာ (Accountability) ဆိုတဲ့ တာဝန်ခံမှု၊ (Responsibility) ဆိုတဲ့ တာဝန်ယူမှုများ ရှိလာမှာ ဖြစ်ပါတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတဲ့ ဒီမိုကရက်တစ် ယဉ်ကျေးမှု ဖော်ဆောင်နိုင်ပြီဆိုမှသာ မိမိတို့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်နိုင်မယ်ဆိုတာ သတိပြု ကြစေလိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -   

          နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ပြည်သူက ရွေးချယ်ထားသော  လွှတ်တော်ကိုယ်စားလှယ်များ ပီသစွာ ပြည်သူ့အကျိုးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြပါ။ အရည်အချင်းပြည့်ဝတဲ့ လွှတ်တော် ကိုယ်စားလှယ်များအဖြစ် တည်ဆောက်ကြပြီး နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို စဉ်ဆက်မပြတ် ကာကွယ်မြှင့်တင် ဆောင်ရွက်ကြပါ။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ထောင်နိုင်အောင် ကြိုးပမ်းအားထုတ်ကြပါ။ ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားပြီး ဒီမိုကရေစီခရီးလမ်းမှာ ဆူးငြောင့်ခလုတ်တွေတွေ့ရင် ဝိုင်းဝန်းဖယ်ရှားကြပါ။ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အဖျက်အမှောက် လုပ်ငန်းများရှိရင် ပူးပေါင်းဖော်ထုတ်ပေးကြပါ။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်လည်း စွမ်းဆောင်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်ပါတယ်။ ဆက်လက်ကျင်းပမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာ ရွှင်လန်းတက်ကြွစွာဖြင့် ပြန်လည်ဆုံတွေ့နိုင်ကြပါစေ၊ မကြာမီရောက်ရှိတော့မယ့် နှစ်သစ်အခါသမယမှာလည်း အားလုံး ကျန်းမာချမ်းသာပါစေ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

News

27/06/2017

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် သြစတြေးလျနိုင်ငံ ပါလီမန်အမတ်များအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

27/06/2017

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ဥရောပ-အာရှနိုင်ငံများ၏ လွှတ်တော် ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

27/06/2017

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် သြစတြေးလျနိုင်ငံ ပါလီမန်အမတ်များအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေ

27/06/2017

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ဥရောပ-အာရှနိုင်ငံများ၏ လွှတ်တော် ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ကိုယ

26/06/2017

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Zeya & Associates Co.,Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8)

Pages