Law Database | Mail | English Version

၂၀၀၈ ခုနှစ် ဖွဲ့စည်ပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အရေးကြီးအဆိုတစ်ရပ် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခြင်း

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးသိန်းဇော်(မြစ်ကြီးနားမဲဆန္ဒနယ်) က သူရဦးအေးမြင့်(ဝက်လက်မဲဆန္ဒနယ်)၏ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အဆို” ကို ထောက်ခံဆွေးနွေး၍ ဥက္ကဋ္ဌမှ ဖြည့်စွက်ပြောကြားပြီး အတည်ပြုရာတွင်-
 
 ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဥပဒေများ၏ အခြေခံအကျဆုံးဖြစ်၏ အခြေခံဥပဒေများကို ယင်းဥပဒေများ၏ သမိုင်းကြောင်းအခြေအနေများနှင့် ထင်ဟပ်ရေးဆွဲကျင့်သုံးနေကြပါကြောင်း၊ နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရန်၊ စောင့်ရှောက်ကာကွယ်ရန်၊ စည်းလုံးညီညွတ်စွာနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်နိုင်ရန်၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့် အဝရရှိရန် ရည်ရွယ်ချက်များစွာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာသုံးရပ်ကို ကျင့်သုံးဆောင်ရွက်နေကြတာဖြစ်ပါကြောင်း၊ အခြားနိုင်ငံများ၏ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လေ့လာကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း(၁၁)ခန်း၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံတွင် အခန်း(၁၂)ခန်း၊ အိန္ဒိယနိုင်ငံတွင် အခန်း(၂၂)ခန်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် အခန်း(၄)ခန်း၊ မလေးရှားနိုင်ငံမှာ အခန်း(၆) ခန်း၊ စင်ကာပူသမ္မတနိုင်ငံတွင် အခန်း(၇) ခန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် အခန်း(၁၆) ခန်းစသည့်ဖြင့် မိမိတို့နိုင်ငံအလိုက် သမိုင်းနောက်ခံ အကြောင်းအရာများကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲခဲ့ကြတာတွေ့ရမှာဖြစ်ပါကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင်လည်း ခေတ်စနစ်အပြောင်းအလဲများအပေါ် အခြေခံ၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၇၁ ဦးနှင့်ရေးဆွဲပြီး ၂၄-၉-၁၉၄၇ ရက်နေ့ ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖွဲ့ဝင် ၉၇ ဦးနှင့်ရေးဆွဲပြီး ၃-၁-၁၉၇၄ ရက်နေ့၊ အလားတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖွဲ့ဝင် ၅၄ ဦးနှင့်ရေးဆွဲပြီး ၂၉-၅-၂၀၀၈ ရက်နေ့များတို့တွင် အတည်ပြုခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုကို လေ့လာရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ ကရင်တိုင်းရင်းသားခေါင်းဆောင် မန်းဘခိုင်၊ ကချင်တိုင်းရင်းသား ခေါင်းဆောင်ဆမားဒူးဝါးဆင်ဝါးနောင်စသည့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင် သော ပြည်ထောင်စုနှင့် ပြည်နယ်ဆပ်ကော်မတီများ အကြိမ်ကြိမ်ဆွေးနွေးခဲ့၍ သဘောတူရေးဆွဲခဲ့ခြင်းကို တွေ့ရပါကြောင်း၊ ၎င်းအပြင်တစ်နှစ်အတွင်း လွတ်လပ်ရေးရရန် တက်သုတ်ရိုက်ရေးဆွဲခဲ့ကြရာတွင် အစမှ အဆုံးအထိ ၁၀၈ ရက် ကြာမြင့်ခဲ့ကြောင်းကို လေ့လာသိရှိရပါကြောင်း၊ ပထမမူကြမ်းဥပဒေအကြံပေး ဖြစ်သူ ဦးချန်ထွန်းက အိန္ဒိယနိုင်ငံတွင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး တစ်ကြိမ်တည်းတွင်ပင် ဖဆပလအဖွဲ့ချုပ် ပဏာမညီလာခံမှ တာဝန်ပေးခဲ့သည့် ၁၁၁ ဦးကော်မတီကလည်း မူကြမ်းတစ်ခုရေးဆွဲခဲ့ပါကြောင်း၊ ၎င်းမူကြမ်း ၂ ခုပေါင်းစပ်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ အခြေခံဥပဒေနှင့်အညီ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ရာတွင် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ပျက်ပြယ်သွားခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာရာ လမ်းစဉ်ပါတီခေတ်တွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ အတည်ပြုခဲ့သောကြောင့် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် မဲဆန္ဒရှင်ပေါင်း ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲနှင့် ပြဋ္ဌာန်းကျင့်သုံးခဲ့ခြင်းကို တွေ့ရှိရပါကြောင်း၊ ၎င်းအခြေခံဥပဒေသည် ဆိုရှယ်လစ်စနစ်ကျင့်သုံးသော တစ်ပါတီစနစ်အားနည်းချက် ကြောင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပျက်ပြယ်ခဲ့ရပြန်ပါကြောင်း၊  လက်ရှိကျင့်သုံး လျက်ရှိသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာရာတွင် အနာဂတ်နိုင်ငံတော်အတွက် ရေရှည်အကျိုးရှိပြီး ခိုင်မာသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မရှိမဖြစ်လိုအပ်သည့်အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၃ ခုနှစ်ကစပြီး အမျိုးသားညီလာခံခေါ်ယူကျင်းပခဲ့ခြင်း ဖြစ်ပြီး အစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၇၀၂ ဦးတက်ရောက်ခဲ့၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးစသည့် ရှုထောင့်မျိုးစုံမှ အသိဉာဏ်ပညာ အတွေ့အကြုံကြွယ်ဝသော ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပါကြောင်း၊ ၁၉-၅-၂၀၀၇ ရက်နေ့တွင် အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်ကို အဖွဲ့ဝင် ၅၄ ဦးနှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ တွင် ၁၀-၅-၂၀၀၈ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ၂၉-၅-၂၀၀၈ ရက်နေ့တွင် ပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းထောက်ခံမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရအရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသော အမျိုးသားရေးမူဝါဒ မဏ္ဍိုင်ကို အခြေပြုရေးဆွဲထားကြောင်းကို   တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ဖော်ပြပါအခြေခံဥပဒေ ၃ ခုကို လေ့လာရာတွင် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် အချုပ်အခြာအာဏာပိုင်မှုနှင့် လွတ်လပ်ရေးကို ဦးစားပေးထား ခြင်းဖြစ်ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဆိုရှယ်လစ် စနစ်ကိုဦးစားပေးထားခြင်းဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ အချုပ်အခြာအာဏာပိုင်မှုနှင့် လွတ်လပ်ရေးကို ဦးစားပေးထား သည့်အပြင် ပြည်သူများနှင့် ပြည်ထောင်စုအရေးကို ဦးထိပ်ပန်ဆင်ထားသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ အာဏာခွဲဝေကျင့်‌သုံးမှုတွင် ၁၉၄၇ ခုနှစ် အ‌ခြေခံဥပဒေက မဲအများဆုံးရပါတီကို အာဏာ ၃ ရပ် ပေးအပ် ထားပြီး ၁၉၇၄ ခုနှစ် အ‌ခြေခံဥပဒေက တစ်ပါတီလက်ထဲကို ဝ ကွက်အပ်ထားခဲ့ပါကြောင်း၊ ၂၀၀၈ ခုနှစ် အ‌ခြေခံဥပဒေတွင်မူ အာဏာ ၃ ရပ်ကို ပြည်ထောင်စုလွှတ်တော်၊   ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ကို ပိုင်းခြားတာဝန်ပေးပြီး အပြန်အလှန်ထိန်းကျောင်းပေးသည့် စနစ်နှင့် ဒီမိုကရေစီပိုင်ခွင့်အပြည့်အဝပေးထားသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ အ‌ခြေခံဥပဒေဆိုရာတွင် နိုင်ငံ တော်၏ အ‌ခြေခံသဘောထား၊ သဘောတရားများနှင့် နိုင်ငံတော်အာဏာကို ခွဲဝေသုံးစွဲရန် အဖွဲ့အစည်း များတည်ထောင်ပုံ၊ ဆက်သွယ်ပုံစသည်များကို ဥပဒေစကားလုံးများနှင့် ရုပ်လုံးဖော်ဖွဲ့ဆိုထားခြင်းဖြစ်ပြီး စကားလုံးများထက် သဘောထား၊ သဘောတရားများနှင့် အဖွဲ့အစည်းများ၏ စေတနာ၊ ပူးပေါင်း ဆောင်ရွက်မှုများမှာ ပို၍အနှစ်သာရရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေအနှစ်သာရအရ ပါတီစုံဒီမိုကရေစီစနစ်ကို စစ်မှန်စွာနှင့် စည်းကမ်းပြည့်ဝစွာကျင့်‌သုံးနိုင်စေရန်  ဖော်ဆောင်ပေးထားခြင်းဖြစ်ပြီး နိုင်ငံသားတိုင်းအတွက် အနာဂတ်အရေး ထာဝစဉ်စိတ်အေးရမည့် ဖော်ဆောင်မှု ဖြစ်ပါကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့စဉ်ကကဲ့သို့ နိုင်ငံရေးပါတီများ အာဏာရယူလိုမှု ပြဿနာမျိုး၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ တစ်ပါတီစနစ်ကျင့်သုံးစဉ်ကကဲ့သို့ ပါတီတစ်ခုတည်း၏ အာဏာချုပ်ကိုင်မှု ပြဿနာမျိုး လုံးဝမပေါ်ပေါက် စေရေးဖော်ဆောင်ပေးထားကြောင်းလည်း လေ့လာတွေ့ရှိရမှာဖြစ်ပြီးဥပဒေတစ်ရပ်သည် အမြဲခိုင်မာ ပြည့်စုံ မှန်ကန်နေရန် မဖြစ်နိုင်ကြောင်း၊ အခြေအနေအချိန်အခါပေါ်မူတည်၍ မဆီလျော်၊ လက်ရှိ အခြေအနေနှင့် မကိုက်ညီတော့သော ဥပဒေအချက်အလက်များ ရှိနေပါမှာဖြစ်ပါကြောင်း၊ အလားတူ ဥပဒေတစ်ရပ်သည် မည်သို့ပင် ပြည့်စုံသည်ဆိုစေကာမူ အချိန်ကာလအပြောင်းအလဲကြောင့်   ပြည်တွင်း ပြည်ပ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအစရှိသည့် အရေးအရာအမျိုးမျိုးကြောင့် ခေတ်အခြေအနေနှင့် အံဝင်ခွင်ကျမဖြစ်မှု၊ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ချက်များ ပေါ်ပေါက်လာမှာ ဓမ္မတာဖြစ်ပါကြောင်း၊ ယခုအချိန်တွင်အ‌ခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေရှိသော ပြင်ဆင်မှုများကို   ညှိနှိုင်းသုံးသပ် ဆောင်ရွက်သွားကြရန်မှာ မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်လည်း အလားတူအ‌ခြေအနေ အကြောင်းအမျိုးမျိုးကြောင့်   ပြန်လည် လေ့လာသုံးသပ်ပြီး လက်ရှိအ‌ခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်မှုများ လုပ်ခဲ့ကြရသည်ကို တွေ့ရမှာ ဖြစ်ပါကြောင်း၊ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေသည်လည်း ရေးဆွဲခဲ့စဉ်က အနာဂတ်နိုင်ငံတော် အတွက် စေတနာအပြည့်နှင့် အဖက်ဖက်က ပြည့်စုံအောင် ရေးဆွဲခဲ့သည် မှန်သော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန် မြင့်မားမှုကြောင့် ခေတ်ကာလအခြေအနေအချိန်အခါနှင့် အံဝင်ဂွင်ကျမဖြစ်၊ လိုက်လျော ညီထွေမှုမဖြစ်တော့သော ဥပဒေအချက်အလက်များ ရှိကောင်းရှိနေမှာဖြစ်ပါကြောင်း၊ ၎င်းအချက်များကို အခြေအနေအချိန်အခါနှင့် အံဝင်ဂွင်ကျ၊ လိုက်လျောညီထွေဖြစ်ရန် ပြန်လည်လေ့လာ သုံးသပ်ရန်လိုပြီဟု အခိုင်အမာယူဆမိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ တွင်လည်း လေ့လာ သုံးသပ်နိုင်ရန်နည်းလမ်းများ ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း လေ့လာသုံးသပ်ရာမှာတွင် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းလိုရာဆွဲ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသောကြောင့် သင့်‌တော် သော ဥပဒေပညာရှင်များ၊  အသိဉာဏ်ပညာ ပြည့်ဝသူများ၊ အတွေ့အကြုံရင့်ကျက်သူများနှင့်   ကော်မတီ၊ ကော်မရှင်များအဖြစ်ဖွဲ့စည်း ဆောင်ရွက်သင့်‌ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုး ကာကွယ် စောင့်ရှောက်မည့် အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေမျိုးဖြစ်စေရန် ကော်မတီ၊ ကော်မရှင်များမှ အဖက်ဖက်က လေ့လာသုံးသပ် ဆောင်ရွက်သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းပါကြောင်းအဆိုကို အလေးအနက် တင်သွင်းအပ်ပါကြောင်းဖြင့် တင်သွင်းခဲ့ပါသည်။
 
ဦးသိန်းဇော်(မြစ်ကြီးနားမဲဆန္ဒနယ်) က သူရဦးအေးမြင့်(ဝက်လက်မဲဆန္ဒနယ်)၏ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အဆို” ကို ထောက်ခံဆွေးနွေးရာတွင်-
 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုလူတန်းစားပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ အသိပညာရှင်၊ အတတ်ပညာရှင်များစွာဖြင့် အချိန်ယူရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးနိုင်ခွင့်ရှိသူ၏ ၉၈.၁၂ ရာခိုင်နှုန်းမဲပေးပြီး ထောက်ခံမှု ၉၂.၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တည်းဟူသော ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲခံယူကျင့်သုံးသွားကြမည်ဆိုသည့် သံန္နိဋ္ဌာန်များချမှတ်၍လည်းကောင်း၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများထွန်းကားစေရန် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေး တည်တံ့ခိုင်မြဲစေရန် အစဉ်မပြတ်ထိန်းသိမ်း ဆောင်ရွက်သွားကြမည်ဟု သံန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊ နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုနှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ် စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်သွားကြမည်ဟု သံန္နိဋ္ဌာန်ချမှတ် ၍လည်းကောင်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးကို ရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းရန် အစဉ်ကြိုးပမ်းကြမည်ဟု သံန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း ပြည်သူအများမှ တစ်ခဲနက် ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ခက်မသုံးဖြာ၊ အာဏာ ၃ ရပ်ကို ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းကျောင်းနိုင်ရန်   ဆောင်ရွက်ထားသည်ကို တွေ့ရှိရမှာဖြစ်ပြီး ဥပဒေပြုရေးကဏ္ဍတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်စသည့် နိုင်ငံတော်ရေးရာများကို ဥပဒေပြုခြင်း၊ ထိန်းကျောင်းခြင်းများဆောင်ရွက်နိုင်ရန် သတ်မှတ်ဖွဲ့စည်းထားသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များဖွဲ့စည်း၍ ဥပဒေပြုနိုင်ရန်များ ပါရှိပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းတွင် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဟူ၍ ခွဲခြား၍ ကဏ္ဍအလိုက် အုပ်ချုပ်ရေးကိုဆောင်ရွက်ထားရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ တရားစီရင်ရေးတွင်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရတည် ဆောက်ထားသော တရားရုံးများ၊ စစ်ဘက်တရားရုံးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စသည်ဖြင့် တရားရုံးများဖွဲ့စည်းပြီး တရားစီရင်ရေးကဏ္ဍကို ဆောင်ရွက်ထားရှိပါကြောင်း၊ မည်သည့်ဥပဒေ မဆို အချိန်ကာလများရွှေ့‌ပြောင်းသွားသည်နှင့်အမျှ ထိုကာလများနှင့်‌ လိုက်လျောညီထွေစွာ   ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်သွားကြ ရမည်ဖြစ်ပြီး ယခု မြန်မာနိုင်ငံတော်သည် ဒီမိုကရေစီလမ်းကြောင်းဖြင့် ချီတက်လာသည်မှာ ၂ နှစ်ကျော်ကာလ ရှိနေပြီဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဖြတ်သန်းရသော ကာလတွင် အတွေ့အကြုံများနှင့် ရင်ဆိုင်တွေ့ကြုံနေရသော အခြေအနေများအရ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး အရှိန်အဟုန်ဖြင့် တည်ဆောက်နိုင်ရေးအတွက်လည်းကောင်း၊ တိုင်းရင်းသား များ၏ အခန်းကဏ္ဍများ ပိုမိုပီပြင်စွာဖြင့် နိုင်ငံတော်အတွင်း စည်းလုံးမှုကျစ်လျစ်ခိုင်မာစွာ တည်ဆောက်   နိုင်ရန်အတွက်လည်းကောင်း၊အုပ်ချုပ်ရေးယန္တယားများပိုမိုပီပြင်စွာဖြစ်ပေါ်လာရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ခိုင်မာသော တရားစီရင်ရေးစနစ်များ ပိုမိုဖြစ်ထွန်းပေါ်ပေါက်လာစေရေးတို့အတွက် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်ကာလနှင့် လျော်ညီစွာ ပိုမိုပီပြင်ခိုင်မာလာစေရေးကို သတ်မှတ်ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ ဆောင်ရွက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့် တင်သွင်းသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး   ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ အနေနှင့် လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမဲဆန္ဒနယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနှင့်လည်းကောင်း လေးလေးနက်နက်ထောက်ခံအပ် ပါကြောင်းဖြင့် ထောက်ခံဆွေးနွေးခဲ့ပါသည်။
 
သူရဦးအေးမြင့်(ဝက်လက်မဲဆန္ဒနယ်)၏ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး   ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အဆို” တင်သွင်းခြင်းနှင့် ပတ်သတ်၍ ဖြည့်စွက်ပြောကြားရာတွင်-
 
သူရဦးအေးမြင့်တင်သွင်းသွားသော အဆိုကို ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးသွားပြီး ဤအဆိုသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်တို့နှင့် တိုက်ရိုက်သက်ဆိုင်နေပါကြောင်း၊ မိမိတို့ ပြည်သူ့လွှတ်တော်တွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို  ဖွဲ့စည်းထားရှိပြီး ၎င်းကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များအဖြစ် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ မဟုတ်သော သံအမတ်ဟောင်းများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာတို့တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သူများ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သိပ္ပံနည်းပညာ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်း ထားရှိပါကြောင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ခုနှစ် စာမျက်နှာ ၂ တွင်ပါရှိသော ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များလည်း သတ်မှတ်ထားခဲ့ပြီး ယင်းတို့အနက် စာပိုဒ် ၅ တွင် ကော်မရှင်သည် တည်ဆဲဥပဒေများအား   လေ့လာသုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ် ပြဋ္ဌာန်းရေးတို့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့တင်ပြရမည်ဟု ပြဋ္ဌာန်းပေးခဲ့ပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း တည်ဆဲဥပဒေတစ်ရပ်ဖြစ်ပြီး အဆိုရှင်နှင့် ထောက်ခံ ဆွေးနွေးသူတို့၏ ဆွေးနွေးချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား အစဉ်လေ့လာသုံးသပ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက်နှင့် လက်ရှိဖြစ်ပေါ်တိုးတက်နေသော ပြည်တွင်းပြည်ပ အခြေအနေများအပေါ်တွင် လည်းကောင်း နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားအားအခါအားလျော်စွာ ပြင်ဆင်မှုပြုနိုင်ရန်အတွက် ကော်မရှင်တစ်ရပ် သို့မဟုတ် အဖွဲ့ကို တိုင်းရင်းသား ကိုယ်စားလှယ်များအပါအဝင် ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ်များပါဝင်၍ သင့်‌တော်သလို ဖွဲ့စည်းသွားရေးကို လွှတ်တော်မှလည်း စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်မည်ဟု ဥက္ကဋ္ဌအနေဖြင့် ယူဆကြောင်းကို လွှတ်တော်သို့ တင်ပြပါကြောင်း၊ သို့ရာတွင် လွှတ်တော်၏အဆုံးအဖြတ်ကိုလည်းရယူမှာ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝက်လက်မဲဆန္ဒနယ်မှ သူရဦးအေးမြင့် တင်သွင်းသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ   လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး   ပြည်သူ့လွှတ်တော်နှင့်   ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို   ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်မှာဖြစ်ကြောင်း   ပြောဆိုပြီး ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စု လွှတ်တော် နာယကထံသို့ သဝဏ်လွှာပေးပို့ ဆောင်ရွက်သွားမည်ကို အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားမေးခွန်းကို သုံးကြိမ်တိုင်တိုင်မေးမြန်း အတည်ပြုခဲ့ပါသည်။

News

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) နှင့် U

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.

19/09/2017

       ပြည်သူ့လွှတ်တော်ရုံးမှ ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသော “အမတ်တွေကျပ်သိန်း ၁၃၀ နဲ့ BMW ကား စီးနိုင်တော့မှာလား” သတင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၁၉  ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။

Pages