Law Database | Mail | English Version

တောင်ကိုးရီးယားနိုင်ငံလွှတ်တော်

အကျဉ်းချုပ်
    ဤစာတမ်းတိုတွင် တောင်ကိုးရီးယားနိုင်ငံလွှတ်တော်နှင့်စပ်လျဉ်းသော အချက်အလက် များကို ပြုစုတင်ပြထား ပါသည်။ တောင်ကိုးရီးယားနိုင်ငံလွှတ်တော်သည် တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တည်ရှိပြီး လွှတ်တော်တစ်ရပ်သာရှိ၍ National Assembly ဟုခေါ်ပါသည်။ တိုက်ရိုက်ရွေးကောက်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် ၂၄၆ ဦးနှင့် အချိုးကျ  လွှတ်တော် ကိုယ်စားလှယ် ၅၄ ဦး စုစုပေါင်းကိုယ်စားလှယ် ၃၀၀ ဦးဖြင့် လွှတ်တော်ကိုဖွဲ့စည်းထားပါသည်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၄၉ ဦး ပါဝင်ပြီး ၁၆.၃၃ ရာခိုင်နှုန်းဖြစ်ပါသည်။ နောက်ဆုံးအထွေထွေရွေးကောက်ပွဲကို ၁၁-၄-၂၀၁၂ ရက် နေ့က ကျင်းပခဲ့ပါသည်။ လွှတ်တော်၏ သက်တမ်းသည် ၄ နှစ် ဖြစ်ပါသည်။
တောင်ကိုးရီးယားနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇-၇-၁၉၄၈ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၂၉-၁၀-၁၉၈၇ ရက်နေ့တွင် နောက်ဆုံးပြင်ဆင်ခဲ့ပါသည်။ တောင်ကိုးရီးယားနိုင်ငံ လွှတ်တော်သည် အောက်ပါကောင်းမွန်သောအချက်များအား ညွှန်ပြနေကြောင်း တွေ့ရှိရပါသည်-
-    နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အချင်းချင်း လွှတ်တော်လုပ်ငန်းစဉ်များ ပိုမိုကောင်း မွန်ရန် ညှိနှိုင်းဆောင်ရွက်နိုင်ရေး အတွက် စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိခြင်း၊
-    လွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သောကော်မတီမှ အရေးကြီးသောဥပဒေကြမ်း များကို စေ့စပ်ညှိနှိုင်းရေး အဖွဲ့များ ၏ အတည်ပြုချက်ဖြင့် ဆွေးနွေးစဉ်းစားနိုင်ခြင်း၊    
-    ကော်မတီများတွင် အကြောင်းကိစ္စရပ်များ သေချာစိစစ်နိုင်ရန်အတွက် ကော်မတီခွဲ ၃ ခုထိ ဖွဲ့စည်းထားနိုင်ခြင်း။


နိဒါန်း

 

၁။    OECD အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်၍ အာရှတိုက်၏ချမ်းသာကြွယ်ဝသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ လွှတ်တော်၏ ဖွဲ့စည်းဆောင်ရွက်ပုံများကို နိုင်ငံတကာလွှတ်တော် များအားလေ့လာလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအား အထောက်အကူဖြစ်စေရန်အတွက် ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

 

တောင်ကိုးရီးယားနိုင်ငံလွှတ်တော်သမိုင်း
၂။    တောင်ကိုးရီးယားနိုင်ငံသည် ၁၅-၈-၁၉၄၅ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့ပါသည်။    ၁၂-၁၂-၁၉၄၆  ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံ၏ဥပဒေပြုကောင်စီ တစ်ခုဖြစ်သော  South Chosun  Provisional Legislative Council မှ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံ၏အခြေခံ အုတ်မြစ်ဖြစ်သော လွှတ်တော်ရွေးကောက်ပွဲဥပဒေကိုရေးဆွဲရန် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ၃၁-၅-၁၉၄၈ ရက်နေ့တွင် ဆိုးလ်မြို့ရှိမြို့တော်ခန်းမတွင် ဥပဒေပြုလွှတ်တော်ကို စတင်ကျင်းပခဲ့ ပါသည်။  ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တစ်ရပ်သည် ကိုယ်စားလှယ်ဦးရေ အနည်းဆုံး ၂၀၀ ဦးပါဝင်ရပါသည်။ ၁၉၈၈ ခုနှစ် ဧပြီလ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ဦးရေ ၂၉၉ ဦးရှိပြီး မဲဆန္ဒနယ်တစ်ခုစီမှ တိုက်ရိုက်တင်မြှောက်သူ ၂၂၄ ဦးရှိပြီး နိုင်ငံရေးပါတီအသီးသီးမှ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသူ ၇၅ ဦးရှိပါသည်။   ၁၁-၄-၂၀၁၂   ရက်နေ့ကကျင်းပခဲ့သော ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲဥပဒေအရ ယခင်ကိုယ်စားလှယ် ဦးရေ ၂၉၉ ဦးမှ ၃၀၀ ဦးအထိ ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။   ၄ ကြိမ်မြောက်သမ္မတနိုင်ငံ (၁၉၇၂ ခုနှစ် မှ ၁၉၈၀ ခုနှစ်အထိ) နှင့် ၅ ကြိမ်မြောက်သမ္မတနိုင်ငံ (၁၉၈၀ ခုနှစ် မှ ၁၉၈၇ ခုနှစ်အထိ) များတွင် အာဏာရှင်စနစ်အားပြောင်းလဲခဲ့ပြီးနောက် ၆ ကြိမ်မြောက်သမ္မတနိုင်ငံ၌ သမ္မတက လွှတ်တော်အားပယ်ဖျက်ရန် ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း သိရှိရပါသည်။  

တောင်ကိုးရီးယားနိုင်ငံလွှတ်တော်(National Assembly)
၃။    တောင်ကိုးရီးယားနိုင်ငံလွှတ်တော်သည် တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင်တည်ရှိပြီး  လွှတ်တော်တစ်ရပ်သာရှိ၍ National Assembly ဟုခေါ်ပါသည်။ နောက်ဆုံးအထွေထွေ ရွေးကောက်ပွဲကို ၁၁-၄-၂၀၁၂  ရက်နေ့က ကျင်းပခဲ့ပါသည်။ လွှတ်တော်၏ သက်တမ်းမှာ ၄ နှစ် ဖြစ်ပါသည်။ တောင်ကိုးရီးယားနိုင်ငံလွှတ်တော်၏ ဖွဲ့စည်းဆောင်ရွက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)    ရွေးကောက်တင်မြှောက်ခြင်း။      တိုက်ရိုက်ရွေးကောက်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် ၂၄၆ ဦးနှင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် ၅၄ ဦး၊ စုစုပေါင်းကိုယ်စားလှယ် ၃၀၀ ဦးဖြင့် ဖွဲ့စည်းထား ပါသည်။ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၄၉ ဦး ပါဝင်ပြီး ၁၆.၃၃ ရာခိုင်နှုန်း ဖြစ်ပါသည်။     
(ခ)    ဖွဲ့စည်းတည်ဆောက်ပုံ။    တောင်ကိုရီးယားနိုင်ငံလွှတ်တော်၏ ဖွဲ့စည်းတည် ဆောက်ပုံ မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(ဂ)    တောင်ကိုးရီးယားလွှတ်တော်တွင် ပါဝင်သောပါတီများနှင့် ကိုယ်စားလှယ်အရေ အတွက်။    တောင်ကိုးရီးယား လွှတ်တော်တွင်ပါဝင်သော ပါတီများနှင့် ပါတီများ၏ ကိုယ်စားလှယ်ပါဝင်မှု အရေအတွက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

No

Political Party

Majority

PR

Total  

1

Saenuri Party (New Frontier Party)

127

25

152

2

Democratic United Party (DUP)

106

21

127

3

United Progressive

7

6

13

4

Liberty Forward Party (LFP)

3

2

5

5

Independents

3

0

3

6

Total

246

54

300

 
 I

 

 

 

 

 

 

 

 

 

ဥပဒေပြုရေးအာဏာ
၎။    ဥပဒေပြုရေးအာဏာအား လွှတ်တော်သို့ တရားဝင်အပ်နှင်းထားကြောင်းသိရှိရပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ
၅။    တောင်ကိုးရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇-၇-၁၉၄၈ ရက်နေ့တွင် အတည် ပြုပြဋ္ဌာန်းခဲ့ပြီး ၂၉-၁၀-၁၉၈၇ ရက်နေ့တွင် နောက်ဆုံးပြင်ဆင်ခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၉ ကြိမ်ပြင်ဆင်ခဲ့ပြီး ၁၉၆၀၊ ၁၉၆၂၊ ၁၉၇၂၊ ၁၉၈၀၊ ၁၉၈၇ ခုနှစ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးနီးပါးကို ပြောင်းလဲပြင်ဆင်ရေးဆွဲခဲ့ပါသည်။  တောင်ကိုးရီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ တွင် အခန်းပေါင်း ၁၀ ခန်းနှင့် ပြဋ္ဌာန်းချက်အပိုဒ် ၁၃၀ ပိုဒ် ပါဝင်ပါသည်။ အခန်း ၁ တွင် အထွေထွေပြဋ္ဌာန်းချက်များ၊ အခန်း ၂ တွင် နိုင်ငံသားများ၏အခွင့်အရေးများနှင့်တာဝန်များ၊ အခန်း ၃ တွင် တောင်ကိုးရီးယားနိုင်ငံလွှတ်တော်၊ အခန်း ၄ တွင် အစိုးရအဖွဲ့၊ အခန်း ၅ တွင် တရားစီရင်ရေး၊ အခန်း ၆ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီသော တရားစီရင်ရေး၊ အခန်း ၇ တွင် ရွေးကောက်ပွဲ စီမံခန့်ခွဲခြင်း၊ အခန်း ၈ တွင် ဒေသဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်ရေး၊ အခန်း ၉ တွင် စီးပွားရေး၊ အခန်း ၁၀ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်များဟူ၍ ဖော်ပြ ပါရှိပါသည်။

တောင်ကိုးရီးယားနိုင်ငံ၏ဥပဒေပြုပုံအဆင့်ဆင့်
၆။    ဥပဒေကြမ်းများကို ပုံမှန်အားဖြင့် ဗဟိုအုပ်ချုပ်ရေးအဖွဲ့အစည်းမှရေးဆွဲရပြီး ယင်းဥပဒေ ကြမ်းများသည် ဝန်ကြီးဌာန ၂ ခုထက်ပို၍သက်ဆိုင်နေပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ရေးဆွဲရပါသည်။ ဥပဒေကြမ်းရေးဆွဲပြီးသည့်နောက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်အသေးစိတ်ဆွေးနွေးရပါသည်။ လိုအပ်လျှင် ယင်းဥပဒေကြမ်းကို အစိုးရအဖွဲ့အာဏာရပါတီ နှင့်အတိုက်အခံပါတီများအကြား ပေါင်းစပ်ညှိနှိုင်းမှုပြုလုပ်ရပါသည်။
၇။    ပြည်သူလူထု၏သုံးသပ်ချက်များကိုရယူနိုင်ရန် ယင်းဥပဒေကြမ်းကို ရက်ပေါင်း ၂၀ ထက် မနည်းကြိုတင်၍ ဖြန့်ဝေရပါသည်။ အကယ်၍ ပြည်သူလူထုထံမှသုံးသပ်ချက်များရှိလျှင် ၎င်းတို့ ၏အမြင်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ သို့ရာတွင် အချို့သောအထူးဥပဒေများ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ကြိုတင်ဖြန့်ဝေခြင်းပြုလုပ်ရန်မလိုပါ။ ဥပဒေကြမ်းတွင် ပြည်သူ လူထု၏ အခွင့်အရေးများကိုကန့်သတ်ထားခြင်း၊ အစိုးရ သို့မဟုတ် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ၎င်းတို့၏အခွင့်အာဏာများကိုအသုံးပြု၍ နိုင်ငံသားများ၏ရပိုင်ခွင့်များကို ကန့်သတ်ရေးဆွဲထားခြင်း ရှိ မရှိကို စည်းမျဉ်းများ ပြုပြင်ရေးကော်မတီ(Regulatory Reform Committee) မှ စစ်ဆေးရပါသည်။
၈။     ထို့နောက် ဥပဒေပြုရေးဝန်ကြီးဌာနသည် ဥပဒေစကားရပ်ဆိုင်ရာဝေါဟာရများနှင့် အချက် အလက်များကို အသေးစိတ်စစ်ဆေးရပါသည်။ ထို့ပြင် ၎င်းဝေါဟာရအသုံးအနှုန်းများသည် နိုင်ငံ တော်၏မျှော်မှန်းချက်ကိစ္စရပ်များနှင့်ကိုက်ညီမှု ရှိ မရှိ၊ လက်တွေ့လုပ်ဆောင်နိုင်သည့် အနေအ ထား ရှိ မရှိ၊ အထူးအက်ဥပဒေများ၊ နည်းဥပဒေများနှင့်လိုက်လျောညီထွေမှု ရှိ မရှိ စစ်ဆေးရပါ သည်။ ဥပဒေကြမ်း၏အဓိကအချက်များကို နိုင်ငံတော်ကောင်စီအစည်းအဝေးတွင် ဆွေးနွေးနိုင် ရန် ဒုတိယဝန်ကြီးအစည်းအဝေးတွင် ကြိုတင်ဆွေးနွေးရပါသည်။ သို့သော်အရေးပေါ်အခြေအနေ တွင် မည်သည့်ဥပဒေကြမ်းမဆို ဒုတိယဝန်ကြီးအစည်းအဝေးတွင်မဆွေးနွေးဘဲ နိုင်ငံတော် ကောင်စီအစည်းအဝေးတွင် တိုက်ရိုက်ဆွေးနွေးပါသည်။
၉။    ဥပဒေကြမ်းများကိုဆွေးနွေးရန် အမြင့်ဆုံးနေရာတစ်ခုဖြစ်သော နိုင်ငံတော်ကောင်စီသည်  မူဝါဒချမှတ်ရေးတွင် အမြင့်ဆုံးဖြစ်သည်နှင့်အညီ ဝန်ကြီးဌာနများ၏ ဥပဒေပြုရခြင်းအကြောင်း နှင့်ပတ်သက်သောကိစ္စရပ်များကို ကြားနာ၍ ရှင်းလင်းဆုံးဖြတ်ပေးပါသည်။ နိုင်ငံတော်ကောင်စီ မှ သုံးသပ်ပြီးသောဥပဒေကြမ်းများနှင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များသည် ဝန်ကြီး ချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လက်မှတ်ရေးထိုးပြီး သည့်နောက်တွင် သမ္မတ၏လက်မှတ် လိုအပ်ပါသည်။ သမ္မတလက်မှတ်ထိုးပြီးနောက်တွင် ဥပဒေပြုရေးဝန်ကြီးဌာနအဖွဲ့က ဥပဒေကြမ်း ကို လွှတ်တော်သို့ချက်ချင်းတင်သွင်းရပါသည်။ လွှတ်တော်သို့ရောက်ရှိပြီးနောက် ဥက္ကဋ္ဌသည် ဥပဒေကြမ်းကိုလွှတ်တော်သို့ တင်သွင်းရပါသည်။ ထို့နောက် သက်ဆိုင်ရာကော်မတီများသို့ လွှဲပြောင်း ပေးရပါသည်။ သက်ဆိုင်ရာကော်မတီမှ သုံးသပ်ဆွေးနွေးပြီးနောက် လွှတ်တော်အတွင်း ဆွေးနွေးရန် လွှတ်တော်အစီအစဉ်တွင် ထည့်သွင်းရပါသည်။ လိုအပ်လျှင် ကော်မတီခွဲများဖြင့်လည်းခွဲ၍ ဆွေးနွေးလေ့ရှိပါသည်။
၁၀။     အရေးကြီးသည့် ဥပဒေကြမ်းများနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ပါဝင်သောကော်မတီက စစ်ဆေးပါသည်။ ဥပဒေကြမ်းကိုစစ်ဆေးပြီးလျှင် ဥပဒေဆိုင်ရာစကားရပ် များကိုစစ်ဆေးရန် ဥပဒေပြုရေးနှင့် တရားစီရင်ရေးကော်မတီသို့  လွှဲပြောင်းပေးရပါသည်။ ထို့ နောက် ယင်းဥပဒေကြမ်းကို လွှတ်တော် အတွင်း အစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ်ရပါသည်။ ဥပဒေပြုရေး ဝန်ကြီးဌာနသည် လွှတ်တော်က ဆုံးဖြတ်လိုက်သော ဥပဒေကြမ်းကြေညာချက် မူကြမ်းကိုပြင်ဆင် ရမည်ဖြစ်ပြီး ယင်းမူကြမ်းကိုနိုင်ငံတော်ကောင်စီသို့ တင်သွင်းရပါသည်။ အကယ်၍ ယင်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲချက်များရှိပါက သမ္မတသည် ယင်းဥပဒေကြမ်းကို အစိုးရ အဖွဲ့သို့ပေးပို့သည့်နေ့မှစ၍ ၁၅ ရက်အတွင်း သဘောထား ကွဲလွဲချက်များကို ဆွေးနွေးရန် လွှတ်တော်သို့ ပြန်လည်ပေးပို့ရ ပါသည်။ နိုင်ငံတော်ကောင်စီက ဆုံးဖြတ် လိုက်သော ဥပဒေကြမ်း ကို ဝန်ကြီးချုပ်နှင့်သက်ဆိုင်ရာဝန်ကြီးဌာနများ လက်မှတ်ရေး ထိုးပြီးသည့် နောက်တွင် နိုင်ငံတော် သမ္မတမှ လက်မှတ်ရေးထိုးရန်လိုအပ်ပါသည်။ ထို့နောက် ယင်းဥပဒေကြမ်း ကို အစိုးရပြန်တမ်းတွင် ထည့်သွင်းကြေညာပါသည်။ ဥပဒေပြုလုပ်ငန်းစဉ် အဆင့်ဆင့် အား အောက်ပါပုံပြဇယားဖြင့် တင်ပြ အပ်ပါသည်-

              

 

အက်ဥပဒေ------(၁-၁၅)

သမ္မတနှင့်ဆိုင်သော အမိန့်များ-------(၁-၈)        ၁၅
ဝန်ကြီးချုပ်နှင့်ဆိုင်သော အမိန့်များ---(၁-၄)       ၁၅
ဝန်ကြီးနှင့်ဆိုင်သော အမိန့်များ----(၁-၄)     A      B     

ပုံမှန်အစည်းအဝေးအလိုက် ဥပဒေကြမ်းဆောင်ရွက်နိုင်မှု
၁၁။    ပုံမှန်အစည်းအဝေးအလိုက် ဥပဒေကြမ်းဆောင်ရွက်နိုင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ

 

၁၂။    သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် စပ်ဆိုင် သောအချက်အလက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ပုံ။    အသက် ၁၉ နှစ်ပြည့်သူ တောင်ကိုးရီးယားနိုင်ငံသား တိုင်းသည် မဲပေးပိုင်ခွင့်ရှိပြီး အသက် ၂၅ နှစ်ပြည့်ပြီး သော ယင်းနိုင်ငံသားတိုင်းသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါ သည်။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိမိနိုင်ငံတွင် အနည်းဆုံး ၅ နှစ် နေထိုင်သူ ဖြစ်ရပါမည်။  ကိုယ်စားလှယ်များ၏သက်တမ်းသည် ၄ နှစ် ဖြစ်ပါသည်။
(ခ)    ကိုယ်စားလှယ်များ၏အခွင့်အရေးများ။     လူသိရှင်ကြားကျူးလွန်သောကိစ္စရပ် များမှတစ်ပါး လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်အတွင်း လွှတ်တော်၏ခွင့်ပြု ချက်မရဘဲ ကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း ပြုလုပ် ခွင့်မရှိပါ။ ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း ၎င်းတို့နှင့်သက်ဆိုင်သော ဆွေးနွေး ချက်များပြောကြားခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်းများအတွက် တာဝန်ရှိ ခြင်းမှ ကင်းလွတ်ခွင့် ရှိပါသည်။
(ဂ)    ကိုယ်စားလှယ်များလိုက်နာရမည့်အချက်များ။    လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်သည် ဥပဒေ အဖြစ်ထုတ်ပြန်ထားသော အခြားသောရာထူးများတွင် တာဝန်ထမ်းဆောင်ခြင်းမပြုရပါ။ ဖြောင့်မတ်မှန်ကန်စွာ တာဝန်ထမ်းဆောင်ရမည် ဖြစ်ပြီး နိုင်ငံတော်၏အကျိုးစီးပွားကို ဦးစားပေး တာဝန်ထမ်းဆောင်ရပါသည်။ ၎င်း၏အာဏာကို အလွဲသုံးစားလုပ်ပိုင်ခွင့်မရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်သည် ၎င်း၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းရမည်ဖြစ်ပြီးလွှတ်တော်ပုံမှန်အစည်းအဝေးများ၊ ကော်မတီ အစည်းအဝေးများကို တက်ရောက်ရမည်ဖြစ်ပြီး လွှတ်တော်မှ ချမှတ်ထားသောဥပဒေ များနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်ကြံရမည်ဖြစ်ကြောင်း လွှတ်တော် အက်ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။
(ဃ)    ကိုယ်စားလှယ်အဖြစ်မှရပ်စဲနိုင်ခြင်း။        ကိုယ်စားလှယ်များတွင် အောက်ပါ အချက်များတွေ့ရှိပါက ကိုယ်စားလှယ် အဖြစ်မှ ဆုံးရှုံးနိုင်ပါသည်-
    (၁)    ဥပဒေတွင်တားမြစ်ထားသောလုပ်ငန်းများလုပ်ကိုင်နေခြင်း၊
(၂)    ကိုယ်ရေးကိုယ်တာကိစ္စများတွင် အာဏာကိုလွှဲမှားစွာအသုံးချခြင်း၊
(၃)    ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်သတ်မှတ်ထားသော အရည်အချင်း များနှင့်မကိုက်ညီခြင်း၊
(၄)    တရားရုံးက ရွေးကောက်ပွဲ သို့မဟုတ် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခြင်း၊
(၅)    ကိုယ်စားလှယ်အရည်အချင်းများနှင့် မကိုက်ညီကြောင်းလွှတ်တော်မှ စစ်ဆေး တွေ့ရှိခြင်း၊
(၆)    အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံထားရသော ကိုယ်စားလှယ် တစ်ယောက်သည် မိမိ၏ပါတီမှနုတ်ထွက်ခြင်း(သို့)အခြားပါတီသို့ ကူးပြောင်း ခြင်းတို့ဖြစ်ပါသည်။

 

ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးကောက်ပုံစနစ်
၁၃။    လွှတ်တော်ဥက္ကဋ္ဌရာထူးနေရာများအတွက် ဥက္ကဋ္ဌရွေးကောက်ပွဲကို ၂  ကြိမ်ကျင်းပပါ သည်။  ပထမအကြိမ်ဥက္ကဋ္ဌရွေးကောက်ပွဲကို အထွေထွေရွေးကောက်ပွဲပြီးသည့်နောက် ဥပဒေပြု ရေးလုပ်ငန်းများမစတင်မီ မျက်နှာစုံညီအစည်းအဝေး၌ ၇ ရက်ထက်မပိုသော အချိန်အတွင်း ကျင်းပပေးရပါသည်။ ဒုတိယအကြိမ်ဥက္ကဋ္ဌရွေးကောက်ပွဲကိုလည်း ပထမလွှတ်တော်ဥက္ကဋ္ဌ၏ သက်တမ်းမကုန်မီ ၅ ရက် အတွင်း ကျင်းပပေးရပါသည်။ လွှတ်တော်ဥက္ကဋ္ဌ ၁ ယောက်နှင့် ဒုတိယဥက္ကဋ္ဌ ၂ ယောက် ရှိပါသည်။   
၁၄။    ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌအား လျှို့ဝှက်ရွေးချယ်၍ အများစုမဲဆန္ဒဖြင့် တင်မြှောက်ပါသည်။ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာလစ်လပ်ပါက အထူးရွေးကောက်ပွဲကို အချိန်မဆိုင်းဘဲ ကျင်းပပေး ရမည်ဖြစ်ပါသည်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသူသည် ဥက္ကဋ္ဌတာဝန်စတင် ထမ်းဆောင်သည့်နေ့မှစ၍ မည်သည့်ပါတီနှင့်မှ မသက်ဆိုင်တော့ပါ။ သို့သော် သက်တမ်းပြီးဆုံး ချိန်တွင် ဥက္ကဋ္ဌရာထူးမထမ်းဆောင်ခင်က အဖွဲ့ဝင်ဖြစ်ခဲ့သည့် နိုင်ငံရေးပါတီသို့ အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ခွင့်ရှိပါသည်။ လွှတ်တော်ဥက္ကဋ္ဌသည် ၎င်း၏တာဝန်များကို မဆောင်ရွက်နိုင် လျှင် ၎င်း၏ကိုယ်စား ဥက္ကဋ္ဌကခန့်အပ်ထားသော ဒုတိယဥက္ကဋ္ဌက ဆောင်ရွက်ရပါသည်။
၁၅။    ဥက္ကဋ္ဌကိုယ်စားဆောင်ရွက်သော ဒုတိယဥက္ကဋ္ဌသည် ဥက္ကဋ္ဌကဲ့သို့တူညီသောလုပ်ပိုင်ခွင့်ရှိ ပါသည်။ ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ ၂ ဦးစလုံး၎င်းတို့၏တာဝန်များကို မဆောင်ရွက်နိုင်လျှင် ဥက္ကဋ္ဌ ၏ကိုယ်စားလှယ်ကိုရွေးချယ်၍ ယာယီဥက္ကဋ္ဌ (Speaker Pro Tempor) ကိုတင်မြှောက်ရပါသည်။ ယာယီဥက္ကဋ္ဌအား လွှတ်တော်ကိုယ်စားလှယ်ထက်ဝက်ကျော် တက်ရောက်သောအစည်းအဝေးတွင် ယင်းကိုယ်စားလှယ်များ၏ ထက်ဝက်ကျော်က လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ပါသည်။ လွှတ်တော်ဥက္ကဋ္ဌမှာ Chung Ui Hwa ဖြစ်၍ ဒုတိယဥက္ကဋ္ဌ ၂ ယောက်မှာ Jeon Kab Yoon နှင့် Lee Seok Hyun ဖြစ်ပါသည်။ ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၏ သက်တမ်းသည် ၂ နှစ် ဖြစ်ပါသည်။  

လွှတ်တော်ဥက္ကဋ္ဌ၏လုပ်ငန်းတာဝန်များ
၁၆။    လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ကို ကိုယ်စားပြုပါသည်။ လွှတ်တော်၏လုပ်ထုံးလုပ်နည်း များကိုလိုက်နာ၍ အမိန့်နှင့်ညွှန်ကြားချက်များကိုထိန်းသိမ်းရပါသည်။ လွှတ်တော်၏အရေးကိစ္စရပ် များကို ကြီးကြပ်ကွပ်ကဲရပါသည်။ လွှတ်တော်ဥက္ကဋ္ဌ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    အစည်းအဝေးဆိုင်ရာလုပ်ငန်းတာဝန်များ
(၁)     လွှတ်တော်အစည်းအဝေးကျင်းပရန် အစည်းအဝေးစတင်ခြင်း၊ ရပ်နားခြင်း နှင့်ရွေ့ဆိုင်းခြင်း၊
(၂)    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်မြဲအမိန့်များအား လေးစားလိုက်နာရန်   အတွက် စီမံခန့်ခွဲခြင်း၊
(၃)    လွှတ်တော်နှင့်ပတ်သက်သည့် ကြေညာချက်များထုတ်ပြန်ခြင်း၊
(၄)    လွှတ်တော်အားထိန်းသိမ်းရမည့် ဥက္ကဋ္ဌ၏တာဝန်နှင့်အညီ လွှတ်တော် အတွင်း ငြိမ်ဝပ်ပိပြားရေးအတွက် လိုအပ်ပါက ရဲတပ်ဖွဲ့အား အကူအညီ တောင်းခံ၍ ဆောင်ရွက်နိုင်ခြင်း၊
(၅)    လွှတ်တော်တွင်းဆွေးနွေးမည့်သူများ၏ အမည်စာရင်းများအား ထုတ်ပြန် ခြင်းနှင့်ပြန်လည်ရုပ်သိမ်းနိုင်ခြင်း၊
(၆)    ဥပဒေပြင်ဆင်မှုများနှင့်ပတ်သက်သော အစီအစဉ်ကို မဲပေးရန် ထည့်သွင်း နိုင်ခြင်း၊
(၇)    မဲပေးရန်ကြေညာခြင်းနှင့်မည်ကဲ့သို့မဲပေးရမည့်နည်းလမ်းကို ဆုံးဖြတ်ခြင်း၊
(၈)    မဲခွဲဆုံးဖြတ်မည့်အစီအစဉ်ကို ရှင်းလင်းပြောကြားမှုပြုလုပ်နိုင်ပြီး ထွက်ပေါ် လာသော မဲရလဒ်အားပယ်ဖျက်နိုင်ခြင်း၊
(၉)    ဆုံးဖြတ်ချက်များအတွက် မဲခွဲရာတွင်သတ်မှတ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ ပြည့်မပြည့်စိစစ်ခြင်း၊
(၁၀)    ဆုံးဖြတ်ချက်များ၊ ဆွေးနွေးချက်များနှင့်ပတ်သက်သော အချက်များကို မှန် မမှန် စစ်ဆေးခြင်း၊
(၁၁)    လွှတ်တော်၏ အသက်တမျှအရေးကြီးသော စည်းမျဉ်းများနှင့် လုပ်ထုံး လုပ်နည်းများကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊

(ခ)    လွှတ်တော်ဆိုင်ရာလုပ်ငန်းများအား ကြီးကြပ်ခြင်း
        (၁)    လွှတ်တော်အစည်းအဝေးကျင်းပခြင်း၊
        (၂)    အစည်းအဝေးအစီအစဉ်များချမှတ်ခြင်း၊
        (၃)    ဆွေးနွေးပြောဆိုရမည့်အချိန်များကို သတ်မှတ်ပေးခြင်း၊
(၄)    ဥပဒေကြမ်းနှင့်ပြင်ဆင်ချက်များကို သက်ဆိုင်ရာကော်မတီသို့ လေ့လာသုံးသပ် တင်ပြရန် လွှဲပြောင်းပေးခြင်း၊
(၅)    ကော်မတီများသို့ခွဲဝေထားသော လုပ်ပိုင်ခွင့်တာဝန်တွင် မပါဝင်သောကိစ္စရပ် များပေါ်ပေါက်လာပါက မည်သည့်အမြဲတမ်းကော်မတီမှ တာဝန်ယူဆောင် ရွက်ရမည်ကို သတ်မှတ်ပေးခြင်း၊
(၆)    လွှတ်တော်ကိုယ်စားလှယ်များ အားလုံးပါဝင်သောကော်မတီ၏ ဥက္ကဋ္ဌအား သတ်မှတ်နိုင်ခြင်း၊

(ဂ)    လွှတ်တော်ဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့်
(၁)    လွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်၊ စာကြည့်တိုက်မှူးနှင့် လွှတ်တော်ရသုံးခန့် မှန်းခြေငွေစာရင်းရုံး၏ အကြီးအကဲအား စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ သို့မဟုတ် လွှတ်တော်ဦးဆောင်ကော်မတီများနှင့်ညှိနှိုင်း၍ ခန့်အပ်နိုင်ခြင်းနှင့် ဖယ်ရှားနိုင်ခြင်း၊
(၂)    ဥပဒေရေးရာနှင့်ပတ်သက်သော လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဝန်ထမ်း များအား တာဝန်ပေးခြင်း၊ ကွပ်ကဲခြင်း၊ ဖယ်ရှားခြင်းပြုလုပ်နိုင်ခြင်း၊
(၃)    လွှတ်တော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းကို လွှတ်တော်ဦးဆောင်ကော်မတီ ၏ သဘောတူညီမှုဖြင့် အစိုးရအဖွဲ့သို့တင်သွင်းခြင်း၊
(၄)    လွှတ်တော်၏ သီးသန့်ရန်ပုံငွေသုံးစွဲခြင်းနှင့် ပတ်သက်၍ အတည်ပြုပေးခြင်း၊
(၅)    အဆိုပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသား ရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ၃ ဦးတို့အား ခန့်အပ်နိုင်ရေးအတွက် အမည် စာရင်းတင်သွင်းနိုင်ခြင်း၊
(၆)    စာရင်းစစ်ချုပ်အား အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ကို စစ်ဆေးမေးမြန်းရန်အတွက် တောင်းဆိုနိုင်ခြင်း၊
(၇)    လိုအပ်သည့်အချိန်တွင် လွှတ်တော်ဦးဆောင်အဖွဲ့၏ သဘောတူညီချက်ဖြင့် ရဲတပ်ဖွဲ့အား စေလွှတ်ပေးပါရန် အစိုးရအဖွဲ့သို့ တောင်းခံနိုင်ခြင်း၊

(ဃ)    အခြားသောလုပ်ငန်းတာဝန်များ
(၁)    ဥပဒေပြုရေးနှင့်ပတ်သက်သောငြင်းခုံဆွေးနွေးပွဲများတွင်ပါဝင်ဆွေးနွေးနိုင်ခြင်း၊
(၂)    လိုအပ်သည့်အချိန်တွင် မဲပေးနိုင်ခွင့် အခွင့်အရေးရှိခြင်းတို့ဖြစ်ပါသည်။

ကော်မတီဥက္ကဋ္ဌ    
၁၇။    ကော်မတီဥက္ကဋ္ဌသည် သက်ဆိုင်ရာအမြဲတမ်းကော်မတီကိုကိုယ်စားပြုပါသည်။ ကော်မတီ ဥက္ကဋ္ဌများ၏သက်တမ်းသည် ၂ နှစ်ဖြစ်ပါသည်။
(က)    ရွေးချယ်တင်မြှောက်ခြင်း။    ကော်မတီဥက္ကဋ္ဌကိုလွှတ်တော်ကိုယ်စားလှယ်ထက်ဝက် ကျော်တက်ရောက်သော လွှတ်တော်တွင် လျှို့ဝှက်ဆန္ဒမဲပေး၍ အများစု၏ဆန္ဒဖြင့် ရွေးချယ်ရပါသည်။ ကော်မတီတစ်ခုစီလျှင် ပါဝင်သော စေ့စပ်ညှိနှိုင်းရေးအဖွဲ့များမှ ဒုတိယဥက္ကဋ္ဌတစ်ဦး စီရွေးချယ်ထားပြီး ၎င်းဥက္ကဋ္ဌတာဝန် မထမ်းဆောင်နိုင်ပါက ကိုယ်စားတာဝန် ထမ်းဆောင်ပေးရပါသည်။
(ခ)    လုပ်ငန်းတာဝန်များ။        သက်ဆိုင်ရာကော်မတီနှင့်ပတ်သက်သော စည်းမျဉ်း၊ အမိန့်၊ ညွှန်ကြားချက်များကိုချမှတ်ရပါသည်။ သက်ဆိုင်ရာကော်မတီ၏ လုပ်ငန်း တာဝန်များကို ကြီးကြပ်ရပါသည်။
(ဂ)    ဥက္ကဋ္ဌအဖြစ်မှနုတ်ထွက်ခြင်း။ ကော်မတီဥက္ကဋ္ဌသည်လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်အတွင်း လွှတ်တော်၏သဘောတူညီချက်ဖြင့် ကော်မတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်နိုင်ပါသည်။ အကယ်၍ လွှတ်တော်အစည်းအဝေးရပ်နားနေချိန်ဖြစ်လျှင် လွှတ်တော်ဥက္ကဋ္ဌ၏ အတည်ပြုချက်ဖြင့်လည်း ရာထူးမှ နုတ်ထွက်နိုင်ပါသည်။  

အထူးကော်မတီဥက္ကဋ္ဌ
၁၈။    အထူးကော်မတီဥက္ကဋ္ဌများကို ၎င်းတို့၏အဖွဲ့ဝင်များအတွင်းမှ ရွေးကောက်တင်မြှောက် ခန့်အပ်ရပါသည်။ ဘတ်ဂျက်နှင့်ငွေစာရင်း အထူးကော်မတီနှင့် ကျင့်ဝတ်ဆိုင်ရာအထူးကော်မတီ ဥက္ကဋ္ဌများကို လွှတ်တော် တွင်းရွေးချယ် တင်မြှောက်ပြီး အမည်စာရင်းတင်သွင်းရပါသည်။ အထူး ကော်မတီဥက္ကဋ္ဌများသည် သက်ဆိုင်ရာကော်မတီများ၏ သဘောတူညီချက်ဖြင့် ရာထူးမှနုတ်ထွက် နိုင်ပါသည်။ လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်မဟုတ်လျှင် လွှတ်တော်ဥက္ကဋ္ဌ၏ အတည်ပြု ချက်ဖြင့် ရာထူးမှနုတ်ထွက်နိုင်ပါသည်။

 
လွှတ်တော်ပုံမှန်အစည်းအဝေး    
၁၉။    လွှတ်တော်ပုံမှန်အစည်းအဝေးသည် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အမြင့်ဆုံး ဆုံးဖြတ်ချက်များပြုလုပ်သည့် အစည်းအဝေးဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် ကိုယ်စားလှယ် ၅ ပုံ ၁ ပုံ သို့မဟုတ် ၎င်းထက်ပို၍တက်ရောက်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ်   လွှတ်တော်၏အက်ဥပဒေတစ်ရပ်ရပ်မှ ဖော်ပြထားခြင်းမရှိလျှင် လွှတ်တော်၏ဆုံးဖြတ် ချက်များကို လက်ရှိအစည်းအဝေးတက်ရောက်သော ကိုယ်စားလှယ်အများစု၏ တစ်ပြိုင်တည်း မဲပေးမှုအပေါ်တွင် ဆုံးဖြတ်ပါသည်။
၂၀။    ရသုံးမှန်းခြေငွေစာရင်းဥပဒေကြမ်းနှင့်ပတ်သက်သော အစိုးရအုပ်ချုပ်မှုဆိုင်ရာ မူဝါဒများ အပေါ်ပြောကြားသည့်မိန့်ခွန်းများ၊  ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ တင်ပြအစီရင်ခံချက်များနှင့်ဝန်ကြီး ဌာနသို့ လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းသောမေးခွန်းများနှင့်စပ်လျဉ်းသောကိစ္စရပ်များ အား ဆွေးနွေးဆောင်ရွက်ပါသည်။
၂၁။    လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်တွင် လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ပြောကြား ခွင့်ရှိပါသည်။ လွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်းများကို အစည်းအဝေးအစီအစဉ်တွင် ဥပဒေ ၁ ခုလျှင် အစီအစဉ်တစ်ခုဖြစ်ပြီး ဥပဒေ ၂ ခု သို့မဟုတ် ၎င်းထက်ပို၍  ထည့်သွင်းပါ သည်။ ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌကိုယ်စား ဆောင်ရွက်သော ကိုယ်စားလှယ်တစ်ယောက် သည် ကော်မတီက တာဝန်ယူထားသော ဥပဒေကြမ်းများနှင့်ပတ်သက်၍ တင်သွင်းရပါသည်။ ဥပဒေကြမ်းကိုတင်သွင်းသူသည် တင်သွင်းချက်အစီရင်ခံစာ၏ အချက်အလက်များကို ရှင်းလင်း တင်ပြရပါသည်။ ယင်းဥပဒေကြမ်းများတွင် ပုဂ္ဂလိကတင်သွင်းသော ဥပဒေကြမ်းများနှင့် ကော်မတီက တင်သွင်းထားသော ဥပဒေကြမ်းများပါဝင်ပါသည်။ ဝန်ကြီးဌာနများသို့မေးမြန်းလို သော ကိုယ်စားလှယ်များနှင့် အစည်းအဝေးအစီအစဉ်တစ်ခုတွင် ပါဝင်သော အကြောင်းအရာ တစ်ခုကိုထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးလိုသောကိုယ်စားလှယ်များသည် ဥက္ကဋ္ဌ ထံကြိုတင်အကြောင်း ကြားရပါသည်။ ဥက္ကဋ္ဌသည် ဆွေးနွေးလိုသူများမှ ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ အစီအစဉ်တွင် အလှည့်ကျထည့်သွင်းပေးရပါသည်။ အကယ်၍ ထောက်ခံ သူနှင့်ကန့်ကွက်သူသည် ကပ်လျက်ဆွေးနွေးလိုပါက ထည့်သွင်းပေးရပါသည်။ သက်ဆိုင်ရာ ကော်မတီများ၏အစီရင်ခံစာများကို လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်း၊ မေးမြန်းခြင်း မပြုဘဲ အတည်ပြုရပါသည်။  
၂၂။    လွှတ်တော်ဥက္ကဋ္ဌသည် အပြိုင်အဆိုင်ဆွေးနွေးပြောကြားခွင့်ရှိပါသည်။ သို့သော် လွှတ်တော် ဥက္ကဋ္ဌသည် ၎င်း၏ လွှတ်တော်ဥက္ကဋ္ဌထိုင်ခုံမှ ထွက်ခွာ၍ ဆွေးနွေးခွင့်ရှိပါသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ပြီးမှသာလျှင် လွှတ်တော်ဥက္ကဋ္ဌသည် ၎င်း၏ထိုင်ခုံသို့ ပြန်လည်သွား ရောက်ခွင့်ရှိပါသည်။ လွှတ်တော်ကိုယ်စားလှယ် အများစု တက်ရောက်သောအစည်းအဝေးတွင် တက်ရောက်သူ လွှတ်တော်ကိုယ်စားလှယ်ထက်ဝက်ကျော်၏ သဘောတူ ညီချက်ဖြင့် ဆုံးဖြတ်ချက် ချမှတ်နိုင်ပါသည်။

စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ
၂၃။    လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး သို့မဟုတ် ၎င်းထက်ပို၍ပါဝင်သော မည်သည့်နိုင်ငံရေး ပါတီမဆို စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရပါသည်။ လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၂၀ ဦးထက် လျော့နည်းသောပါတီများသည် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၂၀ ဦး သို့မဟုတ် ၎င်းထက်ပို၍ ပူးပေါင်း၍ ၎င်းတို့ကိုယ်စား စေ့စပ်ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရပါသည်။ စေ့စပ်ညှိနှိုင်းရေး အဖွဲ့များဖွဲ့စည်းခြင်း၏ရည်ရွယ်ချက်မှာ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များအချင်းချင်း လွှတ်တော် ၏လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်လာစေရန် ကြိုတင်ညှိနှိုင်းဆောင်ရွက်ကြရန်ဖြစ်ပါသည်။ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်အရေအတွက်သည် လွှတ်တော်အတွင်းတွင် ဆွေးနွေးပြောကြားခွင့်ရှိသူအရေအတွက်ကို ဆုံးဖြတ်ရာတွင်လည်းကောင်း၊ လွှတ်တော်၏အမြဲတမ်းကော်မတီနှင့် အထူးကော်မတီများဖွဲ့စည်းရာတွင် အချိုးကျပါဝင်ရမည့် အရေအတွက်ကို ဆုံးဖြတ်ရာတွင်လည်းကောင်း အခြေခံရမည့် ကိုယ်စားလှယ်အရေအတွက် ဖြစ်ပါသည်။

အမြဲတမ်းကော်မတီများ
၂၄။    အမြဲတမ်းကော်မတီများသည် ၎င်းတို့နှင့်သက်ဆိုင်သော ဥပဒေကြမ်းများနှင့် အသနားခံလွှာ များကိုသော်လည်းကောင်း၊ ၎င်းတို့နှင့်ပတ်သက်သောဥပဒေများတွင် ဖော်ပြထားသည့်ကိစ္စရပ် များနှင့်သော်လည်းကောင်း စိစစ်ဆောင်ရွက်ရပါသည်။ အမြဲတမ်းကော်မတီ ၁၆ ခုမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က)    လွှတ်တော်ဦးဆောင်ကော်မတီ(House Steering Committee)၊
(ခ)    ဥပဒေပြုရေးနှင့်တရားစီရင်ရေးကော်မတီ (Legislation and Judiciary Committee)၊
(ဂ)    အမျိုးသားမူဝါဒဆိုင်ရာကော်မတီ (National Policy Committee)၊
(ဃ)    မဟာဗျူဟာနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ(Strategy and Finance Committee)၊
(င)    သိပ္ပံ၊ သတင်းဆက်သွယ်ရေး၊ နည်းပညာ အနာဂတ်စီမံကိန်း၊ အသံလွှင့်ခြင်းနှင့် ဆက်သွယ်ရေး ဆိုင်ရာကော်မတီ (Science, ICT, Future Planning, Broadcasting and Communications Committee)၊
(စ)    ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကော်မတီ  (Education, Culture, Sports and Tourism Committee)၊
(ဆ)    နိုင်ငံခြားရေးနှင့် ပေါင်းစည်းခြင်းကော်မတီ(Foreign Affairs and Unification Committee)၊
(ဇ)    နိုင်ငံတော်ကာကွယ်ရေးကော်မတီ (National Defense Committee)၊
(ဈ)    လုံခြုံရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကော်မတီ(Security and Public Administration Committee)၊
(ည)    စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ၊ ကျေးလက်ဒေသရေးရာ၊ သမုဒ္ဒရာနှင့်ငါးလုပ်ငန်း ကော်မတီ(Agriculture, Food, Rural Affairs, Oceans and Fisheries Committee)
(ဋ)    ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ကော်မတီ (Trade, Industry and Energy Committee)
(ဌ)    ကျန်းမာရေးနှင့်သက်သာချောင်ချိရေးကော်မတီ(Health and Welfare Committee)
(ဍ)    သဘာဝပတ်ဝန်းကျင်နှင့်အလုပ်သမားကော်မတီ (Environment and Labor Committee)
(ဎ)    ကုန်းမြေ၊ အဆောက်အဦနှင့် ပို့ဆောင်ရေးကော်မတီ (Land, Infrastructure and Transport Committee)
(ဏ)    ထောက်လှမ်းရေးကော်မတီ (Intelligence Committee)
(တ)    ကျား၊ မ တန်းတူညီမျှမှုနှင့် မိသားစုကော်မတီ (Gender Equality and Family Committee) တို့ဖြစ်ပါသည်။  

လွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သောကော်မတီ
၂၅။    အရေးကြီးသောဥပဒေကြမ်းတစ်ခုကို လွှတ်တော်သို့စတင်တင်သွင်းပြီးနောက် လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၄ ပုံ ၁ ပုံထက်ပိုသောအရေအတွက်မှတောင်းခံပါက (ဥပမာအားဖြင့် အစိုးရ အဖွဲ့အစည်းများနှင့်ပတ်သက်သောဥပဒေကြမ်းများ၊ အခွန်ကောက်ခံရေးနှင့်ပတ်သက်သည့် ဥပဒေ ကြမ်းများ၊ ပြည်သူများအားဝန်ထုပ်ဝန်ပိုးဖြစ်စေသောဥပဒေကြမ်းများ) လွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သောကော်မတီ (Whole House Committee) ကိုခေါ်၍ ထိုဥပဒေကြမ်းကို ဆွေးနွေးစဉ်းစားရမည်။ ထိုကော်မတီတွင် လွှတ်တော်ဥက္ကဋ္ဌမှ ကိုယ်တိုင်ကြီးကြပ်ရန်မလိုပါ။ သို့သော် စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ၏ အတည်ပြုချက်ရယူရန် လိုအပ်ပါသည်။ ထိုကော်မတီတွင် ဥက္ကဋ္ဌကခန့်အပ်ထားသော ဒုတိယဥက္ကဋ္ဌကို တာဝန်ပေးအပ်ရပါသည်။ ထိုကော်မတီသည် လွှတ်တော်ကိုယ်စားလှယ် ၅ ပုံ ၁ ပုံ သို့မဟုတ် ၎င်းထက်ပို၍ တက်ရောက်မှ အထမြောက်မည် ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ အနည်းဆုံး ၄ ပုံ ၁ ပုံ တက်ရောက်ရမည်ဖြစ်ပြီး ထိုကိုယ်စားလှယ်အများစု၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက် ချမှတ်ရပါသည်။  ဆွေးနွေးဆဲ ဥပဒေကြမ်းတစ်ခုကို ပြင်ဆင်ချက်တင်သွင်းနိုင်ပါသည်။ ထိုသို့တင်သွင်းသူသည် ယင်းကော်မတီ ၏ဥက္ကဋ္ဌတာဝန်ထမ်းဆောင်သူ ဖြစ်ရပါသည်။

အထူးကော်မတီ
၂၆။    အထူးကော်မတီ ၂ မျိုးရှိပါသည်။ အမြဲတမ်းအထူးကော်မတီနှင့် အမြဲတမ်းမဟုတ်သော အထူးကော်မတီဖြစ်ပါသည်။ အမြဲတမ်းအထူးကော်မတီတွင် ဘတ်ဂျက်နှင့်ငွေစာရင်းအထူး ကော်မတီနှင့် ကျင့်ဝတ်ဆိုင်ရာအထူးကော်မတီတို့ဖြစ်ပါသည်။ အမြဲတမ်းမဟုတ်သောအထူးကော်မတီ  များမှာ အရေးယူဆောင်ရွက်ရန်ပေါ်ပေါက်လာသော ပြဿနာများပေါ်မူတည်၍ ယာယီအားဖြင့် ဖွဲ့စည်းသော အထူးကော်မတီများဖြစ်ပါသည်။ အထူးကော်မတီအဖွဲ့ဝင်ရွေးချယ်ပုံနှင့်ခန့်အပ်ပုံ မှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က)    အထူးကော်မတီအဖွဲ့ဝင်ရွေးချယ်ခြင်း။    အမြဲတမ်းကော်မတီဝင်များထဲမှအထူး ကော်မတီအဖွဲ့ဝင်ရွေးချယ်ပြီး အထူးကော်မတီများကို ဖွဲ့စည်းကြောင်း လွှတ်တော် တွင် ကြေညာပါသည်။
(ခ)    အထူးကော်မတီအဖွဲ့ဝင်ခန့်အပ်ခြင်း။    လွှတ်တော်တွင် ကြေညာပြီးနောက်  ၅ ရက်အတွင်း ဥက္ကဋ္ဌက အထူးကော်မတီဝင်များကို ခန့်အပ်ရပါသည်။ ဘတ်ဂျက်နှင့် ငွေစာရင်းအထူးကော်မတီအဖွဲ့ဝင်များကို အမြဲတမ်းကော်မတီနှင့် စေ့စပ်ညှိနှိုင်းရေး အုပ်စုအဖွဲ့ဝင်များ၏ အရေအတွက်အချိုးပေါ်မူတည်၍ ဥက္ကဋ္ဌမှ ခန့်အပ်ရပါ သည်။

ကော်မတီခွဲများ
၂၇။    ကော်မတီများတွင် အကြောင်းကိစ္စရပ်များကို သေချာစွာစိစစ်ရန် ကော်မတီခွဲများဖွဲ့စည်း နိုင်ပါသည်။ ထောက်လှမ်းရေးကော်မတီမှလွဲ၍ အမြဲတမ်းကော်မတီတစ်ခုစီသည် ၎င်း၏တာဝန်ရှိ သောအကြောင်းကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီခွဲ ၃ ခုကို ဖွဲ့စည်းနိုင်ပါသည်။

လွှတ်တော်ရုံးအဖွဲ့ဖွဲ့စည်းပုံ
၂၈။    ရုံးအဖွဲ့များကိုအောက်ပါအတိုင်း အဓိကဌာနကြီး ၄ ခုဖြင့်ဖွဲ့စည်းထားပါသည်-
(က)    အုပ်ချုပ်ရေးရုံး။    လွှတ်တော်၏ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ ဘတ်ဂျက်စာရင်း များစစ်ဆေးခြင်းနှင့် ငွေစာရင်းသဘောတူညီချက်များကဲ့သို့ လုပ်ငန်းများနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲရန် အုပ်ချုပ်ရေးရုံးကို ဖွဲ့စည်းထားပါ သည်။ လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်အတွင်းညှိနှိုင်းရေးအဖွဲ့များနှင့်ညှိနှိုင်း၍ လွှတ်တော်၏ အတည်ပြုချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်ကို ခန့်အပ်ရပါသည်။ ညွှန်ကြားရေးမှူးချုပ်သည် ၎င်း၏တာဝန်များကို ဥက္ကဋ္ဌ၏ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်ရပါသည်။ ညွှန်ကြားရေးမှူးချုပ်၏အောက်တွင် ဥပဒေရေးရာကိစ္စရပ် များ၊ ကော်မတီကိစ္စရပ်များအားဆောင်ရွက်ရသော ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ယောက်နှင့် စီမံကိန်းများ၊  အသုံးစရိတ်လျာထားခြင်းများ၊ လူသားအရင်းအမြစ် များ၊ နိုင်ငံတကာပါလီမန်ကိစ္စရပ်များ၊ အထွေထွေကိစ္စရပ်များကဲ့သို့ စီမံခန့်ခွဲမှုကိစ္စ ရပ်များကို ဆောင်ရွက်ရန် ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ယောက်ရှိပါသည်။
(ခ)    စာကြည့်တိုက်။    ဥပဒေရေးရာကိစ္စရပ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ် စာအုပ်များထားရှိနိုင်ရန် စာကြည့်တိုက်ကို ဖွဲ့စည်းတည်ထောင်ထားပါသည်။  စာကြည့်တိုက်တွင် လူသားအရင်းအမြစ်များနှင့် လူမှုရေးသိပ္ပံကဲ့သို့ အထွေထွေဗဟုသုတ စာအုပ်များ၊ စာတမ်းများကို ထိန်းသိမ်းထားရှိပါသည်။ ဥပဒေရေးရာလုပ်ဆောင် ချက်များ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုအထောက်အကူပြုခြင်း၊ အချက် အလက်များကိုစုဆောင်းပေးခြင်း၊ လေ့လာသုတေသနပြုခြင်းများပြုလုပ်ပေးရပြီး ယင်းအချက်အလက်များကို ပြည်သူများရရှိနိုင်ရန် ဆောင်ရွက်ပေးရပါသည်။
(ဂ)    လွှတ်တော်ရသုံးမှန်းခြေငွေစာရင်းရုံး။ လွှတ်တော်ရသုံးမှန်းခြေငွေစာရင်းရုံးကို နိုင်ငံတော်ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ စာရင်းစစ်ဆိုင်ရာကိစ္စရပ် များ၊ နိုင်ငံတော်ရန်ပုံငွေနှင့် နိုင်ငံတော်၏ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်  လွှတ်တော် ၏လုပ်ငန်းတာဝန်များကို အထောက်အကူပေးရန် ဖွဲ့စည်းထားပါသည်။ ၎င်းရုံး သည် ရသုံးမှန်းခြေငွေစာရင်းများနှင့်ပတ်သက်၍ သုတေသနစိစစ်သုံးသပ်ခြင်း၊  ငွေစာရင်းစစ်ဆေးချက်များ (စာရင်းစစ်အစီရင်ခံစာ) များနှင့် ပတ်သက်၍သုံးသပ် ခြင်း၊ ထို့ပြင် ရသုံးမှန်းခြေငွေစာရင်းတွင် အသုံးပြုရန်လိုအပ်သောငွေကြေးများနှင့် အခြားရန်ပုံငွေများကိုလည်း ခန့်မှန်းဆောင်ရွက်ရပါသည်။ နိုင်ငံ၏ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များနှင့် စီးပွားရေးဆိုင်ရာသုံးသပ်ချက်များကို ခန့်မှန်းဆောင်ရွက် ပေးရပါသည်။ အများပြည်သူဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ၏ နှစ်လတ် နှစ်ရှည် ဘဏ္ဍာရေးစီမံကိန်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီများက တောင်းခံထားသော ငွေကြေးဆိုင်ရာကိစ္စရပ်များကိုလည်း စီမံခန့်ခွဲရပါသည်။
(ဃ)    သုတေသနဝန်ဆောင်မှု။    လွှတ်တော်သုတေသနဝန်ဆောင်မှုအား လွှတ်တော် နှင့်ဆက်စပ်နေသော ဥပဒေရေးရာကိစ္စရပ်များအတွက် သတင်းအချက်အလက်များ ထောက်ပံ့ပေးရန်တည်ထောင်ထားခြင်းဖြစ်ပါသည်။ ဥပဒေပြုရေး၊ မူဝါဒများနှင့် သက်ဆိုင်သည့်အကြောင်းအရာများအပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ လေ့လာ သုတေသနပြုပေးပါသည်။ ထို့ပြင် ကော်မတီများနှင့် ကိုယ်စားလှယ်များက တောင်းဆိုသော ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေရေးရာကိစ္စရပ်များကို အသေးစိတ် လေ့လာဆန်းစစ် သုတေသနပြုပေးပါသည်။  ၁၃-၁၂-၂၀၁၃ ရက်နေ့တွင် အသစ် ပြန်လည်ဖွဲ့စည်းသည့် ပါလီမန်သုတေသနဝန်ဆောင်မှုလုပ်ငန်းတွင် သုတေသနရုံး ၃ ရုံးနှင့် စီမံခန့်ခွဲရေးရုံး ၁ ရုံး ပါရှိပြီး ကောင်စီ ၁ ဖွဲ့ ဌာနခွဲ ၂ ခု၊ အဖွဲ့ ၁၂ ဖွဲ့တွင် ဝန်ထမ်း ၁၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး သုတေသနလုပ်ငန်းအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြောင်း သိရပါသည်။
နိဂုံး
၂၉။    တောင်ကိုးရီးယားနိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်သည့်စနစ်မှာ အနိုင်ရသူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်၏ အားသာချက်များကို ပေါင်းစပ်ထား ကြောင်း တွေ့ရှိရပါသည်။ ၎င်းလွှတ်တော်သည် ဥက္ကဋ္ဌရာထူး သက်တမ်း ၂ နှစ် ဖြစ်၍ ဥက္ကဋ္ဌ ရွေးကောက်ပွဲအား ၂ ကြိမ် ကျင်းပရပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌမှ ၎င်းတို့တာဝန်များ မထမ်း ဆောင်နိုင်လျှင် ယာယီဥက္ကဋ္ဌတင်မြှောက်ကြောင်းသိရှိရပါသည်။ တောင်ကိုးရီးယားနိုင်ငံလွှတ်တော် သည် အောက် ပါကောင်း မွန်သောအချက်များအား ညွှန်ပြနေကြောင်း တွေ့ရှိရပါသည်-
-    နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အချင်းချင်း လွှတ်တော်လုပ်ငန်းစဉ်များ ပိုမိုကောင်း မွန်ရန် ညှိနှိုင်းဆောင် ရွက်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိခြင်း၊
-    လွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သောကော်မတီမှ အရေးကြီးသောဥပဒေကြမ်း များကို စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ၏အတည်ပြုချက်ဖြင့် ဆွေးနွေးစဉ်းစားနိုင်ခြင်း၊    
-    ကော်မတီများတွင် အကြောင်းကိစ္စရပ်များ သေချာစိစစ်နိုင်ရန်အတွက် ကော်မတီခွဲ ၃ ခုထိ ဖွဲ့စည်းထားနိုင်ခြင်း၊
-    အမြဲတမ်းကော်မတီများအပြင် ရသုံးမှန်းခြေငွေစာရင်းနှင့် ကျင့်ဝတ်ဆိုင်ရာအထူး ကော်မတီများ ဖွဲ့စည်းထားရှိခြင်း၊
-    လွှတ်တော်ကိုယ်စားလှယ်များအား သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ရရှိနိုင်စေရေးအတွက် သုတေသနဝန်ဆောင်မှုလုပ်ငန်းအား ဝန်ထမ်း ၁၁၉ ဦးဖြင့် ဖွဲ့စည်းထားရှိခြင်း။
၃၀။    ထို့ကြောင့် တောင်ကိုးရီးယားနိုင်ငံလွှတ်တော်သည် နိုင်ငံတကာလွှတ်တော်များအား လေ့လာသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လေ့လာသင့်သော လွှတ်တော်တစ်ရပ်ဖြစ် ကြောင်း ရေးသားတင်ပြအပ်ပါသည်။


သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော် ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

Date issused 
Thursday, September 7, 2017 - 10
Researcher name 
သုတေသနဌာ၊ ပြည်သူ့လွှတ်တော်ရုံး