Law Database | Mail | English Version

ဦးစိုင်းထွန်းအောင် (ကျောက်မဲ မဲဆန္ဒနယ်) က ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နှင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့တွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်စပ်လျဉ်း၍ အရေးကြီးအဆို

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမရက်မြောက်နေ့တွင် ဦးစိုင်းထွန်းအောင် ( ကျောက်မဲ မဲဆန္ဒနယ်) က “ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲ မြို့နယ်ဒေသအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူမှု ဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို တင်သွင်းခဲ့ပြီး ဒေါ်နန်းခမ်းအေး (နမ္မတူ မဲဆန္ဒနယ်)က ထောက်ခံဆွေးနွေးခဲ့သည်။

ယင်းအဆိုကို ဆက်လက်ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာတွင် ကန့်ကွက်မဲမရှိ ထောက်ခံခဲ့သည့်အတွက် အဆိုကို ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့သည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမရက်မြောက်နေ့တွင် ဦးစိုင်းထွန်းအောင်    (ကျောက်မဲမဲဆန္ဒနယ်) က အရေးကြီးအဆို တင်သွင်းခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ။            ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၆၃ အရ အရေးတကြီးကိစ္စတစ်ရပ်ကိုဆွေးနွေးရန် ဦးစိုင်းထွန်း အောင် ကျောက်မဲ မဲဆန္ဒနယ်က ဥက္ကဋ္ဌထံ စာဖြင့်‌ရေးသားလက်မှတ်ရေးထိုး တင်ပြလာပါတယ်။ အဆိုမှာ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်ဒေသအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ကြောင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ ဒုက္ခများစွာကြုံတွေ့နေရပါသဖြင့် အမြန်ဆုံးတိုက်ပွဲများရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးအား တိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်။ အဆိုကိုတင်သွင်းဖို့ ကျောက်မဲ မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအောင်ကို ဖိတ်ခေါ်ပါတယ်။

ဦးစိုင်းထွန်းအောင်(ကျောက်မဲ မဲဆန္ဒနယ်)။                 ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သ ဂါရဝ ပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအောင် ဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှာ အရေးကြီးအဆိုကို တင်သွင်းလိုပါတယ်။

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ကျောက်မဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကျွန်တော် ဦးစိုင်းထွန်းအောင်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ဆွေးနွေးနိုင်ရန်အတွက် အရေးကြီးအဆို တင်သွင်းလိုပါသည်။

၂။       တင်သွင်းရသည့်အကြောင်းမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ်၊ နမ့်ခမ်းမြို့နယ်ဒေသအတွင်း ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ တောစံကျေးရွာအုပ်စု၊ ညောင်မောင်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာအုပ်စုများမှ အရပ်သားများ ထောင်နဲ့ချီ၍ နီးစပ်သည့်ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပြည်သူများ၏ တင်ပြချက်အရသိရှိရပါသည်။

၃။       တောစံကျေးရွာမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအပါအဝင် ပြည်သူများ           ၃၀၀ ဦးခန့် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညအချိန် ၁၀ နာရီခန့်တွင် ပန်ဆန်ကျေးရွာသို့ လမ်းလျှောက် ထွက်ပြေးခဲ့ကြပါကြောင်း၊ မင်းကုန်းကျေးရွာအုပ်စုဘက်မှ ပြည်သူများကလည်း မိုးမိတ်မြို့၊ မိုင်းလုံ မြို့ဘက်သို့လည်းကောင်း၊ တောစံကျေးရွာ၊ ညောင်မောင်းကျေးရွာမှ ပြည်သူများသည်လည်း မိုင်းမော မြို့၊ ကျောက်မဲမြို့များသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်နေကြရပါကြောင်း သိရှိရပါသည်။

၎။       ထို့အပြင် တိုက်ပွဲများမဖြစ်ခင်ကာလ ၆-၂-၂၀၁၆ ရက်နေ့မှာ ဒေသတွင်း လှုပ်ရှားလျက်ရှိသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ မင်းကုန်းကျေးရွာအုပ်စု ဒေသခံအမျိုးသားများဖြစ်ကြသည့် ဦးသုမန(၄၈ နှစ်)၊ ဦးမူးလင်တ(၅၃ နှစ်)၊ ဦးကန်း(၄၅ နှစ်)၊ စိုင်းအိုက်မိန်း(၃၀ နှစ်)၊ စိုင်းလေး(၄၁ နှစ်)၊ အိုက်စိုင်း (၁၉ နှစ်)၊ အောင်ကျော်(၁၉ နှစ်)၊ အိုက်ခေး(၂၈ နှစ်)၊ မောင်းတောကျေးရွာနေ ဟန်ဦး(၂၈ နှစ်)               လူကိုးဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ခြောက်ဦးအား ၇-၂-၂၀၁၆ ရက်နေ့မှာ သတ်ဖြတ်ခဲ့ပါ ကြောင်း ကလောဝိုင်းကျေးရွာသားများက သွားရောက်မြှုပ်နှံပေးရကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရှိ ရပါသည်။

၅။       ထို့အပြင် ညောင်ပင်လှကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျောင်းထိုင်ဆရာတော် ဖြစ်တဲ့ ဦးသုစိတ္တအား ယနေ့တိုင် ဖမ်းဆီးချုပ်နှောင်ထားပါကြောင်း၊ တောစံကျေးရွာအတွင်းမှာရှိတဲ့ စိုင်းကျော်သိန်း (ဇနီး)ဒေါ်မြတ်တို့၏နေအိမ်၊ စိုင်းညွန့်၏နေအိမ်၊ လုံးတောင်းကင်တို့၏နေအိမ် လူနေအိမ် သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါကြောင်း ကျေးရွာသားများ၏တင်ပြချက်အရ သိရှိရပါသည်။

ကျွန်တော်တင်ပြခဲ့သည့် အကြောင်းအရာ၊ အဖြစ်အပျက် များနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးများကို မေးမြန်းစုံစမ်းတဲ့အခါ ရွာသားများ၊ နေအိမ်များ အမှန်တကယ်ဖြစ်ပျက်နေပါကြောင်းဆိုတာကို သိရှိခဲ့ရ ပါတယ်။ ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင် လူဦးရေမှာ ၃၀၀၀ ကျော်ရှိပြီး ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၁၇ ခုအထိ ထားရှိခဲ့ရပါတယ်။

၆။       သို့ဖြစ်ပါ၍ ကျေးလက်နေပြည်သူများ၏ အိုးအိမ်၊ အသက်အန္တရာယ်စိုးရိမ်စွာ ရင်ဆိုင်ကြုံတွေ့ နေရပါသဖြင့် ကျွန်တော်တင်သွင်းလိုသောအဆိုမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲ မြို့နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲကြောင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘ ပြည်သူများ ဒုက္ခများစွာတွေ့ကြုံနေရပါသဖြင့် အမြန်ဆုံးတိုက်ပွဲများရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းအပ်ပါသည်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။             

ဒေါ်နန်းခမ်းအေး(နမ္မတူမဲဆန္ဒနယ်) မှ ထောက်ခံဆွေးနွေးခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရှိနေတဲ့ ကျေးရွာတချို့တွေဟာ လက်နက်ကိုင်တွေကြောင့် များစွာ နာကျင်ဆုံးရှုံး၊ ထိခိုက်ခံစားနေရတာကို ကြားသိနေရပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကို ဖြစ်ပေါ်စေတဲ့ စတင်သန္ဓေတည်ခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဒီနိုင်ငံထဲမှာရှိနေတဲ့ ပြည်သူအားလုံးက ဂုဏ်ယူပြီးတော့ အလေးထားနေရမယ့်အစား လက်နက်ကိုင်တွေကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေတာကို တွေ့ရှိနေရပါတယ်။ ကျွန်မတို့ နိုင်ငံဟာ နိုင်ငံသားတွေရဲ့ ပညာအရည်အချင်းကို မြှင့်တင်နေရမယ့်အချိန်မှာ အဲဒီဒေသမှာရှိနေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေဟာ စစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လက်နက်ကိုင်ဆိုတာ ပြည်သူတွေကို အကာအကွယ်ပြုပြီး ကောင်းမွန်တဲ့အနာဂတ်ကို ဖော်ဆောင်ပေး ကြရမယ့် သူတွေပါ။ လက်တွေ့မှာကျတော့ သမိုင်းချီလာတဲ့ တိုင်းရင်းသားပြဿနာတွေ လက်နက်ကိုင် တွေကြား နားလည်မှုကွဲလွဲနေတာတွေနှင့် အားပြိုင်မှုတွေနဲ့ပဲ အချင်းချင်းတိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကြောင့် ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးစေခဲ့ပါတယ်။ အခုဆိုလို့ရှိရင် လူမျိုးရေးပဋိပက္ခ အသွင်ကို ဆောင်လာနေပါပြီ။ ၃-၂-၂၀၁၆ ရက်နေ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးက ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုး တိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင်ဖော်ဆောင်ရာမှာ ငြိမ်းချမ်းရေးရရှိရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရရှိရန် အထူးလိုအပ်ပါကြောင်းဆိုပြီး မိန့်ခွန်းပြောကြားတဲ့ အတိုင်း အောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုတာ အခုဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်းအောင် ဒီနိုင်ငံမှာရှိနေတဲ့ ပြည်သူတွေအားလုံးအတွက် သက်ဆိုင်နေပါတယ်။ အဲဒါကြောင့် ကျောင်းသူ ကျောင်းသားတွေ စာမေးပွဲကောင်းစွာဖြေဆိုပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့ရဲ့စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားပေးဖို့ လိုအပ်နေပါတယ်ရှင်။ အဲဒါအပြင် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူ တွေရဲ့ လူနေမှုဘဝလိုအပ်ချက်တွေကိုလည်း အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ ကျွန်မတို့ နိုင်ငံ တည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်များအားလုံးနှင့် အဖွဲ့အစည်းအားလုံးဟာ ဘယ်လိုပဲ သမိုင်းကြောင်းတွေရှိနေခဲ့ပါစေ ပြည်သူလူထုရဲ့ဘဝလုံခြုံရေး၊ စိတ်လုံခြုံရေးတို့ကို တကယ် အကာ အကွယ်ပေးတဲ့သူတွေအဖြစ် သက်သေပြရမယ့်အချိန်တွေလည်း ဖြစ်နေပါတယ်။ ဒီအခန်းထဲမှာ ကြွရောက်နေတဲ့ ဂုဏ်သရေရှိလူကြီးမင်းများအားလုံးဟာ ကျွန်မတို့နိုင်ငံကို တကယ်အကာအကွယ် ပေးမယ့် ကိုယ်စားပြုတဲ့လူတွေဖြစ်ကြတဲ့အတွက်ကြောင့် ဒီအရေးကြီးအဆိုကို အတည်ပြုကြလိမ့်မယ်လို့ ကျွန်မယုံကြည်နေပါတယ်။ အဲဒါကြောင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးရဲ့ ပဉ္စမနေ့မှာ ရှမ်းပြည်နယ်၊ ကျောက်မဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်း အောင်ရဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်ဒေသအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲ တွေကြောင့် ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ မိဘပြည်သူများ ဒုက္ခများစွာကြုံတွေ့ နေရ သဖြင့် အမြန်ဆုံး တိုက်ပွဲများရပ်ဆိုင်းနိုင်ရေး ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန်နှင့် နိုင်ငံတော် အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို လေးလေးနက်နက်ထောက်ခံပါတယ်ရှင်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က    အဆိုအား ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထား ရယူခြင်း

အရေးကြီးအဆိုကို ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်ရဲ့သဘောထား ရယူပါမယ်။ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံ တစ်ပုံထက်မနည်းက ထောက်ခံလျှင် ဆက်လက် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဤအဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်ရဲ့သဘောထားရယူရန် စက်ခလုတ်အသုံးပြု၍ ဆန္ဒမဲပေးတဲ့ နည်းလမ်းဖြင့် ဆုံးဖြတ်သွား မှာဖြစ်ပါတယ်။ ဆန္ဒမဲပေးဖို့ အသင့်ဖြစ်စေလိုပါတယ်။ ဆန္ဒမဲပေးနိုင်ပါပြီ။

ယခု ဆန္ဒမဲပေးလို့ပြီးပါပြီ။ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၄၂၂ ဦး၊ ထောက်ခံဆန္ဒမဲ ပေါင်း ၄၁၂ ဦး၊ ကန့်ကွက်ဆန္ဒမဲပေါင်းမရှိပါ။ ကြားနေဆန္ဒမဲပေါင်း မရှိပါ။ ဆန္ဒမဲအရေအတွက် စုစုပေါင်း ၄၁၂ ဦးဖြစ်ပါတယ်။

ထောက်ခံတဲ့ ကိုယ်စားလှယ်ဦးရေက သုံးပုံတစ်ပုံထက် မနည်းရှိတဲ့ အတွက် ဦးစိုင်းထွန်းအောင် တင်သွင်းတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲ မြို့နယ်ေဒသအတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ ဒုက္ခများစွာကြုံ တွေ့နေကြရပါသဖြင့် အမြန်ဆုံးတိုက်ပွဲများရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေး ရှောင်ပြည်သူများ၏ လူမှုဒုက္ခများ အား အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးအား တိုက်တွန်းကြောင်း အဆိုကို ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာပါတယ်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့ (အင်္ဂါ နေ့ - ၁၇. ၂. ၂၀၁၆ ) တွင် ဦးစိုင်းထွန်းအောင် (ကျောက်မဲ မဲဆန္ဒနယ်)၏ အရေးကြီးအဆိုအား ဆက်လက်ဆွေးနွေးခြင်း

ဦးစိုင်းထွန်းအောင် (ကျောက်မဲ မဲဆန္ဒနယ်)၏ အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၂) ဉီးက ထောက်ခံဆွေးနွေးပြီး သက်ဆိုင်ရာပြည်ထောင်စုအဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။  

ယင်းနောက်အဆိုအား အတည်ပြုရန် လွှတ်တော်၏ အဆုံအဖြတ်ရယူရာတွင်  ထောက်ခံ ဆန္ဒမဲ ၄၀၇ မဲ၊ ကြားနေ ဆန္ဒမဲ ၄ မဲနှင့် ကန့်ကွက်ဆန္ဒမဲ မရှိသောကြောင့် အဆိုအား အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ။             အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပါမယ်။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဦးစိုင်းထွန်းအောင် တင်သွင်းသွားတဲ့ အရေးကြီးအဆိုကို ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၆၃ နည်းဥပဒေခွဲ(ခ) နည်းဥပဒေခွဲငယ်(၂)နှင့် နည်းဥပ‌ဒေခွဲ (ဂ)တို့အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယင်းအရေးကြီးအဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ် ၁၂ ဦးရှိပါတယ်။ လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များ ဆွေးနွေးရာ၌ လိုက်နာ ရမယ့် စည်းကမ်းများကို ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၉ မှာ ပြဋ္ဌာန်းထားပါတယ်။ (က) ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ကိစ္စများကို တံခါးပိတ် အစည်းအဝေးမှအပ အခြားအစည်းအဝေး၌ တင်ပြခြင်းမပြုရ။ (ခ) တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ အချင်းချင်းရိုင်းပင်း ကူညီရေး၊ ချစ်ကြည်လေးစားရေးတို့ကို ထိခိုက်ပျက်ပြားစေမည့် စကား မပြောဆိုရ။ (ဂ) မည်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းကိုမျှ ပုတ်ခတ်ပြောဆိုခြင်းမပြုရ။ (ဃ) နိုင်ငံရေး ပါတီတစ်ခုခုကို ထိပါးပုတ်ခတ်ပြောဆိုခြင်းမပြုရ။ (င) တရားရုံးတစ်ရုံးက ဆုံးဖြတ်ချက် မချမှတ်ရ သေးသော မည်သည့်‌ကိစ္စကိုမျှ ရည်ညွှန်းထည့်သွင်းပြောဆိုခြင်းမပြုရ။ (စ)လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးအား ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် စွပ်စွဲပုတ်ခတ်ွပောဆိုခြင်းမပြုရ။ (ဆ)လွှတ်တော် ပရဝဏ်အတွင်း တွင်ဖြစ်စေ၊ လွှတ်တော်တွင်ဖြစ်စေ၊ လွှတ်တော်အဖွဲ့အစည်းတစ်ရပ်ရပ်တွင်ဖြစ်စေ ပြောကြား ဆွေးနွေးချက်များကို ထိပါးပုတ်ခတ်ပြောဆိုခြင်းသော်လည်းကောင်း၊ ယင်းအစည်းအဝေးများတွင် ဆောင်ရွက်သည့်ကိစ္စများကို မဖွယ်မရာသော အသုံးအနှုန်းဖြင့် ပြောကြားခြင်းသော် လည်းကောင်းမပြုရ။ (ဇ) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်သော နိုင်ငံတော်၏အချုပ် အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်စေသော စကားမွပောဆိုရ။ (ဈ)ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်၏ အစဉ်အလာများနှင့် ထုံးတမ်းများကို ဖောက်ဖျက်ပြောဆိုခြင်းမပြုရ။ (ည) ရုန့်ရင်းကြမ်းတမ်းသော ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မပြုရ။ (ဋ) ဆွေးနွေးပြီးပြတ်ပြီး သော ကိစ္စရပ်တစ်ရပ်ကို ထပ်မံတင်ပြခြင်းမပြုရ။ (ဌ) ဆွေးနွေးဆဲကိစ္စတစ်ခုနှင့် တိုက်ရိုက်မသက်ဆိုင် သောစကားမွပောဆိုရ။ (ဍ) လွှတ်တော်အစည်း အဝေးတွင် ဆွေးနွေးရာ၌ မိမိကိုယ်မိမိ အမွှမ်းတင် ခြင်း၊ အခြားပုဂ္ဂိုလ်များအား သိက္ခာချခြင်း၊ မသမာသော နည်းဖြင့် ဆွေးနွေးခြင်း မပြုရစသည့် စည်းကမ်းချက်များရှိတာကို လွှတ်တော် ကိုယ်စားလှယ်တော်ကြီး များအား အသိပေးပါတယ်။ ဒါကြောင့် ယခုဆွေးနွေးကြမယ့် ကိုယ်စားလှယ်များအနေနဲ့ ဒီအချက်တွေကို အထူးလိုက်နာကြဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုများကိုသာ ဆွေးနွေးစေလိုပါတယ်။ ဒါကြောင့် ပထမဦးစွာ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က ဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဦးစိုင်းထွန်းစိန်(မိုင်းပျဉ်းမဲဆန္ဒနယ်)။         ။ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှာ ယခုရက်ပိုင်းကာလ အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားကာ ဒေသ အတွင်းနေ မိဘပြည်သူများ အတိဒုက္ခရောက်ကြရပြီး စစ်ဘေးရှောင်ဘဝအဖြစ် လူသားတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးလျက် ရှိကြောင်း ဝမ်းနည်းဖွယ်ရာ ကြားသိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့တို့အကြား ချုပ်ဆိုသော တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေးသဘောတူစာချုပ်ကို ၁၅-၁၀-၂၀၁၅ ရက်နေ့မှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၊ ပြည်တွင်း ပြည်ပ အသိသက်သေများ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလက်မှတ်ရေးထိုးပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့က တရားဝင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော်လည်း ကျန်တဲ့လက်နက်ကိုင် တပ်ဖွဲ့အချို့က ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမရှိသေးပါ။ ယခုဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက် ကိုင်အချင်းချင်း ရှမ်းပြည်နယ်ဒေသအတွင်း သွားလာနေထိုင်ကြခြင်းဖြင့် နားလည်မှုလွဲမှားကာ တိုက်ပွဲ များ ဖန်တီးဖြစ်ပွားခဲ့တယ်လို့ ထင်မြင် ယူဆမိ ပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲမှုမှာ အချင်းချင်းတပ်များ ထိုးစစ်ဆင်မှုကို ရပ်ဆိုင်း ပြီးတော့မှ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း များ၊ ဆေးရုံဆေးခန်းများ၊ လူထုနှင့်ပတ်သက်တဲ့ နေရာများမှာ စစ်ရေးဆိုင်ရာတပ်စခန်းများ ချမှတ်ခြင်း မပြုရန်ဆိုတာလည်း ပါရှိပြီးဖြစ်ပါတယ်။ ပါဝင် လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အချို့နဲ့ လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ မိမိတို့နယ်မြေအတွင်း အချင်းချင်းနားလည်မှုလွဲမှားပြီး လူမျိုးရေးရှေ့တန်းတင်မှုဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားတဲ့အတွက် တည်ငြိမ်အေးချမ်းနေတဲ့ ကျွန်တော်တို့ ရှမ်းပြည်နယ်ဒေသအချို့မှာ ပူလောင်ပြင်းပြတဲ့ သေနတ်သံ၊ မိုင်းသံ၊ ယမ်းသံတို့နှင့် ဖုံးလွှမ်း ပြီးတော့မှ ပြည်သူများ ဆင်းရဲဒုက္ခ ရောက်နေကြရပြီ ဖြစ်ပါတယ်။

စစ်ဆိုသည်မှာ အားပြိုင်မှု၊ တင်းမာမှု၊ အနိုင်ရယူလိုမှု စသဖြင့် ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပြီး စစ်ရေးမဟာဗျူဟာ၊ နည်းဗျူဟာအရ သုံးသပ်ကာ တိုက်ပွဲဆင်နွှဲ ကြရခြင်းဖြစ်ပါတယ်။ စစ်ကြောင့် နှစ်ဦးနှစ်ဖက်သေဆုံးမှုများ၊ ဒဏ်ရာရမှုများ ရရှိခံစားမည့်အပြင် စစ်ပွဲအတွင်း ပိတ်မိနေတဲ့ မိဘပြည်သူ များအဖို့လည်း စစ်ဒဏ်ကို အနည်းနဲ့အများ ခံစားကြရမှာ ဖြစ်ပါတယ်။ အရေးကြီးအဆိုမှာ ပါဝင်တဲ့ဒေသ အတွင်း စစ်ဘေးရှောင်မိဘပြည်သူများအနေဖြင့် မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စွန့်လွှတ်ကာ လုံခြုံမှုကောင်းမွန်တဲ့အရပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိဒေသအကျိုးကို တက်ညီလက်ညီ အကောင်အထည် ဖော်ဆောင်နေရမည့်အစား လက်နက်အားနဲ့ ပစ်ခတ်တိုက်ခိုက်နေကြခြင်းသည် ပြည်သူများအတွက် အလုပ်အကိုင်ဆုံးရှုံးရုံသာမက ရပ်စွန့် ရွာစွန့်ဘဝဖြင့် ဆင်းရဲဒုက္ခရောက်နေကြရသည့်ဘဝမှာ ဘယ်သူ့ကို အပြစ်တင်ရပါမည်နည်း။ ၎င်းဒေသရဲ့ စစ်ရေးအနိဋ္ဌာရုံများကို တာဝန်ရှိအဖွဲ့အစည်းများက ညှိနှိုင်းစေ့စပ် သဘောတူဆုံးဖြတ် ပေး၍ စစ်ဘေးရှောင် မိဘပြည်သူများ၏ လူမှုဒုက္ခများကို အမြန်ဆုံးဖြေရှင်း ပေးရန်လည်း လိုအပ်နေ ပြီဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံကို အေးချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် လျှောက်လှမ်းချီတက်နေစဉ်ကာလအတွင်းမှာ မည်သည့်အခါမျှ မရရှိ သေးတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး အေးချမ်း သာယာတဲ့ဒေသ အချို့မှာလည်း အေးချမ်းနေကြသလို၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ကို တစ်စတစ်စ ရရှိခံစားလာရပြီးဖြစ်ပါတယ်။ ယင်းကဲ့သို့ အောင်မြင်မှုအသီးအပွင့်များ အထိုက် အလျောက် ရရှိလာချိန်မှာ အပစ်အခတ်ရပ်စဲရေးမှာ မပါဝင်သေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကိုလည်း မိမိတို့လိုချင်တဲ့ ရည်မှန်းချက်များကို တင်ပြတောင်းဆိုပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်အတွင်းသို့ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဤလွှတ်တော်ကြီးအတွင်းမှ လှိုက်လှိုက်လှဲလှဲတိုက်တွန်းအပ်ပါတယ်။ သို့ဖြစ်ပါ၍ အဆိုမှာပါရှိတဲ့အတိုင်း တိုက်ပွဲများကြောင့် စာမေး ပွဲဖြေဆိုနေကြရတဲ့ ကျောင်းသားကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေ ဆိုနိုင်ရေး၊ စစ်ဘေးရှောင် မိဘပြည်သူများ လူမှုဒုက္ခအပေါင်းမှ ကင်းဝေး၍ မိမိတို့ရဲ့လုပ်ငန်းများကို စိတ်လက်ကြည်သာစွာ လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးမှ အမြန်ဆုံးကူညီ ဖြေရှင်းပေးနိုင်ရေး ဦးစိုင်းထွန်းအောင်၊ ကျောက်မဲမဲဆန္ဒနယ်ရဲ့အဆိုကို လှိုက်လှိုက်လှဲလှဲ ထောက်ခံ ဆွေးနွေး တင်ပြအပ်ပါ တယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဦးခင်မောင်သိန်း(စစ်ကိုင်းမဲဆန္ဒနယ်)။               ။ ဦးစိုင်းထွန်းအောင်ရဲ့အဆိုမှာ ပါဝင်တဲ့အချက်အလက် များအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်၊ နမ့်ခမ်းမြို့နယ် ဒေသအတွင်း ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ ကြောင်း၊ ကျေးရွာ အုပ်စုသုံးအုပ်စုမှ အရပ်သားများ ထောင်နဲ့ချီပြီး ဘေးလွတ်ရာပြေးခဲ့ကြရကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများအပါအဝင် ပြည်သူ ၃၀၀ ခန့် ထွက်ပြေးခဲ့ရကြောင်း ခြောက်ဦးမှာ အသတ် အဖြတ်ခံရကြောင်း၊ ဆရာတော်တစ်ပါးအား ဖမ်းဆီးထားပြီး နေအိမ်သုံးလုံး မီးရှို့ခံရကြောင်း ဖော်ပြထားပါတယ်။ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ကြတဲ့အဖွဲ့အစည်းအမည်များ ဖော်ပြထားသည်ကိုတော့ မတွေ့ရပါဘူး။ မီဒီယာများ၊ ဂျာနယ်များမှာ သတင်းအဖြစ်ပါပြီးဖြစ်တဲ့အတွက် ဘယ်အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတာ အားလုံးသိကြပြီးဖြစ်မှာပါ။

အဆိုပါတင်ပြချက်ဖြစ်ရပ်များဟာ အင်မတန်မှ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်များပါ။ အလားတူ ဒီလို ကြေကွဲဖွယ်ရာအဆိုများ ဆွေးနွေးမှုများကို ပထမအကြိမ်လွှတ်တော်မှာလည်းပဲ ကျွန်တော်တို့တွေ ဝမ်းနည်းကြေကွဲစွာ ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်။ ကံမကောင်းအကြောင်း မလှခဲ့တဲ့ မြန်မာပြည်ဟာ လွတ်လပ်ရေးနှင့်အတူ တစ်ပါတည်းပါလာခဲ့တဲ့ ဖွားဖက်တော်အဖြစ် ပြည်တွင်းစစ်ဒဏ်ကိုပါ ခံစားခဲ့ရပါ တယ်။ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေ ပြည်သူ့ဘဏ္ဍာငွေတွေနှင့်တကွ အသက်အိုးအိမ် စည်းစိမ်များ လည်း ဆုံးရှုံးခဲ့ကြရပါတယ်။ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ကတည်းက မြန်မာပြည်ရဲ့နန်းရင်ပြင်ဟာ နှင်းဆီရောင်တွေစွန်းထင်းခဲ့ရပါတယ်။ ဒီနေ့အချိန်အထိ တိုင်းပြည်ရဲ့အနာဟာ မကျက်သေးပါဘူး။ လွတ်လပ်ရေးရခဲ့တာ ၆၈ နှစ်တိုင်ခဲ့သော်လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရသေးပါဘူး။ ပြည်နယ်တွေ၊ နယ်စပ်ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်နေကြတဲ့အတွက် ရိုးသားလှတဲ့တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ၊ ကလေးတွေနှင့်တကွ မိဘပြည်သူတွေဟာ ဒုက္ခတွေပင်လယ်ဝေပြီး ညတာရှည် အိပ်မက်ဆိုးကြီးက ကယ်မယ့်သူဝေးကာ လူချင်းမတူသူချင်း မမျှ၊ ဥလည်းကွဲ အသိုက်တွေလည်း ပျက်ခဲ့တာ ကြာခဲ့ပါပြီ။ စီးပွားရေး၊ ကြီးပွားရေး၊ တိုက်ဆောက်၊ ကားစီးဖို့မစဉ်းစားဘဲ တစ်နှစ်တာမိသားစု စားဖို့ တောင်ယာစပါးလေးရရင် ကျေနပ်နေတဲ့ပြည်သူ တွေဟာ ပဋိပက္ခတွေကြောင့် တောင်ယာမလုပ်ရ၊ အသတ်အဖြတ်ခံရ၊ ရွာကျောင်းကတုန်းမောင်းဟာလည်းပဲ ကျည်ဆံရာဗလဗွနဲ့ ထုံအလို့နေပါပြီ။ ကလေး တွေ စာမသင်ရတော့ပါဘူး။ အသက်ကိုပင် စိတ်မချရတဲ့ အေးခဲတဲ့ဒဏ်၊ နေပူမိုးရွာမရှောင် စစ်ပြေးနေရတဲ့ ဘဝတွေကနေ လွတ်မြောက်သင့်ပါပြီ။ ငြိမ်းချမ်းသင့်ပါပြီ။ မငြိမ်းချမ်းနိုင်သေးတာကတော့ အကြောင်း အမျိုးမျိုး၊ ပြဿနာအမျိုးမျိုးရှိမှာပါ။ ဒီပြဿနာတွေကို ငြိမ်းချမ်းတဲ့နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာပြီး ဗမာအပါအဝင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ စိုးရိမ်ပူပန်ကြောင့်ကြမှုတွေကင်းဝေးပြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်တဲ့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ဖို့၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့ ဆောင်ရွက်ရန်မှာ အင်မတန်မှ အရေးကြီးလှပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အပြောသာမဟုတ်။ မေတ္တာရှေ့ထားပြီး စိတ်ရင်း စေတနာအမှန်နဲ့ လုပ်ကိုင်ဆောင်ရွက်ကြမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိမွှာဖစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။ ဦးစိုင်းထွန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျောက်မဲ မဲဆန္ဒနယ် တင်သွင်းတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်ဒေသအတွင်း ဖြစ်ပွား နေသော တိုက်ပွဲများကြောင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် အမြန်ဆုံးတိုက်ပွဲများရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ ၏လူမှုဒုက္ခများ အား အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို လေးစားပါတယ်။

ဦးဝင်းထူး(နမ့်ဆန်မဲဆန္ဒနယ်)။              ။ အရေးကြီးအဆိုနဲ့ပတ်သက် ပြီးတော့မှ ကျွန်တော့်မဲဆန္ဒနယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ကျွန်တော်တို့စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာဖို့ အတွက်ကို အချက် သုံးချက်နဲ့ ကျွန်တော် အလေးပေးပြီးတော့မှ အရေးကြီးအဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။ ပထမဆုံး အရေးကြီးအဆိုမှာ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ဆွေးနွေးရတယ်ဆို တာက  တကယ်ပဲ ကျွန်တော်တို့နိုင်ငံက ငြိမ်းချမ်းရေး လိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ ပထမအချက် အနေနဲ့ လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျွန်တော့် မဲဆန္ဒနယ် ဖြစ်တဲ့ နမ့်ဆန်မှာ ဆိုရင်လည်း ပြီးခဲ့တဲ့ ၄ ရက်နေ့ ကြီးမားတဲ့မီးလောင်မှုကြီး မဖြစ်ခင် ဇန်နဝါရီလ ၂၃ ရက် နေ့မှာဆိုရင် နမ့်ဆန်မြို့အတွင်းမှာပဲ လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ အစိုးရတပ်မတော်တွေကြားထဲမှာ ထိတွေ့ တိုက်ခိုက် မှုတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အိမ်တစ်လုံး လက်နက်ကြီးထိပြီးတော့မှ လူလေး ယောက် ဒဏ်ရာ ရခဲ့တာမျိုးတွေရှိပါတယ်။ မီးလောင်မှုဖြစ်ပြီးတော့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာဆိုရင် လည်း ကျွန်တော်တို့ NCA လက်မှတ်ထိုးတာတဲ့ အဖွဲ့တစ်ခုနဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုကြားမှာ နမ့်ဆန်မြို့နယ်၊ ပန်ကလေး ကျေးရွာနဲ့ ပန်ကလေးကျေးရွာအတွင်းမှာ ထိတွေ့တိုက်ခိုက်မှုတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ရွာသား တချို့ ကျောက်မဲမြို့မှာသွားရောက်ပြီး စစ်ဘေးရှောင်နေရတာတွေရှိပါတယ်။ အဲဒီရက်ထဲမှာပဲ ကျောက်မဲ မြို့နယ်၊ သော့ဆိုင်ကျေးရွာအုပ်စုနဲ့ နမ့်ခမ်းမြို့နယ် လောနော်ကျေးရွာအုပ်စု တွေမှာ ဖြစ်တဲ့တိုက်ပွဲတွေ ကြောင့်မို့လို့ ကျေးရွာသား ၃၀၀၀ ကျော်လောက်ဟာ ကျောက်မဲမြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ကျွန်တော်တို့ မိုင်းဝီးနဲ့ နမ့်ခမ်း မှာရှိတဲ့ တအောင်း စာပေယဉ်ကျေးမှုရုံးတွေမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေအဖြစ် သွားရောက်ပြီး တော့မှ စစ်ဘေးရှောင်နေရတာမျိုးတွေရှိပါတယ်။

ဒုတိယအပိုင်းအနေနဲ့ ကျွန်တော်တင်ပြချင်တာကတော့ NCA သဘောတူညီချက်စာချုပ်ရဲ့ အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စမှာပါတဲ့ ခေါင်းစဉ်မှာရှိတဲ့ အပိုဒ် ၅ အပိုဒ်ခွဲ(ဂ) တပ်စခန်း တိုးချဲ့ခြင်းနှင့်စစ်ရေးပြင်ဆင်ခြင်းဆိုင်ရာအခန်းများ၊ ပြီးတော့မှ အခန်း(၃)အရပ်သားများ ကာကွယ်ပေး ခြင်းနှင့် ပတ်သက်တဲ့ အပိုဒ် ၉ မှာဆိုရင်လည်း အပိုဒ်ခွဲ(က)ကနေ(ထ)အထိ ရေးဆွဲ ပြဋ္ဌာန်းထားတာ ရှိပေမယ့်လည်း ကျွန်တော်တို့ မိုင်းကိုင်ဒေသမှာရှိတဲ့ တောင်ပေါ်ဒေသမှာဆိုရင်လည်း ကျေးရွာတွေ စာသင်ကျောင်းဖွင့်လှစ်မှုနဲ့ပတ်သက်ပြီးတော့မှ ပိတ်ခံရတာမျိုးတွေ၊ စစ်သားစုဆောင်းမှု တွေရှိနေတာ မျိုးတွေဟာဖြင့် ကျွန်တော်တို့ ဒါက ဒေသခံပြည်သူတွေဟာ လက်နက်ကိုင်ပဋိပက္ခ အချင်းချင်းကြားထဲမှာ ရှိနေတဲ့ ပဋိပက္ခတွေရဲ့မြေစာပင်ဖြစ်နေတာမျိုး ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့တွေ့နေရတာ ဖြစ်ပါ တယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ တအောင်းပလောင် အမျိုးသားပါတီအနေနဲ့က လည်း ဇန်နဝါရီလ ၂၀ ရက်နေ့က တောင်ကြီးမှာရှိတဲ့ ရှမ်းပြည်နယ်အစိုးရရုံးမှာ နယ်စပ်ဒေသရေးရာနှင့် လုံခြုံရေး ဝန်ကြီးနဲ့ တွေ့ဆုံမှုတွေရှိခဲ့ပေမယ့်လည်း ယနေ့အချိန်ထိ တိကျတဲ့ ဖြေရှင်းမှုတွေမရှိသေးတာကို ကျွန်တော်တို့ တွေ့နေရတာဖြစ်ပါတယ်။ အဲဒီအပြင် NCA လက်မှတ် ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့နဲ့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကြားထဲမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေက ပိုမိုပြင်းထန်လာတဲ့ အခြေအနေရှိနေတာကို ကျွန်တော်တို့ အခုအချိန်ထိ တွေ့ရှိနေရတာ ဖြစ်ပါတယ်။

တတိယ အပိုင်း အနေနဲ့ ကျွန်တော်တင်ပြလိုတာကတော့ (၁) NCA လက်မှတ်ထိုးပြီးထားတဲ့ လက်နက် ကိုင် အဖွဲ့မှ သဘောတူညီချက်အားလိုက်နာနိုင်ဖို့အတွက်ကို အပစ်အခတ်ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေး ကော်မတီ GMC လိုအဖွဲ့တွေနဲ့ တခြားသက်ဆိုင်ရာအဖွဲ့တွေကနေပြီးတော့မှ စောင့်ကြည့် တားဆီး ပေးဖို့ဖြစ်ပါတယ်။ (၂) NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကိုလည်း စစ်မှန်သောငြိမ်းချမ်းရေး ဖြစ်လာဖို့ အတွက် ပြည်နယ်အဆင့်တွေ့ဆုံမှုတွေ၊ ပြည်ထောင်စုအဆင့်တွေ့ဆုံမှုတွေ ပြီးတော့မှ သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုချင်းစီပဲဖြစ်ဖြစ်၊ သူတို့စုစည်းထားတဲ့အဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံညှိနှိုင်းမှု တွေ၊ အဖြေရှာမှု တွေလုပ်ဖို့လိုပါတယ်။ (၃) ကျွန်တော်တင်ပြချင်တာကတော့ ထာဝရ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက်ဆိုတာက လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ အဖွဲ့တွေ ပြီးတော့မှ သက်ဆိုင်ရာပါ ဝင်သင့်တဲ့သူတွေ အားလုံးပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အသစ်ထပ်မံ ပေါ်ထွက် လာမယ့် အစိုးရကနေပြီးတော့မှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်တယ် ဆိုတာကို ကျွန်တော့်အနေနဲ့ ဒီစစ်ဘေးရှောင်ဒုက္ခသည်ကျောင်းနေ အရွယ်ကလေးငယ်တွေ၊ ဒီစစ်ရဲ့ မြေစာပင်ဖြစ်နေတဲ့ မိဘပြည်သူတွေများကိုယ်စား အမြန်အကောင် အထည်ဖော်ဆောင်ရွက်သင့် တယ် ဆိုတဲ့အကြောင်းကို ကျောက်မဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် တင်သွင်းတဲ့ အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးရင်း တင်ပြအပ်ပါတယ်ခင်ဗျား။

ဦးစိုင်းသန့်ဇင်(သီပေါမဲဆန္ဒနယ်)။     ။ ပထမအချက်ကတော့ လတ်တလောအခြေအနေအရ ပြည်သူလူထုရဲ့အသက် အိုးအိမ်စည်းစိမ်ဟာ အမှန်တကယ်ဆုံးရှုံးနေရပြီး ဆက်လက်ဝိုင်းဝန်း ဖြေရှင်းပေး ရမယ့် ပြဿနာဖြစ်နေတာက တစ်ချက်ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေတာနဲ့အမျှ မထင်မှတ်နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့ အချက်ဖြစ်ပါတယ်။ တတိယအချက်ကတော့ နိုင်ငံတော်က အလေးထားဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များကို ထိခိုက်လာနိုင်တဲ့အချက်ဖြစ်ပါ တယ်။

ပထမအချက်အနေနဲ့ ဆွေးနွေးမယ်ဆိုလို့ရှိရင် အဆိုရှင် တင်ပြခဲ့တဲ့အတိုင်း လက်နက်ကိုင် တိုင်းရင်းသား များအကြား ဖြစ်ပေါ်တဲ့တိုက်ပွဲတွေကြောင့် တစ်ရက်တည်းမှာတင်ရာနှင့် ချီတဲ့ ဒေသခံတိုင်းရင်းသားတွေ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ တချို့နေရာတွေမှာ အသတ်ခံရပါ တယ်။ တချို့ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ရဟန်းသံဃာတွေလည်းပါနေပါတယ်။ ဆရာ ဆရာမတွေလည်းပါနေပါတယ်။ ရှောင်ပြေးတဲ့နေရာမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေလည်းပါလာပါတယ်။ ရှောင်ပြေးရင်း လမ်းမှာကားမှောက်လို့အသက်ဆုံးရှုံးရတဲ့သူတွေ၊ ဆေးရုံရောက်ရတဲ့ သူတွေလည်းရှိလာပါတယ်။ မနေ့က အထိဆိုလို့ရှိရင် စစ်ဘေးရှောင်စခန်းတွေ ၁၇ ခုထိ ဖြစ်လာနေပြီး စစ်ရှောင်ဒုက္ခသည် လူဦးရေ လည်း ၃၄၀၀ ကျော်ရှိလာနေပြီဖြစ်ပါတယ်။ နီးရာဆွေမျိုး အသိမိတ်ဆွေတွေဆီသွား ရောက်ပြီးတော့ ခိုလှုံနေရတဲ့ သူတွေ အများအပြားကျန်ရှိနေပါသေးတယ်။ ဒီထဲမှာ ကျောင်းနေဆဲ ကျောင်းသား ကျောင်းသူတွေ၊ စာမေးပွဲဖြေဆိုဆဲ ကျောင်းသားကျောင်းသူတွေပါလာကြပါတယ်။ ကျောင်းသား ကျောင်းသူ စာရင်းတွေကို တိကျစွာမကောက်နိုင်သေးသော်လည်းပဲ လတ်တလောစာမေးပွဲဖြေနေကြတဲ့ စတုတ္ထတန်း၊ အဋ္ဌမတန်း ကျောင်းသားကျောင်းသူတွေကို ဝိုင်းဝန်း ဖြေရှင်းပေးနေကြရပါတယ်။ ပန်ဆန် အလယ်တန်းကျောင်းက စတုတ္ထတန်းကျောင်းသားကျောင်းသူ စုစုပေါင်း ၇၂ ယောက်၊ အဋ္ဌမတန်း ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၂ ယောက် စုစုပေါင်း ၉၄ ယောက်ရှိနေပါတယ်။ နေ့စဉ် ကားသုံးစီးနဲ့ အ.ထ.က(၂)ကို စာမေးပွဲ ဖြေပေးဖို့ ပို့ပေးနေရပါတယ်။ ရွာကမထွက်လာနိုင်တဲ့မိဘတွေ စိတ်မချလို့ မိဘနဲ့အတူရှိနေတဲ့ စတုတ္ထတန်း ကျောင်းသားတစ်ယောက်ကတော့ စာမေးပွဲကိုလာမဖြေနိုင်ပါဘူး။ သီဟိုဠ် ဘုန်းတော်ကြီးကျောင်းမှာတော့ တော့စန် အ.ထ.က(ခွဲ) ကျောင်းက စတုတ္ထတန်းကျောင်းသား စုစုပေါင်း ၂၇ ယောက်၊ အဋ္ဌမတန်း ကျောင်းသား စုစုပေါင်း ၅၂ ယောက်ရှိနေပါတယ်။ သူတို့ကိုတော့ အ.ထ.က(၁)မှာ စာမေးပွဲဖြေဖို့ စီစဉ်ပေးထားကြပါတယ်။ စစ်ရှောင်စခန်းကို ရှောင်မလာဘဲ ရွာကမခွာနိုင်လို့ စာမေးပွဲ မဖြေရတဲ့ စတုတ္ထတန်း သုံးယောက်နှင့် အဋ္ဌမတန်း သုံးယောက်ရှိနေပါသေးတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီသီဟိုဠ် ကျောင်းမှာ လက်ခံထားတဲ့ ကျောင်းသားကျောင်းသူစုစုပေါင်းဟာ ဆိုလို့ရှိရင် ၃၁၉ ယောက်ထိ ရှိပါတယ်။ ဒါဟာ အတန်းစုံဖြစ်ပါ တယ်။ ဒသမတန်းထိရှိနေတာဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ တိုက်ပွဲတွေကြောင့် ရှောင်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေမှာ နေစရာ၊ စားစရာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပညာရေးအခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပြည်သူ လူထုရဲ့ ပူးပေါင်းကူညီမှု၊ လူမှုအဖွဲ့အစည်းအသီးသီးရဲ့ ကူညီစောင့်ရှောက်မှု၊ ဌာနဆိုင်ရာ အသီးသီး တွေရဲ့ မနေမနားကူညီဆောင်ရွက်မှုတွေကြောင့် ကြီးမားတဲ့ အခက်အခဲတွေမရှိပေမယ့် ရေရှည်မှာ ထပ်မံတိုးပွားလာနိုင်တဲ့စစ်ဘေးရှောင် ဒုက္ခသည်တွေကြောင့် ဝန်ထမ်းအင်အားထပ်မံဖြည့်တင်း ပေးနိုင်ဖို့ အခက်အခဲရှိတယ်ဆိုတဲ့အကြောင်းကို သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ ကြက်ခြေနီ အသင်းတွေရဲ့ ပူးပေါင်းကူညီမှုကြောင့် လုံလောက်နေသော်လည်းပဲ လာမယ့် ၁၉ ရက်နဲ့ ၂၄ ရက်ကြားမှာ ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးရမယ့်အစီအစဉ်တွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒေသခံကျန်းမာရေး ဝန်ထမ်းတွေကလည်း သူတို့ရဲ့နေရာကို ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အခါကျတော့ လက်ရှိ တိုးပွားလာနေတဲ့အခြေအနေတွေအရ ဒီကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာမှာ အခက်အခဲတွေ ပေါ်လာမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဒေသခံ အုပ်ချုပ်ရေးပိုင်းက တင်ပြလာတာကိုလည်း ကျွန်တော် တို့ ကြားသိရပါတယ်။ မနေ့ကအထိတောင်မှ မိုင်းငေါ့ဘက် ကွင်းစလန်းကျေးရွာအုပ်စုက ပလောင် တိုင်းရင်းသားအယောက် ၁၀၀ ကျော်လောက်ဟာ စစ်ရှောင်လာကြတယ်လို့လည်း သိရပါတယ်။ နန့်တွေရွာအနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတယ်လို့လည်း ကြားသိရပါတယ်။ ဒီလိုသာတိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ရှောင် ဒုက္ခသည်တွေ ဒီနှုန်းအတိုင်းသာဆက်ပြီး တိုးလာမယ် ဆိုလို့ရှိရင် လက်ရှိအင်အားနဲ့ ဝိုင်းဝန်းကူညီနေ တဲ့သူတှေ လက်ပမ်းကျလာနိုင်ပါတယ်။ မနိုင်မနင်း ဖြစ်လာနိုင်ပါတယ်။ ဆက်လက်ဖြေရှင်းရမယ့် နောက်ဆက်တွဲပြဿနာတွေ ကြီးထွားလာ နိုင်ပါတယ်။  စစ်ရှောင်စခန်းတွေရဲ့ လက်ရှိလက်ခံထားနိုင်တဲ့ လူဦးရေအနေအထားအရလည်း ဆက်လက်လက်ခံနိုင်ဖို့ အတွက် အခက်အခဲဖြစ်နေတယ်ဆိုတဲ့ အကြောင်းကိုလည်း ကြားသိရပါတယ်။

တတိယအချက်အနေနဲ့ တိုက်ပွဲတွေကြောင့် ရှောင်ပြေးနေရတဲ့ ဒေသခံ တိုင်းရင်းသားများ မြေစာပင် သဖွယ် လက်လွတ်ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေက များစွာရှိနေပါ တယ်။ ဒါတွေကို ကျွန်တော်တို့က အားလုံးပူးပေါင်းပါဝင်ပြီးတော့ ကုစားနေဖို့လိုပါတယ်။ ဒီမှာဖြစ်နေတဲ့၊ ဆုံးရှုံးနေတဲ့သူတွေက ဒေသခံ တိုင်းရင်းသား တွေပဲဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဆွေမျိုးသားချင်း တွေပဲဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးပြုပြင် ပြောင်းလဲမှု တွေနဲ့ ကျွန်တော်တို့လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို စသွားနေတဲ့အချိန်၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အစပျိုး တည်ဆောက်နေတဲ့အချိန်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပြန်လည်တည်ဆောက်နေတဲ့ အချိန်မှာ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်ကို ဦးတည်သွား နိုင်တဲ့အခြေအနေကို ရောက်မသွားနိုင်ဖို့ ကျွန်တော်တို့ ဝိုင်းဝန်းဟန့်တားကြရမှာဖြစ်ပါတယ်။ လက်ရှိနိုင်ငံ တော်က အလေးထား ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးလုပ်ငန်းစဉ်တွေ ကိုထိခိုက်လာနိုင်တယ်ဆိုတာကိုလည်း အားလုံးက သတိပြုပြီးတော့ ဝိုင်းဝန်း ပါဝင်ကြဖို့လိုတဲ့အချိန် ဖြစ်လာပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တင်ပြ ဆွေးနွေးခဲ့တဲ့ အကြောင်းအချက်တွေအရ ယခု အရေးကြီးအဆိုသည် လတ်တလောအနေအထားအရ ဆက်လက် ဆောင်ရွက်ပေးရမယ့် အခြေအနေဖြစ်တဲ့အပြင် လက်ရှိမှာ လည်း စစ်ဘေးရှောင်ဒုက္ခ သည်တွေ ဆက်လက်တိုးပွားနေဆဲပဲဖြစ်ပါတယ်။ ဒါကြောင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသနှင့်‌ ကျောက်မဲ ဒေသအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ ဒုက္ခများစွာကြုံတွေ့နေရပါသဖြင့် အမြန်ဆုံးတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေး ရှောင်ပြည်သူများရဲ့ လူမှုဒုက္ခများအား အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေး နိုင်ပါရန် နိုင်ငံတော် အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးက တိုက်တွန်း ကြောင်း အရေးကြီးအဆိုကို လေးလေးနက်နက် ထောက်ခံဆွေးနွေး အပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါ တယ်။

ဦးဝင်းမြင့်ဦး(ညောင်ရွှေမဲဆန္ဒနယ်)။            ။ မနေ့က ကျောက်မဲမြို့နယ်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် တင်ပြသွားတဲ့ အရေးကြီးအဆိုရဲ့ စစ်ဒဏ်အနိဋ္ဌာရုံတွေကို သိရကြားရတာကို ရင်နှင့်အမျှ ကိုယ်ချင်းစာ ခံစားရပါတယ်။

ကျွန်တော်တို့ လိုလားတောင်းတနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ အထူးအရေးကြီးသလို အနာဂတ်တိုင်းပြည်ကို ခေါင်းဆောင်ကြမယ့် လူငယ်များရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါပါတယ်။ ကျွန်တော်ဟာ ကျောင်းဆရာတစ်ဦးဖြစ်ခဲ့သလို ကျောင်းသူ ကျောင်းသားများကို လေးစားအားကိုး ယုံကြည်ပါတယ်။ ယခုလို စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲတွေ ဖြေဆိုနေချိန် တခြားအတန်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲနီးတဲ့အချိန်မှာ တိုက်ပွဲတွေကြောင့် ကျောင်းတွေပိတ် ဆရာဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ စစ်ဘေးရှောင်နေရခြင်းဟာ အထူး ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှပါတယ်။

ပညာရေးနိမ့်ကျတဲ့ အဲဒီဒေသတွေမှာ တိုက်ပွဲတွေကြောင့် စာသင်နှစ်တစ်နှစ် နားလိုက်ရတာနဲ့ အနာဂတ် မျှော်လင့်ချက် အားကိုးစရာလူငယ်များ စာသင်ခန်းနှင့် ထာဝရဝေးကွာ သွားကြရတာများပါတယ်။ ကျွန်တော်တို့ နောက်လာမယ့် အစိုးရလက်ထက်မှာလည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဖွံ့ဖြိုး တိုးတက်ဖို့ ဒီငြိမ်းချမ်းရေးဟာ အထူးအရေးကြီးလှပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားညီအစ်ကို အချင်း ချင်း တိုက်ခိုက်နေတဲ့ စစ်ပွဲတွေရပ်ပြီး လိုလားချက်တွေကို စားပွဲဝိုင်းပေါ်မှာ အချေအတင် ဆွေးနွေး အဖြေရှာကြပါလို့ အထူးတိုက်တွန်းအပ်ပါတယ်။ ဒါ့အပြင် အဓိက တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရ၊ ရှမ်း ပြည်နယ်အစိုးရနှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများ၊ အရပ် ဘက်ဆိုင်ရာအဖွဲ့အစည်းများလည်း ငြိမ်းချမ်းစွာနှင့် ထိရောက်စွာအမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းရင်း ကျောက်မဲမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်ရဲ့ အဆိုကို လေးနက်စွာထောက်ခံအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီးမောင်မောင်ဦး(တပ်မတော်သားကိုယ်စားလှယ်)။          ။ အဆိုရှင် ဦးစိုင်းထွန်းအောင်၊ ကျောက်မဲ မဲဆန္ဒနယ်၏ ဆွေးနွေးချက်အရ ယခင်တည်ငြိမ်     အေးချမ်းလျက်ရှိသော ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ဆက်စပ်လျက်ရှိတဲ့ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိ တော့စန်၊ ညောင် မောင်း၊ မင်းကုန်းကျေးရွာတို့မှာ RCSSSSA နှင့် TNLA တို့အကြား ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ အထိ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ကျောင်းသား ကျောင်းသူများအပါအဝင် တိုက်ပွဲရှောင် ပြည်သူ များဟာ နီးစပ်ရာမြို့၊ ရွာများရှိ ဘိုးဘွားရိပ်သာနှင့် ဘုန်းကြီးကျောင်းများသို့ တိုက်ပွဲရှောင်ကာ နေထိုင် လျက်ရှိကြောင်း သိရှိရပါတယ်။ TNLA ဟာ လောက်ကိုင်ဒေသ တိုက်ခိုက်မှုဖြစ်စဉ်များမှာ AA အဖွဲ့နှင့် MNDA သောင်းကျန်းသူအဖွဲ့များနှင့် ပူးပေါင်းပြီး အစိုးရ၏အုပ်ချုပ်ရေးအာဏာကို ထိပါး နှောင့်ယှက် ခဲ့ခြင်းကြောင့် စေ့စပ်ဆွေးနွေးမှု မပြုတဲ့ တရားမဝင်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့ အစည်းပဲ ဖြစ်ပါတယ်။ TNLA အဖွဲ့အနေဖြင့် အဓမ္မ လူသစ်စုဆောင်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနှင့် ဆက်စပ်နယ်မြေများကို နယ်မြေ ချဲ့ထွင်လာခြင်း၊ RCSS နှင့် SSA အနေဖြင့် ၂၀၁၂ ခုနှစ် မေလတွင် လက်မှတ်ရေးထိုးခဲ့တဲ့ သဘော တူညီချက်ပါ သတ်မှတ်ထားတဲ့နယ်မြေကို ကျော်လွန် လှုပ်ရှားလာခဲ့ခြင်း၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် နေ့တွင် ချုပ်ဆိုသော NCA စာချုပ်ပါ သဘောတူညီချက်ကို ချိုးဖောက်ခြင်း၊ နှစ်ဖက်လေးစား လိုက်နာရသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (Military Code of Conduct -COC) ကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ ပြည်သူများ ဒုက္ခခံစား ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။

ပြည်သူတို့၏ ဒုက္ခများကင်းဝေးစေရန် TNLA အဖွဲ့အနေဖြင့် လက်နက် အပြီးအပိုင်စွန့်လွှတ်ရန်နှင့် RCSS နှင့် SSA အဖွဲ့အနေဖြင့် NCA စာချုပ်နှင့် COC ပါ ကျင့်ဝတ်များ အတိုင်း တိကျစွာ လိုက်နာ လုပ်ဆောင် သွားရန် အထူးလိုအပ်ပါတယ်။ ၎င်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်မှလည်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီကို ကန့်ကွက် အကြောင်းကြားစာပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၃၄၁ တို့နှင့်အညီ အဆိုပါတိုက်ပွဲနယ်မြေဒေသကို နယ်မြေ ရှင်းလင်းထိန်းချုပ်ထားပြီး ဖြစ်တဲ့အတွက် အဆိုပါဒေသမှာ တိုက်ပွဲများဖြစ်ပွားမှုမရှိတော့ပါကြောင်း သိရှိရပါတယ်။ တိုက်ပွဲရှောင် ဒုက္ခသည် များကို တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များမှ လတ်တလော ဆန် ၂၅ အိတ် ထောက်ပံ့ပေးခဲ့ပြီး၊ ယနေ့တွင်လည်း ဆန် ၁၀၀ အိတ်၊ ကုလားပဲ ၁၅၀ ပိဿာ၊ ဆီ ၅၀ ပိဿာ နှင့် လူသုံးကုန်ပစ္စည်းများ ထပ်မံကူညီထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်။ တိုက်ပွဲရှောင်ဒုက္ခသည်များထဲမှာ ကျောင်းသားကျောင်းသူ ၃၀၀ ဦးခန့်ပါရှိ နေကြောင်း သိရှိရပြီး ယခုချိန်ကာလဟာ အတန်းတင် စာမေးပွဲဖြေဆိုရန် နီးကပ် နေချိန်ဖြစ်တဲ့ အတွက် ကျောင်းသားကျောင်းသူများရဲ့ ငြိမ်းချမ်းစွာ ပညာသင် ကြားရေးနှင့် စိတ်သောက ကင်းဝေးစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် လိုအပ်ပါတယ်။ ကျောင်းသား ကျောင်းသူများ စာမေးပွဲအဆင်ပြေစွာ ဖြေဆိုနိုင် ရေးနှင့် အနာဂတ်ဘဝများဖြောင့်ဖြူးသာယာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ အာဏာလုတိုက်ခိုက်မှုများကို ရပ်ဆိုင်းနိုင်ရေးလုပ်ဆောင်သွားရန် လိုအပ်ပါတယ်။ အလားတူဖစ်စဉ်များ မဖြစ်ပွားစေရန် နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အစဉ်တစ်စိုက် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံ လုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့တို့အကြား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ NCA ပါသဘောတူညီချက်များနှင့်အညီ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို နိုင်ငံတော်သမ္မတ ဦးဆောင်သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ‌တော် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဖွဲ့စည်းကာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးများကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။ အထက်ပါဆောင်ရွက်မှုများကြောင့် NCA လက်မှတ် ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်များရှိရာဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝမရှိ ကြောင်း တွေ့ရှိရပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းများဟာ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူပြီး ထာဝရ ငြိမ်းချမ်းရေးရရှိရန် NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့လိုအပ်ပါတယ်။ နိုင်ငံတော် အစိုးရအနေဖြင့် လည်း နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် NCA လက်မှတ်မထိုးရ သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် စိတ်ရင်း စေတနာမှန်ကန်စွာဖြင့် လက်ကမ်းစောင့်ကြိုလျက်ရှိပါတယ်။ ယနေ့အချိန်မှာလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ထောက်ခံသည့်အခမ်းအနားများ နိုင်ငံအနှံ့အပြားမှာ ကျင်းပလျက်ရှိပါတယ်။ တပ်မတော်အနေဖြင့် NCA စာချုပ်ပါအချက်များကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပါတယ်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်လို့ တပ်မတော်သားများဟာ အလိုလားဆုံးသူများပဲဖြစ်ကြပါတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးကို တိုင်းရင်းသားလူမျိုးများရဲ့ အကျိုး စီးပွားအတွက် အတတ်နိုင်ဆုံးလိုက်လျောဆောင်ရွက်ပေးထားပြီးလည်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ နယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုရဲ့လုံခြုံရေး၊ အသက် အိုးအိမ်စည်းစိမ်နှင့် အကျိုး စီးပွားများကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး ထိပါးနှောင့်ယှက် လာမယ့် မည်သည့်အဖွဲ့အစည်းကို မဆို ဥပဒေနှင့်အညီထိရောက်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေးရရှိဖို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူလူထုမှသာ ဆောင်ရွက်၍မရဘဲ ကျန်ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကပါ ဆောင်ရွက်ရန် လိုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များက လည်း မဲဆန္ဒနယ်မြေအလိုက် ပြည်သူလူထုကို စည်းရုံးပြီး ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ သို့ပါ၍ အဆိုရှင် ကျောက်မဲမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအောင် တင်သွင်းသော အရေးကြီးအဆိုကို လေးလေးနက်နက်ထောက်ခံပါကြောင်း ထာဝရငြိမ်းချမ်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဝိုင်းဝန်းဖြည့်သွားကြပါလို့ ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

‌ဒေါ်နန်းမိုး(မန်တုံမဲဆန္ဒနယ်)။               ။ ယခု ရက်ပိုင်းအတွင်းမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ကျောက်မဲမြို့နယ်နှင့် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင် မြို့နယ်တို့မှ လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေ့စဉ်နှင့်အမျှ စစ်ဘေး တိမ်းရှောင်ထွက်ပြေးနေရတာကို တွေ့မြင်ကြားသိနေရပါတယ်ရှင်။ ယခု အချိန်မှာ ကျောက်မဲမြို့ ပေါ်တွင် လည်းကောင်း၊ နမ့်ခမ်းမြို့နယ်၊ မိုင်ဝေကျေးရွာတွင်လည်းကောင်း စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိ လာကြပြီး စားသောက်ရေး၊ နေထိုင်ရေး၊ သွားလာရေး အတိ ဒုက္ခများ ရင်ဆိုင်တွေ့ကြုံနေရ လျက်ရှိပါ တယ်ရှင်။ လူမူရေးအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှု ကူညီရေးအဖွဲ့များ ကူညီစောင့်ရှောက် ပေးလျက် ရှိနေပါတယ်။ လက်နက်ကိုင်တိုက်ပွဲများ ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေတဲ့ဒေသတွေဟာ လက်ဖက် လုပ်ငန်းကိုသာ အားကိုးမှီခိုလုပ်ကိုင်နေကြတဲ့နေရာ ဒေသဖြစ်ပြီး လုပ်ငန်းခွင်ရွှေဖီချိန် နီးကပ်လာပြီဖြစ်လို့ လုပ်ငန်းပြင်ဆင်လုပ်ကိုင်နေရတဲ့အခါတွေလည်းဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဒီနယ်မြေအေးချမ်းတည်ငြိမ်မှု မရှိဘဲ ကိုယ့်ရပ်ဒေသတွေကို စွန့်ခွာ ထွက်ပြေးပြီးနေရမည်ဆိုပါက တစ်နှစ်တာပတ်လုံး စားဝတ်နေရေးနှင့် စီးပွားရေးကျဆင်းလာပြီး လူမှုဘဝနိမ့်ကျဆုတ်ယုတ်သွားမှာ အမှန်ပဲဖြစ်ပါတယ်ရှင်။ နောက်ပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ပညာရေး၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ဘဝရောက်ရှိနေကြတာလည်း ပညာရေး၊ ကျန်းမာရေးများစွာ ထိခိုက် နစ်နာနေကြရပါတယ်။ ဒါကြောင့် စစ်ပွဲပဋိပက္ခဖြစ်ပွားလျက်ရှိနေတဲ့ ဒေသများရှိ ကလေး သူငယ်များ၊ အမျိုးသမီး များနှင့် အသက်အရွယ်အိုကြီးများအပါအဝင် ဒေသခံပြည်သူများရဲ့ ရုပ်ပိုင်းဘဝ၊ စိတ်ပိုင်းဘဝ ပြန်လည်ထူထောင်ရေးနှင့် လူမှုဘဝ ပြန်လည်ရှင်သန်ရေးဟာ အရေးတကြီးလိုအပ်လျက် ရှိနေတာဖြစ်တဲ့ အတွက်ကြောင့် ဦးစိုင်းထွန်းအောင်ရဲ့အဆိုကို ကျွန်မ ဒေါ်နန်းမိုးက အလေးအနက် ထောက်ခံ ဆွေးနွေး တင်ပြအပ်ပါတယ်ရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ဒေါ်ပြုံးကေသီနိုင်(ကလောမဲဆန္ဒနယ်)။              ။ ကျွန်မတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို အေးချမ်းလုံခြုံ စွာနေထိုင်နိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မယ့် အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးကို ဦးတည်ဆောင်ရွက်ပါမယ်လို့ အဖွဲ့ချုပ်ရဲ့မူဝါဒမှာ အလေးအနက်ဖော်ပြထားပါ တယ်။ တစ်နိုင်ငံလုံးတစ်ပြေးညီ အေးချမ်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ပါး နောက်ကျနေနှင့်ပြီးဖြစ်သော တိုင်းရင်းသားတောင်ပေါ် ဒေသများတွင် ငြိမ်းချမ်းရေးပထမဦးစွာ ရရှိရန်မှာ အဓိကကျတဲ့ အခြေခံ လိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။ တောင်ပေါ်တိုင်းရင်းသားဒေသများဖြစ်တဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ် ဒေသတွင်းရှိ ပြည်သူအများစုဟာ မူလကပင် ဆင်းရဲပင်ပန်းစွာ ဘဝကိုရုန်းကန်နေကြရတဲ့အထဲ လက်နက်ကိုင်ပဋိပက္ခများကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို မိမိတို့ရဲ့ နေအိမ်များကိုစွန့်ခွာပြီး စစ်ပြေးတိမ်းရှောင်လျက်ရှိကြပါတယ်။ အသက်အရွယ်အိုမင်းသူများအဖို့ အင်မတန်မှ ပင်ပန်းဆင်းရဲကြမှာ ဖြစ်သလို လူလတ်ပိုင်းများအနေနဲ့လည်း မိမိတို့လုပ်ငန်းအသီးသီးကို စွန့်ခွာလာကြရတာဖြစ်လို့ အလွန်ပင် ထိခိုက်နစ်နာလှပါတယ်။ စစ်ဘေး ရှောင်ပြည်သူများထဲမှ အမျိုးသမီး ကိုယ်ဝန်သည်နှစ်ဦးဟာ စစ်ဘေး တိမ်းရှောင်ရင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မီးဖွားခဲ့ကြတဲ့အခါ အင်မတန်မှပင်ပန်းခက်ခဲ ကြရတာကို လည်းပဲ ကျွန်မတို့ ကြားသိရပါတယ်။ အထူးသဖြင့် လူမမယ် ကလေးများ လက်နက်ကိုင် ပဋိပက္ခရဲ့ ဒဏ်ရာဒဏ်ချက်များကို အင်မတန်မှ နုနယ်တဲ့အရွယ်မှာခံစားကြရခြင်းဟာ ကျွန်မတို့နိုင်ငံရဲ့ အဖိုးတန် ဆုံးသော လူသားအရင်းအမြစ်ကို ချိနဲ့အားနည်းသွားစေနိုင်တဲ့ အရေးပါလှတဲ့ အချက်များထဲမှ တစ်ချက် ဖြစ်ပါတယ်။

ပြည်တွင်းစစ်ရဲ့ရိုက်ခတ်မှုကြောင့် အမြစ်တွယ်သွားမယ့် လူငယ်များရဲ့ ရင်ထဲက သံသယစိတ်နဲ့ စိုးရိမ် ထိတ်လန့်မှုများဟာ ကျွန်မတို့ရဲ့အနာဂတ်မြန်မာနိုင်ငံတော်ကြီးမှာ ထာဝရ ငြိမ်းချမ်းရေးရရှိခိုင်မြဲ အောင် ဆောင်ရွက်ကြဖို့ရာ အင်မတန်ကြီးမားတဲ့အဟန့်အတားအဖြစ် ပြောင်းလဲသွားနိုင်ကြောင်းကို လည်းပဲ လေးစားစွာသတိပေးလိုပါတယ်။ ဒါကြောင့် ကျောက်မဲ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် တင်သွင်းတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲ မြို့နယ်ဒေသများ အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါ သဖြင့် အမြန်ဆုံး တိုက်ပွဲများရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများရဲ့ လူမှုဒုက္ခများအား အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအား တိုက်တွန်းကြောင်းအရေးကြီးအဆိုကို ကျွန်မအနေနဲ့ လေးလေးနက်နက် ထောက်ခံပါ ကြောင်း တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ဦးထွန်းမြအောင်(ခ)ဦးစောထွန်းမြအောင်(ဖာပွန်မဲဆန္ဒနယ်)။           ။ တိုက်ပွဲဖြစ်ရတဲ့ဒေသက ဆိုလို့ရှိရင် ဒါဟာ လူထုတွေ ဒုက္ခရောက်ပါတယ်။ အဲဒီတော့ တိုက်ပွဲဖြစ်ရတဲ့အကြောင်းနဲ့ပြန်ပြီးတော့ ဆက်စပ်ဖို့လိုပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်ပြီးတော့ တိုက်ပွဲဖြစ်တာလား။ ဒါမှမဟုတ်လည်း နယ်မြေဒေသ မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း နယ်မြေလုပြီးတော့ တိုက်ပွဲဖြစ်နေ တာလား။ ဒါကို အရင်ကျွန်တော်တို့ စူးစမ်းဖို့လို ပါတယ်။ တကယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း နယ်မြေလုပြီးတော့ တိုက်ပွဲဖြစ်နေကြရင်တော့ နှစ်ဖက်တိုက်ပွဲဖြစ်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ဒေသခံလူကြီး တွေက ခေါင်းဆောင်တွေကပူးပေါင်းပြီးတော့ ဒါကို မဖြစ်ဖို့ ညှိနှိုင်းပေးဖို့လိုပါတယ်။ ဒေသခံတိုင်းရင်းသားမှ ညှိနှိုင်းပေးလို့မှမရရင်တော့ဒါက တော်တော်လေး ခက်ခဲတဲ့အခြေအနေ ရှိနေပါတယ်။ ယခုအခြေ အနေဟာလည်း ကျွန်တော်တို့ ထာဝရတိုက်ပွဲ ရပ်စဲဖို့ ကတော့ ခက်ခဲပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်တက်လာမယ့် အစိုးရလက်ထက်မှာ တစ်နိုင်ငံ လုံး အပြစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လုပ်နိုင်မှသာ ထာဝရငြိမ်းချမ်းရေးကို ရနိုင်ပါမယ်။ ကျန်တဲ့ ငြိမ်းချမ်းရေးလက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကလည်း ဒီအခြေအနေကို သူတို့စောင့်နေ ကြတာ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ တင်ပြချင်တာကတော့ စစ်ဘေးရှောင်ဒုက္ခသည်များကို နိုင်ငံတော် အစိုးရထံကို ခုန ပြည်သူ့လွှတ်တော်ကတစ်ဆင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးကနေပြီးတော့ ဆက်လက် ပြီးတော့ အကူအညီတောင်းပေးသလို ရှမ်းပြည်နယ် လွှတ်တော်တွေကလည်း သူ့ဒေသမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ညှိပြီးတော၊့ ရပ်မိ ရပ်ဖ လူကြီးတွေနဲ့ ဒါကို လွှတ်တော်က တစ်ဆင့် ထို့အတူ ပြည်နယ်အစိုးရကိုတင်ပြပြီး‌တော့ တစ်ပြိုင်တည်း ဆောင်ရွက်ပေးနိုင်တာကဖြစ်မြောက် နိုင်မယ့် အစီအစဉ်ရှိပါတယ်။ ပိုအရေးကြီးတာက ယခု လက်ရှိ ၁၀ တန်းစာမေးပွဲနီးလာတဲ့အချိန် အခါမှာ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ အား စားမေးပွဲမဖြေရ၊ စာမကျက်ရဆိုလို့ရှိရင် ပညာရေးက နောင်အနာဂတ်အတွက် သိပ်ရင်လေးစရာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ကျောက်မဲ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် တင်သွင်းတဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသနှင့် ကျောက်မဲမြို့နယ်ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်စဲနိုင်ရေးနှင့် စစ်ဘေးရှောင် ဒုက္ခသည်များ ဖွေရှင်းရေးအဆိုကို လေးလေးနက်နက် ထောက်ခံကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ လေးစားပါတယ်။

ဦးဇော်သိန်း(ဝါးခယ်မမဲဆန္ဒနယ်)။  ။ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ ဖြစ်တဲ့ တိုက်ပွဲတွေက အခုမှ ဖြစ်တာမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ စတင် ဖြစ်ပွားခဲ့ပြီး အခုလ ၇ ရက်နေ့နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖစ်နေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ရွာသူရွာသားတွေမက ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာတော်သံဃာတော်တွေပါ ဒုက္ခ ရောက်ကုန် တာ စိတ်မချမ်းသာစရာပါဘဲ။ အခု နောက်ဆုံးရတဲ့ သတင်းတွေအရ ရွာလုံးကျွတ်လေးရွာ ထွက်ပြေးတိမ်း ရှောင်ရပြီးတော့ ကျောက်မဲမှာ လည်း ဒုက္ခသည်စခန်းတွေဟာ လေးခု၊ အခု ၂၀ လောက်ထိ တိုးပွားလာတယ်လို့ သိရပါတယ်။ ဒုက္ခသည်စခန်း တစ်ခုမှာဆိုရင် တစ်နှစ် အောက်ကလေးတွေဟာ အယောက် ၅၀ လောက်ရှိတယ်လို့ သိရပါတယ်။  အခုလို စစ်ဘေးရှောင်ဒုက္ခ သည်တွေဟာ ရှမ်းပြည်နယ်တစ်ခုသာ မဟုတ်ပါဘူး။ တစ်ခြား ပြည်နယ်တွေမှာလည်း ရှိတယ်ဆိုတာ ကျွန်တော်တို့က မေ့ထားလို့မရပါဘူး။ ကချင်ပြည်နယ်မှာဆိုရင် စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းခန့် ရှိနေပါတယ်။ ရခိုင်ပြည်နယ်မှာ မြောက်ဦး၊ ကျောက်တော်နဲ့ မင်းဖျားတွေမှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခ သည်စခန်းတွေမှာ အခုဆိုရင် သောက်သုံးရေ တွေ အရေးတကြီး လိုအပ်နေပါတယ်။ ပြည်တွင်းစစ်မီး လက်နက်ကိုင် ပဋိပက္ခဟာ အမှန်တော့ လွတ်လပ်ရေးရပြီး ကတည်း က ၁၉၄၈ ခု မတ်လကစတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအတိုင်းနဲ့ မပြီးသေးပါဘူး။ ဘယ်တော့ပြီး မယ် ဆိုတာလည်း မသိပါဘူး။ ပြည်တွင်းစစ်ဟာ ဘယ်သူ့ အတွက်မှ မကောင်းပါဘူး။ ညီအစ်ကို မောင်နှမတွေ တစ်နိုင်ငံတည်းသားတွေ အချင်းချင်းအကြမ်းဖက် သတ်ဖြတ် နေတာ လုံးဝ မသင့်တော်ပါဘူး။ လွှတ်တော် သစ်၊ အစိုးရသစ်ဖြစ်ပေါ်လာတော့မှာကို ကြိုဆိုနေတဲ့ နိုင်ငံတကာ မိသားစုတွေအနေနဲ့ လည်း စိုးရိမ် ပူပန်မှုတွေဖစ်နေကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသား အရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး သဘောထားမှာ တိုင်းရင်းသားများသည် အချင်းချင်းကြား ဖြစ်ပေါ်နေ သော ပြဿနာများကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုင်းတွင်ဖြေရှင်းသော နည်းဖြင့် ဖြေရှင်းသင့် တယ်လို့ အတိအလင်းဆိုထားပါတယ်။ ကျောက်မဲနယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခသာမက တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို စစ်မှန်တဲ့စေတနာ၊ စစ်မှန်တဲ့အပြန်အလှန် လေးစားမှု၊ စစ်မှန်တဲ့ ပင်လုံ စိတ်ဓာတ်နဲ့သာလျှင် စားပွဲဝိုင်းမှာ လူချင်းတွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းမှအောင်မြင် မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသနဲ့ ကျောက်မဲ မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများရပ်ဆိုင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ရှမ်းပြည်နယ် အစိုးရ တို့က သက်ဆိုင်ရာတွေကို စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းဖို့နဲ့ စစ်ဘေးရှောင် ပြည်သူများရဲ့ လူမှုဒုက္ခတွေကို အမြန်ဆုံးဖြေရှင်းဖို့ ဆွေးနွေးရင်းနဲ့ ကျောက်မဲ မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအောင်ရဲ့ အရေး ကြီးအဆိုကို လေးလေးနက်နက် ထောက်ခံတင်ပြအပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဗိုလ်မှူးသူရိန်ဇော်(တပ်မတော်သားကိုယ်စားလှယ်)။                 အဆိုပါဖြစ်စဉ်မှာ RCSS/SSA နဲ့ TNLA လက်နက်ကိုင်အဖွဲ့တို့ အချင်းချင်းနယ်မြေကျော်လွန်ရာမှတစ်ဆင့်‌ ဖြစ်စဉ်များဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ၎င်းတို့ အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်ပေမယ့်လည်း တပ်မတော်အနေနဲ့ ၎င်းဒေသ များသို့ သွားရောက် ရှင်းလင်း၍ တိုက်ပွဲရှောင် ပြည်သူများအား လိုအပ်သောအကူအညီများ ပေးအပ်လျက် ရှိပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းမှသာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံတော်တည်ငြိမ်းအေးချမ်းမှုရရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ြဖင့် ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ (၆၈) နှစ်‌ မြောက်ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားခဲ့သော်လည်း အကြောင်း ကြောင်းကြောင့် လက်မှတ်ရေးထိုးနိုင်ြခင်းမရှိတာကို တွေ့ရှိရပါတယ်။ သို့သော်လည်း ပြည်သူများ မျှော်လင့်ချက်မဆုံးရှုံးရအောင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုချက်ကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ပြည်ထောင်စုဝန်ကြီး ၁၄ ဦး၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်ငါးဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော် ကိုယ်စားလှယ်သုံးဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်နယ် ပြန်လည်ထူးထောင် ရေးကောင်စီ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၅၅ ဦး လက်မှတ်ရေးထိုးခဲ့တာကို တွေ့ရှိရပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း ၁၂-၂-၂၀၁၆ ရက်နေ့မှာ (၆၈)မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ရန်ရောက်ရှိလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များအား မြန်မာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)မှာတွေ့ဆုံ၍ ယနေ့ မိမိတို့တိုင်းပြည်အတွက် အလိုအပ်ဆုံးမှာ ပြည်တွင်း ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း ပြည်သူများ၏ ဆန္ဒနှင့်လိုလားတောင့်တမှုမှာ လည်း ငြိမ်းချမ်းရေးပင် ဖြစ်ကြောင်း အခက်အခဲများ စိန်ခေါ်မှုများအမျိုးမျိုးပင်ရှိနေသော်လည်း ငြိမ်းချမ်း ရေး ရယူလိုသော သဘောထားများမှာ အဖွဲ့အစည်းအသီးသီးတွင်ရှိနေသော တူညီသော အချက်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း (၆၈)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ၁၃-၂-၂၀၁၅ ရက်နေ့မှာ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမဆောင်၌ တွေ့ဆုံပြီးတော့ မိမိတို့အားလုံးသည် ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် တူညီသော သဘောထားများဖြင့် လျှောက်လှမ်းနေကြပါကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကိုသွားမည် ဆိုပါက တည်ငြိမ်အေးချမ်းမှုများ မရှိမဖြစ်လိုအပ်ပါကြောင်း၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးသည် ဆူပူအကြမ်းဖက်မှု လက်နက်ကိုင်ပဋိပက္ခများဖြင့် ဖြေရှင်းခြင်းဖြင့် မရနိုင်ကြောင်း၊ သင်ခန်းစာရ ခဲ့ပြီဖြစ် ကြောင်း နိုင်ငံတော်ရဲ့လိုအပ်ချက်များဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့အား တပ်မတော်၏ အမျိုးသားရေးမူဖြင့် ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေး ဆက်လက်ဆောင်ရွက်ရန် လက်မှတ်ရေးထိုး ခဲ့သော အဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း၊ အလားတူ လက်မှတ်ရေးထိုးရန်ကျန်ရှိသော အဖွဲ့များကိုလည်း တိုင်းပြည် အကျိုး၊ ပြည်သူလူထုအကျိုး ရှေးရှု၍ စဉ်းစားဆောင်ရွက်စေရန်တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်မှုကြောင့်လည်း ၁၅-၁၀-၂၀၁၅ ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ် ဖွဲ့တို့အကြား ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ်ကို နေပြည်တော်၌ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပအသိ သက်သေ များက လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

တပ်မတော်အနေနဲ့လည်း လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေးနဲ့ပတ်သက်၍ မူဝါဒ ခြောက်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းမူဝါဒများကတော့ (၁) ထာဝရငြိမ်းချမ်းရေး ရယူရန် အတွက် အမှန်တကယ်ဆန္ဒရှိရန်၊ (၂) သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ (၃) ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ (၄) ဒေသခံ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ် စေရန်၊ (၅) နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲ ဥပဒေများကို လိုက်နာရန်၊ (၆) ဒို့တာဝန် အရေးသုံး  ပါနဲ့ ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်  ဒီမိုကရေစီ လျှောက်လှမ်းနေ ဖို့မှုတွင် လိုက်ပါလုပ်ဆောင်ရန်တို့ ဖြစ်ပါတယ်။ ဖော်ပြပါမူဝါဒများနှင့်အညီ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အစဉ်အမြဲဖိတ်ခေါ် ဆောင်ရွက်လျက်ရှိနေပါသည်။ သို့ဖြစ်ပါ၍ ဦးစိုင်းထွန်းအောင် ကျောက်မဲမဲဆန္ဒနယ်၏ အရေးကြီး အဆိုနှင့်ပတ်သက်၍ ကျောက်မဲ၊ နမ့်ခမ်းဒေသတွင် လှုပ်ရှားလျက်ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် နယ်မြေခံ ပြည်သူလူထု အကျိုးကိုရှေးရှုပြီး ငြိမ်းချမ်းရေးနည်းလမ်း ဖြင့်သာ ပြဿနာများကို ဖြေရှင်းဆောင်ရွက်သင့်ပါကြောင်း ထောက်ခံဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။

ဦးဌေးဝင်းအောင်(ဒေါပုံမဲဆန္ဒနယ်)။                 ။ လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ)ပြုံးချို ဖြစ်ပါတယ်။ မနေ့က ဒီလွှတ်တော်မှာ ကန့်ကွက်မဲမရှိ ထောက်ခံမဲအများစုရရှိထားတဲ့ ဦးစိုင်းထွန်းအောင် ကျောက်မဲ မဲဆန္ဒနယ်ရဲ့အဆိုကို ကျွန်တော်တို့ ဒုတိယအကြိမ် လွှတ်တော်ကြီးကနေပြီးတော့ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်အောင် ကျွန်တော် ဖြည့်စွက်ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များဟာ တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူလူထုရဲ့အကျိုးအတွက် တကယ်ပဲ ပြည်သူလူထုကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုတဲ့ လုပ်ငန်းစဉ်ကို ချပြဖို့ရာ မကြာခင်မှာပဲ အဆုံးအဖြတ် ရယူရမယ့် အရေးကြီးအဆို လည်း ဖြစ်လာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)၊ ပုဒ်မ ၂၈၁ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိ နယ်မြေ၏အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင် ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသို့ တင်ပြရ မည်ဟု ပြဋ္ဌာန်းထားပါတယ်။ ယခု ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ကနေ ရှင်းရှင်းလင်းလင်း သိရှိနိုင်အောင်အတွက် နောက် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက်ချမှတ်ဆောင်ရွက် နိုင်အောင်အတွက် အဲဒီအစီရင်ခံစာတင်ပြချက်တွေနဲ့ ဆက်စပ်ပြီး တော့ လွှတ်တော်က အဆုံးအဖြတ် ရယူမယ့်အဆိုမှာ အနည်းငယ်ဖြည့်စွက်စရာတွေကို လွှတ်တော် အနေနဲ့ စဉ်းစားစေချင်ပါတယ်။ အဲဒါကတော့ ဦးစိုင်းထွန်းအောင် တင်ပြထားတဲ့အဆိုထဲမှာပါတဲ့ နိုင်ငံတော် အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းများကို တိုက်တွန်းကြောင်းဆိုတဲ့ နေရာမှာ နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်းများသို့ တိုက်တွန်းခြင်းဆိုတဲ့ ဖြည့်စွက်ချက်မျိုးကို ထပ်မံဖြည့်စွက်ရင် ပိုသင့်တော်မယ်လို့ ကျွန်တော့် အနေနဲ့ အကြံပြု တင်ပြလိုပါတယ်။

ဆက်လက်ပြီးတော့ တိုက်ပွဲများဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ ဆက်နွှယ်တဲ့အကြောင်းအရင်းတွေမှာ စစ်ဘေး ရှောင်ပြည်သူတွေ ၃၀၀၀ ကျော် ရှိနေပြီလို့ကြားသိရပါတယ်။ အဲဒီထဲမှာမှ မကြာခင် တက္ကသိုလ်ဝင်  တန်းစာမေးပွဲကိုဖြေဆိုရမယ့် ကျောင်းသားကျောင်းသူ ၅၄ ယောက်ရှိပါတယ်။ သူတို့ တွေဟာ ကြောက်ရွံ့ ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာတွေရှိပါတယ်။ တဖက်မှာလည်း ကျောက်မဲမြို့ကနေပြီးတော့ ၃၅ မိုင်နဲ့ ၄၂ မိုင်ကြားကာလမှာ အပစ်အခတ်ကြားမှာပိတ်ဆို့နေတဲ့ ဒေသခံပြည်သူတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအခက်အခဲတွေ၊ လူမှုဒုက္ခတွေကို ဖြေရှင်းနိုင်အောင်အတွက် အကူအညီပေးရေး အဖွဲ့ တွေ၊ ထောက်ပံ့ရေးပစ္စည်းတွေ လွယ်ကူချောမောစွာ လုံလောက်အောင်ရ ရှိနိုင်ဖို့အတွက် အရေးတကြီး ဆောင်ရွက်ဖို့လည်း လိုပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈) နိုင်ငံသား များ၏မူလအခွင့် အရေးနှင့် တာဝန်များခေါင်းစဉ် အောက်ပါ ပုဒ်မ ၃၈၇ အရ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး စိတ်ဝမ်း မကွဲပြားရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်လို့ ပြဋ္ဌာန်း ထားတာ ရှိပါတယ်။

နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ကျွန်တော်တို့ လွှတ်တော်ကြီးကနေ ပြီးတော့ တိုက်ပွဲ တွေကြားထဲမှာ ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးခြင်း၊ ထောက်ပံ့ရေးအဖွဲ့ပစ္စည်းများ လွယ်ကူစွာ၊ လုံလောက်စွာရရှိနိုင်ရေးအတွက် ကုစားမှုတွေကို နည်းလမ်း ရှာဖွေဆောင်ရွက်မယ်ဆိုလို့ရှိရင် အခုအရေးကြီးအဆိုပါလူမှုဒုက္ခများအားအမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေး နိုင်ရေးတိုက်တွန်းချက်ကို ပိုမိုလက်တွေ့ကျ ထိရောက်နိုင်မယ်လို့  တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူး တင်ပါတယ်။

အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ရှင်းလင်းဖြေကြားရာတွင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ မိုင်းတုံမြို့၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန် ကျေးရွာ အနီးတစ်ဝိုက်မှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး RCSS နဲ့ TNLA အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူများဟာ ကျောက်မဲမြို့၊ မိုင်းတုံမြို့၊ မိုင်းကော်မြို့နှင့် မိုးမိတ်မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ တိုက်ပွဲများဖြစ်ပွားခြင်း မတိုင်မီမှာ တိုက်ပွဲဖြစ်ပွားရာကျေးရွာအချို့မှ ရွာသားများနေထိုင်မှုအခြေအနေနဲ့ကတော့ တော့ဆန်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်းကိုးရွာ၊ အိမ်ခြေ ၆၁၈ လုံး၊ အိမ်ထောင်စု ၆၁၄ စု၊ လူဦးရေ ၃၀၈၆ ဦး နေထိုင်ခဲ့ပါတယ်။ ညောင်ဝန်းကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ခုနစ်ရွာ၊ အိမ်ခြေ ၁၆၄ လုံး၊ အိမ်ထောင်စု ၁၆၄ စု၊ လူဦးရေ ၁၂၉၃ ဦး၊ မင်းကုန်း ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ခြောက်ရွာ၊ အိမ်ခြေ ၃၇၉ လုံး၊ အိမ်ထောင်စု ၃၇၉ စု၊ လူဦးရေ ၁၆၉၆ ဦး၊ ပန်ဆန်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ခြောက်ရွာ၊ အိမ်ခြေ ၅၁၀ လုံး၊ အိမ်ထောင်စု ၅၁၀ စု၊ လူဦးရေ ၂၆၁၇ ဦး စုစုပေါင်း ကျေးရွာအုပ်စု လေးစု၊ ကျေးရွာပေါင်း ၂၈ ရွာ၊ အိမ်ခြေ ၁၆၇၁ လုံး၊ အိမ်ထောင်စု စုစုပေါင်း ၁၆၆၇ စု၊ လူဦးရေ စုစုပေါင်း ၈၆၉၂ ဦးနေထိုင်ခဲ့ပါတယ်။ အဆိုပါ ကျေးရွာ အုပ်စုလေးခုမှ ကျေးရွာသူကျေးရွာသားများဟာ လက်ရှိကာလအတွင်း လက်နက်ကိုင်အဖွဲ့အချင်းချင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် ကျောက်မဲမြို့နယ်၊ မိုင်းတုံမြို့များသို့ စစ်ဘေးရှောင်ရှားခဲ့ရာမှာ  ၁၆ ရက်နေ့အထိ  ထွက်ပြေးတိမ်းရှောင်လာသူများကို ကယ်ဆယ်ရေးစခန်း ၁၇ ခုမှာ ဖြန့်ခွဲထားရှိပါ တယ်။ ဖြန့်ခွဲထားရှိတဲ့ ကယ်ဆယ်ရေးစခန်းများကတော့ ကျောက်မဲမြို့နယ်၊ သီဟိုဠ်ဘုန်းကြီးကျောင်းမှာ စုစုပေါင်း ၃၅၇ ဦး၊ အောင်စုပန်ဘုန်းကြီးကျောင်းမှာ ၁၆၇ ဦး၊ ရှမ်းကျောင်းကြီးဘုန်းကြီးကျောင်းမှာ ၂၅၆ ဦး၊ ရွှေညောင်ပင် ဘုန်းကြီးကျောင်းမှာ ၅၀ ဦး၊ သိမ်နီးဘုန်းကြီးကျောင်းမှာ ၄၈ ဦး၊ တောင်နောက်ရွာ ဘိုးဘွားရိပ်သာမှာ ၂၈၄ ဦး၊ တောင်နောက်ရွာဘုန်းကြီးကျောင်းမှာ ၂၁၂ ဦး၊ နမ့်စလင်းဘုန်းကြီး ကျောင်းမှာ ၂၃၆ ဦး၊ ရေဦးဘုန်းကြီးကျောင်းမှာ ၂၉၁ ဦး၊ ရွှေကျောင်းဘုန်းကြီး ကျောင်းမှာ ၉၆ ဦး၊ ဝေဠုဝန်ဘုန်းကြီးကျောင်းမှာ ၈၀ ဦး၊ ကန်ပိန်းဘုန်းကြီး ကျောင်းမှာ ၉၉ ဦး၊ အောင်မင်္ဂလာဘုန်းကြီး ကျောင်းမှာ ၄၈ ဦး၊ တိလင်ဘုန်းကြီးကျောင်းမှာ ၂၁၅ ဦး၊ နန့်ပိန်ဘုန်းကြီး ကျောင်းမှာ ၁၇၅ ဦး၊ ပိန္နဲရွာဘုန်းကြီးကျောင်းမှာ ၈၅ ဦး၊ မိုးမိတ်၊ နမ့်ပတ်ကျေးရွာအုပ်စု၊ နမ့်ပတ်ရွာ ဘုန်းကြီးကျောင်းမှာ ၈၆ ဦး စုစုပေါင်း ကျား ၁၀၉၃ ဦးနှင့် မ ၁၉၆၂ ဦး စုစုပေါင်း ကျားမ ၂၇၈၅ ဦးတို့ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

        ကျောက်မဲမြို့နယ်အတွင်း ရောက်ရှိခိုလှုံလျက်ရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီ ကယ်ဆယ်ရေး၊ စားသောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး စတဲ့ကိစ္စတွေကို စီမံဆောင်ရွက်နိုင်ဖို့အတွက် ကျောက်မဲမြို့နယ်၊ စီမံခန့်ခွဲမှု ကော်မတီမှ ကြီးကြပ်မှုကော်မတီနဲ့ လုပ်ငန်းကော်မတီရှစ်ခုကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါတယ်။  ဖွဲ့စည်းထားတဲ့ ကော်မတီများအနေနဲ့ကတော့ စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရေးကြီးကြပ်မှုကော်မတီ၊ စခန်းလုံခြုံရေးကော်မတီ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်ကြားရေးကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ အလှူငွေလက်ခံရေးနှင့် ဖြန့်ဝေ ထောက်ပံ့ရေးလုပ်ငန်းကော်မတီ၊ ပညာရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဒုက္ခသည်စခန်း လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုပို့ဆောင်ရေးလုပ်ငန်း ကော်မတီိ၊ နေရာချထားရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာနမှာလည်း အဆိုပါဒုက္ခသည်များအတွက် ထောက်ပံ့မှုများပြုလုပ် ဆောင်ရွက် ပေးလျက်ရှိတဲ့အပြင် ကျောက်မဲမြို့နယ်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာများ၊ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများ လှူဒါန်းမှုအနေနဲ့ကတော့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ လူသုံးကုန်ပစ္စည်းတန်ဖိုး ကျပ် ၂၄၂.၄၇ သိန်း၊ စားသောက်ကုန် ပစ္စည်းတန်ဖိုး ကျပ် ၅၀၉.၇၀၂ သိန်း၊ ကျွေးမွေးမှုစရိတ်တန်ဖိုး ကျပ် ၂၆၀.၁၁၅ သိန်း စုစုပေါင်း ကျပ်သိန်းပေါင်း ၁၀၁၂.၂၅၄ သိန်းဖိုး ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်းနှင့် လိုအပ်မှုများကိုလည်း ဆက်လက်ဖြည့်‌ဆည်း ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေနဲ့ လည်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ လုံခြုံရေး အတွက် စစ်ဘေးရှောင် ဒုက္ခသည်စခန်းလုံခြုံရေး ကော်မတီကို ဖွဲ့စည်းထားရှိပြီး ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းဖွဲ့စည်းကာ ဒုက္ခသည်စခန်းလုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း အလေးအနက်ထား ဆောင်ရွက်ပေး လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒေသအတွင်းတိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မင်းကုန်းကျေးရွာအုပ်စုနေ ဒေသခံ အမျိုးသား ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှာ မင်းကုန်း ကျေးရွာနေ ဦးဌေးဦးဟာ ၉ ရက်နေ့မှာ လွတ်မြောက်လာခဲ့ကြောင်းနှင့် ကျန်ခုနစ်ဦးမှာ သတ်ဖတ်ခြင်း ခံခဲ့ကြောင်း သိရှိရပါတယ်။ သတ်ဖတ်ခြင်းခံသူများကို စိစစ်ဖော်ထုတ်ချက်များအရ ဦးသုမန(၄၈)နှစ်၊ အဖ ဦးမန်းငဲ၊ မင်းကုန်းကျေးရွာ၊ ဦးမုလိန္ဒ(၅၃)နှစ်၊ အဖ ဦးပညာ၊ မင်းကုန်းကျေးရွာ၊ ဦးအာနန္ဒ(၄၅)နှစ်၊ မော်တောင်းရွာ၊ ဦးအိုက်ခေး (၂၈)နှစ်၊ အဖ ဦးမောင်၊ မော်တောင်းရွာ၊ ဦးဟန်ဦး(၃၈)နှစ်၊ အဖ ဦးဘာပ၊ မော်တောင်းရွာ၊ ဦးထွန်းဦး (၄၈)နှစ်၊ အဖ ဦးစော၊ ဟိုခိုရွာနှင့် ဦးအိုက်မိန်း(၃၂)နှစ်၊ အဖ ဦးရီ၊ မင်းကုန်းကျေးရွာတို့ဖြစ်ကြောင်း စိစစ်ဖော်ထုတ်သိရှိရပါတယ်။

        ဒါ့အပြင် ညောင်ပေါင်းကျေးရွာအုပ်စုမှာရှိတဲ့ ညောင်ပေါင်းဘုန်းကြီးကျောင်းမှ ကျောင်းတိုင် ဆရာတော်ဦးသုစိတ္တအား ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ၎င်းကျောင်းထိုင်ဘုန်းကြီးကျောင်းကို ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်မှုများအတွက် ဥပဒေနဲ့အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒါ့အပြင် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများကြောင့် အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းနှစ်ကျောင်း၊ မူလတန်းကျောင်း ၃၀ ပိတ်ထား ခဲ့ရပြီး ကျောင်းသား ၁၂၇၅ ဦး၊ ကျောင်းသူ ၁၄၇၉ ဦး ပေါင်း ၂၇၅၄ ဦး၊ ကျောင်းဆရာ ၂၅ ဦး၊ ကျောင်းဆရာမ ၁၄၄ ဦး ပေါင်း ၁၆၉ ဦး စုစုပေါင်း ၂၉၂၃ ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသော ကျောင်းသားကျောင်းသူများကို သီဟိုဠ်ဘုန်းတော်ကြီးကျောင်းမှာ ထား ရှိပြီး အတန်းပညာရပ်များ သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ အခြေပြုရာ နေရာမှာ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများဟာ ပညာရေးဌာနအပါအဝင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဆန် ၁၉၃ အိတ်၊ ဆီ ၁၀၅ ပိဿ၊ အဝတ် အထည်၊ အစားအသောက်၊ ကျောင်းသုံးဗလာစာအုပ်၊ ငွေသားကျပ်သိန်း ၅၀ ထောက်ပံ့ဆောင်ရွက် ထားရှိ ကြောင်းနှင့် လိုအပ်ချက်များကိုလည်း ဆက်လက်ဖြည့်‌ဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ် ပါတယ်။ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအနီး RCSS နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများကို စခန်းများ ဖွင့်လှစ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးအတွက် ကျောက်မဲမြို့နယ် ဆေးရုံအုပ်ကြီးဦးဆောင်ပြီး လက်ထောက်ဆရာဝန်တစ်ဦး၊ ကျန်းမာရေးကြီးကြပ်တစ်ဦးပါဝင်တဲ့ လှည့်‌လည်ဆေးကုသရေးနှင့် ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့အပါအဝင် အခြေပြုကျန်းမာရေးအဖွဲ့ ၁၄ ဖွဲ့၊ ဝန်ထမ်းဦးရေ ၄၁ ဦးနဲ့ဖွဲ့စည်း ထားရှိပြီး လိုအပ်သည့်‌ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကာကွယ်ပေးရေးလုပ်ငန်းများကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက် ရှိကြောင်း တင်ပြအပ်ပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်၍ ခန့်မှန်းလူနာ ၅၄၆ ဦးကို ပြုစု စောင့်‌ရှောက်ပေးခဲ့ပြီး ၎င်းမှ ဆေးရုံသို့လွှဲအပ်လူနာ ၂၅ ဦးနှင့် တိုက်ပွဲအတွင်းမှာ ဗုံးစထိမှန်သူ ငါးဦးတို့ကို လည်း ဆေးကုသပေးခဲ့ပါတယ်။ ဗုံးစထိမှန်သူ ငါးဦးအနက် သုံးဦးကိုတော့ ကျန်းမာရေးလိုအပ်ချက်အရ ကျောက်မဲဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့ ပို့ဆောင် ကုသမှုများခံယူစေလျက်ရှိကြောင်း တင်ပြအပ်ပါ တယ်။ သို့ပါ၍ အဆိုပါ လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ ရတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၇၈၅ ဦးတို့ကို ကျောက်မဲမြို့နယ်အတွင်း ဌာနဆိုင်ရာများပါဝင်တဲ့ ကြီးကြပ်မှုကော်မတီ၊ လုပ်ငန်းကော်မတီတို့နှင့် ကယ်ဆယ်ရေးစခန်း ၁၇ ခု ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် စခန်းအသီးသီးမှာ ကြိုတင်ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများ၊ ကူးစက်ရောဂါ စောင့်ကြည့်ခြင်းလုပ်ငန်းများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး အပါ အဝင် အစားအသောက်များ ရောဂါကင်းရှင်းရေး ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် စခန်းလုံခြုံရေးနှင့် နယ်မြေလုံခြုံရေးတို့ကိုလည်း အလေးအနက်ထားဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်မြင့်နွယ် က ရှုင်းလင်းဖြေကြားရာတွင်

မိမိအနေဖြင့် တိုက်ပွဲဖြစ်ပွားမှုအခြေအနေအကျဉ်းချုပ်နှင့် တပ်မတော်မှနယ်မြေရှင်းလင်းဆောင်ရွက်မှု အခြေအနေများကို အကျဉ်းချုပ်ရှင်းလင်း တင်ပြသွားမှာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကမ်းလှမ်းဖိတ် ခေါ်ခဲ့တဲ့အချိန်က ၂၀၁၁ ခုနှစ် သြဂုတ်လမှစပြီး တပ်မတော်က ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ် ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအနီးတဝိုက်တွင် TNLA သောင်းကျန်းသူ အဖွဲ့နှင့် SSA ရွက်ဆစ်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေမှုနှင့်ပတ်သက်၍ အကျဉ်းချုပ် တင်ပြလိုပါတယ်။ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအနီးတဝိုက်တွင် TNLA သောင်းကျန်းသူအဖွဲ့နှင့်  SSA ရွက်ဆစ် အဖွဲ့တို့ဟာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တော့ဆန်ကျေးရွာအနီး၌ တိုက်ပွဲများဆက်လက် ဖြစ်ပွားခဲ့ရာ TNLA သောင်းကျန်းသူ အဖွဲ့များ ပြန်လည်ထွက်ခွာစဉ် တော့ဆန်ရွာမအရှေ့ကျေးရွာ အစွန်ရှိ နေအိမ်လေးလုံးအား မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တော့ဆန် ကျေးရွာမြောက်ဘက် ဘုရားကုန်း၌ အပြန်အလှန် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ညောင်ပင်လှကျေးရွာရှိ လူနေအိမ်တစ်လုံး လက်နက်ကြီးထိမှန်၍ မီးလောင် ပျက်စီးခဲ့ကြောင်း၊ ၎င်းအပြင် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် TNLA  သောင်းကျန်းသူအဖွဲ့သည် တော့ဆန် ဈေးကုန်းကျေးရွာရှိ ဒေသခံခြောက်ဦးနှင့် ဘုန်းတော်ကြီးနှစ်ပါးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။ အဆိုပါလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းနှစ်ခု အနက် RCSS မှာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA မှာ လက်မှတ်ရေးထိုးပြီး ဖြစ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ကျောက်မဲမြို့နယ်၊ တော့ဆန် ကျေးရွာအနီးတဝိုက်မှာ TNLA သောင်းကျန်းသူအဖွဲ့နှင့် SSA ရွက်ဆစ် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ နယ်မြေရှင်းလင်းဆောင်ရွက်မှုများကို ဆက်လက် ရှင်းလင်းတင်ပြသွား မှာဖြစ်ပါတယ်။

        ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအနီးတဝိုက်မှာ TNLA သောင်းကျန်းသူအဖွဲ့နှင့် SSA ရွက်ဆစ်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေမှုနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုအတွက်  အောက်ခြေအဆင့်နှင့် အဖွဲ့အစည်းခေါင်းဆောင်အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုများကို မြေပြင် သတင်း ကြားသိချက်များအရလည်းကောင်း၊ နှစ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်များအရ လည်း ကောင်း၊ တိုင်းရင်းသားညီအစ်ကိုအချင်းချင်းဖြေရှင်းနေမှုကြောင့်လည်းကောင်း စောင့်ကြည့်လျက် ရှိသော် လည်း ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဖြစ်စဉ်များကြားသိနေရမှုကြောင့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ခုနှစ် အခန်း(၁) ပုဒ်မ ၂၀ ပုဒ်မခွဲ(င)အရ လည်းကောင်း၊ အခန်း(၇) ပုဒ်မ ၃၄၁ အရလည်းကောင်း ပြဋ္ဌာန်းချက်များနှင့်အညီ နယ်မြေခံတပ်မ ဌာနချုပ်ကွပ်ကဲမှု အောက် တပ်ရင်းသုံးရင်းဖြင့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့မှစတင်ပြီး နယ်မြေ ရှင်းလင်းခဲ့ တဲ့နေရာမှာ တပ်မတော်စစ်ကြောင်းများနှင့် TNLA သောင်းကျန်းသူ အဖွဲ့တို့ဟာ ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်းလေးကြိမ် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ တပ်မတော်စစ်ကြောင်းများမှ တော့ဆန်ကျေးရွာအနီးတဝိုက်၌ နယ်မြေရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီတိုက်ပွဲတွေကြောင့် စိုးရိမ်မကင်းဖြစ်ကြရတဲ့ ပြည်သူလူထုဟာ မိမိနေရပ်များမှ ရှောင်တိမ်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။ မြေပြင်သတင်းများအရ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ဒေသ အတွင်းမှာ နေရပ်စွန့်ခွာရှောင်တိမ်းသူများစာရင်းမှာ ၁၀-၂-၂၀၁၆ ရက်နေ့မှ ၁၄-၂-၂၀၁၆ ရက်နေ့အထိ ကျား ၁၄၃၇ ဦး၊ မ ၂၁၈၇ ဦး စုစုပေါင်း ၃၆၂၄ ဦးရှိကြောင်း သိရှိရပါတယ်။ စစ်ဘေးရှောင်ပြည်သူများရဲ့ နေထိုင်စားသောက်ရေးအတွက် ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မိုင်းလုံတပ်စခန်း၊ မြို့နယ်ရဲစခန်း၊ မြို့နယ်ရပ်မိရပ်ဖများမှ ပူးပေါင်း ကူညီဆောင်ရွက်ပေး လျက်ရှိပါတယ်။

        ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်စဉ်များမှာ NCA လက်မှတ်ရေးထိုးပြီးသော RCSS နှင့် TNLA လက်နက်ကိုင်တိုင်းရင်းသားအချင်းချင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိခြင်းဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအချင်းချင်း အောက်ခြေနှင့်ခေါင်းဆောင်ပိုင်းများလည်း အကြိမ်ကြိမ် ဆွေးနွေး ညှိနှိုင်းနေကြကြောင်း သိရှိရပါတယ်။ တပ်မတော်အနေဖြင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်း အချင်းချင်း ဖြေရှင်းနေမှုအပေါ် ပြေလည်စေရေး စိတ်ရှည်စွာအချိန်ယူစောင့်ပေးနေသော်လည်း မပြေလည် သည့်အပြင် ယခုရက်ပိုင်းအတွင်းမှာ အပြန်အလှန် ကျေးရွာလူထုနှင့် ဘာသာရေး အဖွဲ့အစည်းများကိုပါ ဖမ်းဆီးသတ်ဖြတ်မှုများရှိလာသဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်မှစ၍ ယခုဖြစ်စဉ် ဖြစ်ပွားလျက်ရှိတဲ့ ကျောက်မဲမြို့နယ်အတွင်း RCSS သို့ သတိပေးကန့်ကွက်၍ နယ်မြေအတွင်းမှ ပြန်ထွက်စေခြင်း၊ TNLA အဖွဲ့အား ကြိုတင်သတိပေး၍ နယ်မြေရှင်းလင်းခြင်းများ  ဆောင်ရွက်လျက်ရှိနေပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ က ရှင်းလင်းဖြေကြားရာတွင်

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်လို့ နိုင်ငံတော်အဆင့်မှာ ကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းထားသလို တိုင်းဒေသကြီး/ ပြည်နယ်အဆင့်မှာလည်း ဝန်ကြီးချုပ်များက ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်တဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ခရိုင်/မြို့နယ် အဆင့်အထိ အဆင့်ဆင့်ဖွဲ့စည်းထားရှိ ပြီးဖြစ်ပါတယ်။ ယခု စစ်ဘေးရှောင်ပြည်သူများနှင့်ပတ်သက်၍ ဆောင်ရွက်ရာမှာ ဗဟိုမှ လိုအပ်ချက်များကို ထောက်ပံ့ပေးပြီး သက်ဆိုင်ရာပြည်နယ်အစိုးရများက ဦးဆောင်ဖြေရှင်းရတဲ့ ကိစ္စဖြစ်ပါတယ်။ ယခုဖြစ်စဉ်မှာ ကနဦးအနေနဲ့ သက်ဆိုင်ရာပြည်နယ်၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ဘေးသင့်အိမ်ထောင်စု ၅၅၀ စုနှင့် ဘေးသင့်ပြည်သူ ၂၇၄၄ ဦးတို့အတွက် တစ်နေ့လျှင် လူတစ်ဦးကို ဆန်နှစ်ဗူးနှုန်းနှင့် ဆန်ခုနစ်ရက်စာ ၅၇၆၂၄၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းကိုးမျိုးဖြစ်တဲ့ ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ မျက်နှာသုတ်ပုဝါ၊ စောင်၊ ခြင်ထောင်၊ ကာဘော်လစ်ဆပ်ပြာ၊ ဒန်အိုး၊ ဇလုံပါ ယူနစ် ၅၅၀ တန်ဖိုး ၁၂၁၃၆၃၀၀ ကျပ်ကို ၁၅-၂-၂၀၁၆ ရက်နေ့မှာ ထောက်ပံ့ပေးခဲ့ပါတယ်။ စုစုပေါင်း ၁၇၈၉၈၇၀၀ တန်ဖိုးရှိတဲ့ပစ္စည်းနဲ့ ငွေများ ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြည်နယ်ဦးစီးမှူးကိုယ်တိုင်လည်း ကျောက်မဲမြို့ ကိုရောက်ရှိပြီး ပြည်နယ်အစိုးရရဲ့ဦးဆောင်မှုနှင့် စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါတယ်။  ၁၆ ရက်နေ့စာရင်း အရ အိမ်ထောင်စု ၁၄၀ တိုးပြီး လူ ၅၁၁ ယောက် ထပ်မံတိုးတဲ့အတွက် အိမ်ထောင်စု ၆၉၀ နဲ့ လူ ၃၁၀၁ ယောက်ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအနေနဲ့ ပြောရ မယ်ဆိုရင် ပထမဦးစွာ ဘေးကင်း လုံခြုံတဲ့ အမိုးအကာအောက်ရောက်ရှိအောင် ဆောင်ရွက်ပေးရပါ တယ်။ ပြီးနောက် လူဦးရေကိုအခြေခံပြီး ထောက်ပံ့ပေးခြင်းနှင့် စတင်ရပါတယ်။ ပြီးတဲ့အခါမှာ အိမ်ထောင်စုအလိုက် စာရင်းကောက်ယူမှတ်ပုံတင် ရပါတယ်။ ဒီနောက်မှာ ကျွေးမွေးစောင့်ရှောက်ဖို့ စီစဉ်တဲ့အခါမှာ မိသားစုအလိုက်ချက်ပြုတ်စားသောက်ရန် အခြေအနေမပေးသေးပါက အများနဲ့ ချက်ပြုတ်စားသောက်နိုင်အောင် စီစဉ်ပေးရပါတယ်။ ချက်ပြုတ် စားသောက်နိုင်ရန် အိုးကြီးခွက်ကြီးများလည်း စီစဉ်ပေးကြရပါတယ်။ အဆင့်ဆင့်သောကော်မတီများက လိုအပ်ချက်များတင်ပြလာပါက ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်နယ်ဝန်ကြီးချုပ် ကလည်း ပြည်နယ်သဘာဝ ဘေးစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ များနဲ့ ပေါင်းစပ်ပြီး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လက်ရှိ စားဝတ်နေရေးနှင့် သောက်သုံးရေ ရရှိ ရေးကို အရေးပေါ် ကာလမှာ ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပြီး ဘေးသင့်ပြည်သူများ မူလနေရာ ပြန်လည်နေထိုင်နိုင်ဖို့ ကြာမြင့်မယ်ဆိုရင်တော့ ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်များမှာလိုပဲ ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးသွားရမှာဖြစ်ပါတယ်။ အဲဒီလိုကယ်ဆယ်ရေးစခန်း များ ဖွင့်လှစ် ဆောင်ရွက်တဲ့နေရာမှာလည်း ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင် မိခင်စတဲ့ ထိခိုက်လွယ်တဲ့အုပ်စုများကို အထူးကာကွယ်စောင့်ရှောက်ပေးမှုများ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးစခန်းများမှာ ကလေးသူငယ်တွေကို ကာတွန်းကားများ ဖွင့်လှစ်ပြသခြင်း၊ လူကြီးတွေကို အငြိမ့်ဟာသကားများ ပြသခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိစေပြီး စိတ်ခံစားမှုသက်သာအောင် လည်း ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ် တွေကို ညွှန်ကြားထားပြီးဖြစ်ပါတယ်။

        ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအရ ဘေးဒုက္ခကျရောက်သူများကို စားဝတ်နေ ရေးနှင့် သောက်သုံးရေရရှိရေးတို့အတွက် အခက်အခဲမရှိအောင် ဆောင်ရွက်ပေးနိုင်အောင် ဆောင်ရွက် ထားပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် နမ့်ဆန်မီးဘေးနှင့်လောက်ကိုင်ဒေသ ပြန်လည် ထူထောင်ရေး အတွက် ၁၃-၂-၂၀၁၆ ရက်နေ့မှ ခရီးထွက်ခဲ့ပြီး ၁၅-၂-၂၀၁၆ ရက်နေ့ ပြန်ခဲ့တဲ့ခရီးစဉ်မှာပဲ ကျောက်မဲမြို့ စစ်ဘေးရှောင်ပြည်သူများနဲ့ပတ်သက်ပြီး အထက်ပါတင်ပြပါလုပ်ငန်းများအတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးဆိုင်ရာနဲ့ပတ်သက်ပြီး ကူးစက် ရောဂါမဖြစ် ပေါ်စေရေးသည် အထူးသတိပြုဆောင်ရွက်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဒေသ မှာတော့ ဆောင်ရွက်နေ ကြပြီဖြစ်ပါတယ်။ ဗဟိုကလည်း ကျန်းမာရေးအထောက်အကူပြုအဖွဲ့များ စေလွှတ်သွားနိုင် ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်ပြီး တင်ပြလိုတာကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနသည် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး စနစ်တကျ ဆောင်ရွက်စီမံပေးခြင်း၊ အပြည်ပြည်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံများ အချင်းချင်း ဘေးဒုက္ခကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပြည်တွင်း/ပြည်ပမှ လှူထားသော အလှူငွေနှင့်ပစ္စည်းများကို လက်ခံထိန်းသိမ်းပြီး အဆင့်ဆင့်‌သောကော်မတီများသို့ ညွှန်ကြားချက်နှင့်အညီ ဖြန့်ခွဲပေးနိုင်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။ မြေပြင်မှာ ဘေးသင့်ပြည်သူတွေဆီ တိုက်ရိုက်ထောက်ပံ့ပေးတဲ့လုပ်ငန်းစဉ်ကိုတော့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများ ကဖွဲ့စည်းထားသော ကယ်ဆယ်ရေးအဖွဲ့များမှ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကျောက်မဲမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီရဲ့ ကွပ်ကဲမှုအောက် ကော်မတီ ရှစ်ခု ဖွဲ့စည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးဌာနရဲ့လုပ်ငန်းများ မလစ်ဟင်းအောင် ဆောင်ရွက်နေသလို ဗဟိုနဲ့ တိုင်းဒေသကြီး/ပြည်နယ်တို့မှ အဆင့်ဆင့်သောကော်မတီများအား လှုပ်ရှားဆောင်ရွက်နိုင်အောင် စီမံ ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ ဘေးအန္တရာယ်ကြုံတွေ့တိုင်း စားဝတ်နေရေး၊ သောက်သုံးရေ ရရှိရေး လိုအပ်ချက်တွေကို အစိုးရအဖွဲ့နှင့် ကော်မတီအဆင့်ဆင့်က ဆောင်ရွက်နိုင်ကြပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်သော ထောက်ပံ့မှုတေကို ဆောင်ရွက်ပေးပြီး ဝန်ကြီးဌာနရဲ့ စိတ်၊ လူမှုရေးဆိုင်ရာပံ့ပိုးမှုအဖွဲ့များဟာလည်း ကယ်ဆယ်ရေး စခန်း များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အမျိုးသမီးဦးဆောင်သောမိသားစုမှ အမျိုးသမီးများ၊ မသန်စွမ်း သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများစာရင်းကို ကယ်ဆယ်ရေး အဖွဲ့များနှင့် ညှိနှိုင်းကာ စာရင်းကောက်ယူခြင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကယ်ဆယ်ရေးစခန်းများမှာ ရပ်ရွာလူထုနှင့် မိဘများ၊ ကလေး သူငယ်များ ကလေးသူငယ်ကာကွယ်စောင့်ရှောက်အသိပညာပေးခြင်း၊ ကလေးသူငယ်များအတွက် အသက်အရွယ်အလိုက် အားကစားနည်းများ လာရောက်ကစားနိုင်သော ကလေးပျော်နေရာများ တည် ထောင်ပြီး နည်းပညာပံ့ပိုးခြင်း၊ ကလေးကစားစရာများ ထောက်ပံ့ပေး ခြင်းတို့ကိုလည်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ အဓိကတာဝန်များကို ဆောင်ရွက်ရင်း တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဆင့်ဆင့်သောကော်မတီများရဲ့ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း လေးစားစွာတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကျေးဇူး တင်ပါ တယ်။

သမ္မတရုံးဝန်ကြီးဌာန-၄၊ ပြည်ထောင်စုဝန်ကြီး၊    ဦးအောင်မင်း က ရှင်းလင်းတင်ပြရာတွင်  ရှမ်းပြည် နယ်(မြောက်ပိုင်း)အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ကြသည့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့၏ ပဋိပက္ခများသာဖြစ်ပါတယ်။ TNLA နှင့် RCSS တို့၏ အခြေအနေ အချို့ကို တင်ပြသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဟု ခံယူပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ဦးစားပေးလုပ်ငန်းဖြင့်လုပ်ကိုင်ခဲ့ပါတယ်။ ၁၈-၈-၂၀၁၁ ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ကြေညာချက်များ ထုတ်ပြန်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီးဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟို ကော်မတီ (UPCC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ကို ၃-၅-၂၀၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ် ခဲ့ပြီး ယခု ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) မပါ ကျန် အဖွဲ့ ၁၅ ဖွဲ့နှင့် ပြည်နယ်အဆင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ ၃၁-၇-၂၀၁၃ ရက်နေ့တွင် မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါတယ်။ သို့သော်လည်းပဲ အောင်မြင်မှုမရပါ။ သဘောတူညီမှုမရရှိခဲ့ကြောင်း တင်ပြအပ်ပါတယ်။

        နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ကျောက်မဲခရိုင်၊ နမ့်စန်မြို့၌ ဆက်လက်ပြုလုပ်ရန်စီစဉ်ခဲ့ သော် လည်း တိုက်ပွဲများဖြစ်ပွားနေ၍ ဆက်လက်မလုပ်နိုင်ကြောင်း တင်ပြအပ်ပါတယ်။ တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)အဖွဲ့နှင့် ပြည်နယ်အဆင့် သဘောတူစာချုပ်များ မချုပ်ဆိုနိုင် ခဲ့သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဆွေးနွေး ပွဲများတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် စေခဲ့ပါတယ်။ တဖက်မှလည်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးတော့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ သို့ သုံးကြိမ်တိုင်တိုင်စေလွှတ်ခဲ့ပြီး တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစေခဲ့ပါတယ်။ ငြိမ်းချမ်းရေးအကျိုးဆောင်များမှာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမောင်ကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မုန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းကျော်တို့ဖြစ်ကြပါတယ်။ ဦးအိုက်မုန်းဟာ ၂၀၀၅ ခုနှစ် နိုင်ငံတော် အစိုးရနှင့် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့စဉ်က ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (PSLA) အဖွဲ့ကို ခေါင်းဆောင်သည့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ PSLA  ငြိမ်းချမ်းရေးရယူစဉ်က ပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခဲ့ပြီး TNLA အဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် အသစ်ပြန်လည် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့သစ်တစ်ခုပဲဖြစ်ပါတယ်။ ၁၅-၁၀-၂၀၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် NCA ကို လက်မှတ် ရေးထိုးပြီး ၁၂-၁-၂၀၁၆ ရက်နေ့တွင် NCA စာချုပ်ပါ သဘောတူညီချက်များအတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို ကျင်းပပြီးဖြစ်ပါတယ်။

        NCA စာချုပ်ဟာ တန်ဖိုးကြီးမားတဲ့စာချုပ်တစ်ခုဖြစ်ပါတယ်။ NCA စာချုပ်ကို နှစ်နှစ်ကြာရေး ဆွဲခဲ့ရပါတယ်။ NCA စာချုပ်မှာ အချက်ပေါင်း ၁၁၀ ပါပြီးတော့ စစ်ရေးအရ ၅၅ ချက်၊ နိုင်ငံရေးအရ ၃၅ ချက်၊ အခြား အချက် ၂၀ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်များနှင့် နှိုင်းယှဉ် လေ့လာကြည့်မယ်ဆိုရင် ယခု NCA စာချုပ်ဟာ ပြီးပြည့်စုံတဲ့ စာချုပ်တစ်ခုဖြစ်ကြောင်း တွေ့ရမှာဖြစ် ပါတယ်။ မြန်မာ Model လို့လည်း သတ်မှတ်ခြင်းခံရပါတယ်။ NCA စာချုပ်သာ လိုက်နာကြမယ်ဆိုရင် (၁) ပဋိပက္ခတွေချုပ်ငြိမ်းသွားမယ်။ (၂) တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေး ပြန်လည်စည်းရုံးရေးကို ဆက်လက်ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် NCA စာချုပ်ကို တိတိကျကျလိုက်နာဖို့ လိုအပ်ကြောင်းလည်း ထပ်မံတင်ပြလိုပါတယ်။ NCA စာချုပ်အရ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (GMC)ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုများချုပ်ငြိမ်းအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ယခုအခါမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှစ်ဖွဲ့နှင့် GMC များကို ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသအဆင့်ဟူ၍ စတင် ဖွဲ့စည်းလျက်ရှိပြီး ပဋိပက္ခများကို လျှော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် NCA စာချုပ်လက်မှတ်ရေးထိုးထား၍ အရပ်သားများနှင့်ဆက်ဆံရာတွင် စာချုပ်ပါ စည်းကမ်းချက်များအားလိုက်နာရန် GMC မှ တစ်ဆင့် တိုက်တွန်းဆောင်ရွက်လျက်ရှိပါတယ်။ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သည် ပြည်နယ်အဆင့်စာချုပ်နှင့် NCA စာချုပ်များကို လက်မှတ်ရေးထိုးထားခြင်းမရှိ၍ အရပ်သားများနှင့် ဆက်ဆံရေးကိစ္စများ တိုက်ပွဲ မဖြစ်ပွား‌စေရေး ကိစ္စများ တွင် ကြီးကြပ်ဆောင်ရွက်ရန် အခက်အခဲတွေရှိပါတယ်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ပဋိပက္ခ ဖြစ်စဉ်များကို မလိုလားပါ။ ပဋိပက္ခများကို လက်နက်ကိုင်ဖြေရှင်းခြင်းထက် တွေ့ဆုံဆွေးနွေးအဖြေရှာ ရမှာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်ရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။

ဦးစိုင်းထွန်းအောင်(ကျောက်မဲမဲဆန္ဒနယ်)ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲ မြို့နယ် ဒေသအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိဘ ပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှု ဒုက္ခများအား အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအား တိုက်တွန်းကြောင်း အရေးကြီး အဆိုအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင်  ထောက်ခံ ဆန္ဒမဲ ၄၀၇ မဲ၊ ကန့်ကွက် ဆန္ဒမဲ မရှိ၊ ကြားနေဆန္ဒမဲ ၄ မဲဖြစ်ပြီး အဆိုကိုထောက်ခံ ကိုယ်စားလှယ်ဦးရေများသည့်အတွက် ဦးစိုင်းထွန်းအောင် တင်သွင်းတဲ့အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။

 

 

 

 

တင်သွင်းသူ 
ဦးစိုင်းထွန်းအောင်(ကျောက်မဲ မဲဆန္ဒနယ်)
နေ့စွဲ 
Tuesday, May 10, 2016