Law Database | Mail | English Version

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် အကျိုးသက်ရောက်မှုများ

အကျဉ်းချုပ်
ကမ္ဘာ့နိုင်ငံများတွင် အဂတိလိုက်စားမှုပြဿနာသည် နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားများ၏အခွင့်အရေး၊ ရပိုင်ခွင့်များအား ထိခိုက်စေသကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများစသော လူမှု အသိုင်း အဝိုင်း၌ မလိုလားအပ်သော အရှုပ်အထွေးများကို ဖြစ်ပေါ်စေလျှက်ရှိပါသည်။ အဂတိ လိုက်စားမှုများမှာ နိုင်ငံအားလုံးတွင်ရှိသော်လည်း ဝင်ငွေနိမ့်သောနိုင်ငံများတွင် ပိုမိုပျံ့နှံ့လျက် ရှိပါသည်။ အထူးသဖြင့်မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုကို ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့ခဲ့ရပြီး ကမ္ဘာ့နိုင်ငံများ အသိုင်းအဝိုင်းတွင်  ဖွံ့ဖြိုးမှုနောက်ကျသောအဆင့်နှင့် အဂတိလိုက်စားမှုနှုန်း တွင်နာမည်ပျက်စာရင်းဝင် နိုင်ငံအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ကောင်းမွန်စွာအထောက်အကူပေးနိုင်သည့် နည်းလမ်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ လက်ရှိဆောင်ရွက်နေမှုများကို သိရှိစေရန်နှင့် ဤစာတမ်းပါအကြောင်းအရာ အချက်အလက်များသည် လွှတ်တော်ကိုယ်စားလှယ်များအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရေးသားပြုစုတင်ပြခြင်းဖြစ်ပါသည်။


နိဒါန်း
၁။    ကမ္ဘာ့နိုင်ငံအများစုတွင် အဂတိလိုက်စားမှုကို ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။  နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းစဉ်တွင် အဂတိလိုက်စားမှုသည် အဓိကပြဿနာတစ်ရပ်ဖြစ်ပါ သည်။ အဂတိလိုက်စားခြင်းဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကိစ္စရပ်များတွင် မလို လားအပ်သော ဆိုးကျိုးများကိုဖြစ်ပေါ်စေပါသည်။ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ထိခိုက် မှုမရှိစေရေးအကာအကွယ်ပေးရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုဆောင်ရွက်လျက်ရှိ ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှု လျော့နည်းစေရန်အတွက် ဥပဒေပြဋ္ဌာန်းခြင်း၊ ကော်မတီဖွဲ့ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု)
၂။    အဂတိလိုက်စားမှုဆိုသည်မှာ အများအကျိုးဆောင်ရွက်ရန်အတွက် ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပုဂ္ဂလိကအကျိုးအမြတ်အတွက် အသုံးပြုခြင်းပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အများပိုင်ရုံးအနေအထား၊ ရာထူးအဆင့်အတန်းတို့ကို ကိုယ်ကျိုးအတွက် အသုံးချခြင်းပင်ဖြစ်ပါသည်။

အဂတိလိုက်စားမှုအမျိုးအစားများ
၃။    အဂတိလိုက်စားမှုသည်အဆင့်အမျိုးမျိုးတွင် ဖြစ်ပေါ်နိုင်သော်လည်း အကြမ်းဖျင်းအား ဖြင့် အဆင့်မြင့်အဂတိလိုက်စားမှုနှင့် အဆင့်နိမ့်အဂတိလိုက်စားမှုဟူ၍ ခွဲခြားနိုင်ပါသည်။ အဆင့် မြင့်အဂတိလိုက်စားမှုဆိုသည်မှာ နိုင်ငံရေးသမားများ၊ အာဏာရှိပုဂ္ဂိုလ်များသို့ ပမာဏမြောက် များစွာပေးခြင်းကိုဆိုလိုသည်။ အဆင့်နိမ့်အဂတိလိုက်စားမှုဆိုသည်မှာ “လက်ဖက်ရည်ဖိုး” ပေး ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဂတိလိုက်စားမှုကို တွန်းအားအနေဖြင့် လိုအပ်ချက်အရပြုလုပ် ခြင်းနှင့် လောဘရမ္မက်အရ ပြုလုပ်ခြင်းဟူ၍ ခွဲခြားနိုင်ပါသည်။

၎။    အဂတိလိုက်စားမှု၏ အကျိုးသက်ရောက်မှုအတိုင်းအတာမှာ လူ့အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုမတူညီပါ။ အကြမ်းဖျင်းအားဖြင့် ဖြစ်တောင့်ဖြစ်ခဲအဂတိလိုက်စားမှု၊ အနှံ့အပြားသဘော ဆောင်သောအဂတိလိုက်စားမှုနှင့် စနစ်တစ်ခုလုံးလိုပင်ဖြစ်နေသော အဂတိလိုက်စားမှုဟူ၍ သုံးမျိုးခွဲခြားနိုင်ပါသည်။ ဖြစ်တောင့်ဖြစ်ခဲ အဂတိလိုက်စားမှုသည် တစ်ခါတစ်ရံမှသာ ဖြစ်ပေါ်သည့်အတွက် ထိန်းချုပ်အပြစ်ပေးရန်လွယ်ကူပါသည်။ အနှံ့အပြားသဘောဆောင်သော အဂတိ လိုက်စားမှုသည်ထိန်းချုပ်အပြစ်ပေး ဖြေရှင်းရန်ခက်ခဲပါသည်။ စနစ်တစ်ခုလုံး လို ပင် ဖြစ်နေသော အဂတိ လိုက်စားမှုသည် အဆိုးရွားဆုံးဖြစ်ပြီး ထိန်းချုပ်အပြစ်ပေးရန်ပိုမိုခက်ခဲကာ စီးပွားရေး အပေါ်တွင်လည်း ဆိုးရွားစွာသက်ရောက်စေပါသည်။  

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအခြေအနေ
၅။ ကမ္ဘာ့ဘဏ်၏စောင့်ကြည့်လေ့လာမှုအရ မြန်မာနိုင်ငံရှိကုမ္ပဏီများ၏ လက်ရှိဖြစ်ပေါ်နေ သော အဂတိလိုက်စားမှုအခြေအနေမှာ နိုင်ငံတကာနှင့်နှိုင်းယှဉ်လျင် အဂတိလိုက်စားမှုနှုန်း မြင့် မားနေသည်ကို တွေ့ရှိရပါသည်။ ကုမ္ပဏီ၏ ၅၀ ရာခိုင်နှုန်းကျော်သည် သွင်းကုန် လိုင်စင်အတွက် တရားမဝင်ပေးဆောင်နေရပြီး ကုမ္ပဏီ၏ ၃၀ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းမှာ လုပ်ငန်းလိုင်စင်နှင့် အခွန်ရှောင်လိုမှုအတွက် တရားမဝင်လာဘ်ပေးလာဘ်ယူမှု ပြုလုပ်နေရကြောင်း သိရှိရပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ကို နှိုင်းယှဉ်လေ့လာရာတွင် စီးပွားရေးလုပ်ငန်းများတွင်သာမက တရားစီရင်ရေးကဏ္ဍတွင်ပါ အဂတိလိုက်စားမှုများရှိနေကြောင်းဖော်ပြ ထားပါသည်။ ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု အခြေအနေစောင့်ကြည့်လေ့လာရေးအဖွဲ့ Transparency International မှထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးအခြေအနေသည် တိုးတက်လာမှုမရှိဘဲ အဆိုးရွားဆုံးအခြေအနေတွင်ရပ်တန့် နေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။ Transpaency International အဖွဲ့က စောင့်ကြည့်လေ့လာခဲ့သည့်ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံ အနက် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် အဂတိလိုက် စားမှု အဆိုးဆုံးနိုင်ငံဖြစ်သော ဆိုမာလီနိုင်ငံပြီးလျှင် ဒုတိယအဂတိလိုက်စားမှုအများဆုံးနေရာ တွင် ရပ်တည်ခဲ့ပါသည်။  Transparency International အဖွဲ့၏ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုရမှတ်များမှာ ၂၀၁၂ ခုနှစ်တွင် ၁၅ မှတ်၊ ၂၀၁၃ ခုနှစ်တွင် ၂၁ မှတ်နှင့် ၂၀၁၄ ခုနှစ် တွင် ၂၁ မှတ်၊ ၂၀၁၅ ခုနှစ်တွင် ၂၂ မှတ်ရရှိပြီး အနည်းငယ်တိုးတက်လာသည်ကို တွေ့ရှိရပါသည်။


 ပုံ - ၁
မြန်မာနိုင်ငံ၏ ၂၀၁၀ မှ ၂၀၁၄ ခုနှစ်အတွင်း အဂတိလိုက်စားမှုအဆင့်သတ်မှတ်ချက်များ
Source: Transparency International
၆။    Transparency International မှ ထုတ်ပြန်ခဲ့သည့် အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် အညွှန်းကိန်းများအရ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ နှိုင်းယှဉ်ထားမှုကို အောက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်-

ပုံ - ၂ တွင်ဖော်ပြချက်အရ အာဆီယံနိုင်ငံ များတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသည်

အဂတိလိုက်စားမှုအများဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် အဂတိ လိုက်စားမှု

အနည်းဆုံးဖြစ်သည်ကို တွေ့ရှိရ ပါသည်။

 

 

ပုံ - ၂
၂၀၁၄ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ၏ အဂတိလိုက်စားမှုနှုန်း
Source: မြန်မာ့အလင်းသတင်းစာ (၈-၁၂-၂၀၁၅)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များ
၇။    မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃/၂၀၁၃ ဖြင့် အတည်ပြုပြဌာန်းခဲ့ပါသည်။ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို ၈-၁-၂၀၁၃ တွင်ဖွဲ့စည်းပြီး ၂၀၁၄ ခုနှစ်၊ မတ်လတွင် အဆိုပါကော်မတီအား မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ ကွန်ဗင်းရှင်းတွင် ၁၃၇ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀-၁၁-၂၀၁၂ ခုနှစ်မှစတင် ကာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။  

၈။    မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လေ့လာတွေ့ရှိချက်များအရ EITI ဖွဲ့စည်းဆောင်ရွက်မှုသည် အကျင့်ပျက်ခြစားမှုအပေါ် ပြည်သူများ၏ထင်မြင်ချက်အညွှန်း (Corruption Perceptions Index) တွင် ပိုမိုကောင်းမွန်လာရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေ ပါသည်။ မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေး ကုလသမဂ္ဂဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင်အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါသည်။ မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှု ဆန့်ကျင်တိုက်ဖျက်ရေး အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (SEA-PAC) ၏ ၁၀ နိုင်ငံ မြောက်အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါသည်။  

၉။    အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတင်ဖွဲ့စည်းသည့်နေ့မှ ၂၃.၁၁.၂၀၁၅ ရက် နေ့အထိ တရားစွဲဆိုအရေးယူခဲ့သည့် ပုဂ္ဂိုလ် ၉ ဦး၊ ဝန်ထမ်းစည်းမျဉ်းအရ အရေးယူခဲ့သည့် ပုဂ္ဂိုလ် ၁၂၅ ဦး၊ လက်ရှိစုံစမ်းစစ်ဆေးဆဲကိစ္စ ၃ ခုရှိပါသည်။ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် ကိစ္စ ၃၁ ခုရှိပြီး နိုင်ငံတော်သို့ပြန်အပ်ငွေကျပ် ၂၀,၆၈၅,၀၀၀ ဖြစ်ပါသည်။ တိုင်စာများကို ကော်မရှင် က တိုက်ရိုက်စစ်ဆေးတရားစွဲဆိုအရေးယူခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်လည်းကောင်း၊ ဌာနဆိုင်ရာကိစ္စရပ် များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

သက်ရောက်မှုအခြေအနေများ
၁၀။    အဂတိလိုက်စားမှုသည် စီးပွားရေးဖွံဖြိုးတိုးတက်မှုများအတွက် အနှုတ်လက္ခဏာဆောင် သောဆိုးကျိုးများကို ဖြစ်ပေါ်စေသည့်အပြင် အဂတိလိုက်စားမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်ထိခိုက်စေနိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးအကျိုးအမြတ်ရရှိရန် အခွင့် အလမ်းပိုများလေ၊ အဂတိလိုက်စားမှုပိုကြီးမားလေဖြစ်ပါသည်။ အဂတိလိုက်စားမှုကြောင့် အစိုး ရအဖွဲ့အစည်းများ၊ အသက်မွေးမှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အဂတိလိုက်စားခြင်းဖြင့် နိုင်ငံသားများအကြားတွင် ဝင်ငွေခွဲဝေဖြန့်ဖြူးမှု မညီမျှရာမှ ဆင်းရဲချမ်းသာကွာဟမှု ပိုမိုများပြားလာစေပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

၁၁။    စီးပွားရေးလုပ်ငန်းများနှင့်ဆက်နွယ်နေသော ဌာနဆိုင်ရာများတွင် အဂတိလိုက်စားခြင်း ဖြင့် များစွာသောဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။ မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုနှုန်းမြင့်တက်လာခြင်းသည် အဂတိလိုက်စားခြင်း၏ အသိသာဆုံးနှင့် အထင်ရှားဆုံး အကြောင်းအရာတစ်ခုဖြစ်ပါသည်။ ငွေကြေးဖောင်းပွခြင်းဖြင့် တင်ဒါလုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်း၊ အဆောက်အဦဆောက်လုပ်ရေးလုပ်ငန်း၊ မြေယာနှင့်စည်ပင်သာယာလုပ်ငန်းစသော လုပ်ငန်းများ အားလုံး၏ငှားရမ်းခ၊ ကုန်စည်နှင့်ဝန်ဆောင်မှု ဝယ်ယူစားသုံးခြင်းအတွက် တန်ဖိုး ကြီးစွာပေးဆောင်ရခြင်းသည်လည်း အဂတိလိုက်စားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။  အဂတိလိုက်စားခြင်းဖြင့် စီးပွားရေးအကျိုးဆက်များမှာ ပြည်သူ့ဘဏ္ဍာငွေများကို ကိုယ်ကျိုး အတွက် အလွဲသုံးစားပြုလုပ်ရာရောက်ခြင်း၊ စီမံအုပ်ချုပ်မှုများမှားယွင်းခြင်း၊ ဆုံးရှုံးလေလွင့် မှုများ၊ မညီမျှမှုများ၊ လူမှုရေးယိုယွင်းမှုများ၊ စီးပွားရေးအကျပ်အတည်းများ၊ နိုင်ငံခြားငွေ ပြတ်လပ်မှုများစသည့် မလိုလားအပ်သည့်ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါသည်။

အဂတိလိုက်စားမှုလျော့နည်းစေရန် ကျင့်သုံးရမည့်နည်းလမ်းများ
၁၂။    ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း အဂတိလိုက်စားမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် စတင်ဆောင်ရွက်လာကြပါသည်။ အစိုးရအနေနှင့် အကောက်အခွန်များကို အလေအလွင့်မရှိအောင်ကောက်ခံပြီး ပြည်သူ့ဘဏ္ဍာကို စနစ်တကျစီမံခန့်ခွဲမှုများပြုလုပ်ရန် လိုအပ်ပါသည်။ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို အများပြည်သူသိစေရန် ဆောင်ရွက်ခြင်းသည် အဂတိလိုက်စားမှုကို လျော့နည်းစေသော နည်းလမ်းများဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက စည်းကမ်းနှင့်အညီ တာဝန်ယူနိုင်မှု၊ သတင်းအချက်အလက်ရရှိနိုင်မှု၊ ထင်သာမြင်သာရှိမှု၊ လျှို့ဝှက်ထိန်ချန် ဖုံးကွယ်မှုမရှိခြင်းတို့ လိုအပ်သည်ဟုယူဆကြပါသည်။ တာဝန်သိသတင်းမီဒီယာများ၏ အချက်အလက်များစုဆောင်း မှု၊ သရုပ်ပြစိစစ်မှု၊ ဖွဲ့စည်းတင်ပြမှုနှင့် သတင်းဖြန့်ချိမှုတို့သည် အဂတိလိုက်စားမှုပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် သိမြင်နားလည်လာစေပါသည်။ ထိုသို့သိမြင်လာခြင်းသည် ပြုပြင်ပြောင်းလဲ မှုများ အရှိန်အဟုန်မြင့်မားလာစေရေးတို့အတွက် အထူးအရေးကြီးပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်မှုရှိစေရန်အတွက် အစိုးရတွင်သာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည်မဟုတ်ဘဲ ပုဂ္ဂလိကဏ္ဍမှလုပ်ငန်းရှင်များနှင့် ပြည်သူလူထု၏အကူအညီနှင့် ပူးပေါင်း ပါဝင်မှုတို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအတွက် အထူးအရေးကြီး ပါသည်။  

၁၃။    ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအား ပိုမို အားထုတ်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်းနှင့် အဂတိလိုက်စားမှု လျော့နည်းစေ ရန် ကျင့်သုံးရမည့်နည်းလမ်းများဖြစ်သော အစိုးရသည်လိုအပ်သောကုန်စည်နှင့် ဝန်ဆောင်မှု များကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူခြင်းအားရပ်တန့်ရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် လွတ်လပ်စွာဆောင်ရွက်နိုင်မှုနှင့် မည်မျှထိရောက်စွာ ဆောင်ရွက် နိုင်မှုတို့ကို လေ့လာသုံးသပ်ရန်၊ သတင်းအချက်အလက် လွတ်လပ်ခွင့်ဥပဒေကိုပြဋ္ဌာန်းရန်၊ ဤဥပဒေမရှိဘဲ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးသည် အောင်မြင်စွာဆောင်ရွက်နိုင်မည်မဟုတ် ပါ။ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သယံဇာတအရင်းအမြစ်တူးဖော်ရေးနှင့်  ပွင့်လင်းမြင်သာ မှုဖော်ဆောင်ရေး (Ectractive Industries Transparency Initiative-EITI) ကဲ့သို့ နိုင်ငံ တကာအဖွဲ့အစည်းများ၏ သဘောတူညီမှုများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စသည့် အချက်များကိုတိုက်တွန်းပါသည်။    

၁၄။   အဂတိလိုက်စားမှုတိုက်ဖျက်ရေးစနစ်တွင် ပုံမှန်ကြီးကြပ်ခြင်း၊ စာရင်းစစ်ခြင်း၊ ကြိုတင် ဟန့်တားခြင်းနှင့် ပညာပေးအစီအစဉ်များလည်းပါဝင်ပါသည်။ အစိုးရဝန်ထမ်းများ၏ ပိုင်ဆိုင်မှု များသတင်းကို ဖော်ထုတ်ရန်ဟူသောအဆိုကို ဥပဒေအဖြစ်ပြဌာန်းမည်ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား အလွန်အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ အတိတ်ကအစိုးရစာရင်းစစ် များသည် အဂတိလိုက်စားမှု အမှုကြီးများကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့်စာရင်းစစ်လုပ် ငန်းကို ဆက်လက်အားပေးမြှင့်တင်ရန်လိုအပ်ပါသည်။ အစိုးရအရာရှိများကို အဂတိလိုက်စားမှု ဆိုင်ရာပညာပေးခြင်းတွင် လုပ်ငန်းပညာနှင့် ကျင့်ဝတ်ဆိုင်ရာသင်တန်းများသည် အဂတိလိုက် စားမှုတိုက်ဖျက်ရေးအတွက် အလွန်အရေးကြီးမည်ဖြစ်ပါသည်။ ရေရှည်တွင်အဂတိလိုက်စားမှု တိုက်ဖျက်ရေးအားထုတ်မှုများ၌ ဤလုပ်ငန်းများသည် တစ်ခုကိုတစ်ခု အထောက် အကူပြုလျှက် ရှိပါသည်။

အဂတိလိုက်စားမှုအများဆုံးနိုင်ငံများ
၁၅။    ကမ္ဘာ့နိုင်ငံများတွင် အဂတိလိုက်စားမှုအများဆုံးနိုင်ငံများအား လေ့လာသိရှိနိုင်ပါရန် အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

စဉ်  

နိုင်ငံ

အဂတိလိုက်စားမှုအဆင့်

မှတ်ချက်

 ဆိုမာလီ    

၁၇၄

 

 မြောက်ကိုရီးယား

၁၇၄

 

 ဆူဒန်    

၁၇၃

 

 အာဖဂန်နစ္စတန်    

၁၇၂

 

 တောင်ဆူဒန်

၁၇၁

 

 အီရတ်    

၁၇၀

 

 တာ့မင်နစ္စတန်    

၁၆၉

 

 ဥဇဘက်ကစ္စတန်    

၁၆၆

 

 လစ်ဗျား    

၁၆၆

 

၁၀

 ယီမင်    

၁၆၁

 

ကမ္ဘောဒီးယားနိုင်ငံ

၁၆။    ကမ္ဘောဒီးယားနိုင်ငံသည် ပြည်တွင်းစစ်နှင့် နိုင်ငံရေးဆန္ဒပြမှုများ ဆယ်စုနှစ်တစ်ခုကြာထိ ဖြစ်ပွားခဲ့ပြီးနောက် အဂတိလိုက်စားမှုသည် ကဏ္ဍပေါင်းစုံ၌ပျံ့နှံ့လျက်ရှိပြီး လူ့အဖွဲ့အစည်း အတွင်းအမြစ်တွယ်လျက်ရှိပါသည်။ အဂတိလိုက်စားမှုသည်ပုံစံမျိုးစုံဖြင့်ဖြစ်ပေါ်နေသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရန် လိုအပ်သောစွမ်းအားစုများနှင့် အရည်အချင်းများမရှိခြင်း၊ လွတ်လပ်မှုမရှိခြင်း၊ ထိရောက်စွာစုံစမ်းဖော်ထုတ်နိုင်မှုမရှိခြင်း၊ အပြန်အလှန်စောင့်ကြည့်ထိန်း ကျောင်းနိုင်မှုအားနည်းခြင်း၊ တာဝန်ယူမှုမရှိခြင်း၊ အများပြည်သူနှင့်ပူပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းနည်းပါးခြင်းတို့သည် အဂတိလိုက်စားမှုကိုပိုမိုဆိုးရွားစေသော အခြေအနေသို့ ရောက်ရှိစေလျက်ရှိပါသည်။

မြောက်ကိုရီးယားနိုင်ငံ
၁၇။   မြောက်ကိုရီးယားနိုင်ငံ၊ အမျိုးသားကာကွယ်ရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဂျန်ဆောက်သက် (Jang Sung-taek) သည် ၂၀၁၃ ခုနှစ်တွင် ကွပ်မျက်ခံရပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင် အဂတိလိုက်စားမှုများရှိနေကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းမီဒီယာက အတည်ပြု ပြောကြားခဲ့ပါသည်။ အဆိုပါဖော်ပြချက်တွင် လာဘ်စားမှုများ၊ လွဲချော်မှုများ၊ သယံဇာတနှင့် မြေရောင်းချမှုများ၊ လုံခြုံရေးရန်ပုံငွေများ၊ Jang Sung-taek ၏ထိန်းချုပ်မှုဖြင့် ပုဂ္ဂလိကဆိုင်ရာ ငွေကြေးသုံးစွဲမှုများကို ဖော်ပြခဲ့ပါသည်။

ဆိုမာလီနိုင်ငံ
၁၈။    ဆိုမာလီနိုင်ငံ၏စီးပွားရေးသည် များသောအားဖြင့် ရေလုပ်ငန်း၊ ငွေလွှဲလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများအပေါ်တွင်တည်မှီလျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ၏ ဖော်ပြချက်များအရ စီးပွားရေးဖွံဖြိုးတိုးတက်မှု အရှိန်ရနေစဉ်တွင်ခေါင်းဆောင် မိုဟာမက်ဆီယက်ဘား (Mohamed Siad Barre) တာဝန်မှ အနားယူပြီးနောက် တရားမဝင်စီးပွားရေးဈေးကွက်များ ပေါ်ပေါက်လာခဲ့ခြင်းကလည်း အဂတိ လိုက်စားမှု၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံတော် သို့ အခွန်အခများ ပုံမှန်ပေးဆောင်ခြင်းမပြုကြပေ။ သို့ရာတွင်စီးပွားရေးလုပ်ငန်းဆိုင်ရာ သဘော တူညီချက်များ၊ လုပ်ငန်းများခွင့်ပြုမိန့်ရရှိရန်အတွက် သို့မဟုတ် အစိုးရအားသိမ်းသွင်းရန် တရားမဝင် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၂၀၁၁ ခုနှစ်တွင် International Crisis အဖွဲ့၏ ဖော်ပြချက်အရ အငြိမ်းစားယူသွားသည့် ခေါင်ဆောင်များသည် ဒေသတွင်း ဆက်သွယ်ရေးလုပ်ငန်းများမှ အကျိုးအမြတ်များစွာရရှိခဲ့ပါသည်။ ၎င်းဝင်ငွေများကို တရားဝင် ကြေညာခဲ့ခြင်းမရှိခဲ့ပါ။

အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံများ
၁၉။    ကမ္ဘာ့နိုင်ငံများတွင် အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံများအား လေ့လာသိရှိနိုင်ပါရန် အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

 

စဉ်

နိုင်ငံ

အဂတိလိုက်စားမှုအဆင့်

မှတ်ချက်

ဒိန်းမတ်

 

နယူးဇီလန် 

 

ဖင်လန်

 

ဆွီဒင်    

 

 နော်ဝေ

 

ဆွစ်ဇာလန်

 

စင်္ကာပူ

 

နယ်သာလန်

 

လူဇင်ဘတ်

 

၁၀

ကနေဒါ

၁၀

 

 

ဒိန်းမတ်နိုင်ငံ

၂၀။    Transparency International အဖွဲ့၏အတည်ပြုချက်များအရ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံမှာ ဒိန်းမတ်နိုင်ငံဖြစ်ကြောင်းသိရှိရပါသည်။ ဒိန်းမတ်နိုင်ငံ သည် လူ့အဖွဲ့အစည်းကြွယ်ဝရေးမိုဒယ်ဟု နာမည်ပေးထားသည့် စနစ်ကိုကျင့်သုံးကာ အဂတိ လိုက်စားမှုအနည်းဆုံး ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါသည်။ လုပ်ငန်းခွင်အခြေအနေ မျှတမှုရှိစေ ခြင်း၊ ပြည်သူ့ရေးရာကဏ္ဍများတွင်လုံခြုံမှုရှိစေခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို အကောင်း ဆုံး အခြေအနေရှိစေရန် ဖန်တီးပေးခြင်း၊ မြင့်မားသည့်လစာစနစ်နှင့် ဘဝနေဝင်ချိန်တွင် သက်သောင့်သက်သာနေထိုင်နိုင်အောင်အာမခံနိုင်သောပင်စင်စနစ်များရှိနေခြင်းကြောင့် ဒိန်းမတ် နိုင်ငံမှာကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံအဖြစ်ရပ်တည်နိုင်ခြင်းဖြစ်ကြောင်းသိရှိ ရပါသည်။

နယူးဇီလန်နိုင်ငံ
၂၁။    ဒိန်းမတ်နိုင်ငံပြီးလျှင် အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေသောနိုင်ငံ မှာ နယူးဇီလန်နိုင်ငံဖြစ်ပါသည်။ နယူးဇီလန်နိုင်ငံသည် မျှတမှုရှိလွန်းသည့် နိုင်ငံရေးစနစ် တည်ဆောက်နိုင်ခြင်းကြောင့် အဂတိလိုက်စားမှု အနည်းဆုံးအခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခြင်း ဖြစ်ပါသည်။

ဖင်လန်နိုင်ငံ
၂၂။    ဖင်လန်နိုင်ငံသည်ကမ္ဘာပေါ်တွင်အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံစာရင်းတွင် အဆင့်(၃) နေရာတွင်ရပ်တည်ခဲ့ပါသည်။ ဖင်လန်နိုင်ငံသည်အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ပွင့်လင်း မြင်သာမှုကိုအခြေခံထားခြင်းဖြစ်သည်။ အစိုးရ၏ ပေါ်လစီတစ်ခုတည်းပေါ်တွင် အခြေခံထား ခြင်းမဟုတ်ဘဲ ပြည်သူများအပေါ်ယုံကြည်စိတ်ချမှု၊ အစိုးရအဖွဲအစည်းတွင် ပွင့်လင်းမြင်သာရှိမှု၊ ဒီမိုကရေစီကျင့်သုံးမှု၊ တက်ကြွသောလူ့အဖွဲ့အစည်းအားကောင်းမှု၊ နိုင်ငံသားများတစ်ဦးချင်း တာဝန်သိမှု၊ ပြည်သူ့ရေးရာနှင့်လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု စသည့်အချက်များမှထွက်ပေါ်လာသည့် နိုင်ငံရေးနှင့် ဓလေ့ထုံးတမ်းများအပေါ်တွင် အခြေခံထားခြင်းကြောင့် အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။

စင်္ကာပူနိုင်ငံ
၂၃။    စင်္ကာပူနိုင်ငံသည် အာရှတိုက်၏ တစ်ခုတည်းသောအဂတိလိုက်စားမှုအနည်းဆုံး ထိပ်သီး နိုင်ငံများစာရင်းတွင် အဆင့် (၇) နေရာ၌ရပ်တည်လျက်ရှိပါသည်။ အစိုးရကထိန်းချုပ်ထားပြီး အာဏာပိုင်အဖွဲ့အစည်းမှတစ်ဆင့် အခွင့်အာဏာသုံးပြီး မဖြစ်မနေဆောင်ရွက်စေခြင်း၊ အစိုးရ အဖွဲ့အစည်းအတွင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးပေါ်လစီများချမှတ်ခြင်း၊ လေ့လာ စောင့်ကြည့်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းများပြုလုပ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိပါသည်။

 အဂတိလိုက်စားမှုတိုက်ဖျက်ရန်အတွက်မဟာဗျူဟာများ
၂၄။    ၂၀၁၀ ခုနှစ်တွင် ဟောင်ကောင်၌အဂတိလိုက်စားမှု တိုက်ဖျက်ရန်အတွက် မဟာဗျူဟာ များကို အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ပထမအဆင့်မှာ ပြင်ပအဖွဲ့အစည်းများကို စောင့်ကြည့်လေ့လာခြင်း၊ ဒုတိယအဆင့်မှာအတွင်း အဖွဲ့အစည်းများကိုစောင့်ကြည့်လေ့လာခြင်း၊ တတိယအဆင့်မှာ အဓိကပြဿနာများကို သတ်မှတ်ခြင်း၊ စတုတ္ထအဆင့်မှာ မဟာဗျူဟာချမှတ် ခြင်းတို့ဖြစ်သည်။
(က)    ပထမအဆင့်။           ယင်းအဆင့်တွင်ပြင်ပအဖွဲ့အစည်းများကိုစောင့်ကြည့်လေ့လာ ရာ၌နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးပတ်ဝန်းကျင်များကိုလေ့လာခြင်းနှင့်ဥပဒေ များကိုလေ့လာခြင်းဟူ၍အပိုင်း ၄ ပိုင်းသတ်မှတ်ထားသည်။ နိုင်ငံရေးပတ်ဝန်း ကျင်ကိုလေ့လာရာတွင် နိုင်ငံရေး သမားများမှ အမှန်တကယ် ဆောင်ရွက်လိုသည့် စိတ်ဆန္ဒရှိ/မရှိကိုဆန်းစစ်ခြင်း၊ စီးပွားရေးပတ်ဝန်းကျင်ကိုလေ့လာရာတွင် ပြည် သူ့ဝန်ထမ်း၏လစာငွေသည် ပုဂ္ဂလိကကဏ္ဍမှ လစာနှင့်နှိုင်းယှဉ်၍ လုံလောက် မှုရှိ/ မရှိ၊ နိုင်ငံတော်ဘတ်ဂျက်သည်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရန်ပုံငွေအတွက် လုံလောက်စွာသုံးစွဲမှု ရှိ/မရှိနှင့်စီးပွားရေးလုပ်ငန်းရှင်များမှမည်မျှ ပါဝင်ပတ်သက် မှုရှိနေသည်ကိုလေ့လာခြင်း၊ လူမှုရေးပတ်ဝန်းကျင်ကိုလေ့လာရာတွင် နိုင်ငံသူ နိုင်ငံသားများ၏ခံယူချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုခြင်းရှိ/ မရှိနှင့်ပညာပေးမှုမည်မျှရှိသည်ကို လေ့လာခြင်း၊ ဥပဒေ များကိုလေ့လာရာတွင် လက်ရှိဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများသည် သင့်လျော် လုံလောက်မှုရှိ/ မရှိကို လေ့လာဆန်းစစ်ခြင်းတို့ဖြစ်ပါသည်။
(ခ)    ဒုတိယအဆင့်။    ယင်းအဆင့်တွင် အတွင်းအဖွဲ့အစည်းများကိုစောင့်ကြည့် လေ့လာရာတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုစနစ်များ၊ နိုင်ငံ့ဝန်ထမ်း များ၏ အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များ၊ ပညာရှင်များခန့်ထားမှု၊ စီမံ ခန့်ခွဲမှုပုံစံ၊ စံနမူ နာပြခေါင်းဆောင်ကောင်းရှိ/ မရှိလေ့လာခြင်း စသည်တို့ဖြစ်ပါသည်။
(ဂ)    တတိယအဆင့်။    ယင်းအဆင့်တွင်အဓိကပြဿသာနာများကို သတ်မှတ်ခြင်းဖြစ် ပါသည်။
(ဃ)    စတုတ္တအဆင့်။    ယင်းအဆင့်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး စီမံကိန်း ရေးဆွဲခြင်း ဖြစ်ပါသည်။  

နိဂုံး
၂၅။ အဂတိလိုက်စားမှုလျော့နည်းစေရန်အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လိုက်နာ ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် သင့်ပါသည်။ အဂတိလိုက်စားမှုရှိသော လူ့အဖွဲ့အစည်း၌ နောင်ကာလ၏ မျိုးဆက်သစ်များ အတွက် သယံဇာတအသုံးပြုနိုင်မှုများ လျော့နည်းသွားပေမည်။ အဂတိလိုက်စားမှုသည် သာမန် ပြည်သူများအတွက် ကြီးလေးသောတာဝန်နှင့်ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါသည်။ မြန်မာနိုင်ငံ အတွင်း အဂတိလိုက်စားမှုသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍနှင့် အဖွဲ့အစည်းများ တိုးတက်မှုအတွက် အဓိကအတားအဆီးဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ပြောကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၌အဂတိလိုက်စားမှုပပျောက်ရေးကို ဆောင်ရွက်ရာ၌အစိုးရ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့်နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ရန်လိုအပ်ပါ သည်။ အကျင့်ပျက်အဂတိလိုက်စားမှုများကို အပြင်းအထန်နှိမ်နင်းလျင် တိုင်းပြည်နှင့်လူမျိုး အတွက် အလေ့အကျင့်ကောင်းများကျင့်သုံးရန် လမ်းစရရှိကာ အောင်မြင်မှုများရရှိစေမည့် အကြောင်းရင်းဖြစ်ပါသည်။


သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာတာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရ သတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင် ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေး မှုများ ပြုလုပ်ခြင်းမရှိပါ။

Date issused 
Monday, January 23, 2017 - 14
Research File 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်ရုံး