Law Database | Mail | English Version

ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း

အကျဉ်းချုပ်
ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံရေးရာများကို ထိန်းကျောင်းရာ၌ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံသားများဘေးကင်းလုံခြုံမှုရှိရေးသည် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် အများသဘော နှင့်အညီဆောင်ရွက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံသားတို့၏လွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်မှုနှင့် သာတူညီမျှမှုဟူသည့် ဒီမိုကရေစီ၏ အနှစ် သာရများပါဝင်သည့် ရဲလုပ်ငန်းစနစ်ကိုဖော်ဆောင်ရန်မရှိမဖြစ်လိုအပ်ပါသည်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၏ ရှေးဦးအဆင့် တွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးသည် အရှိန်အဟုန်ဖြင့် ပါဝင်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရ သည်ပြည်သူကိုဗဟိုပြု၍ ပြည်သူတို့၏ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီ စနစ်အမြစ်တွယ်ရှင်သန်စေရေးတို့အတွက် ပြည်တွင်းဥပဒေများ၊ နိုင်ငံ တကာဥပဒေများနှင့် စံသတ်မှတ်ချက်များ၏ စည်းကမ်းဘောင်အတွင်းတွင်ရဲတပ်ဖွဲ့ကျင့်ဝတ်နှင့် အညီဆောင်ရွက်ရမည်ဖြစ်ပါသည်။


နိဒါန်း
၁။    တရားဥပဒေစိုးမိုးမှုအောက်တွင် ဥပဒေနှင့်အညီ လွတ်လပ်စွာဆောင်ရွက်နိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်ပေါ်အောင် ဖော်ဆောင်ရန်လိုအပ်ပါသည်။  ပြည်သူလူထုအတွက် ဘေးကင်း လုံခြုံသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးရာတွင် ရဲတပ်ဖွဲ့၏လုပ်ငန်းသည် တာဝန်ခံနိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေးကိုလေးစားမှုနှင့်အညီ ကျင့်သုံး လုပ်ကိုင်ရမည်ဖြစ်ပါသည်။ ရဲလုပ်ငန်းသည် ပြည်သူလူထုကို ဘေးကင်းလုံခြုံစွာစောင့်ရှောက်ခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။ ပြည်သူလူထုမှလည်း ဥပဒေနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ပါသည်။ ရဲလုပ်ငန်းဝန်ဆောင်မှုတွင် ချမှတ်ထားသည့်မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ၏နည်းစနစ်များနှင့် အခြားစိန်ခေါ်မှုများ စသည့်လုပ်ငန်းစဉ်များကိုအဓိကထား ဆောင်ရွက်ရပါသည်။ ထိုလုပ်ငန်းစဉ်များသည် ဒီမိုကရေစီရဲတပ်ဖွဲ့ လုပ်ငန်းများကို အကျိုးပြု သည့် အခြေခံအုတ်မြစ်များပင်ဖြစ်ပါသည်။  

တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း
၂။    နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရေးကြီးဆုံးသည် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးပင်ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးပြီး အုပ်ချုပ် ရေး ယန္တရားခိုင်မာမှသာ ပြည်သူများအေးချမ်းလုံခြုံစွာ နေထိုင်နိုင်မည်ဖြစ်ပါသည်။  ရဲတပ်ဖွဲ့ဝင် များသည် ပြည်တွင်းဥပဒေများဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ရဲအက် ဥပဒေများအပြင် နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ထို့ပြင် တရားစီရင်ရေးကဏ္ဍနှင့်ပူးပေါင်းလျက် တရားဥပဒေစိုးမိုးရေးကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီညွတ်မှုရှိစေခြင်း၊ တရားသူကြီးများ၏ လွတ်လပ်စွာ တရား စီရင်ပိုင်ခွင့်ရှိခြင်း၊ ဘက်မလိုက်ခြင်းနှင့် လေးစားမှုရှိခြင်းတို့ကို အထူးဂရုပြု ကြရမည်ဖြစ်ပါသည်။  တရားဥပဒေစိုးမိုးမှုမရှိသောနိုင်ငံများ၌ ပြည်သူလူထုသည် တရားဥပဒေ ၏အကာအကွယ်ကိုမရရှိဘဲ လူ့အခွင့်အရေးများ ချိုးဖောက်ခြင်းခံနေရသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။  

ဒီမိုကရေစီကိုအခြေပြုသည့် ရဲလုပ်ငန်း
၃။    ဒီမိုကရေစီကို အခြေပြုသည့်ရဲလုပ်ငန်းသည် ဘေးကင်းလုံခြုံ၍ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်များဖြစ်လာအောင် တရားဥပဒေထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြည်သူတစ်ဦးချင်း ၏အခြေခံရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို ကာကွယ်စောင့်ရှောက်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ် ပါသည်။ မှုခင်းများကို တားဆီးတိုက်ဖျက်ရာတွင်လည်း အကြောက် တရားနှင့် ဘက်လိုက်မှု ကင်းရှင်းခြင်းဖြင့်  နိုင်ငံသားအားလုံးအတွက် ပြစ်မှုဆိုင်ရာဥပဒေကို ညီတူညီမျှအသုံးချရန်တို့ ဖြစ်ပါသည်။  ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသည့်အခြေခံမူများကို ချမှတ်ထားပြီး ၎င်းမူများမှာ-
(က)    တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(ခ)    ရဲကျင့်ဝတ်နှင့်အညီ လူ့အခွင့်အရေးများကိုလေးစားမှုနှင့် တာဝန်ထမ်းဆောင်ခြင်း၊
(ဂ)    ရဲတပ်ဖွဲ့၏တာဝန်ယူမှုဖြင့်ပွင့်လင်းမြင်သာစွာ လူ့အဖွဲ့အစည်းကိုဗဟိုပြုခြင်း၊
(ဃ)    ရဲတပ်ဖွဲ့၏ဖွဲ့စည်းမှုဖြင့် စီမံခန့်ခွဲမှုကိုစနစ်ကျသည့်အချက်များ ထည့်သွင်းခြင်း စသည်တို့ဖြစ်ပါသည်။

၎။    ဒီမိုကရေစီရဲလုပ်ငန်းသည်ဥပဒေနှင့်အညီပြည်သူလူထု၏ ယုံကြည်ကိုးစားမှုနှင့် ထောက်ခံ အားပေးမှုတို့ဖြင့်ပေါင်းစပ်၍ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ပြည်သူလူထု၏လိုအပ်ချက်များကို ဝန်ဆောင်မှုများဖြင့် ဖြည့်ဆည်းပေး၍ မျှော်လင့်ချက်များကိုတုံ့ပြန်ပေးရန်ဖြစ်ပါသည်။ ဥပဒေ အရအရေးယူဆောင်ရွက်ရာတွင် မှုခင်းဖြစ်ပွားမှတုံ့ပြန်ခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ် မှုပြုလုပ်ရန် ဦးတည်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။  

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူဝါဒ၊ ရည်မှန်းချက်တာဝန်များနှင့် ရည်ရွယ်ချက်များ
၅။    မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့တွင် အင်အား (၇၂၀၀၀) ကျော်ရှိပါသည်။ ဦးစီးဌာနများအနေ ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနများခွဲခြား၍ ကဏ္ဍအသီးသီးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။  မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူဝါဒများမှာမျိုးချစ်စိတ်ဓါတ်ရှိခြင်း၊ စွမ်းရည်ပြည့် ဝခြင်းနှင့် ခေတ်မီခြင်းစသည်တို့ ဖြစ်ပါသည်။ ရည်မှန်းချက်တာဝန်များအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာ ရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးစသည်တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏  အခြေခံလိုအပ်ချက်များနှင့် အခက်အခဲများ
၆။    မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့အင်အား (၇၂၀၀၀) ကျော်သာရှိခြင်းကြောင့် ရဲတပ်ဖွဲ့များအနေ ဖြင့်ပြည်သူလူထုကို ထိရောက်သည့် လုံခြုံမှုနှင့်ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ရဲဝန်ထမ်းအင် အား(၇၀၀၀၀)ကျော် ထပ်မံဖြည့်တင်းရန်လိုအပ်လျက်ရှိပါသည်။  နိုင်ငံတကာတွင်ရဲတစ်ဦး လျှင်လူဦးရေ (၄၀၀) အချိုးဖြင့် လုံခြုံရေးဆောင်ရွက်နေကြပါ သည်။ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ အင်အားနည်းပါးခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် ပြည်သူ(၁၂၇၄)ဦးအချိုးနှုန်းဖြင့် လုံခြုံရေး ကိုတာဝန်ယူထားရ၍ လုံလောက်သည့်ကူညီမှုကိုမပေးနိုင်ပါ။  မြန်မာနိုင်ငံတွင် မှုခင်းအများဆုံး ဖြစ်ပွားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရဲနှင့်ပြည်သူအချိုးမှာ ရန်ကုန်တိုင်းဒေသကြီး တွင် (၁) အချိုး (၁၂၄၁)၊ မန္တလေးတိုင်းဒေသကြီးတွင် (၁) အချိုး (၁၃၁၇)၊ ပဲခူးတိုင်းဒေသ ကြီးတွင် (၁) အချိုး (၉၃၄)၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁) အချိုး (၁၃၀၈)၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် (၁) အချိုး (၁၅၄၉) တို့ဖြင့် မညီမျှသည့်အချိုးများဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ မှုခင်းဖြစ်ပွားမှုများသည့် တိုင်းဒေသကြီးများတွင် လူဦးရေသိပ်သည်းပြီး ရဲတပ်ဖွဲ့ဝင်အင်အားနည်းပါးမှုသည် မှုခင်းများပိုမိုဖြစ်ပွားရသည့် အကြောင်းအရင်း တစ်ချက်ဖြစ်ပါသည်။

၇။    ရဲတပ်ဖွဲ့နှင့်ပြည်သူများအကြား ယုံကြည်မှုများ၊ နီးစပ်မှုများမရှိသကဲ့သို့ လုံခြုံရေးအပိုင်း တွင်လည်း အားနည်းလျက်ရှိပါသည်။  ရဲတပ်ဖွဲ့ဝင်များတွင် အခြေခံလိုအပ်ချက်များစွာရှိနေ ပါသည်။ ယင်းအခြေခံလိုအပ်ချက်များ၌ လစာ၊ ခရီးစရိတ်၊ လုပ်ငန်းဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ ရပိုင်ခွင့်နှင့် ရဲဝန်ထမ်းအင်အား စသည့်လိုအပ်မှုများ များပြားလျက် ရှိပါသည်။  ယခုအခါ ရဲဝန်ထမ်းများသည် တရားခံဖမ်းဆီးရာတွင် ကုန်ကျသည့်စရိတ်များကို တာဝန်ခံရဲက ကျခံစိုက် ထုတ်ထားရပြီး တရားခံကိုတရားရုံးတင်ပြီးသည့်အဆင့်ရောက်မှသာ ကျခံထားသည့် စရိတ်ငွေ ကိုပြန်ရခြင်းကြောင့် ရဲဝန်ထမ်းများ၏ လုပ်ငန်းများမှာလည်း အခက်အခဲများရှိနေပါသည်။ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေး ဆောင်ရွက်ရာတွင်လူအင်အားနှင့် ဘဏ္ဍာငွေလိုအပ်ချက်များအားဖြည့်ဆည်း ပေးရန်လိုအပ်ပါသည်။ ထို့ကြောင့်ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းအခြေအနေများကိုပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိပါသည်။

အစိုးရ၏လတ်တလောဆောင်ရွက်နေမှုများ
၈။    မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် ရက် (၁၀၀) စီမံချက်ချမှတ်၍ နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင်လုံခြုံရေး၊ တရာဥပဒေစိုးမိုးရေးနှင့်မှုခင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စေရန် အပိုင်း (၄) ပိုင်းခွဲခြား၍ ဆောင်ရွက်လျက်ရှိပါသည်။
(က)    အပိုင်း(၁) နေပြည်တော်ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်(၁၄) ခု အပါအဝင်အဓိကကျသော ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် မူးယစ် ဆေးဝါးကျဆင်းရေးနှင့် တားဆီးနှိမ်နင်းခြင်း၊
(ခ)     အပိုင်း(၂) ရန်ကုန်မြို့တော် ဒဂုံအထူးစီမံချက်နှင့် မန္တလေးမြို့တော် ရတနာပုံ အထူးစီမံချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဂ)    အပိုင်း(၃) နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နိုင်ငံရေး နှင့် ဆက်နွယ်၍  အမှုရင်ဆိုင်နေကြသူများနှင့် စပ်လျဉ်းသောအမှုများကို ရုပ်သိမ်း၊ ပိတ်သိမ်းနိုင်ရန် ဆောင်ရွက်ခြင်း၊
(ဃ)    အပိုင်း(၄) ဝန်ဆောင်မှုကိုရှေးရှု့သော ရဲလုပ်ငန်းစနစ်အဖြစ် အသွင်သဏ္ဍာန် ပြောင်းလဲခြင်းနှင့်အနှစ်သာရတိုးမြင့်အောင် ပြောင်းလဲခြင်းများစသည်များကို ဆောင်ရွက်လျက်ရှိပါသည်။

၉။    အစိုးရပိုင်းအနေဖြင့် စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပါသည်။ ချမှတ်ထားသည့် စီမံချက်(၅) ရပ်မှာ အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်မှုများဆောင်ရွက်ခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ်အကဲဖြတ်ဆန်းစစ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းစသော လုပ်ငန်း များအတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တရားရေးဌာန၊ ဥပဒေရေးရာဌာန၊ ပညာရေး၊ ကျန်းမာရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများကို လည်း ဆောင်ရွက်လျက်ရှိပါသည်။  ထို့ပြင်မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လိုအပ်သည့် ဥပဒေ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ လိုအပ်သည့်တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ဖွဲ့စည်းခြင်းနှင့် တပ်ဖွဲ့ ဝင်များ၏စွမ်းရည်မြင့်မားရေးကို အလေးထားခြင်း၊ တိုးတက်ပြောင်းလဲလာသည့် မှုခင်း ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာအယူအဆများကို အခြေခံ၍ နိုင်ငံတော်အစိုးရ၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီအလေးထား ဆောင်ရွက်လျက်ရှိပါသည်။  

၁၀။    မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထုမှ အကူအညီ တောင်းခံမှုများအပေါ် လျင်မြန်စွာတုံ့ပြန်နိုင်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 199 Call Center တပ်ဆင်ခြင်း၊ နေပြည်တော်နှင့်တိုင်းဒေသကြီးများ ပြည်နယ်များ၏ မြို့နယ်ပေါင်း (၁၈၁) မြို့နယ်ရှိ မြို့မရဲစခန်းများတွင် 199 Hot Line တယ်လီဖုန်းများတပ်ဆင်၍ ပြည်သူ လူထု၏ အကူအညီတောင်းခံလာမှုများကို အလျင်အမြန်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ရဲလုပ်ငန်းပြုပြင်ပြောင်းလဲရေးနှင့် ပြင်ပအဖွဲ့အစည်းများ၏ ပံ့ပိုးမှုများ
၁၁။    မြန်မာနိုင်ငံရှိရဲတပ်ဖွဲ့များတွင် ရဲလုပ်ငန်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ဥရောပသမဂ္ဂ EU ၏ စီစဉ်ပံ့ပိုးမှုနှင့် ရဲအရာ ရှိများ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူဗဟိုပြုရဲလုပ်ငန်း၊ လူစုလူဝေးထိန်းသိမ်းနည်းသင်တန်းများ၊ မီဒီယာ၊ လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းသင်တန်းများကို ၂၀၁၃ ခုနှစ် စက်တင်ဘာ လကစတင်ပြီး ပို့ချပေးလျက်ရှိပါသည်။ ဥရောပသမဂ္ဂသည် ရဲဝန်ထမ်းပေါင်း (၄၀၀၀) ကျော်ကို သင်တန်းများပို့ချပေးခြင်းနှင့် ရဲဝန်ထမ်းများကိုယ်တိုင်က ဆင့်ပွားသင်တန်းများ ပေးနိုင်ရန် ဆရာဖြစ်သင်တန်းလည်း ပို့ချပေးထားလျက်ရှိပါသည်။ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး စီမံကိန်း အတွက် ယူရို ၉ ဒသမ ၅ သန်း (ကျပ် သန်းပေါင်း ၁၃၂၀၀) အကုန်ကျခံ၍ ဥရောပသမဂ္ဂမှ  ကူညီပံ့ပိုးလျက်ရှိပါသည်။  

၁၂။    EU ၏ ပံ့ပိုးမှုဖြင့် Crowd Management  နှင့် Community Policing ကိုလက်တွေ့ ကျင့်သုံးနိုင်ရန် လေ့ကျင့်သင်ကြားပေးမှုများ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (United Nations of Development Programme)UNDP, OCHA, ICRC တို့၏ပူးပေါင်းကူညီမှု ဖြင့်လူ့အခွင့်အရေးဆိုင်ရာများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ နိုင်ငံ တကာ၌လက်ခံကျင့်သုံးနေသည့် ရဲအရာရှိများလိုက်နာရမည့် ကျင့်ဝတ်သိက္ခာများစသည့် ဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကိုစဉ်ဆက်မပြတ် လေ့ကျင့်ပေးလျက်ရှိပါသည်။ နှစ်ပေါင်းများစွာ မပြောင်းလဲခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂကပြုပြင်ပြောင်းလဲရေးဆိုင်ရာ သင်တန်း များပေး၍ပြုပြင်ပြောင်းလဲမှုကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တရားခံကိုအမှုစစ်မည်ဆိုလျှင် သက်ဆိုင်ရာမိသားစုက စီစီတီဗွီကတစ်ဆင့်ကြည့်ရှုခွင့်ရှိလာ ခြင်း၊ လာဘ်ပေးလာဘ်ယူမှုမပြုလုပ်ရန်တင်းကြပ်စွာတားမြစ်ထားခြင်းတို့ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင်ရဲဝန်ထမ်းများတွင် တိုင်းရင်းသားလူမျိုးပါဝင်မှုနှုန်းသည်လည်း ယခင် နှစ်များ ထက် (၁၅) ရာခိုင်နှုန်း အထိတိုးတက်လာပါသည်။

နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ရဲလုပ်ငန်း
၁၃။    နိုင်ငံတကာ၏ ဒီမိုကရေစီရဲတပ်ဖွဲ့သည် လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းများကို ကောင်း ကျိုးချမ်းသာရရှိရန်နှင့် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးနေရသူများဖြစ်ပြီး အစိုးရ၏မြင်သာမှု အရှိဆုံးပုဂ္ဂိုလ်များဖြစ်ပါသည်။ ဒီမိုကရေစီရဲတပ်ဖွဲ့၏အဓိပ္ပါယ်မှာတရားဥပဒေစိုးမိုးရေးအတွက် လူသားတို့၏ဂုဏ်သိက္ခာကို လေးစားခြင်း၊ တန်ဖိုး ထားဆောင်ရွက်ခြင်း၊ အကန့်အသတ်ဖြင့် ထိန်းချုပ်ထားသောအခြေအနေများတွင် ပြည်သူလူထုအတွင်းသို့ ဝင်ရောက်စွက်ဖက် ဆောင်ရွက် နိုင်ခွင့်ရှိခြင်း၊ မိမိလုပ်ဆောင်ချက်များအတွက် အများပြည်သူသိရှိအောင် တာဝန်ယူနိုင်ခြင်းဟူ၍ နိုင်ငံတကာတွင်သတ်မှတ် ကျင့်သုံးလျက်ရှိပါသည်။  

အင်္ဂလန်နိုင်ငံ၏ ရဲလုပ်ငန်းဝန်ဆောင်မှုအခြေအနေများ
၁၄။    အင်္ဂလန်နိုင်ငံလန်ဒန်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နေသည့် Human Rights Watch အဖွဲ့အစည်း၊ တိုင်းမ်သတင်းစာတိုက်အပါအဝင် လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့အစည်း၊ မီဒီယာအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များ၏ အကျင့်ပျက်ခြစားမှုနှင့် အနိုင် ကျင့်မှုများအပေါ် စစ်ဆေးစုံစမ်းသည့် Independent Police Complaints Commission (IPCC)အဖွဲ့အစည်း၊ Metropolitan Police ရဲဌာနများထားရှိပြီးဆောင်ရွက်လျက်ရှိပါသည်။

၁၅။    အင်္ဂလန်နှင့်ဝေးလ်တွင် ရဲတပ်ဖွဲ့များက သေနတ်ကိုင်ခွင့်မပြုဘဲသုံးခဲ့လျှင် ထိုရဲဝန်ထမ်း ၏လုပ်ပိုင်ခွင့်ကို ပြန်လည်ဆန်းစစ်ပြီး ခွင့်ပြုချက်ရသော်လည်း ပစ်ခတ်မှုမှာရှားပါးပါသည်။ ရဲကြောင့် ပြည်သူတစ်ယောက်သေဆုံးသွားလျှင် ကြီးလေးစွာစစ်ဆေးခြင်းခံရမည်ဖြစ်သည်။  အင်္ဂလန်နှင့် ဝေးလ်ပြည်နယ်နှစ်ခုလုံးအတွက် ရဲဌာနစုစုပေါင်း ၄၃ ခုရှိပြီး မြို့ထဲတွင် လုံခြုံရေးကင်းလှည့်နေသည့် ရဲဝန်ထမ်းမှအပ အခြားရဲများသည် သေနတ်ကိုင်ခွင့်လုံးဝမရှိဟု သိရပါသည်။ ရဲဝန်ထမ်းများသည် သေနတ်၊ ရာဘာကျည်ဆန်၊ ကျင်စက်၊ ရေပိုက်နှင့်ထိုးခြင်း၊ မျက်ရည်ယိုဗုံး များကို အသုံးပြုခွင့်ပိတ်ထားပါသည်။ လူအုပ်၏အကြမ်းဖက်မှု အရှိန်မြင့်ချိန်တွင် သေနတ်ကို မဖြစ်မနေသုံးရန် လိုအပ် လျှင် ရေဒီယိုစက်ဖြင့် သက်ဆိုင်ရာအကြီးအကဲ၏ ခွင့်ပြုချက်တောင်းရပါသည်။

၁၆။    လန်ဒန်မြို့၏ရဲသတင်းတပ်ဖွဲ့သည် ၂၄ နာရီအလုပ်လုပ်ရပြီး သတင်းပြန်ကြားရေးဌာန ရှိပြီး သတင်းကိစ္စအတွက် အရာရှိများ သီးသန့်ခွဲထားပါသည်။ အချို့နယ်မြေခံရဲဌာနများသည် ယင်းတို့၏သတင်းများကို ရွေးချယ်ပေးထားသည့် သတင်းအဖွဲ့ကိုသာပြောပါသည်။ ရဲနှင့် သတင်းထောက်က ခပ်တန်းတန်းနေကြရပါသည်။  မီဒီယာများကို သတင်းထုတ်ပြန်ပေးသည့် ရဲတပ်ဖွဲ့ကိုလည်း သီးခြားဖွဲ့စည်းပေးထားပါသည်။ မီဒီယာသမားအချို့သည် ရဲတပ်ဖွဲ့၏ အတွင်း သတင်းများ၊ ထူးခြားသည့် သတင်းများလိုချင်လျှင် ရဲဝန်ထမ်းများကို လာဘ်ပေးမှုပြုလုပ်ခဲ့၍ အရေးယူခဲ့ရခြင်းများရှိခဲ့ပါသည်။ လူမှုကွန်ရက်မီဒီယာများတွင် နေ့စဉ်ရရှိသမျှမှုခင်းများ၊ တရားခံပြေးဓာတ်ပုံများ၊ ဗဟုသုတနှင့်ပညာပေးခြင်း အစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ တင်ပေးလျက်ရှိပါသည်။

၁၇။    IPCC အဖွဲ့အစည်းသည် ရဲဝန်ထမ်းများ၏ အကျင့်ပျက်ခြစားခြင်း၊ လူထုအပေါ်တွင် အကြမ်းဖက်ဖြေရှင်းခြင်း၊ ရဲကြောင့်တရားခံသေဆုံးခြင်း စသည့်ပြဿနာများကို တိုင်ကြားရာ တွင် ကိုင်တွယ်စုံစမ်းလေ့ရှိသည့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းတို့ စုံစမ်းစစ်ဆေးမှု အပေါ်မည်သူကမျှဖိအားပေးခြင်းမရရှိပေ။ ထိုအဖွဲ့ အစည်းကို တိုင်ကြားလာသမျှ အမှုများထဲမှ စိစစ်ပြီးအမှန်တကယ်အရေးကြီးသည့် ကိစ္စများကိုစုံစမ်းရာတွင်တစ်နှစ်လျှင် စုံစမ်း မှု (၉)မှုခန့်သာ ပြုလုပ်ဖြစ်ပါသည်။ ယင်းစုံစမ်းမှုများအတွက် ကျပ်သန်းပေါင်း(၉၉၂၀၀) ကုန်ကျ သည်ဟု သိရပါသည်။  

ဂျာမနီနိုင်ငံ၏ ရဲလုပ်ငန်းဝန်ဆောင်မှုအခြေအနေများ
၁၈။    ဂျာမနီနိုင်ငံဘာလင်မြို့၏ ရဲဌာနချုပ်အရေးပေါ်ဖုန်းလက်ခံရာဌာနတွင် ရဲဝန်ထမ်းဦးရေ ၂၀၀ ခန့်သည် ၂၄ နာရီပတ်လုံး ပြည်သူများထံမှ သတင်းပေးပို့ချက်များကို အချိန်ပြည့်ဖြေကြား ပေး၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ၎င်းဌာနသို့ Accidents များဖြစ်ပွားခြင်း၊ မီးလောင် ခြင်း၊ လမ်းနေရာမသိခြင်းတို့ကအစ မေးမြန်းနိုင်ပါသည်။ ထိုဌာန၏အရေးပေါ် ဖုန်းလက်ခံရာ ဌာနမှ တာဝန်ကျရဲဝန်ထမ်းသည် “ဖုန်းဝင်လာသည်နှင့် နာမည်နှင့် နေရာကိုမေးပြီး၊ ပြောပြသည့်နေရာကို မြေပုံတွင်တစ်ခါတည်းရှာ၍ အနီးဆုံးကင်းလှည့်ရဲဝန်ထမ်း သို့မဟုတ် ရဲဌာနကိုချက်ခြင်း အကြောင်းကြားပေးပြီး အရောက်သွား၍ ဆောင်ရွက်ပေးရပါသည်။

၁၉။    ဘာလင်မြို့၏ရဲတပ်ဖွဲ့များကို သေနတ်ကိုင်ဆောင်ခွင့်ပြုထားသော်လည်း ပစ်ခတ်ဖမ်းဆီး ခွင့်မပြုပေ။ ဘာလင်မြို့တွင် တစ်နှစ်ကိုဆန္ဒပြပွဲပေါင်း (၄၀၀၀) ကျော်ရှိသော် လည်းရဲတပ်ဖွဲ့နှင့် လူစုလူဝေးအကြား ပြဿနာဖြစ်ခြင်းသည် အလွန်နည်းပါးပါသည်။ ရဲများက ဆန္ဒပြသူများ၏ လုံခြုံရေးကို တာဝန်ယူပေးရန်လိုအပ်သောကြောင့် ဆန္ဒပြမည့်အကြောင်းရင်းကို ရဲစခန်းသို့ အသိပေးရန်လိုအပ်ပြီး မည်သည့်ဆန္ဒပြမှုမျိုးကိုမဆို ခွင့်ပြုပေးထားပါသည်။

၂၀။    ဘာလင်မြို့ပေါ်က မီးရထားဂိတ်၊ လမ်းနေရာအများအပြားတွင် ရဲဝန်ထမ်းများသည် ပြည်သူများ၏လိုအပ်ချက်နှင့် အကူအညီတောင်းမှုများကို ကူညီဆောင်ရွက်ပေးနေခြင်း၊ လူစည်ကားသည့်နေရာများတွင် လုံခြုံရေးယာဉ်များ မကြာခဏကင်းလှည့်နေခြင်းတို့ဖြင့် ဝန်ဆောင်မှု ပေး၍ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ဘာလင်မြို့တွင် ရဲတပ်ဖွဲ့ဝင်များသည် မီဒီယာသမား များနှင့် နီးစပ်မှုများရှိလာလျှင် စုံစမ်းလေ့ရှိခြင်း၊ ရဲနှင့် မီဒီယာနီးကပ်လွန်းသည်ဟု ယူဆလျှင် ယင်း ၂ ခုကြား၏ ဆက်ဆံရေးကို အမြဲစောင့်ကြည့်လျက်ရှိပါသည်။   

ကနေဒါနိုင်ငံ၊ တိုဂွန်တိုရဲတပ်ဖွဲ့၏ဆောင်ရွက်ချက်များ
၂၁။    ကနေဒါနိုင်ငံ တိုဂွန်တိုရဲတပ်ဖွဲ့၏လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ Guide book ထုတ်ဝေထားပါသည်။ တိုဂွန်တိုရဲတပ်ဖွဲ့တွင် အရေးပေါ်ဌာနဖွင့်လှစ်ထားပြီး Emergency Call နှင့် Non Emergency Call ဟူ၍ သီးခြားသတ်မှတ်ထား၍ခေါ်ဆိုနိုင်ပါသည်။ Emergency Call သည် မီးလောင်မှုများ၊ ပြစ်မှုများ၊ အသက်အန္တရာယ် ခြိမ်းခြောက်သည့် ကိစ္စရပ်များပါဝင် ပြီး Non Emergency Call တွင် ပစ္စည်းပျောက်မှု၊ Passport ပျောက်မှု၊ ကား Accident ဖြစ်ပွားမှုတို့ပါဝင်ပါသည်။ ယင်းတပ်ဖွဲ့ရှိတပ်ဖွဲ့ဝင်များသည် အလှည့်ဖြင့် တာဝန်ကျနယ်မြေတွင် လမ်းလျှောက်ကင်းလှည့်နေရပြီး လမ်းလျှောက်သူ ပြည်သူများနှင့် ရင်းနှီးနွေးထွေးစွာအပြုံးဖြင့် စကားပြောကြရပါသည်။ ရဲများအတွက် Guide book တွင် ပြည်သူလူထုနှင့် ဆက်ဆံ စကားပြောပုံ၊ Phone Call ခေါ်ရာတွင် မည်သို့မည်ပုံသုံးနှုန်းရမည် စသည်များပါဝင်ပြီး စကားပြန်ကအစ ဆက်သွယ်ရမည့်နည်းလမ်းနှင့် အားလုံးကိုအသေးစိတ် ဖော်ပြထားပါသည်။

အစိုးရမဟုတ်သည့် ပြင်ပအဖွဲ့အစည်း၏ သုံးသပ်ချက်များ
၂၂။    “တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်သည့်နေရာတွင် ရဲတပ်ဖွဲ့တစ်ခုတည်းသာပြောင်း လဲ၍မရ၊ လွှတ်တော်၊ တရားစီရင်ရေးတို့ကအစ ပြောင်းလဲရန်လိုလိမ့်မည်” ဟုလန်ဒန် အခြေစိုက် Matrix ရှေ့နေများအဖွဲ့အစည်းက တာဝန်ရှိသူကပြောပါသည်။

၂၃။    ရဲလုပ်ငန်းတာဝန်များအနေဖြင့် ဖော်ပြပါနိုင်ငံများတွင် ဥပဒေအရ လက်နက်ကိုင်ဆောင် အသုံးပြုခွင့်ပိတ်ပင်တားဆီးထားသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ လက်တလော ဖြစ်ပွားနေ သည့် ပြည်တွင်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် သမာရိုးကျလုပ်ငန်းစဉ်ထက် ထူးခြားဖြစ်စဉ်များကြောင့် လက်နက်ကိုင်အသုံးပြုရသည့် အခြေအနေများဖြစ်နေသည်ကို တွေ့ရှိရပါသည်။
နိဂုံး
၂၄။    ရဲလုပ်ငန်းဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့များအတွင်း စနစ်တကျစီမံခန့်ခွဲမှုများရှိပြီး ပြည်တွင်းဥပဒေသာမက နိုင်ငံတကာကသတ်မှတ်ထားသည့်စံနှုန်းများ၊ ဥပဒေများ၊ ကျင့်ဝတ် များကိုပါ မိမိရေမြေနှင့် ကိုက်ညီအောင်ပြောင်းလဲ ကျင့်သုံးဆောင်ရွက်နိုင်ရန်လိုအပ်ပါသည်။ ရဲတပ်ဖွဲ့ဝင်များသည် မိမိဆောင်ရွက်ချက်အတိုင်း တာဝန်ယူမှုရှိခြင်း၊ ဥပဒေပြဋ္ဌာန်းချက်များ အတိုင်း အပြည့်အဝလိုက်နာနိုင်စေရန်နှင့် ရေတိုရေရှည်စီမံချက်များချမှတ်ကာ ခေတ်သစ်ပြောင်း လဲမှုများနှင့်အညီ စီမံဆောင်ရွက်နိုင်စေရန်အတွက် အထောက်အကူဖြစ်ရန်ရေးသားပြုစုတင်ပြ အပ်ပါသည်။


သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

Date issused 
Wednesday, August 24, 2016 - 10
Research Type 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်