Law Database | Mail | English Version

ရာသီဥတုအခြေအနေပေါ်မူတည်၍ ကောက်ပဲသီးနှံ အာမခံစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

အကျဉ်းချုပ်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံပြီးလူဦးရေ၏ (၇၀) ရာခိုင်နှုန်းသည် တောင်သူ လယ်သမားများဖြစ်ကြပါသည်။ စိုက်ပျိုးရေးကဏ္ဍသည် ရာသီဥတုပြောင်းလဲမှုများပေါ်မူတည်ပြီး အလွယ်တကူပျက်စီးဆုံးရှုံးတတ်သည့် ကဏ္ဍတစ်ခုဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု များစွာရှိနိုင်ပါသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုး တောင်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပြင်ပအဖွဲ့ အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ရာသီဥတုကိုအခြေခံသည့် ကောက်ပဲသီးနှံ အာမခံစနစ်ဖြစ်ထွန်းလာရေးအတွက် အထောက်အကူပြုနိုင်စေရန်ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။ စာတမ်းတိုတွင် အလေးထားဖော်ပြထားသည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  •  စိုက်ပျိုးတောင်သူများ၏ နစ်နာဆုံးရှုံးမှုများကို  ကာကွယ်နိုင်ရန်အတွက် အာမခံထား ခြင်း၏ အခြေခံသဘောတရားများ၊
  •  စိုက်ပျိုးရေးဆိုင်ရာ အာမခံလုပ်ငန်းများ၏ အချက်အလက်များ၊
  •  လက်တလောတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကာကွယ်နိုင်ရန်အတွက် နည်းလမ်းသစ်များရှာဖွေ၍ ရှေ့ပြေးစမ်းသပ် ဆောင်ရွက်နေ မှုများ၊
  • အစိုးရ၏ဆောင်ရွက်ချက်များ၊
  •  စိုက်ပျိုးရေးနိုင်ငံအချို့၏ စိုက်ပျိုးရေးဆိုင်ရာအာမခံလုပ်ငန်း ဆောင်ရွက်နေသည့်  အခြေအနေများ၊
  • ကျွမ်းကျင်ပညာရှင်များ၏ အကြံပေးသုံးသပ်ချက်များ စသည်တို့ကို စုစည်းဖော်ပြထားပါသည်။

 နိဒါန်း
၁။    စိုက်ပျိုးတောင်သူများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကို အထောက်အကူပြုပြီး တိုင်းပြည် စားနပ်ရိက္ခာပြည့်စုံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများဖြစ်ကြပါသည်။ တောင်သူလယ် သမားများ၏ အကျိုးစီးပွားများကို မြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးသည် နိုင်ငံစီးပွားဖွံ့ဖြိုးရေး အတွက်အရေးပါသည့် လိုအပ်ချက်ပင်ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် တောင်သူလယ်သမား များ၏ အကျိုးစီးပွားကိုအထောက်အကူပြုသည့် လုပ်ငန်းများဆောင်ရွက်နေသော်လည်း စိုက်ပျိုး ရေးနှင့် စပ်လျဉ်း၍အာမခံလုပ်ငန်များမရှိသေးပေ။ ထို့ကြောင့်စိုက်ပျိုးရေးဆိုင်ရာ အာမခံလုပ် ငန်းများ ဖော်ဆောင်ပေးပြီး တောင်သူလယ်သမားများ အလုပ်အကိုင်အဆင်ပြေစေရေးအတွက် လယ်ယာ ကဏ္ဍကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။

အာမခံခြင်းလုပ်ငန်း၏ အခြေခံသဘောတရားများ
၂။    အာမခံခြင်းလုပ်ငန်း၏ အခြေခံသဘောတရားများသည် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှု အန္တရာယ်များကြုံတွေ့နိုင်သည့် လူတစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ လုပ်ငန်းတစ်ခုအနေနှင့် လည်းကောင်း၊ မိမိတို့ကြုံတွေ့နိုင်မည့် အန္တရာယ်အမျိုးမျိုးတို့အား အာမခံကုမ္ပဏီသို့ အာမခံ ကြေးပေးသွင်း၍ ပခုံးလွှဲပြောင်းပေးခြင်းဖြစ်ပါသည်။ အာမခံထားသူက အာမခံကုမ္ပဏီသို့ ပရီမီယံကြေးငွေများကိုပေးသွင်းခြင်းအားဖြင့် အာမခံထားရှိရမည်ဖြစ်ပါသည်။ ယင်းကုမ္ပဏီတို့ ကလည်း ဆုံးရှုံးမှုအန္တရာယ်ကျရောက်လျှင် လျော်ကြေးပေးရန် တာဝန် (Liability) ရှိပါသည်။ အာမခံကုမ္ပဏီသည် ပေးသွင်းထားသည့် ပရီမီယံကြေးငွေကို ရန်ပုံငွေတစ်ရပ် (Fund) အဖြစ် ထူထောင်ထားပြီး အာမခံထားရှိသူများဆုံးရှုံးမှုဖြင့် ကြုံတွေ့ရသည့်အခါ ယင်းရန်ပုံငွေမှပေး လျော်ခြင်းဖြစ်ပါသည်။ အာမခံထားသူအနေဖြင့် အာမခံထားလိုက်ခြင်းအားဖြင့် “ဆုံးရှုံးမှု ပေါ် ပေါက်လာလျှင် လျော်ကြေးပေးမည့်ကတိ”(Promise)စာချုပ်ကို အာမခံကုမ္ပဏီမှရရှိရမည် ဖြစ် ပါသည်။ အာမခံလုပ်ငန်းတွင် ထိုကဲ့သို့ကတိကဝတ်ပြုထားသည့် စာချုပ်ကို “Policy” ဟုခေါ် ပါသည်။ ယင်းပေါ်လစီ(ခေါ်)စာချုပ်တွင် နှစ်ဦးနှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ပါရှိပြီး ထိုစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။  

စိုက်ပျိုးရေးအာမခံထားရှိမှုဆိုင်ရာများ    
၃။    လယ်သမားများသည်စိုက်ပျိုးရေးဆိုင်ရာအာမခံစနစ်ကိုလိုက်နာ၍ ပရီမီယံကြေးပေးသွင်း ခြင်းဖြင့် ကောက်ပဲသီးနှံများထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ဒေသတွင်းနိုင်ငံများတွင် စိုက်ပျိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် အာမခံအမျိုးမျိုးကို ထားရှိကြပါသည်။ စိုက်ပျိုးရေးအာမခံအမျိုးအစားများမှာ-

  • သီးနှံသိုလှောင် အာမခံထားခြင်း၊
  • ရာသီဥတုအာမခံထားခြင်း၊
  •  ကောက်ပဲသီးနှံအာမခံထားခြင်း၊
  • သယ်ယူပို့ဆောင်မှုအာမခံထားခြင်းတို့ ဖြစ်ပါသည်။

၎။     သီးနှံသိုလှောင်ထားခြင်းအာမခံသည် သိုလှောင်ထားသည့်အချိန်တွင် မီးပျက်၍မရပေ၊ ထိုအချိန် မီးပျက်ပါကအာမခံဌာနကလျော်ကြေး ပေးလျော်ရခြင်းဖြစ်ပါသည်။

၅။    စိုက်ပျိုးတောင်သူများအနေဖြင့် ရာသီဥတုအပေါ်အာမခံထားခြင်းဖြင့် ရာသီဥတုဘေးအန္တရာယ်ကြောင့် သီးနှံဆုံးရှုံးမှုနည်းပါးရန် အထောက်အကူဖြစ်စေပါသည်။ ရာသီဥတုအာမခံလုပ်ငန်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ်တစ်ခုခုကျရောက်ပါက အာမခံကိုယ်စားလှယ်များသည် ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ဖြစ်စဉ် တကယ်ဟုတ် မဟုတ်၊ မှန်ကန်မှုရှိမရှိကို စစ်ဆေး ခြင်း၊ ဆန်းစစ်ခြင်းများပြုလုပ်ရပါသည်။ ဘေးအန္တရာယ်ကျရောက်သည့် ဖြစ်စဉ်များကို စစ်ဆေး ရန်မလွယ်ကူပေ။ ဆုံးရှုံးမှုကိုအငြင်းပွားနိုင်သဖြင့် မိုးလေဝသဂြိုလ်တုစနစ်ကို အခြေခံ၍ဒေသ အပိုင်းအခြားအလိုက်သတ်မှတ်ထားပါသည်။

၆။    မိုးရွာသွန်းမှုအခြေအနေနှင့်စပ်လျဉ်း၍လည်း မိုးရေချိန်အတိုင်းအတာများကို အမြင့်ဆုံး နှင့် အနိမ့်ဆုံးသတ်မှတ်၍ သတ်မှတ်ချက်ထက်ကျော်လွန်ပါက အာမခံထားမှုအပေါ်ပေးလျော် ခြင်းဖြစ်ပါသည်။ မိုးရေချိန်မြင့်တက်လျှင်၎င်း၏ ပရီမီယံတန်ဖိုး လျော့နည်းသွားမည့် သဘောဖြစ်ပါသည်။ သို့သော်လည်း အဖြစ်များသည့် ဖြစ်စဉ်များအပေါ် အခြေမခံဘဲ ဧရိယာအများစု၌ ထူးထူးခြားခြားဖြစ်စဉ်များဖြစ်ပေါ်မှသာပေးလျော်ခြင်းဖြစ်ပါသည်။ တောင်သူများအာမခံထား နိုင်မည့်နှုန်းနှင့် ပေးလျော်နိုင်မည့်နှုန်းထားများကို ချိန်ညှိခြင်းဖြစ်ပါသည်။

 ၇။    နှစ်စဉ်မိုးမရွာသည့်နှုန်းနှင့် နှိုင်းယှဉ်၍မရသကဲ့သို့ နှစ်စဉ်မိုးရွာသည့်နှုန်းနှင့်လည်း နှိုင်းယှဉ်၍မရပါ။ မိုးရွာမည့်အချိန်တွင် တစ်လလုံးမိုးမရွာခြင်း၊ အပင်များခြောက်သွေ့၍ ပျက်စီး ခြင်းများ ဖြစ်ပေါ်ပါက အာမခံလုပ်ငန်းက ပေးလျော်ရခြင်းဖြစ်ပါသည်။

၈။    ကောက်ပဲသီးနှံအာမခံဌာနနှင့် ရာသီဥတုဘေးအန္တရာယ်အာမခံဌာနတို့သည် မိုးလေဝသ ဖောက်ပြန်မှုသတင်းများကို သီးခြားထုတ်ပြန်ပေးပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် တောင်သူ လယ်သမားများကို သတိပေးခြင်းနှင့် အာမခံထားရှိမှုများအပေါ်စိတ်ဝင်စားလာစေရန် ဆွဲဆောင်ခြင်းလည်းဖြစ်ပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် အခြားအဖွဲ့အစည်းများ၏ဆောင်ရွက်နေမှုများ
၉။    မြန်မာနိုင်ငံတွင် သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကဦးဆောင်၍ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO)နှင့် အမေရိကန်အခြေစိုက် Syngenta Foundation For Sustainable Agriculture(SFSA)တို့မှပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းဆိုင်ရာသတင်း အချက် အလက်များ၊ အခြေခံလုပ်ငန်းဆောင်ရွက်မှုများနှင့် နည်းပညာပိုင်းဆိုင်ရာ အကြံပြုချက်များကို စုစည်းပြုစု၍ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် (MOU) လက်မှတ်ရေးထိုး ပြီးဆောင်ရွက် လျက်ရှိပါသည်။
၁၀။     သီးနှံအာမခံစနစ်ပေါ်ပေါက်ရန်အတွက် ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် ဓနုဖြူ၊ ပြည်၊ ရွှေတောင်နှင့် ရွှေဘိုမြို့နယ်များတွင် စမ်းသပ်လုပ်ကိုင်လျက်ရှိပါသည်။ ကုမ္ပဏီများ အနေဖြင့် မြို့နယ်အလိုက်ခွဲခြား၍ တစ်ဖက်ပါအတိုင်းဆောင်ရွက်လျက်ရှိပါသည်-

  • ကဉ္စနကျွန်းသာကုမ္ပဏီက ဓနုဖြူမြို့နယ်၊
  •  ခေတ္တရာဟင်္သာကုမ္ပဏီက ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့နယ်တို့တွင် တောင်သူများနှင့်ပူးပေါင်း၍ စမ်းသပ်ဆောင်ရွက် လျက်ရှိပါသည်။

၁၁။     အစိုးရ၊ အဖွဲ့အစည်းများနှင့် အာမခံကုမ္ပဏီများက ပူးပေါင်းချိတ်ဆက်၍ ၎င်းစမ်းသပ် ဆောင်ရွက်မှု၏ အခြေအနေပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ 

သီးနှံအာမခံစနစ်ကို အထောက်အကူပြုသည့် ဥပဒေ
၁၂။    မြန်မာနိုင်ငံတွင် ကောက်ပဲသီးနှံအာမခံဥပဒေဟူ၍ မရှိသေးပေ။ သီးနှံအာမခံစနစ်သည် တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုအချို့ကို အကာအကွယ်ပေးပြီး လယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို အထောက်အကူဖြစ်စေပါသည်။ တောင်သူများသီးနှံအာမခံထား ရှိနိုင်ရန်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ထိန်းညှိပေးရန်လိုအပ်ပါသည်။ သို့မှသာ တောင်သူများနှင့် အာမခံကုမ္ပဏီများအကြားရှိသည့် လုပ်ငန်းစဉ်များ မျှတမှုရှိ၊ မရှိကို ဥပဒေနှင့် အညီဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါသည်။

၁၃။    သီးနှံအာမခံစနစ်အတွက်ပုဂ္ဂလိကကုမ္ပဏီများကို တစ်ဦးတည်းလုပ်ကိုင်ခွင့်ပေးခြင်းထက် အပြိုင်ချထားပေးခြင်းက တစ်ဦးနှင့်တစ်ဦး၏ လုပ်ကိုင်နိုင်စွမ်းအား မတူညီခြင်း၊ နည်းပညာပိုင်း များလည်းကွဲပြားမှုရှိခြင်းတို့အတွက် တောင်သူများထံသို့ ဝန်ဆောင်ပေးခြင်းနှင့် အကျိုးသက် ရောက်မှုများလည်း ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။

၁၄။    အစိုးရအနေဖြင့် သီးနှံအာမခံစနစ်ပေါ်ပေါက်လာစေရန်အတွက် ပေါ်လစီထဲတွင် ရှိရမည့် အချက်များ ထည့်သွင်းထားရန် လိုအပ်သည်ဟုဆန်စပါးအသင်းချုပ်မှ ပြောကြားပါသည်။ သီးနှံ အာမခံဥပဒေကို တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သည့် စနစ်ဖြစ်အောင်လွှတ်တော်တွင် ဆောင်ရွက်နေ သည့် မူအတိုင်းအဆင့်ဆင့်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

၁၅။    ဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်အကြံပေးထံ တင်ပြထားသည့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရန်အတွက် အကြံပြုချက်စာတမ်းတွင် သီးနှံအာမခံပြုလုပ်ရန်နှင့် ဥပဒေပြဋ္ဌာန်းပေးရန် အချက်တစ်ချက်ထည့်သွင်းထားကြောင်း သိရပါသည်။  

အစိုးရ၏ဆောင်ရွက်ချက်များ
၁၆။    နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားများအတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၂၀၁၃ ခုနှစ်က  အတည်ပြုပြဋ္ဌာန်းပေးခဲ့ ပါသည်။ ယခုအခါ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆန်စပါးတစ်မျိုးတည်းကိုသာ အခြေခံ ခြင်းမဟုတ်ဘဲ စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရန် လယ်ယာကဏ္ဍကိုရှေးရှု၍ နိုင်ငံတော်၏ မူဝါဒများနှင့်လိုက်လျောညီထွေစွာ အကောင်အထည်ဖော်ရန် ညွှန်ကြားထားပါသည်။  

၁၇။    အစိုးရသည်သီးနှံအာမခံစနစ်ပေါ်ပေါက်လာစေရန် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက် မှုများလုပ်ဆောင်နေကြောင်းသိရပါသည်။ ထို့အတူဆန်စပါးအသင်းချုပ်က လုပ်ကိုင်နေသည့် ရှေ့ပြေးစီမံကိန်းကဲ့သို့အစိုးရဘက်ကလည်း စတင်အကောင်ထည်ဖော်နိုင်ရန်ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေ ပညာရှင်များဖြင့် ပူးပေါင်းညှိနှိုင်း၍ တောင်သူလယ်သမားများ၏ လုပ်ငန်းလိုအပ်ချက်များ၊ အခွင့်အရေးများနှင့် တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

အိမ်နီးချင်းနိုင်ငံများတွင် သီးနှံအာမခံဆောင်ရွက်မှုအခြေအနေများ
၁၈။    မြန်မာနိုင်ငံကဲ့သို့စိုက်ပျိုးရေးကိုအခြေခံသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ် စသည့်နိုင်ငံများတွင်လည်း သီးနှံအာမခံစနစ်ကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတကာတွင် ယင်းအာမခံလုပ်ငန်းကို နိုင်ငံတော်ကကျခံပေးခြင်းနှင့် ကုမ္ပဏီများက ကျခံပေးခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါ သည်။

၁၉။    အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ကန်ထရိုက်လယ်ယာကုမ္ပဏီများက လယ်သမား များ၏ သီးနှံများမဆုံးရှုံးစေရန် ကုမ္ပဏီကပရီမီယံကိုဝယ်ပေးထားပြီး အထွက်နှုန်းလည်း အာမခံပေးထားပါသည်။ အပြန်အလှန်အားဖြင့် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပြီး အစိုးရ၊ အဖွဲ့ အစည်း၊ ကုမ္ပဏီနှင့် အာမခံအဖွဲ့အစည်းများအနေဖြင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။  

၂၀။     ဖိလစ်ပိုင်၏ ကောက်ပဲသီးနှံအာမခံကော်ပိုရေးရှင်း။        ။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၇၈ ခုနှစ်ကတည်းက ကောက်ပဲသီးနှံအာမခံဥပဒေကို ထုတ်ပြန်ပြဌာန်းခဲ့ပါသည်။ ကောက်ပဲသီးနှံ အာမခံလုပ်ငန်းကို အစိုးရကထိန်းချုပ်ထားပြီး စိုက်ပျိုးရေးဆိုင်ရာပုဂ္ဂလိကအာမခံအဖွဲ့အစည်း များစွာတို့ဖြင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိပါသည်။ ဖိလစ်ပိုင်သီးနှံ အာမခံ ကော်ပိုရေးရှင်း၏ အဓိကရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

  • သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ပေးရန်၊
  • အင်းဆက်ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်ပေးရန်၊
  • လယ်ယာစက်ပစ္စည်းများနှင့် ကိရိယာများအာမခံထားရှိရန်၊
  • တိရိစ္ဆာန်များဖျက်ဆီးခြင်းမှ ကာကွယ်ပေးရန်၊
  • ရာသီဥတုဖောက်ပြန်မှုကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးရန်၊
  • လယ်ယာထွက်ကုန်သယ်ယူပို့ဆောင်ရေးနှင့် လယ်ယာဆက်စပ် အဆောက်အဦ များအားအကာအကွယ်ပေးရန် စသည်တို့ဖြစ်ပါသည်။

     တောင်သူလယ်သမားများနှင့် အာမခံလုပ်ငန်းဆောင်ရွက်နေသည့် ပုဂ္ဂလိက အဖွဲ့အစည်း များတို့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်အစိုးရမှကူညီ ထိန်းညှိပေးပါသည်။

၂၁။    ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးအာမခံလုပ်ငန်း။        ။ ထိုင်းနိုင်ငံသည် ကောက်ပဲသီးနှံ အာမခံလုပ်ငန်းကို ၁၉၇၈ မှ ၁၉၉၀ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ဝါဂွမ်း၊ ပြောင်း၊ ပဲပိစပ်သီးနှံများကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။ သီးနှံအာမခံ လုပ်ငန်းသည် စည်းမျဉ်းစည်းကမ်းများဖြင့် ကုန်ကျစရိတ်ကို အနည်း ဆုံးဖြစ်အောင် ဆောင်ရွက် ခြင်းဖြစ်ပါသည်။

၂၂။    အာမခံဌာနသည် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးသည့်သီးနှံများ၏အမည်များကိုလ သတ်မှတ်ပေးခြင်း၊ ထုတ်ပြန်ကြေငြာပေးခြင်းများ ပြုလုပ်ပေးပါသည်။ ၂၀၀၇ ခုနှစ်တွင် စိုက်ပျိုးရေးအာမခံလုပ်ငန်းကိုစတင်ဆောင်ရွက်ရာ လယ်သမား(၃၅)ယောက်၏လယ်ယာ (၁၅၄) ဟက်တာကို ကာကွယ်ပေးနိုင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင်ပိုမို ကျယ်ပြန့်လာပြီး လယ်သမား (၅၅၆) ယောက်၏လယ်ယာမြေ (၆၃၀) ဟတ်တာကို ကာကွယ်ပေးနိုင်ခဲ့ပါသည်။  ၂၀၁၂ ခုနှစ်၌ Weather Index Insurance for Agriculture (WIIA) ကုမ္ပဏီမှချေးငွေကို (၁၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းထိ ထုတ်ချေးပေးပါသည်။ လယ်သမားများအနေဖြင့် အာမခံကြေးနှင့် အတိုးပမာဏကို ဆန်စပါး အထွက်နှုန်းပေါ်မူတည်၍ အချိုးကျ ပေးသွင်းရပါသည်။

၂၃။    ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဆုံးရှုံးမှုများအတွက် လယ်သမားများကို လျော်ကြေးပေးခြင်းစနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။နှစ်စဉ်ရာသီဥတုအလိုက်အာမခံစနစ်ကိုလည်းပြောင်းလဲ၍ဆောင်ရွက်လျက်ရှိပါသည်။

၂၄။    တရုတ်စိုက်ပျိုးရေးအာမခံနှင့် ဘေးအန္တရာယ်မှကာကွယ်ခြင်း ။          ။တရုတ်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးအာမခံထားခြင်းကို လုပ်ကိုင်ဆောင် ရွက်လျက်ရှိပါသည်။ ၁၉၉၈ ခုနှစ်တွင်နိုင်ငံ၏အဆိုးရွားဆုံး ရေကြီးမှုကြီးဖြစ်ပွားခဲ့ပြီး ယင်း ရေကြီးမှုကြောင့် ယွမ်(၁၆၆.၀၆) ဘီလီယံဆုံးရှုံးခဲ့ပါသည်။ သို့သော်လည်း စိုက်ပျိုးရေးအာမခံ ထားရှိခြင်းကြောင့် လျော်ကြေးကို ယွမ်(၁၀၀)ဘီလီယံထက်မနည်းရရှိခဲ့ပါသည်။ စိုက်ပျိုးတောင် သူများသည် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများကိုအာမခံလျော်ကြေးမှပြန်လည်ရရှိနိုင် ခဲ့ပါသည်။

၂၅။     အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးအာမခံချက်များ။     ။ အိန္ဒိယနိုင်ငံတွင် ၁၉၇၂ ခုနှစ်မှ စတင်၍ သီးနှံအာမခံထားရှိမှုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။ အိန္ဒိယအစိုးရသည် ၁၉၇၉ ခုနှစ်ကတည်းကပင် “သီးနှံဖြစ်ထွန်းမှု အညွှန်းကိန်း” အစီအစဉ်ဖြင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးကို ရည်ရွယ်၍ အာမခံများ ထားရှိရန် ဆောင်ရွက်ခဲ့ခြင်းဖြစ် ပါသည်။

၂၆။    ၁၉၈၅ ခုနှစ်တွင် သီးနှံအာမခံထားရှိမှုစီမံချက်အား အိန္ဒိယနိုင်ငံရှိ အထွထွေအာမခံ ကော်ပိုရေးရှင်းစနစ်ကျင့်သုံးနေသည့် ပြည်နယ် (၁၆) ခုနှင့် သမဂ္ဂအဖွဲ့အစည်းနှစ်ခုတို့ကို စတင် မိတ်ဆက်ခဲ့ပါသည်။ ၎င်းတို့၏အမျိုးသားသီးနှံ အာမခံစီမံချက်တွင် ရည်ရွယ်ချက်အဆင့်(၃)ဆင့် ကိုအောက်ပါ အတိုင်းခွဲခြားထားပါသည်-

  • သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် လယ်သမားများအား ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှု ပေးရန်၊
  •  နောင်လာမည့် စိုက်ပျိုးရေးရာသီတွင် လယ်သမားများအား ပျက်စီးဆုံးရှုံးသည့် သီးနှံများအတွက် သင့်တင့်သည့် ငွေကြေးများဖြင့် သီးနှံများ ပြန်လည်သိုလှောင်ထား ရှိနိုင်ရန်၊
  •  ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံများ ထွက်နှုန်းကောင်းမွန်ရန်အတွက် ထောက်ပံ့မှု များ ပေးဆောင်ရန် စသည်တို့ဖြစ်ပါသည်။  

၂၇။    အိမ်နီးချင်းနိုင်ငံအများစုသည် အစိုးရက အာမခံဥပဒေများပြဋ္ဌာန်းပြီး ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍စိုက်ပျိုးရေးဆိုင်ရာ အာမခံလုပ်ငန်းများကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် တောင်သူများလိုအပ်မည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့များကို လိုအပ် သလိုဖြန့်ဝေပေးခြင်း၊ အရစ်ကျ စနစ်ဖြင့် ရောင်း ချပေးခြင်း၊ ချေးငွေဖြင့် ဝယ်ယူထားသည်များကို နှစ်ရှည်ပြန်လည် ပေးဆပ်ခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။  

ပညာရှင်များ၏သုံးသပ်အကြံပြုချက်များ
၂၈။    နိုင်ငံတော်အနေဖြင့် သီးနှံအာမခံဥပဒေကို လွှတ်တော်တင်ပြီး ပြဋ္ဌာန်းပေးရရန် လိုအပ် ပါသည်။ အစိုးရအနေဖြင့်ဥပဒေတစ်ခုပြဋ္ဌာန်းမှသာ ထိုဥပဒေနှင့်အညီ သီးနှံစိုက်ပျိုးသူများကို အကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်သူ ဦးအောင်ဆန်းက ပြောကြားပါသည်။ အာမခံထားရှိခြင်းသည် လယ်သမားများကို လုံခြုံစိတ်ချသည့် ကူညီမှုများ ပေး နိုင်မည်ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုများအတွက် ရေရှည်ကောင်း မွန်သည့် အစီအစဉ်တစ်ခုဖြစ်သော သီးနှံအာမခံစနစ်ကို လျင်မြန်စွာအကောင်အထည်ဖော်လာ စေချင်ကြောင်း စိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များက တိုက်တွန်းအကြံပြုပြောကြားပါသည်။  

နိဂုံး
၂၉။    ရာသီဥတုဖောက်ပြန်မှုများ၏ ဆိုးကျိုးများကြောင့် သီးနှံများပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်မှုပြုနိုင်ရန်အတွက် သီးနှံများကို အာမခံထားခြင်းပြုလုပ်ခြင်းသည် ကြိုတင်ပြင်ဆင် ကာကွယ်မှုများအနက်အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာ အာမခံ လုပ်ငန်းများကို တောင်သူများသိရှိနားလည် လိုက်နာဆောင်ရွက်နိုင်စေ ရန်နှင့် တောင်သူအကျိုးပြုလုပ်ငန်းစဉ်သစ်များကို အကောင်အထည်ဖော်ရန် သတင်းမီဒီယာများမှ တစ်ဆင့်ပညာပေးရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍အိမ်နီးချင်းနိုင်ငံများ၏ ဆောင်ရွက်နေမှုများနှင့် မိမိတို့ နိုင်ငံ၏ရာသီဥတုအခြေအနေများအပေါ်မူတည်ပြီး သီးနှံအာမခံစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်နိုင်စေရန်အတွက် ရေးသားပြုစုတင်ပြ ခြင်းဖြစ်ပါသည်။


သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

Date issused 
Monday, November 21, 2016 - 10
Research File 
Research Type 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်