Law Database | Mail | English Version

မျက်မှောက်ခေတ်ပညာရေးတွင် အရေးပါလာသော ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်

အကျဉ်းချုပ်
ပညာရေးမူဝါဒတွင် ပညာသင်ခွင့်သည် လူသားတိုင်း၏အခွင့်အရေးဟူ၍ ကမ္ဘာ့နိုင်ငံတိုင်း က သတ်မှတ်ထားပါသည်။ ထို့ကြောင့်နိုင်ငံအားလုံးနီးပါးသည် ၎င်းမူဝါဒကိုအောင်မြင်စေရန် ကိုယ့်နည်း၊ ကိုယ့်ဟန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ ဤသို့အကောင် အထည်ဖော်ရာတွင်တစ်နိုင်ငံနှင့်တစ်နိုင်ငံကွဲပြားမှုများ ရှိပါ သည်။ ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်သည် လူတို့၏စဉ်းစားတွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ကိုယ်ပိုင် အတွေးအခေါ်များဖြင့် ကိုယ့်အားကိုယ်ကိုးဆောင်ရွက်နိုင်စွမ်းစသည့် လူမှုဘဝထဲတွင် လက်တွေ့ အသုံးပြုရမည့်အရည်အသွေးများ တိုးတက်မြင့်မားလာနိုင်သည့်အတွက် အလွန်အရေးကြီးပါ သည်။ ဤစာတမ်းတို တွင် ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ်အကြောင်း၊ ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ်၏ အားသာချက်၊ အားနည်းချက်များ၊ ကျောင်းသားဗဟိုပြု သင်ကြား ရေးစနစ် အောင်မြင်ရန်လိုအပ်သည့်အချက်များ၊ ဤစနစ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေမှုများ၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော ကျူရှင်စနစ်နှင့် ဆက်စပ်လျှက်ရှိသော ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ် စသည်တို့ကို ရေးသားဖော်ပြထားပါသည်။


နိဒါန်း
၁။    မျက်မှောက်ခေတ်တွင် ပညာရေးသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်လာသောကြောင့် ပညာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည် သည့် သင်ကြားနည်းစနစ်သို့ ပြောင်းလဲကျင့်သုံးရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။  ပညာရေး စနစ်တွင် ဆရာကဦးဆောင်၍ တွက်ချက် ရှင်းပြသင်ကြားသော ဆရာဗဟိုပြုသင်ကြားနည်း စနစ်မှ ကျောင်းသားများ၏ စူးစမ်းလေ့လာမှု၊ တီထွင်ဖန်တီးမှု၊ စဉ်းစားတွေးခေါ်နိုင်မှု၊ ဝေဖန် သုံးသပ်နိုင်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစသော အရည်အချင်းများနှင့်ပြည့်စုံသည့် ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ်သို့ ပြောင်းလဲခြင်းဖြင့် ပညာရေးကဏ္ဍသည် ပိုမိုတိုးတက်ပြောင်းလဲ လာမည်ဖြစ်ပါ သည်။ ကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ -  (Japan International Cooperation Agency - JICA) နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်
၂။    ကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ်ဆိုသည်မှာ သင်ကြားမှု၊ သင်ယူမှုဖြစ်စဉ်တွင် ကျောင်းသားများကိုယ်တိုင် ပါဝင်လာစေသည့်စနစ်ဖြစ်ပြီး ပညာရေးစနစ်တွင် အကောင်အထည် ဖော်ရန် စီမံဆောင်ရွက်နေသည့်စနစ်တစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်းစနစ် (CCA-Child Centered Approach, Student Orientative System) ဖြစ်ပါသည်။

၃။    ပညာရေးစနစ်တွင် ဆရာဗဟိုပြုသင်ကြားရေးနစ် (Teacher Centered Approach) ဖြင့် နှစ်ပေါင်းများစွာ သင်ကြားလာခဲ့ပါသည်။ ၎င်းစနစ်သည် ဆရာကတွက်ချက်၊ ရှင်းပြ၍ ဦးဆောင်သင်ကြားသောစနစ်ဖြစ်ပါသည်။ ကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ်တွင်မူ ဆရာ များကိုယ်တိုင်ကလည်း အသိအမြင်၊ အတွေးအခေါ်မြင့်မားရန် လိုအပ်ပါသည်။ ကလေးများကိုယ်တိုင် စဉ်းစားဆွေးနွေး၍ မေးခွန်းများမေးမြန်းသည်ကို ဆရာများကဦးဆောင်၍ ပြန်လည်ဆွေး နွေးရပါသည်။ ၎င်းစနစ်တွင် ဆရာသင်ကြားသောနည်းစနစ်သာမက ကလေးများကိုယ်တိုင် စဉ်းစားတွက်ချက်သည့် နည်းစနစ်များကိုလည်း မှန်ကန်နေပါက အသိအမှတ်ပြုရပါသည်။ ကျောင်းသားကိုယ်တိုင် တီထွင် ဖန်တီးနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်းရှိသည့်စနစ်သည် ကျောင်းသား ဗဟိုပြု သင်ကြားရေးစနစ်ဖြစ်ပါသည်။

ကျောင်းသားဗဟိုပြုသင်ကြားရေး၏ အားသာချက်၊ အားနည်းချက်များ
၎။    မည်သည့်စနစ်မဆို အားသာချက်နှင့်အားနည်းချက် ဒွန်တွဲနေတတ်သကဲ့သို့ ကျောင်းသား ဗဟိုပြု သင်ကြားရေးတွင်လည်း အားသာချက်နှင့် အားနည်းချက်များရှိပါသည်-
(က)    ကျောင်းသားဗဟိုပြုသင်ကြားရေး၏ အားသာချက်များ
(၁)    ဆရာ၏သင်ကြားပို့ချမှုကို နာယူမှတ်သားရုံမျှမက ကျောင်းသားနှင့် ဆရာ များကြား အမြင်ချင်းဖလှယ်မှုများ ပြုလုပ်နိုင်သည့်အတွက် အပြန်အလှန် အကျိုးကျေးဇူးဖြစ်ထွန်းမှုများကို ရရှိစေခြင်း၊
(၂)    အုပ်စုဖွဲ့ဆောင်ရွက်ခြင်းများ ပြုလုပ်ရသည့်အတွက် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ခြင်း၊
(၃)    ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုစသည့် ဘဝအတွက် အရေးပါသော အလေ့အကျင့်ကောင်းများကို တတ်မြောက်စေခြင်း၊
(၄)    ကျောင်းသားများသည် ၎င်းတို့အားသန်သည့် သင်ယူမှုနည်းလမ်းများနှင့် ချဉ်းကပ်သင်ယူခွင့်၊ မေးခွန်းမေးမြန်းခွင့်နှင့် မိမိတာဝန်ယူလုပ်ဆောင် ရသည့် လုပ်ငန်းတာဝန်များကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ပြီးမြောက် အောင် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊
(၅)    ကျောင်းသားများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်ဆံဆွေးနွေး တိုင်ပင်လုပ်ဆောင်ခွင့်များနှင့် တာဝန်ယူရသည့်လုပ်ငန်းများတွင် တက်တက် ကြွကြွ ပါဝင်လုပ်ဆောင်ခွင့်များ ရလာသောကြောင့် သင်ကြားမှုတွင်လည်း စိတ်အားထက်သန်မှုများနှင့် စိတ်ပါဝင်စားမှုများပိုရှိလာခြင်း၊

(ခ)    ကျောင်းသားဗဟိုပြုသင်ကြားရေး၏ အားနည်းချက်များ
(၁)    ကျောင်းသားများသည် စာသင်ခန်းအတွင်း အပြန်အလှန်ပြောဆိုဆွေးနွေး မှုများ ပြုလုပ်သည့်အတွက် စာသင်ခန်းသည်ဆူညံပြီး ကမောက်
ကမဖြစ် နိုင်ခြင်း၊
 (၂)    ဆရာများသည် ကျောင်းသားများကို ချက်ချင်းစီမံခန့်ခွဲနိုင်ရန် အားထုတ် ကြိုးပမ်းကြရသဖြင့် အခက်အခဲများရှိနိုင်ခြင်း၊
(၃)    ကျောင်းသားများသည် သင်ခန်းစာတစ်ခုတည်းကို အဆင့်အမျိုးမျိုးဖြင့် လုပ်ဆောင်ခြင်းဖြစ်၍ ဆရာမှထိန်းချုပ်ရန်ခက်ခဲနိုင်ခြင်း၊
(၄)    ဆရာများက သင်ခန်းစာနှင့်ပတ်သက်၍ အသေးစိတ်ပို့ချခြင်း၊ လမ်းညွှန် ခြင်းများပြုလုပ်မှုမရှိသောကြောင့် ကျောင်းသားများသည် သင်ခန်းစာပါ အရေးကြီးသောအချက်အလက်များ လွတ်သွားနိုင်ခြင်း၊
(၅)    အချို့ကျောင်းသားများသည် တစ်ကိုယ်တည်း နေထိုင်လုပ်ကိုင်လေ့ရှိသည့် အတွက် အုပ်စုဖွဲ့ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် အားနည်းချက်များရှိ လာနိုင်ခြင်း၊

ပညာရည်စစ်ဆေးတိုင်းတာမှုနည်းလမ်းများ
၅။    ပညာရည်စစ်ဆေးတိုင်းတာအကဲဖြတ်ခြင်းသည် သင်ကြားသင်ယူမှုဖြစ်စဉ်တွင် အလွန် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ သင်ကြားသင်ယူမှုလုပ်ငန်းတွင် ထိရောက်သော စစ်ဆေးတိုင်းတာအကဲဖြတ်သည့်နည်းကို အသုံးပြုခြင်းဖြင့် တပည့်တို့တွင် သင်ယူမှုပိုမိုဖြစ်ထွန်း အောင် ဆောင်ရွက်ပေးနိုင်ပါသည်။ ချဉ်းကပ်သင်ကြားနည်းများအပေါ်မူတည်၍ စစ်ဆေး တိုင်းတာအကဲဖြတ်သည့်နည်း ၂ မျိုးရှိပါသည်။ ယင်းတို့မှာ စာမေးပွဲရလဒ်အခြေပြု စစ်ဆေး တိုင်းတာ အကဲဖြတ်နည်းနှင့် ကျောင်းသားဗဟိုပြုစစ်ဆေးတိုင်းတာ အကဲဖြတ်နည်းတို့ဖြစ်ပါ သည်။
(က)    စာမေးပွဲရလဒ်အခြေပြု စစ်ဆေးတိုင်းတာအကဲဖြတ်နည်း။ ဤနည်းတွင် အခန်းဆုံးစစ်ဆေးခြင်းတွင်ပါမည့် အချက်အလက်များကိုသာ ဆရာများက အလေးပေးသင်ကြားကြပြီး ကျောင်းသားများ၏သင်ယူမှုအခြေအနေကိုလည်း စာမေးပွဲရမှတ်များဖြင့်သာ အလေးပေးအကဲဖြတ်ကြသည်။ ထို့ကြောင့် အမှတ် ကောင်းရန်အတွက် အလွတ်ကျက်မှတ်ကြသော်လည်း နားလည်သဘောပေါက်မှု နည်းပါးပါသည်။ ထိုစနစ်သည် အလွတ်ကျက်မှတ်ခြင်းကိုသာအလေးပေးပြီး ကလေးတို့၏ စဉ်းစားတွေးခေါ်နိုင်စွမ်းရည်ကို မြှင့်တင်ပေးခြင်းမရှိပါ။
(ခ)    ကျောင်းသားဗဟိုပြု စစ်ဆေးတိုင်းတာ အကဲဖြတ်နည်း။    ဤနည်းတွင်ဆရာများသည် ထိရောက်သောသင်ကြား၊ သင်ယူမှုအခြေအနေကို ဖန်တီးပေးပါသည်။ သင်ပြမှုပုံစံများကို ကြိုတင်ရေးဆွဲပြင်ဆင်ကြရုံသာမက သင်ခန်းစာရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်စေရန်လည်း အလေးထားဆောင်ရွက်ကြသည်။ သင်ယူမှု အမှန် တကယ်ဖြစ်ထွန်းရေးအတွက် အတန်းကိုအမြဲမပြတ် လေ့လာအကဲခတ် လျှက် လိုအပ်သောသုံးသပ်အကြံပြုချက်နှင့် ပံ့ပိုးကူညီမှုလည်းပေးပါသည်။ သင်ခန်းစာသင်ယူနေချိန်အတွင်း ကျောင်းသားများစဉ်းစား တွေးခေါ်တတ်အောင် လေ့ကျင့်ပေးပြီး တတ်မြောက်မှုရှိမရှိကိုလည်း ကျောင်းသားများကိုယ်တိုင် ပြန်လည် သုံးသပ်နိုင်ကြပါသည်။ ဆရာက မိမိ၏တပည့်များအား ကိုယ့်ကိုယ်ကို အကဲဖြတ်စေခြင်း၊ အချင်းချင်းအပြုသဘောဆောင်သော အကဲဖြတ်ခွင့်များ ပေးခြင်းနှင့် ဆရာ၏သုံးသပ်အကြံပြုခြင်းတို့က ပညာကိုလိုလိုလားလား သင်ယူ လိုစိတ်နှင့် တက်ကြွစွာပါဝင်လုပ်ဆောင်မှုတို့ကို ဖြစ်ပေါ်စေပါသည်။

ပညာရည်စစ်ဆေးတိုင်းတာမှုနည်းလမ်းများအား နှိုင်းယှဉ်လေ့လာခြင်း
၆။    စာမေးပွဲရလဒ်အခြေပြု စစ်ဆေးတိုင်းတာအကဲဖြတ်နည်းသည် ကျောင်းသားတို့၏ သင်ယူမှုရလဒ်အပေါ်အလေးထားခြင်းဖြစ်ပြီး ကျောင်းသားဗဟိုပြု စစ်ဆေးတိုင်းတာအကဲဖြတ် နည်းသည် ကျောင်းသားတို့၏သင်ယူမှုဖြစ်စဉ်အပေါ် အဓိကထားပါသည်။ စာမေးပွဲရလဒ် အခြေပြု စစ်ဆေးတိုင်းတာ အကဲဖြတ်နည်းက ကျောင်းသားတို့၏ ပညာအရည်အသွေး မြင့်မား ရေးအတွက် အာမခံချက်နည်းပါးပြီး ကျောင်းသားဗဟိုပြု စစ်ဆေးတိုင်းတာအကဲဖြတ်နည်းက ယင်းအားနည်းချက်ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။ ကျောင်းသားသည်လက်တွေ့ဘဝနှင့် အခြေခံအသိတို့ကို အသိသစ်နှင့် ဆက်စပ်သင်ယူရသဖြင့် လွယ်ကူစွာသင်ယူနိုင်ခြင်း၊ သင်ယူမှုအပေါ်စိတ်ဝင်စားခြင်းနှင့် ဘဝအတွက်အသုံးကျသော သင်ယူမှုများဖြစ်ထွန်းလာခြင်း စသော အကျိုးတရားများကို လေ့လာမှုရလဒ်များမှတစ်ဆင့် ရှုမြင်နိုင်ပါသည်။ သင်ကြား၊ သင်ယူမှုဖြစ်စဉ်တွင် သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီးချိန်စစ်ဆေးခြင်း နှစ်မျိုး စလုံးသည် တစ်ခုနှင့်တစ်ခုဆက်စပ်လျှက်ရှိပြီး အပြန်အလှန်လည်း အကျိုးပြုလျှက်ရှိကြသဖြင့် နည်းနှစ်မျိုး လုံးကို တွဲဖက်၍ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်ရန် အထူးလိုအပ်ပါသည်။  

ကျောင်းသားဗဟိုပြုသင်ယူမှုဆိုင်ရာ ချဉ်းကပ်နည်းများနှင့်စပ်လျဉ်းသောအကဲဖြတ်နည်းများ
၇။    မြန်မာနိုင်ငံတွင် ကျောင်သားဗဟိုပြုသင်ယူမှုဆိုင်ရာချဉ်းကပ်နည်းကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက်ဆောင်ရွက်ရာတွင် ပညာရည်စစ်ဆေးတိုင်းတာ အကဲဖြတ်ခြင်း နည်းလမ်းများကို ထိရောက်စွာအသုံးပြုရပါမည်။ ကျောင်းသားများ၏သင်ယူမှုအားသာချက်၊ အားနည်းချက်များကို မျက်ခြေမပြတ်အကဲဖြတ်ခြင်းဖြင့် ကျောင်းသား တစ်ဦးချင်းစီ၏ သင်ယူမှုကိုသာမက တွေးခေါ်ပုံတွေးခေါ်နည်း ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အပံ့ဖြစ်စေ နိုင်ပါသည်။ ကျောင်သားဗဟိုပြု သင်ယူမှုဆိုင်ရာချဉ်းကပ်နည်းများနှင့်စပ်လျဉ်းသော အကဲဖြတ် နည်းများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

(က)    စာသင်ခန်းတွင်းလေ့လာအကဲခတ်ခြင်း။        စာသင်ခန်းတွင်းလေ့လာအကဲခတ် ခြင်းဆိုသည်မှာ စာသင်ချိန်အတွင်း ဆရာကသင်ကြားသင်ယူမှုလုပ်ငန်းကို ဆောင် ရွက်ရင်း တစ်ချိန်တည်းမှာပင် ကျောင်းသားများ၏နားလည်သဘောပေါက်မှု၊ စိတ်ဝင်စားမှုနှင့် ပါဝင်ဆောင်ရွက်မှုတို့ကို ကျောင်းသားများ၏အပြုအမူမှတစ်ဆင့် တိုက်ရိုက်လေ့လာအကဲခတ်ခြင်းပင်ဖြစ်ပါသည်။ ဤသို့စာသင်ခန်းတွင်းတိုက်ရိုက် လေ့လာအကဲခတ်ခြင်းအားဖြင့် ကလေးတို့အားဆရာက အချိန်ကိုက်၊ နေရာကိုက်၊ အခြေအနေနှင့်လည်းကိုက်ညီစွာ သင်ယူမှုနှင့်ပတ်သက်၍ ထိရောက်သော သုံးသပ် အကြံပေးခြင်းများ ပြုလုပ်နိုင်ပါသည်။ ဆရာက မိမိ၏သင်နည်းပရိယာယ်နှင့် သင်ကြားသင်ယူမှု အထောက်အကူပစ္စည်းကိုလည်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ် နိုင်ပါ သည်။
(ခ)    စီကုံးရေးသားဖော်ပြချက်ကိုအကဲဖြတ်ခြင်း။    စီကုံးရေးသားဖော်ပြချက်ကို အကဲဖြတ်ခြင်းတွင် စီကုံးရေးသားဖော်ပြချက်ကို စစ်ဆေးခြင်းက ဘာသာရပ်ဆိုင် ရာသိနားလည်မှုကို ကျောင်းသားများအားဖော်ထုတ်ခွင့်ရရုံမျှမက ၎င်းတို့၏ ခံစားချက်၊ ယူဆချက်နှင့် သုံးသပ်ချက်တို့ကိုလည်း ထုတ်ဖော်ခွင့်ရရှိကြပါသည်။ ထို့အပြင် ကျောင်းပြင်ပတွင် အမှန်တကယ်ရင်ဆိုင်တွေ့ကြုံနေရသော အခြေအနေ နှင့် ၎င်းတို့သိရှိထားသော ဘာသာရပ်ဆိုင်ရာအသိတို့ မည်သို့ဆက်စပ်အသုံးချ ရမည်ကို လည်းသိရှိစေရန် လမ်းဖွင့်ပေးပါသည်။ စီကုံးရေးသားဖော်ပြချက်ကို စစ်ဆေးအကဲဖြတ်ခြင်း၏ ရည်ရွယ်ချက်များမှာ ကျောင်းသားတစ်ဦးချင်း သင်ယူ မှု၏ အားသာချက်၊ အားနည်းချက်တို့ကို သုံးသပ်အကြံပြုခြင်းအားဖြင့် ကျောင်းသားတို့၏သင်ယူမှုကို ထောက်ကူမြှင့်တင်ပေးရန်၊ ကျောင်းသား၏ လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ တိုးတက်မှုအစဉ်ကို ရှင်းလင်းစွာတွေ့မြင်ခြင်း အားဖြင့် ကျောင်းသားများနှင့်မိဘများကို ထိရောက်သောအကြံများပေးနိုင်ရန်၊ စာမေးပွဲရလဒ်များမြင့်တက်လာစေရန် ဖြစ်ပါသည်။
(ဂ)    လပတ်စာမေးပွဲဖြင့်အကဲဖြတ်ခြင်း။            လပတ်စာမေးပွဲဖြင့်အကဲဖြတ်ခြင်းတွင် ကျောင်းသားများ၏မှတ်ဉာဏ်ကို အားထားဖြေဆိုရသောမေးခွန်းမျိုးကို ထည့် သွင်းမေးမြန်းထားသော မေးခွန်းများသည် ကျောင်းသားများ၏ မှတ်မိနိုင်စွမ်း ရည်ကိုသာ မြှင့်တင်ပေးရာရောက်ပြီး ကလေးတို့၏ဘဝတွင်အရေးပါသည့် သင်ယူမှုဆိုင်ရာနည်းဗျူဟာများရရှိရေးကိုမူ လစ်လျူရှုထားပါသည်။ ဆရာများ အနေဖြင့် ကျောင်းသားများမည်မျှ တတ်မြောက်သည်ကိုသိရှိရမည့်အပြင် သိထား သည်ကို မည်မျှဖော်ထုတ် အသုံးချလုပ်ဆောင်တတ်သည်ကိုလည်း သိရှိအောင် လေ့လာရပါမည်။ သို့ဖြစ်၍ ကျောင်းသားများ မည်မျှများပြားစွာသိရှိထားသည်ကို အကဲဖြတ်ခြင်းထက် မည်သို့ကောင်းမွန်စွာလုပ်ဆောင်နိုင်သည်ကို အကဲဖြတ်ရမည် ဖြစ်ပါသည်။ မေးခွန်းမေးရာတွင် ပြီးစီးခဲ့သောကျောင်းသားများ၏ သင်ယူမှု လုပ်ငန်းနှင့် သင်ခန်းစာရည်ရွယ်ချက်များကို ကျော်လွန်၍မမေးမိစေရန် အထူး သတိပြုသင့်ပါသည်။ ကျောင်းသားများအတွက် အခက်အခဲဖြစ်စေပြီး သင်ယူ လိုစိတ်ကိုကျဆင်းစေသော မေးခွန်းများမေးမြန်းခြင်းကို ရှောင်ရှားသင့်ပါသည်။  

ကျောင်းသားဗဟိုပြုသင်ကြားရေးအောင်မြင်ရန်လိုအပ်သောအချက်များ
၈။    ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် အဓိကလိုအပ် ချက်နှစ်ခုရှိပါသည်။ သင်ကြားပြသသည့်ဆရာများ အရည်အချင်းပြည့်ဝရန်လိုအပ်ချက်နှင့် ကျောင်းသား၊ ဆရာအချိုးပင်ဖြစ်ပါသည်။ ဆရာများသည် CCA စနစ်၏ အကျိုးကိုသိရှိနားလည် ပြီး အစဉ်အမြဲခေတ်မီတိုးတက်သည့် အတွေးအမြင်၊ အယူအဆများရှိနေရန် လိုအပ်ပါသည်။ ဆရာ၊ ကျောင်းသားအချိုးကို ထိန်းညှိနိုင်ရန်လည်းအရေးကြီးပါသည်။ ယခုအခါ အခမဲ့ပညာရေး စနစ်ကြောင့် မူလတန်းနှင့် အလယ်တန်းတွင် ကျောင်းသားဦးရေ တိုးတက်လျှက်ရှိပါသည်။ ကျောင်းသား၊ ဆရာအချိုးသည် ကျောင်းများအလိုက် ကွဲပြားခြားနားပါသည်။ ကျောင်းသား၊ ဆရာအချိုးများနေပါက CCA သင်ကြားနည်းစနစ်သည် ထိရောက်မှုရှိမည်မဟုတ်ပါ။ ထို့ကြောင့် ကျောင်းသား၊ ဆရာအချိုး မျှတအောင်ဆောင်ရွက်ခြင်း၊ ဆရာများအား ကျွမ်းကျင်မှုရှိစေရန် သင်တန်းပို့ချခြင်း၊  သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာထားရှိခြင်းတို့ လိုအပ်ပါသည်။ မူလတန်းမှစတင်၍ CCA စနစ်ဖြင့် စနစ်တကျသင်ကြားနိုင်မှသာ အလယ်တန်းနှင့် အထက်တန်း အဆင့်များတွင် ယင်းအလေ့အထများကို ဆက်လက်ချဲ့ထွင် သင်ကြားနိုင်မည်ဖြစ်ပါသည်။ ဤသို့ စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးခြင်းဖြင့် စွမ်းရည်မြင့်မားသော လူ့စွမ်းအားရင်းမြစ်များ ပေါ်ထွက်လာမည်ဖြစ်ပါသည်။

ကျောင်းသားဗဟိုပြုသင်ကြားရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်ချက်များ
၉။    ကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ်ကို ၂၀၁၄ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ -  (Japan International Coo- peration Agency JICA) နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ CCA ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ နွေရာသီကျောင်း ပိတ်ရက်အတွင်း မူလတန်းပြဆရာ၊ ဆရာမများအား ကျောင်းသားများနှင့်အတူ CCA သင်ကြား နည်းစနစ်ကို လက်တွေ့သင်ကြားခဲ့ကြကြောင်း သိရှိရပါသည်။ လက်ရှိတွင်ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်ကို မြန်မာနိုင်ငံအတွင်းမြို့နယ် ၂၄၇ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၁၀။    မြန်မာနိုင်ငံတွင် လာမည့်ပညာသင်နှစ်မှစတင်၍ KG+12 သင်ရိုးညွှန်းတမ်းဖြင့် စတင် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ဗဟိုအဆင့် သင်ရိုးသစ်နည်းပြသင်တန်းကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းကပို့ချပေးခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် သင်ရိုး သစ်နည်းပြသင်တန်းကို မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လမှစတင်၍ ဖွင့်လှစ်သင်ကြားလျှက် ရှိပါသည်။ မြို့နယ်အဆင့်သင်တန်းများကိုလည်း ဆက်လက်ပို့ချသွားမည်ဖြစ်ပါသည်။  သင်တန်းတက်ရောက်ပြီးသူများသည် သက်ဆိုင်ရာမြို့နယ်၊ ကျောင်းများ၌ သင်ရိုးသစ်သင်ကြား မည့်ဆရာ၊ ဆရာမများကို ထပ်မံ၍ဆင့်ပွားသင်တန်းပို့ချကြရမည်ဖြစ်ပါသည်။ ၎င်း KG သင်တန်းသည် ကလေးများ၏စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးသည့် သင်ကြားနည်းဖြစ်ပါသည်။ သင်ရိုးသစ်သည် ယခင်ကဲ့သို့အလွတ်ကျက်စာသင်ခြင်းမျိုးမဟုတ်ဘဲ ကလေးသဘာဝဆော့ကစားခြင်းမှ ပညာသင်ကြားသွားမည်ဖြစ်ပါသည်။ စာပေတစ်ခုကိုသာ သင်ကြားမည်မဟုတ်ဘဲ ဖွံ့ဖြိုးရေးကိုဦးတည်သော သင်ခန်းစာ နယ်ပယ်ခြောက်ခုဖြစ်သည့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ခြင်း၊ အပြန်အလှန်ပြောဆိုဆက်ဆံခြင်း၊ သင်္ချာအခြေခံများကို စူးစမ်းလေ့လာခြင်း၊ အနုရသခံစားမှုနှင့် ဖန်တီးခြင်း၊ ပတ်ဝန်းကျင်လောကကို စူးစမ်းလေ့လာခြင်းများကို သင်ထောက်ကူ ပစ္စည်းများဖြင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင်ကလေးငယ်များစနစ်တကျစည်းကမ်း လိုက်နာတတ်စေရန် အပြုသဘောဆောင်သော စည်းကမ်းများသတ်မှတ်ခြင်း၊ ဆရာများသည် ကလေးငယ်အား မိဘကဲ့သို့သင်ကြားမည်ဖြစ်ပါသည်။

ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်နှင့်ပတ်သက်သော စိန်ခေါ်မှုများ
၁၁။    ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယင်းစနစ်၏သဘောတရားကို ဆရာများကနားလည်မှသာ ထိရောက်မှုပိုရှိပြီး သဘောတရားကို နားမလည်ဘဲ သင်ကြားနေသည့်ကျောင်းများတွင် CCA သင်ကြားနည်းစနစ်နှင့်ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါးလျက်ရှိပါသည်။  ဆရာများ သည် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို ကျင့်သုံးရန် ယုံကြည်မှုမရှိကြပါ။ ကျောင်းသားများကကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်၍ ဆရာများသို့ပြန်လှန်မေးခွန်းထုတ်ပါက ဆရာများ၏သိက္ခာထိခိုက်သည်ဟုယူဆနေကြပါသည်။ ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ကျင့်သုံးရန်မှာ ကြီးလေးသည့်တာဝန်ဖြစ်သည့်အတွက် ဆရာများ အနေဖြင့် ယုံကြည်မှုရှိရန်နှင့် ကျွမ်းကျင်မှုရှိရန်လိုအပ်ပါသည်။ အဓိကစိန်ခေါ်မှုများမှာ ဝန်းကျင်ကောင်း၊ စနစ်ကောင်းရှိရန် (ကျောင်းသားများအတွက် စာသင်ခုံအခင်းအကျင်း၊ ကျောင်းသားနှင့်ဆရာအချိုးမျှတမှု၊ ကျောင်းအဆောက်အဦ၊ ကျောင်းသုံးပရိဘောဂ၊ သင်ထောက် ကူပစ္စည်းများ၊ ဘတ်ဂျက်လုံလောက်မှု) စသည်တို့ဖြစ်ပါသည်။  

ကျူရှင်စနစ်ပပျောက်ရေးနှင့် ဆက်စပ်နေသောကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်
၁၂။    ကျူရှင်စနစ်သည် မြန်မာ့ပညာရေးစနစ်တွင်အမြစ်တွယ်လျှက်ရှိပါသည်။ ကျောင်းသား အများစုသည် ကျူရှင်ကိုအားကိုးလျှက်ရှိပြီး ပါရဂူဘွဲ့တက်နေကြသူများပင် ကျူရှင်ယူလျှက် ရှိပါသည်။ လူတစ်ဦးတွင် ဉာဏ်ရည်ထက်မြက်မှုလေးရပ်ရှိပါသည်။ ကျန်းမာသန်စွမ်းခြင်း (Physical Intelligence-PQ)၊ ဦးနှောက်ပိုင်းဆိုင်ရာထက်မြက်ခြင်း (Mental Intelligence - IQ၊ ခံစားမှုနှင့်ပတ်သက်သောဉာဏ်ရည်ထက်မြက်ခြင်း (Emotional Intelligence – EQ) နှင့် ယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်သော ဉာဏ်ရည်ထက်မြက်မှု (Spiritual Intelligence – SQ) စသည်တို့ဖြစ်ပါသည်။ လက်ရှိပညာရေးစနစ်သည် ဖော်ပြပါဉာဏ်ရည်ထက်မြက်မှုများကို ပြုစု မပေးဘဲ ဦးနှောက်ပိုင်းဆိုင်ရာ ထက်မြက်ခြင်း (Mental Intelligence – IQ) ကိုသာ ဦးစားပေး သောစနစ်ဖြစ်ပါသည်။ စာမေးပွဲကိုဦးစားပေးသည့်စနစ်ဖြစ်သည့်အတွက် အမှတ်ကောင်းရန် ကျူရှင်ယူနေကြသောကြောင့် ကျူရှင်စနစ်အမြစ်တွယ်နေခြင်းဖြစ်ပါသည်။  အတန်းအောင်၊ အတန်းကျစာမေးပွဲစနစ်သည် ကျောင်းသားများ၏ နုနယ်သောစိတ်ကို ထိခိုက်စေနိုင်သည့် အတွက် စာမေးပွဲစနစ်အစား ကမ္ဘာ့အဆင့်မီစနစ်ဖြစ်သည့် အကဲဖြတ်မှတ်တမ်းတင်စနစ် (Assessment System) ကိုသာ သုံးသင့်ပါသည်။

၁၃။    ထို့ပြင်ကျောင်းသားများသည် အကြောင်းအရာမျိုးစုံအတွက် ကျူရှင်ယူလာကြပါသည်။ စာသင်ခန်းအတွင်း၌ ဆရာ၏ဂရုစိုက်မှုကိုရရှိစေရန်၊ စာမေးပွဲများတွင် အဆင့်ကောင်းမွန်စေရန်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ်ကောင်းမှသာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိမည်ဖြစ်၍ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကောင်းစေရန် စသည်တို့အတွက် ကျူရှင် ယူလျှက်ရှိကြပါသည်။

၁၄။    ပညာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ပညာရေးကဏ္ဍများတွင် ကျူရှင်စနစ် ပပျောက်ရေးကို ဦးစားပေးဆောင်ရွက်သွားရန်လိုအပ်ပါသည်။ ကျူရှင်စနစ်ပပျောက်ရေး အတွက် သင်ကြားနည်းစနစ်များပြောင်းခြင်း၊ အောင်ချက်အဓိကထားသော စာမေးပွဲစနစ်များ ပြောင်းခြင်းစသည်တို့ကိုဆောင်ရွက်ရပါမည်။ လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်ကျင့်သုံးမည့် သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်၌ အလွတ်သင်ကြားမှုများအစား ဘက်စုံဖွံ့ဖြိုး ရေးကိုဦးတည်သည့် သင်ခန်းစာများ၊ လေ့ကျင့်ခန်းများနှင့် စစ်ဆေးအကဲဖြတ်မှုများကို ဆောင်ရွက်မည်ဖြစ်ပါသည်။ အခြေခံပညာကျောင်းများတွင် ကျောင်းသားများ၏ တီထွင်ဖန်တီးမှု စွမ်းရည်နှင့် အသုံးချမှုကိုဖော်ထုတ်နိုင် သည့် ကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ်ဖြင့် သင် ကြားခြင်းနှင့် အမှတ်ပေးအကဲဖြတ်ခြင်းတို့ကို ကျင့်သုံးမည်ဆိုပါက ကျူရှင်စနစ်ပပျောက်နိုင်မည်ဖြစ်ပါသည်။

ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ဖြင့် ပညာရေးအဆင့်မြင့်မားသော နိုင်ငံနှစ်နိုင်ငံ အားလေ့လာခြင်း
၁၅။    ကမ္ဘာ့ပညာရေးစနစ် အကောင်းဆုံးနိုင်ငံများတွင် ထိပ်ဆုံးမှရပ်တည်လျှက်ရှိသော အောက်ပါ နိုင်ငံနှစ်နိုင်ငံတွင်လည်း ကျောင်းသားဗဟိုပြုစနစ်ကိုကျင့်သုံးလျှက်ရှိပါသည်-
(က)    တောင်ကိုရီးယားနိုင်ငံ။    တောင်ကိုရီးယားနိုင်ငံတွင် မူကြို (Kindergarten) တန်းများကို များသောအားဖြင့် ပုဂ္ဂလိကအနေဖြင့်သာ ဖွင့်လှစ်ကြပါသည်။ မူကြို (Kindergarten) တန်းမတိုင်မီ နေ့ကလေးထိန်းကျောင်းများ (Nursery School) ကိုလည်း ဖွင့်လှစ်ကြပါသည်။ မူကြိုတန်းတွင် အင်္ဂလိပ်စာနှင့် အင်္ဂလိပ် စကားကို အဓိက သင်ကြားပေးပါသည်။ တောင်ကိုရီးယားနိုင်ငံရှိမူကြိုကျောင်းများတွင် အခြေခံစာရေး၊ စာဖတ်ကိုကစားနည်းများဖြင့် ပေါင်းစပ်သင်ကြားသည့် စနစ်ကိုကျင့်သုံးပါသည်။ ကစားရင်းစာသင်ရာတွင် သင်ထောက်ကူပစ္စည်းများကို ထားရှိပေး၍ ကစားစေပါသည်။ ဥပမာ - ဆရာဝန်လုပ်တန်းကစားလိုပါက ခန္ဓာကိုယ်အစိတ်အပိုင်း ပုံစံတု များဖြင့်ကစားစေပါသည်။ ကလေးများကစားရန် အစားအစာတုများကိုထားရှိပေးပြီး အာဟာရပြည့်ဝသော အစားအစာများ အကြောင်းကို ငယ်စဉ်ကပင်သိရှိစေပါသည်။ လူကြီးများကဲ့သို့ စဉ်းစားတွေးခေါ် နိုင်စွမ်းရှိလာအောင် ငယ်စဉ်ကပင် လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းဖြစ်ပါသည်။ ကိုရီးယားစာအရေးအဖတ်ကို သင်ကြားပေးရုံမျှမက အင်္ဂလိပ် ဘာသာ၊ တရုတ် ဘာသာဖြင့် သင်ကြားပေးသောကျောင်းများလည်းရှိပါသည်။ ကျောင်းဝင်းထဲတွင်လည်း ကလေးများအား ကစားချိန်များစွာပေးထား၍ ကစားစေပါသည်။ အများ နှင့်ပူးပေါင်းပြီး ကူညီဆောင်ရွက်တတ်သော အလေ့အကျင့်များကို မွေးမြူပေးပါသည်။ မူကြိုကျောင်းများတွင် သီဆိုတီးမှုတ်၊ ကခုန်ခြင်းများကိုလည်း သင်ကြားပေးပါသည်။

(ခ)    စင်္ကာပူနိုင်ငံ။        လက်ရှိကမ္ဘာ့ပညာရေးစနစ် အကောင်းဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သော စင်္ကာပူနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနသည် ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ်ကိုကျင့်သုံးရန် ၂၀၁၁ ခုနှစ်တွင် စတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ စွမ်းရည်မြှင့်ကျောင်းများနှင့် ဆရာများလိုအပ်နေသောကြောင့် စာသင်ခန်းအတွင်း သင်ယူမှု၊ သင်ကြားမှုအရည်အသွေးများ တိုးတက်ကောင်းမွန် လာစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းကို အကောင်အထည်ဖော်ရန်အတွက် ကျောင်းသားများ၏ လိုအပ်ချက်များကိုသိရှိရန် စတင်လေ့လာခဲ့ ကြပါသည်။ ၎င်းတို့စိတ်ဝင်စားသော အကြောင်းအရာများနှင့် ဆက်စပ်အရည်အသွေးများကို ဖော်ထုတ်ခဲ့ကြပါသည်။ ပညာရေးဝန်ကြီးသည် တစ်ဦးချင်းစီ၏ ပကတိတန်ဖိုးများ မြင့်တက်လာစေရန်အတွက် မိမိကိုယ်ကိုယုံကြည်မှုနှင့် ကိုယ်တိုင်နားလည်သဘောပေါက်မှုရှိစေရန် ဦးတည်ဆောင်ရွက်ခဲ့ပါသည်။ ကျောင်းသားများ၏သင်ယူနိုင်စွမ်းနှင့် စွမ်းရည်၊ စိတ်ဝင်စားမှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ကိုယ်ရည်ကိုယ်သွေးတို့ကို တိုးတက်စေသည့်အတွက် ၎င်း သင်ကြားရေးစနစ်သည် အလွန်အရေးကြီးပါသည်။ ၎င်းသင်ကြားရေးစနစ်တွင် သီဆိုတီးမှုတ်ခြင်း၊ သီချင်း ရေးသားခြင်း၊ သဘာဝကျသော ပတ်ဝန်းကျင်ဖန်တီးပေးထားခြင်း၊ ဆွေးနွေး ခြင်း၊ ဆွေးနွေးချက်များအပေါ်တွင် မှတ်ချက်ပြုခြင်း၊ ပြန်လှန်မေးခွန်းမေးမြန်း ခြင်း၊ တတ်မြောက်မှုကိုစစ်ဆေးခြင်း စသည်တို့ပါဝင်ပါသည်။  

ထင်မြင်သုံးသပ်ချက်များ

၁၆။    ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်၊ သင်ကြားနည်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့မှ အရာရှိတစ်ဦးကလည်း ကျောင်းသားရောဆရာပါ သေချာအသုံးချနိုင်မည်ဆိုပါက အားလုံးတိုးတက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က ကျောင်းသားဗဟိုပြုသင်ကြားရေး စနစ်ကို ကျင့်သုံးရာတွင် ဆရာများအနေဖြင့် ယုံကြည်မှုရှိရန်လိုအပ်ကြောင်း၊ ဆရာများကို သင်တန်းပေးရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခဒေါက်တာခင်မာရီက ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို မဖြစ်မနေလုပ်သင့်ကြောင်း၊ သို့မဟုတ်ပါက ကျောင်းသားများက သင်ခန်း စာကို စိတ်ဝင်စားမှုမရှိကြောင်း သုံးသပ်ပြောကြားခဲ့ပါသည်။ ကျောင်းသားဗဟိုပြု သင်ကြား နည်းစနစ်ကိုသုံးပါက ကျောင်းသားများသည် ကိုယ်ပိုင်တွေးခေါ်မှုများ ပိုကောင်းလာမည်ဖြစ်ပါ ကြောင်း၊ ပညာရေးသည် ကျောင်းသားများအပေါ်တွင် မူတည်နေသည့်အတွက် ကျောင်းသား ဗဟိုပြုစနစ်ကျင့်သုံးသင့်ပါကြောင်း ကျောင်းသားမိဘများကလည်း သုံးသပ်ပြောကြားခဲ့ ပါသည်။  ၂၀၁၂-၂၀၁၃ ခုနှစ်များမှစ၍ ပညာရေးပြုပြင်ပြောင်းလဲမှုများကြောင့် ရလဒ်ကောင်း များရရှိခဲ့ပါသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံပြည်သူ့အသုံးစရိတ်ပြန်လည်သုံးသပ်မှု အစီရင်ခံ စာတွင် ဖော်ပြထားပါသည်။ မူလတန်းနှင့်အလယ်တန်း အခမဲ့စနစ်ကျင့်သုံးခြင်း၊ ဆရာ/ဆရာမ အရေအတွက် ၇၉၀၀၀ ဦး ထပ်မံခန့်ထားခြင်း၊ နွမ်းပါးသည့်ေ ကျာင်းသားများအတွက် ထောက်ပံ့ ကြေးများတိုးမြှင့်ပေးခြင်းနှင့် စာသင်ကျောင်းများအတွက် ထောက်ပံ့ကြေးများပိုမိုပေးခြင်းတို့ ကြောင့် ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှုပြုလုပ်သည့်ကာလအတွင်း အသုံးစရိတ်ကို လေးဆတိုးမြှင့်နိုင်ခဲ့ပါသည်။

နိဂုံး
၁၇။    ကျောင်းသားဗဟိုပြုစနစ်ကို ကျင့်သုံးခြင်းအားဖြင့် ကောင်းသားနှင့်ဆရာများကြား အမြင် ချင်းဖလှယ်နိုင်သည့်အတွက် အပြန်အလှန်အကျိုးကျေးဇူးဖြစ်ထွန်းမှုများရရှိနိုင်ခြင်း၊ သင်ကြား ရေးတွင် စိတ်အားထက်သန်ခြင်း၊ ဖန်တီးမှု၊ စဉ်းစားတွေးခေါ်မှု၊ ဝေဖန်သုံးသပ်နိုင်မှု၊ ပူးပေါင်း ဆောင်ရွက်တတ်မှုများ ကောင်းမွန်လာခြင်း၊ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်လာခြင်း၊ မိမိတာဝန်ယူရသည့်လုပ်ငန်းများကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ပြီးမြောက်အောင်ဆောင်ရွက်နိုင် ခြင်းစသည့် ဘဝအတွက် အဓိကအရေးပါသော အရည်အချင်းများ ရရှိလာမည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏အခြေအနေ၊ လိုအပ်ချက်များနှင့်ကိုက်ညီသော ချဉ်းကပ်သင်ကြားနည်းစနစ်များကို ပေါင်းစပ် အသုံးပြုသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

Date issused 
Tuesday, May 10, 2016 - 09
Research File 
Research Type 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်