Law Database | Mail | English Version

မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတွင်ပြည်သူလူထုပါဝင်လာမှုအပေါ်ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏အန္တရာယ်မှကာကွယ်ပေးရန်အပြင်ထိရောက်သောကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဤလွှတ်တော်ကတိုက်တွန်းကြောင်းအဆို

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ဦးလဂန်ဇယ်ဂျုံး (ဝိုင်းမော်မဲဆန္ဒနယ်) က “မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတွင် ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆို ထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှကာကွယ်ပေးရန်အပြင် ထိရောက် သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဤလွှတ်တော်က တိုက်တွန်းကြောင်း”  အရေးကြီးအဆိုကို တင်သွင်းခဲ့ပြီး ဦးလမာနော်အောင် (အင်ဂျန်းယန်မဲဆန္ဒနယ်) က ထောက်ခံဆွေးနွေးခဲ့သည်။

ယင်းအဆိုကို ဆက်လက်ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာတွင် ထောက်ခံ ဆန္ဒမဲ ၃၅၇ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁၀ မဲ၊ ကြားနေမဲ ၅ မဲရရှိပြီး ထောက်ခံဆန္ဒမဲသည် ကိုယ်စားလှယ်ဦးရေ၏ သုံးပုံတစ်ပုံရှိသည့်အတွက် အဆိုကိုဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့သည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ဦးလဂန်ဇယ်ဂျုံး (ဝိုင်းမော်မဲဆန္ဒနယ်)က အရေးကြီးအဆိုတင်သွင်းခြင်း

၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၆၃ အရ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော် မဲဆန္ဒနယ်က ဥက္ကဋ္ဌထံသို့ စာဖြင့် ရေးသားလက်မှတ်ထိုးတင်ပြလာပါတယ်။ အဆိုမှာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတွင် ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တား နှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဤလွှတ်တော်က တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။ အဆိုတင်သွင်းဖို့ ဝိုင်းမော်မဲဆန္ဒနယ်က ဦးလဂန်ဇယ်ဂျုံးကို ဖိတ်ခေါ်ပါတယ်။

ဦးလဂန်ဇယ်ဂျုံး (ဝိုင်းမော်မဲဆန္ဒနယ်) ။              ကျွန်တော့်မဲဆန္ဒနယ်ဖြစ်တဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ လက်ရှိမူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့်ပတ်သက်ပြီး အလျင်အမြန် ကူညီဆောင်ရွက်ပေးရမည့် အခြေအနေဖြစ်ပေါ်နေတဲ့ အတွက် ပြည်သူလူထုရဲ့တင်ပြတောင်းဆိုချက်အရ အရေးကြီးအဆိုတစ်ရပ်ကို တင်သွင်းသွားမည်ဖြစ်ပါတယ်။

အဆိုမှာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်း ရေးတွင် ပြည်သူလူထုပါဝင်မှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဤလွှတ်တော်က တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။ တစ်ပါတည်း Powerpoint ဖြင့်ပြသခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတွင် မူးယစ်ဆေးဝါးကို အလွယ်တကူရရှိနေသည့်အတွက် လူကြီး၊ လူငယ်၊ အမျိုးသမီး၊ တချို့ကလေး များပါ မူးယစ်ဆေးစွဲပြီး သေကျေပျက်စီး ရောဂါကပ်ဆိုးကြီး ကျရောက်ပြီး ဒုက္ခမျိုးစုံ ပင်လယ်ဝေ နေရပါတယ်။ တိုင်းပြည်ရဲ့ တန်ဖိုးရှိလှတဲ့ လူသားအရင်းအမြစ်တွေ အလွယ်တကူ ဆုံးရှုံးလျက်ရှိနေတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ခေတ်အဆက်ဆက် နိုင်ငံတော်ကို အုပ်ချုပ်လာခဲ့တဲ့ အစိုးရများ၊ ကုလ သမဂ္ဂအပါအဝင် UN အဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး နှစ်တိုနှစ်ရှည် စီမံကိန်းများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း အောင်မြင်မှုအပြည့်အဝ မရှိသေးတာကို လေ့လာတွေ့ရှိရပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်  တိုင်းရင်းသား များဟာ မူးယစ်ဆေးဝါး အန္တရာယ်ကို ဆိုးရွားစွာခံစားခဲ့ကြရပါတယ်။ ဒါကြောင့် လွန်ခဲ့သော ၂၀၁၄ ခုနှစ်မှ စတင်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မိခင်များနှင့် ကချင်ပြည်နယ်မှ လူငယ်များပူးပေါင်း၍ လူထု အခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့ မိခင်အမြောက်အမြားဟာ မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးကို ခံစားနေကြရပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ရှမ်းပြည်(မြောက်ပိုင်း)မှ မိခင်အမျိုးသမီး ၃၀ ဦးက စတင်ပြီး ခံစားရခက်အသင်းအဖွဲ့ (ကချင်လို Hkan Sha Yak Hpung)ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ သူတို့ဟာ မူးယစ်ဆေးဝါးကြောင့် ခင်ပွန်းများ၊ သားသမီးများ၊ နေအိမ်၊ ကျွဲ၊ နွား၊ ပစ္စည်းဥစ္စာများ အလုံးစုံဆုံးရှုံးခဲ့ရသူများ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှ လူငယ်များကလည်း လူငယ်များဘဝအနာဂတ်အတွက် အဓိကရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းလွတ်ရေးဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးနိုင်ဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေ အကြောင်းအရပ်ရပ် အားလုံးပေါင်းဆုံလာပြီး ယနေ့ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဆိုပြီး ပေါ်ပေါက်လာကာ မူးယစ်ဆေးဝါးရောင်းချသူများကို ဖမ်းဆီးပြီး သက်ဆိုင်ရာသို့အပ်နှံခြင်း၊ သုံးစွဲသူများကို ဆေးဖြတ်ပေးခြင်း၊ လူကောင်းသူကောင်းဘဝသို့ရောက်ရှိရန် ဘာသာတရားဖြင့် သွန်သင်ခြင်းများကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်လျက်ရှိနေပါတယ်။ ထို့အပြင် ဘိန်းစိုက်ခင်းများကို ဒေသခံဘိမ်းစိုက်သူများနှင့်တွေ့ဆုံကာ ပညာပေးခြင်း၊ ညှိနှိုင်းတိုင်ပင် သဘောတူညီမှု များပြုလုပ်၍ ဘိန်းခင်းများကို လူထုအင်အားနှင့် ဝိုင်းဝန်းဖျက်ဆီးခဲ့ရာ ယခင်နှစ်က ဧက ၄၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပြီး ယခုနှစ်တွင် ကချင်ပြည်နယ်အတွင်း တနိုင်း၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ချီဖွေ၊ အင်းတော်ကြီးဒေသတို့တွင် ဘိန်းခင်းဧက ၃၀၀၀ ကျော်ကိုဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ် အတွင်း၌လည်း သက်ဆိုင်ရာဒေသများနှင့် အစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့ တပ်မတော်တို့၏ အကူအညီဖြင့် ဧက ၈၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ သို့သော် အဆိုပါဖျက်ဆီး နိုင်ခဲ့သောဘိန်းခင်းများမှာ အနည်းအကျဉ်းမျှသာဖြစ်ပြီး စီးပွားဖြစ်အများအပြားစိုက်ပျိုးထားသော ဒေသများသို့ သွားရောက်ရန် အခက်အခဲရှိနေပါသည်။ ထိုဒေသ များသို့ သွားရာလမ်းတွင် လက်နက် မျိုးစုံကိုင်ဆောင်ထားသော လူအင်အား ၁၀၀၀ ကျော်ခန့်ရှိ လူစုသည် လမ်းတွင်ပိတ်ဆို့ကာ စောင့်ဆိုင်းနေကြောင်း သိရှိရပါသည်။ ၃၀-၁-၂၀၁၆ ရက်နေ့တွင်လည်း ဒေသလုပ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့ပါသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၏ ကားများကိုလည်း ဝိုင်းဝန်းဖျက်ဆီးကြကာ ရန်မူလာကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ ပြည်နယ်အစိုးရအား လုံခြုံရေးအကူအညီပေးနိုင်ပါရန် တင်ပြခဲ့ရာ ပြည်နယ်အစိုးရ အဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  တာဝန်ရှိသူများက လုံခြုံရေးကိစ္စကို မဆောင်ရွက်ပေးနိုင်တော့ကြောင်း၊ ဘိန်းခင်းဖျက်ဆီးခြင်းကို မိမိတို့အစိုးရအဖွဲ့မှ တာဝန်ပေးစေလွှတ်ထားသော ဌာနပေါင်းစုံမှ ပုဂ္ဂိုလ်များ ပါဝင်သည့်အဖွဲ့ကသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကချင်လူထုမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရန် အခွင့်အာဏာမရှိကြောင်း၊ ဘိန်းခင်းဖျက်ဆီးရန်လည်း အခွင့်အာဏာမရှိကြောင်း ပြောကြားလာပါသည်။ ၁၆-၂-၂၀၁၆ ရက်နေ့တွင် ဘိန်းစိုက်ပျိုးသူများဘက်မှ ကိုယ်စားလှယ်စေလွှတ်၍ အစိုးရအစီအစဉ်ဖြင့် ဘိန်းခင်းများဖျက်ဆီးမည်ဆိုပါက လက်ခံမည်ဖြစ်ပြီး လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က လာဖျက်မည်ဆိုပါက လက်မခံနိုင်ကြောင်း အကယ်၍လာဖျက်ပါက ပစ်ခတ်တိုက်ခိုက်သွားမည်ဟု လာပြောကြောင်းကို ပြည်သူလူထု၏ တင်ပြချက်အရ သိရှိရပါ သည်။

၃၁-၁၂-၂၀၁၅ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့မှတ်တမ်းတွင် ယခင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ ယခု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်က မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နှင်းရေးတွင် လူထုမှပူးပေါင်းပါဝင်နိုင်ရေးအတွက် နိုင်ငံတော်မှမူဝါဒချမှတ်ထားခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြန်လည်ဖြေကြားရာ၌ နိုင်ငံတော်မှ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် နည်းဥပဒေတို့ကို ပြဋ္ဌာန်းပေးခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးတွင် လူထုမှပူးပေါင်းပါဝင်စေရေးအတွက် နိုင်ငံတော်မှမူဝါဒ ချမှတ်ပေးပြီးဖြစ်ပါကြောင်းနှင့် ဒီမူဝါဒနှင့်အညီ နှစ်ရှည်စီမံကိန်းများရေးဆွဲလျက် ပြည်သူလူထုနှင့် ပြည်တွင်းမှာရှိတဲ့ NGO ၊ INGO အဖွဲ့အစည်းများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) အဖွဲ့များနှင့် ပူးပေါင်းပါဝင်လျက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

ထို့အပြင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်နေ့မှာ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများတရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် မူးယစ်ဆေးစွဲသူများကို ကယ်တင်ခြင်း၊ စောင့်ရှောက်ခြင်း၊ လူကောင်း သူကောင်းဘဝသို့ ပြန်လည်ရောက်ရှိစေရန် ကူညီထောက်ပံ့ခြင်း လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင် ရွက်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုခဲ့ ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဤအဆိုနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကိုကိုက ပြန်လည်ရှင်းလင်းဆွေးနွေးရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး ဆောင်ရွက်ရာမှာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အမျိုးသားတာဝန်အဖြစ် ခံယူပြီး တစ်မျိုးသားလုံးက ပူးပေါင်းပါဝင်တိုက်ဖျက် ဆောင်ရွက်သွားကြပါဟု ဆွေးနွေးထားသည်ကို သိရှိရပါတယ်။

ဤအဆိုနှင့်ပတ်သက်၍ ပထမအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သုံးသပ်ပြောကြားရာ၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး နိုင်ငံတော်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းနှင့်စပ်လျဉ်း၍ ကြီးမားတဲ့စီမံကိန်း၊ နိုင်ငံတော်စီမံကိန်း အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ ဆိုရင် အစိုးရ တစ်ခုတည်းနဲ့မရပါဘူး။ ပြည်သူတွေပူးပေါင်းပါဝင်မှရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းများလောက်နဲ့ ဒီစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်လို့မရဘူး။ ပြည်သူအားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်မှရမည်ဖြစ်ကြောင်း၊ ဤအဆိုကို အကောင်အထည်ဖော်ဖို့ ဆိုရင်လည်း အစိုးရ အဖွဲ့အစည်းတစ်ခု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့ မလုံလောက်ဘဲနဲ့ ပြည်သူအားလုံးပါဝင်ဖို့လိုပါတယ်။ လွှတ်တော်တွင် ပြန်လည်တင်ပြတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ယနေ့ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို ထုတ်ဖော်တင်ပြအတည်ပြုနေတဲ့ လွှတ်တော်ကဆောင်ရွက်ချက်၊ အတည်ပြုချက် တွေနဲ့ လက်တွေ့မြေပြင်ကဖြစ်စဉ်များ တာဝန်ရှိသူများရဲ့ ဆောင်ရွက်မှုများဟာ ဆီနဲ့ရေလို ကွာခြားနေတာ တွေ့မြင်ရပါတယ်။ လက်ရှိကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့က စေလွှတ်ထားသော ဌာနပေါင်းစုံမှ ပုဂ္ဂိုလ်များပါဝင်သည့် ဘိန်းခင်းဖျက်အဖွဲ့သည် တစ်ရက်လျှင်အများဆုံး ၁၅ ဧကခန့်သာ ဖျက်ဆီးနိုင်ကြောင်း တာဝန်ရှိပုဂ္ဂိုလ်များမှ ပြောကြားချက်အရ သိရှိရပါတယ်။ လက်ရှိဖျက်ဆီးရန် ကျန်ရှိနေသေးသော ဘိန်းခင်းများမှာ ဧကတစ်သောင်းကျော်ခန့် ရှိနေသေးကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရှိရပါတယ်။ ယခုအချိန်မီ လူအင်အားအပြည့်နဲ့ အင်တိုက်အားတိုက် ဆောင်ရွက်ရန် လိုအပ်နေပါတယ်။ ယခုအခါ ရှမ်းပြည်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်ဒေသအသီးသီးမှ ရောက်ရှိလာကြသော လူထုအင်အား လေးထောင်ကျော်ခန့်သည် ဝိုင်းမော်မြို့မှ ဆဒုံးဒေသသို့ သွားရာလမ်းတွင် ၁၆-၂-၂၀၁၆ ရက်နေ့တွင် စုဝေးရောက်ရှိနေကြပီး မနေ့က ၂၃-၂-၂၀၁၆ ရက်နေ့တွင် စတင်ဘိန်းခင်းရှိရာသို့ စတင်ထွက်ခွာသွားကြပြီး လုံခြုံရေးပါဝင်ကူညီမှု အားနည်းနေကြောင်းကို ကြားသိရပါသည်။ ယင်းအဖွဲ့တွင် ခံစားရခက်သောပြည်သူများ၊ မိခင်များ၊ အမျိုးသမီးငယ်များလည်း ရာဂဏန်းပါဝင်နေပါကြောင်းကို တင်ပြလိုပါသည်။ ပြည်ထောင်စုအစိုးရ၏ မူဝါဒချမှတ်ချက်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားချက်များနှင့်‌ အောက်ခြေတွင် ဖြစ်ပေါ်နေသော အခြေအနေများ ကွဲလွဲကွာဟမှုမရှိစေရန် ပြည်ထောင်စုအစိုးရအဖွဲ့က ချက်ချင်းဆောင်ရွက်ပေးရန် ပြည်သူလူထုက ဆန္ဒပြင်းပြလျက်ရှိပါသည်။ ယခုအခါ အဆိုပါဘိန်းစိုက်ပျိုးသူများဟာ တစ်ဖက်နိုင်ငံသားများက လက်ဝါးကြီးအုပ် စီးပွားဖြစ်လုပ်ကိုင်နေတာကိုတွေ့ရလို့ နိုင်ငံတော်ရဲ့အချုပ်အခြာနဲ့ပတ်သက်၍လည်း ပုံရိပ်ကျဆင်းရပါသည်။ အောက်ခြေဒေသခံ ပြည်သူလူထုများပါဝင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့အနေဖြင့် ၎င်းတို့ကိုယ်တိုင် တွေ့မြင်ထားသော ဧကတစ်သောင်းကျော်ခန့်ရှိနေသည့် အစိုးရ ထိန်းချုပ်ဧရိယာအတွင်းရှိ ဘိန်းခင်းများကို အချိန်မီသွားရောက်ဖျက်ဆီးနိုင်ရန်အတွက် ထိရောက်သော ကူညီပံ့ပိုးပေးမှုကို လိုလားလျက်ရှိနေကြပါတယ်။ နိဂုံးချုပ်အားဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး တွင် ပြည်သူလူထုပါဝင်မှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောက်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဤလွှတ်တော်က တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်ပြအပ်ပါ တယ်ခင်ဗျား။

ဦးလမာနော်အောင်(အင်ဂျန်းယန်မဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း

မူးယစ်ဆေးဝါးအန္တရာယ်ဟာ လူသားတွေမျိုးတုံး သွားနိုင်လောက်အောင် ကြီးမားတဲ့ပြဿနာဖြစ်တဲ့ အတွက် အချိန်မဆိုင်းအားလုံးပါဝင်ပြီး အင်တိုက်အားတိုက် တိုက်ဖျက်ရန်အထူးအရေးကြီးလှပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ဘိန်းစိုက်ရာသီချိန်မှာ စိုက်ခင်းများဖျက်ဆီးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြောင်း ကြားသိရပေမယ့် လူကြီး/ လူငယ်၊ ကျား/မ မခွဲ တချို့ကလေးများတွင်ပါ မူးယစ်ဆေးဝါးသုံးစွဲမှုကတော့ တိုးတက်လာနေတာကို သိမြင်နေရပါတယ်။ အကြောင်းကိုသုံးသပ်မယ် ဆိုရင် ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးခဲ့တယ်ဆိုသော်လည်း မဖျက်ဆီးနိုင်သော လက်ကျန်ဘိန်းခင်း ဧရိယာတွေက ပိုများနေလို့ပဲဆိုတာ အဖြေထွက်ပါတယ်။ ဒီမူးယစ်အန္တရာယ်ကလွတ်မြောက်ဖို့ဆိုတာ အစိုးရနှင့်ပြည်သူလက်တွဲမဖြုတ် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် အထူးအရေးကြီးလှပါတယ်။ ယနေ့အချိန်ဟာဆိုရင် ပြည်သူထဲမှာ မူးယစ်ဆေးဝါးကြောင့် လူမှုဒုက္ခမျိုးစုံကို ခါးသီးစွာခံစား နေကြရပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မိသားစုတိုင်းနီးပါး ဒီဒုက္ခကိုခံစားရပြီး လင်သေ၊ သားဆုံး၊ စီးပွားပျက်တဲ့မိခင်များလည်း အရေအတွက်တိုးပွားလာတာကို တွေ့ရပါတယ်။ ဒီမူးယစ်ဆေးဝါးကြောင့် လူငယ်၊ လူလတ်ပိုင်းများရဲ့ သေဆုံးမှုနှုန်းသည် သက်ကြီးရွယ်အိုများ သေဆုံးမှုနှုန်းထက် ပိုမိုမြင့်မား နေတာကိုလည်း တွေ့ရပါတယ်။ တိုင်းပြည်အတွက်အကျိုးရှိမယ့် လူသားအရင်းအမြစ်များပါ ကွယ်ပျောက်လာတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ယခုအချိန်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပြည်သူလူထုက ပါဝင်လာမှုကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ အထူးလျော့ကျ လာတာကိုလည်း တွေ့မြင်ရပါတယ်။

ဒါကြောင့် ယနေ့မူးယစ်ဆေးဝါးမျိုးစုံရဲ့ အန္တရာယ်ကိုခါးစည်းခံနေရသော ပြည်သူလူထုက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ နိုးကြားစွာပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရမှာဖြစ်သလို ထိရောက်တဲ့ အကူအညီ ပေးမှုကိုလည်း အစိုးရမှအမြန်ဆုံးပံ့ပိုးပေးရန် လိုအပ်ပါတယ်။ ထို့အပြင် မူးယစ်ဆေးဝါးစိုက်ပျိုးရောင်းဝယ် သူများက တိုက်ဖျက်နှိမ်နင်းသူများကို အန္တရာယ်ပြုမှုတွေကိုလည်း အင်အားသုံးပြီးကူညီပေးရန် မဖြစ်မနေလိုအပ်ပါတယ်။ ယခုအခါ ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသမှာ ဘိန်းစိုက်ခင်းများကို သွားရောက်ဖျက်ဆီးရန် ရောက်ရှိနေသောပြည်သူလူထုကို အစိုးရမှအထူး အကူအညီပေး လက်တွဲပံ့ပိုးဖို့ လိုအပ်ပါတယ်။ အစိုးရကဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုတည်းကသာ ဘိန်းခင်းများကို ဖျက်ဆီးမည်ဆိုပါက အချိန်မလုံလောက်မှု၊ လုပ်အားမလုံလောက်မှုနှင့် နယ်မြေမကျွမ်းကျင်မှုကြောင့် ထိရောက်စွာ ဆောင်ရွက်နိုင်မည် မဟုတ်တဲ့အပြင် ပြည်သူလူထု၏ မယုံကြည်မှုကိုလည်း ခံရနိုင်ဖွယ်ရှိပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူလူထုပါဝင်မှုကို အစိုးရကဝမ်းမြောက် ဝမ်းသာကြိုဆိုရမှာဖြစ်ပြီး ထိရောက်သော ကူညီပံ့ပိုးမှုများကို မဖြစ်မနေဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ သို့ဖြစ်၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးတင်သွင်းသော အရေးကြီးအဆိုကို လှိုက်လှိုက်လှဲလှဲ ထောက်ခံပါကြောင်းနှင့် လွှတ်တော်မှာ ဆွေးနွေးအတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က   အဆိုအား ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထား ရယူခြင်း

အရေးကြီးအဆိုကို ဆက်လက်ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်ရဲ့ သဘောထားရယူပါမယ်။ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေရဲ့ သုံးပုံတစ်ပုံထက်မနည်းက ထောက်ခံလျှင် ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပြီး အဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်ရဲ့သဘောထားရယူရန် စက်ခလုတ်အသုံးပြု၍ ဆန္ဒမဲပေးတဲ့နည်းလမ်းနဲ့ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ဆန္ဒမဲပေးဖို့အသင့် ဖြစ်စေလိုပါတယ်။ ဆန္ဒမဲပေးနိုင်ကြပါပြီ။

ယခု ဆန္ဒမဲပေးလို့ပြီးပါပြီ။ ရရှိတဲ့ဆန္ဒမဲစာရင်းကို ကြေညာပါမယ်။ ထောက်ခံ ဆန္ဒမဲ ၃၅၇ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁၀ မဲ၊ ကြားနေမဲ ၅ မဲတို့ဖြစ်ပါတယ်။ ဒါကြောင့် ထောက်ခံဆန္ဒမဲ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံရှိတဲ့အတွက် ဦးလဂန်ဇယ်ဂျုံးတင်သွင်းတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးတွင် ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ ၏အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သောကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ လွှတ်တော်ကတိုက်တွန်းကြောင်း အဆိုကိုဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ကြေညာပါတယ်။

ဦးလဂန်ဇယ်ဂျုံး (ဝိုင်းမော်မဲဆန္ဒနယ်) က တင်သွင်းသော အရေးကြီးအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

ဤအရေးကြီးအဆိုကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၁၂)ရက်မြောက် နေ့ဖြစ်သော ၂၅-၂-၂၀၁၆ ရက်နေ့(ကြာသပတေးနေ့)မှာ ဆက်လက် ဆွေးနွေးမှာဖြစ်တဲ့အတွက် ဆွေးနွေးလိုတဲ့ကိုယ်စားလှယ်များရှိပါက ယနေ့ ၂၄-၂-၂၀၁၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့)ညနေ ၄း၀၀ နာရီ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးကြပါရန် အသိပေးတင်ပြပါတယ်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၅. ၂. ၂၀၁၆ ) တွင် ဦးစိုင်းထွန်းအောင် (ကျောက်မဲ မဲဆန္ဒနယ်)၏ အရေးကြီးအဆိုအား ဆက်လက်ဆွေးနွေးခြင်း

ဦးလဂန်ဇယ်ဂျုံး (ဝိုင်းမော်မဲဆန္ဒနယ်)က အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂၃)ဦးက ထောက်ခံဆွေးနွေးခဲ့သည်။

ထို့နောက် ယင်းအဆိုအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံဆန္ဒမဲ ၃၉၈ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂ မဲ နှင့် ကြားနေဆန္ဒမဲ ၁၀ မဲ ဖြစ်သည့်အတွက် အဆိုအား အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။


ဦးဝင်းနိုင်(မိုးကောင်း မဲဆန္ဒနယ်)။          ။ မူးယစ်ဆေးဝါးပြဿနာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို ဆိုးဆိုးရွားရွားနှိပ်စက်နေတဲ့ပြဿနာ ဖြစ်သလိုပဲ ကျွန်တော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အသီးသီးက မိသားစုများကိုလည်း ဆိုးဆိုးရွားရွား ဖိစီးနှိပ်စက်နေတာ ဖြစ်ပါတယ်။ မြို့နယ်အသီးသီးမှာရှိတဲ့ လူငယ်၊ လူလတ်အများစုဟာ မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို သုံးစွဲလျက်ရှိနေကြပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှု အဆမတန်များပြား နေခြင်းကို လေ့လာကြည့်ပါက အလွယ်တကူဝယ်ယူရရှိနိုင်ခြင်း၊ ဈေးနှုန်းချိုသာခြင်းတို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ အလွယ်တကူဝယ်ယူရနိုင်ခြင်းကြောင့် လူငယ်တို့သဘာဝ စူးစမ်းလိုစိတ်နဲ့ စမ်းသပ်ရာမှ မူးယစ်ဆေးရဲ့သားကောင်များ ဖြစ်ကုန်ကျတဲ့အပြင် ဈေးပေါပေါနဲ့ရရှိနိုင်တာကြောင့်လည်း တစ်ဦး တစ်ယောက်မှအစပြုပြီး အုပ်စုလိုက်သုံးစွဲကြတဲ့အထိ ရောက်ရှိကုန်ကြတာဖြစ်ပါတယ်။ ငွေကျပ် ၁၀၀၀ လောက်ရှိရုံနဲ့ မူးယစ်ဆေးသုံးနိုင်ပြီး သုံးစွဲသူလက်ဝယ် အရောက်ပို့တဲ့စနစ်နဲ့ ဖြန့်ဖြူးနေကြတာ ကြောင့်လည်း မူးယစ်ဆေးသုံးစွဲသူဟာ ပိုမိုတိုးပွားလာလျက်ရှိနေပါတယ်။ ယခုဆိုရင် မူးယစ်ဆေး ဈေးကွက်ဟာ ကျွန်တော်တို့ အထက်တန်း၊ အလယ်တန်းကျောင်းတွေအထိ ဈေးကွက်ချဲ့ထွင်လာနေ တာလည်း ဖြစ်ပါတယ်။

          မိုးကောင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုတစ်ခုမှာ ပုံမှန်ဖျက်ဆီးနေရတဲ့ ဆေးထိုးအပ်၊ ဆေးထိုပြွန်များပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မြို့နယ်အတွင်းမှာရှိတဲ့ ရဲစခန်းအသီးသီးက ဖမ်းဆီးရမိမှု မူးယစ်ဆေးအမှုများပဲဖြစ်ပါတယ်။ ပြီးတော့ ဖမ်းဆီးရမိတဲ့မူးယစ်ဆေး အလေးချိန်တန်ဖိုးများကို ဖော်ပြတဲ့ စာရင်းဇယားများပဲဖြစ်ပါတယ်။ အထက်ပါဖော်ပြချက်များကို လေ့လာသောအားဖြင့် ရောင်းဝယ် ဖောက်ကားမှုနဲ့ ဖမ်းဆီးရမိတဲ့အချိုးဟာ အလွန်ကွာဟနေတာကိုလည်း လေ့လာတွေ့ရှိနိုင်ပါတယ်။ နောက်ပြီးတော့ တန်ဖိုးငွေ ၁၀ သိန်းအထက် ဖမ်းဆီးရရှိမှုဟာ ရှစ်မှုသာရှိပြီးတော့ တစ်သောင်း အောက်ဖမ်းဆီးရမိမှုဟာ ခြောက်မှုတွေ့ရှိနေတာကို ကြည့်ခြင်းအားဖြင့် ဟန်ပြလောက်ပဲဖမ်းဆီးအရေး ယူနေကြကြောင်း သုံးသပ်နိုင်တာ ဖြစ်ပါတယ်။ ဒေသခံပြည်သူများအနေနဲ့      မူးယစ်ဆေးဝါးရောင်းဝယ် သူများ ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးတိုင်ကြားကြပေမယ့် အဆင့်ဆင့်သော လာဘ်ပေးလာဘ်ယူ မှုများကြောင့် နှိမ်နင်းနိုင်ရန်အတွက် ခက်ခဲနေဆဲပဲဖြစ်ပါတယ်။ တရားရုံးစရိတ်၊ ဆေးစစ်ချက်စရိတ်၊ ထောင်စရိတ်တွေကို ကာမိစေရန်အတွက် ကျန်ရစ်တဲ့မိသားစုများဟာ တစ်ဗိုလ်ကျတစ်ဗိုလ်တက်စနစ်နဲ့ ဆတိုးရောင်းချနေကြတာကိုလည်း တွေ့မြင်နေရပါတယ်။ ဖမ်းဆီးရမိမှုအများစုဟာ အသေးအဖွဲ့တွေ သာဖြစ်ပြီး အကြီးအကျယ်ဖြန့်ချိနေသူတွေကို ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိတဲ့အတွက်လည်း ပင်စည် ကြီးကိုမခုတ်လှဲနိုင်ဘဲ ကိုင်းဖျားကိုင်းနားချိုးတဲ့ အဆင့်လောက်သာ တွေ့နေရပါတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်ရေးကူညီကြတဲ့ ပြည်သူတွေအနေနဲ့ကတော့ တရားရုံးမှာသက်သေလိုက်ရတဲ့အတွက် ငွေကုန်လူပမ်း အလုပ်ပျက်ကြတာပဲအဖတ်တင်ပြီး ရောင်းဝယ်သူများက လာဘ်ပေးခြင်းများ၊ ထောင်လျှော့ရက်များ၊ လွတ်ငြိမ်းချမ်းသာခွင့်များနှင့် အချိန်တိုအတွင်း လွတ်မြဲ၊ ရောင်းဝယ်ဖောက်ကားမြဲ  ဖြစ်နေတာကိုလည်း တွေ့နေရပါတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့်ပဲ လူထုအခြေပြု အဖွဲ့အစည်းများ ဖွဲ့စည်းပြီးတော့ မူးယစ်ဆေးဝါးလျော့နည်းပပျောက်စေရေးအတွက် ကိုယ်ထူကိုယ်ထဆောင်ရွက် လာကြတာလည်း ဖြစ်ပါတယ်။

နိဂုံးချုပ်တင်ပြရရင် မုန့်လုံးစက္ကူကပ် သလိုဖြစ်နေတဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ သုံးစွဲခြင်းများအပေါ် အရေးယူဆောင်ရွက်တဲ့ အခန်းကဏ္ဍများရဲ့ အားနည်းချက်များဟာ နိုင်ငံတော်ရဲ့တရားဥပဒေစိုးမိုးရေး ဂုဏ်သိက္ခာများကို ထိခိုက်ညိုးနွမ်းစေတဲ့အတွက် မူးယစ်ဆေးဝါးပြဿနာ အဆင့်ဆင့်ဖြစ်တဲ့ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဝယ်ယူသုံးစွဲခြင်း၊  ဖမ်းဆီးနှိမ်နင်းခြင်းစတဲ့ အဆင့်တိုင်း အဆင့်တိုင်းမှာ အသိပညာပေးခြင်း၊ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း တို့ကို စနစ်တကျလုပ်ဆောင် သွားဖို့လိုအပ်မှာဖြစ်ကြောင်း အကြံပေးလိုပါတယ်။ ဒီနေ့မနက် ၉ နာရီခွဲ အချိန်မှာ ဖုန်းဆက်သတင်းပေးချက်အရပဲ ဝိုင်းမော်မြို့နယ်၊မဂါးရွာနှင့် ထန်မွန်းခမ်းရွာကြားမှာ မိုင်းပေါက်ကွဲလို့ ဘိန်းစိုက်ခင်းဖျက်တဲ့အဖွဲ့က လူ ၁၄ ဦးခန့် ဒဏ်ရာရရှိကြောင်းလည်း ကြားသိရပါတယ်။

          သို့ဖြစ်ပါ၍ ပြည်သူများစိုးရိမ်ကြောင့်ကြလျက်ရှိတဲ့ အမျိုးသားရေးအန္တရာယ်ကြီးဖြစ်တဲ့ မူးယစ် ဆေးဝါးပပျောက်ရေး နှိမ်နင်းမှုလုပ်ငန်းများအား နိုင်ငံတော်အဆင့်မှ အထူးကြပ်မတ်၍ ပံ့ပိုးကူညီသင့် ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာတင်ပြရင်း ဦးလဂန်ဇယ်ဂျုံး၏အဆိုအား ထောက်ခံအကြံပြုဆွေးနွေးအပ်ပါတယ်ခင်ဗျား။

ဦးတင့်စိုး(ဖားကန့် မဲဆန္ဒနယ်)။             ။ ကျွန်တော့်အနေနဲ့ ဝိုင်းမော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးရဲ့အဆိုကို အပြု သဘောဖြည့်စွက် အကြံပေးဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာလည်း ကျွန်တော့်ရဲ့ ကိုယ်တွေ့မျက်မြင်အနေအထားပေါ်မှာ အခြေခံပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ရိုက်ထားတဲ့ဓာတ်ပုံများကို Power  Point နဲ့ ဖော်ပြခွင့်ပြုပါခင်ဗျား။ အခု အဲဒီပုံတွေထဲမှာမြင်ရတဲ့ အနေအထားကတော့ မူးယစ်ဆေးဝါးဖြစ်တဲ့ ဘိန်းဖြူနဲ့ရာမတွေကိုတရားဝင် ခွင့်ပြုချက်ရထား သကဲ့သို့ ဈေးတန်းကြီးသဖွယ် တဲအလုံးပေါင်း ၆၀ ခန့်နဲ့ရောင်းချနေပုံ ဖြစ်ပါတယ်။ ရဲစခန်းနဲ့ ကိုက် ၂၀၀ အကွာအဝေးမှာပဲ ရှိပါတယ်။ အခုလို ဈေးတန်းများကဲ့သို့ မူးယစ်ဆေးဝါးရောင်းချနေမှု များဟာ ဖားကန့်မြို့နယ်အတွင်းမှာ ကျေးရွာတိုင်းလိုလို၊ မှော်တိုင်းလိုလိုမှာ များစွာရှိနေပါတယ်။ အဓိက သုံးစွဲသူများကတော့  မြန်မာနိုင်ငံတစ်နံတစ်လျားမှ ရောက်ရှိလာပြီးတော့ ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ ရေမဆေးကျောက်ရှာဖွေနေသူ လူငယ်၊ လူလတ်အများစုဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ရေမဆေးနဲ့ ကုမ္ပဏီအလုပ်သမားများ၊ ဒေသခံလူငယ်များ စုစုပေါင်းရှစ်သောင်းခန့်ဟာ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန် ဖြစ်လျက်ရှိနေပါတယ်။ မူးယစ်ဆေးဝါးဆိုတဲ့နေရာမှာ ငှက်ပျောရွက်နဲ့ ဘိန်းမဲရောစပ်ပြီး ရှူရတဲ့အရာ ဒေသအခေါ် ခက်ပုံလို့ခေါ်တဲ့အရာရယ်၊ ဘိန်းဖြူနဲ့ရာမတွေဟာ အဓိကဖြစ်ပါတယ်။ ခက်ပုံပြုလုပ်သုံးစွဲတဲ့ နေရာမှာ ဘိန်းမဲဈေးနှုန်းမြင့်တက်ခြင်း ချက်လုပ်သုံးစွဲရခြင်းများကြောင့် ငွေကြေးအရသက်သာပြီး အချိန်မကုန်တဲ့ ဘိန်းဖြူကိုသုံးစွဲသူ ပိုမိုများပြားလှပါတယ်။ မူးယစ်ဆေးဝါးကို ဈေးတန်းသဖွယ်ရောင်းချတဲ့ နေရာမှာ အဓိကရောင်းချသူ ဒိုင်ဆိုတာရှိပါတယ်။ အဲဒီဒိုင်ဆိုသူများဟာ ၎င်းတို့နဲ့ဆက်စပ်ပတ်သက်တဲ့ အာဏာပိုင်အဖွဲ့အစည်းများကို များပြားလှ တဲ့လိုင်းကြေးတွေပေးပြီး မူပိုင်ရောင်းချရတယ်ဆိုတာ ၎င်းတို့ရဲ့ပြောပြချက်အရ  ကျွန်တော်သိရပါတယ်။

ကျွန်တော်တို့ ဝိုင်းမော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး တင်ပြဆွေးနွေးသွား တဲ့အထဲမှာ အဓိကမူးယစ် ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ရဲ့အမည်မပါရှိပါဘူး။ အဲဒီအဖွဲ့ဟာ ဒီနေ့ Facebook နဲ့ သတင်းတွေပေါ်မှာ နာမည်ကြီးနေတဲ့ ကချင်လို Pat Jasan လို့ခေါ်တဲ့ လူထုအခြေပြု ကချင်နှစ်ခြင်း အသင်းတော်က ဦးဆောင်ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ပဲဖြစ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့အရ ဒီအဖွဲ့ရဲ့ အဓိကအောင်မြင်မှုကို ပြောရမယ်ဆိုရင် ၁-၇-၂၀၁၅ ခုနှစ်က လုံးခင်း ကျေးရွာအုပ်စု၊ အောင်လံကျေးရွာမှာနေထိုင်တဲ့ မူးယစ်ဆေးဝါးလက်လီ/လက်ကား သုံးနှစ်ခန့် ရောင်းချနေသူ နာမည်ကြီးတဲ့ ဒေါ်ကိုင်ရာဆိုသူရဲ့နေအိမ်ကို ၎င်းတို့အဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ရှာဖွေရာမှာ ရာမအပြား သုံးသိန်း၊ ဘိန်းဖြူဆပ်ပြာခွက် ၄၁၅ ခွက်၊ ပင်နီဆလင်ပုလင်းနဲ့ ထည့်လျက်ဘိန်းဖြူ ၆၀၀ ပုလင်း၊ အအေးစုပ်တဲ့ ပလပ်စတစ်ပိုက်ထဲမှာထည့်ပြီးသား ဘိန်းဖြူနဲ့ရာမ ၂၃၀၀ ခုနှင့် ကားနှစ်စီးတို့ကို ၎င်းမူးယစ်ဆေးဝါး ရောင်းချသူများအသုံးပြုတဲ့ နေ့စဉ်မှတ်တမ်းစာအုပ်နှင့်အတူ Pat Jasan အဖွဲ့က ဖမ်းဆီးပြီး ရဲစခန်းသို့ပို့ဆောင်အပ်နှံနိုင်ခဲ့ပါတယ်။ အခြားသောမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများစွာ ရှိခဲ့ပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ မှတ်တမ်းစာအုပ်ထဲမှာ ၎င်းတို့နဲ့ဆက်စပ်ပတ်သက်တဲ့ ဌာနဆိုင်ရာ အမည်၊ ရာထူး၊ ပေးရငွေများကို အတိအကျမှတ်သားထားတာကိုလည်း ကျွန်တော်တို့တွေ့ရပါတယ်။ အဲဒီရှင်းတမ်းထဲမှာ ၅၈ ရက်အတွက် စုစုပေါင်း လိုင်းကြေးပေးရငွေစုစုပေါင်းဟာ သိန်းပေါင်း ၅၆၈၅၀၀၀၀ ရှိနေတာကိုလည်း တွေ့ရတဲ့အတွက် တစ်ရက်ကိုလိုင်းကြေး သိန်းတစ်ရာခန့်ရှိနေတာကိုလည်း အံ့သြစွာ တွေ့ရပါတယ်။ ရောင်းကြေးကလည်း တစ်ရက်ကို သိန်း ၃၀၀ ခန့်ရှိတယ်လို့ ပြောပြချက်တွေအရ သိရပါတယ်။

ဒါကြောင့်မို့လို့ သက်ဆိုင်ရာဌာနဆိုင်ရာများရဲ့ အဂတိလိုက်စားမှုကိုလည်း ထိရောက်စွာအရေးယူ သင့်ပါကြောင်း အကြံပြုတင်ပြလိုပါတယ်။ ပတ်ဂျက်စံအဖွဲ့ဟာ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လို့ရှိရင် မူးယစ်ဆေးဝါးရောင်းချသူများကို ကြိုတင်သတိပေးသကဲ့သို့ ဖြစ်မှာစိုးတဲ့ အတွက် ၎င်းတို့ဘာသာ သီးသန့်ဆောင်ရွက်ခြင်း  ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ပြောပြချက်များ အရသိရပါတယ်။ မူးယစ်ဆေးဝါးတရားမဝင် ရောင်းချတဲ့ဝင်ငွေဟာ မက်လောက်စရာရှိနေတာလည်း မူးယစ်ဆေးဝါးပပျောက်စေရန် ဟန့်တားနေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူများဟာ မိမိတို့ ကိုယ်တိုင်တစ်ဆင့် လက်လီဖြန့်ဖြူးရောင်းချပြီး ရရှိတဲ့အမြတ်ကို သုံးစွဲနေခြင်းအားဖြင့် အလွယ်တကူ နေရာတိုင်းမှာ ရရှိနိုင်စေပါတယ်။ အချို့သောရောင်းချသူများဟာ ငွေကြေးစုဆောင်းပြီးလို့ လိုင်းပြောင်းချင်သော်လည်းပဲ ဖိအားဆက်လက်ပေးပြီးတော့မှ ရောင်းချခိုင်းခြင်းများရှိနေတယ်လို့ လည်းသိရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူများကြောင့် နေ့စဉ်လိုလိုဖောက်ထွင်းခိုးယူမှုများ၊ လုယက် မှုများ၊ အများအားဖြင့် ရေမဆေးတွေရဲ့ဆိုင်ကယ်တွေဟာ တစ်ရက်လျှင် ငါးစီးနဲ့အထက် ခိုးယူခံရမှု များ၊ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးမှုများ၊ လူမှုရေးပြဿနာများဟာ မကြားချင်၊ မမြင်ချင်အဆုံး ဖြစ်နေပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ကျန်းမာရေးဝန်ကြီးဌာနပူးပေါင်းပြီး မူးယစ်ဆေးအစားထိုး မက်သဒုံးတိုက်ကျွေးရေးစီမံချက်များ၊ HIV/AIDS စီမံချက်များ၊ မူးယစ်ဆေးသုံးစွဲသည့် ဝေဒနာရှင်များ လူ့ဘောင်အတွင်းသို့ လူကောင်းတစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိလာစေရေး ပြုစုပျိုးထောင်မှုများ ရှိနေသော်လည်းပဲ လိုအပ်ချက်များရှိနေဆဲပဲဖြစ်ပါတယ်။ ကျွန်တော်အခုပြောတဲ့ အချက်တွေထဲမှာ ကချင်လူထု ပတ်ဂျက်စံအဖွဲ့ဟာ လူ့အခွင့်အရေးကိစ္စတွေ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဖို့ ဥပဒေလေးစားဖို့ ပါဝင်တဲ့အချက်တွေမှာ အားနည်းနေတာကို တွေ့ရပါတယ်။

အချုပ်အားဖြင့်တင်ပြရရင် Pat Jasan လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဟာ ဘိန်းခင်းများကို ဖျက်ဆီးခြင်းဟာဆိုလို့ရှိရင် တစ်မျိုးသားလုံးရဲ့ အန္တရာယ်ကိုဖျက်ဆီးခြင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အင်မတန်မှကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အဖွဲ့မှာပါဝင်တဲ့လူတွေကို စိစစ်ရွေးချယ်တာဝန်ပေးခြင်း၊ တရားဥပဒေရေးရာများ၊ လူ့အခွင့်အရေးဆိုင်ရာများကို လေးစား လိုက်နာအောင် သင်တန်းပေးပြီး တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးပါဝင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အသွင်ပြောင်းလဲလှုပ်ရှားသင့်ပါကြောင်း အကြံပြုတင်ပြရင်း ဝိုင်းမော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးရဲ့အဆိုကို ထောက်ခံအကြံပြု တင်ပြအပ်ပါတယ် ခင်ဗျား။

ဦးဇာနည်မင်း(ရွှေကူ မဲဆန္ဒနယ်)။  ။       ၂၄-၂-၂၀၁၆ ရက်နေ့တွင် ဝိုင်းမော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး တင်သွင်းသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်သော အဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။ အထက်ပါအဆိုအရဆိုရင် ကျွန်တော်တို့နိုင်ငံမှာ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော လူသားအရင်းအမြစ်ကို ထိခိုက်စေသည့် ဘိန်းစိုက်ခင်းများဧကပေါင်း မြောက်မြားစွာရှိနေခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့်အပြင် ကမ္ဘာ့နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် များစွာထိခိုက် နစ်နာရပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်တွင် လူငယ်အများစု မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်‌ သစ်တောပြုန်းတီးခြင်းတို့မှာ တိုက်ရိုက်ဆက်စပ်နေကြောင်း ကိုလည်း တင်ပြလိုပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တို့သည် အလုပ်လက်မဲ့ပြသနာကြောင့် နီးစပ်ရာတရားမဝင် သစ်လုပ်ငန်းများကို လုပ်ဆောင်နေကြရာ တစ်ဖက်နိုင်ငံမှ တရားမဝင်ဝင်ရောက်လာကြသော သစ်ကုန်သည်များက ကျွန်းသစ်များကို ဒေသပေါက်ဈေးအဖြစ် တစ်တန်လျှင် လေးသိန်းဝန်းကျင် ဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့်‌ လဲလှယ်၍လည်းကောင်း၊ ငွေစက္ကူအတုများဖြင့်လည်းကောင်း ရောင်းဝယ်လုပ်ဆောင်နေကြတာကိုလည်း တွေ့ရှိရပါတယ်။ ၎င်းနယ်မြေတွင် တရားဥပဒေကလည်း မစိုးမိုးနိုင်ပါ။ တရားဝင်လုပ်ငန်းဖြစ်နေခြင်းကြောင့် စားဝတ်နေရေးခက်ခဲမှုကြောင့်သာ လုပ်ကိုင်ရခြင်း ကြောင့် အခြားနိုင်ငံမှတရားမဝင် သစ်ကုန်သည်များ၏ဖိနှိပ်ခြင်းကို သစ်နှင့်မူးယစ်ဆေးဝါး လဲလှယ်မှုကြောင့် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး နီးပါးဟာ မူးယစ်ဆေးဝါးကျိန်စာသင့်‌ခံနေရ ကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ၎င်းလူငယ် လူရွယ်တို့မှာ သစ်များသယ်ဆောင်ရာတွင် ညပိုင်း သယ်ဆောင်တာဖြစ်တဲ့အတွက် ညတွင်အိပ်မငိုက်အောင် ယာဘ(ခေါ်)စိတ်ကြွဆေးပြားများသုံးစွဲ၍ လုပ်ဆောင်ရသောကြောင့် မူးယစ်ဆေးဝါး၏ သားကောင်များဖြစ်ရခြင်းနှင့် သစ်တောပျက်စီးခြင်းတို့မှာ တိုက်ရိုက်သက်ဆိုင်စေကာ မြွေပါလည်းဆုံး၊ သားလည်းဆုံးဆိုတဲ့ ဘဝနဲ့အဆိုးသံသရာထဲသို့ ရောက်ရှိ နေရတာဖြစ်ပါတယ်။

အဆိုပါအရ ဘိန်းစိုက်ပျိုးခြင်းသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအဖြစ် ထုတ်လုပ်ရာတွင် မူလထုတ်ကုန်ဖြစ်သဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်း လုပ်ငန်းမှာ မြန်မာနိုင်ငံသား သာမက လူသားတိုင်း၏ကြီးမားသော တာဝန်တစ်ရပ်ဖြစ်ပေသည်။ မူးယစ်ဆေးဝါးအန္တရာယ်သည် နိုင်ငံတကာဆက်ဆံရေး အမြင်အရဆိုလို့ရှိရင် UN မှ ထုတ်ပြန်ကြေညာထားသော ခြိမ်းခြောက်မှုများထဲက လူသားချင်းဆိုင်ရာ လုံခြုံရေး (Human Security) အရ ကမ္ဘာတစ်ဝှမ်းလုံးနှင့် ပူပေါင်းဆောင်ရွက် ရမှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်လာသော ဒေသခံတိုင်းရင်းသားများကို ခြိမ်းခြောက် ဟန့်တားမည့်အစား သက်ဆိုင်ရာတာဝန်ရှိသူများက ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ သင်တန်း များပေးပို့ခြင်းနှင့်‌ စနစ်တကျ စည်ကမ်းတကျဖြစ်အောင် တာဝန်ခံပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ၎င်းဒေသမှ တာဝန်ရှိသူတို့သည် အဆိုပါအတိုင်း လုပ်ဆောင်ချက်မျိုးတို့အား မိမိတို့၏တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသကဲ့သို့ ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာကိုလည်း မလေးမစားနှင့် ထိပါးသကဲ့သို့ဖြစ် နေတာကိုလည်းတွေ့ရှိရပါတယ်။

သို့ဖြစ်ပါ၍ ကျွန်တော်တို့၏စိမ်းလန်းစိုပြေလှပသော ကချင်ပြည်နယ်တွင် စကားကြီးတစ်ရပ်ကလည်း ထူးခြားစွာပေါ်ပေါက်လာပါတယ်။ အဲဒီစကားရပ်ကတော့ ယခုအခါမှာ ကချင်ပြည်နယ်မှာ သစ်ငုတ်ရယ်၊ လမ်းစုတ်ရယ်၊ ဆိုင်ကယ်စုတ်ရယ်၊ ကားစုတ်ရယ်၊ လူစုတ်များသာ ကျန်ရှိနေတာကိုလည်း ဝမ်းနည်းစွာ ပြောဆိုနေကြတာတွေ့ရပါတယ်။ သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးနှင့်‌ပတ်သက်၍ ဝိုင်းမော်မဲဆန္ဒနယ် ဦးလဂန်ဇယ်ဂျုံး၏ အဆိုကိုလည်း လေးလေးနက်နက် ထောက်ခံတင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

ဦးအင်ထုံးခါးနော်ဆမ်(မြစ်ကြီးနား မဲဆန္ဒနယ်)။           ။ ကျွန်တော့်အနေနဲ့ ဝိုင်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးမှ ၂၄-၂-၂၀၁၆ ရက်နေ့ တင်သွင်းသည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့်ပတ်သက်၍ အရေးကြီးအဆိုကို ထောက်ခံ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ယနေ့ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် သုတေသနအဖွဲ့ရဲ့ စစ်တမ်းအရ ကမ္ဘာ့အာရှနိုင်ငံများအနက် အာဖဂန်နစ္စတန်နိုင်ငံသည် ဘိန်းစိုက်ပျိုးထွက်ရှိမှု အများဆုံး နိုင်ငံဖြစ်သလို အရှေ့တောင်အာရှနိုင်ငံမှာဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဖြစ်နေကြောင်း အားလုံး အသိပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ကျွန်တော်တို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသဟာ ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်နေသည့် ပြည်နယ်တွေ ဖြစ်နေကြောင်းတွေ့ရမှာဖြစ်သလို မူးယစ်ဆေးဝါး သုံးစွဲမှုမှာလည်းအများဆုံး၊ ဈေးကွက်အနေဖြင့်လည်း အကြီးမားဆုံးနေရာဖြစ်နေပြီဖြစ်ကြောင်း တင်ပြဆွေးနွေးလိုပါတယ်။ နှစ်စဉ်နှစ်တိုင်း ဘိန်းမဲစိုက်ပျိုး ထုတ်လုပ်သည့်နေရာနှင့် စိုက်ခင်းဒေသရှိရာတွေကို အားလုံးသိတဲ့အတိုင်း တွေ့မြင်နေကြသလို နိုင်ငံတော်အစိုးရမှလည်း ဖျက်ဆီးခြင်း၊ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများကို နိုင်ငံတကာသံတမန်နှင့် ပြည်သူလူထုရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခြင်း၊ နည်းလမ်းမျိုးစုံဖြင့် တားဆီးကာကွယ်တိုက်ဖျက်နေ သော်လည်း လျော့နည်းခြင်းမရှိပို၍ပို၍သာ များပြားလာနေကြောင်း တွေ့ရှိရပါတယ်။ သာဓကအားဖြင့် လွန်ခဲ့သော ၂၀၁၅ ခုနစ် ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ကားလမ်း ဘေးတစ်နေရာ၌ ရပ်ထားသော ကုန်တင်ကားကြီး ပေါ်မှ မူးယစ်ဆေးပြားအလုံးရေ ၂၆ သန်း ဖမ်းဆီး ရမိခြင်း၊ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိခြင်းမျိုးသည် အင်မတန် ကြောက်မက်စရာကောင်းသော လုပ်ရပ်ဖြစ်သလို၊ အင်မတန် အံ့သြစရာကောင်းပြီး အမျိုးမျိုးတွေး စရာဖြစ်စဉ် တစ်ခုဖြစ်ခဲ့တာ အားလုံးကြားသိပြီးဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို တွေးကြည့်တဲ့အခါမှာ လူဦးရေထူထပ်သော ရန်ကုန်တိုင်းဒေသကြီး၌ ဖြန့်ဖြူးရောင်းချရန် စီစဉ်တာလား၊ ဒါမှမဟုတ် ရန်ကုန်မြို့ကြီးမှာ အထိုင်လုပ်ပြီး နိုင်ငံအနှံ့ဖြန့်ဖို့ ရည်ရွယ်တာလားစသည့် အချက်များအများကြီး တွေးစရာဖြစ်လာနေပြီဖြစ်ကြောင်း တင်ပြဆွေးနွေးလိုပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဘိန်းထုတ်လုပ်ရောင်းချခြင်း၊ ဈေးကွက်နေရာများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ အများဆုံးဖြစ်နေပြီး ယခုအချိန်မှာတော့ မြန်မာနိုင်ငံရဲ့နယ်နိမိတ် အရှေ့၊ အနောက်၊ တောင်၊ မြောက် ပြည်နယ်တိုင်းဒေသ၊ ပြည်မပါမကျန် သုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားမှုဟာ တစ်နေ့တခြား ပျံ့နှံ့ရောက်ရှိလာနေပြီဖြစ်ကြောင်း။ မူးယစ်ဆေးဝါးဆိုသောအရာသည် အသံမထွက်သော သေနတ်နှင့် အလားသဏ္ဌာန်တူနေပြီး လူကြီး/လူငယ်မရွေး တစ်ယောက်ပြီးတစ်ယောက်ကို ဝင်ပူးသတ် နေပြီဖြစ်ကြောင်း၊ ဤကဲ့သို့ အင်မတန် အန္တရာယ်ကြီးမားခြိမ်းခြောက်နေသော မူးယစ်ဆေးဝါးပြဿနာကို တစ်မျိုးသားလုံးရဲ့ ဘုံရန်သူအဖြစ်သတ်မှတ်ကာ ဝိုင်းဝန်းတိုက်ဖျက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြ ဆွေးနွေးလိုပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ လူပုဂ္ဂိုလ်တချို့၏အမြင်ခံယူချက်မှာ မိမိသားသမီးများ မူးယစ်ဆေးဝါးသုံးစွဲသူမရှိ ပါဝင်ပတ်သက်ရန်လည်းမလို။ ဖမ်းဆီးတိုက်ဖျက်နေရင်လည်း ပပျောက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ခံယူချက် တချို့ပုဂ္ဂိုလ်များက ငါနဲ့မဆိုင် ငါပါစရာမလို ငါ့မိသားစုအဆင်ပြေရင်ပြီးရော။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်နေသဘောထားမျိုး ရှိနေသရွေ့တော့ ဘယ်သောအခါမှ ဖျက်သိမ်းအောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ လေးလေးနက်နက် တင်ပြဆွေးနွေးလိုပါတယ်။

ကချင်ပြည်နယ်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ဘိမ်းခင်းဧကပေါင်း ၄၀၀၀ ကျော်ဖျက်ဆီးနိုင်ခဲ့ပြီး ၂၀၁၅-၁၆ ခုနှစ် ဇန်နဝါရီလအတွင်းမှာလည်းပဲ ဘိမ်းခင်းဧက ၃၈၀၀ ကျော်ဖျက်ဆီးနိုင်ခဲ့ခြင်းသည် အင်မတန်လက်တွေ့ကျ ထိရောက်သည့်‌ လုပ်ရပ်ဖြစ်ကြောင်း ထောက်ခံတင်ပြလိုပါသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တွေးကြည့်‌ရင် စိုက်ပျိုးထုတ်လုပ်သူတွေကလူတွေပဲ။ တစ်နည်းပြောရရင် ပြည်သူလူထုပဲ။ နောက်ပြီး ဥပဒေကြောင်းအရ တားဆီးဖမ်းဆီး တိုက်ဖျက်ရမည့်‌သူတွေကလည်း လူတွေပဲ။ ပြောရရင် အစိုးရပေါ့။ အဲဒါကြောင့် အုပ်ချုပ်သူအစိုးရဆိုတဲ့ အဖွဲ့နှင့်ပြည်သူလူထုဆိုတဲ့ အဖွဲ့ နှစ်ရပ် ပူးပေါင်းဆောင်ရွက်ပြီး တိုက်ဖျက်ရင် မအောင်မြင်နိုင်စရာအကြောင်း မရှိဘူးလို့မြင်မိပါသဖြင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ ပြည်သူလူထုအဖွဲ့အစည်းများနှင့် တက်ညီ လက်ညီအားပေး ပူးပေါင်းဆောင်ရွက်ပြီး တိုက်ဖျက်သင့်ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် တိုက်တွန်းရင်း ဝိုင်းမော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးရဲ့ အရေးကြီးအဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

ဦးမိုးဇော်အောင်(ကောလင်း မဲဆန္ဒနယ်)။  ။ ကျွန်တော် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ဦးလဂန်ဇယ်ဂျုံး တင်သွင်းသွားတဲ့ အရေးကြီးအဆိုနှင့် ပတ်သက်ပြီးတော့မှ ကျွန်တော့်အနေနဲ့ ဖြည့်စွက်ထောက်ခံ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့ ဒီအဆိုကို ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရာတွင် ပြည်သူ လူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်မှုများ၏ အန္တရာယ်မှကာကွယ် ပေးရန်အပြင် ထိရောက်သောကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ လွှတ်တော်ကတိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။ ဒီအဆိုမှာ ကြည့်မယ်ဆိုလို့ရှိရင် ဘာဖြစ်လဲ ဆိုတဲ့အခါကြတော့ ကျွန်တော်တို့ ကချင်ဒေသမှာ ယနေ့ရင်ဆိုင်နေရတဲ့ ဘိန်းခင်းများကို တိုက်ဖျက် နေရာကနေမှ စတင်ပြီးတော့မှ ပေါ်ပေါက်လာတဲ့အဆိုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ ဒီကချင်ဒေသက ဘိန်းခင်းတွေ ဖျက်ဆီးရာနဲ့တင်မဆိုင်ဘဲနဲ့၊ ဒီဟာနဲ့တင်မကဘဲနဲ့ ဘာပါ ပါဝင်သလဲဆိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် မူးယစ်ဆေးဝါးပျံ့နှံ့နေမှုလည်းပဲ အကျုံးဝင်တယ်လို့ ကျွန်တော့်အနေ နဲ့ ယူဆပါတယ်။

အဲဒီလို ယူဆတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့စဉ်းစားပါတယ်။ ဘာလဲဆိုတော့ မူးယစ်ဆေးဝါး ပျံ့နှံ့မှုမှာ အဓိကအားဖြင့် အဆင့်ငါးဆင့်ရှိပါတယ်။ အဆင့်(၁)ကတော့ စိုက်ပျိုးတဲ့အဆင့်ပါ။ အဆင့်(၂)က မူးယစ်ဆေးဝါးကို ထုတ်လုပ်တဲ့အဆင့်ဖြစ်ပါတယ်။ အဆင့်(၃)ကတော့ ဖြန့်ဖြူးတဲ့အဆင့် ဖြစ်ပါတယ်။ အဆင့်(၄)ကတော့ ရောင်းဝယ်တဲ့အဆင့်ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်(၅)ကတော့ နောက်ဆုံးသုံးစွဲသူ (End User) အဆင့်ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ဘာဖြစ်လို့ မူးယစ်‌ဆေးဝါး ပျံ့ပွားမှုနှုန်းမြင့်မား နေရသလဲဆိုတာကို ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် အဓိကအားဖြင့်တော့ မူးယစ်ဆေးဝါးနှိမ်နင်းရာမှာ (End User) ဖြစ်တဲ့ နောက်ဆုံးသုံးစွဲသူတွေကိုသာ အဓိကအားဖြင့် ဖမ်းဆီး နေပြီးတော့မှ ရှေ့ကအဆင့်တွေဖြစ်တဲ့ ရောင်းဝယ်သူတွေကို တိတိကျကျ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိဘူး။ ဖြန့်ဖြူးသူတွေကိုလည်းပဲ မဖြတ်တောက်နိုင်ဘူး။ ထုတ်လုပ်သူတွေကိုလည်း မတားဆီးနိုင်ဘူး။ ဘိန်းခင်းတွေကိုလည်း လုံလောက်အောင် မဖျက်ဆီးနိုင်ဘူး။ ဒီလို အခြေအနေတွေ သွားတွေ့ရပါတယ်။ အဲဒီတော့ ပထမအဆင့်အနေနဲ့ ဘိန်းခင်းတွေကိုဖျက်ဆီးတဲ့ နေရာမှာ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်မှုကို ကျွန်တော်တို့တစ်တွေ အစိုးရအနေနဲ့အပြည့်အစုံ ကူညီပေးသင့်တယ်ဆိုတာကို လုံးဝထောက်ခံပါတယ်။ အဲဒီအပြင် ကျန်တဲ့ဘိန်းခင်းတွေမစိုက်တဲ့ ကောလင်းတို့လိုမြို့မျိုးတွေနဲ့ အခြားမြို့မျိုးတွေမှာဖြစ်နေတဲ့ အခြားပြဿနာတွေဖြစ်တဲ့ မူးယစ်ဆေးဝါး ပြန့်ပွားမှုပြဿနာတွေ ထိန်းချုပ်နိုင်အောင်ကတော့ ပြည်သူ လူထုရယ်၊ အစိုးရအဖွဲ့အစည်းတွေရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရယ်၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေရယ် ပူးပေါင်းပြီးတော့မှ အဖွဲ့တွေဖွဲ့ပြီးဆောင်ရွက်မှ အဆင်ပြေမယ်လို့ ကျွန်တော်တို့ အနေနဲ့ ယူဆပါတယ်။

အဲဒီတော့ ကျွန်တော်တို့ ကောလင်းမြို့နယ်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ၂၀၁၅ ခုနှစ်မှာ မူးယစ်ဆေးဝါးမှု ၃၅ မှုရှိပါတယ်။ ၂၀၁၆ ခုနှစ်မှာ ခြောက်မှုရှိပါတယ်။ လက်ရှိအချုပ်ခန်းထဲမှာ ချုပ်ထားတာ ၂၂ ဦးရှိပါတယ်။ ဒါပေမဲ့ ဒီကိန်းဂဏန်းကိုကြည့်လိုက်လို့ရှိရင် အင်မတန်နည်းနေတယ်လို့ ထင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကောလင်းမြို့အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ပြည်သူလူထုအားလုံး သိပါတယ်။ ကောလင်းသူ/ကောလင်းသားတွေအားလုံး သိပါတယ်။ မူးယစ်ဆေးဝါးဟာ တော်တော်များများ သုံးစွဲနေကြပြီးတော့မှ စာသင်ခန်းတွေ၊ ကျောင်းသားတွေအဆင့်ထိအောင်ပါ သုံးစွဲနေကြတာကို တွေ့ရပါတယ်။ အဲဒီတော့ Reported ဖြစ်တဲ့ ကိန်းဂဏန်းတွေဟာ ရေခဲတုံး သီအိုရီ လိုပဲ အပေါ်ယံသာမြင်ရပြီးတော့မှ နောက်ကွယ်မှာ ကြီးကြီးမားမားကျန်ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီမူးယစ်ဆေးဝါးဟာလည်းပဲ နိုင်ငံအနှံ့ကူးစပ်နေတဲ့နေရာမှာ တကယ်ကိုမှ ကူးစပ်နှုန်း မြင့်မားတဲ့ Virus ရောဂါပိုးလိုပဲ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာ၊ ပြန်လည်လေ့လာကြည့်တဲ့အခါမှာ၊ မူးယစ်ဆေးဝါးကို ဘာဖြစ်လို့မနှိမ်နင်းနိုင်တာလဲလို့ ကြည့်တဲ့အခါမှာ အကြောင်းပေါင်းများစွာထဲက အဓိကအချက်သုံးချက်ကို ကျွန်တော် တင်ပြချင်ပါတယ်။ (၁)ကတော့ ရဲတပ်ဖွဲ့အင်အား မလုံလောက်မှု ဖြစ်ပါတယ်။ တစ်မြို့နယ်၊ တစ်မြို့နယ် တာဝန်ကျတဲ့ရဲတပ်အင်အားတွေဟာ အခြားအမှုတွေကို ဆောင်ရွက်ရင်းနဲ့ မူးယစ်ဆေးဝါးကို နှိမ်နင်းရတဲ့နေရာမှာ ရဲတပ်ဖွဲ့အင်အား မလုံလောက်မှုကို တွေ့ရပါတယ်။ (၂)အချက်အနေနဲ့ကတော့ ဘာလဲဆိုတော့ ပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အချက်ဖြစ်ပါတယ်။ အဲဒီတော့ ဌာနဆိုင်ရာတွေအနေနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းတဲ့နေရာမှာ  ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုရမှသာလျှင် ကျွန်တော်တို့တကယ ထိထိ/ရောက်ရောက်၊ အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အဓိကလည်း အရေးအကြီးဆုံးအချက်လို့ ပြောရမယ်ဆိုရင်တော့ အကျင့်ပျက် ခြစားမှုဖြစ်ပါတယ်။ အဲဒီတော့ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် မူးယစ်ဆေးဝါး ရောင်းဝယ်နေတယ်ဆိုတာကို သိသော်လည်းပဲ အဆင့်‌ဆင့်အကျင့်‌ပျက်ခြစားမှု တွေဖြစ်ပွားခဲ့တာ ကျွန်တော်တို့ အမြဲတမ်းကြားသိနေရပါတယ်။ အဓိကအားဖြင့်‌တော့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ တချို့ပုဂ္ဂိုလ်တွေအတွက်ကို ရန်ပုံငွေရှာဖှေရေး နေရာကြီးတစ်ခုအဖြစ်နဲ့ ကျန်ရှိနေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ ဒီအချက်သုံးချက်ကို ကျွန်တော်တို့ သေချာဂရုစိုက်ကိုင်တွယ်ပြီးတော့မှ ပြည်သူလူထုနဲ့၊ ဌာနဆိုင်ရာတွေနဲ့၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ဒီမူးယစ်ဆေးဝါးကို အောင်အောင် မြင်မြင်နှိမ်နင်းနိုင်မယ်လို့ ကျွန်တော့်‌အနေနဲ့ ဖြည့်စွက်ဆွေးနွေးရင်းနဲ့ ဦးလဂန်ဇယ်ဂျုံးရဲ့အဆိုကို အပြည့်အဝထောက်ခံကြောင်း တင်ပြလိုပါတယ်။

ဦးစိုင်းကျော်မိုး(မိုင်းပန် မဲဆန္ဒနယ်)။                 ။  ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ် ဝိုင်းမော်မဲ ဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးရဲ့ အရေးကြီးအဆိုဖြစ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ထောက်ခံတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ မူးယစ် ဆေးဝါးအန္တရာယ်သည် ယနေ့ တစ်ကမ္ဘာလုံးရှိ လူသားအားလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ သိမ်မွေ့နက်နဲပြီး ကြီးမားတဲ့ပြဿနာတစ်ရပ် ဖြစ်ပြီးတော့ လူသားတို့ကို မျိုးသုဉ်းပျက်စီးနိုင်ပြီးတော့ အသက်အန္တရာယ်အား ခြိမ်းခြောက်လျက်ရှိတဲ့ အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါးလာတဲ့အထိ ဒုက္ခပေးနိုင်တဲ့အတွက်ကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တွန်းလှန်ကာကွယ်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ UNODC ရဲ့ စာရင်းများအရလည်းပဲ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးလို့ရှိရင် မြန်မာနိုင်ငံဟာ ဒုတိယအများဆုံးနိုင်ငံ ဖြစ်ကြောင်းဆိုပါတယ်။ မြန်မာနိုင်ငံဟာ ယခင်ကိုလိုနီခေတ် အဆက်ဆက်မှစတင်ပြီး ဘိန်းကိုအနောက်ဘက် နိုင်ငံကြီးများမှ တစ်ဆင့် မြန်မာပြည်တွင်းကို ဘိန်းကုန်သွယ်မှု စတင်ရောက်ရှိလာကာ မြန်မာနိုင်ငံ မြောက်ပိုင်း ချင်းတောင်တန်းဒေသ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဒေသများသို့ အနောက်ဘက်နိုင်ငံကြီးများမှ ဘိန်း မျိုးစေ့များ ရောက်ရှိလာပြီး ဘိန်းစိုက်ပျိုးမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပါတယ်။ ကိုလိုနီခေတ် အတွင်းမှာလည်း မူးယစ်ဆေးဝါးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချခဲ့တာကိုလည်းပဲ တွေ့ရှိရမှာဖြစ် ပါတယ်။ မူးယစ်ဆေးဝါးအမျိုးပေါင်း ၁၂၆ မျိုးရှိပြီးတော့မှ အခုစိုက်ပျိုး လုပ်ကိုင်ကြတဲ့ဘိန်းဟာလည်းပဲ အဓိကအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာခဏ ပမာဏများစွာဖမ်းဆီးရမိနေတဲ့ Amphetamine (စိတ်ကြွရူးသွပ်ဆေးဝါး) များလည်းပါဝင်ပါတယ်။ ကျွန်တော်တို့ ဒေသတွေမှာလည်းပဲ ဘိန်းနဲ့ မူးယစ်‌ဆေးဝါးဖြစ်တဲ့ Amphetamine (စိတ်ကြွရူးသွပ်ဆေးဝါး)များကြောင့် ဘဝပျက်ခဲ့ရတဲ့ မိသားစုတွေနဲ့ လူငယ်လူရွယ်များစွာ ပျက်စီးခဲ့ကြ ရပါတယ်။ ကျွန်တော်တို့ တောင်တန်းဒေသ အနှံ့အပြားမှာလည်းပဲ အဓိကဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းဆီခဲ ထုတ်လုပ်ခြင်းတို့ ရှိနေဆဲဖြစ်တဲ့အတွက် ကြောင့်မို့ ဘိန်းစိုက်ပျိုးမှုအပြီးတိုင် ချုပ်ငြိမ်းပပျောက်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသား ဒေသတွေမှာ ရှေးယခင်ကတောင်ယာများသာ စိုက်ပျိုးခဲ့ကြ ပြီးတော့ နောက်ပိုင်းမှာ ငွေကြေးရယူဖို့ လွယ်ကူတဲ့ဘိန်းစိုက်ပျိုးခြင်းဟာလည်း ဝိသမလောဘသမားများ နှင့် မူးယစ်ရာဇာများ၊ ဘိန်းရာဇာများ အဖွဲ့အစည်းတချို့ရဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုများကြောင့် တောင်တန်းဒေသများမှာ စိုက်ပျိုးရေးလုပ်ကိုင်မှုပုံစံပြောင်းလဲခဲ့ကြရပါတယ်။

ကျွန်တော်တို့ နိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ချက်များ အနေနဲ့ လွတ်လပ်ရေးရပြီး ၁၉၆၀ ခုနှစ် (ဖဆပလ)အစိုးရ လက်ထက်မှစ၍ မိုးဟိန်းစစ်ဆင်ရေး၊ ငရဲပန်း စစ်ဆင်ရေးများနှင့် အဆင့်ဆင့်ဘိန်းစစ်ဆင်ရေးများ ပြုလုပ်ခဲ့ခြင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး စုံစမ်းရေး ကော်မတီများ ဖွဲ့စည်းခြင်း၊ ဘိန်းစားသုံးမှု တိုက်ဖျက်ရေး၊ ဘိန်းအစားထိုးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုများ ပြန်လည်ဆောင်ရွက်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးရာဒေသများကို လေ့လာခြင်း၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ်ဆောင်ရွက်လာခဲ့ပါတယ်။ မူးယစ်ဆေးဝါးပပျောက်ရေး ဆိုင်ရာမဟာဗျူဟာနှစ်ရပ်နှင့် နည်းဗျူဟာသုံးရပ်ချမှတ်ပြီးတော့ ဆောင်ရွက် လျက်ရှိတဲ့အပြင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်တာ စီမံကိန်းကိုလည်း ချမှတ်ဆောင်ရွက် ခဲ့တာကိုလည်းပဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးပပျောက်ရေး ပန်းတိုင်အသစ် စီမံကိန်း (New Destiny Project) ကိုလည်း ရေးဆွဲခဲ့ပြီးတော့မှ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးစေခြင်းနဲ့ ဘိန်းစိုက်ပျိုးမှု ချုပ်ငြိမ်းပပျောက်စေရေး ဆောင်ရွက်ခဲ့ကြောင်းကိုလည်း တွေ့ရပါတယ်။ နိုင်ငံအတွင်း မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ ရယူဆောင် ရွက်လျက်ရှိတဲ့အပြင် နိုင်ငံရဲ့ပကတိစွမ်းအားအရင်းအမြစ်များကို အခြေပြုပြီး ဥပဒေနှင့်အညီ စဉ်ဆက်မပြတ်တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိကာ တစ်ဌာနတည်း၊ တစ်ဖွဲ့တည်း ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံသားအားလုံး ဝိုင်းဝန်းကူညီကာ အမျိုးသားရေးအသိစိတ်ဓာတ်နှင့် ပူးပေါင်း ဆောင်ရွက်မှသာလျှင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်ဖွဲ့စည်း ထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟို အဖွဲ့အနေဖြင့်အဖွဲ့လိုက် ဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များ သတ်မှတ်ကာ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြည်သူများနှင့် ပူးပေါင်းကာဆန့်ကျင် တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။

အဆိုရှင်တင်သွင်းခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ပြည်သူများပါဝင်လာမှုအပေါ် ကြိုဆို ထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်မှု အန္တရာယ်မှ ကာကွယ်ပေးရန် ထိရောက်တဲ့ကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးရန် ဆိုတဲ့အချက်ဟာ အလွန်ကောင်းမွန်တဲ့အချက် တစ်ချက်ဖြစ်ပါတယ်။ လူသားတစ်‌ရပ်လုံး အညွန့်တုံးစေနိုင်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ ပြည်သူလူထု ပူးပေါင်းပါဝင်လာတဲ့အပေါ်မှာ လက်ကမ်းကြိုဆိုတဲ့ အဆိုတစ်ရပ်ဖြစ်ပါတယ်။ သို့သော်လည်းပဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များအနေဖြင့် သတ်မှတ်ထားတဲ့ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ထိုကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်ပါတယ်။ များမကြာမီကပဲ တချို့သောတိုင်းရင်းသားပြည်နယ်များမှာ တရားဝင်အဖွဲ့အစည်းမဟုတ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး အဖွဲ့များဟာ အင်အားအများအပြား နှင့်သွားလာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုများကို အပြစ်ပေးတယ်ဆိုကာ ရိုက်နှက်ခြင်းတွေ ပြုလုပ်နေတဲ့ Video File တွေကို လူမှုကွန်ယက်ပေါ်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ရတာဖြစ်ပါတယ်။ ယင်းလုပ်ရပ်များဟာ နားလည်မှုလွဲမှားပြီးတော့ မှားယွင်းတဲ့ဥပဒေမဲ့ လုပ်ရပ်ဖြစ်နေပါတယ်။ ဒီလုပ်ရပ်မျိုးနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်များဟာ အပြုသဘောဆောင်တယ်ဟု ဆိုနိုင်သော်လည်းပဲ ဥပဒေနှင့်ညီညွတ်တဲ့ လုပ်ရပ်မျိုး မဟုတ်တဲ့အတွက် တားမြစ်သင့်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေဟာ ဒီမိုကရေစီစနစ်နဲ့ မလျော်ညီတဲ့အပြင် တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့်မှုများ ဖြစ်ပေါ်လာစေပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်စေတဲ့လုပ်ရပ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့၊ တိုင်းရင်းသားလူမျိုးတစ်စုနှင့် တစ်စုအကြား မလိုလားအပ်သော ရန်ငြိုးဖွဲ့မှုများ လက်တုံ့ပြန်ကလဲ့စားချေမှုများ ပေါ်ပေါက်ကာပြည်သူလူထုတို့၏ လူမှုစီးပွားလုံခြုံမှုကို ထိခိုက်ဖျက်ဆီး စေခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးဝင်းထူး (နမ့်ဆန် မဲဆန္ဒနယ်)။    ။ ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော်မဲဆန္ဒနယ် တင်သွင်းတဲ့အရေးကြီး အဆိုကို ကျွန်တော့်မဲဆန္ဒနယ်ဖြစ်တဲ့ နမ့်ဆန်နဲ့ ကျွန်တော်တို့ဒေသမှာ ရှိနေတဲ့အခြေအနေတွေကို အခြေခံပြီးတော့မှ လူထုတွေရဲ့မူးယစ်ဆေးဝါး အန္တရာယ်ကနေ အမှန်တကယ်ချုပ်ငြိမ်းနိုင်ဖို့အတွက်ကို  ဦးတည်ပြီးတော့မှ အရေးကြီးအဆိုကို ထောက်ခံ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့်မဲဆန္ဒနယ်ဖြစ်တဲ့ နမ့်ဆန်နဲ့ ပလောင်အများစုနေထိုင်တဲ့ နေရာဒေသတွေဟာဆိုရင် ၂၀၀၅ ခုနှစ် PSLA အဖွဲ့ လက်နက်အပ်ပြီးတဲ့နောက်ပိုင်းမှာ မူးယစ်ဆေးဝါးရဲ့ သားကောင်အဖြစ် ရောက်မှန်းမသိ ရောက်ကုန်ကြ တာ ကျွန်တော်တို့တွေ့ကြရပါတယ်။ အထူးသဖြင့် တရုတ်ပြည်နဲ့ နယ်စပ်ဖြစ်တဲ့ နမ့်ခမ်းဒေသဟာ စိုက်ပျိုးထုတ်လုပ်၊ ရောင်းချမှုနဲ့ သုံးစွဲမှုမြင့်မားတဲ့နေရာပါ။ အခုလက်ရှိအချိန်ထိ မူးယစ်ဆေးဝါးကြောင့် မတရား ညှဉ်းပန်းနှိပ်စက်ပြီးတော့မှ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာတွေလည်း ရှိနေတုန်းပဲဖြစ်ပါ တယ်။   ၂၀၁၄ ခုနှစ်တုန်းကဆိုရင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာဆိုရင်လည်း ကမ္ဘာ့ကုလ သမဂ္ဂရဲ့ စီမံကိန်းနဲ့ ဘိန်းတိုက်ဖျက်ရေးအတွက်ကို သွားပြီးတော့မှ မြေပြင်ကွင်းဆင်းတိုင်းတာမှုတွေ သွားလုပ်ကြတဲ့အဖွဲ့တွေ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှာပါဝင်တဲ့ အဖွဲ့တွေကသွားပြီးတော့မှ မြေပြင်တိုင်းတာမှုတွေ သွားလုပ်တဲ့အခါမှာလည်း ဒီအဖွဲ့တွေက ဖမ်းဆီး ရိုက်နှက်ခံရတာတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ကြရပါတယ်။ အဲဒီလိုပဲ နမ့်ခမ်းမြို့နယ်မှာရှိတဲ့ တွန်ပုတ်လူငယ် ကျေးရွာဟာ ဆိုရင်လည်း သူတို့ဒေသမှာရှိတဲ့ မူးယစ်ဆေးဝါးတွေကို ကာကွယ်ဖို့အတွက် ဦးဆောင်ထားတဲ့မိုးပွင့်ဆိုတဲ့ လူငယ်အဖွဲ့ကနေပြီးတော့မှ မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွေ သူတို့ တစ်နိုင်တစ်ပိုင် လုပ်ဆောင်ခဲ့ကြ ပါတယ်။ အဲဒီအဖွဲ့ကဆိုရင် ၂၀၁၅ ခုနှစ် စက်တင်ဘာလထဲမှာ ဆိုရင် တရုတ်လူမျိုးတွေ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး ရာမအထုပ် ၉၆၀ ထုပ်နဲ့ ဘိန်းဖြူဆပ်ပြာခွက်ထဲမှာ ရှိတဲ့ ဆပ်ပြာခွက်ဗူး ၇၇ ဗူးတွေကိုလည်း ဖမ်းဆီးပြီးတော့မှ ရဲလက်ထဲမှာအပ်နှံခဲ့တာကို ကျွန်တော်တို့ တွေ့ရပါ တယ်။ ဒီလိုလုပ်တဲ့ အဖွဲ့တွေဟာဆိုရင်လည်း တစ်ခါတစ်ရံမှာ ဒါက သူပုန်တွေကို အားပေးတယ် ဆိုတဲ့ ပုံစံမျိုးနဲ့အပြောခံရတာတွေရှိတဲ့ အတွက်ကြောင့် သူတို့တွေဟာလည်း ကြောက်ကြောက်နဲ့ပဲ ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ ဒါတွေဟာလူထုတွေက အကြောက်အရွံ့ တွေကြားထဲကပဲ ကိုယ်ဒေသကို ဒုက္ခပေးနေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့ လုပ်ငန်းတွေကို ထိထိရောက် ရောက် လုပ်ဆောင်နေကြရတာကို ကျွန်တော်တို့ တွေ့နေကြရတာဖြစ်ပါတယ်။ ကျွန်တော်တို့ နမ့်ဆန် ဒေသမှာဆိုရင်လည်း ဘုရားကြီးကျေးရွာ၊ ဇယ်သုန်ဟုန်းကျေးရွာစသဖြင့် သက်ဆိုင်ရာကျေးရွာ တာဝန်ရှိတဲ့ လူတွေနဲ့ လူငယ်‌တွေပူးပေါင်းပြီးတော့မှ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲတဲ့သူတွေကို ဖမ်းဆီး ပြီးတော့မှ ရဲလက်အပ်တာတွေ လုပ်ကြတာတွေကို ကျွန်တော်တို့တွေ့ကြရပါတယ်။ တစ်ခါတစ်ရံမှာ ဆိုရင် ရဲတွေနဲ့ပူးပေါင်းပြီး ဖမ်းတာမျိုးလည်း သူတို့လုပ်ကြပါတယ်။ ဥပဒေအကြောင်းကို ကောင်းကောင်း နားလည်တဲ့သူတွေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ထိထိရောက်ရောက် သူတို့မလုပ်နိုင်ကြပါဘူး။ ဥပဒေနဲ့ငြိစွန်းမှာကိုလည်း စိုးရိမ်နေကြတာမှန်ပါတယ်။

အဲဒီသလိုပဲ မူးယစ်ဆေးဝါးသုံးစွဲမှုမြင့်မားတဲ့ လားရှိုးမြို့နဲ့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေမှာ ဆိုရင်လည်း ဆေးသုံးစွဲတဲ့သူတွေကို ဆေးဖြတ်ပေးနိုင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင် ၂၀၁၃ ခုနှစ်တုန်းက အရပ်ဘက်အဖွဲ့အစည်းမှာ အလုပ်လုပ်ခဲ့တုန်းက ဘုန်းတော်ကြီးတွေနဲ့ ပူးပေါင်းပြီးတော့မှ ဆေးစွဲတဲ့ သူတွေကို ဆေးဖြတ်ပေးဖို့၊ ဆေးဖြတ်တဲ့စခန်းဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် ခွင့်ပြုချက်မရတဲ့အတွက်ကြောင့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကဖွင့်တဲ့ ဘိန်းဖြတ်စခန်းတွေမှာပဲ သွားပို့ပေးရတဲ့ အတွက်ကြောင့်မို့လို့ တချို့ကျေးရွာသား တွေမသွားရဲတာ။ တချို့ဝေးလံတဲ့ဒေသတွေဖြစ်တဲ့ ဒေသခံတွေ မလာနိုင်တဲ့ အတွက်ကြောင့်မို့လို့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတှေ ဖြတ်ချင်ပေမယ့် အလှမ်းဝေးနေခဲ့တာ ကိုလည်း တွေ့ကြရတာဖြစ်ပါတယ်။ လက်ရှိ ၂၀၁၆ ခုနှစ်မှာဆိုရင်လည်း နမ့်ခမ်းဒေသမှာဆိုရင် ဘိန်းစိုက်ဧက ၃၀၀၀ ကျော်ရှိနေပြီးတော့မှ ဖျက်ဆီးနိုင်ခြင်းလည်း မရှိသေးပါဘူး။ ဘိန်းစိုက်တောင်သူ တွေ၊ ပြည်သူ့စစ်အမည်ခံထားတဲ့သူတွေနဲ့ ဘိန်းတိုက်ဖျက်တဲ့ လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့်လည်း ပြည်သူလူထုတွေအများကြီး ဒုက္ခရောက်ကြရပါတယ်။ အဲဒီလိုပဲ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း အစပ်မှာဖြစ်တဲ့ မြို့တွေမှာဆိုရင်လည်း ဘိန်းစိုက်ဧက ၃၀၀၀ လောက် ရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ကြားသိရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေဟာ များသော အားဖြင့် အမျိုသားတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူတို့ရဲ့မိသားစုဝင်တွေဖြစ်ကြတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ဒီရဲ့မူးယစ်ဆေးဝါးရဲ့ ဓားစာခံဖြစ်နေကြတာကို ကျွန်တော်တို့ တွေ့ကြရပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးများနဲ့ လူငယ်များဖြစ်တဲ့အတွက်ကြောင့် မူးယစ်ဆေးဝါးပြဿနာများကို အစိုးရအနေနဲ့ မဖြေရှင်းပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အရင်းအမြစ်တွေကို ဆုံးရှုံးတဲ့အပြင် ကျွန်တော်တို့နိုင်ငံကပိုပြီးတော့မှ နိမ့်ကျသွားနိုင်တဲ့အတွက်ကြောင့် မို့လို့ ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန်ကာကွယ် နှိမ်နင်းတာမျိုးလုပ်သင့်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီမူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးအန္တရာယ်မှကင်းစင်နိုင်ဖို့နဲ့ ကမ္ဘာမှာဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံး လို့ သတ်မှတ်ခံရတဲ့နေရာကနေ ကင်းစင်နိုင်ဖို့အတွက်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေပြီးတော့ မှပြည်သူ့လူထုရဲ့ ဘိန်းတိုက်ဖျက်ရေးလုပ်ဆောင်ချက်တွေမှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ပြီး လုပ်ဆောင် သင့်ပါတယ်။ လုပ်ဆောင်နေတဲ့ပြည်သူတွေနဲ့ဒေသခံ အသင်းအဖွဲ့တွေကို လုံခြုံရေးပေးတာမျိုးတွေက အစ ပူးပေါင်းကူညီသင့်ပါတယ်။ ဒါမှသာလျှင် မူးယစ်ဆေးဝါးအန္တရာယ်ကနေ အမှန်တကယ်လွတ်ကင်းနိုင်မှာ ဖြစ်တဲ့အကြောင်းကို ဝိုင်းမော်မဲဆန္ဒနယ် ဦးလဂန်ဇယ်ဂျုံးတင်သွင်းတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးတွင် ပြည်သူလူထုပါဝင်လာနိုင်မှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ထိရောက်သော ကူညီပံ့ပိုးမှု များကို အမြန်ဆုံးဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဤလွှတ်တော်က တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီးသိမ်းထွဋ် (တပ်မတော်သားကိုယ်စားလှယ်)။          ။ ဦးလဂန်ဇယ်ဂျုံးတင်သွင်းတဲ့ အရေးကြီးအဆိုအပေါ်မှာ Powerpoint ဖြင့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးရဲ့အရေးကြီး အဆိုဟာ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးမှာ ပြည်သူလူထုပါဝင်မှုအပေါ် ကြိုဆိုထောက်ခံရန်၊ ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေး ရန်နှင့် ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးရန်ဆိုပြီး အချက်သုံးချက်ကို အဓိကထား အဆို တင်သွင်းထားတာ တွေ့ရပါတယ်။ တပ်မတော်အနေနဲ့အဆိုပါ အချက်သုံးချက်စလုံးကို အချိန်နဲ့ တစ်ပြေးညီ လှုပ်ရှားကူညီဆောင်ရွက် ပေးနေမှုများကို ဖြစ်စဉ်ဖြစ်ရပ် အကျဉ်းချုပ်များနဲ့ ရှင်းလင်း တင်ပြ သွားမှာ ဖြစ်ပါတယ်။ နယ်မြေခံ တိုင်းစစ်ဌာနချုပ်အနေနဲ့ ခရစ်ယာန်ဘာသာပေါင်းစုံ ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့အား လက်ခံတွေ့ဆုံခြင်းအား ၉-၁-၂၀၁၆ ရက်နေ့မှ ၃-၂-၂၀၁၆ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါတယ်။ ဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့်အတူ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းများ ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ၂၇-၁-၂၀၁၆ ရက်နေ့ကနေ ၅-၂-၂၀၁၆ ရက်နေ့ အထိ နယ်မြေခံ တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း၊ နယ်ခြားစောင့်တပ်ရင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေ ခရစ်ယာန်ဘာသာပေါင်းစုံ ဘိန်းဖျက်ဆီးရေးအဖွဲ့အင်အား ၁၃၀၀ ဦးနဲ့ အတူပူးပေါင်းပြီး ချောင်းမော၊ လွိုင်ဇာ၊ လွယ်ဂျယ်ဒေသတွေမှာ ဘိန်းဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဖျက်ဆီးစဉ် မှာအခင်းပိုင်ရှင်တွေနဲ့ အပြန်အလှန်ခဲများနှင့် ပစ်ပေါက်မှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ ပါတယ်။ ၃-၂-၂၀၁၆ ရက်နေ့မှာ နယ်မြေခံတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဝိုင်းမော် ပူးပေါင်းအဖွဲ့တွေဟာ ခရစ်ယာန်ဘာသာပေါင်းစုံ ဘိန်းဖျက်ဆီးရေးအဖွဲ့ ၂၀၀ ဦးနဲ့အတူ ပူးပေါင်း ပြီးတော့ မော်စီတုံး၊ ဆဒုံးဒေသမှာ ဘိန်းဖျက်ဆီးမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ ၆-၂-၂၀၁၆ ရက်နေ့မှ ယနေ့အထိ နယ်မြေခံတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း၊ နယ်ခြားစောင့်တပ်ရင်း၊ မြို့နယ် ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ၄၀ တို့ဟာ မော်စီတုံး၊ ဆဒုံးဒေသမှာ ဘိန်းခင်းဖျက်ဆီးမှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀-၂-၂၀၁၆ ရက်နေ့မှာ ကန်ပိုက်တီးဒေသမှာရှိတဲ့ ဘိန်းစိုက်ပျိုး ကျေးရွာတွေကို ဆန် ၁၀၀ အိတ်၊ ပဲ ၁၀ အိတ်၊ ဆားတစ်အိတ်၊ ဆီတစ်ပီပါတို့ကို နယ်မြေခံတိုင်းစစ် ဌာနချုပ်ကနေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ၂၉-၁၂-၂၀၁၅ ရက်နေ့ကနေ ၂၃-၂-၂၀၁၆ ရက်အထိ ဘိန်းခင်းစိုက်ပျိုးဖျက်ဆီးမှုစုစုပေါင်း ၁၅၂၈.၉၅ ဧကကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဘိန်းခင်းဖျက်ဆီးမှုတွေနဲ့ပတ်သက်ပြီး ဒေသခံများအား တပ်မတော်မှဖြေရှင်း ဆောင်ရွက်ပေးမှုများကို ဆက်လက်တင်ပြလိုပါတယ်။ နယ်မြေခံတိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူးဦးစီးပြီး ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ခေါင်းဆောင်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာရပ်မိရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင် များနှင့် မော်စီတုန်းရွာမှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ၁၂း၀၀ နာရီနဲ့ ၁၄း၀၀ နာရီအထိ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အခါမှာ ရွာသူရွာသားတွေအနေနဲ့ နိုင်ငံတော်အစိုးရမှ တရားဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းကို လက်ခံမှာဖြစ်ကြောင်း၊ တရားမဝင်ဖွဲ့စည်းထားတဲ့ လူထုအခြေပြုဘာသာရေး မူးယစ် ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အစည်းတွေကို ဒေသခံရွာသူရွာသားများမှ လုံးဝလက်မခံနိုင်ကြောင်း တောင်းဆိုချက်စာများအား ကန်ပိုက်တီးဒေသမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများကနေ စစ်ဗျူဟာမှူးထံ ပေးအပ်ခဲ့ကြပါတယ်။ ရွာသူရွာသားတွေအနေနဲ့ နိုင်ငံတော်အစိုးရက ဘိန်းခင်းဖျက်ဆီးမယ်ဆိုရင် လက်ခံမှာဖြစ်ကြောင်း၊ ဘိန်းစိုက်ခင်းများ ဖျက်ဆီးပြီးပါက ၎င်းတို့ရဲ့လတ်တလော ဘဝရပ်တည် ရှင်သန်နိုင်ရေးအတွက်ကို ဆန်ထောက်ပံ့ပေးစေလိုကြောင်း၊ ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် ဒေသနဲ့ ကိုက်ညီတဲ့သီးနှံများ စိုက်ပျိုးနိုင်ရေး နိုင်ငံတော်အစိုးရအနေနဲ့ နောက်ပိုင်းမှာ ထောက်ပံ့ပေးစေလိုကြောင်း ထပ်မံတင်ပြခဲ့ပါတယ်။ နယ်မြေခံတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူးဦးစီးတဲ့ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ခေါင်းဆောင်များ၊ ကန်ပိုက်တီးဒေသမှာရှိတဲ့ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာရပ်မိရပ်ဖများ နှင့် ရဲတပ်ဖွဲ့ဝင်များဟာ မော်စီတုံးမှာ ၂၀၁၆ ခုနစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ၁၇း၀၀ နာရီကနေ ၁၈း၀၀ နာရီအထိ ထပ်မံတွေ့ဆုံညှိနှိုင်းတဲ့အခါမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ဘိန်းစိုက်ပျိုးထားတာ ဥပဒေနဲ့ညီညွတ်မှုမရှိတာ နားလည်ကြောင်း၊ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွေ ကျေးရွာများမှာ လာရောက် ဘိန်းဖျက်ဆီးမှာကို လက်မခံကြောင်း၊ မိမိတို့ဒေသမှာ အခြားသီးနှံစိုက်ပျိုးနိုင်ခြင်းမရှိဘဲ ချဉ်စော်ကားသီး၊ သစ်ကြားသီးအား စိုက်ပျိုးနိုင်ပြီး ထွက်ရှိတဲ့သီးနှံရောင်းချရာမှာ ဈေးမရတဲ့အတွက် မိမိတို့ စားဝတ်နေရေး ပြေလည်မှုမရှိပါကြောင်း ဘိန်းခင်းဖျက်ဆီးခြင်းတစ်ခုတည်းကိုသာ ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးချုပ်ငြိမ်းသွားမှာ မဟုတ်ကြောင်း လူများရဲ့အသိဉာဏ်နဲ့ စိတ်ဓာတ်ကို ဦးစားပေးပြင်ဆင်ပေးမှသာ ဘိန်းစိုက်ပျိုးမှုမပြုတော့မည် ဖြစ်ပါကြောင်း လတ်တလောမိမိတို့၏ဘဝ ရပ်တည်ရှင်သန်ရေးအတွက် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့မှ ဆန်ထောက်ပံ့ပေးမည်ဆိုပါက မိမိတို့ဘိန်း စိုက်ခင်းများကို မိမိဘာသာမိမိ ဖျက်ဆီးပေးမည်ဖြစ်သဖြင့် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့မှ မိမိတို့ဖျက်ဆီး ပြီးမှသာ လာရောက်ကြည့်ရှုစေလိုကြောင်း၊ ရေရှည်ဘဝရပ်တည်ရေးအတွက် ဘိန်းအစားထိုး သီးနှံ၊ စိုက်ပျိုးသီးနှံနှင့် သီးနှံစိုက်ပျိုးရေးအစီအစဉ်များကို ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြခဲ့ပါတယ်။ ဆက်လက်ပြီး Pat Jasan အဖွဲ့နဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် နယ်မြေခံစစ်ဌာနချုပ်တိုင်းမှူးတို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဆွေးနွေးခဲ့တဲ့အခါမှာ ဝန်ကြီးချုပ်က Pat Jasan အဖွဲ့ရဲ့ တရားဥပဒေမဲ့လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူလူထုမှ လုံးဝလက်မခံနိုင်ကာ ၎င်းအဖွဲ့အား ဆဒုံးဒေသ သို့ ဝင်ရောက်ခွင့်ပြုပါက ပြဿနာကြီးထွားလာနိုင်ကြောင်း၊ ၎င်းအဖွဲ့အား ဆက်လက်လုပ်ဆောင်မှု မရှိနိုင်စေရေးအတွက် ဦးဆောင်သူများ နားလည်အောင် ရှင်းလင်းဆွေးနွေးပြီး တပ်၊ ရဲဌာနဆိုင်ရာ၊ နယ်မြေခံလူထုပါ ပါဝင်ဖျက်ဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တိုင်းမှူးမှ လည်း Pat Jasan ဘိန်းတိုက်ဖျက်ရေးလုပ်ငန်းအား တားဆီးခြင်းမဟုတ်ကြောင်း၊ တိုင်းရင်းသား အချင်းချင်း မလိုလားအပ်သောပြဿနာများ မဖြစ်ပွားစေရေးအတွက် ဆဒုံး၊ ကန်ပိုက်တီး ဒေသမှာ ဘိန်းစိုက်ပျိုးမှုလုံးဝမရှိစေရေး၊ တပ်မှ နယ်မြေခံပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ တပ်မတော်ဟာ ဘိန်းခင်းဖျက်ဆီးရေးမှာ လူထုအခြေပြု မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးအဖွဲ့နှင့် ပထမအကြိမ် လိုက်ပါကူညီဆောင်ရွက်စဉ်မှာပဲ စိုက်ခင်း ပိုင်ရှင်များက တိုက်ခိုက်သဖြင့် ပြဿနာမဖြစ်ပွားစေဖို့အတွက် ပါလာတဲ့အစိုးရအဖွဲ့ဝင်တွေက ရွာသူရွာသားတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ Pat Jasan အဖွဲ့ဟာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့ အတွက် လက်မခံနိုင်ဘဲ အစိုးရမှလာဖျက်လျှင် လက်ခံနိုင်ကြောင်း၊ အခုအချိန်မှာ စိုက်ပျိုးရာသီကုန်ဆုံး မည်ဖြစ်၍ အစိုးရနှင့် တပ်မတော် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါ တယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးစိုးဌေး (ကော့ကရိတ် မဲဆန္ဒနယ်)။               ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို နိုင်ငံတော်အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့တို့ပူးပေါင်းပြီး ဆောင်ရွက်နေသော်လည်း ကုလသမဂ္ဂရဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံစာရင်းမှာ ပါနေဆဲဖြစ်ပါတယ်။ မူးယစ်ရာဇဝတ် ဂိုဏ်းများဟာ ဘိန်းကထုတ်လုပ်တဲ့ ဘိန်းဖြူများကို ပြည်ပသို့တင်ပို့ပြီးတော့ စိတ်ကြွဆေးထုတ်လုပ်နိုင်တဲ့ ဓာတုဆေးများကို ပြည်တွင်းသို့ပြန်လည် တင်သွင်း ကာ စိတ်ကြွရူးသွပ်ဆေးများကို ထုတ်လုပ်ပြီး ဒေသတွင်းနိုင်ငံများသို့ ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းမှ အမြတ် အစွန်းများစွာရရှိနေကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၀၆ ခုနှစ်ကထက် နှစ်ဆတိုးလာပြီးတော့ ဟက်တာပေါင်း ၅၇၀၀၀ ကျော် ရှိလာနေပြီးဖြစ်ပါတယ်။ နှစ်စဉ် ဧရိယာ ၁၀ ရာခိုင်နှုန်းကျော် ဧရိယာတိုးချဲ့စိုက်ပျိုးခြင်း၊ အထွက်နှုန်း တိုးလာခြင်းကို ကုလသမဂ္ဂ UNDOC စာရင်းများအရ သိရှိရပါတယ်။ မူးယစ်ဆေးဝါး လုပ်ငန်းကနေ အကျိုးအမြတ် ကြီးမားစွာရနေတဲ့ မူးယစ် ရာဇဝတ်ဂိုဏ်းများဟာ ဘိန်းစိုက်ပျိုးတောင်သူများကို အရင်းအနှီး ထုတ်ပေးခြင်းနဲ့ လုံခြုံရေးအကာအကွယ် ပေးခြင်းများ ပြုလုပ်ပေးကြောင်း သိရပါတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူထုတ်လုပ်မှုမရှိသော်လည်း WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချ နေတာကြောင့် ကချင်ပြည်နယ်မှာ နေထိုင်တဲ့မိဘဖြစ်သူများ ၎င်းတို့သားသမီးများ စိတ်ကြွရူးသွပ်ဆေး သုံးစွဲလာမှာကို စိုးရိမ်ကြောင့်ကြနေပါတယ်။ စာသင်ကျောင်းများက ကျောင်းဆရာများကလည်း ၎င်းတို့ရဲ့ တပည့်များ မူးယစ်ဆေးသုံးစွဲကာ ဘဝတက်လမ်းပျက်စီး သွားမှာကို စိုးရိမ်ပူပန်လျက်ရှိကြပါတယ်။ ကရင်ပြည်နယ်မှာနေထိုင်တဲ့ ပြည်သူများက ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမြန်ဆုံးအောင်မြင်စွာ ဆောင်ရွက်ပေးဖို့ လူတွေ့ပြီးတော့ တောင်းဆိုထားပါတယ်။ ကျွန်တော်တို့နယ်မြေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို တာဝန်သိပြည်သူတစ်ဦးချင်းက မိမိသဘော အလျောက် ဆောင်ရွက်နေကြသော်လည်း မူးယစ်ရာဇဝတ် ဂိုဏ်းများရဲ့အန္တရာယ်ကို ကြောက်ရွံ့တဲ့ အတွက်ကြောင့် ပွင့်လင်းစွာ ဆောင်ရွက်နိုင်ခြင်းမရှိတာကို သတိပြု မိပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးရဲ့ ကချင်ပြည်နယ်မှာတော့ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တွေ ဖွဲ့စည်းပြီးအစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများမှာ ပူးပေါင်း ဆောင်ရွက်ကြိုးပမ်းနေ တဲ့သတင်းကို ကြားသိရတဲ့အတွက်ကြောင့် အထူးပဲဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့ကရင် ပြည်နယ်မှာလည်း အလားတူလူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံတော် အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းကူညီဆောင်ရွက် သွားဖို့ ပြည်သူများကဆန္ဒရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုနဲ့ နိုင်ငံတော်အစိုးရပူးပေါင်း ဆောင်ရွက်ပြီး မူးယစ်ကင်းစင်တဲ့ ပြည်‌ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်လာရေးအတွက် ဝိုင်းမော်မြို့နယ်မှ ဦးလဂန်ဇယ်ဂျုံးရဲ့ အရေးကြီးအဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်ခင်ဗျား။

ဦးသိန်းတန် (လှည်းကူး မဲဆန္ဒနယ်)။               ။ ကချင်ပြည်နယ် ဝိုင်းမော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးရဲ့ အရေးကြီး အဆိုကို စိစစ်ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အချိန်ကန့်သတ်ချက်ရှိတဲ့အတွက် အဆိုထဲကအချက်တချို့ကို ထုတ်နုတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးအဆိုထဲမှာ ၂၀၁၄ ခုနှစ်ကစပြီး လူငယ်များပါဝင်တဲ့ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဟာ မူးယစ် ဆေးစွဲသူတွေကို ဆေးပြတ်သွားအောင် ဆောင်ရွက်ပေးပြီး လူကောင်းသူကောင်းဖြစ်အောင် သွန်သင် သွားခြင်း၊ မူးယစ်ဆေးဝါးရောင်းချသူများကို ဖမ်းဆီးပြီး သက်ဆိုင်ရာ သို့ပို့ဆောင်ပေးခြင်း၊ ဒေသခံဘိန်း စိုက်ပျိုးသူများကို ဆွေးနွေးပညာပေးပြီး ၎င်းတို့ရဲ့ သဘောတူညီချက်နဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးခဲ့ ကြောင်း သိရှိခဲ့ရပါတယ်။ ယခုလို လူငယ်တွေပါဝင်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဟာ ဥပဒေဘောင်အတွင်းက အမျိုးသားရေးစိတ်ဓာတ်နှင့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ခြင်းဟာ ထူးခြားတဲ့ လူမှုရေးအကျိုးပြုလုပ်ငန်းဖြစ်တဲ့အတွက် ဂုဏ်ယူအားပေးရမှာ ဖြစ်ပါ တယ်။

ဆက်လက်ပြီး ကျွန်တော်ဆွေးနွေးလိုတာက လူထုအွခေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ ဘိန်းခင်းဧက ၄၀ ကျော်ဖျက်ဆီးနိုင်တဲ့အကြောင်း၊ ယခုနှစ်မှာ ဘိန်းခင်း ၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ခြင်းနှင့် ကျန်ဘိန်းခင်းဧက ၁၀၀၀၀ ကျော် ဖျက်ဆီးနိုင်ဖို့အတွက် အချိန်မီသွားရောက် ဖျက်ဆီးနိုင်ရန် အတားအဆီးအဟန့်အတားများ အားလုံးကိုရုပ်သိမ်းပြီး ၎င်းတို့အား ထိရောက်သော ကူညီပံ့ပိုးမှုပေးနိုင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးရပြီး မကြာခင်မှာ ပေါ်ပေါက်လာပြီးတာနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ဟာလည်း ပြည်တွင်းစစ်နှင့်အတူ ပေါက်ဖွားလာတဲ့ ဖွားဖက်တော်လို့ ယူဆရင်မှားမယ်မထင်ပါဘူး။ နောက်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းခန့်သော ပြည်သူများဟာ နှစ်ပေါင်းများစွာဆင်းရဲမှုဒဏ်ကို ယခုတိုင်ခံစားနေရပါတယ်။ ဒီလိုဆင်းရဲနွမ်းပါးကြတဲ့ ပြည်သူများဟာစားဝတ်နေရေး၊ ဘဝရပ်တည်ရေးအတွက် နိုင်ငံတော်အစိုးရက ဥပဒေနှင့်တားမြစ်ထားတဲ့ လုပ်ငန်းများကို သိလျက်နဲ့သော်လည်းကောင်း၊ မသိ၍သော်လည်းကောင်း ကျူးလွန်ပြီးလုပ်ကိုင် စားသောက်နေရတာကို တွေ့မြင်နိုင်ပါတယ်။ ဒီထဲမှာ ဘိန်းစိုက်ပျိုးရေးလည်း အဓိကပါဝင်ပါတယ်။ ဒေသခံ တိုင်းရင်းသားပြည်သူများဟာ ဘဝရပ်တည်နိုင်ရေးအတွက် ဘိန်းကိုမိရိုးဖလာလုပ်ငန်းကဲ့သို့ နှစ်ပေါင်းကြာမြင့်စွာ လုပ်ကိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဘိန်းခင်းကို ဖျက်ဆီးလိုက်မယ်ဆိုရင် သူတို့မည်သို့ နေထိုင်စားသောက်ကြမလဲ။ ဘိန်းအစားထိုးစိုက်ပျိုးဖို့ စီမံကိန်းအဆင်သင့်ရှိပြီလား။ အခြားလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်းများရော ပေါ်ပေါက်နေပြီလားဆိုတဲ့မေးခွန်းကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

ယခုအချိန်ဟာ အစိုးရအဟောင်းနဲ့ အစိုးရအသစ် အကူးအပြောင်းကာလ ဖြစ်ပါတယ်။ အစိုးရအသစ် အနေနဲ့ စေ့စပ်ညှိနှိုင်းရေး၊ ရင်ကြားစေ့ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသလို ပြည်တွင်းငြိမ်းချမ်းရေး ကိုလည်း အဓိကဖော်ဆောင်သွားနေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအင်အားနဲ့ အစိုးရအကူအညီ ပူးပေါင်းပြီး ဘိန်းခင်းဧကတစ်သောင်းကျော် ဖျက်ဆီးမယ့်ကိစ္စမှာ တစ်ဖက်ကဘဝရပ်တည်ရေး အတွက် မဖြစ်မနေလုပ်ကိုင်စားသောက်နေရတဲ့ ဘိန်းစိုက်ပျိုးသူတွေဟာ ကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ဘိန်းစိုက်ပျိုးရေးလုပ်ငန်းကို အကာအကွယ်ပြုပြီးတော့ နေထိုင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တွေကလည်း ကျွန်တော်တို့ တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ အခြား တစ်ဖက်ကလည်း တိုင်းရင်းသားငွေရှင်ကြေးရှင်များနဲ့ တိုင်းရင်းသာမဟုတ်သူ စီးပွားရေးလုပ်ငန်းရှင်များ ရှိနေတဲ့အတွက် ဒီဖျက်ဆီးရေးလုပ်ငန်းကို သတိကြီးစွာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အယူအဆကို လွတ်လပ်စွာတင်ပြရမယ်ဆိုရင် ပြည်သူ လူထုတစ်ရပ်လုံး မျှော်လင့်တောင့်တလျက်ရှိနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လို့ရှိရင် ကျွဲကူးရာရေပါစေလို မူးယစ်ဆေးဝါးအန္တရာယ်ကိုလည်း ပပျောက်သွားမယ်လို့ ယုံကြည်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ဦးလဂန်ဇယ်ဂျုံးရဲ့ အဆိုထဲက ဘိန်းခင်း ဖျက်ဆီးရေးကို နှိုင်းနှိုင်းချိန်ချိန်လုပ်ကိုင်နိုင်ရန်အတွက် အကြံပြုချက်နဲ့အတူ ထောက်ခံဆွေးနွေး အပ်ပါ တယ်ခင်ဗျား။

ဦးလွင်ကိုလတ် (သန်လျင် မဲဆန္ဒနယ်)။            ။  မျက်မှောက်ကာလမှာ မူးယစ်ဆေးဝါးတိုက် ဖျက်နှိမ်နင်း ရေး ကိစ္စဟာ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ Global Issue ဖြစ်လာပါတယ်။ မူးယစ်အန္တရာယ်တွေကို တိုက်ဖျက် နှိမ်နင်းရေးနယ်ပယ်တွေကတော့ စိုက်ပျိုး ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဖြန့်ချိမှုနဲ့ သုံးစွဲမှုတို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ကျွန်တော်တို့ ရင်ဆိုင်နေရတာကတော့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အဓိက ကုန်ကြမ်းဖြစ်တဲ့ ဘိန်းစိုက်ခင်းများဖျက်ဆီးရာမှာ ကချင်လူထုက ပါဝင်ဆောင်ရွက်လာတဲ့ အရေးကိစ္စပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီအခြေအနေကို အိုးတွေကမပူလို့ မို့လို့ စလောင်းတွေကပဲ ထပြီးပူရ တယ်လို့ပဲဆိုလိုချင်ပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အာဖဂန် နစ္စတန်ပြီးလို့ရှိရင် ကမ္ဘာမှာဒုတိယဘိန်းစိုက်မှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂရုံး (UNODC)ကထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် စာတမ်းမှာ မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ မြေဧက ၂၁၀၀၀ ဟက်တာကို ဘိန်းစိုက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြေဧက ၅၇၀၀၀ အထိ တိုးမြှင့်ပြီးစိုက်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၆ ခုနှစ်မှာလည်းပဲ ဘိန်းတန်ချိန် ၃၄၀ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဘိန်းတန်ချိန် ၆၇၀ တိုးမြှင့်ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တစ်နှစ်ထက် တစ်နှစ် လျော့မသွားဘဲ တိုးလာတဲ့မှတ်တမ်းတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ဂုဏ် သိက္ခာကိုအင်မတန်မှ ထိခိုက်စေပါတယ်။ ဒီလိုနာမည်ဆိုးစာရင်းတွေကနေ ပယ်ဖျက်ပြီးတော့ နိုင်ငံ့ဂုဏ်သိက္ခာကို မြင့်အောင် လုပ်ဖို့ဆိုလို့ရှိရင် အခြေခံကျတဲ့ ဘိန်းစိုက်ခင်းတွေဖျက်ဆီးရေး တာဝန်ဟာ အစိုးရရဲ့ အဓိကတာဝန်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ဝိုင်းမော်မြို့နယ်မှာရှိနေတဲ့ ဘိန်းစိုက်ခင်းတွေဟာ အစိုးရရဲ့  ထိန်းချုပ်မှုနယ်မြေထဲမှာ ရှိတယ်လို့ ပြည်တွင်းသတင်းစာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒါဟာ တာဝန်ရှိသူတွေရဲ့ ပေါ့လျော့မှုပဲဖြစ်ပါတယ်။ ကချင်လူထုအခြေပြု မူးယစ်ချေမှုန်းရေးအဖွဲ့တွေဟာ ရိုးရာဓားတွေကို ခါးမှာ ချိတ်ပြီး ဘိန်းခင်းတွေဆီကိုသာ ချီတက်မလာခဲ့ဘူးဆိုရင် ဒီဘိန်းစိုက်ခင်းတွေ အကြောင်း ကျွန်တော်တို့ လွှတ်တော်ထဲမှာ ဆွေးနွေးခွင့်ရခဲ့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ တာဝန်ရှိတဲ့ သူတွေ တာဝန်ပေါ့လျော့ နေတဲ့အချိန်မှာ တာဝန်သိခဲ့တဲ့ ကချင်ပြည်သူလူထုကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြား လိုပါတယ်။ ၂၄ ရက်နေ့ထုတ် သတင်းစာများအရ ကချင်ပြည်နယ် အစိုးရနဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ညှိနှိုင်းမှုပြေလည်ပြီး နေရာခြောက်ခုတွင် အခြေချကာ ကန်ပိုက်တီးဒေသရှိ ဘိန်းခင်းများကို ဖျက်ဆီး မယ်ဆိုတဲ့ သတင်းကိုဖတ်ရတော့ စိုးရိမ်စိတ်တချို့ လျော့ပါးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့မနက်မှာ ကိုယ်စားလှယ်တစ်‌ယောက် တင်ပြသွားခဲ့တဲ့အထဲမှာ မိုင်းပေါက်ကွဲတဲ့အတွက် ဒဏ်ရာတွေ ရတယ်ဆိုတဲ့ သတင်းကိုကြားတော့ စိုးရိမ်မှုကပြန်ပြီးတော့ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဘိန်းခင်းတွေကို လက်တွေ့ဖျက်ဆီးကြတဲ့ အချိန်မှာ ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင် များရဲ့လုံခြုံရေးကို အစိုးရအနေနဲ့ ဦးစားပေး စောင့်ရှောက်ဖို့တိုက်တွန်းလိုပါတယ်။

နောက်ထပ်ဆွေးနွေးလိုတာကတော့ နိုင်ငံသားတွေရဲ့ပူးပေါင်း ဆောင်ရွက်မှုအကြောင်းပဲ ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ပူးပေါင်း ဆောင်ရွက်မှုမပါဝင်ဘူးဆိုလို့ရှိရင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုတာ သမိုင်းသာဓကတွေရှိခဲ့ပါတယ်။ နိုင်ငံသားတွေရဲ့ နိုင်ငံရေးပါဝင်မှုကို တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့တဲ့ အာဏာရှင်အုပ်ချုပ်မှုစနစ်အောက်မှာ နှစ်ပေါင်း ၅၀ ကျော် နေခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေ တွေဟာ အင်မတန်နိမ့်ကျတဲ့ အခြေအနေကို ရင်ဆိုင်ရတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပြီးဖြစ်ပါ တယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်မို့လို့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ခဲ့တဲ့ သမိုင်း သာဓကတွေလည်းရှိခဲ့ပါတယ်။ ကျွန်တော်တို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ တော်လှန်ရေးကာလမှာ တော်လှန်ရေးဆိုတဲ့ စကား၏အဓိပ္ပာယ်ကို အခုလိုဖွင့်ပြပေးခဲ့ပါတယ်။ တော်လှန်ရေးဆိုတာ ပြည်သူလူထုက ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းပေါင်းစုံးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ပြည်သူလူထုဟာ သူကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်လာပြီဆိုရင် တော်လှန်ရေးမုချအောင်မြင် ရမယ်ဆိုတဲ့ ယုံကြည်ချက်လည်း ရှိရပါမယ်။ ထို့အတူပဲ ဘယ်အချိန်မှာ ဘယ်လိုပါရမယ် ဆိုတာကိုလည်းသိရမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို ပြောခဲ့တဲ့အတိုင်းပဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တွေဟာ တော်လှန်ရေးမှာ ပြည်သူတွေနည်းလမ်းပေါင်းစုံနဲ့ ပါဝင်လာအောင် စည်းရုံးနိုင်ခြင်းအားဖြင့် မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့ပါတယ်။

မျက်မှောက်ခေတ်ကာလအခြေအနေကို သုံးသပ်ကြည့်ရင်လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ တက်တက်ကြွကြွနဲ့မဲရုံတွေကို အရောက်လာပြီးမဲပေးခဲ့ကြတယ်။ လူမှုအသင်းအဖွဲ့တွေကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ ပူပေါင်းဆောင်ရွက်ခဲ့ကြပါ တယ်။ လူထုခေါင်းဆောင်ရဲ့ အမှိုက်သန့်ရှင်းရေး စီမံချက်မှာဆိုရင် တစ်နိုင်ငံလုံးဟာ တက်တက်ကြွကြွနဲ့ ပူးပေါင်းဆောင်ရွက်လာပါတယ်။ ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းတွေမှာ ကချင်လူထုက ရှေ့တန်းက ဦးဆောင်ပြီး ပါဝင်လာတာတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ပူးပေါင်း ဆောင်ရွက်မှု အလေ့အထ မှာ နိုင်ငံရေးအကြည်ဓာတ်နှင့်အတူ နိုးထလာခဲ့ပြီဆိုတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်နဲ့ လွှတ်တော်အသီးသီးကနေ ပေါ်ပေါက်လာမယ့်အစိုးရများဟာ ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပြီး နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုအဆင့်အတန်း နှင့်လူ့အခွင့်အရေးညီမျှမှုတွေကို ဆောင်ရွက်ပေးသွားဖို့လိုကြောင်းနှင့် ဆောင်ရွက်သွားမယ်ဆိုတာကို ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြရမယ်ဆိုလိုရှိရင် ခက်ခဲပြီးအန္တရာယ်များတဲ့ ဘိန်းခင်းများဖျက်ဆီးရေး လုပ်ငန်းကို တက်တက်ကြွကြွဦးဆောင်ခဲ့ကြတဲ့ ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကို ထောက်ခံပါ ကြောင်း၊ ခံစားရခက်အသင်းကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ မိခင်(၃၀)ကို ဒီလွှတ်တော် နေရာကနေ ဂုဏ်ပြုပါကြောင်း၊ နိုင်ငံသားပြည်သူတစ်ရပ်လုံးလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးကြရန် လေးလေးစားစား တိုက်တွန်းပါကြောင်းနှင့် အစိုးရအသီးသီးအနေနဲ့လည်း မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းအဆင့်ဆင့်မှာ ပြည်သူလူထု စနစ်တကျပါဝင်လာအောင် ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်း လေးလေးနက်နက် တိုက်တွန်းရင်း ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးရဲ့ အဆိုကို ထောက်ခံကြောင်း တင်ပြရင်းနိဂုံးချုပ်ပါတယ်။

ဦးသန့်ဇင်ထွန်း(ဒက္ခိဏသီရိမဲဆန္ဒနယ်)။   ။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို သိသိသာသာ ထိခိုက်မှုရှိစေတဲ့ မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ တစ်ဆင့်ဖြန့်ချိတဲ့နိုင်ငံ စာရင်းမှာ ထည့်သွင်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့စံချိန်တင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အပါအဝင် နိုင်ငံအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးသိမ်းဆည်းရမှုသတင်းတွေကို မကြာခဏကြားသိနေရ ပါတယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပစ္စုပ္ပန်အတွက်သာမကဘဲ အနာဂတ်အတွက်ပါ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ လူငယ်တွေကို ဖျက်ဆီးနေတဲ့ကိစ္စဖြစ်သလို အဲဒီလူငယ်တွေအတွက်လည်း လူကြီးမိဘတွေက စိုးရိမ်ပူပန်သောကတွေ ရောက်ရှိနေရပါတယ်။ ကျွန်တော့်မဲဆန္ဒနယ်မြေ ဖြစ်တဲ့ ဒက္ခိဏသီရိမြို့နယ်မှာလည်း မူးယစ်ဆေးဝါးအန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။

မူးယစ်ဆေးဝါးကိစ္စများဟာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့နဲ့လည်း ဆက်စပ်နေပါတယ်။ ဘိန်းစိုက်တောင်သူတွေ ရှိနေခြင်းဟာလည်း မြေသိမ်း၊ ယာသိမ်းကိစ္စများ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနှင့် ဒေသဆိုင်ရာတောင်ယာ ထွက်ကုန်တွေရဲ့ဈေးကွက်တို့နဲ့လည်း ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ ၂၉-၅-၂၀၁၅ ရက်နေ့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူးအစည်းအဝေး(၂/၂၀၁၅)ကို ကျင်းပခဲ့ ကြောင်း၊ အဲဒီအစည်းအဝေးမှာ လူထုလှုပ်ရှားမှုအသွင်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးစီမံ ချက်(ယင်းမာ)ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ တစ်လကြိုတင်ဆောင်ရွက်လျက်ရှိ ကြောင်း လုပ်ငန်းအဖွဲ့များအားလုံးကိုလည်း အဆင့်ဆင့်သောဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များနဲ့ အစိုးရမဟုတ်သောအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများအား သတင်းမီဒီယာများ၊ Social မီဒီယာများနှင့်ပူးပေါင်း၍ လုပ်ငန်းအဖွဲ့များအလိုက် စီမံချက်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်မြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း၊ ယခုစီမံချက်ပြီးဆုံးပါက အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်၍ အလားတူ စီမံချက်များ စဉ်ဆက်မပြတ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း စသည်တို့ကိုဆွေးနွေးခဲ့ တယ်ဆိုတဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်း(Website)မှာ ဖတ်ရှုသိရှိခဲ့ရပါတယ်။ အလားတူပဲ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့၊ ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့၊ ဘာသာရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်များကို ကိုယ်စား ပြုသူများနှင့် အတွင်းရေးမှူးတာဝန်ထမ်းဆောင်မယ့် အများဆန္ဒနဲ့ ရွေးချယ်တဲ့သူတစ်ဦးပါဝင်တဲ့ ရပ်ကွက်/ ကျေးရွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့များကို ဖွဲ့စည်းထားကြောင်းလည်း သိရှိရပါတယ်။

အထက်ဖော်ပြပါကဲ့သို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် လူထုလူတန်းစားအလွှာအသီးသီးမှ ပြည်သူများ ကိုပါဝင်ခွင့်ပြုထားပြီး လူထုလှုပ်ရှားမှုအသွင်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးစီမံချက်များကို ဆောင်ရွက်ခဲ့ဖူးပြီးဖြစ်သော်လည်း ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ရဲ့ ကန်ပိုက်တီးဒေသရှိ ဘိန်းခင်းများ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တားဆီးပိတ်ဆို့ဟန့်တားနှောင့်ယှက်မှုများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ကြားသိနေရပါတယ်။ ထိုကဲ့သို့ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့(ဘိန်းအဖွဲ့)ရဲ့ ဘိန်းခင်းများတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေနဲ့လည်းကောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအောက်မှာ ဖွဲ့စည်းထားတဲ့ အဆင့်ဆင့်သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့များအနေဖြင့်လည်းကောင်း ဦးဆောင်၍ ဖြစ်စေ၊ အကူအညီပေး၍ဖြစ်စေ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ကာလရှည်ကြာနေပြီဖြစ်တဲ့ ဆင်းရဲမွဲတေမှုရဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ရင်၊ ကျေးလက်စားနပ်ရိက္ခာ မလုံလောက်မှုကိုလျှော့ချပေးနိုင်ရင်၊ လက်နက်ကိုင်ပဋိပက္ခတွေ လျော့ပါး ချုပ်ငြိမ်းသွားအောင် လုပ်ဆောင်ပေးနိုင်ရင် ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းခင်းတွေဆီမသွားအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီးတော့လည်း ဘိန်းစိုက် တောင်သူတွေရဲ့ စားဝတ်နေရေး ရေရှည်ဖူလုံစေမယ့် အခြားနည်းလမ်းတွေကိုလည်း ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို အလေးထားဆောင်ရွက်ဖို့လိုပါတယ်။ သိမ်းဆည်း ထားသောမြေယာများမှ နိုင်ငံအတွက်မလိုအပ်တဲ့ ယာမြေများကိုလည်း ပြန်လည်စွန့်လွှတ်ဖို့၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးဖို့၊ ဒေသဆိုင်ရာ တောင်ယာထွက်ကုန်သီးနှံများရဲ့ ဈေးကွက်ကို ကာကွယ်မြှင့်တင်ပေးဖို့လည်း လိုအပ်ပါတယ်။ အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင်သာ မကဘဲ ရောင်းဝယ်ဖောက်ကား သုံးစွဲနေမှုများကိုလည်း ထိထိရောက်ရောက် အရေးယူကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ပေးပါရန်တင်ပြရင်း အဆိုရှင်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပြည်သူလူထုပါဝင်မှုအပေါ် ကြိုဆိုထောက်ခံရန် ဟန့်တားနှောင့်ယှက်သူများရဲ့ အန္တရာယ်မှကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများ အမြန်ဆုံးဆောင်ရွက်ပေးရန် အစိုးရသို့တိုက်တွန်းကြောင်းအရေးကြီး အဆိုကို ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။       

ဒေါ်ဇင်မာအောင်(ရန်ကင်း မဲဆန္ဒနယ်)။           ။ ပထမဆုံးအနေနဲ့တော့ ဒီလှုပ်ရှားမှုကိုစတင်ခဲ့တဲ့ မိခင်အမျိုးသမီး ၃၀ ဦးရယ် နောက်ပြီးတော့ လူထုအခြေပြုအသင်းအဖွဲ့တွေနဲ့ ကချင်ပြည်နယ်မှ လူငယ်တွေရဲ့တာဝန်သိစိတ်ကို ပထမဆုံးကျွန်မ ဦးညွှတ်ချင်ပါတယ်။ တကယ်တော့ မူးယစ် ဆေးဝါးပြဿနာဟာ ပြည်နယ်တစ်ခု၊ တိုင်းဒေသတစ်ခုရဲ့ ပြဿနာသာမဟုတ်ဘဲနဲ့ နိုင်ငံတော်အဆင့် အမျိုးသားရေးပြဿနာအဖြစ် ရှုမြင်ခဲ့ကြပြီးဖြစ်ပါတယ်။ အဆိုရှင်ရဲ့ဆွေးနွေးချက်ကို ပြန်ကြည့်မယ်ဆို လို့ရှိရင် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး တွေမှာကတည်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာပြဿနာများနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတာ၊ ကန့်ကွက်သူမရှိ ထောက်ခံဆွေးနွေးခဲ့ကြတာ၊ သက်ဆိုင်ရာက လည်း မည်သို့မည်ပုံဆောင်ရွက် နေပါကြောင်းကို ရှင်းလင်းခဲ့တာတွေကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာကျတော့ အားလုံးတချို့လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြသွားခဲ့တဲ့အတိုင်းပဲ မြန်မာနိုင်ငံ ဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန်ပြီးလို့ရှိရင် ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးနိုင်ငံအဖြစ်နဲ့ ၂၀၁၅ ခုနှစ်အထိ ဖော်ပြခံ နေရတာကို ကျွန်မတို့ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရဆိုလို့ ရှိရင်လည်း နှစ်ကာလအပိုင်း အခြားတစ်ခုမှာ ဘိန်းစိုက်ပျိုးမှုဟာ လျော့ကျခဲ့ပေမယ့် ၂၀၀၆ ခုနှစ်လွန် နောက်ပိုင်းတွေ ကနေစပြီးတော့ စိုက်ပျိုးမှုဟာ နှစ်ဆခန့်မြင့်တက်လာတယ်လို့ သိရပါတယ်။ ဘိန်းစိုက်ပျိုးမှု သာမကဘဲနဲ့ စိတ်ကြွဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေ မြင့်မားလာတာ ကိုလည်း သတင်းမီဒီယာများမှ တစ်ဆင့်ကျွန်မတို့မြင်တွေ့ခဲ့ရပြီး၊ မြင်တွေ့နေရဆဲလည်းဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်မဆွေးနွေးလိုတာက ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးရဲ့ အဓိကသားကောင် ဖြစ်ခဲ့ရသူအများစုဟာ လူငယ်တွေဖြစ်နေတာကို တွေ့ရပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့၊ လူ့အဖွဲ့အစည်း တစ်ခုရဲ့ အနာဂတ်အကောင်းအဆိုးဟာ လူငယ်မျိုးဆက်သစ်တွေကို ဘယ်လောက်အထိ တန်ဖိုးထား ပြုစုပျိုးထောင်ပေးသလဲ။ လူငယ်တွေရဲ့ဘဝတက်လမ်းတွေအတွက် ရွေးချယ်စရာတွေ ဘယ်လောက် များများ ရှိသလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်နေတယ်လို့ ထင်ပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျတဲ့ တောင်ပေါ်ဒေသတွေအပါအဝင် ဒေသအချို့ကိုရောက်တဲ့အခါတိုင်း ကျွန်မစိတ်မသက်မသာနဲ့ သတိထား မိတာ တစ်ခုရှိပါတယ်။ အဲဒီဒေသတွေကို လျှပ်စစ်မီးမရောက်ပါဘူး။ ဒါပေမဲ့ စိတ်ကြွဆေးတွေ ရောက် ပါတယ်။ ဆေးခြောက်၊ ဘိန်းဖြူ၊ အပေါစားအရက်မျိုးစုံ ရောက်ပါတယ်။ အဲဒီဒေသတွေကို စာကြည့်တိုက် တွေ မရောက်ပါဘူး။ စိတ်ကြွဆေးတွေရောက်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ မရောက်ပါဘူး။ စိတ်ကြွဆေးတွေတော့ ရောက်ပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး အစီအစဉ်တွေ မရောက်ပါဘူး။ စိတ်ကြွဆေးတွေ၊ ဆေးခြောက်၊ ဘိန်းဖြူရောက်ပါတယ်။ အဲဒီကနေ တစ်ဆင့် နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာနဲ့လူမှုဘဝဘေးထွက်ဆိုးကျိုးတွေ အကုန်ရောက်ပါတယ်။ အဲဒီလူမှုဘဝ ဆိုးကျိုးတွေဟာ ဘိန်းစိုက်ပျိုးရာ ပြည်နယ်/ဒေသများ သာမကဘဲနဲ့ မြန်မာပြည်တစ်ပြည်လုံး အထိ ခြေဆန့်နေတာကိုလည်း ကျွန်မတို့မြင်တွေ့ခံစားနေကြရပါပြီ။ အရင်ကဆိုလို့ရှိရင် ကျွန်မတို့ ပတ်ဝန်းကျင်မှာ နံပါတ်ဖိုး၊ ဆေးခြောက်၊ စိတ်ကြွဆေးအစရှိတဲ့ မူးယစ်ဆေးစွဲနေတဲ့သူ တွေဆိုတာ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာသာ ပုံပြင်တစ်ခုလိုမြင်တွေ့နေရပြီးတော့ အခုမကြာသေးတဲ့ နှစ်များဆီကစလို့ ကျွန်မတို့ အိမ်နီးနားချင်းတွေ၊ ပတ်ဝန်းကျင်တွေမှာဆိုလို့ရှိရင် မကြာခဏဆိုသလို တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အဖက်ဖက်က ဖွံ့ဖြိုးမှုနောက်ကျနေတဲ့တိုင်းပြည်ကို ကောင်းမွန်သော ပြောင်းလဲ ခြင်းနှင့် တိုးတက်အောင်မြင်ဖို့ရာမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကကျတဲ့ သော့ချက်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မူးယစ်ဆေးဝါးပြဿနာဟာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို ဟန့်တားနေတဲ့စိန်ခေါ်မှုတွေထဲမှာ အကြီးဆုံးစိန်ခေါ်မှုတစ်ခုလို့ ကျွန်မထင်မြင်မိပါတယ်။ ဒါ့ကြောင့်လည်း အဆိုရှင်ဦးလဂန်ဇယ်ဂျုံးကို ထောက်ခံဆွေးနွေး တင်ပြရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲကြေညာစာတမ်းမှာ လူငယ်တွေနဲ့ ပတ်သက်လို့ ဖော်ပြထားတာလေးတစ်ချက်ရှိပါတယ်။ လူငယ်ထုကို အဓိကခြိမ်းခြောက်လျက်ရှိသော မူးယစ်ဆေးဝါးပြဿနာများနဲ့ ကူးစက်ရောဂါများ လျော့ကျစေရန် ကျန်းမာရေးအသိ ပညာမြှင့်တင်ပေး ခြင်းများ ဆောင်ရွက်မည်။ လူငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် အားကစားသိပ္ပံများ ဖွင့်လှစ် ခြင်း၊ အားကစားပြုလုပ်လေ့ကျင့်ရန် အားကစားကွင်းနေရာများ ပြန်လည်ဖော်ထုတ်ပေးခြင်းနှင့် ကျောင်းတွင်း အားကစားလှုပ်ရှားမှုများ မြှင့်တင်ပေးခြင်း အစရှိသောလူငယ်နှင့်အားကစား ကဏ္ဍ မြှင့်တင်ရေးများဆောင်ရွက်ရမည် အစရှိသဖြင့် လူငယ်နှင့်မူးယစ်ဆေးဝါး ပြဿနာကိုလည်း ကျွန်မတို့ ဖော်ပြထားခဲ့ပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပေးခဲ့ပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတွင် လူထုမှပူးပေါင်းပါဝင်စေရေး နိုင်ငံတော်မှမူဝါဒများချမှတ်ပြီးကြောင်း အဆိုတွေ၊ ပြန်လည် ဆွေးနွေးမှုတွေရှိပြီဆိုသော်ငြားလည်း ယခုထက်တိုင်ထုတ်လုပ်မှု၊ သုံးစွဲမှုမလျော့ကျနိုင်သေးတဲ့ အခြေအနေကိုကြည့်ရတာ ဘာများလွဲမှားနေပါသလဲ။ အကြီးအကျယ်လွဲမှားမှုတစ်ခုတော့ ရှိနေပြီလို့ ကျွန်မ ထင်မြင်မိပါတယ်။ ဒါကြောင့်မို့လို့ ဒီတစ်ကြိမ်မှာတော့ ပြဿနာတွေကိုဖြေရှင်းတဲ့ အခါမှာ အနာ တခြား၊ ဆေးတခြားမဖြစ်ဖို့လည်းလိုအပ်ကြောင်း အရေးတကြီးကျွန်မတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ အဆိုရှင် ဦးလဂန်ဇယ်ဂျုံးရဲ့အဆိုကို တရားဥပဒေစိုးမိုးမှုဆိုင်ရာ၊ အုပ်ချုပ်မှုရေးဆိုင်ရာ အလွဲအမှားများ ကနေပြီးတော့လည်း ပြန်လည်တည့်မတ်ရင်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ခြင်းအားဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အကြံပြုတင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဦးစိုင်းငေါင်းဆိုင်ဟိန်း(မောက်မယ်မဲဆန္ဒယ်)။           ။

ယနေ့မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ်မှု၊ သုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု ပြဿနာများဟာ ကျွန်တော်တို့နိုင်ငံသာမက ကမ္ဘာ့ဖွံ့ဖြိုးစနိုင်ငံများအတွက်ပါ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်ကြုံတွေ့ နေကြရတဲ့ လတ်တလောကိစ္စများပဲဖြစ်ပါတယ်။ အကြောင်းရင်းခံကတော့ ဆင်းရဲမွဲတေခြင်း၊ ဖွံ့ဖြိုးတိုး တက်မှုနှောင့်နှေးခြင်း၊ ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း စတဲ့အကြောင်းပြချက် များ ဟာမူးယစ်ဆေးဝါးစိုက်ပျိုးလုပ်ကိုင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်းစတဲ့ ပြဿနာရပ်များကို မွေးဖွားပေးခဲ့တာပဲဖြစ်ပါတယ်။ ယခုအခါ ဘိန်းစိုက်ပျိုး ထုတ်လုပ်ရောင်းချခြင်းများကို ဥပဒေများတိကျစွာ ပြဋ္ဌာန်းပြီး အရေးယူဆောင်ရွက်မှုများ ရှိနေသော်လည်း မိမိတို့ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်တတ်သူများ၊ ငွေကြေးရလွယ်၍ အပိုဝင်ငွေများရရှိအောင် ဆောင်ရွက်လိုကြသူများ၊ အခြားသီးနှံများ စိုက်ပျိုး၍ အခြေအနေမပေးသော ဘိန်းကိုသာ ဦးစားပေးစိုက်ပျိုးလိုသူများဟာ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ ကျွန်တော်ကိုယ်တိုင် မဖွံ့ဖြိုးသေးတဲ့ဒေသမှာ တာဝန်ထမ်းဆောင် ခဲ့ဖူးတဲ့အတွက် ဘိန်းစိုက်တောင်သူများရဲ့ဘဝကို ပိုမိုသိရှိနားလည်ခွင့် ရရှိခဲ့ပါတယ်။ ဘိန်းစိုက်တောင်သူ အများစုဟာ ဝေးလံခေါင်သီခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းကိုအကြောင်းပြုပြီး နှစ်စဉ်နှစ်တိုင်း ဘိန်းစိုက်ပျိုးမှုသံသရာထဲမှာပဲ လည်နေကြရခြင်းဖြစ်ပါတယ်။ ဝမ်းစာဖူလုံမှုအဆင့်ထိသာရရှိကြပြီး ချမ်းသာနိုင် လောက်တဲ့ အတိုင်းအတာထိ မရရှိနိုင်ကြပါဘူး။ ဒါကို စီးပွားရေးအကွက်မြင်တဲ့ လုပ်ငန်းရှင်ကြီးတွေက ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင် လာကြခြင်းဖြစ်ပါတယ်။ ပေါက်ပြားနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာကနေ ခေတ်မီစက်ကိရိယာတွေနဲ့ ထွန်းယက် စိုက်ပျိုးလာကြတယ်။ အဆင့်မီပေါင်းသတ်ဆေး၊ ဟော်မုန်းအားတိုးဆေး၊ မြေသြဇာတွေနဲ့တိုးချဲ့လုပ် ကိုင်လာရာကနေ ကြီးမားကျယ်ပြန့်တဲ့ ရပ်ဝန်းတစ်ခုအဖြစ် ရောက်ရှိခဲ့ကြခြင်းဖြစ်ပါတယ်။ တချို့နေရာမှာဆိုရင် ဒေသခံတွေထက် ရပ်ဝေးကလာ ရောက်လုပ်ကိုင်ကြတာကို ပိုမိုတွေ့ရှိရပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ယနေ့ လက်ရှိအချိန်ထိ နည်းမျိုးစုံနဲ့ တိုးတက်ပြန့်ပွားထွန်းကားနေတဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ကိုယ်တိုင်သုံးစွဲမှုတွေကို အမြစ်ပြတ်တွန်းလှန်ဖို့ ဆိုတာ ဘိန်းခင်းတွေ ကိုဖျက်ဆီးပစ်ရုံမျှနဲ့ ကျွန်တော်တို့အောင်မြင်နိုင်မလား။ နိုင်ငံတစ်ဝန်းဆောင်ရွက် နေတဲ့ အစားထိုး သီးနှံတွေ ဘယ်အတိုင်းအတာထိ ထပ်မံတိုးချဲ့သင့်ပါသလဲ။ ဘိန်းစိုက်တောင်သူတွေရဲ့ လူမှုစီးပွားဘဝ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကို ဘယ်အတိုင်းအတာထိ ကျွန်တော်တို့ ဆောင်ရွက်ပေး နိုင်မလဲ။ လောလောဆယ်ဆယ်ရင်ဆိုင် ကြုံတွေ့နေရတဲ့ စားဝတ်နေရေးပြဿနာတွေကို ဘယ်လိုကူညီ ဖြေရှင်း ပေးနိုင်မလဲစသည်ဖြင့် ပံ့ပိုးမှုပေါင်းများစွာကို ကျွန်တော်တို့ ပါဝင်ထည့်တွက်စဉ်းစား ဆောင်ရွက် ပေးကြမှာဖြစ်ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးတွေ၊ စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့လည်း ကိုက်ညီဖို့လိုအပ်မယ်လို့ ထင်ပါ တယ်။ နောက်ဆုံးအကြံပြုချက်အနေနဲ့ နေရာတစ်ခု၊ ဒေသတစ်ခုကို ဦးတည်ဆောင်ရွက်ခြင်းမျိုး မဖြစ်စေဘဲ တစ်နိုင်ငံလုံးအတိုင်းအတာထိ လုပ်ဆောင်သွားနိုင်မယ့် ရည်မှန်းချက်၊ ဦးတည်ချက်နဲ့ ဘက်စုံ ထောင့်စုံကောင်းမွန်တဲ့ မူဝါဒလုပ်ငန်းစဉ်များကို လက်ရှိအစိုးရလက်ထက်မှာရော၊ နောင်တက်လာမယ့် အစိုးရသစ်အဖွဲ့ကပါ ချမှတ်ဆောင်ရွက်သွားဖို့ အထူးပဲလိုအပ်မှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက် ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ ဒေသအသီးသီးရှိ တိုင်းရင်းသားပြည်သူများအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး မလိုလားအပ်သော လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေးပဋိပက္ခနှင့် ဒေသခံတိုင်းရင်းသားပြည်သူများရဲ့ အခက်အခဲ၊ အကြပ်အတည်း ရောက်၍ ဒုက္ခဖြစ်စေမယ့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ရှောင်ရှားပြီး ဥပဒေဘောင်အတွင်း၌သာ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ဒေသ ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းခွင့်ပြု ချက်ရရှိပြီးမှသာ ဆက်လက်ဆောင်ရွက် သင့်ပါတယ်။ မိမိတို့အနေဖြင့် ယခုကဲ့သို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နေသည့်ကာလအတွင်း မလိုလားအပ်သော ပဋိပက္ခများမဖြစ်ပေါ်စေရေးအတွက် အထူး ဂရုပြု၍ဆောင်ရွက်သွားသင့်ပါကြောင်း နိဂုံးချုပ်တင်ပြအပ်ပါတယ်ခင်ဗျား။

ဦးစိုင်းသန့်ဇင် (သီပေါမဲဆန္ဒနယ်)။         ။ မူးယစ် ဆေးဝါးတိုက်ဖျက်နှိမ်နင်းရာမှာ အစိုးရအဖွဲ့ အစည်းနဲ့သာ တိုက်ဖျက်နှိမ်နင်းရန်မလွယ်ကူဘဲ ပြည်သူ့အားဖြင့်ဝိုင်းဝန်းမှသာ တိုက်ဖျက်နိုင်မယ်ဆို တာကို အစိုးရပိုင်းကလည်း သိရှိနားလည် သဘောပေါက်ထားပြီး သားဖြစ်ပါတယ်။ မှန်လည်း မှန်ကန်ပါတယ်။ နိုင်ငံရဲ့အရေး အရာကိစ္စတော်တော် များများဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကသာ ထိရောက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီးတော့ တင်ပြရမယ်ဆိုလို့ရှိရင် ကျွန်တော့်မဲဆန္ဒနယ် သီပေါမြို့နယ်မှာရှိတဲ့ နမ့်လန့်ဒေသဟာ အတော်ဆိုးရွားဖြစ်ပေါ်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဒေသခံလူငယ်အဖွဲ့အစည်း တွေက ဝိုင်းဝန်းဖမ်းဆီးပြီးတော့ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာပုဂ္ဂိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ သော်လည်းပဲ ဌာနဆိုင်ရာများရဲ့ ပူးပေါင်းဆောင် ရွက်မှုအားနည်းနေသေးတာကိုလည်း တွေ့ရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ဖမ်းဆီးခဲ့ရာမှာ ၁၁ ဦးဖမ်းမိခဲ့ပါတယ်။ ဒါတွေကို ဌာနဆိုင်ရာ တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အရေးယူနိုင်မှုမရှိတာကို တွေ့ရပါတယ်။

ဒါ့အပြင် အရင်ပူးပေါင်းဆောင်ရွက်မှုလုပ်စဉ်က ဖမ်းဆီးခဲ့တဲ့လေးယောက်ကို အရေးမယူဘဲ ပြန်လည် လွှတ်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒေသခံလူငယ်တွေရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်မှုမှာ  မချင့်မရဲဖြစ် နေကြပါတယ်။ ဌာနဆိုင်ရာပိုင်းကိုလည်း ယုံကြည်မှု၊ အားနည်းမှု ဖြစ်နေကြပါတယ်။ ယခုတင်ပြလာတဲ့ ကိစ္စကို လေ့လာကြည့်မယ်ဆိုရင်လည်း ဒီမူးယစ်ဆေးရဲ့ဒုက္ခကို ကိုယ်တိုင်ကိုယ်ကျခံစား သိရှိခဲ့ကြတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိခင်အမျိုးသမီး ၃၀ ဦးက စတင်ဖွဲ့စည်းခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ပြည်သူလူထုတွေကိုယ်တိုင် ပါဝင်လုပ်ဆောင်လာခဲ့တဲ့ လှုပ်ရှားမှုကြီးပဲဖြစ်ပါတယ်။ အတော်လေးကိုပဲ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကချင်ပြည်နယ် ပြည်သူလူထုရဲ့ နိုးကြား တက်ကြွမှုကိုလည်း အသိအမှတ်ပြုကြရမှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးမှာ ပြည်သူ လူထုရဲ့ပူးပေါင်းပါဝင်မှုကို ကျွန်တော်တို့ ကြိုဆိုထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်။

အဆိုရှင်က အရေးတကြီးအဆိုအဖြစ်တင်ပြရာမှာ ယခုကိစ္စဟာ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းသူတွေနဲ့ မူးယစ်ဆေးဝါးစိုက်ပျိုးသူတွေအကြား ထိပ်တိုက်တွေ့နေကြတဲ့အခြေအနေ ဖြစ်ပါတယ်။ ပြည်သူလူထုက နိုးကြားတက်ကြွစွာ လုပ်ဆောင်ခဲ့တယ်ဆိုသော်လည်း အခက်အခဲများ၊ အဟန့်အတားများ များစွာကို ကျော်ဖြတ်လှုပ်ရှားခဲ့ကြရတာဖြစ်ပါတယ်။ ဒေသလုပ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရကြောင်းကိုလည်း သိရှိရပါတယ်။ စီးပွားဖြစ်အများအပြား စိုက်ပျိုးထားတဲ့ဒေသကို သွားတဲ့လမ်းမှာလည်း လက်နက်မျိုးစုံကိုင်ဆောင်ထားတဲ့ လူအင်အား ၁၀၀၀ ကျော်ခန့်ရှိတဲ့ လူတစ်စုကပိတ်ဆို့ စောင့်ဆိုင်းနေတဲ့အတွက် အင်မတန်ကိုစိုးရိမ်ရတဲ့ အခြေအနေ၊ ထိခိုက်ရှုပ်ထွေးလာနိုင်တဲ့အခြေအနေ တစ်ခုလည်းဖြစ်ပါတယ်။ ဟန့်တားနှောင့်ယှက် သူများ ဆိုတဲ့နေရာမှာ ဘိန်းခင်းပိုင်ရှင်တွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ အကျိုးတူစီးပွားတူပုဂ္ဂိုလ်တွေက အဓိက ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီအချိန်က ဘိန်းစေးခြစ်ချိန်နဲ့ နီးကပ်နေတဲ့အချိန်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့်မို့လို့ အကျိုးအမြတ်ရချိန်နီးကာမှ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းတဲ့အဖွဲ့တွေ ဖျက်ဆီးပစ်ကြတော့မယ့်အရေးကို မူးယစ်ဆေးဝါးကြောင့် အကျိုးဖြစ်နေသူတွေ ဆုံးရှုံးနစ်နာကြတော့ မှာကို အပြင်းအထန်ခုခံနေကြတာဖြစ်ပါတယ်။ တန်ပြန်တားဆီးမယ့်သူတွေဘက်ကလည်း အင်အား မသေးတဲ့အတွက် ဒီမူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရာမှာ ပူးပေါင်းပါဝင်လာကြတဲ့ ပြည်သူလူထုကို အဟန့်အတားပြုတဲ့ဘက်က အန္တရာယ်မပေးနိုင်အောင် အစိုးရဘက်က အကောင်းဆုံးစီမံအကာအကွယ် ပေးသင့်ပါတယ်။ အဆိုရှင်တင်ပြခဲ့သလို အရေးတကြီး၊ သတိရှိရှိ၊ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးရမယ့် အခြေအနေလည်း ဖြစ်ပါ တယ်။

လက်ရှိမှာ ဝိုင်းမော်မြို့နယ်အတွင်း သက်ဆိုင်ရာတွေနဲ့အစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့၊ တပ်မတော်တို့အကူအညီနဲ့ ဖျက်ဆီးနေသော်လည်း အနည်းငယ်မျှသာ ဖျက်ဆီးနိုင်တဲ့အတွက်ကြောင့်မို့လို့ သိပ်မထိရောက်နိုင်မှန်း သိတဲ့ ပြည်သူလူလုက အားမလိုအားမရဖြစ်ပြီး ပါဝင်ဆောင်ရွက် လိုခြင်းဖြစ်တယ်ဆိုတာကို လေ့လာ သိရှိရပါတယ်။ ဒီနေရာမှာအဆိုရှင်ရဲ့ တင်ပြဆွေးနွေးချက်အရ ဘိန်းစိုက်ပျိုးသူတွေဘက်က ကိုယ်စားလှယ်စေလွှတ်ပြီး အစိုးရအစီအစဉ်နဲ့ ဖျက်ဆီးမယ်ဆိုရင် လက်ခံနိုင်တဲ့အကြောင်း တင်ပြ ဆွေးနွေးသွားတာကို ကြားသိရပါတယ်။ ဒီနေရာမှာ အဆိုရှင်ရဲ့တင်ပြချက်အရ အဆိုပါဘိန်းစိုက်သူ များဟာ တစ်ဖက်နိုင်ငံသားများက လက်ဝါးကြီးအုပ်စီးပွားဖြစ် လုပ်ကိုင်နေတာကိုတွေ့ရလို့ နိုင်ငံတော်ရဲ့ အချုပ်အခြာနှင့်ပတ်သက်၍လည်း ပုံရိပ်ကျဆင်းရပါတယ်ဆိုတဲ့ အကြောင်းကိုလည်း ဆွေးနွေးတင်ပြ သွားတာကို ကြားလိုက်ရပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စနှင့်ပတ်သက်ပြီး အစိုးရဘက်ပိုင်းကနေပြီးတော့ ပြည်သူလူထုရဲ့ တက်ကြွစွာပါဝင်လာမှုကို ကူညီပေးသင့်ပါကြောင်း တင်ပြဆွေးနွေးလိုပါတယ်။ ဒါကို အစိုးရဘက်က အခွင့်အရေးတစ်ရပ်အနေနဲ့ ပါဝင်ကူညီဆောင်ရွက် ပေးလိုက်မယ်ဆိုလို့ရှိရင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အကူအညီနဲ့ အောင်မြင်မှုမရရှိခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုအားနဲ့သာ တိုက်ဖျက်နှိမ်နင်းကြမယ်ဆိုရင် မလွဲမသွေအောင်မြင်မယ်ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။

မနေ့က ဖတ်ရှုကြားသိလိုက်ရတဲ့ သတင်းတွေအရတော့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ဖေဖော်ဝါရီလ ၂၃ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးက လူထုအခြေပြုအဖွဲ့နဲ့ ဌာနဆိုင်ရာအဖွဲ့ဝင်တွေပူးပေါင်းပြီး ဘိန်းခင်းတွေကို ဖျက်ဆီးမယ်။ လူထုအခြေပြုအဖွဲ့ကို ပြည်နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ တပ်မတော်တို့ကနေ လုံခြုံရေးယူပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ သတင်းကိုကြားသိလိုက်ရပါတယ်။ လက်ရှိမှာလူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ ၂၅၀၃ ဦးကို မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အဖွဲ့ဝင် ၉၅ ဦးအပါအဝင် တပ်မတော်သားတွေက လုံခြုံရေးပေးမယ်ဆိုတဲ့အကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ကြီးက ပြောဆိုတဲ့သတင်းလည်း ပါလာပါတယ်။ ဒါဟာ အင်မတန်မှ ကောင်းမွန်တဲ့ ဂုဏ်ယူဖွယ်ရာကောင်းတဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အလေးပြုတဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ ပြည်သူများရဲ့ကိုယ်စား ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။ ဒါကြောင့်အဆိုရှင် ဝိုင်းမော် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးတင်သွင်းတဲ့ အရေးကြီးအဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း (တပ်မတော်သားကိုယ်စားလှယ်)။               ။ ယနေ့ ကမ္ဘာမှာလူသား အားလုံးကို ခြိမ်းခြောက်လျက်ရှိတဲ့ အကြီးမားဆုံးသောအန္တရာယ်ဟာ မူးယစ်ဆေးဝါးအန္တရာယ်ပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးပြသနာဟာ နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခုတည်းနှင့်‌ သက်ဆိုင်တဲ့ ပြဿနာ မဟုတ်ဘဲနဲ့ တစ်ကမ္ဘာလုံး လူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လည်း မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ခေတ်အဆက် ဆက်၊ အစိုးရအဆက်ဆက်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတာတွေ့ရမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံအတွင်းကို ဘိန်းစတင်ဝင်ရောက်လာမှုကို လေ့လာကြည့်မယ်ဆိုရင် တောင်ငူခေတ်မှ စတင်ခဲ့ပြီးတော့မှ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ပြီးတဲ့နောက်မှာ နယ်ချဲ့တို့ရဲ့ ကျူးကျော်မှုနှင့် အတူ ရောက်ရှိလာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာပြည်ချင်းတွင်းဒေသ၊ ချင်းတောင်ဒေသ၊ ကချင်ဒေသ၊ ရှမ်းဒေသများသို့ အာသံပြည်နယ်မှ ဘိန်းမျိုးစေ့များကို သယ်ဆောင်ဖြန့်ဖြူးရာမှ ဘိန်းခင်းများ ပြန့်ပွားလာခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအား အင်္ဂလိပ်တို့သိမ်းပိုက်ပြီးတော့ တိုင်းရင်းသား များရဲ့ အမျိုးသားရေးစိတ်ဓာတ်များကို ချိုးနှိမ်နိုင်ရန် ဆောင်ရွက်မှုအဖြစ် ဘိန်းစိုက်ပျိုးခြင်း၊ ထုတ်လုပ် ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းအလေ့အထများ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့တို့ဟာ ကချင်တောင်တန်းဒေသတို့၌ တရားဝင်ဘိန်း စိုက်ခွင့်ပြုတဲ့အပြင် ဘိန်းခန်းများဖွင့်‌လှစ်ပြီးတော့မှ ဘိန်းရှူခြင်းကိုမှတ်ပုံတင်ကာ ခွင့်ပြုခဲ့တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့တို့ရဲ့ ရှေ့ပြေးလက်နက် အဖြစ် ဘိန်းကိုအသုံးပြုခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။ အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးတဲ့ နောက်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ အထက်မြန်မာပြည်ကို တစ်စတစ်စ ပျံ့နှံ့ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လွပ်လပ်ရေးရပြီးတဲ့နောက်မှာ ခေတ်အဆက်ဆက် အစိုးရတို့ဟာ မူးယစ်ထုံထိုင်းဘေးဖြစ်စေ တတ်တဲ့ ဆေးဝါးဥပဒေကိုပြဋ္ဌာန်းပြီး ထိရောက်စွာဆောင်ရွက်ခဲ့ကြပြီး ကျွန်တော်တို့ တပ်မတော်အနေနဲ့ လည်း အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဘိန်းစစ်ဆင်ရေးကြီးများ ဆောင်ရွက်ခဲ့ရာမှာ ၁၉၇၄ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရဟာ ဘိန်းခင်းများကိုဖျက်ဆီးခြင်းကို မဲလုံးစစ်ဆင်ရေး၊ နှင်းပန်းစစ်ဆင်ရေး၊ ပေါက်ပန်းစစ်ဆင်ရေး၊ တောင်ထိပ်ပန်းစစ်ဆင်ရေးနဲ့ ဟေမာန်ဦး စစ်ဆင်ရေးများ အဖြစ်လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ငရဲပန်းအဆင့်(၁)မှ အဆင့်(၈)အထိ စစ်ဆင်ရေးများတွင် လူအင်အားဖြင့်လည်းကောင်း၊ ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း တောင်ရန်ရှင်း အဆင့်(၁)မှအဆင့်‌(၄)အထိ စစ်ဆင်ရေးများတွင် လေယာဉ်ဖြင့် ဝေဟင်မှဆေးဖြန်း၍လည်းကောင်း၊ မိုးဟိန်းစစ်ဆင်ရေး၊ ငရဲပန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်းစစ်ဆင်ရေး၊ တောင်ထိပ်ပန်းစစ်ဆင်ရေး၊ အောင်မိုးဟိန်းစစ်ဆင်ရေး၊ ချင်းတွင်းစစ်ဆင်ရေး၊ ရတနာပုံစစ်ဆင်ရေး၊ ဇွဲကပင်စစ်ဆင်ရေး၊ ရာမည စစ်ဆင်ရေးစသည်ဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ပြီးတော့မှ ဘိန်းခင်း စုစုပေါင်း ၁၉၉၇၆၂.၈ ဧကကို ဖျက်ဆီးနိုင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်မှ နိုင်ငံတော်အာဏာ ရယူထိန်းသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ် မှ ၁၉၉၈ ခုနှစ်အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ချေမှုန်းရေး စစ်ဆင်မှုများကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်ခဲ့တဲ့အခါမှာ တပ်မတော်သား ၂၅၉ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီးတော့မှ ၉၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နိုင်ငံတော်နှင့် တပ်မတော်အတွက် ကြီးမားလွန်းတဲ့ အရင်းနှီးဖြစ်သည်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ သုံးသပ်တွေ့ရှိရမှာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် စစ်ဆင်ရေးများကို ၁၉၇၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တိုက်ခိုက်ချေမှုန်းခဲ့ရာမှာ ဘိန်း ၅၄၅၃ ကီလို၊ ဘိန်းဖြူ ၁၅၉.၆၁ ကီလို၊ ဘိန်းညို ၃၄၄.၆၈ ကီလို၊ ဘိန်းရည်၂၀၃၃ ဂါလံ၊ လက်နက်မျိုးစုံ ၁၅၉ လက်၊ မိုင်း ၂၃၆၄ လုံး၊ ဆက်သွယ်ရေးစက် ၁၉ လုံး၊ ဘိန်းချက်စက်ရုံ ၁၅ ရုံနဲ့ ရန်သူ ၃၄၄ ယောက်ကို အသေရမိခဲ့တာ ဖြစ်ပါတယ်။ တပ်မတော် အစိုးရလက်ထက်မှာ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ချမှတ်ခဲ့ပြီးတော့မှ ပထမငါးနှစ် စီမံကိန်းကာလ ၁၉၉၉- ၂၀၀၀ ခုနှစ်မှ ၂၀၀၃-၂၀၀၄ ခုနှစ်အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသများမှာရှိတဲ့ ၂၂ မြို့အား ပထမဦးစားပေးအဖြစ် လည်းကောင်း၊ ဒုတိယငါးနှစ်စီမံကိန်းကာလ(၂၀၀၄-၂၀၀၅ ခုနှစ်မှ ၂၀၀၈ -၂၀၀၉)ခုနှစ်အထိ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသနှင့် ကချင်ပြည်နယ်ရှိ မြို့နယ် ၂၀ ကိုလည်းကောင်း၊ တတိယ ငါးနှစ်စီမံကိန်းကာလ (၂၀၀၉-၂၀၁၀ မှ ၂၀၁၃-၂၀၁၄ အထိ) ချင်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ် မြို့နယ်ငါးမြို့နယ်နှင့် ကိုးမြို့နယ်တို့မှာ လည်းကောင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိလည်း ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တိုးမြှင့် ဆောင်ရွက်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်းလုံးဝမရှိဘဲ ဥပဒေနှင့်အညီ ပြည်သူလူထုနှင့်လက်တွဲကာ ဆောင်ရွက်လျက် ရှိတယ်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ တာဝန်ကျရာနယ်မြေအသီးသီးမှာ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရရဲ့ အစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိတဲ့ ဘိန်းအစားထိုးစိုက်ပျိုးရေး လုပ်ငန်းများ ကိုလည်း အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရင်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော် ဟာကျွန်တော်တို့ နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားမပြိုကွဲရေး၊ တိုင်းရင်းသားများရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်‌ ရှောက်သွားမှာဖြစ်တဲ့အတွက်ကြောင့် လက်ကမ်းကြိုဆိုပြီး ဥပဒေနှင့်ညီတဲ့ လုပ်ဆောင် ချက်များကို လက်ကမ်းကြိုဆိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးရင်း နိဂုံးချုပ် အပ်ပါတယ်။

ဒေါ်မြင့်မြင့်စိုး(ခ) မေစိုး(ဗိုလ်တထောင်မဲဆန္ဒနယ်)။              ။ ကျွန်မတို့ မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါးကို အလွယ်တကူ ရရှိစေသည့်အတွက် လူကြီး၊ လူငယ်၊ အမျိုးသမီးများမကျန် မူးယစ်ဆေးဝါး သုံးစွဲနေခြင်းကြောင့် တန်ဖိုးရှိလှသော လူ့စွမ်းအားအရင်းအမြစ်များ အလွယ်တကူ ဆုံးရှုံးလျက်ရှိနေ သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လျက်ရှိနေပါပြီ။ ပုံမှန်ဝင်ငွေရရှိသော အလုပ်အကိုင် အခွင့်အလမ်း များနှင့်  စီးပွားရေးအခွင့်အလမ်းများ သာတူညီမျှနည်းပါးနေသည့် အတွက် ဝင်ငွေရလွယ်သည့် ဒုစရိုက် လုပ်ငန်းများအပေါ် အာရုံစိုက်စိတ်ဝင်စား လာကြပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အကျင့်ပျက်ခြစားမှုများကြောင့်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြဿနာများသည် ယနေ့ထိတိုင် ဆက်လက်ကြီးထွားလျက်ရှိနေပါတယ်။ မူးယစ်ဆေးဝါးမျိုးစုံကို မြို့ကြီးများအပြင် မြို့ငယ်၊ ကျေးရွာများ အထိ လမ်းကြောင်းမျိုးစုံမှ ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်နေခြင်းကြောင့် လက်တည့်စမ်းလိုသည့် ဆယ်ကျော်သက်အမျိုးသား၊ အမျိုးသမီး၊ လူငယ်ထုများအကြားတွင် ဖက်ရှင်တစ်ခုအသွင်ဖြင့် သုံးစွဲမှု များမြင့်တက်နေလျက်ရှိနေပါတယ်။ ထို့ကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဖြန့်ဖြူးရောင်းချမှုတို့ကို လျော့ကျ စေရေးမှာ ယခုထက်ပိုမို၍ တာဝန်ရှိသူအဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ထိထိရောက်ရောက် တားဆီးတိုက်ဖျက်သွားရန် အကြံပြုတင်ပြအပ်ပါတယ်ရှင်။

ကျွန်မတို့နိုင်ငံမှာ လက်ရှိသုံးစွဲလျက်ရှိသော မူးယစ်ဆေးဝါးများမှာ ဘိန်းအပြင် ယာဘ(ခ) Amphetamine အပါအဝင် ခေါင်းခါဆေး(ခ) အက်စ်စီသာမင်း၊ ရေခဲ(ခ)Ice နှင့် ဆေးခြောက်များ သုံးစွဲမှုများလည်း ယနေ့ပိုမိုများပြားလျက် ရှိနေတာကိုတွေ့ရပါတယ်။ ဘိန်းစိုက်ပျိုးရာဒေသများတွင် ဘိန်းထက်ပိုမိုဝင်ငွေ ကောင်းသော အခြားလုပ်ငန်းများမရှိခြင်း၊ ဘိန်းကုန်သည်ကြီးများ၏ စည်းရုံးသိမ်းသွင်းမှုများကြောင့် ယနေ့ အထိတိုင် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားလူငယ်များကို မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာ ကြသော အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ သေကြောင်းကြံစည်မှု၊ လုယက်မှု၊ မုဒိမ်းမှုကဲ့သို့သော အမှုကြီးများ သည် ကြီးမားသောအန္တရာယ်အဖြစ် ခြိမ်းခြောက်လျက်ရှိနေပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက် ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသူ တစ်သောင်းကျော်တွင် လူသတ်မှု ကျူးလွန်ခဲ့သူ ၂၃၀၀ ကျော်၊ မုဒိမ်းမှုကျူးလွန်ခဲ့သူ ၁၇၀၀ ကျော်အပါအဝင် ခိုးဆိုးလုနှိုက်ပြစ်မှု ကျူးလွန်သူ အများစုပါဝင်နေခြင်းကြောင့် တရားဥပဒေစိုးမိုးရေးအတွက် အရေးကြီးဆုံး စိန်ခေါ်မှုတစ်ရပ် လည်း ဖြစ်နေပါတယ်။ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် လူငယ်လူရွယ်များ၏ စိတ်ဓာတ်မှာ နိမ့်ကျလျက်ရှိပြီး လူမှုရေးပြဿနာများ များစွာဖြစ်ပေါ်နေလျက်ရှိပါတယ်။ နိုင်ငံအတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များ ကျဆင်းနေမှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများလည်း ကျဆင်းလျက်ရှိနေပါတယ်။ လူဆိုးလူမိုက် ပပျောက်ရေး အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုများရှိနေသော်လည်း တရားရုံး၌ အမှုစီရင်ရာတွင် တစ်နှစ်နီးပါး ကြာမြင့် နေခြင်း၊ ထိရောက်သော ပြစ်ဒဏ်ချမှတ်မှုများမရှိခြင်း၊ အယူခံအဆင့်ဆင့်၌ ပြစ်ဒဏ်များလျော့ပေါ့ စေခဲ့ခြင်း၊ ထောင်တွင်း၌ပင် မူးယစ်ဆေးဝါးသုံးစွဲရယူနိုင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ်ရရှိ နေခြင်း၊ သေဒဏ်ချမှတ်ခံရသော လူသတ်မှုကျူးလွန်သူများပင်လျှင် ခုနစ်နှစ်နှင့် ပြန်လည်လွတ်မြောက် လာခြင်းတို့ကြောင့် ရန်ကုန်၊ မန္တလေးအစရှိသော မြို့ကြီးများတွင် နေ့ခင်းကြောင်တောင်၌ပင် လုယက်ခြင်း၊ အကြမ်းဖက်ခြင်း၊ လူသတ်ခြင်း၊ ဓားပြတိုက်ခြင်းများအပြင် ရဲတပ်ဖွဲ့ဝင်များကိုပါ ထိခိုက်တိုက်ခိုက်ခြင်းများ ခံနေရသည်ကို တွေ့ရှိနေရပါတယ်ရှင်။

နိဂုံးချုပ်အနေနဲ့ ပြည်ထောင်စုအစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများကို အမျိုးသားရေးတာဝန်အဖြစ် တစ်မျိုးသားလုံးက ပူးပေါင်းတိုက်ဖျက်နိုင်သည့် မူဝါဒ များကို တိတိကျကျ ထိထိရောက်ရောက် ဦးစားပေးဆောင်ရွက်ရန် အလွန်ပင်လိုအပ်လျက် ရှိနေပါသဖြင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရများ၊ တရားဝင်ဖွဲ့စည်းထားသော အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပြည်သူလူထုတစ်ရပ်လုံးကပါ ဝိုင်းဝန်းပူးပေါင်း‌ ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းရင်း ဝိုင်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၏ အရေးကြီးအဆိုကို အလေးအနက် ထောက်ခံအပ်ပါတယ်ရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးစောဗစ်တာခလိုက်(သံတောင်ကြီးမဲဆန္ဒနယ်)။            ။  

မူးယစ်ဆေးဝါး ဖျက်ဆီးတိုက်ဖျက်ရာမှာ အမျိုးသားရေးစီမံကိန်း တစ်ရပ်အနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဘိန်းခင်းများဖျက်ဆီးခြင်းသာမက မူးယစ်ဆေးဝါးအဖြစ် ထုတ်လုပ်သော ဆေးများ သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း အစရှိသည်တို့ကို မူးယစ်ဆေးဝါးဥပဒေနှင့်အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဘိန်းဖြူ၊ ဘိန်းမဲ၊ ရာမဆေး များကြောင့် သုံးစွဲသူများ၏ ဘဝကိုအညွန့်တုံးစေပါတယ်။ မူးယစ်ဆေးဝါးများ၏ ကျေးကျွန်ဖြစ်စေပါတယ်။ မိမိဘဝကို သာမက မိမိရဲ့မိသားစုဘဝကိုပါ ပျက်စီးစေပါတယ်။ လူနေမှုစနစ်ကိုလည်း ပျက်စီးစေပါတယ်။ တိုင်းပြည်ငြိမ်းချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကျင့်စာရိတ္တကိုထိခိုက် ပျက်စီးစေပါတယ်။ ဒါတင်မကသေးဘူး။ ရာဇဝတ်ကျူးလွန်မှုကို ပို၍မြင့်မားစေပါတယ်။ ဒီထက်မက မူးယစ်ဆေးဝါးဂိုဏ်းများရဲ့ အစေခံ၊ ကျေးကျွန်၊ မူးယစ်ဆေးဝါး အဓိပတိရာဇာများရဲ့သြဇာခံ ကျေးကျွန်များအဖြစ်သို့ ကျရောက် နိုင်စေပါတယ်။ ဒီအနိဋ္ဌာရုံတွေဟာ ဘယ်ကနေပေါ်လာလဲဆိုရင် ကျွန်တော်တို့ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ကရင်ပြည်နယ်မှာ ရာဇဝတ်မှု ၉၀ ရာခိုင်နှုန်းကို ကြည့်လိုက်အခါမှာ မူးယစ်ဆေးဝါးကြောင့်ဖြစ်တာကို တွေ့ရပါတယ်။ သက်ငယ်မုဒိမ်းမှုများမှာဆိုရင် မူးယစ်ဆေးဝါး သုံးစွဲမှု ကြောင့် ဖြစ်‌နေတာကို ကျွန်တော်တို့ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့တင်းရှူးကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ စောဂျွန်နီလုပ်ကြံခံခဲ့ရပါတယ်။ မူးယစ်ဆေးဝါးကြောင့်ဖြစ်ပါတယ်။ ဒီဥက္ကဋ္ဌက ဘာပြောခဲ့လဲဆိုရင် ကျေးရွာမှာရှိတဲ့လူငယ်တွေ၊ ရွာသူရွာသားတွေ မူးယစ်ဆေးဝါးမသုံးစွဲဖို့၊ မရောင်းဝယ်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့တာကနေ မူးယစ်ဆေးဝါး ရာဇာများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ထို့နည်းတူကျွန်တော်တို့ ကရင်ပြည်နယ်မှာ ကွမ်းယာဆိုင်တွေမှာဆိုရင် မူးယစ်ဆေးဝါးတွေကို အလွယ်တကူရရှိနေနိုင်တာ တွေ့ရပါတယ်။

၂၂-၂-၂၀၁၆ မှာ The Voice Daily သတင်းစာကနေ ဖော်ပြတာကို ဖတ်ရှုရပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ ရာဘစက်ရုံများကို ဖယ်ရှားပေးရန် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Khan Kamal က ပြောကြားခဲ့ပါတယ်။ အဲဒါကို ကျွန်တော်တို့အားလုံး ဖတ်ရှုရပါတယ်။ အယ်လ်နီညိုသည် သဘာဝဘေးအန္တရာယ်ကို ဖြစ်ပေါ်စေပါတယ်။ ဘယ်လိုကြိုတင် ကာကွယ်ရမှာကို စီမံကိန်းတစ်ရပ်အနေနဲ့ ဆောင်ရွက်လို့ရှိရင် အထိအခိုက်နည်းနိုင်သမျှ နည်းတာကို ကျွန်တော်တို့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် လူကြောင့်ဖြစ်ပေါ်နေသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူတို့ဖန်တီးသော မူးယစ်ဆေးဝါး အန္တရာယ်၊ အခြားအခြားသော အန္တရာယ်ထက်ပိုပြီးတော့ အလွန်ကြောက်စရာကောင်းတာကို ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ လူသားတို့ရဲ့မျိုးဆက်တွေကို ဖျက်ဆီးပါတယ်။ ဒါမကသေးဘူး တိုင်းပြည်ကိုလည်း ဖျက်ဆီးနိုင်စေပါတယ်။ ကျွန်တော်တို့ လူသားတစ်ရပ်လုံးရဲ့ အနီးကပ် အဓိကရန်သူ၊ လူသားတစ်ရပ်လုံးရဲ့ဘဝကို ဖျက်ဆီးမယ့်ရန်သူ၊ နိုင်ငံတော်ကိုပါ ဝါးမြိုမယ့်ရန်သူ၊ အဲဒီရန်သူဟာ မူးယစ်ဆေးဝါးအန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်၊ စိုက်ပျိုး ထုတ်လုပ်ခြင်းကို အမျိုးသားစီမံကိန်းတစ်ရပ်အနေနဲ့ ပြည်သူအစိုးရအဖွဲ့အစည်းအားလုံး၊ ဌာနဆိုင်ရာ အားလုံးပါဝင်ပြီးတော့ ဆောင်ရွက်တိုက်ဖျက်မှသာလျှင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအနေနဲ့သာ လုပ်ဆောင်သွားနိုင်မှာမဟုတ်ဘူး။ ဒါကို ပြည်သူတစ်ရပ်လုံး အနေနဲ့ပါဝင် ဆောင်ရွက်ဖို့ရန် လိုအပ်ပါတယ်။ ထိုနည်းတူပဲ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ခုနက ရရှိတဲ့ သတင်းအရ ဒီနေရာမှာ ပြည်သူ့အဖွဲ့အစည်းတွေပါဝင်လုပ်ဆောင်သွားတဲ့နေရာမှာ တစ်ဖက်ကနေ ပြန်လည်ပစ်ခတ်တိုက်ခိုက်တဲ့အတွက်ကြောင့် ဒဏ်ရာအနာတရတွေ ဖြစ်နေတာကို ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အမျိုးသားစီမံကိန်းတစ်ရပ်အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းနှိုးဆော် ထောက်ခံအပ်ပါတယ်ခင်ဗျား။

ဦးကျော်ကြီး(ခ)ဦးအုန်းခင်(မင်းလှမဲဆန္ဒနယ်)။            ။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာနဲ့ရင်ပေါင် တန်းနိုင်ဖို့ ခြေလှမ်းပြင်ကြိုးစားနေရတဲ့ အချိန်မှာခြိမ်းခြောက် မှုခံနေရတဲ့ အန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့ နေရပါတယ်။ အဲဒီထဲမှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ အင်မတန်မှကြီးမားပါတယ်။ သယံဇာတတွေထဲမှာ လူသားသယံဇာတဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သယံဇာတ ပဲဖြစ်ပါတယ်။ အဲဒီတန်ဖိုးရှိတဲ့လူသားများ အညွန့်တုံးပြုန်းတီးမှုကို ခြိမ်းခြောက်နေတဲ့အရာဟာ မူးယစ်ဆေးဝါးပဲဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ် လူငယ်များအတွက် အလွန်အမင်းစိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေပါတယ်။ မူးယစ်ဆေးဝါးအန္တရာယ်ဟာ လူသားဖန်တီးတဲ့အန္တရာယ်ပါ။ လူဖန်တီးတဲ့ အန္တရာယ်ကို လူသားတွေအားလုံး ဝိုင်းဝန်းကာကွယ်တားဆီးဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုပါဝင်မှုကို ကြိုဆိုရပါမယ်။ အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရပါမယ်။ တစ်ကမ္ဘာလုံး မှာလည်း ဝိုင်းဝန်းတိုက်ဖျက်နေကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ တိုက်ဖျက် နေတဲ့ကြားက တိုးပွားနေတယ်လို့ဆိုပါတယ်။

နယ်စပ်ဒေသများမှ ထုတ်လုပ်လိုက်သော စိတ်ကြွဆေးပြားများကို ရန်ကုန်လိုမြို့ကြီးများနှင့် အခြားမြို့နယ် များမှာ ပိုင်ရှင်မဲ့ဖမ်းဆီးရမိနေကြောင်း၊ ဆေးပြားပမာဏ အလွန်များပြားကြောင်း သတင်းများမှာတွေ့ရှိ နေရပါတယ်။ ယခုဆိုရင်နယ်စပ်ဒေသများတွင်သာမက ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နှင့် ငဖဲမြို့နယ်အစပ် တောင်ဇောင်းများပေါ်တွင် စိုက်ပျိုးထားသော ဘိန်းခင်းဧက ငါးဧကကို မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေး အဖွဲ့မှအဖွဲ့ဝင်များက ဖျက်ဆီးခဲ့ရကြောင်း ၂၄-၂-၂၀၁၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြပါရှိပါတယ်။ သို့ပါ၍ လူသားအားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်မှာ ကြောက်စရာကောင်းလောင်အောင် ကျယ်ပြန့်နေတာကို တွေ့ရှိရပါတယ်။

လူဖန်တီးတဲ့အန္တရာယ်ကို လူသားတွေ ဝိုင်းဝန်းတိုက်ဖျက်လျှင် အောင်မြင်နိုင်ပါတယ်။ အောင်မြင်အောင် လည်း ပြတ်ပြတ်သားသား ထိထိရောက်ရောက် တိုက်ဖျက်ဖို့လိုပါတယ်။ လူထုပါဝင်လျှင် မအောင်မြင်နိုင် တာမရှိပါ။ ဒါကြောင့် အစိုးရနှင့် ပြည်သူအတူတကွလက်တွဲ၍ မူးယစ်ဆေးဝါးအန္တရာယ်ကို ပူးပေါင်း တိုက်ဖျက်ကြပါစို့လို့ ညာသံပေးလှုံ့ဆော်ရင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရဲ့ အရေးကြီးအဆိုကို လေးလေးနက်နက် ဆွေးနွေးထောက်ခံအပ်ပါကြောင်း တင်ပြအပ်ပါ တယ်ခင်ဗျား။

ဦးထွန်းဝေ(ဖောင်းပြင် မဲဆန္ဒနယ်)။                ။ ကျွန်တော်ဒီလွှတ်တော်ကို မတက်ရောက်ခင် ကျွန်တော် ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်မြေမှာအတွေ့အကြုံတစ်ခုကို ဦးစွာတင်ပြလိုပါတယ်။ ကျွန်တော်တို့ ဖောင်းပြင်မြို့နယ် မြင်းယား ကျေးရွာကနေပြီးမှ သံဃာတော်ကိုးပါးဦးဆောင်ပြီး လူပုဂ္ဂိုလ် ၄၈ ဦးပါဝင်တဲ့ မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေး လူထုအခြေပြု အဖွဲ့အစည်းကိုဖွဲ့စည်းဖို့ ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ကျွန်တော့်ကို ဖိတ်ကြားတဲ့အတွက် ကျွန်တော်သွားရောက်ခဲ့ ပါတယ်။ မြင်းယားကျေးရွာအုပ်စုမှာ စတင် ဖွဲ့စည်းပြီး မည်သည့်ကျေးရွာအုပ်စုကိုမဆို အကူအညီ ပေးသွားမယ့်အကြောင်း ပြောပြပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့လည်း သွားရောက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူထုအခြေပြု အဖွဲ့အစည်း ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပုံကိုပေးအပ်ပြီး အကြောင်းကြားပါတယ်။ ရဲတပ်ဖွဲ့မှစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တို့ကို ဘုန်းကြီးကျောင်းသို့ ဖိတ်ခေါ်ပြီး တစ်နာရီခွဲကြာ အကျေအလည်ဆွေးနွေး ပါတယ်။ တိတိကျကျသတင်းပေးတဲ့အခါ သတင်းမပေါက်ကြားစေဘဲ အချိန်မီလာရောက်ပြီး မိမိရရ ဖမ်းဆီးပြီးမှ တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးဖို့ သံဃာတော်တွေကနေပြီးပြောပြပါတယ်။ ရဲတပ်ဖွဲ့က လည်းပဲ ကတိတွေ အတန်တန် ပေးပါတယ်။ ခုခံကာကွယ်မှုနဲ့ပတ်သက်လို့လည်း အကျေအလည်ဆွေးနွေး ခဲ့ကြရပါတယ်။ အဲဒီအဖွဲ့ အစည်းဟာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် နေ့မှာ စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုပေမယ့် တစ်လမပြည့်‌ခင် ဇန်နဝါရီလ ၂၆ ရက် နေ့မှာ မူးယစ်ဆေး(ဘိန်းဖြူ) ရောင်းချသူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက် ၂၇ ရက်နေ့မှာ အခြားကျေးရွာမှ လာရောက်တဲ့ ဘိန်းဖြူကုန်သည်နှစ်ဦး ကိုလည်း လက်နက်နဲ့ခုခံတဲ့ ကြားကနေပြီးမှ အထိအခိုက်မရှိပဲ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ နောက်ထပ် လေးဦးကို ဆက်လက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးပညာပေး ဟောပြောပွဲများကိုလည်း ဇန်နဝါရီလ ၃၁ ရက်နေ့ကနေပြီးတော့မှ စတင်ပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိခဲ့ပါတယ်။ ကျွန်တော် ဆိုလိုတာကတော့ ဒီလူထုအခြေပြုအဖွဲ့အစည်းကို ဖွဲ့စည်းလိုက်တာဟာ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးမှာ ထိရောက်မြန်ဆန်တဲ့သဘောကို ကိုယ်တွေ့သိမြင် လာခဲ့ရခြင်းဖြစ်ပါတယ်။

အစိုးရအဆက်ဆက် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီးမှ နှိမ်နင်းခဲ့ပေမယ့် ကျွန်တော်တို့နိုင်ငံဟာ ဒီကမ္ဘာ ပေါ်မှာ ကောင်းသတင်းနဲ့မကျော်စောပဲမကောင်း သတင်းနဲ့ကျော်စောနေတဲ့ ကမ္ဘာ့အဆင့်‌(၂) ကနေမကျ ဆင်းသေးပါဘူး။ မူးယစ်ဆေးဝါးဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတဲ့ အန္တရာယ် ဆိုးကြီးဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံးကိုပါ အညွန့် တုံးသွားစေတဲ့ အန္တရာယ်ဆိုးကြီးလည်း ဖြစ်ပါတယ်။ ဒီအန္တရာယ်ဆိုးကြီး ပျောက်ကွယ်သွားဖို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ အသိတရားရှိရှိ ပါဝင် ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။ တကယ်တော့ လူထုကသတင်းပေးပြီး ရရှိတဲ့သတင်းအရ သက်ဆိုင်ရာအာဏာပိုင်များက ဆက်လက်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လူထုအဖို့ အင်မတန် အန္တရာယ်များတဲ့ ကိစ္စဖြစ်ပါတယ်။ အင်မတန် အန္တရာယ်များတဲ့ကြားထဲကနေပြီးမှ လူထုဘာကြောင့် တက်ကြွစွာပါဝင်နေသလဲဆိုလို့ရှိရင် မိမိရဲ့မိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိရဲ့ရပ်ကွက်၊ ကျေးရွာအတွင်းမှာ နိစ္စဒူဝတွေ့ကြုံခံစားနေကြရတဲ့ လူမှုဒုက္ခကို မခံစားနိုင်ကြတော့တဲ့အပြင် ရပ်ရွာအေးချမ်းသာယာရေးကိုပါ အကြီးအကျယ်ထိခိုက်လာ ကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဘတ်ဂျက်မှာ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အသုံးစရိတ်များဆိုပြီး ကျခံသုံးစွဲပေမယ့် မူးယစ်ဆေးဝါး ကြောင့် ရပ်ရွာအေးချမ်းသာယာရေးကို အကြီးအကျယ်ထိခိုက်လာတာကို တွေ့မြင်နေကြရပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အစိုးရအဆက်ဆက် ဆောင်ရွက် ခဲ့ကြပေမယ့် ယနေ့အထိ မအောင်မြင်သေးတာကို သုံးသပ်ကြည့်‌မယ်ဆိုရင် အခြားခြားသော ကဏ္ဍာများ နဲ့လည်း ဆက်နွှယ်နေတာကိုလည်း တွေ့ရှိကြရမှာဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခများရှိနေပြီး ပြည်တွင်း ငြိမ်းချမ်းရေးမရရှိသေးခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊ အဂတိလိုက်စားမှုရှိခြင်း၊ လူငယ်တို့၏အနာဂတ်ဘဝ မရေရာမှု၊ အလုပ်အကိုင်ရှားပါးမှု၊ တောင်ပေါ်တိုင်းရင်းသားတို့၏ ဘဝ ရပ်တည်မှု အခက်အခဲစတဲ့ အကြောင်းတရားတွေနဲ့လည်း ဆက်စပ်နေတာကို ထည့်‌သွင်းတွက်ချက် ကြရမှာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ဤကဏ္ဍကို အစိုးရအဖွဲ့မှ တစ်ဖက်ကဖြေရှင်းရင်း တစ်ပြိုင်နက် တည်းမှာ မူးယစ်ဆေးဝါးကာကွယ် တားဆီးရေးကို အစိုးရ၊ တပ်မတော်၊ ပြည်ထဲရေးနှင့် လူထုပူပေါင်း ဆောင်ရွက်သွားလျှင် မူးယစ်ဆေးဝါးဟာ မြန်မာ့မြေပေါ်က ပျောက်ကွယ်သွားနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ယခု ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကတော့ ဘိန်းခင်းများကို ဖျက်ဆီးဖို့ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့ဖြစ်တဲ့ Pat Jasan ခရစ်ယာန်အဖွဲ့ကိုအစိုးရနှင့် တပ်မတော်တို့က ကူညီပြီး လုံခြုံရေးယူပေးခြင်း၊ စောင့်ရှောက်ပေးခြင်းတို့ဟာအစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထုတို့ ပူပေါင်း ဆောင်ရွက်ခဲ့ကြတဲ့သတင်းကို ကြားသိရတဲ့အတွက်လည်းပဲ အတိုင်းမသိဝမ်းသာမိပါတယ်။ ရှေ့ဆက် ပြီးတော့လည်း ဗဟိုအစိုးရ၊ ဒေသဆိုင်ရာအစိုးရများ၊ တပ်မတော်၊ ပြည်ထဲရေးဌာနများ၊ တရားရေး ဌာနများနှင့် ပြည်သူလူထုတို့ ပူပေါင်းဆောင်ရွက်ကြမယ်လို့ဆိုရင် မြန်မာပြည်သူလူထု တစ်ရပ်လုံးသာမက ကမ္ဘာပြည်သူများကပါ မင်္ဂလာယူကြရမှာဖြစ်ပါတယ်။ အချုပ်အာွးဖင့်တော့ မူးယစ်ဆေးဝါးတိုက်ဖျက်‌ရေးမှာ ပြည်သူလူထုပူးပေါင်းပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ထိရောက်သော ပံ့ပိုးကူညီမှုများကို အမြန်ဆုံးပေးဆောင်နိုင်ရန်အတွက် ကျွန်တော့်အနေနဲ့ ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်။

 

ဦးအောင်ကျော်ကျော်ဦး (လှိုင် မဲဆန္ဒနယ်)။  ။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနဲ့ (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ကယ်တင်ခြင်း၊ စောင့်ရှောက်ခြင်း၊ လူကောင်းသူကောင်းဘဝသို့ ပြန်လည်ရောက်ရှိစေရန် ကူညီ ဆောင်ရွက်ပေးခြင်း ကိစ္စရပ်များအားအဆိုအဖြစ် တင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုကိုအတည်ပြုနိုင်ခဲ့ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ မေးခွန်းများကိုဖြေကြား ဆောင်ရွက်ခြင်းနဲ့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့ ပထမအကြိမ် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများတိုက်ဖျက် နှိမ်နင်းရေးလုပ်ငန်းများတိုးတက် ထိရောက်အောင်မြင်မှုကို မတွေ့ရှိရပါတယ်။ ဘိန်းစိုက်ပျိုးမှု နောက်ကွယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများ၊ အခြားအကြောင်းအရာများ ဆက်စပ်ဆက်နွယ်နေတာ ရှိပါတယ်။ အလွှာပေါင်းစုံ လူအင်အား ၄၀၀၀ ကျော်ပါဝင်တဲ့ လူထုအခြေပြု ဘိန်းတိုက်ဖျက်ရေးအဖွဲ့မှ ဘိန်းခင်းများကို သွားရောက်ဖျက်ဆီးရာမှာ လက်နက်ကိုင်အဖွဲ့အစည်းများမှ တားဆီးဟန့်တားခြင်း၊ ကားများဖျက်ဆီး၍ ရန်လိုခြင်းလုပ်ဆောင်ခဲ့ရာ အမျိုးသားသုံးဦးဒဏ်ရာရရှိခဲ့မှုအပေါ် ကချင်ပြည်နယ် အစိုးရအား ကူညီတင်ပြတောင်းခံရန် ကချင်ပြည်နယ်အစိုးရနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက လုံခြုံရေးကိစ္စများ ဆောင်ရွက်မပေးနိုင်ကြောင်း သိရှိရတဲ့အတွက် ဘိန်းစိုက်ပျိုးသူဘက်မှ ကိုယ်စားလှယ်များစေလွှတ်၍ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ လာဖျက်မည်ဆိုပါက လက်မခံနိုင်ကြောင်း အစိုးရအစီအစဉ်ဖြင့် ဘိန်းခင်းများအားဖျက်ဆီးမည် ဆိုပါက လက်ခံနိုင်မည် ဖြစ်ကြောင်း ဘိန်းစိုက်ပျိုးသူဘက်မှ ပြောဆိုမှုများမှာ ၎င်းတို့နှင့်အစိုးရကြား နားလည်မှုများရရှိထား သည်ဟု သံသယဖြစ်စရာအခြေအနေကို ဖြစ်ပေါ်စေပါတယ်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ ဤအန္တရာယ်မှာ မည်မျှစိုးရိမ်ကြောင့်ကြ ဖွယ်ကောင်းကြောင်း အားလုံးအသိပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေ တတ်တဲ့ဆေးဝါးများ နိုင်ငံတော်မှတိုက်ဖျက်နေပြီ ဆိုပါသော်လည်း မူးယစ်ဆေးဝါးများ တိုးတက်ထွက်ရှိ သုံးစွဲနေသည်မှာ အံ့သြဖွယ်ရာတွေ့မြင်နေရခြင်းကို စိတ်မကောင်းဖြစ်မိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း များ၏ စစ်တမ်းများအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယဘိန်းအစိုက်ပျိုးဆုံး နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ဘိန်းထွက်ရှိမှုရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း မြန်မာနိုင်ငံက ထုတ်လုပ်ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းကျော် တိုးတက်ပြီးတော့ ဟက်တာ ၅၀၀၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။

ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ပါက မူးယစ်ဆေးဝါးပြဿနာများမှာ ဂျာအေးသူ့အမေရိုက်သလို အဆိုးသံသရာလည်နေပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ အကြံပြုဆွေးနွေးလိုသည်မှာ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုရယူပြီး ရေရှည်စီမံချက်များဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုပပျောက် စေရေအတွက် အချက်သုံးချက်ကို အကြံပြုတင်ပြလိုပါတယ်။ (၁) လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆောင်ရွက်သူများကို ကာကွယ်ပေးရန်နှင့် ဥပဒေနှင့်ညီညွတ်အောင်ဆောင်ရွက်ပေးပါရန်၊ (၂) ဘိန်းစိုက်တောင်သူများ၏စားဝတ်နေရေးနှင့် ဘဝရေရှည်ရပ်တည်ရေးအတွက် ဖြေရှင်းပေးပါရန်၊ (၃) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်၍ ဖက်ဒရယ်ဒီမိုကရေစီ  နိုင်ငံတော်တည်ဆောက်ရန် ကြိုးပမ်းသင့်တာ ကြောင်းအကြံပြုတင်ပြရင်းနဲ့ ဝိုင်းမော်မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးတင်သွင်းတဲ့ အရေးကြီးအဆိုကို ထောက်ခံပါကြောင်း တင်ပြ ဆွေးနွေးအပ်ပါတယ်ခင်ဗျား။

ဦးအေးမောင်(ဘောလခဲ မဲဆန္ဒနယ်)။                 ။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်သည် ယနေ့တစ်ကမ္ဘာလုံးရှိ လူသား များအားလုံး ရင်ဆိုင်ကြုံတွေ့နေရသော သိမ်မွေ့နက်နဲ သည့် ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား အန္တရာယ်ပြု ဖျက်ဆီးနိုင်မှုတွင် အစွမ်းထက်သကဲ့သို့ တွန်းလှန်ဖယ်ရှား ဖို့ရန်အတွက်လည်း နက်နဲခက်ခဲလှပါတယ်။ မူးယစ်ဆေးဝါးသည် တဖြည်းဖြည်း၊ တငွေ့ငွေ့လှိုက်စား လောင်ကျွမ်း၍ လူသားထုတစ်ရပ်လုံးအား ပျက်စီးခြင်းအစ နိုင်ငံ တစ်နိုင်ငံ၏အချုပ်အခြာ အာဏာကိုပါ ထိပါးလာသည်အထိ ဒုက္ခပေးနိုင်သောကြောင့် လျော့နည်းပ ပျောက်သွားအောင် ကာကွယ်စောင့်ရှောက် သွားရန် လိုအပ်မှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသည် သုံးစွဲမိပါက လူသားများ၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတို့ကို ချို့ယွင်းပျက်စီးစေပြီး လူသားအရင်း အမြစ်ကိုပါ ဖျက်ဆီးစေနိုင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးရောက်ရှိလာခြင်းသည် မြန်မာတိုင်းရင်းသားတို့၏ ရိုးသားမှုကို အခွင့်ကောင်းယူပြီး နယ်ချဲ့တို့သည် ဘိန်းကိုနိုင်ငံရေး လက်နက် အဖြစ် အသုံးပြုခဲ့ခြင်းကြောင့် ဘိန်းစိုက်ပျိုးခြင်း အလေ့အထသည် မြန်မာနိုင်ငံတွင် စတင်အမြစ်တွယ်ခဲ့ ပါတယ်။ ဘိန်း၏ကြီးမားသော အန္တရာယ်ကို မြန်မာတိုင်းရင်းသားများ သိမြင်လာသည့်အချိန်တွင် ဘိန်းပပျောက်ရေးကို ဝိုင်းဝန်း ဆောင်ရွက်ကြသည့်တချိန်တည်းမှာပင် ဓာတုဗေဒပစ္စည်းများဖြင့် ထုတ်လုပ် ထားသော စိတ်ကြွဆေးဝါးများ အန္တရာယ်သည် ထပ်မံ၍ဝင်ရောက်လာခဲ့ပါသည်။ မူးယစ်ဆေးဝါး အန္တရာယ်သည် နိုင်ငံ၏လုံခြုံရေးနှင့် ဆက်စပ်နေသဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် စီမံကိန်းချကာ ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

အဆိုရှင်၏အဆိုကို လေ့လာကြည့်ရာမှာ အပိုင်းနှစ်ပိုင်းတင်ပြထားသည်ကို တွေ့ရှိရပါတယ်။ ပထမပိုင်း အနေနဲ့ကတော့ လူထုအဖွဲ့အစည်း ပူးပေါင်းပါဝင်လာမှုကို ဟန့်တားနှောင့်ယှက်သည့် ဆောင်ရွက်မှုမျိုးမှ ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်ပြီး  ဒုတိယပိုင်းအနေနဲ့ကတော့ ပြည်သူလူထုအဖွဲ့အစည်း ပူးပေါင်း ပါဝင်လာမှုကို ကြိုဆိုထောက်ခံပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန်ဆိုပြီး နှစ်ပိုင်းတွေ့ရှိရပါတယ်။ အဆိုရှင်ရဲ့တင်ပြချက် ပထမပိုင်းကိုလေ့လာကြည့်ရာမှာ ပြည်သူလူထုအဖွဲ့အစည်း ပူးပေါင်းပါဝင်လာ အောင်ဆောင်ရွက်မှုကို ကြိုဆိုပါတယ်။ ထောက်ခံပါတယ်။ သို့သော် အဲဒီပါဝင်မှုမှာ အရောင်အသွေးစုံ မဟုတ်ဘဲ အပြုသဘောနဲ့စိတ်ရင်းစေတနာ အမှန်နှင့်ဆောင်ရွက်မှုမျိုးကို ကျွန်တော်တို့ ပိုမိုကြိုဆိုကြ ရမှာဖြစ်ပါတယ်။ အရောင်အသွေးစုံဆိုတာ တစ်ဖက်အဖွဲ့အစည်းနှင့် တစ်ဖက်အဖွဲ့အစည်း ပါဝင် ပတ်သက်မှုကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးမှသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အထိ အကျိုးသက်ရောက်မှုရှိလာနိုင်သည့်အတွက် ပို၍ သတိထားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဆိုရှင်တင်ပြသွားသလို ၁၃-၂-၂၀၁၆ ရက်နေ့မှာ ကချင်ပြည်နယ်ရှိ ဘိန်းစိုက်ခင်းများကိုဖျက်ဆီးရန် အမျိုးသမီးထုအင်အား ၂၀၀၀ ကျော်အပါအဝင် မနေ့က ၂၄-၂-၂၀၁၆ ရက်နေ့မှာ ဘိန်းခင်းရှိရာသို့ သွားရောက်ကြရတော့မည်လို့ တင်ပြထားရှိသည်ကို တွေ့ရှိရ ပါတယ်။ အဖွဲ့အစည်းတစ်ခုမှ အထောက်အပံ့တချို့ပေးကာ ခေါ်ယူလှုပ်ရှားစေခဲ့တယ်ဆိုတဲ့ ပြင်ပသတင်း များဖြင့်လည်း ကြားသိနေရပါတယ်။ အဲဒီအဖွဲ့အစည်းကို နောက်ကွယ်မှ ပံ့ပိုးပေးတဲ့ အဖွဲ့အစည်းက ဘယ်သူဘယ်ဝါရှိတယ်ဆိုတာကိုလည်း တင်ပြပေးရမှာဖြစ်ပါတယ်။ သို့မဟုတ်ပါက လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုသည် မမျှော်မှန်းနိုင်တဲ့ အန္တရာယ်ပေါင်းများစွာ ပေါ်ပေါက်လာသည်ကို သတိပြု ထည့်တွက်စဉ်းစားကြရမှာဖြစ်ပါတယ်။ အထက်ကဆွေးနွေးထောက်ခံတဲ့ ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရ ၎င်းတို့အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာများရရှိကြောင်း စိတ်မကောင်းစွာ သတင်း ကြားသိရတဲ့အတွက် စဉ်းစားစီစဉ်ဆောင်ရွက်သင့်ကြောင်း ထောက်ခံတင်ပြ ဆွေးနွေးသင့်ပါတယ်။

အဆိုရှင်ရဲ့တင်ပြချက် ဒုတိယအပိုင်းကိုတော့ လှိုက်လှိုက်လှဲလှဲထောက်ခံပါကြောင်း တင်ပြလိုပါတယ်။ အဘယ့်ကြောင့်ဆိုသော် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေတောင်မှ တတ်နိုင်တဲ့ဖက်က ပံ့ပိုးကူညီပေး နေတာကို  အစိုးရအဖွဲ့အစည်းတစ်ရပ်အနေနဲ့ အပြည့် အဝကူညီပေးသင့်ပါတယ်။ ကူညီတယ်ဆိုတဲ့  နေရာမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အသက်ရှင်သန်ရပ်တည်သည့် တိုင်းရင်းသားပြည်သူများ အပါအဝင်ဖြစ်ပါတယ်။ သွားရောက်ဖျက်ဆီးမည့် ပြည်သူလူထုအဖွဲ့အစည်း တစ်စုတည်းကိုမဟုတ်ပါ။ ပါဝင်ပတ်သက်သည့် လူထုအားလုံး၊ အဖွဲ့အစည်းအားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ လူထုတစ်ရပ်လုံးကို ဒုက္ခပေးသည့် မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်စေဖို့ရန်အတွက် အဆိုရှင်တင်ပြသွားသလို အစိုးရ တစ်ခုတည်းနဲ့လုပ်လို့မရပါဘူး။ အခြားသောအဖွဲ့အစည်းတွေနဲ့လည်း လုပ်လို့မရပါဘူး။ အစိုးရ၊ ပြည်သူနှင့် လူမှုအဖွဲ့အစည်းအားလုံး တက်ညီလက်ညီနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် လျော့နည်းပပျောက် မည်ဖြစ်ကြောင်း ဝိုင်းမော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၏ အရေကြီး အဆိုကိုထောက်ခံရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီးကျော်သီဟ(တပ်မတော်သားကိုယ်စားလှယ်)။ ။ကျွန်တော်တို့နိုင်ငံသည် နယ်ချဲ့ ကိုလိုနီများ၏အစပျိုးမှုဖြင့် အခြေတည်ခဲ့သော မူးယစ်ဆေးဝါးဖြစ်သည့် ဘိန်းစိုက်ပျိုးမှုသည် ဘာသာရေး၊ လူမှုရေးအရ ဆိုးကျိုးကိုပေးသည့်အတွက် ဥပဒေများထုတ်ပြန်၍ တားမြစ်ဖမ်းဆီးအရေးယူခြင်းတို့ ဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန်ထိ ဘိန်းစိုက်ပျိုးမှုများ တွေ့ရှိ နေရဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်မှုအလှမ်းဝေးသည့်နေရာများ၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့်နေရာများ၊ ဖွံ့ဖြိုးမှုနောက်ကျ သည့်ဒေသများ၊ လုံခြုံရေးတည်ငြိမ်မှုမရှိသည့်နေရာများနှင့် လူသူ အရောက်နည်းသည့်  တောတောင် ထူထပ်သည့်နေရာများတွင် ဘိန်းများကိုစိုက်ပျိုးကြပါတယ်။ ထိုသို့ဘိန်းစိုက်ပျိုးမှုများကို ခေတ်အဆက် ဆက်အုပ်ချုပ်ခဲ့သည့် အစိုးရများမှမူဝါဒချမှတ်၍ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံချက်များဆောင်ရွက်ခဲ့ ပါတယ်။ ၁၉၉၉-၂၀၀၀ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှုပပျောက် ရေး(၁၅)နှစ် စီမံကိန်းချမှတ်၍ ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း ၂၀၁၄-၂၀၁၅ ခုနှစ် မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ စတုတ္ထ ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ်ဆောင်ရွက်ဆဲလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေး ကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်နေသလို ကမ္ဘာ့ကုလသမဂ္ဂနှင့်လည်းကောင်း၊ ဒေသတွင်း နိုင်ငံများနှင့်လည်းကောင်း၊ လူထုအဖွဲ့အစည်းများနှင့်လည်းကောင်း ချမှတ်ထားသည့်စီမံချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမူးယစ် ဗဟိုအဖွဲ့ဦးဆောင်မှုဖြင့် လူထုလှုပ်ရှားမှုအသွင် မူးယစ် ဆေးဝါးတိုက်ဖျက်ရေး အထူးလုပ်ငန်းစီမံချက်(ယင်းမာ)နှင့် ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းစီမံချက် အရ ဇုန်သုံးဇုန်ခွဲထားပြီး လုပ်ငန်းအဖွဲ့များ အလိုက်ခွဲဝေဆောင်ရွက်လျက်ရှိပါသည်။ သီးနှံများ အစားထိုး စိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၊ ကျောင်းသားလူငယ်များအား အသိပညာ ပေးရေးအဖွဲ့၊ ပြည်သူများအား အသိပညာပေးလှုံ့ဆော်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ပေးမှုကြောင့် UNODC ၏ ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် ဘိန်းစိုက်ဧရိယာ ၅၇၆၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၅၅၀၀၀ ဟက်တာအထိ ကျဆင်းခဲ့ပြီးကျဆင်းမှုမှာ ၄ ရာခိုင်နှုန်းအထိရှိကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာကို  ဖြေရှင်းရာမှာ  ၂၀၁၅ ခုနှစ်လွန်ကာလများအတွင်း လူမျိုးရေးကိုဦးစားပေး ချဉ်းကပ်မှု ပုံစံများ ပြောင်းလဲကျင့်သုံးလာခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ယင်းဒေသများရှိ ပြည်သူလူထုအနေနဲ့ ဆင်းရဲမှုပြဿနာများ၊ အာဟာရချို့တဲ့မှု၊ စားနပ်ရိက္ခာလိုအပ်မှု၊ ပညာရေး၊ ကျန်းမာရေးချို့တဲ့မှု၊ မူးယစ် ဆေးစွဲမှု၊ အစားထိုးသီးနှံစိုက်ပျိုးရန် သွင်းအားစုများ မလုံလောက်မှု၊ အစားထိုးသီးနှံများအတွက် ဈေးကွက်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်းအစရှိသည့် ပြဿနာများ ပေါ်ပေါက်နိုင်၍ ယင်းပြဿနာများကို လျော့ပါးစေရန်အတွက် ကူညီဆောင်ရွက်ပေးရန် လုပ်ငန်းစဉ်များ ရှိနေရမှာလည်းဖြစ်ပါတယ်။ ဘိန်းစိုက်တောင်သူများသည် စားဝတ်နေရေးအတွက်ကြောင့်သာ ဘိန်း စိုက်ပျိုးနေရခြင်းဖြစ်သဖြင့် ဘိန်းအစားထိုးသီးနှံများနှင့် ပတ်သက်၍လိုအပ်သည့် ကူညီပံ့ပိုး ဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အတွက် ဘိန်းစိုက် တောင်သူများအား လုံလောက်သည့် ထောက်ပံ့မှုများပေးခြင်းအပြင် လူနေမှုဘဝမြှင့်တင် ရေးအတွက် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့မှ ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ရမှာ လည်းဖြစ်ပါတယ်။ ဘိန်းခင်းများဖျက်ဆီးမှုသာရှိပြီး လုံလောက်သောထောက်ပံ့မှုများ မရှိပါက ဘိန်းစိုက်တောင်သူများသည် ယခုဖျက်ဆီးခံရသော်လည်း နောင်ကာလများတွင် ပြန်လည်စိုက်ပျိုး နေမည်ဖြစ်သဖြင့် သားစဉ်မြေးဆက် ဘိန်းစိုက်ပျိုး မှုသံသရာလည်ပတ်နေမှာလည်းဖြစ်ပါတယ်။

မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရန်နှင့် မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ်ကင်းစင်ဒေသ အခြေတည်တံ့စေရန် ယင်းဒေသများအတွင်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပဋိပက္ခမဖြစ်ပွားစေရေး ကူညီထောက်ပံ့ဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ပါတယ်။ စီမံကိန်းများ ဆောင်ရွက်ရာမှာ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုလျှော့ချရေး၊ ပပျောက်ရေးနှင့်အတူ တစ်ဖက်မှာ လည်း ယင်းဒေသများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဈေးကွက်ကိုထိန်းချုပ်ခြင်း၊ စည်းရုံးဆွေးနွေးဟောပြောခြင်း၊ ဥပဒေအကြောင်းအရ အရေးယူ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမှာလည်းဖြစ်ပါတယ်။ ပြည်သူလူထုအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအတွင်း တက်ကြွစွာပါဝင်လာသည်မှာ ကြိုဆိုရမှာဖြစ်သော်လည်း ကမ္ဘာ့ ကုလသမဂ္ဂနှင့် UNODC တို့မှ ချမှတ်သည့်မူဘောင်များ၊ နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်ဆဲ ဥပဒေတို့နှင့်အညီ လိုက်နာဆောင်ရွက်ပါက လုပ်ငန်းစဉ်များ ပိုမိုတိုးတက်အောင်မြင်လာမှာလည်း ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးသည့်ဒေသအတွင်း တိုင်းရင်းသားညီအစ်ကိုများ၏ လူမှုစီးပွားဘဝများ တိုးတက်လာကာ ဘိန်းကင်းစင်နယ်မြေများ အရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးရင်းနှင့် ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော်မဲဆန္ဒနယ်က တင်သွင်းထားသည့် အရေးကြီးအဆိုအား အပြုသဘောဆွေးနွေး အပ်ပါတယ်။

အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

          ဥက္ကဋ္ဌ။        ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အစီအစဉ်အရ ဒီအရေးကြီးအဆိုနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးနိုင် ရန်လည်း ကျွန်တော်တို့စီစဉ်ခဲ့ပါတယ်။ လာရောက်တဲ့အခါမှာလည်း နေရာချထားနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော်လည်း ယနေ့သက်ဆိုင်ရာပြည်ထောင်စု အဆင့်‌အဖွဲ့အစည်းဝင်ကလာရောက်ခြင်းမရှိတဲ့အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ အစီအစဉ်ကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ် ပါတယ်။ အဆိုရှင်ရဲ့ သဘောထားကိုပြောပါ။

ဦးလဂန်ဇယ်ဂျုံး(ဝိုင်းမော်မဲဆန္ဒနယ်)

 ယနေ့ကျွန်တော့်ရဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်အသီးသီးမှ ပါဝင်ထောက်ခံဆွေးနွေးသွားကြတဲ့ အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။ သို့သော် ယနေ့ဒီအချိန် ၉း၃၀၊ ၁၂း၁၅၊ ၁၂း၄၀ သတင်းအရ ဘိန်းခင်းတိုက်ဖျက်ရေး လက်နက်မဲ့လူထုအဖွဲ့အစည်းကို ဒေသခံအဖွဲ့အစည်းများမှ လက်နက်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်မျိုးစုံဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရရှိသူများရှိကြောင်းကို ဖုန်းသတင်းအရကြား သိရှိရပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်တဲ့ ဤတာဝန်ကိုလွှတ်တော်၏ အဆုံးအဖြတ် ကိုသာ လက်ခံရရှိမည်ဖြစ်ပါကြောင်း အဆိုတင်သွင်းတင်ပြအပ်ပါသည်။

ဦးလဂန်ဇယ်ဂျုံး (ဝိုင်းမော်မဲဆန္ဒနယ်) ၏  “မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတွင် ပြည်သူလူထု ပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ် ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဤလွှတ်တော်က တိုက်တွန်းကြောင်း အရေးကြီးအဆိုအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတတော် ဥက္ကဋ္ဌ။   ။ ဦးလဂန်ဇယ်ဂျုံး တင်သွင်းသွားတဲ့ အဆိုကို ကိုယ်စားလှယ် ၂၃ ဦးကဆွေးနွေးပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများကတော့ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းမရှိပါဘူး။ ဒီအဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်ရဲ့ သဘောထားရယူရန် စက်ခလုတ်အသုံးပြု၍ ဆန္ဒမဲပေးတဲ့ နည်းလမ်းဖြင့် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဆန္ဒမဲပေးဖို့အသင့် ဖြစ်စေလိုပါတယ်။ ဆန္ဒမဲပေးနိုင်ကြပါပြီ။

ယခုဆန္ဒမဲပေးလို့ပြီးပါပြီ။ ရရှိတဲ့ဆန္ဒမဲစာရင်းကိုကြေညာပါမယ်။ ထောက်ခံ ဆန္ဒမဲ ၃၉၈ မဲ၊ ကန့်ကွက် ဆန္ဒမဲ ၂ မဲ နှင့် ကြားနေဆန္ဒမဲ ၁၀ မဲဖြစ်ပါတယ်။ ထောက်ခံတဲ့ ကိုယ်စားလှယ်ဦးရေများတဲ့အတွက် ဦးလဂန်ဇယ်ဂျုံးတင်သွင်းတဲ့အဆိုကို လွှတ်တော်ကအတည်ပြုကြောင်းကြေညာပါတယ်။

တင်သွင်းသူ 
ဦးလဂန်ဇယ်ဂျုံး (ဝိုင်းမော်မဲဆန္ဒနယ်)
နေ့စွဲ 
Thursday, May 19, 2016