Law Database | Mail | English Version

ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်

အကျဉ်းချုပ်
ဤစာတမ်းတိုသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွှတ်တော်နှင့်စပ် လျဉ်းသော အချက်အလက် များကို နိုင်ငံတကာလွှတ်တော်များအားလေ့လာသည့် ကိုယ်စားလှယ်များကို အထောက်အကူပြုရန် အတွက်  ပြုစုတင်ပြ ထားပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်တွင်တည်ရှိပြီး လွှတ်တော်တစ်ရပ်သာရှိ၍ Parliament ဟုခေါ်ပါသည်။ တိုက်ရိုက်ရွေးကောက်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးနှင့် နိုင်ငံရေးပါတီများ၏ ရရှိသောမဲအရေအတွက်အလိုက် အချိုးကျခွဲဝေထားသည့်  အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၅၀ ဦး စုစုပေါင်းကိုယ်စားလှယ် ၃၅၀ ဦးဖြင့် လွှတ်တော်ကိုဖွဲ့စည်းထားပါသည်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၇၀ ဦး ပါဝင်ပြီး ၂၀ ရာခိုင်နှုန်း ဖြစ်ပါသည်။ လွှတ်တော် ၏သက်တမ်းမှာ ၅ နှစ်ဖြစ်ပါသည်။
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၄-၁၁-၁၉၇၂ ရက်နေ့တွင် အတည်ပြုခဲ့ ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၃၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၉၊ ၁၉၈၆၊ ၁၉၈၈၊ ၁၉၈၉၊ ၁၉၉၀၊ ၁၉၉၁၊ ၁၉၉၆၊ ၂၀၀၄၊ ၂၀၁၁ ခုနှစ်များတွင် ပြင်ဆင်ရေးဆွဲခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၂၀၁၁ ခုနှစ်အထိ စုစုပေါင်း ၁၅ ကြိမ် ပြင်ဆင်ခဲ့ပြီးဖြစ်ပါသည်။

နိဒါန်း
၁။    မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်တည်ရှိပြီး အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်၏ ဖွဲ့စည်းဆောင်ရွက်ပုံများကို နိုင်ငံတကာလွှတ်တော်များအား လေ့လာသည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် အထောက် အကူဖြစ်စေရန် ရေးသားတင်ပြ ရခြင်းဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်သမိုင်း
၂။    ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၆-၁၂-၁၉၇၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံလက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပထမဆုံးသော သံတမန်ဆက်ဆံရေး စတင်ခဲ့သည့်နိုင်ငံ များမှ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါသည်။  ၇-၁၂-၁၉၇၀ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကြီးကိုကျင်းပ၍ လွှတ်တော်အား ဖွဲ့စည်းခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်
၃။    ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်တွင်တည်ရှိပြီး လွှတ်တော်တစ်ရပ်သာရှိ၍ Parliament ဟုခေါ်ပါသည်။ တိုက်ရိုက်ရွေးကောက်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးနှင့် နိုင်ငံရေး ပါတီများ၏ ရရှိသောမဲအရေအတွက်အလိုက် အချိုးကျခွဲဝေထားသည့်  လွှတ်တော်အမျိုးသမီးကိုယ်စားလှယ် ၅၀ ဦး စုစုပေါင်းကိုယ်စားလှယ် ၃၅၀ ဦးဖြင့် လွှတ်တော်ကိုဖွဲ့စည်းထားပါသည်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၇၀ ဦး ပါဝင်ပြီး ၂၀ ရာခိုင်နှုန်းဖြစ်ပါသည်။ လွှတ်တော်၏ သက်တမ်း မှာ ၅ နှစ်ဖြစ်ပါသည်။

ရွေးကောက်တင်မြှောက်ခြင်းစနစ်
၎။    တိုက်ရိုက်ရွေးကောက်တင်မြှောက်သောစနစ်အား ကျင့်သုံးပါသည်။ မဲဆန္ဒနယ်မြေ ၃၀၀ နယ်မြေ ခွဲခြားထားပြီး မဲဆန္ဒနယ်တစ်ခုစီတွင် ကိုယ်စားလှယ်တစ်ဦးကျစီ ရွေးချယ်ပါသည်။ အထွေထွေရွေးကောက်ပွဲတစ်ခုနှင့် တစ်ခုကြားတွင် ကိုယ်စားလှယ်နေရာလစ်လပ်မှု ပေါ်ပေါက်ခဲ့ ပါက  ရက်ပေါင်း ၉၀ အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ၍ ပြန် လည်ဖြည့်သွင်း ရပါသည်။ ၁၀ ကြိမ်မြောက်ရွေးကောက်ပွဲအား ၁-၅-၂၀၁၄ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်တွင်ပါဝင်သော ပါတီများနှင့်ကိုယ်စားလှယ်အရေအတွက်
၅။    လွှတ်တော်တွင်ပါဝင်သောပါတီများနှင့်ကိုယ်စားလှယ်အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ပါတီအမည်

ကိုယ်စားလှယ်အရေအတွက်

၁။

Bangladesh Awami League (AL)

၂၇၃

၂။

Jatiya Party   

၄၀

၃။

Independents

၁၉

၎။

Bangladesh Workers Party

၅။

Jatiya Samajtantric Dal(JsD)   

၆။

Jatiya Party-JP

၇။

Bangladesh Tarikat Federation

၈။

Bangladesh Nationalist Front(BNF)

 

စုစုပေါင်း

၃၅၀

ဥပဒေပြုရေးအာဏာ
၆။    ဘင်္ဂလားဒေ့ရှ်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုခွင့်အာဏာရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။ လွှတ်တော်သည် ၎င်း၏ဥပဒေပြုခွင့်အာဏာကို အခြားသောအဖွဲ့အစည်း တစ်ခုသို့ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးသို့ဖြစ်စေ၊ ဥပဒေပြဋ္ဌာန်း၍အမိန့်ထုတ်ပြန်ခွင့်၊ နည်းဥပဒေပြုခွင့်၊ စည်းမျဉ်းစည်းကမ်းများပြဋ္ဌာန်းခွင့်၊ နောက်ဆက်တွဲဥပဒေများ သို့မဟုတ် အခြားသောဥပဒေကဲ့ သို့ အာဏာတည်သော အမိန့်ထုတ်ပြန်ခွင့်တို့ကို ခွဲဝေပေးနိုင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ
၇။    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ၄-၁၁-၁၉၇၂ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၃၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၉၊ ၁၉၈၆၊ ၁၉၈၈၊ ၁၉၈၉၊ ၁၉၉၀၊ ၁၉၉၁၊ ၁၉၉၆၊ ၂၀၀၄၊ ၂၀၁၁ ခုနှစ်များတွင် ပြင်ဆင် ရေးဆွဲခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၂၀၁၁ ခုနှစ်အထိ စုစုပေါင်း ၁၅ ကြိမ် ပြင်ဆင်ခဲ့ပြီးဖြစ်ပါသည်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပိုင်း ၁၁ ပိုင်းနှင့် အပိုဒ်  ၁၅၃ ပိုဒ် ပါဝင်ပါသည်။ အပိုင်း(၁)တွင် သမ္မတ၊ အပိုင်း(၂) တွင် နိုင်ငံမူဝါဒ ၏အခြေခံကျသောသဘောတရားများ၊ အပိုင်း (၃) တွင် အခြေခံအခွင့်အရေးများ၊အပိုင်း (၄) တွင် အုပ်ချုပ်ရေး၊ အပိုင်း (၅) တွင် ဥပဒေပြုရေး၊ အပိုင်း (၆) တွင် တရားစီရင်ရေး၊ အပိုင်း (၇) တွင် ရွေးကောက်ပွဲများ၊ အပိုင်း(၈)တွင် ငွေစာရင်းမင်းကြီးနှင့် စာရင်းစစ်ချုပ်၊ အပိုင်း(၉)တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ထမ်းဌာနများ၊ အပိုင်း (၁၀) တွင်  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း နှင့် အပိုင်း (၁၁)တွင် အထွေထွေတို့ပါဝင်ပါ သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဥပဒေပြုရေးဆိုင်ရာပြုလုပ်ပုံအဆင့်ဆင့်
၈။     ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဥပဒေပြုလုပ်ငန်းစဉ်အဆင့်ဆင့်အား အောက်ပါပုံပြဇယားဖြင့် တင်ပြအပ်ပါသည်-

   

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ
၉။    သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်သောအချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ရွေးကောက်တင်မြှောက်ပုံ။    အသက်၂၅နှစ်ပြည့်ပြီးသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တိုင်းသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါသည်။ လူမွဲစာရင်းကြေညာ ခြင်းခံထားရသူများ၊ လာဘ်စားမှုဖြင့် ၂ နှစ်ထက်ပို၍ထောင်ကျသူများ၊ စိတ်ပေါ့သွပ် သူများ၊ ပြည်ပနိုင်ငံသားအဖြစ်ခံယူထားသူများသည် ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရှိပါ။
(ခ)    ကျမ်းသစ္စာကျိန်ဆိုခြင်း။ လွှတ်တော်၏သက်တမ်းကာလသည် အစည်းအဝေး စတင်ကျင်းပသည့်နေ့တွင်စတင်ပြီး ကိုယ်စားလှယ်များ၏သက်တမ်းသည် ကျမ်း သစ္စာကျိန်ဆိုသည့်နေ့မှစ၍ စတင်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းကို လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ၎င်းမှတာဝန်ပေးအပ်သူ က ကြီးကြပ်၍ တာဝန်ယူဆောင်ရွက်ပေး ရပါသည်။ အကယ်၍ ဥက္ကဋ္ဌကပျက်ကွက် လျှင် ဒုတိယဥက္ကဋ္ဌက ကိုယ်စားဆောင်ရွက်ပေးရပါသည်။ ယခင်လွှတ်တော် ဥက္ကဋ္ဌ ဟောင်းနှင့် ဒုတိယဥက္ကဋ္ဌဟောင်းတို့သည် လွှတ်တော်ဥက္ကဋ္ဌအသစ်နှင့် ဒုတိယဥက္ကဋ္ဌ အသစ်တို့  တာဝန် မထမ်းဆောင်မီအချိန်ထိ တာဝန်ယူဆောင်ရွက်ပေးရပါသည်။ (မှတ်ချက်။ ရွေးကောက်ပွဲပြီးနောက် ကျမ်းကျိန်သော ကိစ္စရပ်များနှင့်ပတ်သက်၍ ဥက္ကဋ္ဌဟု သုံးနှုန်းလျှင် ယခင်ဥက္ကဋ္ဌဟောင်းကို ရည်ညွှန်းပါသည်။)
(ဂ)    လွှတ်တော်ကိုယ်စားလှယ်များ၏သက်တမ်း။        ရွေးကောက်ခံရသောလွှတ်တော် ကိုယ်စားလှယ်အသစ်များသည် လွှတ်တော်တွင်ကျမ်းသစ္စာကျိန်ဆိုခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သတ်မှတ်ထားသောစည်းမျဉ်းများအတိုင်း ယခင်လွှတ်တော် ဥက္ကဋ္ဌမှ ကျမ်းကျိန်ရန်စီစဉ်ပေးရပါသည်။  
(ဃ)    ကိုယ်စားလှယ်များ၏ရပိုင်ခွင့်နှင့်အခွင့်အရေးများ။         လွှတ်တော်ကိုယ်စားလှယ် များနှင့်လွှတ်တော်ကော်မတီ များတွင် အခွင့်အရေးများနှင့်  ကင်းလွတ်ခွင့်များရှိပါ သည်။ လွှတ်တော်၏တရားဝင်လုပ်ထုံး၊ လုပ်နည်းဆောင်ရွက်ချက်များကို မည်သည့် တရားရုံးကမှ မေးမြန်းခွင့်မရှိပါ။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည် လွှတ်တော်အတွင်း ၎င်းတို့နှင့်သက်ဆိုင်သော ဆွေးနွေးချက်များပြောကြားခြင်း၊ ဆန္ဒမဲပေးခြင်း သို့မဟုတ် ကော်မတီကိစ္စရပ်များ အတွက် တရားစွဲဆိုခံရခြင်းမှကင်း လွတ်ခွင့်ရှိပါသည်။ လွှတ်တော်၏လုပ်ထုံးလုပ်နည်းစည်းမျဉ်းများ၊ စီမံညွှန်ကြားမှု ကိစ္စရပ်များ ကိုဆောင်ရွက်ရန် အာဏာအပ်နှင်းခံထားရသော လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်အား မည်သည့် တရားရုံးက မဆိုတရားစွဲဆိုခြင်းအား ကင်းလွတ် ခွင့်ရှိပါသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည် ရာဇဝတ်ပြစ်မှုမှလွဲ၍ အခြားမည်သည့်အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းအဖွဲ့ဝင်အဖြစ် ပါဝင်သော ကော်မတီ အစည်းအဝေးတွင် လည်းကောင်း၊လွှတ်တော်အစည်းအဝေးမကျင်းပမီ နှင့် ကျင်းပပြီးသတ်မှတ် ကာလ အတွင်း၌ လည်းကောင်း ဖမ်းဆီးခွင့်မရှိပါ။ လွှတ်တော် အဆောက်အဦအတွင်းတွင်လည်း လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရဘဲ ဖမ်းဆီး ခွင့်မရှိပါ။ ထို့ပြင် ကိုယ်စားလှယ်တစ်ယောက်သည် မဲဆန္ဒနယ်မြေ ၂ ခု သို့မဟုတ် ၂ ခုထက်ပို၍ ကိုယ်စားပြုသော လွှတ်တော် အမတ်ဖြစ်ခွင့်မရှိပါ။ သို့သော် မဲဆန္ဒ နယ်မြေ အများဆုံး ၅ ခုထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါသည်။ အကယ်၍ မဲဆန္ဒနယ် မြေတစ်ခုထက်ပို၍အနိုင်ရရှိပါက ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၃၀ အတွင်း ၎င်းကိုယ်စားပြုရန်ဆန္ဒရှိသည့် မဲဆန္ဒနယ်မြေကြေညာချက်ကို ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးရပါသည်။ ထိုသို့ ကြေညာပြီးနောက် ၎င်းအနိုင် ရရှိသောကျန်မဲဆန္ဒနယ်မြေများသည် နေရာလပ်ဖြစ်သွားပါသည်။ ရက်ပေါင်း ၃၀ အတွင်း ကြေညာချက် လက်မှတ် မရေးထိုးလျှင် ၎င်းအနိုင်ရရှိသော မဲဆန္ဒနယ်မြေ အားလုံးကိုဆုံးရှံးနိုင်ပါသည်။ မဲဆန္ဒနယ်တစ်ခုထက် ပို၍အနိုင် ရရှိသော ရွေးကောက် ခံကိုယ်စားလှယ်တစ်ယောက်သည် လက်မှတ်ရေးထိုးကြေညာခြင်း မပြုမီ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခွင့်မရှိသေးပါ။
(င)    လွှတ်တော်ကိုယ်စားလှယ်များလိုက်နာရမည့်အချက်များ။               ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ယောက်သည် ကျမ်းသစ္စာမကျိန်ဆိုဘဲ လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်ဆောင်ရွက်ခွင့်မရှိပါ။ ယင်းအချက်နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ယောက်သည်  ကျမ်းသစ္စာမကျိန်ဆိုဘဲ လွှတ်တော်ဆိုင်ရာလုပ်ငန်းများလုပ်ကိုင်ခြင်း သို့မဟုတ် လွှတ်တော်တွင်မဲပေးခြင်းပြုလုပ်လျှင် ပြစ်ဒဏ်အဖြစ် တစ်ရက်လျှင် ဒဏ်ငွေ တာကာ ၁၀၀၀ နိုင်ငံတော်သို့ပေးဆောင်ရန် ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တစ်ယောက်သည် လွှတ်တော်တွင်ကျမ်းသစ္စာကျိန်ဆို ပြီးမှသာလျှင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် အမြန်ဆုံးကျမ်းသစ္စာ ကျိန်ဆိုရပါမည်။ ရက်ပေါင်း ၉၀ အတွင်း ကျမ်းသစ္စာကျိန်ဆိုရန်နှင့် ရက်ပေါင်း ၉၀ ထက်မကျော်လွန်ရပါ။ ခိုင်လုံသောအကြောင်းပြချက်များရှိ၍  လွှတ်တော်ဥက္ကဋ္ဌ ကရက်ပေါင်း ၉၀ ထက် ပို၍ခွင့်ပြုထားခြင်းမှအပ ရက်ပေါင်း ၉၀ အတွင်း    ကျမ်းသစ္စာကျိန်ဆိုရန် ပျက်ကွက်ပါကလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆုံးရှုံးနိုင်ပါသည်။  

လွှတ်တော်ဥက္ကဋ္ဌ
၁၀။    အထွေအထွေရွေးကောက်ပွဲပြီးသည့်နောက် ပထမဆုံးသော လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအား လွှတ်တော်မှလုပ်ထုံးလုပ်နည်းစည်းမျဉ်းများအတိုင်း ရွေးကောက်တင်မြှောက် ပါသည်။ အသစ်ရွေးချယ်ခံရသောဥက္ကဋ္ဌသည် အစည်းအဝေးခေတ္တရပ်နားချိန်တွင် ၎င်း၏ရုံးခန်း ၌ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လွှတ်တော်တာဝန်များအားစတင်ထမ်းဆောင်ပါသည်။  လွှတ်တော် ဥက္ကဋ္ဌမှာ Ms. Dr. Shirin Sharmin Chaudhury နှင့် ဒုတိယဥက္ကဋ္ဌမှာ  Mr. Md. Fazle Rabbi Miah ဖြစ်ပြီးအထွေထွေအတွင်းရေးမှူးမှာ Mr. Md. Ashraful Moqbul ဖြစ်ပါသည်။  

လွှတ်တော်ဥက္ကဋ္ဌ၏လုပ်ငန်းတာဝန်များ
၁၁။    လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)    လွှတ်တော်ဆိုင်ရာလုပ်ငန်းများအားကြီးကြပ်ခြင်း
(၁)    လွှတ်တော်ကိုယ်စားလှယ်များ သို့မဟုတ် ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆိုခြင်းကို စီမံခန့်ခွဲပေးခြင်း၊
(၂)    ကိုယ်စားလှယ်လောင်းများသည် ရက်ပေါင်း ၉၀ အတွင်းကျမ်းသစ္စာကျိန်ဆို ရန်အတွက် စီမံဆောင်ရွက်ခြင်းနှင့် ခိုင်လုံသည့် အကြောင်းပြချက်ရှိပါက ရက်ပေါင်း ၉၀ ထက် ကျော်လွန်ခွင့်ပြုရေးအတွက် ဆုံးဖြတ်ဆောင်ရွက် ခြင်း၊
(၃)    လွှတ်တော်တွင်းပါဝင်သော ပါတီများ၏ခေါင်းဆောင်မှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာပါက ပြဋ္ဌာန်းဥပဒေပုဒ်မ ၇၀ ပုဒ်မခွဲ ၂ အရ အဆုံးအဖြတ်ပေးခြင်းနှင့် သဘောထားကွဲလွဲမှုကို မဲခွဲဆုံးဖြတ်ပေး ခြင်း၊
(၄)    သေဆုံးသူ၊ နုတ်ထွက်သူ၊ ရက်ပေါင်း ၉၀ အတွင်း ကျမ်းသစ္စာကျိန်ဆိုရန် ပျက်ကွက်သူ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုသည့်ကာလထက်ကျော် လွန်၍ ကျမ်းသစ္စာကျိန်ဆိုရန်ပျက်ကွက်သူ၊ လွှတ်တော်ကျင်းပနေစဉ် ရက် ပေါင်း ၉၀ ဆက်တိုက် ပျက်ကွက်နေသူများနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်နေရာလစ်လပ်ကြောင်း လွှတ်တော် အုပ်ချုပ်ရေး အဖွဲ့မှ ကြေညာရန်ဆောင်ရွက်ခြင်း၊
(၅)    လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည်နှုတ်ထွက်လျှင် သို့မဟုတ် ၎င်း အားကိုယ်စားလှယ်အဖြစ်သတ်မှတ်သော ပါတီမှ ထုတ်ပယ်လျှင် သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရန် အရည်အချင်းနှင့်ကိုက်ညီမှု မရှိကြောင်းတွေ့ရှိရလျှင် ထိုလွှတ်တော်ကိုယ်စားလှယ်၏ နေရာလစ်လပ် ကြောင်း လွှတ်တော်အုပ်ချုပ်ရေးအဖွဲ့သို့ အကြောင်းကြားခြင်း၊ အကယ်၍ အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ အငြင်းပွားမှုများပေါ်ပေါက်နေပါက ထိုပြဿနာကို ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဆုံးဖြတ်နိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လွှဲပြောင်းပေးခြင်း၊
(၆)    လွှတ်တော်အတွင်းအတည်ပြုဆုံးဖြတ်သော ဥပဒေများကို နိုင်ငံတော်သမ္မတ ၏သဘောတူညီချက်ရရှိရန်အတွက် တာဝန်ခံ၍ပေးပို့ခြင်း၊ ဥပဒေကြမ်းတစ်ခုသည် ငွေကြေးဆိုင်ရာဥပဒေဖြစ်ကြောင်း၊လွှတ်တော်ဥက္ကဋ္ဌမှဆုံးဖြတ်လျှင် ၎င်းဥပဒေ ကို အခြားမည်သည့်တရားရုံးတွင်မှ ပြောင်းလဲနိုင်ခွင့်မရှိခြင်း၊လွှတ်တော်တွင်းဆွေးနွေးမည့် အကြောင်းအရာ များနှင့် ပတ်သက် ၍ ဦးစားပေးအစီအစဉ်သတ်မှတ်ခြင်း၊
(၇)    လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များသာ ဝင်ရောက်နိုင်သည့် နေရာများသို့ ဝင်ခွင့်နှင့်ပတ်သက်၍ ကြီးကြပ် ကွပ်ကဲရန် တာဝန်ရှိခြင်း၊
(၈)    လွှတ်တော်၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍သော်လည်းကောင်း၊ လွှတ်တော်ကော်မတီများ၏ လုပ်ငန်း တာဝန်များနှင့်ပတ်သက်၍သော်လည်း ကောင်း၊ လုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားခြင်းမရှိသော ဖြစ်စဉ်များ ပေါ်ပေါက်လာပါက ဆုံးဖြတ်ပေးခြင်း၊

    (ခ)    အစည်းအဝေးဆိုင်ရာလုပ်ငန်းတာဝန်များ
(၁)    ဆွေးနွေးချိန်များကိုသတ်မှတ်ပေးခြင်း၊ လုပ်ထုံးလုပ်နည်းများအရ ကြိုတင် သတ်မှတ်ထားသော အကြောင်းအရာ များမှ လွဲ၍ ကျန်သော အကြောင်းအရာ များအတွက် ဆွေးနွေးချိန်ကိုသတ်မှတ်ခြင်း၊ ဆွေးနွေးမည့်အကြောင်းအရာ အ လိုက် ဆွေးနွေးမည့် သူများ၏အချိန်ကို သတ်မှတ်ပေးခြင်း၊
(၂)    ဘတ်ဂျက်နှင့်ပတ်သက်၍ လိုအပ်ပါက ဆွေးနွေးမှုမပြုဘဲ မဲခွဲဆုံးဖြတ်ရန် ဆောင်ရွက်ခြင်း၊
(၃)    သမ္မတထံမှပြန်လည်ပေးပို့လာသောဥပဒေကြမ်းကို ပြန်လည်ဆွေးနွေးရန် နှင့် သဘောတူညီချက်ရယူရန် လွှတ်တော် တွင်ဖတ်ကြားတင်ပြခြင်းနှင့် အကယ်၍ လွှတ်တော်ရပ်နားနေချိန်ဖြစ်လျှင် နောက်တစ်ကြိမ်ကျင်းပသည့် လွှတ်တော်၏ ပထမဦးဆုံးရက်တွင် တင်ပြနိုင်ရန် ဆောင်ရွက်ခြင်း၊
(၄)    လွှတ်တော်နှင့်မသက်ဆိုင်သော စကားလုံးများကို ပယ်ဖျက်ခြင်း၊
(၅)    အရေးကြီးကော်မတီ (၄) ခု၏ ကော်မတီဝင်အမည်စာရင်းကို လွှတ်တော် သို့တင်သွင်းခြင်းနှင့် လွှတ်တော် လုပ်ငန်းများအကြံပေးကော်မတီ(Business Advisory Committee)နှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာကော်မတီ (Committee on Rules of Procedure) ကဲ့သို့သော အရေးကြီးကော်မတီ ၂ ခုတွင် ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊
(၆)    မေးခွန်းများ၊ ဆုံးဖြတ်ချက်များ၊ အသနားခံစာများ၊ အထူးအခွင့်အရေး ဆိုင်ရာမေးခွန်းများ၊ ဆွေးနွေးချက်အကျဉ်းများ၊ နာရီဝက်ဆွေးနွေးချက် များ၊ လွှတ်တော်ရပ်နားရန်အဆိုပြုချက်များ၊ သတိပြုရန်အဆိုပြုချက်များနှင့် အခြားသောလွှတ်တော်တွင် ဆွေးနွေးရန်တင်ပြချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊

    (ဂ)    လွှတ်တော်ဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့်
(၁)    သမ္မတနေရာယာယီလစ်လပ်စဉ်နှင့် သမ္မတရွေးကောက်တင်မြှောက်နေစဉ် အတွင်း သမ္မတ၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း၊
(၂)    ဝန်ကြီးဌာနများနှင့်ပတ်သက်သော အမြဲတမ်းကော်မတီတစ်ခု၏ဥက္ကဋ္ဌ သည် လုပ်ထုံးလုပ်နည်းအရသတ်မှတ်ထားသော အချိန်အတွင်းတွင် အစည်းအဝေးခေါ်ယူရန် ပျက်ကွက်လျှင် လွှတ်တော်ဥက္ကဋ္ဌမှ တိုက်ရိုက် အစည်းအဝေးခေါ်ယူနိုင်ခြင်း၊
(၃)    လွှတ်တော်ပြင်ပတွင် လွှတ်တော်ကော်မတီ၏အစည်းအဝေးများ ကျင်းပ နိုင်ရန် ခွင့်ပြုပေးခြင်း၊
(၄)    စာရွက်စာတမ်းတစ်ခုသည် လွှတ်တော်ကော်မတီတစ်ခုသို့တင်ပြရန် လိုအပ်မှု  ရှိ၊ မရှိ နောက်ဆုံးဆုံးဖြတ်ချက်ပေးခြင်း၊
(၅)    လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ဖမ်းဆီးလျှင်သော်လည်းကောင်း၊ ဖမ်းဆီးမှုမှပြန်လွတ်လျှင်သော်လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌသို့အကြောင်း ကြားရန်လိုအပ်ခြင်း၊
(၆)    လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်အတွင်းမဖွယ်မရာ ရုန်းရင်း ဆန်ခတ်ပြုမူလျှင် ၎င်းလွှတ်တော် ကိုယ်စားလှယ်အား လွှတ်တော်အတွင်း မှထွက်ခွာသွားရန် နှင်ထုတ်ခွင့်ရှိခြင်းနှင့် ၎င်းအားဥပဒေအရ အရေးယူနိုင် ခြင်း တို့ဖြစ် ပါသည်။  

လွှတ်တော်ပုံမှန်အစည်းအဝေး
၁၂။    အထွေထွေရွေးကောက်ပွဲရလဒ်များကို တရားဝင်ကြေညာပြီးသည့်နောက် ရက်ပေါင်း ၃၀ အတွင်းလွှတ်တော်ကို ကျင်းပရန်ဆင့်ခေါ်ရပါသည်။ ဝန်ကြီးချုပ်က လွှတ်တော်ဥက္ကဋ္ဌထံလွှတ်တော် အစည်းအဝေးကျင်းပရန် စာရေးအကြောင်းကြား လျှင် လွှတ်တော်ဥက္ကဋ္ဌကအစည်းအဝေးကျင်းပ ရန် တိကျသောအချိန်နှင့်နေရာကို သတ်မှတ်ပေးရပါသည်။ ပထမဦးဆုံး အစည်းအဝေးစတင်ပြု လုပ်သည့်နေ့မှစ၍ နောက်ဆုံးရက်အထိ ပုံမှန်အစည်းအဝေးကာလဟု သတ်မှတ်ပါသည်။ အစည်း အဝေးတွင် ဆွေးနွေးမည့်အစီအစဉ်များကို လွှတ်တော်ဥက္ကဋ္ဌ၏အတည်ပြုချက်ဖြင့်  လွှတ်တော် ညွှန်ကြားရေးမှူးချုပ် က ပြင်ဆင်ရပါသည်။ ပြင်ဆင်ထားသည့် အစည်းအဝေးအစီအစဉ်မိတ္တူ များကို  အစည်းအဝေးမစတင်မီညဘက်၌ ဒါကာမြို့တွင်နေထိုင်သော လွှတ်တော် ကိုယ်စားလှယ် များထံကြိုတင်ဖြန့်ဝေထားရပါသည်။ အစိုးရဆိုင်ရာကိစ္စရပ်များအား တနင်္ဂနွေနေ့မှစ၍ ၄ ရက် ကြာဆွေးနွေးဆောင်ရွက်ပြီး ၅ ရက်မြောက်နေ့ လွှတ်တော်ကိုယ်စားလှယ်များနေ့တွင် လွှတ်တော် ကိုယ်စားလှယ်များဆိုင်ရာကိစ္စရပ်များကိုဦးစားပေးဆောင်ရွက်ပါသည်။ အကယ်၍ကြာသပတေး နေ့တွင် ဘတ်ဂျက်ကဲ့သို့ အရေးကြီးသော အစိုးရဆိုင်ရာကိစ္စရပ်များရှိလျှင်လည်း အစိုးရ၏ရက် များထဲမှတစ်ရက်အား လွှတ်တော် ကိုယ်စားလှယ်များနေ့ အဖြစ် ပြန်လည်သတ်မှတ်ပေးပါသည်။ အရေးကြီးသော ကိုယ်စားလှယ်များဆိုင်ရာ ကိစ္စရပ်များဖြစ်သောမေးခွန်းများ၊ သတိပေးချက်များ၊ ရပိုင်ခွင့် အတွက်မေးခွန်း များ၊ ဆွေးနွေးချက် အတိုများ၊ ရွှေ့ဆိုင်း အဆိုတင်ပြချက်များနှင့် အခြား ကိစ္စရပ်များအား ရက်သတ္တပတ် အားလုံး သို့မဟုတ် အစိုးရကိစ္စရပ်များဆွေးနွေးဆောင် ရွက်သော နေ့တွင်ဆွေးနွေးပါသည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သော ဝန်ကြီးတစ်ယောက်သည် လွှတ်တော်တွင် မဲပေးခွင့်မရှိရုံသာမက ၎င်းဝန်ကြီးဌာနနှင့်မသက်ဆိုင်သောကိစ္စရပ်များကို ပြောကြား ခွင့်မရှိပါ။ လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်ကာလအတွင်း လက်ရှိအစည်းအဝေးတက် ရောက်သော ကိုယ်စားလှယ် ၆၀ ဦးအောက်လျော့နည်းလျှင် အစည်း အဝေးကို တာဝန်ယူဆောင်ရွက် နေသောဥက္ကဋ္ဌ သို့မဟုတ် သဘာပတိကအစည်းအဝေးကိုဆိုင်းငံ့ခြင်းနှင့် ယာယီရွှေ့ဆိုင်းခြင်းပြု လုပ်နိုင်ပါသည်။ ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေးရပ်ဆိုင်းရန် လွှတ်တော်ဥက္ကဋ္ဌထံ စာရေး အကြောင်းကြားပါက လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးကိုပြီးဆုံးခြင်းမဟုတ်ဘဲ  ရပ်နားနိုင်ပါ သည်။

သဘာပတိအဖွဲ့ဖွဲ့စည်းခြင်း
၁၃။    အစည်းအဝေးတစ်ကြိမ်စီ၏အစတွင် လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ကိုယ်စားလှယ် များထဲမှ ၅ ဦးထက်မပိုသော သဘာပတိအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ၎င်းတို့၏အမည်များကို အခြားသူများထက်ပို၍ ဦးစားပေးရေးသွင်းရပါသည်။ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ၂ ဦးစလုံး အစည်းအဝေးမတက်ရောက်နိုင်လျှင် သဘာပတိအဖွဲ့၏ထိပ်ဆုံးနာမည်စာရင်းရှိသူက သဘာပတိ အဖြစ် တာဝန်ယူဆောင် ရွက်ရပါသည်။

 
ဝန်ကြီးချုပ်ခန့်အပ်ခြင်းနှင့် အစိုးရအဖွဲ့ဖွဲ့စည်းခြင်း
၁၄။    လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ကိုယ်စားလှယ်အများစု၏ ထောက်ခံချက်ရရှိသော ကိုယ်စားလှယ်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရမည်ဖြစ်သောကြောင့်အစိုးရအသစ်ဖွဲ့စည်းရန်အတွက် ကျမ်းသစ္စာကျိန်ဆိုခြင်းသည် အရေးကြီး ပါသည်။ ကိုယ်စားလှယ်များသည် ကျမ်းသစ္စာကျိန်ဆို ပြီးနောက် ၎င်းတို့နှင့်သက်ဆိုင်သောပါတီ သို့မဟုတ် အုပ်စု အဖွဲ့ခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်ရပါသည်။ အကယ်၍ပါတီတစ်ခုသည် အထွေထွေရွေးကောက်ပွဲ ၌ နေရာ အများဆုံး အနိုင်ရရှိလျှင် လွှတ်တော်ဥက္ကဋ္ဌသည်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန်အတွက် လွှတ်တော်တွင် မဲအများဆုံး ရရှိသော ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ရန် လွယ်ကူပါသည်။ အစိုးရ အဖွဲ့အား အနိုင်ရပါတီမှ ၉၀ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရပါ သည်။
၁၅။    ယခင်လွှတ်တော်၏ဥက္ကဋ္ဌဟောင်းသည် လွှတ်တော်အသစ်၏ပထမအကြိမ် အစည်းအဝေး မစတင်မီ အစိုးရ အဖွဲ့ဖွဲ့စည်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များထဲမှအာဏာရပါတီက ရွေး ချယ်တင်မြှောက်သော   အတိုက်အခံခေါင်းဆောင် ၂ ယောက်ကို အသိအမှတ်ပြု ခွင့်ပြုပေးရပါ သည်။ ထိုကဲ့သို့ခန့်အပ်ခြင်းသည် ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုပြီးမှ ခန့်အပ်ရမည်ဖြစ် ပြီး ခန့်အပ်ပြီးနောက် အစိုးရပြန်တမ်းတွင် တရားဝင်ထည့် သွင်းကြေညာပေးရပါသည်။  

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များတင်မြှောက်ပုံ
၁၆။    ယခင်ကဖွဲ့စည်းပုံအခြေခံဥပဒေအရ အစည်းအဝေးမစတင်မီ လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များသည် သီးသန့်ဖယ်ထားသောအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၃၀ နေရာ အတွက် မဲပေးရပါသည်။ ယင်းရွေးကောက်ပွဲ တွင် ရွေးကောက်ခံကိုယ်စားလှယ်များ မဲပေးခွင့် မရှိပါ။ သို့ရာတွင် အမျိုးသမီးရာထူးနေရာများမှာ ယှဉ်ပြိုင်ရွေးချယ်မှုပြုရလေ့ မရှိပါ။ အာဏာရ ပါတီမှသာ ၎င်းနေရာအားလုံးကို ရယူလေ့ရှိပါသည်။ တစ်ခါတစ်ရံ အခြားသောပါတီများအား ၂ နေရာ သို့မဟုတ်  ၃ နေရာ ခွဲဝေပေးလေ့ရှိပါသည်။ ထိုအစီအစဉ်သည် သတ္တမအကြိမ်မြောက် လွှတ်တော်ရပ်နားပြီးချိန်တွင် ကုန်ဆုံးခဲ့ပါသည်။ သို့သော် ၂၀၀၄ ခုနှစ် အဋ္ဌမအကြိမ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၅ နေရာ သတ်မှတ်ခဲ့ပါသည်။ ထိုသို့သတ်မှတ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၄ ကြိမ်မြောက် ပြင်ဆင် ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။  ထိုဥပဒေကို ၁၀ နှစ်ခန့်ကျင့်သုံးခဲ့ပြီး နဝမအကြိမ် မြောက်လွှတ်တော်မှစတင်၍ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပါတီများ၏ ရရှိသော မဲအရေအတွက်အလိုက် အချိုးကျခွဲဝေပေးခဲ့ပါသည်။  ၂၀၁၁ခုနှစ် ဇွန်လ ၃၀ရက်နေ့ တွင် ပြင်ဆင်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အမျိုးသမီးကိုယ်စားလှယ် ၄၅ ယောက်အား ၅၀ ယောက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

ကော်မတီများ
၁၇။    ဘင်္ဂလားဒေ့ရှ်လွှတ်တော်ကော်မတီအဖွဲ့အစည်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လုပ်ထုံး လုပ်နည်း ဥပဒေများမှ ပေါ်ပေါက်လာပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၆ အရ ပြဋ္ဌာန်း ထားသော အမြဲတမ်းကော်မတီ များသည် အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ပြည်သူ့ငွေစာရင်းကော်မတီ (Public Accounts Committee)၊
(ခ)    လွှတ်တော်အခွင့်အရေးကော်မတီ (Committee on Privileges)၊
(ဂ)    လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများအရ လိုအပ်သော အခြားကော်မတီများ (Such other standing committees as the Rules of Procedure of the Parliament require)တို့ဖြစ်ပါသည်။
၁၈။    လုပ်ထုံးလုပ်နည်းအရ အမြဲတမ်းကော်မတီအချို့ကို လွှတ်တော် သို့မဟုတ် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation, PR) အရ ရွေးကောက်တင်မြှောက်ပြီး ဥက္ကဋ္ဌမှ အမည်စာရင်းတင်သွင်းပေးသောအဖွဲ့ဝင်များမှ ရွေးချယ်ရပါသည်။ ကော်မတီသည် ပြဋ္ဌာန်း ထားသော လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီဆောင်ရွက်ပြီး လွှတ်တော်နှင့်ဥက္ကဋ္ဌထံသို့ တင်ပြ ရပါသည်။ ကော်မတီ၏သက်တမ်းမှာ ၅ နှစ်ဖြစ်ပါသည်။ သို့သော် လွှတ်တော်က ယင်းကော်မတီ များကို မလိုအပ်လျှင် ဖျက်သိမ်းနိုင်ပါသည်။ လုပ်ထုံးလုပ်နည်းဥပဒေအရ ပြဋ္ဌာန်းထားသော ကော်မတီများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    လွှတ်တော်လုပ်ငန်းများဆိုင်ရာအကြံပေးကော်မတီ (Business Advisory Committee)၊
(ခ)    လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေကြမ်းနှင့် လွှတ်တော်ဆုံးဖြတ်ချက်များ ဆိုင်ရာကော်မတီ (Committee on Private Members’ Bills and Resolutions)၊
(ဂ)    အထူးကိစ္စရပ်များဆိုင်ရာကော်မတီ (Select Committee)၊
(ဃ)    အသနားခံစာကော်မတီ (Committee on Petitions)၊
(င)    ပြည်သူ့ငွေစာရင်းကော်မတီ (Committee on Public Accounts)၊
(စ)    ခန့်မှန်းခြေစာရင်းများဆိုင်ရာကော်မတီ (Committee on Estimates)၊
(ဆ)    ပြည်သူသို့အာမခံချက်များဆိုင်ရာကော်မတီ(Committee on Public Undertakings)၊
(ဇ)    လွှတ်တော်အခွင့်အရေးကော်မတီ (Committee on Privileges)၊
(ဈ)    အစိုးရ၏အာမခံချက်များဆိုင်ရာကော်မတီ (Committee on Government Assurances)၊
(ည)    လွှတ်တော်အုပ်ချုပ်မှုဆိုင်ရာကော်မတီ (House Committee)၊
(ဋ)    စာကြည့်တိုက်ကော်မတီ (Library Committee)၊
(ဌ)    လုပ်ထုံးလုပ်နည်းများဆိုင်ရာအမြဲတမ်းကော်မတီ (Standing Committee on Rules of Procedure)၊
(ဍ)    အထူးကော်မတီ (Special Committee)၊
(ဎ)    ဝန်ကြီးဌာနအသီးသီး၏ ကော်မတီများ (Committees on each Ministry)  တို့ဖြစ်ပါသည်။
၁၉။    သတ္တမအကြိမ်မြောက်လွှတ်တော်တွင် ကော်မတီပေါင်း ၄၆ ခု၊  အဋ္ဌမအကြိမ်မြောက် လွှတ်တော်တွင် ကော်မတီပေါင်း ၄၈ ခုနှင့်  နဝမအကြိမ်မြောက်လွှတ်တော်တွင် ကော်မတီပေါင်း ၅၁ ခုရှိပါသည်။

ကော်မတီများ၏လုပ်ပိုင်ခွင့်များ
၂၀။    ကော်မတီများ၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ကော်မတီများသည် လိုအပ်သောသက်သေများကို လွှတ်တော်အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲမှ ဆင့်ခေါ်နိုင်ခြင်း၊
(ခ)    ကော်မတီသို့တင်သွင်းသော သက်သေခံအထောက်အထားနှင့်ပတ်သက်၍ လျှို့ဝှက် သို့မဟုတ် အတွင်းရေးအဖြစ်ကော်မတီမှ သတ်မှတ်နိုင်ခြင်း၊
(ဂ)    ကော်မတီသို့ တင်သွင်းပြီးသော စာရွက်စာတမ်းတစ်ခုကို ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ ပြန်လည် ရုပ်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုလုပ်ခွင့်မရှိခြင်း၊
(ဃ)    ကော်မတီသည် လူပုဂ္ဂိုလ်များအားကော်မတီ၏ရှေ့မှောက်သို့လာရောက်ထွက်ဆို ချက် ပေးရန်သော်လည်းကောင်း၊ စာရွက်စာတမ်းများအား သက်သေအဖြစ် တင် သွင်းရန်သော်လည်းကောင်း ဆင့်ဆိုနိုင်ခွင့်ရှိခြင်း၊
(င)    အကယ်၍ လူပုဂ္ဂိုလ်တစ်ဦးသည်လည်းကောင်း၊ စာရွက်စာတမ်းတစ်ခုသည်လည်း ကောင်း ကော်မတီ၏ရှေ့မှောက်သို့တင်သွင်းရန်လိုအပ်မှု ရှိ/မရှိ အငြင်းပွားမှု ပေါ်ပေါက်ခဲ့လျှင် လွှတ်တော်ဥက္ကဋ္ဌထံသို့တင်ပြ၍ နောက်ဆုံးဆုံးဖြတ်ချက်ကို နာခံနိုင်ခြင်း၊
(စ)    စာရွက်စာတမ်းတစ်ခုအား ကော်မတီ၏ရှေ့မှောက်သို့တင်သွင်းရန်အတွက် နိုင်ငံ တော်၏လုံခြုံရေးနှင့်နိုင်ငံတော်၏အကျိုးစီးပွားထိခိုက်နိုင်ခြင်းဟူသောအကြောင်း ပြချက်ဖြင့် အစိုးရအဖွဲ့မှ ငြင်းဆိုနိုင်ခြင်း၊
(ဆ)    ကော်မတီတစ်ခုသည် ၎င်း၏လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ဆုံးဖြတ်ပိုင် ခွင့်ရှိခြင်း၊ ကော်မတီတစ်ခုသည် လိုအပ်လျှင်ကျွမ်းကျင်သူပညာရှင်များထံမှ အကြံ ဉာဏ် နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရယူနိုင်ခြင်း၊
(ဇ)    ကော်မတီအစည်းအဝေးများတွင် ပေါ်ပေါက်လာသည့် အငြင်းပွားမှုများနှင့်ပတ် သက်၍ တက်ရောက်သည့် ကော်မတီဝင်များ၏ အများဆန္ဒဖြင့် မဲခွဲဆုံးဖြတ်နိုင်ခြင်း တို့ဖြစ်ပါသည်။

လွှတ်တော်တွင်ဘတ်ဂျက်ဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ပုံ
၂၁။    ဘတ်ဂျက်လုပ်ငန်းစဉ်များကို အောက်ပါအတိုင်းဆောင်ရွက်ပါသည်-
    (က)    ဘတ်ဂျက်တင်သွင်းခြင်းနှင့် ဘဏ္ဍာရေးဥပဒေကြမ်း
        (၁)    ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်တွင် ဖတ်ကြားတင်သွင်းခြင်း၊
        (၂)    ဘတ်ဂျက်တွင်ပါဝင်သောအချက်များကို ယေဘုယျဆွေးနွေးခြင်း၊
        (၃)    ဆွေးနွေးမှုများအပြီးတွင် ဘဏ္ဍာရေးဝန်ကြီးကရှင်းလင်းတင်ပြခြင်း၊
(၄)    ဘဏ္ဍာရေးဝန်ကြီးက အစိုးရ၏ စည်းကြပ်ခွန်လျာထားချက်များပါဝင်သော ဘဏ္ဍာရေးဥပဒေကြမ်းကို ဖတ်ကြားရှင်းလင်းခြင်း၊
    (ခ)    အသုံးစာရင်းများတင်ပြတောင်းခံခြင်း
(၁)    အသုံးစာရင်းများခွဲဝေချထားခြင်းနှင့်ပတ်သက်၍ဆွေးနွေးခြင်း၊
(၂)    အခြားရပိုင်ခွင့်အသုံးစရိတ်များ တောင်းခံမှုအပေါ်တွင် မဲပေးခြင်းနှင့် ဆွေးနွေးခြင်း၊
(၃)    လွှတ်တော် ဥက္ကဋ္ဌက အသုံးစရိတ်တောင်းခံမှုများနှင့်ဆက်စပ်သော ကိစ္စရပ် များအတွက် လိုအပ်သောမေး ခွန်းများ မေးမြန်းခြင်း၊
(ဂ)    လွှတ်တော်မှမဲခွဲဆုံးဖြတ်ခွင့်ပြုပြီးသောအသုံးစရိတ်များကိုနိုင်ငံတော်၏ ငွေစာရင်း မှ ခွဲဝေချထားပေးရေးအတွက် အသုံးစရိတ်ဥပဒေကြမ်းကို တင်သွင်းခြင်း၊ အသုံး စရိတ်ဥပဒေကြမ်းကို ကော်မတီတစ်ခုခုအား သီးခြားညွှန်ကြား တာဝန်မပေးထား လျှင် အခြားသောဥပဒေကြမ်းများတင်သွင်းသည့် နည်းလမ်းအတိုင်းဆောင်ရွက် ပါသည်။
နိဂုံး
၂၂။    ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်သည် မြန်မာနိုင်ငံကဲ့သို့ပင် တိုက်ရိုက်ရွေးကောက်တင် မြှောက်သောစနစ်အား ကျင့်သုံး ပါသည်။ မြန်မာနိုင်ငံလွှတ်တော်နှင့်မတူညီဘဲ ကွဲပြားခြားနား သော အောက်ပါအချက်များကို ကျင့်သုံးနေကြောင်း တွေ့ရှိ ပါသည်-
(က)    အစည်းအဝေးတစ်ကြိမ်စီ၏အစတွင်လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ကိုယ်စား လှယ်များထဲမှ ၅ ဦးထက် မပိုသော သဘာပတိအဖွဲ့ကို ဖွဲ့စည်းရပြီး  အမည်များကို ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအမည်မှစ၍အစီအစဉ်အလိုက်ရေးသွင်းရပါသည်။ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ ၂ ဦးစလုံး အစည်းအဝေးမတက်ရောက်နိုင်လျှင် သဘာပတိ အဖွဲ့၏ ထိပ်ဆုံးနာမည်စာရင်းရှိသူက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ရ ပါသည်။
(ခ)    ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်အသစ် များသည် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်းကိုသတ်မှတ်ထားသောစည်းမျဉ်း များအတိုင်း ယခင်လွှတ်တော်ဥက္ကဋ္ဌမှ ကျမ်းကျိန်ရန်စီစဉ်ပေးရပါသည်။
(ဂ)    နဝမအကြိမ်မြောက် လွှတ်တော်မှစတင်၍ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များကို နိုင်ငံရေးပါတီများ၏ရရှိသော မဲအရေအတွက်အလိုက် အချိုးကျခွဲဝေပေး ခဲ့ပါသည်။
(ဃ)    ကိုယ်စားလှယ်တစ်ယောက်သည် မဲဆန္ဒနယ်မြေ ၂ ခု သို့မဟုတ် ၂ ခုထက်ပို၍ ကိုယ်စားပြုသော လွှတ်တော် အမတ်ဖြစ်ခွင့်မရှိပါ။ သို့သော် မဲဆန္ဒနယ်မြေ အများဆုံး ၅ ခုထိ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိပါသည်။ အကယ်၍ မဲဆန္ဒနယ် မြေတစ်ခုထက်ပို၍ အနိုင်ရရှိပါက ရွေးကောက်ပွဲကျင်းပပြီးရက်ပေါင်း ၃၀ အတွင်း ၎င်းကိုယ်စားပြုရန်ဆန္ဒရှိသည့် မဲဆန္ဒနယ်မြေ ကြေညာချက်ကို ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးရပါသည်။
၂၃။    ထို့ကြောင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်သည် နိုင်ငံ တကာလွှတ်တော်များ အားလေ့လာသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လေ့လာသင့် သော လွှတ်တော် တစ်ရပ်ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။


သတိပြုရန်                                                              

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များ ကို ဆောင်ရွက် ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက် အလက်များ အား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်း အချက် အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင် ပညာရှင်နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သော အကြောင်း အရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေး မှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေး မှုများ ပြုလုပ်ခြင်းမရှိပါ။

Date issused 
Thursday, February 25, 2016 - 15
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်ရုံး