Law Database | Mail | English Version

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့တွင် ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်)က အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးခြင်း

ဒေါက်တာမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်က အခြေခံပညာရေးဥပဒေရေးဆွဲရာတွင် ကောင်းမွန် ပြည့်စုံပြီး လူထုသဘောထားအမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်မှုများထင်ဟပ်သော ဥပဒေကောင်းတစ်ရပ်ပေါ်ထွန်းရေးအတွက် လူထုလူတန်းစားအလွှာစုံပါဝင်သော အခြေခံ ပညာရေးဆွေးနွေးပွဲအဆင့်ဆင့်ကိုကျင်းပရန် အစိုးရအားတိုက်တွန်းကြောင်း အဆို တင်သွင်းခြင်း နှင့် လက်ခံဆွေးနွေးရန်သင့်/မသင့်အဆုံးအဖြတ်ရယူခြင်း

ဒေါက်တာမောင်သင်း(မိတ္ထီလာမဲဆန္ဒနယ်)မှ အဆိုတင်သွင်းခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခြေခံပညာရေး ဥပဒေရေးဆွဲရာတွင် ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထားအမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်း ပါဝင်မှုများ ထင်ဟပ်စေသော ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် လူထုလူတန်းစား အလွှာစုံပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲများကျင်းပပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျေးဇူးပြုပြီး Power Point အသုံးပြုခွင့်ပြုပါရန် ပန်ကြားအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ တင်သွင်းရတဲ့ ပထမ အကြောင်း အရင်းကတော့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေပုဒ်မ ၂၉ တွင်အမျိုးသားပညာရေး ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ(ခ)ကို ပြင်ဆင်ထားတဲ့အချက်ထဲကမှ ပညာရေးနှင့်သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများနှင့် အခြားလုပ်ထုံး၊ လုပ်နည်းများကို ရေးဆွဲရာတွင် မိဘပြည်သူများ၊ ကျွမ်းကျင် ပညာရှင်များ၊ ပညာရေးဆိုင်ရာလူ့အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ၊ ဆရာများကရွေးချယ်သော ကိုယ်စားလှယ်များနှင့် ကျောင်းသားများကရွေးချယ်သော ကိုယ်စားလှယ်များ၏အကြံပြုချက်ကို ရယူပြီး ပြည်သူလူထုအား ကျယ်ပြန့်စွာသိရှိစေရန် ဆောင်ရွက်ခြင်းလို့ပါရှိပါ၍ ဥပဒေကိုလေးစား လိုက်နာစေလိုသည့်အတွက်ကြောင့် တင်သွင်းရခြင်းဖြစ်ပါတယ်။

ဒုတိယအချက်အနေဖြင့် ကျွန်တော်တို့ အမျိုးသားပညာရေးဥပဒေ(၂၀၁၄)ကိုရေးဆွဲတဲ့ အချိန်တုန်းက အခြေခံပညာရေး၊ ကျောင်းပြင်ပပညာရေး၊ တက္ကသိုလ်ပညာရေး၊ ဆရာအတတ်သင်၊ ဝန်ထမ်းရေးရာစသည့် ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ ၁၈ ဖွဲ့ ဖွဲ့ပြီးတော့ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။ ထို့အတူ လူထုလူတန်းစားအလွှာစုံပါဝင်တဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်၊ NEER၊ ဆရာကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ် များစသည့် လူထုလူတန်းစားအလွှာစုံ ပါဝင်ဆွေးနွေးခဲ့တာရှိခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံး သိပြီးဖြစ်တဲ့အတိုင်းပဲ ကျောင်းသားများရဲ့ဆန္ဒပြတောင်းဆိုမှုများ၊ လေးပွင့််‌ဆိုင်ဆွေးနွေးမှုများ အမျိုးသားလွှတ်တော်တွင် ကျောင်းသားများအပါအဝင် လူထုလူတန်းစား များ၊ နိုင်ငံရေးပါတီများကို ဖိတ်ကြားပြီးတော့ ကြားနာဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပါတယ်။ နောက်ဆုံး မှာတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေထုတ်ပြန် ပြီးတဲ့ ၁၀ လခန့်အကြာမှာ ပြင်ဆင်သည့်‌ဥပဒေအား ထပ်မံပြီးတော့ ထုတ်ပြန်ခဲ့ရသည့်အဖြစ်မျိုး ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ လူထုလူတန်းစားအလွှာရဲ့ ဆန္ဒအစုံပါဝင်မှုအားနည်းတဲ့အတွက် အသုံး မပြုရသေးသော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရတယ်ဆိုတာကို ဖော်ပြနေခြင်းပါ။ ဒီလို အဖြစ်မျိုး နောက်ထပ်မပေါ်ပေါက်စေရန်အတွက် ယခုကတည်းက ကျွန်တော်တို့အနေနဲ့ ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တတိယအချက်အနေနဲ့ အခြေခံပညာရေးဥပဒေဟာ နိုင်ငံအနှံ့ အပြားမှာရှိတဲ့ဒေသစုံ၊ တိုင်းရင်းသားပေါင်းစုံ လှဲနေလှေအောင်းမြင်းဇောင်းမကျန် လက်တွေ့ အကောင်အထည်ဖော်ရမယ့်ဥပဒေပါ။  နှစ်စဉ် အခြေခံပညာကျောင်းသား ၈.၈ သန်းကျော် လေ့ကျင့် ပေးနေတဲ့ပညာရေးပါ။ ၈.၈ သန်းနှင့်အတူ မိဘပေါင်းလိုက်လို့ရှိရင် တိုက်ရိုက်ပါဝင်ပတ်သက်နေတာ ၂၆ သန်းဖြစ်တဲ့အတွက်ကြောင့် မြန်မာ့လူဦးရေရဲ့တစ်ဝက်ခန့် ပါဝင်ပတ်သက်နေပါတယ်။ ပြီးတော့ လည်းပဲ သက်မွေးပညာရေး၊ တက္ကသိုလ်ပညာရေးစတဲ့ပညာရေးအားလုံးရဲ့ ခိုင်မာရမယ့်အခြေခံ အုတ်မြစ်တစ်ချပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာအားလုံးရဲ့ဆန္ဒရယ်၊ အကြံဉာဏ်ရယ်ပါဝင် တယ်လို့ ထင်မြင်မိပါတယ်။

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စတုတ္ထအချက်အနေနဲ့ ယနေ့ပညာရေးကို ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်နေတဲ့အခါသမယမှာ အခြေခံပညာရေးမှာ ခိုင်မာတဲ့မူဝါဒနှင့် ရည်မှန်း ချက်ချမှတ်ရန် ပြည်သူ့အလွှာပေါင်းစုံရဲ့ အကြံဉာဏ်နှင့် ပြည်သူ့ဆန္ဒများရယူရန်လိုအပ်တဲ့အချိန် ဖြစ်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့တစ်နိုင်ငံလုံး ပညာတတ်နိုင်ငံတော်ဆိုတဲ့ Educated Nation ဖြစ်ထွန်းလာစေရန်ဆိုတဲ့ရည်မှန်းချက်လည်း ပျောက်ကွယ်နေပါတယ်။ ပြီးတော့ ဆရာဆရာမရဲ့အရည်အသွေးဆိုင်ရာပြဿနာတွေ၊ သင်ရိုးညွှန်းတမ်းနှင့်သင်ပြနည်းစနစ်ဆိုင်ရာ အဆင့်အတန်း ကွာဟမှုတွေစတဲ့ပြဿနာတွေလည်း ကြုံတွေ့နေရပါတယ်။ ပြီးတော့ အရည်အသွေးအကဲဖြတ် ခြင်းနှင့်စစ်ဆေးခြင်းခေတ်မမီမှု၊ ကျောင်းသားကျောင်းသူများရဲ့ အလွတ်ကျက် စနစ်နဲ့ ဆရာရဲ့ဗဟိုပြု သင်ကြားရေးလွှမ်းမိုးမှု၊ ကိုယ့်အားကိုယ်ကိုးမှုနှင့် စဉ်းစားတွေးခေါ် တီထွင်နိုင်မှုအားနည်းခြင်း၊ အရည် အသွေးအာမခံမှုမရှိခြင်း၊ အရည်အသွေး ထိန်းသိမ်းရေး၊ ပြင်ပအဖွဲ့အစည်းများမရှိခြင်းနှင့် နှစ်စဉ် ကျောင်းထွက်နှုန်း ၂.၇ သန်းရှိနေခြင်း၊ ပြီးတော့ တက္ကသိုလ်ဝင်တန်းကိုနှစ်စဉ်ဖြေတဲ့လူဟာ ခြောက်သိန်းကျော်ကျော်သာရှိတဲ့အတွက်ကြောင့် ၈.၈ သန်းကနေပြီးတော့ ၈.၁ သန်း အခြေခံပညာ ပြီးဆုံးမှုမရှိခြင်းစတဲ့အချက်တွေကို တွေ့ရှိနေရပါတယ်။

ထို့အပြင် ပြည်သူ့နီတိနှင့် စာရိတ္တ Life Skill သင်ကြားမှုအားနည်းတဲ့အတွက် အခြေခံလူ့ ကျင့်ဝတ်များလျော့နည်းလာကာ ပြည်သူပြည်သားကောင်း ပေါ်ထွန်းရေးဆိုတဲ့ Good Citizen ပေါ်ထွန်းလာမှုအားနည်းလာပါတယ်။ ဒါ့အပြင် ဖတ်စာအုပ်တွေရဲ့အရည်အသွေးတွေ နိမ့်‌ကျနေခြင်းကြောင့်‌ ကလေးတွေရဲ့စိတ်ဝင်းစားမှုအားနည်းပါတယ်။ ရာထူးတိုး အပြောင်း အရွှေ့တို့တွင် တိကျသော စနစ်အားနည်းနေပါတယ်။ ထို့အပြင် အဆင့်ဆင့်သော ပညာရေးအကြီးအကဲများရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းမှုများ၊ ခက်ခဲမှုများစတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အဲဒီစိန်ခေါ်မှုတွေကို ဖြေရှင်းရန်အတွက် အခြေခံပညာရေး ဥပဒေ တစ်ရပ်ပြဋ္ဌာန်းပြီး စနစ်တကျဖြေရှင်းရန်လိုအပ်ပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ဥပဒေရေးဆွဲပြီးဖြေရှင်းတဲ့နေရာမှာ လူထုလူတန်းစား အလွှာစုံဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လက်တွေ့ရင်ဆိုင်နေရတဲ့ ဆရာဆရာမများ၊ မိဘများ၊ ပညာရေးကို တတ်ကျွမ်းနားလည်တဲ့ပညာရှင်များ၊ ကျောင်းသူကျောင်းသားကိုယ်စားလှယ်များ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများရဲ့ ဆရာတော်ကိုယ်စားလှယ်များ၊ ပညာရေးဖွံ့ဖြိုး တိုးတက်မှု ကိုလိုလားတဲ့ ပညာရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းအဆင့်ဆင့် ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကျောင်းကိုယ်စားလှယ်များစတဲ့ အလွှာစုံပါဝင်တဲ့ပညာရေး ဆွေးနွေးပွဲများကို အောက်ခြေမြို့နယ်အဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗဟိုအဆင့် ဆွေးနွေးပွဲများ ဆောင်ရွက်သွားဖို့ လိုအပ်မယ်လို့မြင်မိပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆွေးနွေးပွဲကရရှိလာတဲ့ရလဒ်များ ကို ဥပဒေကြမ်းပြုစုသည့်အဖွဲ့များကို ပေးပို့ခြင်းအားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေပုဒ်မ ၂၅ ကို လေးစားလိုက်နာခြင်း၊ ဗဟိုဦးစီးစနစ် ဖြင့် ရေးဆွဲခြင်းမဟုတ်တဲ့အတွက်ကြောင့် ပြည်သူကိုဗဟိုပြု၍ ပြည်သူ့အသံကိုလေးစားလိုက်နာခြင်း၊ တစ်မျိုးသားလုံး၏ပညာရေးမျှော်မှန်းချက်များကို ထင်ဟပ်စေခြင်း၊ ထို့အတူ အားလုံးပါဝင်ဆောင်ရွက် တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် တိုင်းရင်းသားလူမျိုးနှင့် လူထုလူတန်းစားအလွှာပါဝင် ခြင်း၊ ပြီးတော့ ပညာရေးကဏ္ဍအသီးသီးကို ဆက်စပ်လွှမ်းမိုးနိုင်ခြင်း၊ နောက် ပြည်သူပြည်သားကောင်း ပေါ်ထွန်းရေးနှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းဖြစ်ထွန်းရေးကို ဖော်ဆောင်နိုင်မည့်အစီအမံများဖြစ်ခြင်း နှင့် ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ရည်မှန်းချက်ဖြစ်တဲ့ လူတိုင်းအကျုံးဝင်ပညာရေးကိုဖော်ဆောင်နိုင်ခြင်း အစရှိသည်တို့ကို ရရှိလာမှာဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ နိဂုံးချုပ်အနေဖြင့် ယခင်ရှိပြီးသား အမျိုးသားပညာရေးဥပဒေရေးဆွဲစဉ်က ကြုံတွေ့ရတဲ့ အခက်အခဲများကို နမူနာယူပြီး တော့ တစ်မျိုးသားလုံး ပါဝင်ရေးဆွဲပြီး ရေရှည်ဖွံ့ဖြိုးမှုကိုဦးတည်သည့်၊ ပြည့်စုံကောင်းမွန်သည့် ဥပဒေ တစ်ရပ်ပေါ်ထွန်းလာရေးအတွက် အခြေခံပညာရေးဥပဒေရေးဆွဲရာတွင် လက်ရှိနိုင်ငံရဲ့အခြေအနေ၊ ပြည်သူ့အသံနှင့်အကြံများကို ထင်ဟပ်စေမည့် ဥပဒေတစ်ရပ်ပေါ်ထွန်းလာစေရေးအတွက် လူထု လူတန်းစားအလွှာပေါင်းစုံပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲများ ကျင်းပပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်သွင်း အပ်ပါသည်ခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဦးနန်မွန်ထင်(မချမ်းဘောမဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း               ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခင်ဗျား။ ကျွန်တော်ကတော့ ကချင် ပြည်နယ်၊ မချမ်းဘောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနန်မွန်ထင် ဖြစ်ပါတယ်။ အခု ကျွန်တော့်အနေနဲ့ မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းသွားတဲ့ အခြေခံပညာရေးဥပဒေရေးဆွဲရာတွင် ကောင်းမွန်ပြည်စုံပြီး ပြည်သူလူထု သဘော ထားအမြင်၊ အကြံဉာဏ်များနှင့်ပူးပေါင်းမှုများ ထင်ဟပ်သော ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်း လာစေရန်အတွက် လူထုလူတန်းစားအလွှာပေါင်းစုံပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲ အဆင့်ဆင့်ကိုကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ထောက်ခံ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ အချက်သုံးချက်လောက် တင်ပြ ဆွေးနွေးလိုပါတယ်။ ပထမအချက်အနေနဲ့ ဆွေးနွေးလိုတာကတော့ ဥပဒေတစ်ရပ်ဟာ လက်တွေ့မှာ အကောင်အထည် ဖော်နိုင်မယ့် ဥပဒေဖြစ်ရပါမယ်။ ယခု ရေးဆွဲမယ့်အခြေခံပညာရေးဥပ‌ဒေဟာ (၁) နိုင်ငံတော် လူဦးရေရဲ့တစ်ဝက် ကျော်ကျော်ပါဝင်ခြင်း၊ (၂) ပညာရေးအဆင့်အားလုံး၏ အခြေခံ အုတ်မြစ်နဲ့ အဓိက မဏ္ဍိုင် ဥပဒေဖြစ်ခြင်း၊ (၃) လူတော်လူကောင်း(Good Person)နှင့် ပြည်သူ ပြည်သားကောင်း(Good Citizen)၊ ဒီမိုကရေစီစိတ်ဓာတ်ပိုင်ထားသူများ (Good Democrat) များ မွေးထုတ်ခြင်းအတွက် အခြေခံအကျဆုံးဥပဒေလည်းဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံဖွံ့ဖြိုးမှုအစပြု သည့် မဏ္ဍိုင်ဖြစ်တဲ့ အခြေခံပညာ ရေးကို လက်တွေ့အကောင်အထည်ဖော်မယ့် ဆရာဆရာမများ၊ မိဘပြည်သူများ၊ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်များရဲ့ ‌မြေပြင်ပေါ်တွင် တွေ့ကြုံနေရသော အခက် အခဲများ၊ အတွေ့အကြုံများ၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများနဲ့ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုအဖုံဖုံ၊ ဘာသာစကားများကို သုံးသပ်ပြီး ရေးဆွဲမှသာလျှင် တကယ်ပြည်သူထဲတွင် အသက်ဝင်လာမယ့် ဥပဒေ တစ်ရပ်ဖြစ်လာမယ်။ တစ်နည်းအားဖြင့်ဆိုရသော် ယခုတင်သွင်းသွားတဲ့ဥပဒေဟာ လက်တွေ့ အကောင်အထည်ဖော်သူများ ကိုယ်တိုင်ပါဝင်ရေးဆွဲသဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှု လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ ဥပ‌ဒေဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

ဒုတိယအချက်အနေနဲ့ ဆွေးနွေးလိုတာကတော့ လက်တွေ့အကောင်အထည်ဖော်နေသော ဆရာဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် မိဘပြည်သူများ၊ ပညာရေးဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များအားလုံး ပါဝင်ရေးဆွဲမှသာလျှင် ပြည်သူကိုဗဟိုပြုသော တစ်မျိုးသားလုံးရဲ့ ပညာရေးရည်မှန်း ချက်များကို ထင်ဟပ်စေသည့်ဥပဒေတစ်ရပ်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ တတိယအချက်အနေနဲ့ ဆွေးနွေးလိုတာကတော့ အခု အဆိုရှင်တင်သွင်းသွားတဲ့ အခြေခံပညာရေးတွင် တွေ့ကြုံနေရသော ပြဿနာများ၊ အခက်အခဲများကို ဥပဒေရေးဆွဲရာတွင် လူထုလူတန်းစားအလွှာပေါင်းစုံပါဝင်မှသာလျှင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မယ့်ဥပဒေဖြစ်လာပါမယ်။ နိဂုံးချုပ်အနေဖြင့် တင်ပြလိုတာကတော့ နှစ်ပေါင်းများစွာ ပညာရေးလောကတွင် တာဝန်ထမ်းဆောင်နေသူများ၊ ‌မြေပြင် အခြေအနေကို အမှန်တကယ်သိရှိသူများ ပါဝင်ရေးဆွဲမှသာလျှင် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ပြီး ‌ကောင်းမွန်ပြည့်စုံသည့်ဥပဒေတစ်ရပ်ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ အဲဒါကြောင့် အဆိုရှင် ဒေါက်တာ မောင်သင်း၏ လူထုလူတန်းစားအလွှာပေါင်းစုံပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်၌ လက်ခံ ဆွေးနွေးသင့်ကြောင်း လေးလေးနက်နက်‌ထောက်ခံတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ      လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း တင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံ သွားပါတယ်။ ဒီအဆို နှင့်စပ်လျဉ်းပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈ နည်းဥပဒေခွဲ(ခ) နည်း ဥပဒေခွဲငယ်(၃)အရ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်ရဲ့ ဆန္ဒရယူပါမယ်။ ဒေါက်တာ မောင်သင်း တင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလား ခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ               သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့ အတွက် ဒေါက်တာမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်က တင်သွင်းသော အခြေခံပညာရေးဥပဒေ ရေးဆွဲရာတွင် ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထားအမြင်၊ အကြံဉာဏ်များနှင့်ပူးပေါင်းမှုများ ထင်ဟပ်သော ဥပဒေကောင်းတစ်ရပ်ပေါ်ထွန်းရေးအတွက် လူထုလူတန်းစားအလွှာပေါင်းစုံ ပါဝင် သော အခြေခံပညာရေးဆွေးနွေးပွဲအဆင့်ဆင့်ကိုကျင်းပရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။

ဒေါက်တာမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်က တင်သွင်း‌သောအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဦးမျိုးညွန့်(ဟုမ္မလင်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း            လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ဟုမ္မလင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်ဖြစ်ပါတယ်။ ကျွန်တော်က ဒေါက်တာ မောင်သင်းရဲ့ အခြေခံပညာရေးဥပဒေရေးဆွဲရာတွင် ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထားအမြင်၊ အကြံဉာဏ်များနှင့်‌ ပူးပေါင်းပါ‌ဝင်မှုများထင်ဟပ်သော ဥပဒေကောင်းတစ်ရပ်ပေါ်ထွန်းရေးအတွက် လူထုလူတန်းစားအလွှာစုံပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပရန် အစိုးရကို တိုက်တွန်းကြောင်းအဆိုကို အကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဟာ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပထမပုံမှန်အစည်းအဝေးပြီးပြီး ပိတ်တော့ ကျွန်တော်တို့ရဲ့ကော်မတီဥက္ကဋ္ဌကြီးက မိမိတို့ မြို့နယ်ရောက်လျှင် အခြေခံပညာရေးဥပဒေမူကြမ်းများကို ချပြဆွေးနွေးပြီး ပြည်သူများ၏ သဘောထားမှတ်ချက်များကို ယူဆောင်လာကြရန် မှာကြားခဲ့ပါတယ်။ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် ကိုယ်တိုင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သူကိုယ်စားပြုတဲ့မြို့နယ်မှာ ၂၂-၄-၂၀၁၆ ရက် နေ့မှာ ခရိုင်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းဆရာဆရာမကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသား မိဘများနှင့် ပညာရေးစိတ်ဝင်စားသူ ၃၀၀ ကျော်တွေ့ဆုံပြီး အခြေခံပညာရေးမူကြမ်းကို ချပြဆွေးနွေး ခဲ့ကြပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မြို့နယ်မှ ကျွန်တော်တို့နည်း၊ ကျွန်တော်တို့ဟန်နှင့် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ပြုလုပ်တဲ့အခါမှာလည်း ပင်စင်စားပညာရေးဝန်ထမ်း များ၊ လက်ရှိပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများ၊ ပညာရေးစိတ်ဝင်စားသူများ တက်ရောက် ပြီးဆွေးနွေးခဲ့ကြပါတယ်။ ဒီလို ဆွေးနွေး ပွဲလေးပြုလုပ်တဲ့ အတွက် အဆိုရှင်တင်ပြသလိုပါပဲ။ လူထု လူတန်းစားအလွှာစုံပါဝင်ပြီး လူမှုသဘောထားအမြင်များကို ရှုထောင့်အမျိုးမျိုးကနေ ကြားနာ မှတ်သားခဲ့ရပါတယ်။ ပြည်သူလူထု အလွှာစုံ၏ မြေပြင်အနေအထားအပေါ် အရင်းခံတဲ့ အကြံဉာဏ်နဲ့ ဆန္ဒများလည်း ကြားသိခဲ့ရပါတယ်။ လွတ်လွတ်လပ်လပ်ဆွေးနွေးကြရတဲ့အတွက် အားတက်သရော စိတ်ပါလက်ပါရှိတာကိုလည်း တွေ့ရပါတယ်။ ဒီလိုဆွေးနွေးပွဲလေးတွေ မြို့နယ်တိုင်းမှာ ပြုလုပ်နိုင်လျှင် ကောင်းမှာပဲလို့ တွေးထင်မိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့စဉ်းစားရမယ့် အချက်များကိုလည်း တွေ့ရှိရပါတယ်။ တိုင်းနှင့်မြို့နယ်အဆင့်၊ ဗဟိုအဆင့်တွေကို မပြောလိုသော်လည်း ကျွန်တော်တို့လို မြို့နယ် ငယ်လေးများမှာတော့ ကျွန်တော်တို့နဲ့ဆွေးနွေးခဲ့ကြတဲ့ မိဘများဟာ ကျောင်းသား ကျောင်းသူ မိဘများအားလုံးရဲ့ အမှန်ကိုယ်စားပြုသလား၊ တက်ရောက်လာတဲ့သူတွေကရော လူထုလူတန်းစား အလွှာအသီးသီးကို အမှန်ကိုယ်စားပြုသလားဆိုတာ စဉ်းစားရမယ့်အချက်ပါ။ ကျောင်းတွေမှာ မိဘ ဆရာအသင်းဆိုပြီး ဖွဲ့စည်းထားတာရှိပါသော်လည်း အခုအထိ မိဘကိုယ်စားလှယ်များရဲ့ အခန်း ကဏ္ဍဟာ မပီပြင်ပါဘူး။ မိဘဆရာအစည်းအဝေးကလည်း တစ်နှစ်တစ်ခါ ထုံးစံလိုလုပ်ပြီး ပြီးသွား တာပါပဲ။ အသက်ဝင်လှုပ်ရှားလာတဲ့ အဖွဲ့အဖြစ်မတွေ့ရှိရပါဘူး။ ကျွန်တော်တို့ နယ်ဘက်မှာဆိုရင် အဖွဲ့အတွင်း အားနည်းတာကို တွေ့ရှိရပါတယ်။

 ဒါကြောင့် မြို့နယ်အဆင့် အခြေခံပညာရေးဆွေးနွေးပွဲကျင်းပလျှင် တာဝန်ကျေပြုလုပ်သွားမှာ လည်း စိုးရိမ်မိပါတယ်။ နောက်တစ်ချက်ကတော့ အချိန်ပါ။ လွှတ်တော်ဆိုတာ ဥပဒေပြုပေးရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဥပဒေပြုရာမှာလည်း လွှတ်တော်သုံးရပ် အကျေအလည် အပြန်အလှန် ဆွေးနွေးပြီးမှ ပြုရတာဖြစ်တဲ့အတွက် ဥပဒေတစ်ခုကို အချိန်ကလချီကြာပါတယ်။ အခြေခံ ပညာရေး ဆွေးနွေးပွဲများကို (၁) မြို့နယ်အဆင့်‌၊ (၂) ပြည်နယ်နှင့်တိုင်းအဆင့်၊ (၃) ဗဟိုအဆင့် ဆွေးနွေးပွဲများ ဆောင်ရွက်ပြီး ရက်၊ လများကို ဥပဒေကြမ်းပြုစုသည့်‌အဖွဲ့သို့ ပေးပို့ ဆောင်ရွက် ရမည်ဟု အဆိုရှင်က တိုက်တွန်းထားပါတယ်။ အဲဒီလို မြို့နယ်၊ တိုင်းနှင့်ပြည်နယ်၊ ဗဟိုလွှတ်တော် ဆိုပြီးတော့မှ အဆင့်‌ဆင့် သွားနေမယ်ဆိုရင် အချိန်တွေဟာ နှစ်ချီကြာသွားမှာလည်း စိုးရိမ်မိပါတယ် ခင်ဗျား။ အ‌ခြေခံပညာရေး နယ်ပယ်ဟာ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၊ ကျောင်းသား မိဘများ အစသဖြင့် လူဦးရေ ၂၆ သန်းကျော်လောက် ပါဝင်ပတ်သက်နေတဲ့ နယ်ပယ် ကျယ်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်နှင့်ညီသော် အခြေခံပညာရေးဥပဒေတစ်ရပ် လက်ကိုင်ရှိထား ဖို့ အမြန် လိုအပ်လှပါတယ်။ ဥပဒေပြုဖို့ကာလကိုလည်း မလိုအပ်ပဲ ကြန့်ကြာနေမှာစိုးရိမ်မိပါတယ်။ ကျွန်တော်တို့ ပထမပုံမှန်နှင့် ဒုတိယပုံမှန်လွှတ်တော်အတွေ့အကြုံအရ ဥပဒေဆိုတာ လိုအပ်လျှင် ခေတ်နှင့်အညီ ပြင်ဆင်အသုံးပြု နေရတယ်ဆိုတာ နားလည်လာတဲ့အတွက် အခြေခံပညာရေး ဥပဒေကိုလည်း အတည်ပြုပြီးပါက ပြောင်းလဲလာသော‌ခေတ်ကိုလိုက်ပြီး ပြည်သူကိုအကျိုးပြုအောင် ပြင်ဆင်သွားလို့ရမယ်လို့ ခံယူမိပါတယ်။ ဒါကြောင့် အခြေခံပညာရေးဥပဒေကိုလည်း အချိန်မကြန့်ကြာစေဘဲ အတူအပြစ်ကင်းပြီလို့ လိုအပ်နေတယ် ဆိုတာကိုလည်း သိစေချင်ပါတယ်။ နောက်တစ်ချက်ကတော့ ပြဋ္ဌာန်းပြီးသော အမျိုးသား ပညာရေးဥပဒေများသည် အခြေခံပညာရေးဥပဒေပြဋ္ဌာန်းရာတွင် မူဘောင်သဘော ပြဋ္ဌာန်း ထားသည့်‌ ဥပဒေဖြစ်ပါသည်လို့ အဆိုရှင်ကတင်ပြထားပါတယ်။ ဒါကြောင့် မူတွေ၊ ဘောင်တွေ ရှိပြီးသားဖြစ်တဲ့အတွက် ဒီအခြေခံပညာရေးဥပဒေကိုပြဋ္ဌာန်းတဲ့အခါမှာ အဆင့်ဆင့်‌ ဆွေးနွေးပွဲတွေ လိုအပ်သေးသလားလို့လဲ စဉ်းစားစရာတစ်ချက်ပါ။ ဒါပေမဲ့ အခြေခံပညာရေးသဘောတရားများကို တော့ ပြည်သူလူထုအကြား အနှံ့အပြားရောက်ရှိဖို့တော့ လိုပါတယ်။ ဒါကြောင့် မီဒီယာများ၊ Facebook များ၊ Website များမှ ပြည်သူလူထုအကြား ရောက်ရှိအောင်လုပ်ပေးဖို့ လိုပါတယ်။ အခြေခံပညာရေးနယ်ပယ်ကို ဝင်ရောက်ကြမယ့် ဆရာလောင်းများကိုလည်း သိစေဖို့ လိုပါတယ်။ ဒါကြောင့် ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ်ကျောင်းသားများကို အခြေခံပညာရေး ဥပဒေနှင့် မိတ်ဆက်ပေးဖို့လိုအပ်တယ်လို့ အကြံပြုလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်က အခြေခံပညာရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်သူတွေဆီ အရောက် ဥပဒေကြမ်းများ ချပြပြီး အကြံဉာဏ်များ ရယူနေသလို ပညာရေးဝန်ကြီးဌာနဘက်ကလည်း ပြည်သူများ သိရှိနိုင်အောင် အကြံဉာဏ်များ ပေးနိုင်အောင် နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်သင့်‌ပါကြောင်း တိုက်တွန်းရင်း ဒေါက်တာမောင်သင်း၏ အဆိုကို အကြံပြုဆွေးနွေးအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူတင်ပါတယ်။

ဦးထွန်းဝေ(ဖောင်းပြင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                   လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းအဆိုကို ဝေဖန်အကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခြေခံပညာရေးဥပဒေဆွေးနွေးရာတွင် ကောင်းမွန်ပြည့်‌စုံပြီး လူထုသဘောထားအမြင် အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်မှုများ ထင်ဟပ်သောဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းရေးအတွက် လူထုလူတန်းစားအလွှာစုံပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲအဆင့်‌ဆင့်‌ကို ကျင်းပရန် အစိုးရ အားတိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်။ ဒီအဆိုကို သိုင်းဝိုင်းပြီးဖော်ပြထားတဲ့ အချက်အလက် တွေဟာလည်း အင်မတန်အသေးစိတ်ပါတယ်။  အဆိုမှာ အမျိုးသားပညာရေး ဥပဒေရေးဆွဲစဉ်က လူထု လူတန်းစားအလွှာစုံပါဝင်သော ဆွေးနွေးပွဲများပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျောင်းသူ ကျောင်းသားများက သူတို့၏အဆိုပြုချက်များ မပါဝင်တာကိုပဲဖော်ပြပြီး NNER ကို ဖိတ်စာပေးပြီးမှ Cancel လုပ်ခံခဲ့ရတာတော့ မပါဝင်ဘူးဆိုတာကို တွေ့နေရပါတယ်။ အဆိုရှင် တင်ပြထားတဲ့ အခြေခံ ပညာရေးသည် ပညာရေးအားလုံး၏ ခိုင်မာရမည့်‌ အခြေခံအုတ်မြစ်အဆင့်‌လည်း ဖြစ်ပါသည်ဆိုတဲ့ အချက်ဟာ အင်မတန်မှန်ပါတယ်။ ဘတ်စ်ကား စပယ်ရာတစ်ယောက်က ခရီးသည်တစ်ယောက်ကို မချေမငံပြောခြင်း၊ ပြည်သူ့ဝန်ထမ်းတစ်ယောက်က ပြည်သူအပေါ် မှန်မှန်ကန်ကန်ဝန်ဆောင်မှု မပေးခြင်းတို့ကအစ နေ့စဉ်နှင့်အမျှသတင်းမီဒီယာတွေမှာ တွေ့နေရတဲ့ရာဇဝတ်မှုတွေမှာလည်း မြန်အောင် (အ.ထ.က)က အလယ်တန်းပြဆရာမ တစ်ယောက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပေါ်မှာ ရိုင်းရိုင်းပြပြ စော်စော်ကားကား ပြောတာအဆုံး အားလုံးဟာ အခြေခံပညာရေးဦးစီးဌာနမှာ တာဝန် ရှိနေပါတယ်။

လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး ခင်ဗျား။ တိုင်းပြည်ရဲ့အခြေခံစီးပွားရေးအဆောက်အအုံပေါ်မှာ တည်ထားတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ အပေါ်ထပ်အဆောက်အအုံတွေအားလုံးဟာ အ‌ခြေခံပညာအဆောက်အအုံ၊ အခြေခံစီးပွားရေး အဆောက်အအုံ မခိုင်မာမှုနှင့်အတူယိုင်နဲ့သွားခဲ့တာ ၁၀ စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက် ပညာရေးစနစ်နိမ့်ကျခြင်းနှင့်အတူ အဆိုရှင်တင်ပြထားတဲ့ မိဘပြည်သူများ ပူးပေါင်းပါဝင်မှုဟာလည်း အားနည်းသွားရပါတယ်။ ပညာရေးဝန်ကြီးဌာနကို ပညာရှင်များကိုယ်တိုင် လွတ်လပ်စွာစီမံခန့်ခွဲပိုင် ခွင့်မရှိခြင်း၊ ပညာရေးအသုံးစရိတ်အလွန်နည်းခြင်း၊ ပညာရေးနှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံလိုစိတ် မရှိခြင်းတို့ကလည်း ပညာရေးနိမ့်ကျသွားရခြင်းရဲ့ အကြောင်းအထောက်အပံ့တွေပဲ ဖြစ်ပါတယ်။ ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီဆိတ်သုဉ်းတာနှင့်အမျှ ဆိတ်သုဉ်းကွယ်ပျောက်ခြင်းနှင့်အတူ ပညာရေးစနစ်နိမ့်ကျသွားခြင်းပဲ ဖြစ်ပါတယ်။ ကျောင်းသားလူငယ်တွေအနေနဲ့ ပညာဟူသည် ဘဝကို အောင်မြင်စွာရပ်တည်နိုင်ရေးအတွက် လေ့လာသင်ယူရမယ့် အနှိုင်းမဲ့သောအရာလို့ ဒီလို မသင်ယူ တော့ပဲနဲ့ ပညာတတ်စရာမလိုဘူး။ ငွေကြေးချမ်းသားဖို့သာ လိုတယ် ဆိုတဲ့အမြင်ဟာ တိုင်းပြည်ကို များစွာပျက်စီးစေခဲ့ပါတယ်။ တစ်ခြားနိုင်ငံတွေမှာ လူပုဂ္ဂိုလ်တစ်ဦးရဲ့ ကြွယ်ဝချမ်းသာမှုဟာ ယင်း ပုဂ္ဂိုလ်ရဲ့ ပညာနှင့်ဟန်ချက်ညီတယ်။ ကိုယ့်နိုင်ငံမှာဒီလိုမဟုတ်ဘူးဆိုတာကို လူငယ်တွေ သိမြင်လာ ကြပါတယ်။ အဆိုရှင်တင်ပြထားတဲ့ ပညာရေးဝန်ထမ်းများ၏ ကိုယ်ကျင့်တရားနှင့် စွမ်းဆောင်နိုင်မှုတို့ ဆိုရာမှာတော့ တော်တော်ကျယ်ဝန်းပါတယ်။ ဒါကတော့ သမာအာဇီဝနဲ့မိစ္ဆာ အာဇီဝကို ခွဲခွဲခြားခြား သိမြင်ပြီး ဒါတွေဟာ လောကဝိဇ္ဇတရားအရ အသိနှင့်ဆင်ခြင်ရမှာ ဖြစ်တယ်ဆိုတာကို ပညာပေးဖို့ ပညာရေးဝန်ကြီးဌာနတစ်ခုလုံးမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။

အဆိုရှင်အနေနဲ့ ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘပြည်သူများ၊ ဆရာဆရာမများ၊ ကျောင်းသားကိုယ်စားလှယ်များ၊ သံဃာတော်များ၊ ပညာရေး မိတ်ဖက်အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ပညာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျောင်းမှကိုယ်စားလှယ်များ ပါဝင်တဲ့ မြို့နယ်အဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ဆွေးနွေးပွဲတွေကျင်းပပြီးမှ ဆွေးနွေးပွဲ ရလဒ်တွေကို ဥပဒေကြမ်းပြုတဲ့အဖွဲ့ကိုပေးပို့ဆောင်ရွက်ရပါမည်လို့ဆိုတဲ့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးထက် ကြီးကျယ်တဲ့ ညီလာခံကြီးတစ်ရပ် ကျင်းပရဖွယ်ရှိနေပါတယ်။ လူသာ များ၍ ပွဲမစည်၊ ရေသာများ၍ ငါးမတွေ့၊ ငွေကုန်လူပန်းဆိုတာလို ဖြစ်မှာသေချာသလောက်ရှိပါတယ်။ နှစ်ပေါင်း ၃၀ နီးပါး နိုင်ငံရေးအတိုက်အခံဘဝနှင့် ရပ်တည်ခဲ့တဲ့ လက်ရှိအစိုးရဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု‌ရေး စတဲ့ရေးရာကိစ္စအဝဝကို ပြည်သူလူထုနှင့်ထပ်တူသိရှိနားလည်ထားပြီး ဖြစ်ပါတယ်။ အဆိုရှင်ရဲ့တင်ပြချက်အရ အမျိုးသားပညာရေးဥပဒေကို အသစ်ရေးဆွဲသည်ဖြစ်စေ၊ ပြင်ဆင်သည်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရှိနေတဲ့ လွှတ်တော်နှစ်ရပ်ကို ကျော်ဖြတ်ရ အုံးမှာဖြစ်သလို သတင်းမီဒီယာတွေကတစ်ဆင့်‌ ပြည်သူလူထုကို အသိပေးရအုံးမှာလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူတွေအနေနဲ့ပဲဖြစ်စေ၊ ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ပဲဖြစ်စေ အကြံပြုခွင့်၊ ပြင်ဆင်ခွင့်တွေ ရှိနေပါတယ်။ ဒါကြောင့် အဆိုရှင်ရဲ့ လူတန်းစားအလွှာစုံပါဝင်သော အခြေခံပညာရေး ဆွေးနွေးပွဲများ အဆင့်ဆင့်‌ကျင်းပရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသောအဆိုသည် မလို အပ်ဘဲ အနုစိတ်ခြယ်မှုန်းနေခြင်း၊ Hair-Splitting လုပ်ခြင်းသာဖြစ်တယ်။ ဒါကြောင့် ဒီအဆိုကို ကျွန်တော့်အနေနဲ့ မထောက်ခံနိုင်ပါကြောင်း အကြံပြုဆွေးနွေးရင်းနဲ့ နိဂုံးချုပ်ပါတယ်ခင်ဗျား။

ဦးမြင့်လွင်(တွံတေးမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း             အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ဖြစ်ပါတယ်။ ကျွန်တော်က မိတ္ထီလာမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းရဲ့ အဆိုကိုအကြံပြုချက်များနှင့်အတူ ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ဒီကနေ့ ကျွန်တော်တို့ မြန်မာပြည်သူများဟာ သူတို့မျှော်မှန်းထားတဲ့ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ဖို့တဲ့အတွက် နိုင်ငံရေးအရ ဒီမိုကရေစီစနစ်၊ စီးပွားရေးအရ ဈေးကွက် စီးပွားရေးစနစ်ကို ရွေးချယ်ထားကြပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီမိုကရေစီစနစ်ဆိုတာကတော့ ပြည်သူလူထုက နိုင်ငံ့ကံကြမ္မာ ကိုဖန်တီးတဲ့စနစ်ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ဆိုတာကလည်း စားသုံးသူက ဈေးကွက်ကို အဆုံးအဖြတ်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်က အဲဒီ ဒီမိုကရေစီနိုင်ငံရေး စနစ်နှင့်ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မယ့် လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးရမှာဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံ နှစ်ပေါင်းငါးဆယ်ကျော် အမှောင်ထဲနေခဲ့ရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ Political Landscape ရော၊ Economy Landscape ပါပြောင်းလဲသွားခဲ့ပါပြီ။ တစ်ချိန်က ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံနှင့် အာဏာရှင်နိုင်ငံဆိုပြီး နှစ်မျိုးပဲရှိခဲ့ပါတယ်။ ဒီမိုကရေစီ နိုင်ငံဆိုရင် ပြည်သူတွေက လွတ်လပ်တယ်။ ပျော်ရွှင်တယ်။ စီးပွားရေး စည်ပင်သာယာဝပြောတယ်။ အာဏာရှင်နိုင်ငံဆိုရင် ပြည်သူတွေဟာ လွတ်လပ်လုံခြုံမှုကင်းမဲ့ပြီး ဆင်းရဲမွဲတေမှုနက်ရှိုင်းတယ်။ ဒီလိုပဲနားလည်ခဲ့ပါတယ်။ ဒီလိုလည်းပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရာစုနှစ်တစ်ဝက်ကြာကာလအတွင်း အာဏာရှင်နိုင်ငံအချို့ဟာ Liberalization တချို့ကို နည်းမှန်လမ်းမှန်ပြုလုပ်နိုင်ခဲ့တဲ့အတွက် သူတို့ရဲ့ပြည်သူတွေဟာ ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်အတန်းမြင့်မားမှုကို တစ်စုံတစ်ရာသော အတိုင်းအတာထိ ရရှိခံစားနိုင်ခဲ့ကြပါတယ်။ တစ်ဖက် မှာတော့ ဒီမိုကရေစီနိုင်ငံအများအပြားဟာ Globalization နှင့် နိုင်ငံတကာဝါဒကို အလွန်အမင်း တွန်းတင်ခဲ့ကြပြီး ဈေးကွက်စီးပွားရေးစနစ်ကို လက်လွှတ်ပေးထားခဲ့ကြတဲ့အတွက် စီးပွားရေးပျက်ကပ်တွေ၊ လူမှုရေးမတည်ငြိမ်မှုတွေ ပေါ်ပေါက်လာ ခဲ့ပြီး အမျိုးသားရေးအစွန်းရောက်ပါတီတွေ လှုပ်ရှားစရာနေရာလွတ်တွေ ဖန်တီးပေးခဲ့သလိုဖြစ်ခဲ့ ပါတယ်။ အကျိုးဆက်အဖြစ် ကမ္ဘာ့နိုင်ငံရေးသိပ္ပံပညာရှင်တွေကြားမှာ ဒီမိုကရေစီဆိုတိုင်း ကောင်းသ လား၊ အာဏာရှင်ဆိုတိုင်းဆိုးသလားဆိုတဲ့ အခြေအတင် ငြင်းခုံမှုတွေ ပေါ်ပေါက်နေပြီး အခုဆိုရင် ဒန်စမစ်သီအိုရီနဲ့ ဂျွန်မင်နက်ကိန်းသီအိုရီ ဘယ်သီအိုရီက ပိုမှန်သလဲ။ အမေရိကန်မော်ဒယ်လ်နဲ့ တရုတ်မော်ဒယ်လ် ဘယ်မော်ဒယ်လ်ကပိုကောင်းသလဲလို့ လူအချို့က မေးခွန်းထုတ်နေကြပါပြီ။

အဲဒီခက်ခဲသိမ်မွေ့ရှုပ်ထွေးတဲ့မေးခွန်းကို ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ရှုထောင့်ကကြည့်ပြီး အဖြေထုတ်နိုင်တဲ့ ပညာတတ်တွေ၊ ပညာရှင်တွေကို ကျွန်တော်တို့ပညာရေးစနစ် ကမွေးထုတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ကမ္ဘာ့စီးပွားရေးမြေပြင်အနေအထားကလည်း နှစ်ငါးဆယ် အတွင်း အများကြီးပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာပေါ်မှာ စိုက်ပျိုးရေးနိုင်ငံနှင့် စက်မှုနိုင်ငံဆိုပြီးနှစ်မျိုးပဲရှိခဲ့ပါတယ်။ အခုချိန်မှာ ထုတ်လုပ်မှုရှုထောင့်ကကြည့်ရင် နိုင်ငံအမျိုးအစား က လေးမျိုးလောက်ရှိနေပါတယ်။ နံပါတ်(၁)က Primary Sector Goods ထုတ်တဲ့နိုင်ငံပါ။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သယံဇာတပစ္စည်းတွေ ထုတ်လုပ်တဲ့လုပ်ငန်းကို အဓိကထား ထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ နံပါတ်(၂)က Secondary Sector Goods တွေ ထုတ်လုပ်တဲ့နိုင်ငံ တွေဖြစ်ပါတယ်။ ကုန်ကြမ်းကိုကုန်ချောဖြစ်အောင်ပြုလုပ်တဲ့ စက်မှု၊ ဆောက်လုပ်ရေး စတဲ့လုပ်ငန်းတွေ ကို အဓိကထားလုပ်ကိုင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ နံပါတ်(၃)က Tertiary  Sector Goods ခေါ်တဲ့ Logistic လုပ်ငန်းတွေ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ဘဏ်လုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ နံပါတ်(၄)ကတော့ Quaternary Sector Goods တွေ ထုတ်လုပ် တဲ့နိုင်ငံတွေဖြစ်ပါတယ်။ အဲဒါကတော့ Knowledge Base Industry  ဖြစ်ပြီးတော့  Search and Development လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ နံပါတ်(၁)အမျိုးအစားနိုင်ငံတွေက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေ။ နိုင်ငံရေး၊ လူမှုရေးတည်ငြိမ်မှု အနည်းဆုံးနိုင်ငံတွေဖြစ်နေပြီးတော့ နံပါတ်(၄)အမျိုးအစား နိုင်ငံတွေကတော့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေ။ နိုင်ငံရေး၊ လူမှုရေး အတည်ငြိမ်ဆုံး နိုင်ငံတွေဖြစ်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့နိုင်ငံဟာ နံပါတ်(၁)အမျိုးအစားမှာ ပါဝင်နေပါတယ်။ နိုင်ငံရဲ့ GDP မှာ Primary  Sector Product ရဲ့ပါဝင်မှုက ၃၆.၁၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါက အာဆီယံနိုင်ငံတွေထဲမှာ အများဆုံးဖြစ်ပါတယ်။ ဒီတော့ ဖြစ်နိုင်သမျှ အတိုတောင်းဆုံးကာလအတွင်း ကျွန်တော်တို့နိုင်ငံကို နံပါတ်(၁)အမျိုးအစားနိုင်ငံအဖြစ်ကနေ နံပါတ်(၄)အမျိုးအစားနိုင်ငံအဖြစ်သို့ ခုန်ပျံကျော်လွှား ရောက်ရှိသွားအောင် မျောက်မင်းစွန်းဝူခုံးလို မချီပို့ဆောင်ပေးနိုင်မယ့် ပညာတန်ခိုးစွမ်းအားကြီးမားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ကျွန်တော်တို့ပညာရေးစနစ်က မွေးထုတ်ပေးရမှာဖြစ်ပါတယ်။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ တစ်ချိန်က ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်က အဲဒီ တုန်းကကျင့်သုံးတဲ့ နိုင်ငံရေးစနစ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ ဆရာဗဟိုပြုသင်ကြားရေးစနစ် (Teacher Center Approach-TCA)ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နိုင်ငံရေးစနစ်က ပြောင်းလဲ သွားပြီဖြစ်တဲ့အတွက် ပညာရေးစနစ်ကိုလည်း ကလေးဗဟိုပြုသင်ကြားရေးစနစ်(Child Center Approach-CCA)အဖြစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်နဲ့လျော်ညီစွာ ပညာရေးမှာလည်း စားသုံးသူဖြစ်တဲ့ ကျောင်းသားများကို ပဓာနပြုတဲ့ စနစ်ကိုဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒီအဆင့်ပြီးမြောက်သွားရင် ကျွန်တော်တို့နိုင်ငံဟာ ပညာဗဟိုပြုသင်ကြားရေးစနစ်(Knowledge Center Approach-KCA) စနစ်ကို သွားကြရမှာ ဖြစ်ပါတယ်။ အဲဒီစနစ်မှာတော့ ဆရာတွေလည်းမရှိ၊ ကျောင်းတွေလည်းမရှိ၊ စာသင်ခန်းတွေလည်း မရှိတော့ပါဘူး။ Virtual Classroom တွေပဲရှိမှာဖြစ်ပြီး သင်ယူသူတွေဟာ ပညာကို Online ကတစ်ဆင့် သင်ယူနိုင်ကြတော့မှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ E- Learning ပညာရေးစနစ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ အဲဒီအဆင့်မရောက်သေးခင် အခုကျင့်သုံးဖို့ ကြိုးစားနေတဲ့ CCA ပညာရေးစနစ်မှာ စားသုံးသူဖြစ်တဲ့ကျောင်းသားတွေ၊ မိဘတွေရဲ့အမြင်သဘော ထားတွေက အခရာဖြစ်ပါတယ်။ မိတ္ထီလာမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းရဲ့အဆိုက လူထုသဘောထားအမြင်၊ အကြံဉာဏ်နဲ့ ပူးပေါင်းပါဝင်မှုများထင်ဟပ်တဲ့ အခြေခံပညာရေးဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းရေးအတွက် လူထုလူတန်းစားအလွှာစုံပါဝင်တဲ့ အခြေခံပညာရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပပေးဖို့ အစိုးရကိုတောင်းဆိုတဲ့အဆိုဖြစ်ပါတယ်။ ဒီအဆိုက ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့အတွက် မူအားဖြင့် ကျွန်တော် သဘောတူပါတယ်။ အဲဒီဆွေးနွေးပွဲအဆင့်ဆင့်မှာ မပါမဖြစ်ပါရမယ့်အလွှာလေးလွှာရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲဒါတွေကတော့ စားသုံးသူများဖြစ်တဲ့ ကျောင်းသားအလွှာနှင့်မိဘအလွှာ၊ ထုတ်လုပ်သူများဖြစ်တဲ့ ဆရာအလွှာနှင့်အုပ်ချုပ်ရေးအလွှာတို့ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအဆင့်ဆင့် သောဆွေးနွေးပွဲများမစတင်မီ လုပ်ရမယ့်အဆင့်ဆင့်ကတော့ အဲဒီအလွှာတွေက မှန်ကန်တဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီအလွှာတွေ၊ အဲဒီကိုယ်စားလှယ်တွေ ရွေးချယ်နိုင်ဖို့အတွက် အဲဒီအသင်းအပင်းအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေဖွဲ့စည်းဖို့လိုပါတယ်။ အဲဒီ ဖွဲ့စည်းပြီးတော့မှသာ အဲဒီအဖွဲ့အစည်းတွေ၊ အသင်းအပင်းတွေ၊ သမဂ္ဂတွေကနေပြီးတော့ မှန်ကန်တဲ့၊ တိုင်းပြည်အတွက်စေတနာထားတဲ့ အရည်အချင်းအထက်မြက် ဆုံးသောကိုယ်စားလှယ်တွေ ရွေးချယ် ပြီးတော့ အဲဒီရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေနဲ့ ပြုလုပ်တဲ့ အဆင့်ဆင့်သော ဆွေးနွေးပွဲများကသာ တကယ်လည်းထိရောက်ပြီးတော့ တရားဝင်မှုရှိတဲ့ ဆွေးနွေးပွဲ များဖြစ်မှာဆိုတဲ့အကြောင်းကို ကျွန်တော် အကြံပြုဆွေးနွေးရင်းနဲ့ ဒေါက်တာမောင်သင်းရဲ့အဆိုကို ကျွန်တော်ထောက်ခံ ဆွေးနွေးအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ 

ဦးစိုင်းသန့်ဇင်(သီပေါမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း           လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင့် ဖြစ်ပါတယ်။ မိတ္ထီလာမဲဆန္ဒနယ် ဒေါက်တာမောင်သင်းတင်သွင်းတဲ့ အဆိုကို တိုင်းရင်းသားများရဲ့အမြင်ရှုထောင့်နှင့် ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ အဆိုရှင်ရဲ့ အဆိုသည် အခြေခံပညာရေးဥပဒေကောင်းတစ်ရပ်ပေါ်ထွန်းရေးဆိုတဲ့ ရည်ရွယ်ချက်ကောင်းနှင့် တင်သွင်းထားတဲ့ အဆိုဖြစ်ပါတယ်။ ဥပဒေကောင်းတစ်ရပ်ပေါ်ထွန်းဖို့ ဆိုရာမှာ အဓိကအားဖြင့် ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်က တာဝန်ရှိတာဖြစ်သော်လည်း ဥပဒေကောင်းပေါ် ထွက်လာရေးအတွက် အဖက်ဖက်က ပူးပေါင်းပါဝင်နိုင်မှုကလည်း အင်မတန်မှ အရေးပါလှပါတယ်။ အဆိုအရ ယခုဆက်လက်ရေးဆွဲနေတဲ့ အခြေခံပညာရေးဥပဒေသည် နိုင်ငံ အနှံ့အပြားဒေသမျိုးစုံ တိုင်းရင်းသားပေါင်းစုံ လက်တွေ့အကောင်အထည်ဖော်ရမယ့် ဥပဒေဖြစ်ပါ တယ်။ ပညာရေးအားလုံးရဲ့ အခြေခံအုတ်မြစ် အဆင့်ပညာရေးလည်းဖြစ်ပါတယ်။ အဆိုရှင်က တင်ပြရာမှာ အမျိုးသားပညာရေး ဥပဒေကို နောက်ဆက်လက်ပြဋ္ဌာန်းရမယ့် ဆက်စပ်ဥပဒေများ ပြဋ္ဌာန်းရာမှာ မူဘောင်သဘောအဖြစ် တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေမှာ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပညာရေးစနစ် ထူထောင်လိုမှု၊ မိခင်ဘာသာစကားအခြေပြုတဲ့ ပညာရေးစနစ် လိုအပ်မှု၊ သင်ရိုးညွှန်းတမ်းလွတ်လပ်ခွင့် ရှိလိုမှုနှင့် မိမိတို့ရဲ့ယဉ်ကျေးမှုတွေ ဒေသဆိုင်ရာပညာ ဉာဏ်နဲ့ သမိုင်းတွေကို သင်လိုမှုစတဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေရှိနေဆဲပဲဖြစ်ပါတယ်။ အားလုံးပူးပေါင်းပါဝင်မှုအားနည်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေရေးဆွဲစဉ်က အခြေအနေအချို့ ကိုလည်း အဆိုရှင်က ထောက်ပြဆွေးနွေးခဲ့ ပါတယ်။ ယခုရေးဆွဲနေတဲ့ အခြေခံပညာရေးဥပဒေမှာ တိုင်းရင်းသားများရဲ့လိုအပ်ချက်၊ သဘောဆန္ဒတွေကို ကြားနာပြီး ထည့်သွင်းရေးဆွဲသွားနိုင် မယ်ဆိုပါက ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်ကို အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ အားလုံးပူးပေါင်းပါဝင် ရေးဆွဲနိုင်ရေး အစီအစဉ်ကတော့ အမှန်တကယ်လိုအပ်ပါတယ်။ အဲဒီလိုစီမံဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရရဲ့ ပါဝင်ကူညီစီစဉ်ဆောင်ရွက်ပေးနိုင်မှုများက မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်၊ နိုင်ငံတော်တည်ဆောက်ပုံ စနစ် အရပညာရေးကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲရပါမယ်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ပြည်သူတွေကိုယ်တိုင်ကလည်း မလွဲမသွေပူးပေါင်းပါဝင်ကြိုးပမ်းရမှာဖြစ်ပါတယ်။ တိုင်းရင်းသားများနှင့်ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကျွန်တော်တို့ ပြည်ထောင်စုနိုင်ငံမှာ တိုင်းရင်းသား များရဲ့ ပူးပေါင်းပါဝင်မှုက အမှန်တကယ်လိုအပ်ပါတယ်။ ဒါမှလည်း ကုလသမဂ္ဂရဲ့ ၂၀၃၀ ခုနှစ်အထိ အကျုံးဝင်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက် ၁၇ ချက်ထဲက ပညာရေးနှင့်သက်ဆိုင်တဲ့ အရည်အသွေးရှိတဲ့ ပညာရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ လူတိုင်းအကျုံးဝင်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ဖြစ်ပေါ်လာစေဖို့နဲ့ ဒီမိုကရေစီ ဝန်းကျင်မှာ လူတိုင်းအတွက် ဘဝတစ်သက်တာသင်ယူ လေ့လာနိုင်တဲ့ အခွင့်အလမ်းတွေကို မြှင့်တင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီကိုကျင့်သုံးလျှောက်လှမ်းနေဆဲနိုင်ငံဖြစ်ပါ တယ်။ အမေရိကန်ဒဿနိကနှင့် ပညာရေးပညာရှင် ဂျွန်ဒီဝေးကတော့ သူရဲ့ Democracy and Education ဆိုတဲ့စာအုပ်ထဲမှာ လူ့ပတ်ဝန်းကျင်နှင့်လူမှုအသိုင်းအဝန်းရဲ့ကောင်းကျိုးအတွက် လူသား အားလုံး တန်းတူအခွင့်အရေးနှင့်ပါဝင်ခွင့်ရှိပြီး လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ လိုအပ်သလို ပြုပြင်ပြောင်းလဲညှိနှိုင်းလုပ်ဆောင်ခွင့်ရှိတာဟာ ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်လို့ဆိုထားပါတယ်။ လူတစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့ မတူကွဲပြားမှုကို လက်ခံနိုင်စွမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ မတူကွဲပြားမှုရှိတဲ့ ဓလေ့ထုံးစံများစွာ၊ ယဉ်ကျေးမှုပေါင်းများစွာရှိနေကြတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများစွာကိုလည်း အသိအမှတ်ပြုလက်ခံပြီး တန်းတူညီမျှတဲ့ အခွင့်အရေးကို ဖော်ဆောင် ပေးနိုင်တဲ့ အခြေခံပညာရေးဥပဒေဖြစ်ဖို့ များစွာအရေးကြီးလှပါတယ်။ ယခုအချိန်အခါသည် တိုင်းရင်းသားများအားလုံးရဲ့ တန်းတူညီမျှရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြန်လည်တည် ဆောက်နေချိန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေမယ့် အနာဂတ်ရဲ့ နိုင်ငံသား ကောင်းများကို ကောင်းမွန်စွာလေ့ကျင့်မွေးထုတ်ပေးနိုင်ရမယ့် အခြေခံပညာရေးစနစ်တစ်ခု မရှိမဖြစ် လိုအပ်ပါတယ်။ ကောင်းမွန်တဲ့အခြေခံပညာရေးစနစ်တစ်ခုကို ပုံဖော်ပေးမယ့် အခြေခံပညာရေး ဥပဒေကောင်းတစ်ခု ကောင်းမွန်စွာပေါ်ထွက်လာရေးသည် အထူးအလေးထားလုပ်ဆောင်ကြရမယ့် အချိန်အခါလည်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ(က)အရ တိုင်းရင်းသားများရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်က ကူညီဆောင်ရွက်မည် ဆိုတဲ့အတိုင်း အစိုးရစာသင်ကျောင်းတွေမှာ တိုင်းရင်းသားစာပေကိုသင်ကြားခွင့်ရခဲ့ကြသော်လည်း အခက်အခဲများ၊ အဟန့်အတားများ များစွာရှိနေဆဲဖြစ်ပြီး နိုင်ငံတော်က ကူညီရိုက်နှိပ်ပေးနေတဲ့ တိုင်းရင်းသားဖတ်စာအုပ်တွေကို ယခင်အစိုးရလက်ထက်များမှာ ရိုက်နှိပ်ပေးခဲ့တဲ့ အရွယ်အစား ကာလာစုံများအတိုင်းမဟုတ်တော့ဘဲ အရည်အသွေးလျော့ချရိုက်နှိပ်ပေးခြင်းများကို ယခု ပြည်သူ့ အစိုးရလက်ထက်ကျမှ ဖြစ်ပေါ်လာတာကို စိတ်မကောင်းခြင်းကြီးစွာ ကြုံတွေ့ခံစားကြရပါတယ်။ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ တိုင်းရင်းသားများအားလုံးရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များရဲ့ အနှစ်သာရများကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်နိုင်တဲ့ ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်ပြီး လွတ်လပ်စွာတွေးခေါ်နိုင်တဲ့ အကျင့်စာရိတ္တကောင်းမွန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ပြုစုပျိုးထောင်နိုင်ဖို့နဲ့ ခေတ်စနစ်ရဲ့ လိုအပ်ချက်နဲ့အညီ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသို့ ပို့ဆောင်နိုင်စွမ်းရှိတဲ့ ပညာရေးကို အမျိုးသားပညာရေးဥပဒေမှာ ဖွင့်ဆိုထားပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသား လူမျိုးများရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်တဲ့ နိုင်ငံသားများဖြစ်လာစေဖို့ဆိုတာကလည်း အမျိုးသားပညာရေးရဲ့ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့တင်ပြချင်တာကတော့ တိုင်းရင်းသားစာပေနှင့် ဘာသာ စကား သင်ကြားသင်ယူမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ အခြေခံပညာမူလတန်းအဆင့်မှစတင်အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင် ရွက်နိုင်ကြောင်း အမျိုးသားပညာရေးဥပဒေမှာ ပြဋ္ဌာန်းထားတာနှင့်အညီ တိုင်းရင်းသားများရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ တိုင်းရင်းသားများရဲ့ဆန္ဒ၊ တိုင်းရင်းသားများရဲ့ သဘောထားများပါဝင်အောင် အခြေခံပညာရေးဥပဒေရေးဆွဲနိုင်ရေးအတွက် အထောက်အကူဖြစ်စေမယ့် ဒေါက်တာမောင်သင်းရဲ့အဆိုကို ကြိုဆိုထောက်ခံပါကြောင်း ဆွေးနွေး တင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဦးမြင့်ထွန်း(တန့်ဆည်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                   အားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော် ကတော့ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါက်တာမောင်သင်းရဲ့ အဆိုကို အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒေါက်တာမောင်သင်းရဲ့အဆိုမှာ အချက်နှစ်ချက် ပါဝင်တာ တွေ့ရပါတယ်။ ပထမတစ်ချက်ကတော့ အခြေခံပညာရေးဥပဒေကောင်းတစ်ရပ် ပေါ်ထွန်း ရေးဖြစ်ပြီးတော့ နောက်တစ်ချက်ကတော့ ဒီဥပဒေပေါ်ထွန်းရေးအတွက် အခြေခံပညာရေးဆွေးနွေး ပွဲတွေ အဆင့်ဆင့်ကျင်းပရန်ဖြစ်ပါတယ်။ ပထမတစ်ချက်ဖြစ်တဲ့ အခြေခံပညာရေးဥပဒေကောင်း တစ်ရပ် ပေါ်ထွန်းရေးဆိုတာတော့ ထောက်ခံရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးမှာ အခြေခံ ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေးဆိုပြီးတော့ ကဏ္ဍသုံးခုရှိ တဲ့အထဲမှာ အခြေခံပညာရေးဟာ အဓိကအကျဆုံးနဲ့ အခြေခံအကျဆုံးဖြစ်သလို တိုင်းပြည်က ပညာရေးနိမ့်ကျနေလို့ အမြန်ဆုံးပြင်ဆင်ဖို့လိုတယ်ဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီဥပဒေ ပေါ်ထွက်ဖို့အတွက် အခြေခံပညာရေးဆွေးနွေးပွဲတွေ အဆင့်ဆင့်ကျင်းပဖို့ရန်တော့ ဝေဖန်သုံးသပ် စဉ်းစားစေချင်ပါတယ်။ ဒါကို အဆိုရှင်က ဘာပြောထားလဲဆိုတော့ ဒီဥပဒေပေါ်ထွက်ဖို့အတွက် လူထုလူတန်းစားအလွှာစုံဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လက်တွေ့ရင်ဆိုင်နေရတဲ့ ဆရာ ဆရာမများ၊ မိဘများ၊ ပညာရေးကိုတတ်ကျွမ်းနားလည်တဲ့ပညာရှင်များ၊ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းရဲ့ ဆရာတော်ကိုယ်စားလှယ်များ၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကိုလိုလားတဲ့ ပညာရေး မြှင့်အဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းအဆင့်ဆင့် ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်များ စတဲ့ အလွှာစုံပါဝင်တဲ့ဆွေးနွေးပွဲတွေကို မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်၊ ဗဟိုအဆင့်အထိ အဆင့်ဆင့်ကျင်းပထားဖို့ တိုက်တွန်း ထားပါတယ်။ ဒါကိုတော့ စဉ်းစားသုံးသပ် စေချင်ပါတယ်။  ကျွန်တော့်အနေနဲ့ ဒီအလွှာစုံတွေကို ကိုယ်စားမပြုချင်လို့ပြောတာမဟုတ်ပါဘူး။ ကျွန်တော် စိုးရိမ်တာက အသံများပြီးတော့ ဆုံမှတ် တစ်ခုကိုမရောက်မှာ စိုးရိမ်ပါတယ်။ ကိုယ်စားပြုမှု တွေများပြီးတော့ ဘယ်အဖွဲ့ကို၊ ဘယ်သူ့ကို ကိုယ်စားပြုရမှန်းမသိ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါမှာ ဥပဒေပေါ်ထွက်ဖို့ နှောင့်နှေး ကြန့်ကြာမှုတွေ လည်း ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ၊ ပြဿနာတွေ၊ အဖျက် အမှောင့်တွေ ဝင်လာပြီးတော့ သွေးနုနုသားနုနု ဒီမိုကရေစီကို ထိခိုက်မှာစိုးရိမ်ပါတယ်။ ဒီမိုကရေစီ အပင်ပေါက်လေးကို ဗိုင်းရပ်ပိုးတွေဝင်မှာ စိုးရိမ်ရပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတစ်ခုလုပ်တဲ့ အခါမှာ ရည်ရွယ်ချက်ကောင်းတယ်။ စေတနာကောင်းသော်ငြားလည်း လုပ်ရပ်မမှန်ဘူးဆိုရင်တော့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားပါတယ်။ စေတနာလည်း အဟောသိကံဖြစ်သွားတာကို ကျွန်တော် တို့ စဉ်းစားဖို့လိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ အယူအဆကို တင်ပြရမယ်ဆိုရင်တော့ ၂၀၁၄ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါကို ကျောင်းသားတွေက မကျေနပ်လို့ တောင်းဆိုချက် (၁၁) ချက်နှင့် ဆန္ဒပြတောင်းဆိုခဲ့လို့ ဒီဥပဒေကို ပြင်ဆင်ခဲ့ရပါတယ်။ အဲဒီအခါမှာ ဒီ ၁၁ ချက်ထဲက တစ်ချက်ပဲကွာဟတာတွေ့ပြီးတော့ ၁၀ ချက်ကိုတော့ လိုက်လျောတာ တွေ့ရပါတယ်။ အရေးအသားတွေကွာခြားပေမယ့် ရည်ရွယ်ချက် အဓိပ္ပာယ်တူတာတွေ တွေ့ရပါတယ်။ ဒါကို ဒေါက်တာမောင်သင်းက ဆိုထားပါတယ်။ အဆင့်ဆင့် ဆွေးနွေးပွဲတွေ ကျင်းပခဲ့ရတယ်။ ကဏ္ဍတွေနဲ့ လုပ်ငန်း ၁၈ ဖွဲ့ ဆွေးနွေးခဲ့ရတယ်။ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆွေးနွေးပွဲကျင်းပခဲ့ရတယ်။ အမျိုးသားလွှတ်တော်မှာ ကျောင်းသားတွေ၊ လူထုလူတန်းစားတွေ၊ နိုင်ငံရေးပါတီတွေ ကြားနာ ဖိတ်ကြားခဲ့တယ်လို့ဆိုထားတဲ့အတွက် ဒီအမျိုးသားပညာ ရေးဥပဒေဟာ လူထုလူတန်းစားတွေကို ကိုယ်စားပြုတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဒီဥပဒေဟာ ပညာရေးကဏ္ဍမှာ Mother Law ပါ။ မိခင်ဥပဒေပါ။ ကျန်တဲ့ပညာရေးဥပဒေတွေဟာ ဒီကနေ ဆင်းသက်ပေါက်ဖွားလာမှာဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး။ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာန ကလည်း ပညာရေးမြှင့်‌တင်မှုကော်မတီကို အခြေခံပညာရေးဥပဒေ(မူကြမ်း) ပေးပို့ထားပြီးပါပြီ။ ဒါ့အပြင် အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(ခ)မှာလည်း ဘာဆိုထားလဲ ဆိုတော့ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များသည် ပညာရေးမူဝါဒများရေးဆွဲတဲ့အခါမှာ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ၊ မိဘများ၊ ဆရာများက ရွေးချယ်ပေးသောကိုယ်စားလှယ်များနှင့် ကျောင်းသားများ ရွေးသောကိုယ်စားလှယ်များ၏ အကြံပြု ချက်ရယူလို့ပါပါတယ်။ ကျွန်တော် ပြောချင်တာကတော့ အမျိုးသားပညာရေးဥပဒေ(မိခင်ဥပဒေ) ရှိနေပြီ၊ ပညာရေးဥပဒေ(မူကြမ်း)ရှိနေပြီ။ ဒီနှစ်ခုကို ကျွန်တော်တို့အခြေခံပြီးတော့ လွှတ်တော်နှစ်ရပ်က ပညာရေးမြှင့်တင်မှုကော်မတီရယ်၊ စိတ်ဝင်စား သော လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ အခုနတုန်းက အဖွဲ့အစည်းတွေကို ဗဟိုအဆင့်ဆွေးနွေးပြီး တော့ ဒီဥပဒေကို ကျွန်တော်တို့ ပေါ်ထွက်ပြီးတော့ ရေးဆွဲပြီးတော့ လွှတ်တော်မှာ အဆုံးအဖြတ်ခံယူရင် လုံလောက်မယ်ထင်တယ်ဆိုတာကို အကြံပြုရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးခွန်သန်းထူး(ဆီဆိုင်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း                  လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သ ဂါရဝပြု လိုက်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၏ တင်သွင်းသောအဆို၏ အချက် အချို့ကို အကြံပြုတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိမိတို့မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ မျိုးဆက်နှစ်ဆက်လောက် ပညာရေးစနစ်ညံ့ခဲ့လို့ တိုင်းပြည် ၏ဘက်ပေါင်းစုံကဏ္ဍတွေမှာ အောက်ကျနောက်ကျဖြစ်ခဲ့ကြရပြီး အဖက်ဖက်မှာလည်း ခါးသီးလှတဲ့ ဆိုးမွေများကို လက်တွေ့လက်ရှိ ခံစားနေကြရတဲ့ မျက်မှောက်ကာလဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၏ ကောင်းမွန်သောအခြေခံအုတ်မြစ်က ပညာရေးဖြစ်သလို ပညာရေးဟာ လူငယ်များရဲ့အနာဂတ် ဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်တဲ့ အခြေခံပညာဥပဒေရှိမှသာလျှင် ကောင်းမွန်သောပညာရေးစနစ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေး အလေးအနက်ထားလမ်းပြဆောင်ရွက်မှုကလည်း အနာဂတ်မျိုးဆက်လူငယ်များအတွက် အားကိုး မျှော်လင့်ချက်ဖြစ်ပါတယ်။ အစိုးရသစ်အနေဖြင့်‌ အလေးအနက်ထားအကောင်အထည်ဖော်ဖို့ လိုအပ် လှသလို အချိန်အခါကောင်းလည်း ဖြစ်ပါတယ်။ အခြေခံပညာရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းသည့်အခါ ပြည်သူပြည်သားများ၊ တိုင်းရင်းသားများအတွက် တန်းတူပညာရေးအခွင့်အလမ်းပါရှိဖို့ လိုအပ်သလို လုံလောက်သောသင်ယူမှုအခွင့်အရေး၊ အရည်အသွေးကောင်းမွန်ပြီး လူတိုင်းတတ်နိုင်သော၊ လက်လှမ်းမီသော ပညာရေးဝန်ဆောင်မှုပေးနိုင်တဲ့ အစီအစဉ်များကို ဦးစားပေးစဉ်းစားသင့်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဥပဒေကောင်းတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရာမှာ ပါဝင်ကျင့်သုံးဆောင်ရွက် အကောင်အထည်ဖော်မည့်သူများ ရှင်းလင်းလွယ်ကူစွာနားလည်နိုင်ပြီး လိုက်ပါကျင့်သုံးရာမှာ ပကတိ အခြေအနေနှင့် အနီးစပ်ဆုံးလိုက်လျောညီထွေဖြစ်ဖို့ လိုအပ်လှပါတယ်။ ကောင်းမွန်သောအခြေခံ ပညာရေးဥပဒေတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ဖို့အတွက်လည်း ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဆရာဆရာမများနှင့် အောက်ခြေပြည်သူလူထုတို့၏ အခြေအနေမှန်ကို မှန်ကန် လက်တွေ့ကျသော သုတေသနပြုပြီး ရေးဆွဲပြဋ္ဌာန်းမှသာလျှင် သင့်လျော်မှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ တစ်နိုင်ငံလုံးရှိ အခြေခံပညာအဆင့်တွင် ကျောင်းဝင်နှုန်း မူလတန်းနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူများအချိုးအစားများစွာ ကွာခြားလွန်းတာ တွေ့ရမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းအဆင့်တွင် အများစုကျောင်းထွက်သွားကြရသဖြင့် ၎င်းတို့အတွက် ဆက်လက်ပညာ သင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ သက်ဆိုင်ရာအဆင့်ဆင့်သော လုပ်ငန်းခွင်သို့ ဝင်ရောက်သည့် အခါ ကျွမ်းကျင်သူများအဖြစ် မွေးထုတ်ပေးနိုင်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစက်မှုလက်မှု သက်မွေးနည်းပညာကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးဖို့ အထူးအလေးထားသင့်ပါကြောင်း တင်ပြ လိုပါတယ်။ မျက်မှောက်အခြေခံပညာရေးကိုကြည့်ရင် တစ်နှစ်တစ်တန်းအောင်ရင် အမှတ် ကောင်းကောင်းနဲ့ လိုင်းကောင်းကောင်း ကျောင်းတက်နိုင်ရေးအတွက် ဉာဏအားကို အဓိကထား တွန်းအားပေးသလို နိမ့်‌ဆင်းနေသော ကာယဗလ၊ စာရိတ္တဗလကိုလည်း ပြန်လည်မြှင့်‌တင်အလေးထား ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ် ပါတယ်။ အတိတ်မြန်မာ့ပညာရေးသမိုင်းမှာ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းမှ စတင်အခြေတည်ခဲ့ပြီး ယခုအခါမှာလည်း အခြေခံပညာအဆင့်တွင် ပြည်သူများ၏ ပကတိအခြေအနေအရ ဘ/ကကျောင်းနဲ့ ပရဟိတကျောင်းများတွင် ကျောင်းသားကျောင်းသူ သုံးသိန်း ကျော်ပညာသင်ယူနေတာကိုကြည့်မယ်ဆိုရင် ဘုန်းတော်ကြီးပညာသင်ကျောင်းသည် ဆက်လက်မှီခို အားထားရာ တည်ရှိနေဦးမှာဖြစ်သည့်အတွက် အခြေခံပညာရေးဥပဒေတွင် အလေးထားထည့်သွင်း စဉ်းစားသင့်ပါကြောင်း ဆွေးနွေးလိုပါတယ်။ အခြေခံပညာရေးကဏ္ဍမှာ ကျောင်းသားမိဘများ၊ ပြည်သူ လူထုအနေနဲ့ မိဘဆရာအသင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် အခြားနည်းလမ်းများဖြင့် စဉ်ဆက်မပြတ် ပါဝင်ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ဒီ့ထက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကို စီစဉ်ပေးခြင်းဖြင့် ပညာရေးတိုးတက်အောင်မြင်မှုကို ပိုမိုရရှိစေနိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ စဉ်ဆက်မပြတ်အောင်မြင်ဖြစ်ထွန်းသော ပညာရေးစနစ်ဖြစ်ထွန်းရေးအတွက် ကောင်းမွန်သောအခြေခံ ပညာရေးဥပဒေတစ်ရပ်ပြဋ္ဌာန်းရေးဆွဲရာတွင် အလွှာပေါင်းစုံပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲ ကို အစိုးရအနေဖြင့် စနစ်တကျစီစဉ်ပြီး ကျင်းပသင့်ပါကြောင်း အကြံပြုဆွေးနွေးရင်း နိဂုံးချုပ်လိုက် ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

ဦးဇော်သိန်း(ဝါးခယ်မမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း                 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်‌ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဝါးခယ်မမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်းက အဆိုကို ကန့်ကွက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဆိုမှာ နှစ်ပိုင်းပါဝင်တယ်လို့ သဘောပေါက်ပါတယ်။ ပထမအပိုင်းမှာ အခြေခံပညာရေးဥပဒေရေးဆွဲရာမှာ လူထုရဲ့သဘောထား၊ အကြံဉာဏ်တွေ ထင်ဟပ်တဲ့ဥပဒေတစ်ခု ပေါ်ပေါက်ဖို့နဲ့ ဒုတိယအပိုင်းမှာ ဥပဒေပေါ်ထွန်းဖို့ လူထု လူတန်းစားအလွှာစုံပါဝင်တဲ့ အဆင့်ဆင့်ဆွေနွေးပွဲတွေ ကျင်းပပေးဖို့ ဖြစ်ပါတယ်။ ပထမပိုင်းအနေနဲ့ တော့သဘောမတူစရာအကြောင်းမရှိပါဘူး။ အခြေခံပညာရေးဥပဒေကို ကောင်းသည်ထက်ကောင်း အောင် ပြည်သူကြီးရဲ့လူထုဆန္ဒနဲ့ ကိုက်ညီအောင်ကျွန်တော်တို့ အမြဲတမ်းကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေကို အမြဲတမ်းသုံးသပ်ပြီးတော့ ပြင်ဆင်ဖြည့်စွက် နေကြရမှာ ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ ကျွန်တော့်အနေနဲ့ အခုလိုသဘောထားအမြင်ရှိပါတယ်။ ဥပဒေပေါ်ထွန်းဖို့ လူထုလူတန်းစားအလွှာစုံပါဝင်တဲ့ အခြေခံပညာရေးဆွေးနွေးပွဲ အဆင့်‌ဆင့်ကျင်းပဖို့ ဆိုတာ ဒီလွှတ်တော်ကြီးကာ အကောင်းဆုံးမဟုတ်ဘူးလားလို့ ကျွန်တော်ပြောချင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီလွှတ်တော်ကြီးမှာရှိတဲ့ ကိုယ်စားလှယ်တွေဟာ လူထုလူတန်းစားအလွှာစုံကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တစ်ခဲနက်မဲပေးပြီး သူတို့ကို ကိုယ်စားပြုဖို့ ယုံကြည်စိတ်ချစွာ ရွေးကောက်တင်မြှောက်ထားလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ကိုယ်တိုင်ကလည်း လူထုလူတန်စားအားလုံးနဲ့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့နောက်ခံ သမိုင်းကြောင်းကိုကြည့်ရင် ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေပါပါတယ်။ ကုန်သည်၊ ပွဲစား၊ လုပ်ငန်းရှင် တွေလည်းပါပါတယ်။ နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေလည်းပါတာတွေ့ရမှာ ဖြစ်ပါတယ်။ ပါမောက္ခတွေ၊ ကျောင်းဆရာကြီးတွေလည်းပါပါတယ်။ မတူကွဲပြားတဲ့ အသက်မွေးဝမ်း‌ ကျောင်းတွေရှိသလို၊ မတူကွဲပြားတဲ့နိုင်ငံရေး အတွေ့အကြုံတွေလည်းရှိပါတယ်။ နိုင်ငံရေးအတွေး အခေါ်တွေလည်းရှိပါတယ်။ ဆိုရှယ်လစ်ဝါဒ၊ လစ်ဘရယ်ဝါဒယုံကြည်သက်ဝင်သူတွေရှိသလို၊ 7 th July အရေးတော်ပုံ၊ ၇၄၊ ၇၅၊ ၇၆ အရေးတော်ပုံ၊ ၈၈ အရေးတော်ပုံတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်းပါပါတယ်။ ဆင်းရဲသူတွေရှိသလို၊ ချမ်းသာတဲ့သူတွေလည်း ပါပါတယ်။ လူလတ်တန်း စားတွေလည်း အမြောက်အမြားပါဝင်ကြတာတွေ့ပါတယ်။ ဆိုလိုတာက လူထုလူတန်းစားအလွှာ အသီးသီးက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်တိုင်လည်း လူတန်းစားအမျိုးမျိုးကို ကိုယ်စားပြုတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်ပါတယ်။ အခြေခံပညာရေးဥပဒေကိုရေးဆွဲဖို့၊ တိုင်ပင်ဆွေးနွေးဖို့ အကောင်းဆုံး ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့တစ်ချက်က လူထု လူတန်းစားအလွှာစုံက ကိစ္စများမြောင်လူတို့ပေါ်မှာကျင်လည်လှုပ်ရှားရတဲ့အတွက် သူတို့ရဲ့ကိုယ်စား ယုံကြည်စိတ်ချစွာတဲ့ လွှတ်တော်ကြီးဆီကို ကျွန်တော်တို့ လွှတ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကတာဝန်ကတော့ ဥပဒေပြုဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေပြုအမတ် (legislator) လို့လည်းခေါ်ပါတယ်။ မိမိတို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးကို မိမိတို့ တာဝန်ပေးလိုက်တဲ့ လူထုလူတန်းစားတွေဆီကို ဆွေးနွေးဖို့ တာဝန်ပြန်ပေးတာဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ အပြစ်တင်စရာ ဖြစ်လာနိုင်ပါတယ်။

လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ အခြေခံပညာ‌ရေးဥပဒေ အကြံကောင်း၊ အဉာဏ်ကောင်း တွေ ပြည့်ဝပြီး လူထုဆန္ဒကို ထင်ဟပ်ရမှာဖြစ်ပါတယ်။ လူထုဆန္ဒကို ထင်ဟပ်ဖို့ဆိုရင် လူထူက တရားဝင်လွှဲအပ်ပေးထားတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ရပါမယ်။ နောက်ပြီးတော့ အဲဒီလူတွေဟာ Legitimacy ရှိရပါမယ်။ အခြေခံပညာရေးဥပဒေကို နိုင်ငံ့အတွက်အရေးကြီးတဲ့ ဥပဒေရေးဆွဲတဲ့အခါမှာ တာဝန်ယူ တဲ့အဖွဲ့အစည်းက Legitimacy ပြည်သူတွေရဲ့တရားဝင်ထောက်ခံမှု ရှိရမှာဖြစ်ပါတယ်။ Legitimacy ဟာ လွှတ်တော်တစ်ရပ်အတွက်သာမဟုတ်၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အတွက်လည်း Legitimacy မရှိရင် ရပ်တည်ဖို့ တာဝန်ထမ်းဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီလို Matlin နဲ့ Legitimacy မရှိရင် ဥပဒေပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီ  Mandate နဲ့ Legitimacy ရဖို့က လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေကပဲ ဖန်တီးပေးနိုင်တာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ က လူထုတွေရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကသာ လူထုဆန္ဒကို ထက်ဟပ်တဲ့ လူထုအကျိုးပြုတဲ့၊ လူထုကိုယ်စားပြုတဲ့ ဥပဒေတွေကို ရေးဆွဲနိုင်မှာ၊ တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်ပါ တယ်။ လွှတ်တော်ကြီးဟာ လူထုလူတန်းစားအလွှာစုံပါဝင်ရုံသာမကဘူး တိုင်းရင်းသားလူမျိုးစု အသီးသီးလည်း ကိုယ်စားပြုပါတယ်။ ပြည်သူ့လွှတ်တော်မှာဆိုရင် ပါတီ ၁၁ ခုရှိပါတယ်။ ရခိုင်အမျိုး သားပါတီ (SNLD) အပြင်ဝနှင့်ကိုးကန့်ပါတီလည်း ပါပါတယ်။ တအောင်း(ပလောင်)နှင့် လီဆူပါတီ တွေလည်းပါပါတယ်။ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ လွှတ်တော်ကြီးကို အခြေခံပညာရေး ဥပဒေကို တာဝန်မပေးရင် အထပ်ထပ်တိုင်ပင်ဆွေးနွေးဖို့ တာဝန်မပေးရင် ဘယ်သူ့ကိုတာဝန်ပေးရ မလဲလို့ မေးရပါလိမ့်မယ်။ အခြေခံပညာရေးဥပဒေကိုရေးဆွဲရာမှာ အရေးကြီးတဲ့အချက်ကတော့ ပွင့်လင်းမြင်သာမှုရှိရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူလူထုက ဥပဒေရေးဆွဲမှုကို တစ်ပြေးညီသိပြီး သူတို့ရဲ့သဘောထား အကြံဉာဏ်တွေကို အမြဲတမ်းပူးပေါင်းပါဝင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်က ပွင့်လင်းမြင်သာမှုအရှိဆုံးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ လွှတ်တော်မှာ လူထု ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်ကို တီဗွီကတစ်ဆင့်‌ မီဒီယာတွေမှာ တိုက်ရိုက်ထုတ်လွှင့်နိုင်လို့။ ချက်ခြင်း ပြည်သူက သိနိုင်ပါတယ်။ သတင်စာ ဂျာနယ်တွေက နေ့စဉ်ဖော်ပြလို့လည်း ပြည်သူက သိနိုင်တာ ဖြစ်ပါတယ်။ လွှတ်တော်မှာ ပညာရေးကော်မတီတွေလည်း ရှိပါတယ်။ လိုအပ်ရင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပညာရှင်တွေကိုလည်း ဆင့်ခေါ်ပြီး ကွင်းဆင်းမေးမြန်းလို့ ရပါတယ်။ အရေးကြီးတာက မကြာသေးမီကလည်း ဒါကြောင့်မို့လို့ ဥပဒေအရေးကို လွှတ်တော်ကြီးကိုပင် မဆွေး နွေးရဘူးဆိုရင် ကျွန်တော်တို့မှာ ကျွမ်းကျင်တဲ့ဗိသုကာနဲ့ တစ်သက်လုံးအခိုင်အခန့် တည်ဆောက် ထားတဲ့ အိမ်ကြီးမှာရှိရဲ့သားနဲ့ တဲကြီးတစ်လုံးနေမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သတိကြီးစွာထားပြီးတော့ အဆိုကို စဉ်စားဆင်ခြင်းဝေဖန်သုံးသပ်ဖို့ တိုတ်တွန်းရင်းနဲ့အဆိုကို ကန့်ကွက်ဆွေးနွေးလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးကျော်ဆွေ(ရမ်းဗြဲမဲဆန္ဒနယ်) မှဆွေးနွေးခြင်း           လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်‌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များ အားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မိတ္ထီလာမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးမောင်သင်း တင်သွင်းသော အခြေခံပညာရေးဥပဒေရေးဆွဲရာတွင် ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထားအမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်မှုများထင်ဟပ်သော ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းရေးအတွက် လူထုလူတန်းစားအလွှာစုံပါဝင်သော အခြေခံပညာရေး ဆွေးနွေးပွဲအဆင့်ဆင့်‌ကိုကျင်းပရန် အစိုးရအားတိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၄ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဥပဒေပါ အချက် အချို့နှင့်ပတ်သက်လို့ ကြေနပ်မှုမရှိကြတဲ့အတွက် ကန့်ကွက်ဆန္ဒပြုမှုများကို ဖြစ်ပေါ် ခဲ့ပါတယ်။ သို့အတွက် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၅ ခုနှစ်မှာ ပြန်လည် ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ မကြာမီ အသစ်ပြဋ္ဌာန်းမယ့် အခြေခံပညာရေးဥပဒေကို ပြဋ္ဌာန်းတဲ့နေရာမှာ အဲဒီလို အဖြစ်မျိုးမဖြစ်ရအောင်အတွက် လူထုလူတန်းစားအလွှာအသီးသီးပါဝင်သည့် All Inclusive ဖြစ်အောင် ရေးဆွဲနိုင်ရေးအတွက် ဦးတည်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးနဲ့ပတ်သက်လို့ မတွေးအမြင်၊ မယူအဆ အမျိုးမျိုးရှိကြပါတယ်။ ယခင်က အယူအဆအရ Education is all the sake of Education ပညာရေး ဟာ ပညာရေးအတွက်သာလျှင်ဖြစ်တယ်။ ပညာရေးသမားများအတွက်သာ ဖြစ်တယ်လို့ ယူဆခဲ့ကြပေမယ့် ဒီကနေ့ ခေတ်အခါမှာ ပညာရေးဟာ ပညာရေးသမားများအတွက်သာ မဟုတ်တော့ ဘဲ နိုင်ငံတစ်ခုလုံးနဲ့ နိုင်ငံသားများအားလုံးရဲ့ ကိစ္စဖြစ်လာပါတယ်။ ဘာကြောင့်‌လဲဆိုရင် တိုင်းပြည် တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်နှင့် လူအဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်လာတာဖြစ်တယ်လို့ ပညာရေးဟာလူတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ် ဖြစ်လာပါတယ်။ ဒါကြောင့်လည်းပဲ ပညာဉာဏ်အ‌မြော်အမြင်ရှိတဲ့ တိုင်းပြည်ခေါင်းဆောင် အချို့မှာ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးအခြေခံကောင်း တည်ဆောက်ခဲ့ကြပြီး အရည်အသွေးပြည့်မီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ကာ တိုင်းပြည်ကိုတည်ဆောက်ခဲ့ကြလို့ နေ့ချင်းညချင်း ကြီးပွားတိုးတက်လာခဲ့တဲ့ သက်သေသာဓကအဖြစ် စင်ကာပူနိုင်ငံကို လေ့လာကြည့်ရင် သိသာထင်ရှားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ အနေနဲ့လည်း တိုင်းပြည်ရဲ့ လူမှုစီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်ပြီးအကျိုး ရှိမယ့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းရေးဆွဲအကောင်အထည် ဖော်ကြရမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာဖို့အတွက် ကနဦးအနေနဲ့ အခြေခံ ပညာရေးကောင်းမွန်အောင် အုတ်မြစ်ချတည်ဆောက်ပေးရမှာဖြစ်ပါတယ်။ အခြေခံပညာရေး ကောင်းမွန်မှ နောက်ထပ်ဆက်လက်တည်ဆောက်မယ့် အဆင့်မြင့်ပညာရေးနှင့် တခြားနည်းပညာ မြင့်မားသောပညာရေးကို ဆက်လက်တိုးချဲ့အကောင်အထည်ဖော်  ဆောင်ရွက်သွားနိုင်မှာဖြစ် ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံမှာ ပညာရေးဥပဒေခိုင်မာပြီး ကိုးစားနိုင်မှုမရှိခြင်းနှင့် စနစ်တွေဟာ မကြာခဏ အပြောင်းအလဲရှိခဲ့တဲ့အတွက် အကျိုးအာနိသင်အနေနဲ့ ထူးခြားစွာ ပြောင်းလဲတိုးတက်မှုမရှိဘဲ ဖြစ်ခဲ့ကြရပါတယ်။ စောင့်‌ဆိုင်းရင်း မိုးလင်းခဲ့ရတဲ့အခြေအနေမျိုး ဖြစ်ခဲ့ ကြရပါတယ်။ တိကျခိုင်မာပြီး အားကိုးအားထားပြုနိုင်တဲ့ ပညာရေးဥပဒေတွေနဲ့ အကောင်အထည် မဖော်နိုင်ခဲ့တဲ့အတွက် ကျောင်းသားသူငယ်များဟာ အစမ်းသပ်ခံပညာရေးသားကောင်များ ဖြစ်ခဲ့ကြရ ပါတယ်။ ပညာရေးအပေါ်မှာ မိဘပြည်သူများရော၊ ကျောင်းသားကျောင်းသူများပါ အားထားယုံကြည် မှု နည်းပါးခဲ့ကြပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ ၂၁ ရာစုခေတ်ကို ပညာခေတ် Knowledge Ace အဖြစ် လူတိုင်းက သတ်မှတ်လက်ခံလာပြီး ၂၁ ရာစုခေတ်မှာ အရာရာတိုင်းကို ပညာလွှမ်းမိုး သော ခေတ်ဖြစ်လာပါတယ်။ ပညာကသာ အဆုံးအဖြတ်ပေးသောအခြေအနေကို ရောက်လာပြီဖြစ်ပါ တယ်။ ၂၁ ရာစုခေတ်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ သဘာဝသယံဇာတပစ္စည်းပိုင်ဆိုင်မှုအပေါ်မှာ မူမတည် တော့ဘဲ နည်းပညာပိုင်ဆိုင်မှု၊ နည်းပညာပြည့်စုံတဲ့ လူ့စွမ်းအားအရင်းအမြစ် ပိုင်ဆိုင်မှုအပေါ်မှာ မူတည်လာတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ သာဓကအနေနဲ့ ဘာသယံဇာတမှ မရှိတဲ့ ဂျပန်နိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့ဟာ ကမ္ဘာ့ထိပ်တန်းကြွယ်ဝချမ်းသာတဲ့နိုင်ငံအဖြစ် ရပ်တည်နေကြတာဟာ နည်းပညာပြည့်စုံပြီး အရည်အချင်းပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ပါ တယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံလို ရေခံမြေခံကောင်းပြီး သဘာဝသယံဇာတပစ္စည်းပေါကြွယ်ဝ တဲ့ နိုင်ငံအနေနဲ့ ပညာအခြေခံတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ပြီး ပညာရေးတိုးတက်ကောင်းမွန် အောင် အရှိန်အဟုန်နဲ့ လိုက်ပါဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ပညာရေးမူဝါဒများ၊ ပညာရေးဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပေးရမှာ ဖြစ်ပါတယ်။ ပညာရေးဥပဒေများအနက် အခြေခံပညာရေးဥပဒေဟာ နိုင်ငံသားတိုင်း ယုံကြည်အားကိုး လက်ခံနိုင်ပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ ဥပဒေတစ်ရပ်ဖြစ်ဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။ အခြေခံပညာရေးဥပဒေဟာ နိုင်ငံအနှံ့အပြား၊ ဒေသမျိုးစုံ၊ တိုင်းရင်းသား ပေါင်းစုံ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ ဥပဒေတစ်ရပ်ဖြစ်ဖို့ အလွန်အရေးကြီးလှ ပါတယ်။ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့်စာပေကို မြှင့်တင်ဆောင်ရွက်ပေးနိုင်တဲ့ ဥပဒေတစ်ရပ် ဖြစ်ဖို့လည်းပဲ လိုအပ်လှပါတယ်။ နိုင်ငံသားကောင်းများ Good Citizens များကို မွေးထုတ်ပေးနိုင်တဲ့ ဥပဒေကောင်းတစ်ရပ်ဖြစ်ဖို့လည်းပဲ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်အခြေခံပညာကျောင်းသူကျောင်းသား ၈.၈ သန်းကျော်ကို လေ့ကျင့်ပေးနေတဲ့ အခြေခံပညာရေးဖြစ်တာကြောင့် အလွန်အရေးကြီးလှပါတယ်။ မိဘပြည်သူများ ၁၇.၆ သန်းနဲ့ ပေါင်းရင် ပြည်သူ ၂၆ သန်းကျော် ပါဝင်နေပြီး မြန်မာနိုင်ငံလူဦးရေရဲ့ တစ်ဝက်နဲ့သက်ဆိုင်တဲ့ ပညာရေးဖြစ်ပြီး ပညာရေးအားလုံး၏ ခိုင်မာရမည့်အခြေခံအုတ်မြစ်လည်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ လက်ရှိကျင့်သုံးနေတဲ့ အခြေခံပညာရေးဥပဒေဟာ ၁၉၇၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ ခေတ် စနစ်ပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေဥပဒေတစ်ရပ်မဟုတ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ               နိဂုံးချုပ်ပါ။

ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း              လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို ဖြစ်ပါတယ်။ ဒေါက်တာမောင်သင်းရဲ့ အခြေခံပညာရေး ဥပဒေရေးဆွဲရာမှာ ကောင်းမွန်ပြည့်စုံသောဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းရေး၊ အလွှာစုံပါဝင်သော ဆွေးနွေးပွဲများ အဆင့်ဆင့်ကျင်းပဆောင်ရွက်ရန် အစိုးရအားတိုက်တွန်းကြောင်းအဆိုနဲ့ပတ်သက်လို့ အကြံပြု ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကုလသမဂ္ဂရဲ့ Sustainable Development ကို (SD) မူ ၁၇ ချက်ရဲ့ စတုတ္ထအချက်ဖြစ်တဲ့ Quality Education ပညာရေး ကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးဆိုတာ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်ပြီးတော့ အလွန် ကျယ်ပြန့် နက်နဲရှုပ်ထွေးတဲ့ကိစ္စ လည်းဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းခြင်းမှာ ပညာရေးလုပ်ငန်းဆောင်ရွက်နေတဲ့သူတွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲနဲ့ ပြည်သူပြည်သား တစ်ရပ် လုံးနဲ့လည်း ပါဝင်သက်ဆိုင်နေပါတယ်။ ပညာရေးဆိုင်ရာဥပဒေတစ်ရပ် ပြဋ္ဌာန်းတဲ့အခါမှာ ကဏ္ဍမျိုးစုံ ပါဝင်မှာဖြစ်လို့ ဘက်စုံထောင့်စုံ အဖွဲ့အစည်း ပုဂ္ဂိုလ်ပေါင်းစုံရဲ့ ရှုထောင့်အမြင်တွေနဲ့ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ပညာရေးဆိုင်ရာ ဥပဒေရေးဆွဲတာနဲ့ပတ်သက်လို့ ဥပဒေမှာပါဝင်သင့်တာတွေနဲ့ စံနှုန်းအတိုင်းအတာ သတ်မှတ်သင့်တာတွေ အပိုင်းနှစ်ပိုင်းနှင့်ပတ်သက်လို့ တင်ပြဆွေးနွေး အကြံပြုချင်ပါတယ်။

          ဥပဒေမှာပါဝင်သင့်တဲ့အပိုင်းတွေနဲ့ပတ်သက်လို့ အကျဉ်းချုပ်သဘောအရ ကဏ္ဍခုနစ်ခု တင်ပြ ချင်ပါတယ်။ ပထမအနေနဲ့ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အပိုင်းမှာ KG+12 အစီအစဉ်နဲ့အညီ သင်ရိုး ညွှန်းတမ်းရေးဆွဲရာမှာ နိုင်ငံတကာရဲ့သင်ရိုးညွှန်းတမ်းရေးဆွဲမှုကို လေ့လာပြီးတော့ နိုင်ငံနှင့် ကိုက်ညီ တဲ့ သင့်တော်တဲ့ပုံစံမျိုး၊ တိုင်းရင်းသားပေါင်းစုံက လက်ခံကျင့်သုံးနိုင်တဲ့ပုံစံမျိုး၊ သင်ယူရသူတွေ အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ပညာရေးစနစ်၊ နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်မယ့် ပညာရေးစနစ် သင်ရိုးညွှန်းတမ်းတွေဖြစ်ဖို့ စဉ်းစားသင့်ပါတယ်။ ဒုတိယအချက်အနေနဲ့ သင်ကြားမှု ပုံစံစနစ်နဲ့ပတ်သက်လို့ စာသင်ကျောင်းတွင် အတန်းသတ်မှတ်ပေးတဲ့စနစ်တွေမှာ နိုင်ငံတော်က ဖွင့်လှစ်သင်ကြားတဲ့ကျောင်းတွေ၊ ပုဂ္ဂလိကစာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေ၊ အသင်းအဖွဲ့တွေကဖွင့်လှစ်သင်ကြားတဲ့ စာသင်ကျောင်းတွေအပြင် ဘဝပေးအခြေအနေအရ ကျပန်း အလုပ်လုပ်နေရတဲ့ကလေးတွေ၊ လေလွင့်နေတဲ့ကလေးတွေ၊ မိသားစုအခြေအနေအရ စာသင်ဖို့ အခြေ အနေမပေးတဲ့ကလေးတွေ၊ မသန်စွမ်းတဲ့ကလေးငယ်တွေနဲ့ ပတ်သက်လို့ သင်ယူသင်ကြားနိုင်မယ့် ပညာရေးပုံစံမျိုး၊ အတန်းစနစ် ပုံစံမျိုး ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တတိယအချက်အနေနဲ့ သင်ကြားရမယ့်ဆရာဆရာမတွေနဲ့ ခန့်အပ်တာဝန်ပေးမှု၊ ဆရာဆရာမတွေရဲ့ အရည်အချင်း၊ အရည် အသွေးဆိုင်ရာ အစဉ်မြင့်မားတိုးတက်နေအောင် ဆောင်ရွက်ပေးနိုင်ဖို့ ရာထူးအဆင့်တိုးမြှင့်ပေးရေး ဆိုင်ရာကိစ္စရပ်တွေအပြင် ဒုတိယအချက်မှာတင်ပြထားတဲ့ နိုင်ငံတော်က ဖွင့်လှစ်သင်ကြားမှု အောက်ကကင်းလွတ်နေတဲ့ သင်ကြားရေးကဏ္ဍ တွေမှာဖြည့်ဆည်း ကူညီဆောင်ရွက်ပေးနိုင်မယ့် အစီအမံမျိုး ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ စတုတ္ထအချက်အနေနဲ့ သင်ယူမယ့်ကျောင်းသူ ကျောင်းသားတွေနဲ့ပတ်သက်လို့ တစ်ဦးချင်းရဲ့ဝါသနာ၊ အားသာမှု၊ စိတ်ပါဝင်စားမှု၊ သင်ယူ သင်ကြား လိုမှု၊ တီထွင်ဖန်တီးလိုမှု၊ စူးစမ်းလေ့လာတွေးခေါ်ကြံဆလိုမှု စတဲ့လူ့အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကို အလေးထားတဲ့ပညာရေးစနစ်မျိုး ဖြစ်ပေါ်လာဖို့နဲ့ ဒေသအခြေအနေပေါ် မူတည် ပြီးတော့ ယဉ်ကျေးမှု၊ ဓလေ့စရိုက် ပုံစံနဲ့လိုက်လျောညီထွေဖြစ်နိုင်မယ့် သင်ယူသင်ကြားမှုပုံစံမျိုး စဉ်းစား ဆောင်ရွက်သင့်တဲ့အပြင် ဒုတိယအချက်မှာပါတဲ့ စာသင်ကျောင်းရဲ့ ပြင်ပသင်ကြားမှု အောက်မှာရှိတဲ့ ကလေးတွေရဲ့သင်ယူသင်ကြားနိုင်တဲ့ အခြေအနေတွေ အတွက်လည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ပဉ္စမအချက်အနေနဲ့ စာသင်ကျောင်းတွေ၊ သင်ထောက်ကူဆိုင်ရာ ထောက်ပံ့မှု တွေနဲ့ပတ်သက်လို့ ကျောင်းသား/ဆရာဆရာမအချိုးနှင့်အညီ ကျောင်းအဆင့်သတ်မှတ်ချက်၊ အဆောက်အအုံ အရွယ် အစားသတ်မှတ်ချက်၊ သင်ထောက်ကူဆိုင်ရာ အထောက်အပံ့အချိုးအစား  စတဲ့စဉ်းစား သင့်တဲ့အပြင် ဒုတိယအချက်မှာ တင်ပြထားတဲ့ စာသင်ကျောင်းပြင်ပသင်ကြားရေး လုပ်ငန်းတွေမှာ အထောက်အကူ၊ အထောက်အပံ့ပြုနိုင်မယ့် သင်ထောက်ကူဆိုင်ရာအထောက်အကူ၊ အထောက်အပံ့လုပ်ငန်းတွေ ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ ဆဋ္ဌမအချက်အနေနဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုနှင့် ပတ်သက် လို့  အလုပ်အကိုင်ဆိုရာမှာ လူသားတစ်ယောက်အနေနဲ့ သူ့ရဲ့ဘဝ ရေရှည် ရပ်တည်နိုင် အောင်၊ ဝင်ငွေရရှိအောင် ဖန်တီးဆောင်ရွက်ပေးနိုင်တဲ့ဘဝရပ်တည်မှုကို မိမိ ကိုယ်တိုင်ဖန်တီး ဆောင်ရွက်နိုင် မယ့်ဘဝအခြေအနေမျိုးကို ဆိုလိုတာဖြစ်တဲ့အတွက် သင်ယူတတ်မြောက်ထားတဲ့ပညာအဆင့်အတန်း နှင့်အညီ ဘဝရပ်တည်နိုင်မှုအခြေအနေမျိုးပေးနိုင်မယ့် ပညာရေးစနစ်မျိုးဖြစ်လာမှပဲ သင်ယူ သင်ကြားသူတွေအနေနဲ့ မိမိသင်ယူတတ်မြောက်ထားတဲ့ပညာ အဆင့်အတန်းပေါ် အလေးထားမှု၊ ဂုဏ်ယူမှု၊ လိုလားစွာသင်ယူတတ်မြောက်လိုမှု၊ စဉ်ဆက်မပြတ် တိုးတက်အောင် လေ့လာတီထွင် ဆန်းသစ်ဆောင်ရွက်လိုတဲ့ဆန္ဒရှိလာမှာဖြစ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးတဲ့ အချက်ဖြစ်တာကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ နောက်ဆုံး သတ္တမအချက်အနေနဲ့ သင်ယူ သင်ကြားတတ်မြောက်ထားတဲ့ပညာတွေဟာ မိမိနိုင်ငံတစ်ခုထဲကပဲ အသိအမှတ်ပြုခံနေရရုံနဲ့ မလုံ လောက်ပါဘူး။ ယခုအချိန်အခါမှာ  ကမ္ဘာကြီးဟာရွာကြီးတစ်ရွာလို ဖြစ်လာတဲ့အတွက်ကြောင့် ရုပ်ပိုင်း ဆိုင်ရာပညာရပ်တွေက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေတာမို့ မိမိ နိုင်ငံက သင်ယူသင်ကြားခဲ့တဲ့ ပညာရေးကဏ္ဍရဲ့အဆင့်အတန်းဟာလည်း နိုင်ငံတကာကိုဝင်ဆံ့တဲ့၊ နိုင်ငံတကာက အသိအမှတ်ပြု ခံရတဲ့ အဆင့်အတန်းမျိုး၊ ဂရုပြုအလေးထားမှုခံရတဲ့ အဆင့်အတန်းမျိုး ဖြစ်ဖို့လိုတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ပညာရေးဆိုင်ရာဥပဒေမှာပါဝင်သင့်တဲ့ ကဏ္ဍတစ်ခုချင်းရေးဆွဲတဲ့ အခါမှာလည်း စံနှုန်း ရှစ်ခုရဲ့သတ်မှတ်ချက်တွေနဲ့ ညီညွတ်မှုရှိ/မရှိ ချိန်ထိုး စိစစ်သင့်ပါတယ်။ စံနှုန်းတွေအနေနဲ့ကတော့ ဥပဒေပါပြဋ္ဌာန်းချက်တွေရဲ့ ပြည့်စုံလုံလောက်မှု၊ ပြဋ္ဌာန်းလိုက်တဲ့ဥပ‌ဒေရဲ့ တိကျမှန်ကန်မှု၊ Valuation လို့ခေါ်တဲ့ ဥပဒေပါ ပညာရေးဆိုင်ရာ တန်ဖိုး အဆင့်အတန်း၊ Existence လို့ခေါ်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ တကယ့်လက်တွေ့မြေပြင်မှာ လက်တွေ့ အကောင်အထည်ဖော်တဲ့ အခြေအနေမှန်ရဲ့ကွာဟချက်လို့ခေါ်တဲ့ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက် တစ်ခုအပေါ်မှာ အချိန်ကာလတစ်ခု သတ်မှတ်ပြီးတော့ ပြဋ္ဌာန်းလိုက်တဲ့ဥပဒေတစ်ရပ်နဲ့ အကျိုးအပြစ်ပြန်လည်စိစစ်သုံးသပ်ပြီးတော့ Addition ဖြည့်စွက်ခြင်း၊ Amending ပြင်ဆင်အစားထိုးခြင်း၊ Deletion ဖြုတ်ပယ်ခြင်း စတာတွေပြုလုပ်နိုင်ဖို့ ကိုယ်စားလှယ်ပေါင်းစုံ၊ အသင်း အဖွဲ့ပေါင်းစုံ၊ ပညာရှင်ပေါင်းစုံရဲ့ အကြံပြုမှု၊ ဆွေးနွေးညှိနှိုင်းတင်ပြမှု၊ Effectiveness လို့ခေါ်တဲ့ ဥပဒေပြဋ္ဌာန်းချက်အပေါ် အကောင်အထည်ဖော် နိုင်မှုစွမ်းအားရဲ့ ထိရောက်အောင်မြင်မှုနဲ့ Efficiency လို့ခေါ်တဲ့ ပြဋ္ဌာန်းလိုက်တဲ့ဥပဒေ ပြဋ္ဌာန်းချက်  တွေအပေါ်မှာ အမှန်တကယ်ဆောင်ရွက် နိုင်မယ့်စွမ်းဆောင်ရည်အနေအထားနဲ့ စံနှုန်းတွေရဲ့ အခြေအနေကို ချိန်ထိုးစိစစ်သင့်ပါကြောင်း ဒေါက်တာမောင်သင်းရဲ့အဆိုကို အကြံပြုရင်းနိဂုံးချုပ်အပ် ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးမင်းသိန်း(တောင်တွင်းကြီးမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း                  လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ကျွန်တော် ဦးမင်းသိန်းမှ ဒေါက်တာမောင်သင်းရဲ့ အခြေခံပညာရေး ဥပဒေရေးဆွဲရာမှာ ဥပဒေကောင်း တစ်ရပ် ပေါ်ထွန်းလာရေးအတွက် လူထုလူတန်းစားပေါင်းစုံပါဝင်တဲ့ အခြေခံပညာရေးဆွေးနွေးပွဲများ အဆင့် ဆင့်ကျင်းပရေးအဆိုကို ဖြည့်စွက်အကြံပြုဆွေးနွေးသွားပါမယ်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ အခြေခံပညာရေးကဏ္ဍမှာ ပြဿနာများ၊ စိန်ခေါ်မှုများရှိနေတာ ကတော့ အမှန်ပဲဖြစ်ပါတယ်။ ဒီပြဿနာတွေကို မသိချင်ဟန်ဆောင်နေလို့လည်းမရပါဘူး။ နည်းလမ်း ရှာပြီးဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းရှာတဲ့နေရာမှာ ပညာရေးဝန်ကြီးဌာနတစ်ခုထဲနဲ့ ဗဟိုဦးစီးလုပ်ကိုင်နေလို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအခြေအနေတွေကို ကြည့်ပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် အခြေခံပညာရေးဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့လိုပါတယ်။ လူထုလူတန်းစားအလွှာ ပေါင်းစုံတို့နှင့် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူများရဲ့အကြံဉာဏ်ကိုတော့ ယူရမှာလို့ ကျွန်တော်ထင်ပါ တယ်။ ယခင့်ယခင်က ဝန်ကြီးတစ်ယောက်ပြောင်းတိုင်း တစ်ယောက်ပြောင်းတိုင်း၊ အာဏာရှင် တစ်ယောက်ပြောင်းတိုင်း တစ်ယောက်ပြောင်းတိုင်း ပညာရေးကို လက်တည့်စမ်းခဲ့ကြပါတယ်။ အဲဒီက လက်တည့်စမ်းခဲ့တဲ့ဒဏ်ကို ကျွန်တော်တို့လည်း ခံခဲ့ကြရပါပြီ။ ကွယ်လွန်သူစာရေးဆရာကြီး ဆရာ ဦးအောင်သင်းက မြန်မာတွေကျွန်ဖြစ်ရတာဟာ ပညာမတတ်လို့လို့ ပြောခဲ့ဖူးပါတယ်။ ယနေ့ ကျွန်တော်တို့ မြန်မာပြည်ဆင်းရဲနိမ့်ကျသွားတာလည်း ပညာရေးစနစ်၊ ပညာရေးမူဝါဒတွေ မှားယွင်းခဲ့ လို့လို့ ပြောရပါလိမ့်မယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အကယ်၍ အကယ်၍ဆိုတဲ့ ခြွင်းချက်လေးကို ကျွန်တော်အထူးပြုချင်ပါတယ်။ အကယ်၍များ ပညာရေးဆွေးနွေးပွဲများလုပ်မယ် ဆိုရင် အရေးကြီးတဲ့ပါဝင်သင့်ပါဝင်ထိုက်တဲ့သူများကတော့ တိုင်းရင်းသားများဖြစ်ပါတယ်။ တိုင်းရင်း သားပညာရေးကို စိတ်ဝင်စားတဲ့သူများ အထူးသဖြင့် လိုအပ်ပါတယ်။ မြန်မာပြည်ရဲ့နိုင်ငံရေး၊ စီးပွား ရေး စသည်တို့မှာ တိုင်းရင်းသားတွေနဲ့အများကြီးဆက်နွယ်နေတဲ့အတွက်ကြောင့် တိုင်းရင်းသား ပညာရေး၊ တိုင်းရင်းသားယဉ်ကျေးမှုများ နားလည်တတ်ကျွမ်းတဲ့သူများကို ဖိတ်ခေါ်ပြီးတော့ ပညာရေး ဆွေးနွေးပွဲများမှာ ပါဝင်သင့်ကြောင်း ကျွန်တော်တင်ပြပါတယ်။ ဒုတိယပါဝင်သင့်တဲသူများကတော့ လက်ရှိတာဝန်ထမ်းဆောင်နေရသော ဆရာဆရာမများဖြစ်ပါတယ်။ လက်ရှိပကတိအခြေအနေကို လက်ရှိတာဝန်ထမ်းဆောင်နေကြသူများကသာ အသိဆုံးပါ။ အဲဒီဆရာဆရာမတွေရဲ့ ပွင့်လင်းတဲ့ အကြံ ဉာဏ်တွေကို ယူသင့်ပါတယ်။ သူတို့ဟာ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြတော့ ပွင့်ပွင့် လင်းလင်းတော့ ပြောရဲကြမှာမဟုတ်ပါဘူး။ တစ်နည်းပြောရရင် ဆရာဆရာမတွေမှာ ကြောက်တဲ့အ ကျင့်ပါနေကြပါတယ်။ လူကြီးလာရင်လက်အုပ်ချီပြီး ကြိုခဲ့ရတဲ့သူတွေထဲမှာ ဆရာဆရာမတွေပါခဲ့ပါ တယ်။ ဒါကြောင့် ဆရာဆရာမတွေကို ပညာရေးဆွေးနွေးပွဲတွေမှာ ပွင့်ပွင့်လင်းလင်းနဲ့ လက်ရှိအခြေ အနေတွေကို တင်ပြနိုင်ဖို့ ဆွေးနွေးခွင့်ပေးဖို့လိုပါတယ်။ တတိယပါဝင်သင့်တဲ့သူတွေကတော့ ပညာရေးနှင့်ပတ်သက်တဲ့ ပညာရေးဝန်ထမ်း(အငြိမ်းစား)ကြီးတွေဖြစ်ပါတယ်။ မူလတန်းကျောင်းအုပ် ကြီးများမှအစ အခြေခံပညာညွှန်ချုပ်အထိ အငြိမ်းစားကြီးတွေရှိကြပါတယ်။ ဒီဆရာကြီးများဟာ အိုမင်းမစွမ်းဖြစ်ကြပေမယ့်လို့ အကြံဉာဏ်မှာ စွမ်းနိုင်ကြပါသေးတယ်။ သူတို့ကို တတိယအရွယ် တတိယကမ္ဘာမှာ ထည့်ထားပြီး အိုပယ်ကြီးတွေအဖြစ်နဲ့ ပယ်ချန်ထားဖို့ မသင့်ပါဘူး။ စတုတ္ထပါဝင် သင့်တဲ့သူများကတော့ ယနေ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ရဟန်းသံဃာဆရာတော် များဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၁၅၀၀ ကျော်ရှိတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ကိုလိုနီခေတ်အမျိုးသားပညာရေးကျောင်းတွေဖွင့်ခဲ့တုန်းက ဘုန်းကြီးကျောင်းတွေကို အခြေပြုခဲ့ရတာပါ။ ဆရာတော်သံဃာတော်တွေဟာ မြန်မာ့ပညာရေး သမိုင်းမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ကျောင်းသားများ ကျောင်းသူ များနှင့် ဝေးလံတဲ့ဒေသတွေမှာ ဘုန်းကြီးကျောင်းတွေကိုလည်း အခြေပြုရတာဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကိုယ်စားလှယ်များကိုလည်း ပါဝင်သင့်ပါတယ်။ စတုတ္ထ ပါဝင်သင့်သူကတော့ ပြည်တွင်းပြည်ပ ပညာရေးအဖွဲ့အစည်းများနဲ့ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ် ပညာရှင်များ ဖြစ်ပါတယ်။ သူတို့တတွေဟာ မြန်မာနိုင်ငံရဲ့ပညာရေးပြုပြင်ပြောင်းလဲမှုကို အချိန်တန် နေပြီလို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ထုတ်ပြဝေဖန်ခဲ့ကြတာပါ။ ပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များရဲ့အကြံဉာဏ်များကလည်း အရေးကြီးလှပါတယ်။ ကျွန်တော်တို့ဟာ ခေတ်အဆက်ဆက် နိုင်ငံခြားကို ကြောက်တဲ့ရောဂါ၊ နိုင်ငံခြားသားကို အထင်ကြီးခဲ့တဲ့ရောဂါတွေ စွဲကပ်ခဲ့ကြပါတယ်။ ကြောက်စရာလည်းမလိုပါဘူး။အထင်ကြီးစရာလည်းမလိုပါဘူး။ ဒါပေမဲ့လို့ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေများနဲ့ကိုက်ညီမယ့် ပညာရေးမူဝါဒများနဲ့ဥပဒေများကိုချနိုင်ဖို့ ပုံတူကူးချခြင်းမျိုး မဟုတ်တဲ့ ပညာရေးဥပဒေမျိုး လိုအပ်ပါတယ်။ အားလုံးအတွက် ပညာရေးနဲ့ တိုင်းပြုပြည်ပြု ဆောင်းပါးများ စာအုပ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ပညာရေးဆောင်းပါးတွေ မြောက်မြားစွာရေးခဲ့တဲ့ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က ပညာရေးစနစ်တစ်ခု ပြောင်းပစ်တယ်ဆိုတာဟာ နယ်နယ်ရရကိစ္စ မဟုတ်ဘူး။ အင်မတန်ကြီးမားလေးနက်ပြီး ကျယ်ပြန့်လွန်းတဲ့ နောက်ဆက်တွဲရလဒ်တွေနဲ့မို့ သတိကြီးစွာနဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။  ထိခိုက်မှုအတိုင်းအတာ အချိန်အားဖြင့် ကြီးမားရှည်ကြာပြီး အားအင် ထက်သန်ပါတယ်။ မျိုးဆက် တစ်ဆက်၊ နှစ်ဆက်ထိအောင် အကျိုးသက်ရောက်နိုင် ပါတယ်လို့ သတိပေးဖူးပါတယ်။ ဒါကြောင့် ဒေါက်တာမောင်သင်းရဲ့ ပညာရေးဆွေးနွေးပွဲများကိုလုပ်ဖို့ ဒါပေမဲ့လို့ စရိတ်ကုန်၊ ဇလုံပွန်း၊ ဇွန်းကျိုး၊ လူများပွဲမစည်၊ ငါးသိုင်းများဟင်းဟုန်နဲ့ ဆွေးနွေးပွဲမျိုးမဖြစ်အောင် လည်း သတိထားဆောင်ရွက်ဖို့လိုအပ်ကြောင်း ဆွေးနွေးရင်း လေးစားစွာ တင်ပြအပ်ပါတယ် ခင်ဗျား။

ဦးဦးလှစော(မြောက်ဦးမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း                အားလုံးကို လေးစားပါတယ်။ ကျွန်တော် က မြောက်ဦး မဲဆန္ဒနယ်က ဦးဦးလှစောပါ။ ဥက္ကဋ္ဌကြီးခင်ဗျား။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကိုဦးတည်ပြီးတော့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်မယ့် ဒေါက်တာ မောင်သင်းရဲ့ အဆိုကို ကျွန်တော် အကြွင်းမဲ့ထောက်ခံပါတယ်။ ကျွန်တော် တိုင်းရင်းသား ရခိုင် တစ်ယောက်အနေနဲ့ ဆွေးနွေးတဲ့အခါမှာ ကျွန်တော့်ရှေ့ကတင်ပြသွားတဲ့ သီပေါမြို့နယ်က ဦးစိုင်းသန့်ဇင်ရဲ့အဆိုဟာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ၊ မငြိမ်းမချမ်းဖြစ်နေတဲ့ဒေသက တက္ကသိုလ်မရှိတဲ့၊ မူလတန်း ကျောင်းရှိတဲ့ဒေသတွေက ပညာရေးကို အလေးအနက်ထားပြီး ဆွေးနွေးသွားတဲ့အတွက် ကြောင့် သူ့အဆိုကို ကျွန်တော် ထပ်လောင်းထောက်ခံပါတယ်။ ကျွန်တော် နည်းနည်းထပ်စွက်ပြီး ပြောချင်တာက ကျွန်တော်တို့ အမျိုးသားပညာရေးဥပဒေဟာ ပြဋ္ဌာန်းတယ်ဆိုပေမယ့် ကျွန်တော်တို့ အခြေခံ အောက်ခြေ ကျေးလက်ဒေသတွေမှာ အသက်ဝင်ဖို့ အင်မတန် အားနည်းနေပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာရှိတဲ့ပညာရှင်တွေက အောက်ခြေမှာ ပညာရေး ပြုပြင် ပြောင်းလဲမှုတွေ လိုအပ် နေတယ်ဆိုတာကို အမြဲတမ်းသတိပေးပြောနေပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြောင်းလဲသင့်တဲ့အရာ တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ပညာရေးဟာ အင်မတန်ဆိုးဝါးနေပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ပြည်ကြီးဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ထဲမှာ ပြည်ထောင်စုစိတ်ဓာတ်ကလည်း အင်မတန် အရေးကြီးပါတယ်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြားထဲမှာ တစ်ယောက် နှင့်တစ်ယောက် အပြန်အလှန် တန်ဖိုးထားဖို့၊ လေးစားဖို့၊ ချစ်ကြည်ဖို့ဆိုတဲ့တရားတွေကို ကျွန်တော်တို့ မြန်မာစာတို့၊ သမိုင်းတို့မှာ သင်ကြားဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ အဲဒီလိုဟာမျိုးကျမှ ကျွန်တော်တို့တကယ့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။ အဲဒီတော့ ဒီသင်ရိုးညွှန်းတမ်းပြုပြင် ဖော်ဆောင်မှုလုပ်ငန်းတွေဟာလည်း မူလတန်း၊ အလယ်တန်း တွေမှာ အင်မတန် အရေးကြီးပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ရှောင်ရှားရမယ့်ဟာတွေက လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားထဲမှာ နားလည်မှုလွဲသွားနိုင်တဲ့၊ အပေါ်စီးလို့ယူဆနိုင်တဲ့ သမိုင်းအမှားအယွင်းလေးတွေဟာ အောက်ခြေ တွေမှာပျံ့နှံ့တယ်ဆိုရင် ကျွန်တော်တို့ ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ အများကြီး                  အနှောင့်အယှက်ဖြစ်ပါတယ်။ အဲဒါကြောင့် မူလတန်းမှာ သင်ရိုးညွှန်းတမ်းပြုပြင်ရေးတွေကအစ အကုန်လုံး ပြောင်းလဲဖို့လိုအပ်နေပါပြီ။ နောက်တစ်ခုက ကျွန်တော်တို့တိုင်းရင်းသားတွေမှာ မိခင် ဘာသာစကားအခြေပြုတဲ့ ဘာသာစုံသင်ကြားရေးစနစ်ဟာလည်း အင်မတန်အားနည်းနေပါသေး တယ်။ အဲဒါအတွက် ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲရေးဆိုတာကို အင်မတန်လိုအပ်နေပြီဆိုတာ ကျွန်တော် ထပ်လောင်းပြောချင်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ ကျွန်တော်ကတော့ ယေဘုယျ သုံးမျိုးတွေ့ပါတယ်။ ပထမအမျိုးအစားကတော့ နိုင်ငံ တကာသဘောတရားတွေကို လက်ကိုင်ထားတဲ့ တကယ့်ပညာရှင်ကြီးတွေ၊ နောက်တစ်ခုက မြန်မာ ပြည် ပညာရေးလောကထဲက ပညာရေး Elite တွေပေါ့။ သူတို့ရဲ့ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းပေါ့လေ။ သူတို့ရဲ့ချဉ်းကပ်နည်းက စေတနာပါပေမယ့် တစ်ခါတစ်ခါ အောက်ခြေနဲ့ နည်းနည်း အောက်ခြေမှာ ပြန်ပြန်လွဲပါတယ်။ နောက်တစ်မျိုးကတော့ ပြုပြင်ပြောင်းလဲရေးကို အင်မတန်လိုလားတဲ့၊ စိတ်ဒဏ်ရာ တွေရှိကြတဲ့ တက်ကြွသူတွေ အဲဒီလူတွေရဲ့ချဉ်းကပ်နည်းကကျလည်း တစ်ခါတလေ နည်းနည်း အစွန်းရောက်တာလေးတွေ ရှိပါတယ်။ အဲဒီအုပ်စုထဲမှာ ကျွန်တော်တို့အပါအဝင် ဒီမှာရှိတဲ့ လွှတ်တော် အမတ်တွေ၊ အပြင်မှာရှိတဲ့ CSO တွေ အကုန်လုံးပါကြပါလိမ့်မယ်။ နောက်တစ်ခုကတော့ ပညာရေး လောကထဲမှာ ထဲထဲဝင်ဝင်ရှိပြီိးတော့ ပညာရေးလောကရဲ့အားနည်းချက်တွေကို နှစ်နှစ်ကာကာသိတဲ့ တကယ့်ဆရာဟောင်းကြီးတွေရဲ့ အတွေ့အကြုံကထုတ်ယူထားတဲ့သင်ခန်းစာတွေပါ။ အဲဒီတော့ အဲဒီ အမျိုးအစားသုံးခုကို မျှမျှတတပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတစ်ခု ကျွန်တော်တို့ ဂုဏ်သိက္ခာရှိတဲ့ ပညာရေးတစ်ခုလုပ်ဖို့အတွက် အောက်ခြေမှာ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ် သင့်သလဲဆိုတာကို ကျွန်တော်တို့ အတိအလင်းဆွေးနွေးဖို့လိုပါတယ်။ အဲဒီက ရလဒ်တွေဟာ ပြုပြင် ပြောင်းလဲမှုလုပ်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့တိုင်းပြည်အတွက် တကယ့်အခြေခံအုတ်မြစ် ကောင်းကြီးတွေကိုချပေးနိုင်တယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ ကျွန်တော် အချိန်ရတုန်း နည်းနည်းလေး ဒေါက်တာမောင်သင်းထဲကပြောတဲ့အဆိုမှာ နည်းနည်းလေးဖြည့်စွက်ပြီးဆွေးနွေးချင် တာကတော့ ကျွန်တော်တို့ ပညာရေးပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ Dropout ပြဿနာပါ။ အဲဒီ  Dropout ပြဿနာဆိုတာက ကျွန်တော်တို့ရဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အများကြီးကြုံရတဲ့ပြဿနာပါ။ အဲဒီ Dropout ပြဿနာဟာ ဆင်းရဲမွဲတေမှုပြဿနာ၊ Child Labour ပြဿနာ၊ မိသားစုပြဿနာ၊ လူငယ်တစ်ဦးချင်းရဲ့ ပညာ အရည်အချင်းနိမ့်တဲ့ပြဿနာတွေအများကြီးဖြစ်နေပါတယ်။ အဲဒီတော့ Dropout ပြဿနာကို ဘယ်လို ကယ်တင်ကြမလဲ။ အဲဒါပြဿနာတစ်ခုပါ။ အဲဒီ Dropout ပြဿနာနဲ့ဆက်ပြီးတော့ စာမေးပွဲစစ်တဲ့ ပြဿနာ စာမေးပွဲကို Liberalize အလိုက်လုပ်လိုက်မလား။ တင်းတင်းကြပ်ကြပ်လုပ်မလား။ ဘယ်မူတွေကိုကိုင်ပြီး လုပ်ကြမလဲ။ ကျွန်တော်တို့ စာမေးပွဲတွေကို Dropout ပြဿနာတွေကို ဖြေရှင်း ဖို့အတွက် အကုန်လုံးအောင်စေသတည်းဆိုရင်လည်း ကျွန်တော်တို့ပညာရေးဟာ တကယ် အဟောသိကံဖြစ်သွားပါလိမ့်မယ်။ အင်မတန်တင်းကြပ်တယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဒီမိုကရေစီမရှိဘူး။ အင်မတန်တင်းကြပ်တယ်။ Centralization ကလည်းများတယ်ဆိုတာ ပြဿနာရှိ ပါတယ်။ အဲဒီတော့ Dropout ပြဿနာနဲ့ စာမေးပွဲပြဿနာကို ဘယ်လိုကိုင်တွယ်ကြမလဲ။  တစ်ခါ တစ်ခါ ကျွန်တော်တို့က အစွန်းရောက်ပြီးတော့ စာမေးပွဲဆိုတာ မလိုအပ်ဘူးလို့ပြောတာလည်း အယူ အဆတွေဟာလည်း တစ်ခါတစ်ခါ ပညာရေးလောကထဲမှာလွှမ်းမိုးလာပါတယ်။ အဲဒီတော့ ကျွန်တော်တို့ စာမေးပွဲဆိုတာ လိုအပ်ပါတယ်။ ဒါပေမဲ့ စည်းနဲ့ကမ်းနဲ့ Corruption ကင်းဖို့ တကယ် စာမေးပွဲတွေဟာ စနစ်ကျဖို့လိုပါတယ်။ စာမေးပွဲမရှိဘူးဆိုလို့ရှိရင်တော့ ဒါအဓိပ္ပာယ်မရှိဘူးလို့ ယူဆ ပါတယ်။ နိုင်ငံတကာမှာလည်း IELTS တို့၊ SAT တို့ ၂၀၀ နဲ့ကတော့ ဘယ်တက္ကသိုလ်မှလက်မခံဘူး။ ဘယ်လောက်ပဲချမ်းသာ လက်မခံဘူး။ အဲဒီစာမေးပွဲဆိုတာလည်း လိုအပ်တယ်။ အဲဒီတော့ စာမေးပွဲ တွေစနစ်ကျဖို့ဆိုတာပဲ ကျွန်တော်ပြောချင်ပါတယ်။ အဲဒီတော့ ကျွန်တော်ဆိုလိုတာကတော့ ကျွန်တော် တို့မှာ ပေါ်လစီတွေကိုကိုင်တွယ်တဲ့အခါမှာ တိတိကျကျလုပ်လိုက် လျော့ရဲလိုက် အခု စာကလေး အခုဆီထမင်းလိုဖြစ်တဲ့ ပညာရေးအာဏာပိုင်တွေအနေနဲ့ ပေါ်လစီတွေကို တိတိကျကျ သတ္တိရှိရှိ ကိုင်တွယ်ဖို့လိုပါတယ်။ အဲဒါလေးတော့ ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခု ကျွန်တော် ဥက္ကဋ္ဌကြီးကို မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ ပညာရေးကော်မတီအနေနဲ့ ဒီပြဿနာ၊ ဒီ Debate တွေကို ကျွန်တော်တို့ ခုနက တစ်ယောက်အကြံပေးသွားသလို စိတ်ဝင်စားတဲ့လူတွေ အကုန်လုံး စုပေါင်းဆွေးနွေးပြီးတော့ ကျွန်တော်တို့ လွှတ်တော်ပြင်ပ ပညာရေးကော်မတီအောက်မှာ ဆွေးနွေးပွဲတွေ ဥက္ကဋ္ဌကြီးအနေနဲ့စီစဉ်ပေးနိုင်မယ်ဆိုလို့ရှိရင် အများကြီး အကျိုးရှိမယ်လို့ ယူဆပါ တယ်။ အဲဒါလေးတစ်ခုတော့ တင်ပြပါရစေ။ အားလုံးကို လေးစားပါတယ်။

ဒုတိယဗိုလ်မှူးကြီးလှနိုင်(တပ်မတော်သားကိုယ်စားလှယ်) မှ ဆွေးနွေးခြင်း                  လေးစားအပ် ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးလှနိုင် ဖြစ်ပါတယ်။ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း တင်သွင်းတဲ့အဆိုကို အကြံပြုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ Power Point ဖြင့် ဆွေးနွေးခွင့်ပြုပါခင်ဗျား။ အခြေခံ ပညာရေးကဏ္ဍဟာ နိုင်ငံတိုင်းရဲ့ ပညာရေးအ‌ခြခံ အုတ်မြစ်ဖြစ်ပါတယ်။ ပညာရေးဟာ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ရာမှာ အသုံးဝင်လှတဲ့လက်နက်ကောင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ် ကြေညာစာတမ်းတွင် လူတိုင်းအကျုံးဝင်ပညာရေးကို အကောင်အထည်ဖော် ဖို့ အဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြပါတယ်။ UNESCO က ထုတ်ဝေခဲ့တဲ့စာတမ်းအချို့မှာလည်း ပညာရေးဖွံ့ဖြိုး တိုးတက်မှုကို အားနည်းစေတဲ့အချက်များမှာ ပညာရေးမူဝါဒများနှင့် ပညာရေးဆိုင်ရာ ဥပဒေများအားနည်းခြင်း၊ မလုံလောက်ခြင်းဆိုတဲ့အချက်ပါဝင်တာကို လေ့လာတွေ့ရှိရပါတယ်။ အဆိုရှင်ရဲ့အဆိုဟာ အခြေခံပညာရေးဥပဒေကောင်းတစ်ရပ်ပေါ်ထွက်လာစေရန်အတွက် ဥပဒေ ရေးဆွဲရာမှာ အများပြည်သူပူးပေါင်းပါဝင်စေဖို့ Public Participation in Legislative Process တင်သွင်းတဲ့အဆိုဖြစ်တယ်လို့ သုံးသပ်ရရှိပါတယ်။ နိုင်ငံရေးသိပ္ပံရှင် ဂရေဟန်မတ်တောက်က ခေတ်သစ်ကမ္ဘာရဲ့ဒီမိုကရက်တစ်နိုင်ငံရေးမှာ ဝိသေသလက္ခဏာငါးချက်ကို ဖော်ထုတ်ခဲ့ရာ ပြည်သူ အများနဲ့ အဖွဲ့အစည်းများရဲ့ နိုင်ငံရေးအဆောက်အအုံတစ်ခုလုံး ပါဝင်နိုင်မှုဆိုတဲ့အချက် ပါဝင်တာကို လေ့လာတွေ့ရှိရပါတယ်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် အဓိကလိုအပ်ချက်သုံးချက်ရှိကြောင်း European Institute for Public Participation (EIPP) က ဖော်ထုတ်ထားတာကို လေ့လာတွေ့ရှိရပါတယ်။ ၎င်းအချက်များကတော့ တင်ပြပါအတိုင်း ဖြစ်ပါတယ်။ Canadian Institute for Governance (IOG)၊ The Organization for Economic Cooperation and Development (OECD)၊ International Association for Public Participation (IAPP) အစရှိတဲ့ အဖွဲ့အစည်းများကလည်း ပြည်သူလူထုပူးပေါင်းပါဝင်လာမှု နှင့်‌ပတ်သက်ပြီး ဆောင်ရွက်ရန်အချက်များ၊ အကျိုးကျေးဇူးများ ရေးသားဖော်ပြထားတာကို လေ့လာ တွေ့ရှိရပါတယ်။ အပြည်ပြည်ဆိုင်ရာနိုင်ငံသားများနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် International Convenience on Civil and Political Right (ICCPR) ရဲ့ အပိုဒ် ၂၅ အပိုဒ်ခွဲ(က) တွင် နိုင်ငံသားတိုင်းသည် ပြည်သူ့ရေးရာကိစ္စရပ်များကို စီမံဆောင်ရွက်ရာမှာ တိုက်ရိုက်သော်လည်း ကောင်း၊ ရွေးချယ်လိုက်သော ကိုယ်စားလှယ်များမှတစ်ဆင့်သော်လည်းကောင်း ပါဝင်ဆောင်ရွက်ခွင့် ရှိသည်ဟူ၍ ဖော်ပြပါရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈ ပုဒ်မခွဲ(ခ)မှာ နိုင်ငံတော်သည် ပြည်သူများ၏ကျန်းမာရေးနှင့် ပညာရေးတို့တွင် တိုင်းရင်းသားပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်လို့ ပြဋ္ဌာန်းဖော်ပြထားပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ၊ ဥပဒေကြမ်းကော်မတီရဲ့ လုပ်ပိုင်ခွင့်များအပိုင်း နည်းဥပေဒ ၆၁  နည်းဥပဒေခွဲ(ခ)တွင် လည်း ကော်မတီသည် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူများနှင့် သက်ဆိုင်ရာကျွမ်းကျင်သူများ၏ ဥပဒေရေးရာအကြံပြုချက်များ၊ ဝေဖန်သုံးသပ်ချက်များကိုစိစစ်၍ လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည် လို့ ပြဋ္ဌာန်းထားရှိပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဆိုင်ရာဥပဒေ (Public Participation Law) ကဲ့သို့သော ဥပဒေတစ်ရပ်ပြဋ္ဌာန်းသင့်ပါကြောင်း အကြံပြုဆွေးနွေးလိုပါတယ်။ ပညာရေးနယ်ပယ်ဟာ ကျယ်ဝန်းနက်နဲပြီး Formal ၊ Informal ၊ Non Formal Education အစရှိ သော ပညာသင်ကြားသင်ယူသူများရဲ့အခြေအနေကိုလိုက်ပြီး သင့်လျော်သလိုဆောင်ရွက်ကြရပါ တယ်။ Education for All နဲ့ All Inclusive Education ရရှိစေဖို့ ပညာသင်ကြားသင်ယူသူများရဲ့ ကိုယ်၊ စိတ်၊ ကျန်းမာရေးအခြေအနေ၊ ဘာသာစကား၊ ပထဝီဝင်အနေအထားနှင့် လမ်းပန်းဆက်သွယ် ရေး၊ လူမှုစီးပွားဘဝအခြေအနေ၊ နိုင်ငံတော်ရဲ့ပညာရေးအသုံးစရိတ် အစရှိတဲ့အချက်တွေအပေါ် မူတည်ကာ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ပညာသင်ကြားခြင်းရဲ့ရည်ရွယ်ချက်ကို ထိရောက်စေရန် ပညာသင်ကြားသင်ယူမှု နည်းစနစ်များ၊ အရည်အသွေးစစ်ဆေးတိုင်းတာမှုစနစ်များ၊ သင်ရိုးညွှန်းတမ်းများရဲ့ ခေတ်နဲ့အညီ ဆီလျော်မှု၊ ထိရောက်မှုရှိစေဖို့ဟာလည်း အလွန်အရေးကြီးပြီး နယ်ပယ်စုံ၊ အလွှာစုံမှ ပါဝင်အကြံပြု ချက်များ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံပညာရေးဥပဒေရေးဆွဲရာမှာ ပြည်သူလူထုရဲ့ သဘောထားအမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်မှုများ ထင်ဟပ်စေဖို့ Public Awareness ၊ Public Education ၊ Public Input ၊ Public Interaction ၊ Public Participative အစရှိတဲ့ လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်အားပေးဆောင်ရွက်ဖို့လိုအပ်ကြောင်း အကြံပြုတင်ပြလိုပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေရာမှာ မိမိတို့တပ်မတော်အနေနဲ့ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် အခြေခံပညာရေးကဏ္ဍမှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကိုလည်း အနည်း ငယ်တင်ပြလိုပါတယ်။ တပ်မတော်သားများအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမပြီးသော စစ်သည်များအား စဉ်ဆက်မပြတ်ပညာရေးအသွင်ဖြင့် အရည်အချင်းများဆန်းစစ်ကာ တန်းစဉ် တက်ရောက်နိုင်ရေး တပ်မတော်ပညာရေးကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိပါတယ်။ တပ်မတော်တစ်ရပ်လုံးတွင် တပ်မတော်ပညာရေးကျောင်း ၁၂ ကျောင်းဖွင့်လှစ်၍ အကြေအလွန်မှ တက္ကသိုလ်ဝင်တန်းအထိ ဖွင့်လှစ်သင်ကြားဆောင်ရွက်ပေးလျက်ရှိပါတယ်။ တပ်မိသားစုများအား ပညာရေးအထောက်အကူဖြစ်စေရန် တစ်နှစ်လျှင်နှစ်ကြိမ် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးလျက်ရှိပါတယ်။ တိုင်းစစ်ဌာနချုပ်အလိုက် ကွပ်ကဲမှုအောက်ရှိ တပ်နယ်၊ ဌာနချုပ်များ တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော တပ်တွင်းအခြေခံပညာကျောင်းပေါင်း ၃၀၀ ကျော်ရှိပါတယ်။ အဆိုပါကျောင်းများတွင် တပ်မိသားစုများသာမက ဝန်းကျင်များမှ ဒေသခံပြည်သူများ၏ မိသားစုဝင် များကိုပါ ပညာရေးသင်ကြားပေးလျက်ရှိပါတယ်။ KG တန်းမှစ၍ သက်ဆိုင်ရာအတန်းအလိုက် အမှန် တကယ်စာတတ်မြောက်အောင် သင်ကြားပေးပြီး အောင်မြင်စွာ အတန်းစဉ်ကူးပြောင်းသွားခြင်းဖြင့် တက္ကသိုလ်ဝင်တန်းတွင် အောင်ချက်မြင့်မားရေး ရည်မှန်းချက်ထားရှိဆောင်ရွက်လျက်ရှိပါတယ်။ ဝေးလံခေါင်ဖျားသော တိုင်းဒေသကြီး/ပြည်နယ်များတွင် တပ်မိသားစုကျောင်းသားကျောင်းသူများ အား စခန်းတွင်းဘော်ဒါ၊ ကျောင်းဆောင်များဖွင့်လှစ်ပြီး ပညာသင်ကြားရေးအား ဆောင်ရွက်ပေး လျက်ရှိသလို တက္ကသိုလ်ပညာရေးထောက်ပံ့မှုများ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဟောင်းသားသမီးများအား ပညာရည်မြင့်မားရေးအတွက် အခြေံပညာနှင့် အဆင့်မြင့်ပညာ သင်ယူရေးကိုပါ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိဂုံးချုပ်အားဖြင့် အခြေခံပညာရေးဥပဒေ ရေးဆွဲရာမှာ ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထားအမြင် အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်မှုများ ထင်ဟပ်သော အ‌ခြေခံပညာရေးဥပဒေတစ်ရပ်ပေါ်ပေါက်လာခြင်းဖြင့် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ရည်မှန်းချက်ဖြစ်တဲ့ လူတိုင်းအကျုံးဝင်ပညာရေး Education for All ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်သောကြောင့် ဒေါက်တာမောင်သင်းရဲ့အဆိုကို ထောက်ခံ ဆွေးနွေးအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးဖြိုးဇေယျာသော်(ဇမ္ဗူသီရိမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း           လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်အနေနဲ့ အဆိုရှင် ဒေါက်တာမောင်သင်းရဲ့ အဆိုအပေါ်မှာ ဝေဖန်အကြံပြုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ အဆိုမှာ ဥပဒေရေးဆွဲရေး အပိုင်းရယ်၊ နောက်ပြီးတော့ ပညာရေးဆိုင်ရာဆွေးနွေးမှုအပိုင်းရယ်ဆိုပြီးတော့ နှစ်ပိုင်းခွဲခြားလို့ရ မယ်လို့ ယေဘုယျအားဖြင့် ယူဆပါတယ်။ အဆိုရှင်က အဆိုကိုတင်သွင်းတဲ့အချိန်မှာတုန်းက ယခင် အစိုးရလက်ထက်မှာတုန်းက အမျိုးသားပညာရေးဥပဒေရေးဆွဲဖို့အတွက်နဲ့စပ်လျဉ်းပြီးတော့ ပမာပုံပြ ပြီးတော့ တင်ပြသွားခဲ့ တာကို တွေ့ရတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ကလည်း ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာတုန်းက ဒီဥပဒေကိုပြဋ္ဌာန်းနိုင်ဖို့တွက် ဘယ်လိုမျိုးကြိုးပမ်းဆောင် ရွက်ခဲ့တယ်ဆိုတာကိုလည်း အကျဉ်းချုပ်တင်ပြလိုပါတယ်။ ဒီအမျိုးသားပညာရေးဥပဒေကို ကျွန်တော် တို့တွေ ပထမအကြိမ် သက်တမ်းမှာတုန်းက အပတ်စဉ် အင်္ဂါနေ့တိုင်း တောက်လျှောက်ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီနေရာမှာ အမျိုးသားပညာရေး ဥပဒေရေးဆွဲရေးအဖွဲ့ဆိုတာကို ဖွဲ့စည်းထားတာ မျိုးရှိသလို သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ပူးပေါင်းပါဝင်ခဲ့တာရှိပါတယ်။ ထိုနည်းတူစွာပဲ ပညာရေး ဆိုင်ရာပညာရှင်တွေလည်း ပူးပေါင်းပြီးတော့ ရေးဆွဲခဲ့ကြပါတယ်။ ဒီနေရာမှာ ပညာရေးပိုင်းဆိုင်ရာ Subject နှင့် ပတ်သက်လို့ရှိရင်တော့ ရေးဆွဲရေးအဖွဲ့ကနေပြီးတော့မှ အဓိကဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ဥပဒေကြမ်း ကော်မတီကတော့ ဥပဒေရေးထုံးရေးနည်းတွေနဲ့ပတ်သက်ပြီးသွားတော့မှ အကြံပြုတင်ပြ ပြီးတော့ ရေးဆွဲခဲ့ကြတာဖြစ် ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဟာကို တင်ပြရခြင်းကဘာလဲဆိုတော့ ဒီပညာရေး ဥပဒေတစ်ရပ်ကို ပေါ်ပေါက်လာဖို့အတွက် Zero Drab လို့ခေါ်တဲ့ လုံးအကြမ်းထည် ကနေ လွှတ်တော်ထဲကို တင်နိုင်တဲ့အဆင့်အထိရောက်ရှိအောင် နှစ်ပေါက်အောင်ကို ကြိုးစားပြီးတော့ ရေးဆွဲခဲ့ကြပါတယ်။ အဲဒီလိုမျိုးတင်သွင်းလာခဲ့ပြီးတဲ့အချိန်မှာကျတော့မှ ပြည့်စုံလုံလောက်တဲ့အချက် တွေပါဝင်သော ဥပဒေကြမ်းတစ်ခုဖြစ်လာပြီးပြီဆိုတဲ့အချိန်မှာ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုလို့ အခုပြောနေကြတဲ့ ပြည်သူတွေရဲ့ပါဝင်မှုတွေ၊ ပြည်သူတွေရဲ့အကြံပြုချက်တွေ ဒါတွေကို ရရှိဖို့အတွက် လွှတ်တော်အနေနဲ့ တရားဝင်တင်ပြပြီးတော့မှ လွှတ်တော်ထဲမှာ တင်သွင်းပြီးတော့မှ ဒီအချက်တွေကို ဆောင်ရွက်မယ်ဆိုပြီးသွားတော့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုမျိုး ပြောတဲ့အတွက်ကြောင့်မို့လို့ ပညာရေးပိုင်းဆိုင်ရာဆွေးနွေးပွဲတွေကို ကျွန်တော်တို့တွေအနေနဲ့ ကန့်ကွက်နေတာမဟုတ်ပါဘူး။ ဆွေးနွေးပွဲတွေဟာ လိုအပ်ပါတယ်။ ဒါပေမဲ့လည်း မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဗဟိုအဆင့် အစရှိသဖြင့် အဆင့်ဆင့်သော ဆွေးနွေးပွဲတွေကို လုပ်ကိုင် ဆောင်ရွက်ဖို့လိုတဲ့နေရာမှာ ဥပဒေရေးဆွဲရေးအပိုင်းနဲ့ဆွေးနွေးပွဲနဲ့ကိုတော့ ညီမျှခြင်းချပြီး တန်းတူ အနေနဲ့ ကျွန်တော်တို့ သုံးသပ်လို့တော့မရနိုင်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆတဲ့အတွက် ကြောင့်မို့လို့ ဒီလိုတင်ပြဆွေးနွေးရခြင်းဖြစ်ပါတယ်။

          ဘာဖြစ်လို့လဲဆိုတော့ ဥပဒေရေးဆွဲတယ်ဆိုတဲ့နေရာမှာ ပညာရပ်ပိုင်းဆိုင်ရာကို ကျွမ်းကျင်ပိုင် နိုင်တဲ့ပုဂ္ဂိုလ်တွေ၊ ဥပဒေရေးထုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဒီပုဂ္ဂိုလ်တွေကနေပဲ အဓိက ဦးစားပေးရေးဆွဲလေ့ရှိပါတယ်။ အဲဒီလိုမျိုးရေးဆွဲပြီးသွားလို့ အချက်အလက်တွေ ပြည့်စုံလုံလောက်ပြီ ဆိုတဲ့အချိန်မှာတော့ ကျွန်တော်တို့တွေက ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကို လွှတ်တော်အနေနဲ့ တံခါး ဖွင့်ထားတဲ့အချိန်ရှိပါတယ်။ အဲဒါက‌တော့ ဘာလဲဆိုတော့ ကျွန်တော်တို့တွေ လွှတ်တော်ထဲမှာ ဥပဒေကြမ်းတစ်ခုကို တင်သွင်းပြီးသွားပြီဆိုရင် အဲဒီဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာတွေထဲမှာ ထည့်သွင်းဖော်ပြပါတယ်။ အဲဒီနိုင်ငံပိုင်သတင်းစာတွေထဲမှာ ထည့်သွင်းဖော်ပြတဲ့နေရာမှာ ဘယ်လို စကားလုံးကို သုံးထားသလဲဆိုတော့ ပြည်သူအများသိရှိလေ့လာအကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်း ဖြစ်ပါသည်ဆိုပြီးတော့ သုံးနှုန်းထားပါတယ်။ ဒါက အခုနက တပ်မတော်သားကိုယ်စားလှယ်ကြီး ဆွေးနွေးသွားတဲ့အထဲမှာလည်း ပါပြီးသားပါ။ ကျွန်တော်တို့ လွှတ်တော်ဆိုင်ရာနည်းဥပဒေထဲမှာလည်း ပါဝင်ပါတယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့ ဒီဥပဒေတွေကို ဘယ်လိုမျိုးအကြံပြုနိုင်လဲ။ အကြံပြုနိုင် တဲ့ ပုံစံနှစ်မျိုးရှိပါတယ်။ တစ်မျိုးက‌တော့ သူ့ရဲ့သက်ဆိုင်ရာမဲဆန္ဒနယ်မှာရှိနေတဲ့ ကိုယ်စားလှယ်တွေ ကို ချဉ်းကပ်ပြီးသွားတော့မှ ဘယ်အချက်တွေကို ပြင်ဆင်ချင်တယ်။ ဘယ်အချက်တွေကိုတော့ ဖြည့်စွက်ချင်တယ်။ ဘယ်အချက်တွေကိုတော့ ပယ်ဖျက်ချင်တယ် အစရှိသဖြင့် ဒီလိုမျိုးအကြံပြုမှုတွေ လုပ်ကိုင်ဆောင်ရွက်လို့ရသလို ပြည်သူတွေကိုယ်တိုင်ကလည်း သက်ဆိုင်ရာဥပဒေကြမ်းကော်မတီ တွေကို တိုက်ရိုက်စာရေးသား ပေးပို့လို့လည်းရပါတယ်။ အမျိုးသားပညာရေးဥပဒေကိစ္စကို ပြန်ပြီး တော့ ကောက်ရမယ်ဆိုရင် အဲဒီဥပဒေကိုပြင်ဆင်တဲ့အချိန်တုန်းက ကျွန်တော်တို့တွေဆီကို ပြည်သူတွေ ကနေပြီးတော့ ဝေဖန်အကြံပြုထောက်ပြစာတွေ အပုံလိုက်ကြီးရောက်ပါတယ်။ အဲဒီအပုံကို ထပ်လိုက် မယ်ဆိုရင်တောင်မှ တစ်မိုက်လောက်အထူလောက် အနည်းဆုံးရှိပါတယ်။ အဲဒီအထဲထဲကမှ ကျွန်တော် တို့တွေက အမှန်တကယ်ကို ကောင်းမွန် သင့်တော်လက်တွေ့ကျတဲ့အချက်ကိုမှ စုစည်းပြီး သွားတေ့မှ ဒီဥပဒေတွေကို ရေးဆွဲခဲ့၊ ပြင်ဆင်ခဲ့တာပါ။ အဲဒီတော့ ကျွန်တော်တို့တွေ အခုပြောနေခြင်း သည် People Participation လို့ပြောလို့ရတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ကန့်သတ်လို ခြင်းမဟုတ်ပါဘူး။ ဥပဒေရေးဆွဲတဲ့ပုံစံနဲ့ ပညာရေးဆိုင်ရာဆွေးနွေးပွဲနဲ့ နှစ်ခုရဲ့မတူညီတဲ့ သဘော သဘာဝကို ကျွန်တော့်အနေနဲ့ ဝေဖန်ထောက်ပြလိုခြင်းဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ကလည်း လွှတ်တော်ထဲကို ဒီအခြေခံပညာရေးဥပဒေသာ ရောက်လာ ပြီဆိုရင် သက်ဆိုင်ရာပညာရေးဆိုင်ရာကော်မတီရယ်၊ နောက်ပြီးတော့ ဥပဒေကြမ်း  ကော်မတီရယ်၊ ပြင်ဆင်ချက် အဆိုတင်သွင်းနေတဲ့ ကိုယ်စားလှယ်တွေရယ်၊ နောက်ပြီးတော့မှ ဒီဥပဒေ အပေါ်မှာ စိတ်ပါဝင်စားတဲ့ပြည်သူတွေရဲ့ ဝေဖန်အကြံပြုထောက်ပြစာတွေရယ် ဒီဟာတွေကို ကျွန်တော်တို့က မူတည်ပြီးသွားတော့မှ ပြုပြင်စရာရှိတာတွေကိုပြုပြင်၊ ဖြည့်စွက်စရာရှိတာတွေကို ဖြည့်စွက်၊ ပယ်ဖျက် စရာရှိတာတွေကိုပယ်ဖျက်တဲ့အနေနဲ့ ကောင်းမွန်သင့်တော်လက်တွေ့ကျတဲ့ ဥပဒေ တစ်ရပ်ပေါ်ထွန်း လာနိုင်လိမ့်‌မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ဒီနေရာမှာ တစ်ဆက်တစ်စပ် တည်း ကျွန်တော့် အနေနဲ့ တင်ပြလိုတာကတော့ ပညာရေးဆိုင်ရာဆွေးနွေးပွဲတွေ ဒါတွေကိုလည်း အစိုးရသစ် တက်လာ ပြီးတဲ့ နောက်ပိုင်းမှာ တောက်လျှောက်ကျင်းပပြုလုပ်ခဲ့တာတွေကို ကျွန်တော်တို့ တွေ့ရှိ ရပါတယ်။ မေလမှာဆိုလို့ရှိရင်လည်း အဆင့်မြင့်ပညာကဏ္ဍ၊ ဇူလိုင်လမှာဆိုလို့ရှိရင်လည်း Alternative Education forum၊ နောက် ဇူလိုင်လမှာဆိုရင်လည်း တိုင်းရင်းသားဘာသာစကား ဆိုင်ရာ ကိစ္စရပ်တွေ၊ နည်းပညာနှင့် သက်မွေးကိစ္စရပ်တွေ၊ အခြေခံပညာကဏ္ဍတွေ၊ ဆရာ အတတ်ပညာ ကဏ္ဍတွေ ဒီလိုမျိုးနှီးနှောဖလှယ်ပွဲတွေကိုလည်း ဝန်ကြီးဌာနတွေအနေနဲ့ အလျဉ်း သင့်သလို လုပ်ကိုင် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒေါက်တာမောင်သင်းရဲ့အဆိုကို ---------။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ               နိဂုံးချုပ်ပါ။

ဦးစောကျော်ဝင်းမောင်(ကျိုက်မရောမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း                                ကျွန်တော် ဦးစောကျော်ဝင်းမောင် ကျိုက်မရောမဲဆန္ဒနယ်က ဒေါက်တာမောင်သင်းရဲ့အဆိုဖြစ်တဲ့ အခြေခံပညာဥပဒေ ရေးဆွဲရာမှာ လူတန်းစားအလွှာစုံပါဝင်သော အခြေခံပညာရေး ဆွေးနွေးပွဲများကျင်းပရန် အစိုးရအား တိုက်တွန်း ကြောင်းအဆိုနှင့်ပတ်သက်ပြီးတော့ အကြံပြု ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ Power Point အသုံးပြုခွင့်ပြုပါခင်ဗျား။ ၂၀၁၅  ခုနှစ်၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ဝန်ကြီးဌာနက လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ ဆရာကိုယ်စားလှယ်၊ ကျောင်းသားကိုယ်စားလှယ်တွေကို အကြံပြုချက်ရယူပြီး ဆောင်ရွက်သွားမယ့်အစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မယ်လို့ သိရှိထားရပါတယ် ခင်ဗျား။ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပညာရေး ဝန်ကြီးဌာနက၊ ပညာရေးကျွမ်းကျင်သူများက ရေးဆွဲနေပြီးတော့ ဥပဒေအကြံပြုဖို့အတွက် ရှေ့နေချုပ်ရုံး၊ အတည်ပြုဖို့အတွက် နိုင်ငံတော်အစိုးရအဖွဲ့၊ နောက်တစ်ခါ လွှတ်တော်များဆိုင်ရာ ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်ဆိုတာ မိမိဒေသအကြောင်းသိသလို ပြည်သူ့ ကိုယ်စားပြုခြင်းကြောင့် အလွှာစုံကိုယ်စားလှယ်များဖြစ်ကြပါတယ်။ ဒါ့အပြင် နောက်ဆုံးအနေနဲ့ မိဘ ပြည်သူများရဲ့ လူထုလူတန်းစား အဖွဲ့အစည်းများကို ချပြသွားမှာဖြစ်တဲ့အတွက် မိဘပြည်သူပူးပေါင်း ပါဝင်မှု အပြည့်အဝရှိတယ်ဆိုတာကို သိရှိနိုင်ပါတယ်။ မနေ့တစ်နေ့ကမှ ရွေးချယ်အတည်ပြုထားတဲ့ အမျိုးသားပညာရေးမူဝါဒကော်မရှင်အား အမျိုးသားပညာရေးရည်မှန်းချက်များ၊ မူဝါဒများ ချမှတ်ပေး ခြင်း၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနဲ့ အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီတွေကို ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကော်မရှင်အနေနဲ့ အကောင်အထည်ဖော်မှု၊ အကဲဖြတ်သုံးသပ်မှုကို အကောင်အထည် ဖော်မှုဆိုင်ရာ အကဲဖြတ်သုံးသပ်ခြင်းနှင့် အကြံပြုခြင်းကို ဆောင်ရွက်သွားမှာဖြစ်သလို အရည်အသွေး အာမခံမှုစံချိန်စံညွှန်းများအတွက် လမ်းညွှန်ခြင်းကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်မရှင်ဟာ ပြည်ထောင်စု လွှတ်တော်နှင့် အစိုးရအဖွဲ့သို့ အနည်းဆုံး ခြောက်လတစ်ကြိမ် အစီရင်ခံ စာတင်ပြရမှာဖြစ်တဲ့အတွက် ပညာရေးအရည်အသွေးနဲ့ပတ်သက်ပြီး ကော်မရှင်က လွတ်လွတ် လပ်လပ် တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုတော့ အာမခံသွားမှာ ဖြစ်ပါတယ်။

          အခြေခံပညာဥပဒေကို ရေးဆွဲမယ်ဆိုလို့ရှိရင် အများစုပါဝင်ဆောင်ရွက်ရတာတွေရှိပေမယ့် ပညာရေးကျွမ်းကျင်မှုလူများကသာ အဓိကထားရေးဆွဲကြရတာဖြစ်ပါတယ်။ အများသိပြီးဖြစ်တဲ့ ကလေးဗဟိုပြုချဉ်းကပ်သင်ကြားခြင်းကို သင်ကြားရန်ပြဋ္ဌာန်းမယ်ဆိုပါက ဆရာဆရာမများရဲ့ အရည် အသွေးပိုင်းကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကလေးဗဟိုပြုချဉ်းကပ် သင်ကြား ခြင်းနဲ့ပတ်သက်တဲ့ သင်ယူမှုလိုအပ်ချက်၊ သင်ယူမှုပုံစံများ၊ သင်ရိုးများ၊ သင်ကြားမှုကို ပံ့ပိုးပေးတဲ့ သဘောတရားများ၊ ကလေးဗဟိုပြုသင်နည်းများ၊ သင်္ခန်းစာအလိုက် သင်ထောက်ကူ တွေကို လုပ်ကိုင်ဖန်တီးအသုံးချမှုများ နောက်တစ်ခါ ဘာသာရပ်အလိုက် ရည်မှန်းချက်၊ သင်္ခန်းစာ ရည်ရွယ် ချက်ကို ပေါက်မြောက်အောင်မြင်အောင် ပြုလုပ်ပေးတဲ့ သင်္ခန်းစာပြင်ဆင်မှုများ၊ နောက်စစ်ဆေး အကဲဖြတ်ရာမှာ တတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ရသလို ဝေဖန်သုံးသပ်မှုနဲ့ တီထွင်ဖန်တီးမှုကို စစ်ဆေးအကဲဖြတ်ရတဲ့ အကဲဖြတ်မှုမှာ ဆရာဆရာမများအတွက် စဉ်းစားပေး ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခြေခံပညာရေးဥပဒေကို ရေးဆွဲတဲ့နေရာမှာ ပညာရေးကျွမ်းကျင် သူများကသာ အဓိကထားရေးဆွဲရမှာဖြစ်ပါတယ်။ ဥပဒေကို ရေးဆွဲမယ်ဆိုလို့ရှိရင် အများပြည်သူ လိုက်နာဆောင် ရွက်ရန် လိုအပ်သလို အကောင်အထည်ဖော်တဲ့ဝန်ကြီးဌာနကလည်း လက်တွေ့ကျကျ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လိုအပ်တာကို သိရမှာဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ Capacity လို့ခေါ်တဲ့ စွမ်းဆောင်နိုင်ရည် သူ့မှာရှိတဲ့အနေအထား၊ ဆရာဆရာမ အရည်အသွေးတို့၊ ကျောင်းသား/ ဆရာ အချိုးတို့ကိုလည်း ထည့်သွင်းစဉ်းစားကြရမှာဖြစ်ပါတယ်။ ဥပမာ-အခြေခံပညာအထက်တန်း အဆင့်မှာ ရူပ၊ ဓာတု၊ ဇီဝဘာသာရပ်တွေကို နိုင်ငံတကာအဆင့်နဲ့အညီ အင်္ဂလိပ်စာဖြင့်သင်ကြား ရာ မှာ  ကလေးတွေဟာ ဒီနေ့အချိန်မှာ အလွတ်ကျက်ဖြေဆိုနေကြရပါ တယ်။ ဘာသာရပ်ရဲ့အခြေခံ သဘောတရား ကျွမ်းကျင်တတ်မြောက်ဖို့အတွက် အင်္ဂလိပ်စာက ကျောင်းသူကျောင်းသားများအတွက် အတားအဆီးဖြစ်ရုံသာမက ဆရာဆရာမများရဲ့အရည်အသွေးကိုပါ စဉ်းစားဆုံးဖြတ်ကြရပါတယ်။ တချို့က ဘာသာရပ်အခြေခံကျွမ်းကျင်စွာတတ်မြောက်ဖို့ မြန်မာဘာသာဖြင့် သင်ကြားသင့်တယ်လို့ ယူဆတာတွေလည်း ရှိပါတယ်။ ဒီနေရာမှာ ဥပဒေပြဋ္ဌာန်းတာဟာ သိပ်အရေးကြီးပါတယ်။ ကလေး များဟာ စမ်းသပ်ခံဘဝမရောက်ရှိစေရန်နဲ့ အနာဂတ်သားကောင်းများ မွေးထုတ်တဲ့ လုပ်ငန်းဖြစ်လို့ ပညာရေးကျွမ်းကျင်သူများကသာ စဉ်းစားရေးဆွဲကြရမှာဖြစ်ပါတယ်။ ပညာရေးဟာ လူဦးရေ ၂၆ သန်း သာမက တစ်နိုင်ငံလုံးရှိ လူတိုင်းနဲ့ပတ်သက်နေတာဖြစ်ပါတယ်။

          အချုပ်အားဖြင့် အခြေခံပညာဥပဒေရေးဆွဲရာမှာ (၁)မိဘပြည်သူပူးပေါင်းဆောင်ရွက်မှု အမှန် တကယ်ရှိအောင် ဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်။ (၂) အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ကို ဖွဲ့စည်းရုံသာရှိပြီးတော့ ကော်မရှင်ရဲ့သတ်မှတ်မှု မူဘောင်အတွင်းက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ (၃) ပညာရေးကျွမ်းကျင်သူများက အဓိကရေးဆွဲရမှာ ဖြစ်ပါတယ်။ (၄) ပြဋ္ဌာန်းတဲ့ဥပဒေဟာ ပြည်သူ များ လိုက်နာနိုင်ရမှာဖြစ်သလို ပညာရေးဝန်ကြီးဌာနရဲ့ လက်ရှိစွမ်းဆောင်နိုင်ရည် အနေအထားအရ ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ နိဂုံးအားဖြင့် လူထုကိုချပြမယ်ဆိုရင် အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ လူထုဆွေးနွေးပွဲများမှ တုံ့ပြန်မှုများရှိလာပါက မလိုလားအပ်သောပြဿနာများ တွေ့ကြုံ နိုင်ခြင်းကြောင့် ဒေါက်တာမောင်သင်းရဲ့အဆိုကို အလွန်ဆုံးမှတ်တမ်းတင်တဲ့အနေအထားတွေမှာ ထားရှိရန် အကြံပြုတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဒေါက်တာအောင်ခင်(ပြင်ဦးလွင်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း                လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ပြင်ဦးလွင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်ခင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါက်တာမောင်သင်းရဲ့အဆိုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့်အညီ လိုက်လျောညီစွာအချိုးကျပြောင်းလဲရန် လိုအပ်တယ် ဆိုတာကိုတော့ သဘောပေါက်ပါတယ်။ သို့သော်လည်း ဒီနေရာမှာ ကျွန်တော်ပြောတဲ့စကားပုံက ရိုင်းသွားရင်ခွင့်လွှတ်ပါ။ ပြင်လွန်းရင်တော့ ဖင်ချွန်းတတ်ပါတယ်။ တစ်ခါတလေကျတော့ ကျွန်တော်တို့ အခုတွေ့ရ သလောက်ဆိုလို့ရှိရင် တော်တော်များများဟာ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရ အဖွဲ့အသီးသီးတွေက လုပ်နေတာကို တွေ့ရပါတယ်။ ဥပမာ- ဒီအမျိုးသမီး တစ်ယောက်က မိတ်ကပ်လေးက နည်းနည်းကြမ်းနေလို့ ချောအောင်ပြင်လိုက်ရင် နှင်းဆီပွင့်အနီလေး ထိုးတာက အဖြူလေးများပြောင်းလိုက်ရင် ကောင်းသွားမယ်ဆိုရင် ကျွန်တော်တို့ ပိုကောင်းတာပေါ့။ အကုန်လုံးလျောက်ပြင်မယ်ဆိုရင်တော့ ကျွန်တော်တို့ အတော်ခက်ပါတယ်။ အဲဒါကြောင့်မို့လို့ အဓိက လုပ်ရမယ့်သူတွေသည် ဘယ်သူတွေလဲ စီမံခန့်ခွဲသူများအပါအဝင် စိတ်ပါဝင်စားတဲ့ မိဘပြည်သူတွေ၊ ပြင်ပပညာရှင်တွေ ဒါလည်းလုပ်နေတယ်ဆိုတာ ကျွန်တော်တွေ့ရပါတယ်။ အကောင်အထည် ဖော်မယ့် ဆရာဆရာမများ၏ သင်ကြားမှုအရည်အသွေး ဒါဟာအရေးကြီးပါတယ်။ အဓိကက သူတို့က ပညာရေးကို အကောင်အထည်ဖော်တဲ့နေရာမှာ သူတို့ကတော့ အဓိက Key Person တွေ၊ နောက်စာတတ်၊ ပညာအရည်အချင်း ပြည့်ဝဖို့လိုပါတယ်။ ရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ ကျောင်းဥပဓိရုပ် ပြန်ကောင်းမွန်လာဖို့ လိုပါတယ်။ စွမ်းဆောင်ရည်မြင့်မားလာဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တို့ စီမံခန့်ခွဲမှုမှာ အဓိကကျတဲ့ကျောင်းအုပ်ကြီးတွေကလည်း ဒီနေ့ပြောင်းလဲလာတဲ့ ပညာရေးစနစ်ကို သိမြင်ပြီးတော့ အထက်အကြီးအကဲရဲ့လမ်းညွှန်ချက်ကို လိုက်လျောညီထွေအကောင် အထည်ဖော်ဖို့ မိမိရဲ့ဆရာဆရာမတွေကို ဦးဆောင်လမ်းပြနိုင်ဖို့လိုတယ်ဆိုတာ ကျွန်တော် ဒီနေရာကနေ ဖြည့်စွက် အကြံပြုလိုပါတယ်။

          နောက်တစ်ခုကတော့ ဘာလဲဆိုလို့ရှိရင် အဲဒီဆရာဆရာမများနဲ့ ကျောင်းအုပ်များရဲ့ စွမ်းဆောင်မှုဟာ ကျောင်းရဲ့တိုးတက်မှုကို ထင်ဟပ်မှာဖြစ်ပါတယ်။ အရည်အသွေးမြင့် ဆရာဆရာမ များ၊ ကျောင်းအုပ်များဖြစ်လာဖို့ရန်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှုမှာလည်း ဆရာအတတ်သင် ပညာဟာ အရေးကြီးပါတယ်။ ဆရာအတတ်သင်ပညာကို အရေးကြီးတယ်ဆိုတာ ဘာလို့လဲဆိုရင် ကျွန်တော်တို့ အင်္ဂလိပ်လက်ထက် ၁၈၇၆ ခုနှစ်ကတည်းက ကျွန်တော်တို့ ဆရာအတတ်သင် ကျောင်းဆိုတာ မြန်မာပြည်မှာဖွင့်ခဲ့ပါတယ်။ လွတ်လပ်ရေးရခါနီး ၁၉၄၇ ခုနှစ်မှာလည်း နိုင်ငံတော်ရဲ့ ဆရာအတတ်သင် သိပ္ပံကောလိပ်ဆိုတာလည်း ဖွင့်လှစ်ခဲ့တယ်။ ဒီနေရာမှာ ဘာကိုပြောချင်လဲဆိုရင် ဆရာ အတတ်သင်သိပ္ပံကျောင်းတွေသည် ဒီထက်ပိုပြီးတော့  ဖွင့်ပါ။ ဖွင့်သင့်ပါတယ်လို့ ကျွန်တော် အကြံပြုလိုပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျွန်တော်ကိန်းဂဏန်းတစ်ခုတွေ့လိုက်ပါတယ်။ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်က ဆရာဆရာမတွေထဲမှာ မတက်ဘူးတဲ့ဆရာဆရာမတွေသည် မူလတန်းမှာ ဆိုရင် ၅၇ ရာခိုင်နှုန်းရှိပါတယ်။ အလယ်တန်းမှာ ၅၈ ရာခိုင်နှုန်းရှိပါတယ်။ အထက်တန်းမှာ ကိုးရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က ဒီနေရာမှာ နည်းနည်းလေးလုပ်လည်း လုပ်နေ တယ်လို့သိရပါတယ်။ သို့သော် ပိုပြီးတော့ ဒီထက်ပိုများ ဆရာအတတ်သင်သိပ္ပံကျောင်းတွေ ပိုဖွင့်ရင် တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် နယ်စပ်ဒေသတွေမှာပေါ့။ ကျွန်တော်တို့ ဟိုတုန်းက နယ်စပ် ဒေသရှေ့တန်းမှာတာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက  ဖွံ့ဖြိုးရေးသိပ္ပံဆင်းတွေဆင်းလာပြီ။ ဆရာ ဆရာမ တွေသည် သူ့ဟာသူ မူလတန်းပြကတော့ တော်တော်များများပြည့်စုံပါတယ်။ တော်တော် များများရှိ ပါတယ်။ သူ့အရပ်ဒေသနှင့်သူလွှတ်တာဖြစ်တဲ့အတွက် အဲဒီတော့ အဲဒီဆရာဆရာမတွေသည် ခံယူချက် Knowledge, Skill, Attitude အရေးကြီးတာကတော့  Attitude ပေါ့။ ခံယူချက်။ အဲလို တစ်ခါတည်း သူ့ရဲ့ဖြစ်နေတဲ့ခေတ်စနစ်နှင့်အညီ ပြောင်းလဲဖို့ အဲဒီနေရာကနေ ပေးလိုက်ဖို့လိုပါတယ်။ ဒါကြောင့်မို့ လို့ ဆရာဆရာမတွေဟာ ကျောင်းသားတွေအပေါ်မှာ အရေးကြီးပါတယ်။ ကျောင်းသား တွေကိုပြောတဲ့ နေရာမှာ လူမှုပြဿနာရပ်ကို ကျောင်းသားတွေဟာ ဦးနှောက်သုံးပြီးတော့ ဖြေရှင်းတတ်ဖို့ ဒီနေရာမှာ ဒါ Training School မှာလိုတာပေါ့။ Educational Science အမှား/အမှန်ကို ဆုံးဖြတ်တတ်ဖို့။ မိမိသင်ခဲ့တဲ့ပညာနဲ့ ကျိုးကြောင်းဆင်ခြင်ဝေဖန် ပိုင်းခြားစဉ်းစားဆုံးဖြတ်ချက်ချတတ်ဖို့ ဒါတွေဟာ လိုအပ်ပါတယ်။ မိမိရဲ့ ဘဝကို Apply လုပ်တတ်ဖို့လိုတာပေါ့။ အဲဒီပညာတွေကို ကျွန်တော်တို့က Teacher Training School တွေက ပေးလိုက်ရင် ဒီနေ့လည်း လုပ်နေတယ်။ သို့သော် ဒီနေ့ ကျွန်တော်တို့က ဒါလေးတွေကို နည်းနည်းလေးထပ်ပြီးတော့ ပြုပြင်လိုက်မယ်ဆိုရင် ပိုကောင်းတာပေါ့။ အဲဒီတော့ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျွန်တော်တို့က သင်ကြားမှုတစ်ခုကို လုပ်ပြီဆိုရင် Knowledge ပြီးရင် Skill ကျွမ်းကျင်မှု၊ ကျွမ်းကျင်မှုပြီးရင် Attitude အဲဒီသင်တဲ့ ဆရာဆရာမတွေကလည်း စိတ်ဓာတ်ပြောင်းဖို့လိုသလို ကျောင်းသူကျောင်းသားတွေကိုလည်း ကျွန်တော်တို့ ပေးဖို့လိုပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ ကျွန်တော်ပြောချင်တာကတော့ အဲဒီနေရာမှာ ကျွန်တော်တို့က ဘာလဲဆို လို့ရှိရင် ကျောင်းတွေမှာ တွေ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဟိုတုန်းကဝင်လုပ်ခဲ့ပါတယ်။ ကျောင်းတွေမှာ မိဘဆရာအသင်းဆိုတာရှိပါတယ်။ ဒီနေ့လည်း လုပ်နေပါတယ်။ ဒါဟာလည်း ပြည်သူပါပဲ။ မိဘဆရာအသင်းဆိုတာ အဲဒီမှာ မိဘဆရာအသင်းမှာ မိဘသည် ဒုတိယဥက္ကဋ္ဌလုပ်တယ်။ ကျောင်းအုပ်ကြီးသည် ဥက္ကဋ္ဌလုပ်တယ်။ အဲလိုဆိုလို့ရှိရင် ကျွန်တော်က ပြောချင်တာက ဒီနေရာမှာ မိဘကို ဥက္ကဋ္ဌအနေနဲ့ နည်းနည်းများ ပြောင်းလိုက်ရင် မကောင်းဘူးလား။ နောက်တစ်ခုကတော့ တစ်ခါ ကျောင်းမှာ ကျောင်းကောင်စီ ဆိုတာရှိတယ်။ ကျောင်းကောင်စီကလည်း ကျောင်းသားတွေပါ တာပဲ။ အဲဒါကြောင့်မို့လို့ ကျောင်းသည် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုတဲ့ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ဖို့ ကျောင်းကောင်စီဆိုတာရှိတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့က ပုဂ္ဂလိက ကျောင်းတွေမှာ ဒီလိုမျိုးရော လုပ်နေသလား။ ဒါလေးကိုတော့ ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်ဖို့လို ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ပညာရေးမူဝါဒပြောင်းလဲခြင်း၊ ပညာရေးဌာန အုပ်ချုပ်သူများ ပြောင်းလဲခြင်းစသည်တို့သည် ကောင်းမွန်သောပညာရေးစနစ်သို့ ပြောင်းလဲရန် တိုက်ရိုက်ထိရောက်စေသော ပြောင်းလဲခြင်း မဟုတ်နိုင်ဘူးဆိုတာ ပြောကြားရင်းနဲ့ ကျွန်တော် နိဂုံးချုပ်ချုပ်အပ်ပါတယ်ခင်ဗျား။

ဦးသိန်းထွန်း(ကျောင်းကုန်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း             လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါ စေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ မိတ္ထီလာမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းတဲ့ အခြေခံပညာရေး ဥပဒေရေးဆွဲရာမှာ ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထားအမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင် မှုများ ထင်ဟပ်သော ဥပဒေကောင်းတစ်ရပ်ပေါ်ထွန်းရေးအတွက် လူထုလူတန်းစားအလွှာစုံပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲများကျင်းပရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို ကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီဥပဒေကိုကြည့်မယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့အမျိုးသားပညာရေး ဥပဒေ ဖြစ်ပါတယ်။ အမျိုးသားဆိုတာကတော့ မြင့်မားပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိကြတဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပုပုရွရွ မှန်သမျှဆိုတာ နိုင်ငံသားတိုင်းဖြစ်ပါတယ်။ အဲဒီတော့ အမျိုးသားဆိုတာ တစ်နိုင်ငံလုံး တိုင်းရင်းသား ပြည်သူအားလုံးနဲ့သက်ဆိုင်တဲ့ အမျိုးသားရေး ကိစ္စဖြစ်တာကြောင့် အားလုံးနဲ့တွေ့ဆုံပါမှ အားလုံးရဲ့ ဆန္ဒအားလုံးရဲ့အခက်အခဲနဲ့ အသံတွေကို သိရပါမယ်။ ပညာရေးဆိုတာကလည်း Education for all, all inclusive education ဆိုတဲ့ လူတိုင်းနဲ့ဆိုင်တဲ့အတွက်ကြောင့် အမျိုးသားပညာရေးဟာ လူတိုင်းနဲ့ဆိုင်တဲ့ ပညာရေးတစ်ရပ် ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လူတိုင်းပါဝင်ဖို့လိုကြောင်းကို ကျွန်တော့် အနေနဲ့ ဆွေးနွေးလို ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တာနဲ့အညီ ဥပဒေများကို လွှတ်တော်ကပဲ ပြဋ္ဌာန်းခွင့်ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၄၂၆ ဦးရှိတဲ့အထဲမှာ ဒီနေ့ပဲ ကျွန်တော်တို့ ပညာရေးကို စိတ်ဝင်စားစွာနဲ့ဆွေးနွေးတဲ့ ကိုယ်စားလှယ် ၁၈ ဦးရှိပါတယ်။ ဘာပဲပြောပြော ဒီ ၁၈ ဦးကတော့ ပညာရေးအသိုင်းအဝိုင်းကလည်း ဖြစ်နိုင်တယ်။ စိတ်ပါဝင်စားလို့လည်းဖြစ်နိုင်တယ်။ သို့သော် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဥပဒေပြုခွင့် အမတ်တွေရဲ့ ရာခိုင်နှုန်းနဲ့တွက်ကြည့်ရင်တော့ လေးရာခိုင်နှုန်းတောင်မရှိပါဘူး။ ကျွန်တော်တို့ ၁၈ ဦးဟာ ဒါအင်မတန်မှနည်းပါတယ်။ ဒါကဘာဖြစ်လို့လဲဆိုတော့ လူတိုင်းနဲ့ဆိုင်တဲ့ ဥပဒေတစ်ရပ်ဖြစ်တဲ့ အတွက်ကြောင့် လူတိုင်းစိတ်ဝင်စားဖို့လိုကြောင်းကိုလည်း ကျွန်တော့်အနေနဲ့  တင်ပြလိုပါတယ်။

          ၂၀၁၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကနေပြီးတော့ ၁၀ ရက်တိတိဖွင့်လှစ်တဲ့ ဒုတိယအကြိမ် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ၊ ပြည်နယ်နှင့်တိုင်းမှာရှိသော ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေကို ခေါင်းဆောင်မှုပညာပိုင်းဆိုင်ရာစွမ်းရည် မြှင့်တင် ရေးပွဲမှာ ကျွန်တော်တို့တက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်မေးခွန်းတစ်ခုမေးပါတယ်။  ဥပဒေ ကောင်းတစ်ခုပေါ်ပေါက်လာဖို့အတွက် အနည်းဆုံးအချိန်ကာလ နိုင်ငံတကာမှာ ဘယ်လောက် လောက်သုံးတတ်ပါသလဲ၊ အကြာဆုံးဘယ်လောက်လောက်ရှိပါသလဲဆိုတဲ့အခါမှာ အဲဒီမှာ လွှတ်တော် ပညာရှင်တွေ၊ နိုင်ငံတကာပညာရှင်တွေက UK ကနေပြီးတော့ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။ ဥပဒေ တစ်ခုကိုပြုတဲ့အခါမှာ အနည်းဆုံးအကြိမ် ၁၀၀ လောက်တွေ့ဆုံရပါမယ်။ သူတို့ရဲ့အတွေ့အကြုံ အရပဲ။ ဒါတောင်မှ ပြည်သူလူထုထဲသွားလာပါတယ်။ နယ်မြေကွင်းဆင်းတာတွေပါပါတယ်။ အကြာဆုံး ဆိုလို့ရှိရင်တော့ လေးနှစ်ကျော်ကျော်လောက် ကျွန်တော်တို့ဆီမှာ ဆောင်ရွက်ရပါတယ်တဲ့။ ဒါကြောင့် မို့လို့ ကျွန်တော်ဥပဒေတစ်ခုကိုပြုတဲ့အခါမှာ ဒီအမျိုးသားပညာရေးဥပဒေဟာ နဂို လွှတ်တော် ကာလထဲက ပြီးသော်လည်းပဲ ပြီးပြည့်စုံတဲ့ ဥပဒေတစ်ရပ်မဖြစ်သေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ အခုတက်လာတဲ့လွှတ်တော်နဲ့ အစိုးရ သက်တမ်းကာလမှာ ကောင်းမွန်ပြည့်စုံသော ဥပဒေ တစ်ခု ပေါ်ပေါက်လာဖို့အတွက် ကျွန်တော်တို့ဝင်ရောက်ပြီးတော့ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေး ထောက်ခံခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက အခြေခံအကျဆုံးကို ပြန်ပြီးတော့လေ့လာမယ်ဆိုရင် မြို့နယ်များဟာ အခြေခံ အကျဆုံးဖြစ်ပါတယ်။ ခရိုင်အဆင့်ဆိုတာ မြို့နယ်ရဲ့လှုပ်ရှားမှုကို တိုင်းကို သတင်းပို့ပေးတယ်။ ဆက်သွယ်ပေးတယ်။ တိုင်းဆိုတဲ့ဟာလည်း အောက်ခြေကို ပြန်မေးပြီးတော့မှ အပေါ်ကိုတင်ပေးတယ်။ တကယ်တမ်း ကျွန်တော်တို့မြို့နယ်တွေမှာ အခြေခံအကျဆုံးပညာရေးဟာ မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် အစိုးရကျောင်းတွေ မြောက်မြားစွာရှိတယ်။ အလားတူပဲ ကျွန်တော်တို့ ကိုယ်ပိုင်ပညာရေးကျောင်းနှစ်ကျောင်းရှိပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းရှိပါတယ်။ နောက်ကျွန်တော်တို့ ဘော်ဒါကျောင်း ဆိုတဲ့ လေ့ကျင့်ရေးကျောင်းများ ၁၁ ကျောင်းရှိပါတယ်။ အခြားကျူရှင်တွေ၊ ဝိုင်းတွေ မြောက်မြားစွာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဒေသတွေမှာ မြို့နယ်တွေဟာ အင်မတန် အခြေခံကျတဲ့ အတွက်ကြောင့် တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒီပုဂ္ဂိုလ်တွေဟာပါသင့် တယ်လို့ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးလိုပါတယ်။ ဒါ့အပြင် ယနေ့ ၂၁ ရာစု ပညာရေးဟာ ယဉ်ကျေးမှုအဖုံဖုံကို လေးစားတန်ဖိုးထား မြင့်မားနိုင်တဲ့ ပညာရေးဖြစ်မှာမို့ ကျွန်တော်တို့နိုင်ငံလို တိုင်းရင်းသားတွေနဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ သင်ခန်းစာ မှာသင်ကြားပေးအပ်တဲ့ ဘာသာစကားစသည်တို့ကို သိရှိနိုင်ဖို့အတွက် တိုင်းရင်းသားများရဲ့ အကြံဉာဏ်ကိုလည်း အဓိကထား ရယူပြီးတော့ ဥပဒေမှာ ထည့်သွင်းရေးဆွဲရန် လိုအပ်မှာဖြစ်ပါတယ်။ 

          လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အောင်မြင်တဲ့ပညာရေးဥပဒေဆိုတာဟာ စာသင်ခန်းမှာ ပျော်ပျော်ရွှင်ရွှင် လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ဥပဒေမျိုး ဖြစ်သင့်ပါတယ်။ အခြေခံပညာရေးကို လက်တွေ့အကောင်အထည်ဖော်နေကြသူတွေဟာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ဆရာ၊ ဆရာမများနှင့် ဝိုင်းဝန်းကူညီကြတဲ့ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများပဲဖြစ် ပါတယ်။ သူတို့ရဲ့ပညာရေးကြုံတွေ့ရတဲ့အတွေ့အကြုံ၊ ဆန္ဒတွေ၊ အကြံဉာဏ်တွေပါဝင်မှသာ တွေ့ဆုံပြီး အကောင်အထည်ဖော်နိုင်မှသာ ဥပဒေတစ်ရပ်ပေါ်ထွန်းမှာဖြစ်တဲ့အတွက်ကြောင့် အများဆုံး အကောင်အထည်ဖော်နေတဲ့ မြို့နယ်အဆင့် ပညာရေးဆွေးနွေးပွဲများပြုလုပ်ကာ လူထု လူတန်းစား အလွှာစုံပါဝင်သင့်တယ်ဆိုတဲ့ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းရဲ့အဆိုကို လေးလေး နက်နက် ထောက်ခံကြောင်း ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။

ဦးသောင်းအေး(ပျော်ဘွယ်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း                    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် လွှတ်တော်ကို ကြွရောက်လာသူအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ပျော်ဘွယ်မဲဆန္ဒနယ်မှ  ကျွန်တော်ဦးသောင်းအေးက ဒေါက်တာမောင်သင်းရဲ့အဆိုကို ထောက်ခံ ဆွေးနွေးပါမယ်။ ကိုယ်စားလှယ်ကြီးများခင်ဗျား။ အကြံဉာဏ်ကောင်းတစ်ခု၊ idea ကောင်းတစ်ခု ရချင်ရင် အကြံဉာဏ်တွေ၊ idea တွေအများကြီးရှိဖို့လိုတယ်လို့ အဆိုတစ်ခုရှိပါတယ်။ အကြံဉာဏ်တွေ အများကြီးရှိမှ ကောင်းမွန်တဲ့အကြံဉာဏ်ရွေးချယ်နိုင်မယ်လို့ ဆိုတဲ့သဘောပါ။ တချို့လူတွေဟာ ကိုယ်တတ်တာ၊ ကိုယ်သိတာ၊ ကိုယ်ထင်တာ၊ ကိုယ်မြင်တာကိုပဲ မှန်တယ်လို့ ယူဆတတ်ကြပါတယ်။ လောကမှာ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့အကြောင်းတရားသုံးပါးက လူတွေကို အထင်မှား၊ အမြင်မှား ဖြစ်စေပါတယ်။ ဒီအကြောင်တရားသုံးပါးလွတ်ကင်းနေမှ မှန်ကန်တဲ့အဖြေကို ရမှာဖြစ်ပါတယ်။ အဖြေကမှန်ကန်ပါတယ်ဆိုဦးတော့ အကောင်းဆုံးဖြစ်ချင်မှ ဖြစ်ပါမယ်။ ဒါဟာ အဆိုရှင်ရဲ့ပညာရေး ဥပဒေကောင်းတစ်ရပ်ပေါ်ထွန်းဖို့အတွက် အခြေခံစဉ်းစားတဲ့အချက်ဖြစ်ပါတယ်။ လူတွေမှာ တချို့က အရာရာကို နှိုင်းဆချင့်ချိန်ပြီးတော့ မျှတစွာနှလုံးသွင်းနေတတ်ကြသလို တချို့ကလည်း ငါမှငါပဲ၊ သူမှ သူပဲလို့ အစွဲအလမ်းတွေ များနေကြတာရှိပါတယ်။ အခု ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာပြောဆို ရေးသားခွင့်ရှိတဲ့အတွက် မှန်ကန်ကောင်းမွန်တဲ့ ဥပ‌ဒေတစ်ရပ်ဖြစ်ဖို့ဆိုတာဟာ အခုနက တဏှာ၊ မာန၊ ဒိဋ္ဌိအစွဲတွေ၊ လူတစ်ဦး၊ လူတစ်ဖွဲ့ရဲ့ ပြောဆိုချက်နဲ့ မရနိုင်ပါဘူး။ အမျိုးသားပညာရေးဥပဒေ ရေးဆွဲ ပြဋ္ဌာန်းတုန်းကလည်းပဲ အမျိုးမျိုးသော ဝေဖန်မှု၊ တောင်းဆိုမှုတွေ၊ ဆူပူဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ကြပြီးပါ ပြီ။ အဆိုရှင် ဒေါက်တာမောင်သင်းက နိုင်ငံတော်အတွက် အခြေခံပညာဥပဒေကို ဒီဆန္ဒပြဆူပူ တောင်းဆိုမှုတွေမဖြစ်ရလေအောင် ရပ်တည်ကြတဲ့၊ အကျိုးပြုတဲ့ ဥပဒေဖြစ်အောင် လူထုသဘောထား အမြင်၊ အကြံဉာဏ်တွေ ပူးပေါင်းပြီးတော့ ပါဝင်တဲ့၊ ကောင်းမွန်တဲ့၊ ဥပဒေတစ်ရပ် ဖြစ်စေလိုတဲ့ ဆန္ဒနဲ့ ဒီအဆိုကို တင်သွင်းတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

          ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကျွန်တော်တို့နိုင်ငံတော်ဟာ ပဒေသရာဇ်စနစ်နဲ့ ကာလရှည် ကြာစွာနေခဲ့ရသလို တိုင်းတစ်ပါးနယ်ချဲ့ရဲ့လက်အောက်မှာလည်း ကျွန်သဘောက်ဘဝနဲ့ နှစ် ၁၀၀ ကျော် နေခဲ့ရတာ အားလုံးအသိပါ။ ကိုလိုနီခေတ်က ပညာရေးစနစ်ကို ကြည့်ရင် အိန္ဒိယအစိုးရ ဥပဒေတာဝန်ခံ လော့ဒ်မကော့လ်လေးရဲ့ ၁၈၃၅ ခုနှစ်မှာထုတ်ပြန်တဲ့ ပညာရေးမှတ်တမ်းမှာ အချက် သုံးချက်ကိုတွေ့ရပါတယ်။ Power Point နဲ့ တင်ပြခွင့်ပြုပါ။ ဒီအချက်တွေ၊ ဒီမူတွေဟာ အမျိုးသား ရေးစိတ်၊ အမျိုးသားရေးမာန် ပပျောက်ပြီးတော့ နယ်ချဲ့ကိုအထင်ကြီးစိတ်နဲ့ ကျွန်စိတ်ရှည်မယ့် မူများ လို့ အဲဒီခေတ်က သုံးသပ်ခဲ့ကြပါတယ်။ ဒါကြောင့် ပညာရေးလောကက စတင်ပြီးတော့ အမျိုးသားရေး အသိတွေ နိုးကြားလာပြီး လွတ်လပ်ရေး ကြိုးပမ်းရရှိတဲ့အထိ ဖြစ်ပေါ်ခဲ့ရတာ အားလုံးအသိပါ။ ဒါကြောင့် ယခု ရေးဆွဲနေကြတဲ့ ဥပဒေအရပ်ရပ်ကိုလည်း အမျိုးသားရေးသတိရှိရှိနဲ့ ပြဋ္ဌာန်းကြဖို့ တိုက်တွန်းအပ်ပါတယ်။ ကိုယ်စားလှယ်ကြီးများခင်ဗျား။ နိုင်ငံတော်ရဲ့ပညာရေးစနစ် ဖြစ်တည်လာမှု ကိုကြည့်ရင် တာဝန်ရှိတဲ့အစိုးရအဖွဲ့များက သူ့ခေတ်သူ့အခါနဲ့  လိုက်လျော်ညီထွေတဲ့ ပညာရေး မူဘောင်တွေ ရေးဆွဲခဲ့ကြတာ တွေ့ရမှာပါ။ ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့တဲ့ သက်မွေး ပညာမြှင့်တင်ရေးနဲ့ပတ်သက်ပြီးတော့ ကြည့်မယ်ဆိုရင်လည်း ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ လက်ထက် ပညာရေးမူဝါဒအပိုဒ် ၁၇ အပိုဒ်ခွဲ(က)မှာ အခုလို ဖော်ပြထားပါတယ်။ အသက်မွေးဝမ်း ကျောင်းမှုကို အထောက်အကူပြုတဲ့၊ အကျင့်စာရိတ္တမြင့်မားမှုကို အခြေခံတဲ့ ပညာရေးစနစ်ကို တည်ထောင်ဖို့ကြိုးစားခဲ့ကြပါတယ်။ အဲဒီခေတ်က ပညာရေးစနစ်ကောင်းတစ်ခု ချမှတ်နိုင်ဖို့အတွက် တက္ကသိုလ်နှီးနှောဖလှယ်ပွဲတွေ၊ အထွေထွေပညာရပ် နှီးနှောဖလှယ်ပွဲတွေ၊ ဆရာအတတ်သင် နှီးနှော ဖလှယ်ပွဲတွေ ဒါတွေကို ရန်ကုန်မြို့၊ မန္တလေးမြို့မှာ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲတွေမှာ သက်ဆိုင်ရာပညာရှင်တွေ၊ သင်ကြားရေးပိုင်းတွေ၊ စီမံခန့်ခွဲရေးအပိုင်းတွေ၊ သုတေသနပညာရပ်ပိုင်း ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ပြင်ပက စိတ်ဝင်စားသူတွေပါ ကျယ်ကျယ်ပြန့်ပြန့်ဖိတ်ခေါ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

          အခြေခံပညာက လူတိုင်းတတ်သင့်တာဖြစ်လို့ ၁၉၇၄-၁၉၇၅ ခုနှစ်မှာ မူလတန်းအဆင့် မသင်မနေရဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ ရိုကျိုစီမံချက် နွေရာသီလုပ်အားပေးလုပ်ငန်း ကျောင်းကောင်စီ နှင့်‌ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းတွေ၊ ကျောင်းသားလူငယ်ပွဲတော်တွေနဲ့ အဲဒီအချိန်က ပညာရေးအသိုက်အဝန်းတစ်ခု ဖြစ်တည်ခဲ့တယ်ဆိုတာ အားလုံးပြန်ပြောင်းသတိရမှာပါ။ အဲဒီကတည်း က ကျောင်းသားလူငယ်တွေကို ဒီမိုကရေစီ အလေ့အကျင့်တွေ ပြုစုပျိုးထောင်ပေးခဲ့တာ တွေ့ရပါ တယ်။ ဒီအခြေအနေကိုလည်း ကျွန်တော်တို့လေ့လာသုံးသပ်ပြီး လိုအပ်မယ်ဆိုရင် ကောင်းတာယူ၊ မကောင်းတာတွေကို ပြုပြင်ဆောင်ရွက်နိုင်ပါတယ်။ ဒီလိုပါပဲ။ အစိုးရအဆက်ဆက်ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို အကောင်းမြင်ဝါဒ ရှုမြင်ကြည့်လို့ ရပါတယ်။ ဒါပေမဲ့ ဒီနေ့ ဘာကြောင့်ပညာရေးနိမ့်ကျနေရသလဲ၊ တိုင်းပြည်ဘာကြောင့် ဆင်းရဲတွင်းက မထွက်နိုင်သလဲ အပြစ်ရှာ ပြောနေရင်တော့ သံသရာဆုံးမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲ။ မူကြောင့်လား၊ လူကြောင့် လား၊ စနစ်ကြောင့်လား၊ ခေတ်ကြောင့်လား ဆန်းစစ်ပြီးတော့ ပြုပြင်ကြရမှာပါ။ လက်တွေ့ဆောင်ရွက် ချက်မပါဘဲ အပြစ်တွေသာပြောနေရင်တော့ ကျွန်တော်တို့ရှေ့ကို ခရီးဆက်နိုင်မှာမဟုတ်ပါဘူး။ တိုင်းပြည်မှာအစိုးရဟာ မိသားစုမှာ မိဘလိုပါပဲ။ တာဝန်တွေ၊ နယ်ပယ်တွေ၊ အတိုင်းအတာတွေ၊ ပမာဏတွေသာ ကွာမယ်၊ သဘာဝကတော့ အတူတူပါပဲ။ မိသားစုတိုင်းမှာ မိဘဟာ မိသားစုကို ဆင်းရဲ တွင်းမဆင်းစေချင်ပါဘူး။ ချမ်းသာကြွယ်ဝပြည့်စုံအောင် ကြိုးစားခဲ့ကြတာချည်းပါပဲ။ မိဘ အဆက်ဆက်ကြိုးစားတိုင်းသာ ရကြမယ်ဆိုရင် လောကမှာ ဆင်းရဲတဲ့မိသားစုဆိုတာ မရှိလောက် တော့ပါဘူး။ ဒီမိသားစုများရဲ့ဘဝကို ဉာဏ်ပညာပြည့်စုံစွာနဲ့ မြှင့်တင်နိုင်အောင်၊ သူတို့လည်း ပါဝင် နိုင်အောင် ဒေါက်တာမောင်သင်းက ဒီအဆိုကို တင်သွင်းတယ်လို့လည်း ယူဆပါတယ်။ အဆိုရှင်ရဲ့ တင်ပြချက်မှာ ၈.၈ သန်းသော အခြေခံပညာကျောင်းသားများသာမကဘဲ ၁၇.၆ သန်းသော ကျောင်းသားမိဘများကိုပါ ထည့်သွင်းစဉ်းစားထားတာ တွေ့ရပါတယ်။ ဒီနေ့ပညာရေးလောကဟာ လျင်မြန်စွာပြောင်းလဲနေပါပြီ။ ပညာပေါက်ကွဲမှုဖြစ်နေတဲ့ခေတ်ပါ။ ဥပဒေတွေပြဋ္ဌာန်းမယ်ဆိုရင် အားလုံးပါဝင်ပြီး ဆွေးနွေးကြမယ်၊ တိုင်ပင်ကြမယ်၊ မြန်မြန်ထက်ထက်အကောင်အထည်ဖော် ဆောင်ရွက်ကြရပါမယ်။ ပညာရပ်အသီးသီးရဲ့သက်တမ်းဟာ တိုတောင်းနေပါပြီ။ ပညာစက်ဝန်းကို ကြည့်ရင် Knowledge ကနေ Anti-Knowledge, New Knowledge ကို သွားနေသလို Learning ကနေ Enlearning, Relearning တွေသွားနေပါတယ်။ ဒါကြောင့်မို့လို့ ဒီသဘောတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းပြောသလို သူများတွေခြေလှမ်းတစ်လှမ်းလှမ်းရင် ကျုပ်တို့က လေး၊ ငါး၊ ဆယ်လှမ်းလှမ်းရမယ်ဆိုတာထက် အပြေးတက်သွားရမယ့်ခေတ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရှေ့ကို သွားဖို့ ပြောထားပြီး နောက်ပြန်လှည့်ကြည့်နေတဲ့မျက်နှာတွေကို ရှေ့ကို ပြန်လှည့်စေချင် ပါတယ်။ အဆိုရှင် ဒေါက်တာမောင်သင်းရဲ့အဆိုမှာပါတဲ့ အဆင့်ဆင့်သော ဆွေးနွေးပွဲတွေကိုလည်း ဒီလ နောက်ပြန်လှည့်ကာ အပြစ်ရှာနေတာမဟုတ်ဘဲနဲ့ မြန်မာကို ကမ္ဘာကြည့်ကြည့်ပြီး မြန်မာအသိရှိရှိနဲ့ အမျိုးသား အကျိုးစီးပွားကို အလေးထားတဲ့ အခြေခံပညာဥပဒေကောင်းတစ်ရပ် ပေါ်ထွက လာအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါပြီးရင် လက်တွေ့ကျင့်သုံးကြပြီး ကျင့်သုံးရင်းနဲ့မှ လစ်ဟာချက် ကတွေကို ပြုပြင်သွားတဲ့ စနစ်နဲ့သွားရပါမယ်။ ဒါမှသာ ပြည်သူအားလုံးမျှော်လင့်တောင့်တနေတဲ့ ခေတ်မီတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို မြန်မြန်ရောက်ပါမယ်လို့ တင်ပြရင်း ဒေါက်တာ မောင်သင်းရဲ့အဆိုကို ထောက်ခံလျက် နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ဒေါက်တာမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်က တင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့်  လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ      ပညာရေးဝန်ကြီးဌာနရဲ့သဘောထားပြောပါ။

ဒေါက်တာမျိုးသိမ်းကြီး(ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)မှ ဆွေးနွေးခြင်း         လေးစား ရပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းရဲ့အဆိုနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြ သွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ အခြေခံပညာရေး ကဏ္ဍတွင် ကျောင်းသား ကျောင်းသူဦးရေ ယခုပညာသင်နှစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၉၀၈၇၂၅၆ ဦးရှိပါတယ်။ ဒီထဲမှာ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းများ မပါပါဘူးဆိုတာကို တင်ပြလိုပါတယ်။  ဆရာဆရာမဦးရေ ၃၆၃၂၉၈ ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါ စီမံခန့်ခွဲရေးဝန်ထမ်းများ မပါပါဘူး။ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၄၆၀၀၆ ကျောင်းပါဝင်နေပြီး ကြီးမားကျယ်ပြန့်၍ မတူကွဲပြားမှုများကို အားလုံးသိရှိလက်ခံသဘောပေါက်နားလည်ထားကြမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပညာရေးမှ ပါဝင်သူများအားလုံးကို ခန့်မှန်းတွက်ကြည့်မယ်ဆိုရင် ကျောင်းသားနဲ့ မိဘကိုသာ တွက်ချက်လို့မရဘဲ အဘိုးအဘွား၊ ဦးလေး၊ အဒေါ်၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးမိတ်ဆွေတို့အပါအဝင်ဆိုရင် တစ်နိုင်ငံလုံးလူဦးရေသည် ပညာရေးနှင့်ပါဝင်ပတ်သက်နေသူ များ ဖြစ်နေမယ်ဆိုတာ အားလုံးလက်ခံထားကြမှာဖြစ်ပါတယ်။ ဒီ့ထက်ပိုမိုပြီးတော့လည်း စဉ်းစား တွက်ချက်လို့ရအောင် ဤကဏ္ဍတွင် ကြီးမားကျယ်ပြန့်သလို အခက်အခဲများ၊ စိန်ခေါ်မှုများလည်း ရှိနေမည်မှာ လက်ခံရမယ့်အမှန်တရားဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဒီလိုဆွေးနွေးပွဲတွေကို လူထုလူတန်းစား ရွေးချယ်ဖို့ ခက်ခဲပြီးတော့မှ စိတ်ဝင်စားမှုများ၍ တုံ့ပြန်မှုများလာရင်၊ ဥပဒေနှောင့်နှေးကြန့်ကြာလာရင် ပညာရည် မြင့်မားရေး ထိထိရောက်ရောက်ဆောင်ရွက်ဖို့ ပိုမိုကြာမြင့်လာနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ လူမှုစီးပွား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးနှင့်ပညာရေးဟာ အဓိကအရေးပါ နေတယ်ဆိုတာ အားလုံးအသိပဲဖြစ်သလို ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူလူထုပူးပေါင်း ပါဝင်မှုဖြင့် ထိထိရောက်ရောက် စနစ်တကျအကောင်အထည်ဖော်နိုင်ဖို့ စတင်ကြိုးပမ်း ဦးတည် အကောင်အထည်ဖော်လျက်ရှိပါတယ်။ ယခုအခါမှာဆိုရင် အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို လည်း ဖွဲ့စည်းပြီးလို့ အကြံဉာဏ်များပိုမိုရရှိပြီး ပူးပေါင်းမှုကောင်းစွာဖြင့် အားကောင်းစွာ စနစ်တကျ ဆောင်ရွက်နိုင်တော့မှာလည်းဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဆောင်ဟောင်းများ ပြုပြင်ခြင်း၊ ကျောင်းဆောင်သစ်များ ဆောက်လုပ်ခြင်းများကို ဘတ်ဂျက် နှစ်အလိုက် တိုးချဲ့ဆောင်ရွက်ခြင်း၊ စာသင်ခုံများဖြည့်ဆည်းခြင်း၊ သန့်စင်ခန်း၊ သိပ္ပံခန်း၊ စာကြည့် တိုက်များ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်း၊ စဉ်းစားတွေးခေါ်မှုကိုဦးတည်သော သင်ရိုး ညွှန်းတမ်းများ မြှင့်တင်ခြင်း၊ ဆရာဆရာမများ အရည်အသွေးတိုးတက်မှု အထောက်အကူဖြစ်စေရန် ပညာရေးကောလိပ်များကို ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက် ခြင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများနှင့် တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းခွင် မွမ်းမံသင်တန်းအမျိုးမျိုး၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့်တွဲဖက်၍ ကျောင်းအခြေပြုလုပ်ငန်းခွင် ဆရာ အတတ်ပညာအစီအစဉ်များ ဆောင်ရွက်ခြင်း၊ Teacher Mentoring ဆောင်ရွက်ရန်အစီအစဉ် ချမှတ်အကောင်အထည်ဖော်ခြင်း၊ သင်ရိုးသစ်များကို ပညာရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်း များနှင့် ပေါင်းစပ်ရေးဆွဲခြင်း၊ ကျောင်းသားဗဟိုပြုသင်ကြားရေးအတွက် သင်တန်းပေးခြင်း၊ လက်တွေ့ သင်ကြားစေခြင်း၊ ဆရာ၊ ကျောင်းသားအချိုး မျှတစေရန် နည်းလမ်းမျိုးစုံဖြင့် ဒေသအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းညှိနှိုင်းရန်စီမံဆောင်ရွက်ခြင်း၊ မူလတန်းအောက်အဆင့်တွင် တိုင်းရင်းသား ဘာသာစကား ၅၄ မျိုးကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် သင်ကြားပို့ချ နိုင်ရန်ဆောင်ရွက်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ကလေးများ ပညာသင်ကြား ခွင့်ရရှိရေးနှင့် ဘဝတစ်သက်တာ လိုအပ်သောအသိပညာ၊ ကျွမ်းကျင်မှုများ ရရှိစေရေး စသည်တို့နဲ့ ပိုမိုထိရောက်စွာ တိုးချဲ့အကောင်အထည်ဖော်နိုင်ရန် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီး ဌာန(Department of Alternative Education) ဌာနအသစ်တစ်ခုဖွဲ့စည်းခြင်း၊ ကျောင်းထွက်နှုန်း လျော့နည်းရေး၊ ကျောင်းမကြာခဏပျက်နေတဲ့ ကျောင်းသားကျောင်းသူတွေနှင့် သင်ယူမှုအားနည်းတဲ့ ကျောင်းသားကျောင်းသူတွေကို ယခုပညာသင်နှစ် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီတွေမှာ ပိုမိုဖြည့်ဆည်း သင်ကြားပေးရေး အချိန်ပိုသင်ကြားခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာန အနေနဲ့ ခွင့်ပြုရန်ပုံငွေလျာထားခြင်း၊ ပုံနှိပ်စာအုပ်များကို တစ်နှစ်ကြိုတင်ရိုက်နှိပ်ရတာဖြစ်တဲ့အတွက် ယခုပညာသင်နှစ် ၂၀၁၆-၂၀၁၇ ခွင့်ပြုရန်ပုံငွေဟာ တစ်နှစ်ကြိုတင်ရေးဆွဲဆောင်ရွက်ခဲ့တာဖြစ်တဲ့ အတွက် အဲဒီခွင့်ပြုရန်ပုံငွေအရ လုံလောက်အောင်အကောင်အထည်ဖော် ဆောင်ရွက်နေရတာ ဖြစ်ပါ တယ်။ ဒါ့အပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနဲ့ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းဆောင်သစ်များ တည်ဆောက်ခြင်း၊ မူလတန်း ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်များ ပုံနှိပ်ဖြန့်ဝေခြင်းတို့နှင့် ပညာရည်မြင့်မား ရေး(Quality Education)တို့မှာလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း အခြေခံ ပညာကဏ္ဍသည် ပမာဏကြီးမားမှုနှင့်ကွဲပြားခြားနားမှု ကြီးမားတဲ့အတွက် စီမံခန့်ခွဲရာတွင် မပြည့်စုံမှု များ၊ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါတယ်။ ထိုစိန်ခေါ်မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းဆောင်ရွက်ပြီး အားလုံးပါဝင်သော(Inclusive)၊ တန်းတူမျှတသော (Equitable)၊ တစ်သက်တာပညာရေး အခွင့် အလမ်းရှိသော(Life Long Learning Opportunity)နှင့် အရည်အသွေးမြင့်ပညာရေး (Quality Education)ဖြစ်ပေါ်ရေးတို့အတွက် ကျွန်တော်တို့ Sustainable Development Goal နှင့်အညီ ပညာရေးစီမံခန့်ခွဲသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူလူထုအားလုံး လက်တွဲညီညီဖြင့် အားသွန်ခွန်စိုက် ထိထိရောက်ရောက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်တယ် လို့ ပညာရေးဝန်ကြီးဌာနက လက်ခံယုံကြည် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားပညာရေးဥပဒေနှင့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ အခြေခံပညာရေးဥပဒေ၊ နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့်လေ့ကျင့်ရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေတို့ကို ရေးဆွဲနိုင်ရန် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပညာရေးကို စိတ်ဝင်စားသော မိဘပြည်သူလူထုများ၊ ပညာရေးနှင့်ဆက်နွှယ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဆွေးနွေးပွဲများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ ခရိုင်အဆင့်အထိ ဆွေးနွေး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုပဲ လွှတ်တော်ဟာ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီ၊ ပညာရေးမြှင့်တင် မှုကော်မတီ၊ ဝန်ကြီးဌာနတို့မှပညာရှင်များ၊ ရှေ့နေချုပ်ရုံးမှ ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကိုလည်း လုပ်ဆောင်ခွင့်သည် လုံလောက်စွာ ရှိနေတာဖြစ်ပါတယ်။  ဒါကြောင့်မို့လို့ ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point အသုံးပြုခွင့်ပြုဖို့ မေတ္တာရပ်ခံပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ အခြေခံပညာရေးဥပဒေကို ဆွေးနွေးပွဲတွေကို တိုင်းဒေသကြီး/ပြည်နယ်တွေမှာ စုစုပေါင်း နေရာဒေသပေါင်း ၄၃ နေရာမှာ ပညာရှင်များနဲ့ရော သွားရောက်ပြီးတော့မှ ပထမအကြိမ်၊ ဒုတိယအကြိမ် ယမန်နှစ်ကဖော်ပြခဲ့တဲ့ စာရင်းပါအတိုင်း အခြေခံပညာကျောင်းတွေမှာ တက်ရောက် ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက် တဲ့အခါမှာ ဆရာဆရာမများ၊ ပြည်သူလူထု ပြီးလို့ရှိရင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ ဆရာမတွေလည်းပါပါတယ်။ ပြီးလို့ရှိရင် တာဝန်ရှိတဲ့ပညာရှင်တွေလည်းပဲ ပါပါတယ်။ ပြီးလို့ရှိရင် ကျွမ်းကျင် ပညာရှင်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာ စုစုပေါင်း ၄၃ နေရာဖြစ်ပါတယ်။ စုစုပေါင်း ၄၃ နေရာကို ယမန်နှစ်က ဇွန်လနှင့် ဇူလိုင်လမှာပြုလုပ်တဲ့အခါမှာ ကျွန်တော်တို့ အဆင့်၊ အလွှာပေါင်း ၁၂၈၁၂ ဦး တက်ရောက်ပါတယ်။ အဲဒီအထဲမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာ အခြေခံပညာ ရေးဥပဒေမူကြမ်း ဒါ ကျွန်တော် ဥပမာအနေနဲ့ ဆွေးနွေးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးမှာဆွေးနွေးခဲ့တဲ့ ဟာကို တင်ပြခြင်းဖြစ်ပါတယ်။ ပုဂ္ဂလိကပညာရေးဥပဒေမူကြမ်းဖြစ်ပါတယ်။ နည်းပညာနှင့်သက်မွေး ပညာရေးဥပဒေမူကြမ်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါ အခြေခံပညာရေးဥပဒေမူကြမ်းကို ရှင်းလင်း ဆွေးနွေးနေတာဖြစ်ပါတယ်။ ဆွေးနွေးတက်ရောက်သူတွေနှင့် အကြံပြုသူတွေဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုလို့ရှိရင်လည်း ဒါအားလုံးသိတဲ့အတိုင်းပဲ ဖောင်တော်ဦး ကျောင်းမှ ဆရာတော် နာယကကိုယ်တိုင်လည်းပဲ တက်ရောက်ပြီးတော့မှ ဆွေးနွေးခဲ့ပါတယ်။ ဒါက အခမ်းအနားအစီအစဉ်အကြမ်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့နေရာ။ ဒီမှာဆိုလို့ရှိရင် ကျွန်တော်တို့ ဒီလိုတွေမဟုတ်ဘူး။ ယခုပညာသင်နှစ်မှာဆိုလို့ရှိရင်လည်းပဲ ကျွန်တော်တို့အနေနဲ့ အဆင့်မြင့်ပညာကဏ္ဍအတွက် နှီးနှောဖလှယ်ပွဲတွေ၊ Alternative Education ကျောင်းပြင်ပပညာ ရေးနှင့် တစ်သက်တာပညာရေးအတွက်လည်းပဲ Stakeholders အားလုံးကို ဖိတ်ကြားပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါက တိုင်းရင်းသားဘာသာစကားတွေအတွက် ဖြစ်ပါတယ်။ Simpalable for National Races Languages Planning ကို သုံးရက်ကျင်းပခဲ့ပါတယ်။ ပြီးရင် Tibat  ဖြစ်ပါ တယ်။ အခြေခံပညာကဏ္ဍဖြစ်ပါတယ်။ ဆရာအတတ်ပညာကဏ္ဍဖြစ်ပါတယ်။ ဒီဟာတွေကို ကျွန်တော် တို့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို အခြေခံပညာကဏ္ဍမှာ Life Skill ပတ်သက်ပြီးတော့ သင်ကြားခဲ့ တာတွေကိုလည်းပဲ ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။

 ဒါကြောင့်မို့လို့ ပြည်သူလူထုနှင့် ပညာရေးပတ်သက်ဆက်နွှယ်သူများ (Stakeholders) အတွင်း ကျယ်ကျယ်ပြန့်ပြန်ရရှိခဲ့တဲ့ ဥပဒေမူကြမ်းတွေကို ကျွန်တော်တို့ နိုင်ငံပိုင်သတင်းစာတွေမှာ လည်းဖော်ပြခဲ့သလို ပြင်ဆင်ပြုစုထားတာတွေကိုလည်းပဲ ကျွန်တော်တို့အနေနဲ့ ဆက်လက်တင်ပြပြီး ထပ်မံဖော်ပြသွားဖို့ စီစဉ်ဆောင်ရွက်သွားမယ့်အပြင် အဆင့်ဆင့်ဆွေးနွေးပွဲများအဖြစ် ပြည်သူများက ရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အကြံပြုချက်များကိုလည်းပဲ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်။ ပညာရေးဝန်ကြီးဌာန Website တွေမှာလည်း လွှင့်တင်ပြီးတော့မှ ပြည်သူလူထုရဲ့အကြံဉာဏ်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဆွေးနွေးသွား တဲ့အတိုင်း နည်းလမ်းပေါင်းစုံဖြင့် ဖိတ်ခေါ်ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ပညာရေးကောလိပ်တွေမှာလည်းပဲ ဆရာဆရာမ သင်တန်းတက်တဲ့သူတွေကိုလည်း အသိပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နှစ်ပေါင်းများစွာ အချိန်ယူဆွေးနွေးနေမယ့် စီစဉ်ဆောင်ရွက်မှုတွေနဲ့ ဥပဒေပြုစုအတည်ပြုနိုင်ရေးဟာ ပိုမိုဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်။ ကျွန်တော့်ကို အချိန်လေး ပေးဖို့ တင်ပြလိုပါတယ်။ ပညာရေးဆိုင်ရာအစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်ရန်အတွက်လည်း အခြေခံပညာကဏ္ဍတွင် မိဘဆရာအသင်းများမှတစ်ဆင့် မိဘဆရာပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အခက်အခဲပြဿနာများ၊ ပြုပြင်သင့်‌သည့်အချက်များ၊ တိုးမြှင့်ဆောင်ရွက်ရမည့်ကိစ္စများကို ပွင့်လင်းစွာဆွေးနွေးကြ၍ အဆင့်ဆင့်တင်ပြ ဆောင်ရွက်နိုင်ရေးအတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ သို့ပါ၍ ပညာရေးဆိုင်ရာဥပဒေများ၊ မူဝါဒများနှင့်အစီအမံများကို အမျိုးသားပညာရေးဥပဒေနှင့်အညီ ပြည်သူလူထုများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးဆိုင်ရာ လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ပါဝင် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုပါ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ပြည်သူများရဲ့ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များက ပြည်သူလူထုနှင့် ဆက်လက်ပူးပေါင်းပြီးတော့မှ ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ယခုအဆိုကို အတည်မပြုသင့်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ      အဆိုရှင်ရဲ့သဘောထားပြောပါ။

ဒေါက်တာမောင်သင်း(မိတ္ထီလာမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း               လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ရှင်းလင်းတင်ပြပေးပါသော ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ မြန်မာ့ပညာရေးမြင့်မားရေးအတွက် အမြင်စုံစုံလင်လင်ဖြင့် အကြံပြုဝိုင်းဝန်း ဆွေးနွေးကြတဲ့ ကျွန်တော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို အထူးကျေးဇူးတင်ရှိ ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ ပညာရေးဝန်ကြီးဌာနကို အထူးတင်ပြလိုချင်တာ ကတော့ တိုက်တွန်းတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းတာပါ။ အကူအညီတောင်းရခြင်းအကြောင်းအရင်းကတော့ အချက်အလက်ပြည့်စုံ မှသာ ကောင်းမွန်တဲ့ ဥပဒေတစ်ရပ်ပေါ်ထွန်းလာပြီးတော့ ကောင်းမွန်တဲ့ ဥပဒေတစ်ရပ်ဖြစ်မှသာလျှင် ပညာရေးဝန်ကြီးဌာန အနေနဲ့လည်းပဲ အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာမို့လို့ အကူအညီ တောင်းတဲ့ သဘောပါ။ ဆိုလိုတာက ပညာရေးဥပဒေကို ပြုနေတာက နိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးမှုအပြင် အဲဒီဥစ္စာကို အကောင်အထည် ဖော်နေတဲ့ ပညာရေး ဝန်ကြီးဌာန အဆင်ပြေချောမွေ့စေရေးအတွက် လည်း ပါဝင်တယ်ဆိုတဲ့ အကြောင်းကို ပညာရေးဝန်ကြီးဌာနကို ကျွန်တော်အဆိုတင်သွင်းရတဲ့ အကြောင်းကို ရှင်းလင်းလိုပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။  ပညာရေးဝန်ကြီးဌာနရှင်းလင်းတင်ပြသွားတဲ့အထဲမှာ ၂၀၁၅ ခုနှစ်က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေပါသလို ၂၀၁၆ ခုနှစ်မှာ လက်ရှိအစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေလည်း ပါပါတယ်။ အဲဒီမှာကြည့်လိုက်လို့ရှိရင် အဲဒီမှာရှိတဲ့ လူဦးရေအရေအတွက်က ကျွန်တော်အဆိုတင်သွင်းထားတဲ့ လူထုလူတန်းစားအလွှာစုံပါဝင်သော အခြေခံပညာရေးပွဲများ ဟုတ်/မဟုတ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ အနည်းငယ်သံသယရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အရေးကြီးဆုံးကတော့ ခုနက ပညာရေးဝန်ကြီးဌာနအကောင်အထည်ဖော်စေရန်အတွက် ဆွေးနွေးတာ ပဲဖြစ်တဲ့အတွက်ကြောင့် အချိန်ကုန်တယ်။ အချိန်လိုအပ်တယ်။ ငွေကြေး ကုန်ကျတယ်ဆိုပေမယ့်လည်း မြန်မာ့ပညာရေးရေရှည်မြင့်မားရေးအတွက် ဆောင်ရွက်ရန် အဓိကကျတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ပြည်သူများက အားကိုးပြီးတော့ ကျွန်တော်တို့ကိုအားကိုးလိုက်တဲ့ ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဆုံးအဖြတ်ဖြစ်တဲ့ လွှတ်တော်ရဲ့အဆုံးအဖြတ်ကိုသာ ရယူလိုပါကြောင်း လေးစားစွာ ဥက္ကဋ္ဌကြီးမှတစ်ဆင့်တင်ပြအပ်ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ      လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒေါက်တာမောင်သင်း၊ မိတ္ထီလာ မဲဆန္ဒနယ်က တင်သွင်းသွားတဲ့အဆိုကို ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးပြီး ပညာရေးဝန်ကြီး ဌာနကလည်း ပြန်လည်ရှင်းလင်းပြီးတော့ အဆိုအား အတည်မပြုသင့်ပါကြောင်း ရှင်းလင်းခဲ့ပါတယ်။ အဆိုရှင် ကလည်း လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူသွားမယ်လို့ ရှင်းလင်းသွားပါတယ်။ ဒါကြောင့် ဒီအဆိုနှင့် စပ်လျဉ်းပြီး အတည်ပြုရန်/အတည်မပြုရန် လွှတ်တော်ရဲ့ သဘောထားကို ရယူပါမယ်။ ဒီအဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်ရဲ့သဘောထားရယူရန်အတွက် စက်ခလုတ်အသုံးပြုတဲ့ ဆန္ဒမဲပေးတဲ့ နည်းလမ်းနဲ့ မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ဒေါက်တာမောင်သင်း တင်သွင်းတဲ့အဆိုကို မူတည်၍ မဲခွဲ ဆုံးဖြတ်ပါမယ်။ ထောက်ခံမဲများလျှင် ဒေါက်တာမောင်သင်းရဲ့အဆိုက အတည်ဖြစ်ပါမယ်။ ကန့်ကွက်မဲ များလျှင် ပညာရေးဝန်ကြီးဌာနရဲ့အတည်မပြုရန် အချက်က အတည်ဖြစ်ပါမယ်။ ဆန္ဒမဲပေးဖို့ အသင့် ဖြစ်စေလိုပါတယ်။ ဆန္ဒမဲပေးနိုင်ကြပါပြီ။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ      ယခု ဆန္ဒမဲပေးလို့ပြီးပါပြီ။ ရရှိတဲ့ဆန္ဒမဲစာရင်းကို ကြေညာပါမယ်။ ထောက်ခံဆန္ဒမဲ ပေါင်း ၁၅၁ မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၂၃၀ မဲ၊ ကြားနေဆန္ဒမဲပေါင်း ၈ မဲဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကန့်ကွက်တဲ့ကိုယ်စားလှယ်ဦးရေကများတဲ့အတွက် ဒေါက်တာ မောင်သင်း တင်သွင်းတဲ့အဆိုကို အတည်မပြုကြောင်း ကြေညာပါတယ်။

တင်သွင်းသူ 
ဒေါက်တာမောင်သင်း(မိတ္ထီလာမဲဆန္ဒနယ်)
နေ့စွဲ 
Tuesday, March 14, 2017