Law Database | Mail | English Version

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် ဒေါက်တာလှမိုး(အောင်မြေသာစံမဲဆန္ဒနယ်)က အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးခြင်း

ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်‌ဥပဒေအခန်း(၇) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အဆင့်ဆင့်‌သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်‌သည့် လစဉ်ချီးမြှင့်ငွေ နှင့်စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်‌/မသင့် အဆုံးအဖြတ်ရယူခြင်း

ဒေါက်တာလှမိုး(အောင်မြေသာစံမဲဆန္ဒနယ်)မှ အဆိုတင်သွင်းခြင်း                 အားလုံးမင်္ဂလာပါ။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။  ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အား အဆိုတင်သွင်းနိုင်ရန် Power Point သုံးစွဲခွင့်ပြုရန် လေးစားစွာ တင်ပြအပ်ပါတယ်။ ဒီနေ့ ကျွန်တော်တင်သွင်းမယ့်အဆိုကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကိုပြင်ဆင်သည့် ဥပဒေအခန်း(၈)ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ) အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်‌သော ကော်မရှင်အဖွဲ့ခွဲဝင်များ အတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်‌ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီနေ့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတဲ့ နိုင်ငံပေါင်း ၁၃၀ ကျော်ရှိပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်‌သုံးတဲ့ နိုင်ငံတိုင်းမဖြစ်မနေ လျှောက်လှမ်းရမယ့်လမ်းတစ်ခုကတော့ ရွေးကောက်ပွဲများပဲ ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲများမှာ အောင်မြင်ချောမွေ့စွာကျင်းပနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ဆိုတာ လိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှု၊ ပွင့်လင်းမြင်သာမှု၊ ဆောင်ရွက်နိုင်မှုတွေအပေါ် မှာမူတည်ပြီးမှ ရွေးကောက်ပွဲကြီးတစ်ခုလုံးအောင်မြင်စွာ ဖြစ်ထွန်းမှသာလျှင် ဒီမိုကရေစီစနစ်ကလည်း ပိုမိုခိုင်မာစွာဖြစ်ထွန်းမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့်‌မို့လို့ ဒီမိုကရေစီစနစ်ကျင့်‌သုံးတဲ့ နိုင်ငံ တိုင်းမှာ ရွေးကောက်ပွဲကော်မရှင်ဟာ အလွန်အရေးပါသောအခန်းကဏ္ဍမှာ ရှိတယ်ဆိုတာကိုလည်း လက်ခံပါတယ်။

ဒါကြောင့်‌မို့လို့ ပထမအကြိမ် လွှတ်တော်အသီးသီးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကလည်း ရွေးကောက်ပွဲလုပ်ငန်းတွေမှာ စေတနာအလျှောက် ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်တွေအတွက် ထိုက်သင့်တဲ့ လစာချီးမြှင့်ဖို့၊ ထောက်ပံ့ဖို့ အတွက် သက်ဆိုင်ရာလွှတ်တော်တွေမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေမှာ မေးခွန်း တွေလည်းမေးမြန်းခဲ့ပါတယ်။ အဆိုတွေလည်း တင်သွင်းပြီးတော့ လစဉ်ချီးမြှင့်ငွေနဲ့ စရိတ်တွေကို ပေးအပ်ဖို့ အဆိုတွေကိုလည်း မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်အရ ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ဆွေးနွေးဆုံးဖြတ်အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဆုံးဖြတ်ပြီးခဲ့တဲ့ ဥပဒေကိုလည်း ၁၄-၇-၂၀၁၅ မှာ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီဥပဒေမှာ အခန်း(၈) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)မှာ ကော်မရှင်သည် နိုင်ငံ့ ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်‌သောကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်‌တဲ့ လစဉ် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ရရှိခံစားနိုင်စေရန်အတွက် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရ မယ်လို့ ဖော်ပြပါရှိပါတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ခုကတော့ လစဉ်ချီးမြှင့်ငွေနှင့်စရိတ်ဆိုတဲ့ နေရာမှာ အချိန်ကာလသတ်မှတ်ချက်မပါပါဘူး။ ရွေးကောက်ပွဲကျင်းပနေတဲ့ ကာလမှာပဲလား၊ သုံးလလား၊ ခြောက်လလား၊ ကိုးလလား၊ တစ်နှစ်လား။ သို့တည်းမဟုတ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ များသည် လွှတ်တော်သက်တမ်းနှင့်  အတူတူပဲဖြစ်သည်ဆိုသည့်အတွက်ကြောင့် လပေါင်း ၆၀ ချီးမြှင့် မှာလားဆိုတာ သတ်မှတ်ချက်မပါပါဘူး။ ဒါဟာ အထူးစဉ်းစားစရာအချက်ပါ။ နောက်တစ်ချက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၅) ပုဒ်မ ၁၄ နှင့် ၁၅ မှာ ကော်မရှင်သည် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာမှာ အများ ယုံကြည်လေးစားခြင်းခံရတဲ့ ပုဂ္ဂိုလ်အနည်းဆုံးသုံးဦးနဲ့ ဖွဲ့စည်းရမယ်လို့ ပါပါတယ်။ အဲဒီထဲက တစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်မှာပါ။ ပြောရမယ်ဆိုရင်တော့ အနည်းဆုံး သာပါပြီးတော့ အများဆုံးဦးရေမပါရှိပါဘူး။ ၁+၂  ပါ။ ဒါပေမဲ့လည်း ဒီလိုမပါရှိတဲ့အတွက်ကြောင့် ၂၀၀၈ ခုနှစ် ရွေးကော်ပွဲကစပြီးတော့ တိုင်းနှင့်ပြည်နယ်၊ ခရိုင်တို့နှင့် ရွေးကောက်ပွဲကော်မရှင်တွေမှာ ၁+၅=၆ ဦး ခန့်ထားပြီးတော့ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်တွေမှာ ၁+၁၀ အနေနဲ့ ၁၁ ဦးခန့်အပ် ခဲ့တာကိုလည်း တွေ့ရပါတယ်။

အခုအချိန်မှာဆိုလို့ရှိရင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကော်မရှင်တွေကို ခန့်အပ်ဖို့ရန်အတွက် လုပ်ကိုင်ဆောင်ရွက်လိုတဲ့သူတွေကို လာရောက် လျှောက်ထား နိုင်ကြောင်း ပထမဆုံးလျှောက်လွှာခေါ်ယူနေပြီ ဖြစ်ပါတယ်။ အဲဒီနောက် အောက်တိုဘာလ ၁ ရက် နေ့မှာ စတင်ပြီး ခန့်ထားတော့မှာ ဖြစ်ပါတယ်။  ဒီဥပဒေအရပဲ ပြည်ထောင်စုအစိုးရက လစဉ်စရိတ်နှင့် ချီးမြှင့်ငွေများ သတ်မှတ်ပေးရမယ်ဆိုတဲ့အတွက်ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၂၁၆/၂၀၁၆) နှင့် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဦးကျော်ဝင်းက လက်မှတ်ရေးထိုးပြီးတော့ ဘယ်လောက်ချီးမြှင့်မယ်ဆို တာကို ကျွန်တော်တို့ သတ်မှတ် ပေးထားခဲ့ပါတယ်။ တိုင်းနှင့်ပြည်နယ်ဒေသမှာရှိတဲ့ ကော်မရှင်ဥက္ကဋ္ဌတွေကို လစဉ် သုံးသိန်းလေးသောင်း ကော်မရှင်အဖွဲ့ဝင်တွေကို သုံးသိန်းတစ်သောင်း၊ နောက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်တွေအတွက် ဥက္ကဋ္ဌကို လစဉ် ချီးမြှင့်ငွေသုံးသိန်းတစ်သောင်း၊ နောက်အဖွဲ့ဝင်တွေအတွက် နှစ်သိန်းရှစ်သောင်း မြို့နယ် ကော်မရှင် အတွက် ဥက္ကဋ္ဌကို နှစ်သိန်းရှစ်သောင်းနဲ့ အဖွဲ့ဝင်တွေကို နှစ်သိန်းခွဲ၊ နောက် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲဝင်‌တွေအတွက် ဥက္ကဋ္ဌကို ကိုးသောင်းနဲ့ အဖွဲ့ဝင်တွေကို ခုနစ်သောင်း ချီးမြှင့်ဖို့ တရားဝင် ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

 ဒီလိုချီးမြှင့်တဲ့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ နိုင်ငံ့ဝန်ထမ်းတွေ မဟုတ်တဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်အသီးသီးအတွက် ချီးမြှင့်ရမယ့်ပမာဏသည် တစ်နှစ်ကို ဘီလီယံ ၅၀ ထိ တိုးတက်လာပါတယ်။ ဒါစဉ်းစားရမယ့်အချက်ပါ။ ဒါ ရွေးကောက်ပွဲတစ်နှစ်လုံးအပြည့် ထမ်းဆောင်ရတာမဟုတ်ဘဲနဲ့ ကျွန်တော်တို့က ဘီလီယံ ၅၀ အထိ ချီးမြှင့်ရမှာပါ။ ဒီလိုမှမဟုတ်ဘဲနဲ့ လပေါင်း ၆၀ ချီးမြှင့်မယ်ဆိုလို့ရှိရင် ဒီသက်တမ်းတစ်လျှောက်လုံးမှာ ဘီလီယံ ၃၀၀ ကျွန်တော်တို့ အသုံးပြုရမှာဖြစ်ပါတယ်။ ဒါဟာ အလွန်တရာမှကြီးမားတဲ့ပမာဏပါ။ ဒီ ဘီလီယံ ၅၀ ဆိုတာက ခုနက ပြောတဲ့ အနည်းဆုံး ၁+၂ သုံးဦးအတွက်ပဲ ချီးမြှင့်ဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ လက်ရှိ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာဆောင်ရွက်ခဲ့တဲ့အတိုင်းပဲ ၁+၅ နဲ့သာ ချီးမြှင့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ တစ်နှစ်ကို ဒီရွေးကောက်ပွဲ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်အသီးသီး အတွက် ၁၆၇ ဘီလီယံသုံးရမှာဖြစ်ပါတယ်။ ၅ နှစ်စာ လပေါင်း ၆၀ အတွက်ဆိုလို့ရှိရင် ကျွန်တော်တို့ ဘီလီယံ ၈၀၀ ကျော် သုံးရမှာဖြစ်ပါတယ်။ ဒီပမာဏဟာ ကျွန်တော်တို့ တော်တော်ကြီးကိုများပါတယ်။ ကျွန်တော်တို့ စဉ်းစားရမယ့်အချက်ပါ။ အဲဒီအခါမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဘယ်သူတွေ ကလုပ်ကြမှာတုန်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အမြဲတမ်းခန့်အပ်ထားတဲ့ ဝန်ထမ်းတွေ ရှိပါတယ်။ အောက်ခြေအဆင့်အထိ အရာထမ်း ၅၀၆ ဦး၊ အမှုထမ်း ၁၃၆၈ ဦး ဝန်ထမ်းအင်အား စုစုပေါင်း ၁၈၇၄ ဦးရှိပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် တစ်နှစ်စာ ဒီဝန်ထမ်းအသီးသီး အတွက် ကုန်ကျရမယ့် လစဉ်ချီးမြှင့်မယ့်စရိတ်ဟာ ၃.၈၇ ဘီလီယံပဲရှိပါတယ်။ တော်တော်လေးကို နည်းပါတယ်။ ခုနကပမာဏနဲ့ကြည့်မယ်ဆိုရင် တော်တော်လေးကိုနည်းပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတစ်ခုလုံးမှာလည်း လုပ်ငန်းစဉ်အသီးသီးအတွက် အသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲအသုံးစရိတ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာမှ ၃၇.၇၁ ဘီလီယံပဲ ကုန်ပါတယ်။ ဒါကြောင့်မို့လို့ ခုနကလို ၁+၃ ဦးခန့်အပ်မယ်ဆိုရင် ဘီလီယံ ၅၀ တစ်နှစ်ကို၊ ၁+၅ ဦးခန့်အပ်မယ်ဆိုရင် ၁၆၇ ဘီလီယံနဲ့တွက်မယ်ဆိုရင် ဒါဟာ တော်တော်လေးကိုနည်းပါးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တစ်တွေစဉ်းစားကြရမှာပါ။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အခုလိုအချိန်မျိုးမှာ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံတော်အတွက် အဘက်ဘက်ကဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကိုစိစစ်ပြီးသုံးစွဲနေရ တဲ့အချိန်မှာ ဒီလစဉ်ချီးမြှင့်ငွေနှင့်စရိတ်တွေအတွက် ကျခံသုံးစွဲရမယ့် ငွေပမာဏဟာ အလွန်တရာမှ ကြီးမားလွန်းတဲ့အတွက် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်ဆိုတာ သေချာပါတယ်။ ဒီလို နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်တွေဟာလည်းပဲ အမြဲတမ်းအချိန်ပြည့် တာဝန်ပေးအပ်ရန်လည်း မလိုအပ်ပါဘူး။ ဒီလိုအထွေထွေရွေးကောက်ပွဲ ဒါမှ မဟုတ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့အချိန်ကျမှ လုပ်ငန်းလိုအပ်ချက်အရ ကာလတစ်ခုသတ်မှတ် ဖွဲ့စည်းပြီးမှ လစဉ်ငွေချီးမြှင့်မယ်ဆိုရင် ပိုမိုပြီးသင့်လျော်တယ်ဆိုတာ ကျွန်တော်တို့ သိသာထင်ရှားစေ ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီလို နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အဆင့်ဆင့်သောရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ကျွန်တော်တို့ စဉ်းစားရမယ့်အချက်သုံးချက် ပေါ်လာပါတယ်။ နံပါတ်(၁)အချက်ကတော့ လစဉ်ချီးမြှင့်ငွေနှင့်စရိတ် ပေးအပ်မည့်ကာလ ပြန်လည်သုံးသပ်ဖို့လိုပါပြီ။ နံပါတ်(၂) လစဉ်ချီးမြှင့်ငွေနှင့်စရိတ်ပမာဏ ပြန်လည် သုံးသပ်ဖို့လိုပါပြီ။ နောက် ခန့်အပ်မယ့်အဖွဲ့ဝင်ဦးရေ ပြန်လည်သုံးသပ်ဖို့လိုအပ်တဲ့အတွက်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၈) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ) အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များ အတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်‌ငွေနှင့်စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်သွင်းအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးစိုးမြင့်(ခ)ဦးအောင်ဇော်မြင့်(အမရပူရမဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း           လေးစားအပ် ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များခင်ဗျား။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပို့ဂါရဝ ပြုအပ်ပါတယ်။ ကျွန်တော်ကတော့ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် ဖြစ်ပါတယ်။ ကျွန်တော်က အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး အဆိုပြုတင်သွင်းတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ အခန်း(၈) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့်လစာချီးမြှင့်ငွေနှင့် စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်လို့ပြောလိုက်တာနဲ့ တွဲလျက်ပါလာတာက တော့ ရွေးကောက်ပွဲများဖြစ်ပါတယ်။ ရွေးကောက်ပွဲတစ်ခုကျင်းပရာမှာလည်း အဓိကကျတဲ့ အဖွဲ့ အစည်းကတော့ သမာသမတ်ကျတဲ့ရွေးကောက်ပွဲကော်မရှင်ပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲတစ်ခု ရဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ အနှောင်အဖွဲ့ကင်းစွာဆောင်ရွက်နိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ် သာရပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော နိုင်ငံတိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်ကို အထူးဂရုပြုဖွဲ့စည်းထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံများမှာ ရွေးကောက်ပွဲကော်မရှင်ကို အမြဲတမ်း ဖွဲ့စည်းထားတာမျိုး မဟုတ်သလို အမြဲတမ်း လစဉ် ချီးမြှင့်ငွေပေးအပ်ထားတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲကျင်းပမယ့် သတ်မှတ်ကာလအပိုင်းအခြား အတွင်းမှာသာ သမာသမတ်ကျသူများအား ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်တာကို တွေ့ရပါတယ်။  ဒီလိုရွေးချယ်ဖွဲ့စည်းရာမှာလည်း အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များဟာ လုပ်အားပေး အဖွဲ့အစည်းများသာ ဖြစ်ပါတယ်။ အခချေးငွေနှင့်စရိတ်တို့ ချီးမြှင့်ခြင်းမရှိကြပါဘူး။ ဒီလိုပါပဲ မြန်မာပြည်မှာကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း ရွေးကောက်ပွဲကျင်းပရေးကော်မရှင် အဖွဲ့ခွဲအသီးသီးမှာ ဆောင်ရွက်ခဲ့ကြတဲ့သူများဟာ လုပ်အားပေးတွေအနေနဲ့ ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအထိပါပဲ။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအသီးသီးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ခွဲဝင်များအနေနဲ့လည်း ရွေးကောက်ပွဲကျင်းပသည့်ကာလဖြစ်တဲ့ သုံးလမှ ခြောက်လ အထိကာလအတွင်း ရွေးကောက်ပွဲကြီးတစ်ခုလုံးချောမောအောင်မြင်စွာ ကျင်းပနိုင်ဖို့ မနားမနေ ကြိုးစားလုပ်ဆောင်တာကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။ ဒီအတွက်လည်း ချီးကျူး ဂုဏ်ယူဖွယ်ကောင်း လှပါတယ်။ ဒီလိုဆောင်ရွက်ကြပေမယ့်လည်းပဲ ညည်းညူခြင်းမရှိကြပါဘူး။ နိုင်ငံသူနိုင်ငံသားများနှင့် တိုင်းပြည်အတွက်ဆိုတဲ့စိတ်နှင့် အကျိုးအမြတ်တစ်စုံတစ်ရာ မမျှော်ကိုးဘဲ ကျေကျေပွန်ပွန်ဆောင်ရွက် ခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံတော်က နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သော လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့အား ရရှိခံစားနိုင်ရန် ဥပဒေပြုသတ်မှတ်ထားခြင်းကိုလည်း ကျွန်တော်တို့လက်ခံပါတယ်။ ဒါပေမဲ့ အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်ရတဲ့ကာလကိုသာ ချီးမြှင့်တာက ပိုပြီးသင့်တော်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ရွေးကောက်ပွဲတစ်ခုကျင်းပချိန်မှာ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များ တာဝန်ဆောင်ရွက်ချိန်ဟာ သုံးလမှခြောက်လကြား သာရှိတယ်ဆိုတာ ရွေးကောက်ပွဲတစ်ခုဖြတ်သန်းခဲ့သူတိုင်း သိရှိနားလည်ပြီးဖြစ်ပါတယ်။ ယခုအခါမှာ ပြည်ထောင်စု အစိုးရက ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့ကို လွှတ်တော်သက်တမ်း အတိုင်း လပေါင်း ၆၀ ချီးမြှင့်ရန် လျာထားသတ်မှတ်ခြင်းဟာ ပြည်ထောင်စုအစိုးရအနေနဲ့ ပြန်လည် စဉ်းစားသင့်တဲ့အချက်တစ်ခုလို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အစစအရာရာဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့အတွက် နိုင်ငံတစ်ဝန်းပြန်လည်ဖြည့်ဆည်းစရာ အခြေအနေများဟာ နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ ရှိနေပါတယ်။ ဒါတွေကိုဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ နိုင်ငံ့ဘဏ္ဍာငွေများကို စနစ်တကျ စိစစ်သုံးစွဲနေရချိန် နိုင်ငံတော်ဘတ်ဂျက်မှာကြည့်ရင်လည်း နှစ်စဉ်လိုငွေနဲ့ပဲလည်ပတ်နေရ တဲ့အချိန်မှာ ယခုပြည်ထောင်စုအစိုးရက နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ ခွဲဝင်များအတွက် ထိုက်သင့်သည့် လစာချီးမြှင့်ငွေနှင့်စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ် ထားခြင်းဟာ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာအမှန်ပါပဲ။ အဲဒါကြောင့်မို့လို့ ဒေါက်တာလှမိုး အဆိုပြုတင်ပြတဲ့အထဲမှာပါဝင်တဲ့ လစဉ်ချီးမြှင့်ငွေပမာဏနှင့်စရိတ်၊ ချီးမြှင့်မည့်ကာလ၊ အဖွဲ့ဝင်ဦးရေ တို့ကို ပြန်လည်သုံးသပ်ရန်လိုအပ်သည့်အတွက်ကြောင့် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး တင်သွင်းတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၈) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ ဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထား ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လေးလေး နက်နက်ထောက်ခံဆွေးနွေးအပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးတင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုနှင့်စပ်လျဉ်းပြီး ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပ‌ဒေ ၁၆၈ နည်းဥပဒေခွဲ(ခ) နည်းဥပဒေခွဲငယ်(၃)အရ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်ရဲ့ဆန္ဒရယူပါမယ်။ ဒေါက်တာ လှမိုးတင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ လွှတ်တော်ကသဘောတူတဲ့အတွက် ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်က တင်သွင်း သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း(၇) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ) အရ  ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲ ဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထား ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။

ဒေါက်တာလှမိုး၊  အောင်မြေသာစံမဲဆန္ဒနယ်က တင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဦးဘိုဘိုဦး(စမ်းချောင်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                   လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး ဖြစ်ပါတယ်။ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၏အဆိုဖြစ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၇) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည် သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

          လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၄၀)ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၇) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏သက်တမ်း၌ ဖော်ပြထားသည့် ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)တွင် ကော်မရှင်သည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့် သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့်လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ရရှိခံစားနိုင် ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိပါတယ်။ ဤအခန်း (၇) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)ပါ သတ်မှတ်ချက်ကို အဆိုရှင်အနေဖြင့် ကိန်းဂဏန်းများတွက်ချက်၍ အချိန် ကာလသတ်မှတ်ချက်ကို တိကျစွာရည်ညွှန်းစေလိုသည်ကို ရှင်းလင်းတင်ပြခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒီနေရာမှာ အချိန်ကာလသတ်မှတ်ချက်ကို တိကျစွာရည်ညွှန်းရန် ကျွန်တော့်အနေနဲ့ လိုအပ်မည်လို့ မထင်ပါ။ ဘာကြောင့်လဲဆိုတော့ ပြဋ္ဌာန်းချက်တွင် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်ကိုဆိုထားပြီးဖြစ်၍ လစဉ် ဆိုသောစကားရပ်သည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများ သည် စတင်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ တာဝန်ပြီးဆုံးသည့်အချိန်ထိ လစဉ်ဟုမှတ်ယူရမှာ ဖြစ်ပါတယ်။ လစဉ်ချီးမြှင့်ငွေနှင့် စရိတ်ပိုင်းကို အဆိုရှင်မှ ကိန်းဂဏန်းများနဲ့ တိကျစွာတွက်ချက် ဖော်ပြထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဤသည်မှာ ဆင်းရဲတွင်းဇယားအောက် လူထုအများ ဆုံးရောက်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံအတွက် ရုတ်တရက်ဆိုရင် ပြူးတူးပြဲတဲနဲ့ ကြောက်စရာကောင်း လောက်ပါလားလို့ ထင်မှတ်နိုင်စရာရှိပါတယ်။ ဒီအသုံးစရိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဘဏ္ဍာငွေမှကျခံသုံးစွဲရန် နှစ်စဉ်ဘဏ္ဍာငွေအရ/အသုံးဥပဒေမှာ ထည့်သွင်းရေးဆွဲထား ပြီး ဒါကို အခန်း(၇)ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)မှာ ဖော်ပြထားပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ/အသုံးခန့်မှန်းခြေငွေစာရင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အတွက် ငွေပမာဏမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ထက် ကျပ်သန်းပေါင်း ၁၀၀၀၀ ခန့် တိုးလာသော်ငြားလည်း ပြင်ဆင်အဆိုပြုချက်မှာ ပြည်ထောင်စုဘတ်ဂျက်ရဲ့ ၀.၀၇ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာနိုင်ငံဒီမိုကရေစီဖွံ့ဖြိုး ရှင်သန်ရေးအတွက် အလျဉ်းသင့်သလို ကူညီထောက်ပံ့ငွေများ ရရှိနိုင်တာလည်းဖြစ်တဲ့အလျောက် နိုင်ငံတော်အနေနဲ့ ကြီးလေးသည့်ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းနေရတယ်လို့ ကျွန်တော့်အနေနဲ့ မမြင်မိပါဘူး။

          လေးစားရပါသောဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော၊ အဆင့်ဆင့်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များကဲ့သို့ပင် ထိုက်သင့်သည့်လစာချီးမြှင့်ငွေနှင့် စရိတ်တို့အား ရရှိခံစားနိုင်ရန်ဆိုသည်မှာ သီးခြားချွန်ထွက်နေတဲ့ပြဋ္ဌာန်းချက်တစ်ခု မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၃)ဖြင့်ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း(၃) ပုဒ်မ ၁၄ မှာလည်း နိုင်ငံတော်သမ္မတသည် ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဏာမစိစစ်ရေးအဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်ခံစားခွင့်များကို သတ်မှတ်ပေးခြင်း သို့မဟုတ် ပြင်ဆင်ပြောင်းလဲခြင်းပြုနိုင်သည် ဟု ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၅) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေအခန်း(၂) ပုဒ်မ ၇ မှာလည်း နိုင်ငံတော် သမ္မတသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သူကော်မရှင်အဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေနှင့်စရိတ်များကို သတ်မှတ်ပေးရမည်ဟု ပါရှိပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၄၁)ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ ဥပဒေအခန်း(၁၁) ပုဒ်မ ၃၈ မှာလည်း နိုင်ငံ့ဝန်ထမ်းမဟုတ်သော နာယကအဖွဲ့ဝင်များ၊ ကော်မတီဝင် များနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ချီးမြှင့်ငွေနှင့်စရိတ်များကို ခံစားခွင့်ရှိသည်ဟု ပါရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁၀)ဖြင့် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေအခန်း(၁၂) ပုဒ်မ ၃၆ မှာလည်း ဥပဒေဆိုင်ရာအထောက် အကူပေးရေးအဖွဲ့အဆင့်ဆင့်တွင် တာဝန်ပေးအပ်ခြင်းခံရသည့်နိုင်ငံ့ဝန်ထမ်းမဟုတ်သော အဆင့်ဆင့် သောပုဂ္ဂိုလ်များ၊ ယင်းအဖွဲ့၏အကြံပေးပုဂ္ဂိုလ်များ၊ ဥပဒေဆိုင်ရာအထောက်အကူပေးသူများအတွက် ချီးမြှင့်ငွေနှင့်စရိတ်များကို ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်ဟုအတိအလင်းဖော်ပြ ပြဋ္ဌာန်း ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ခွင့်ပြုပါအတိုင်း တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များကို အဆင့်ဆင့်ဖွဲ့စည်းရာမှာ ကျစ်ကျစ်လျစ်လျစ်နှင့် တိုင်းပြည် ဘဏ္ဍာကိုခြိုးခြံပြီးတော့ ကာကွယ်နိုင်ဖို့အတွက် ဖွဲ့စည်းဖို့လည်းလိုပါလိမ့်မယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများအတွက်ကတော့ လိုအပ်ချက်အရသာ လိုအပ်တဲ့အချိန်ကျမှ ကော်မရှင်အဖွဲ့ခွဲအဆင့် ဆင့်ကို ဖွဲ့စည်းသင့်ပါကြောင်းလည်း အကြံပေးလိုပါတယ်။

          လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမိုကရေစီဖွံ့ဖြိုးပြီးနိုင်ငံများမှာ ရွေးကောက်ပွဲကော်မရှင်ကို လိုအပ်တဲ့အချိန်လောက်မှစပြီး စတင်ဖွဲ့စည်းပြီး Volunteer များဖြင့် ပါဝင်တယ်လို့ အဆိုရှင်က ပြောဆိုထားခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၏ အခန်း(၆) တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဖော်ပြထားသည့် ဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ (ဃ)မှာ မဲစာရင်းများပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ကြေညာခြင်းဟုလည်းကောင်း၊ ပုဒ်မခွဲ(စ)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေ ခြင်းလို့ ပြဋ္ဌာန်းထားပါတယ်။ အဆိုရှင်တင်ပြဆွေးနွေးသွားခဲ့တဲ့အဆိုနှင့် ပတ်သက်ပြီးတော့ ဘဏ္ဍာငွေ ဘတ်ဂျက်လိုငွေပြမှုကို နားလည်ပါတယ်။ ဒါပေမဲ့ သုံးသင့်သုံးထိုက်တဲ့ဘဏ္ဍာငွေသုံးစွဲမှုများကို သုံးစွဲ သင့်ကြောင်း အကြံပြုဆွေးနွေးအပ်ပါတယ်။

ဦးတင်ထွေး(ဝေါမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအဆိုဟာ ကျွန်တော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကိုပြင်ဆင်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေအမှတ်(၄၀) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)နှင့် ပတ်သက်ပြီးတော့ ဒီအဆိုဖြစ်လာတာပဲဖြစ်ပါတယ်။ ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)နှင့် ပတ်သက် ပြီးတော့ ကျွန်တော်မရှင်းလင်းခင်မှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့ရဲ့ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပုဒ်မ ၁၈ ပုဒ်မခွဲ(က)ကနေပြီးတော့ ပုဒ်မခွဲ(ဋ)ထိ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို ကြည့်တဲ့ အခါမှာတော့ လုပ်ငန်းတွေက တော်တော်များပြားတာကို တွေ့ရပါတယ်။ သို့သော်လည်းပဲ ကျွန်တော် တို့ ရွေးကောက်ပွဲဟာ ငါးနှစ်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲ ရှိပါတယ်။ ကြားဖြတ်ကလည်းပဲ လိုအပ်တဲ့မြို့နယ်များပဲ ကြားဖြတ်ရွေးကြတာဖြစ်ပါတယ်။ အဲဒီတော့ အထွေထွေ ရွေးကောက်ပွဲ မှာလည်းပဲ ကျွန်တော်တို့အတွေ့အကြုံအရတွေ့ရတာက ဥက္ကဋ္ဌ တစ်ယောက်ပဲ ရုံးတွေ သွားပြီးတော့ မကြာမကြာအလုပ်လုပ်တာတွေ့ရသော်လည်းပဲ ကျန်တဲ့ကော်မတီ ဝင်တွေဆိုတာ အစည်းအဝေး ကိစ္စရှိမှသွားကြတာတွေ့ရပါတယ်။ သူတို့တကယ်တမ်းလုပ်ရသည့် လုပ်ငန်းသည် ရွေးကောက်ပွဲ ကြီးတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင် ခြောက်လ၊ ကိုးလ အဲဒီကာလ လောက်ပဲ လုပ်ရပါတယ်။ ကျန်တဲ့ အချိန်တွေက သူတို့လုပ်ငန်းကို သူတို့လုပ်နေကြတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒီလို တွေ့ရသလို ဒီကော်မရှင်အသီးသီးမှာပါတဲ့ ပုဂ္ဂိုလ်တွေဟာ အငြိမ်းစားဝန်ထမ်းတွေ၊ ကျွန်တော်တို့ အငြိမ်းစားမှာ ဌာနဆိုင်ရာအငြိမ်းစားပါတယ်။ နိုင်ငံရေး ပင်စင်စားတဲ့ပုဂ္ဂိုလ်တွေပါတယ်။ အဲဒီတော့ သူတို့ကိုပါ ကျွန်တော်တို့ ချီးမြှင့်ငွေတွေနဲ့ပေးမယ် ဆိုလို့ရှိရင် ဒီပေါ်မှာလည်းပဲ ကျယ်ကျယ်ပြန့်ပြန့် လေးစဉ်းစားပြီးတော့မှ လုပ်ဆောင်သင့့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က သုံးသီးစားတဲ့ပြဿနာတွေ ရှိတဲ့အခါကျတော့ သူ့မှာသိပ်ခံစားခွင့်တွေများပြီးတော့ အလုပ်ကတော့ ငါးနှစ်တာကာလမှာမှ ကြားဖြတ်မရှိတဲ့နေရာတွေ ဆိုလို့ရှိရင် ကိုးလ၊ ၁၀ လ၊ ၁၂ လ အဲဒီလောက်ပဲ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီကနေ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအခြေအနေအရ တကယ်တမ်းပေးကြကမ်းကြမယ်ဆိုလို့ရှိရင်၊ ချီးမြှင့်မယ်ဆို လို့ရှိရင် ဒီချီးမြှင့်တာသူ့လုပ်အားနှင့် ညီမျှတဲ့ ချီးမြှင့်ငွေကိုပဲ ကျွန်တော်တို့ ရသင့်တာရှိပါတယ်။ သို့သော်လည်းပဲ အဲဒီလိုမှမဟုတ်ဘဲနဲ့ ဥပဒေကဒီလိုပြဋ္ဌာန်းထားတဲ့အတွက် ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)မှာ လစဉ်ချီးမြှင့်ငွေနှင့် စရိတ်ကို ပေးမယ်ဆိုတဲ့ အဲဒီဥပဒေအတိုင်းပြဋ္ဌာန်းချက်အတိုင်းပေးမယ်ဆိုလို့ရှိရင် တော့ ကျွန်တော်တို့ ငွေကြေးနဲ့ကြည့် လာမယ်ဆိုလို့ရှိရင်တော့ တိုင်းပြည်အတွက် များစွာနစ်နာ လာခြင်းဖြစ်ပါတယ်။

          လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေရာမှာလည်းပဲ ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)ကို ပြန်ကြည့်မယ် ဆိုလို့ရှိရင်တော့ လစဉ်ချီးမြှင့်ငွေဆိုတဲ့စကားကြီးဟာ ကျွန်တော်တို့အတွက်လုပ်ရကိုင်ရတာ နည်းနည်း ကသိကအောက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလစဉ်ဆိုတဲ့ဟာ စကားပါတဲ့အတွက် လစဉ်၊ လစဉ်တိုင်း ပေးရမယ့်သဘောရှိတဲ့အခါကျတော့ အလုပ်မလုပ်တဲ့လေးနှစ်လောက်ကာလကြီးကို ပေး နေတယ်။ သူတို့ကလည်း သူတို့အပေါ်မှာ အိမ်မှာနေတယ်ဆိုတော့ အခုဘာပြဿနာတွေ တွေ့ရလဲ ဆိုတော့ ဒီချီးမြှင့်ငွေပေးမယ်လည်းဆိုရော ကျွန်တော်တို့ မြို့နယ်၊ ကျေးရွာ၊ တိုင်းဒေသကြီး၊ ခရိုင် ကော်မရှင်တွေမှာ အခု ကော်မရှင်အဖြစ် ဝင်လျှောက်ကြတာကို ကျွန်တော်တို့မြို့နယ်မှာဆို ၄၊ ၅၊ ၆၀ လောက်ကို ရှိကြပါတယ်။ အဲဒီလိုရှိတဲ့နေရာမှာ ဒါကဘာလဲဆိုတော့ တကယ့်ကိုစေတနာနဲ့ တိုင်းပြည် အတွက်ကို ရတဲ့အချိန်လေးမှာ ရသလောက်လုပ်ပေးပါမယ်ဆိုတဲ့ဟာနဲ့စာရင် သူတို့ဒီချီးမြှင့်ငွေပေါ်မှာ ကြည့်ပြီးတော့ ဝင်ရောက်လျှောက်တာဆိုတာကိုလည်း ကျွန်တော်တို့ သွားတွေ့တာဖြစ်ပါတယ်။ အဲဒီတော့ ဒီချီးမြှင့်ငွေအတိုင်းသာ ဥပဒေကပြထားတဲ့အတိုင်း လစဉ်၊ လစဉ်ချီးမြှင့်ငွေကိုပေးမယ် ဆိုရင်တော့၊ အခုကော်မရှင်ကထုတ်ပြန်ထားတဲ့ ချီးမြှင့်ငွေအတိုင်းသာပေးမယ်ဆိုရင်တော့ အဆို တင်သွင်းသွားတဲ့ ဒေါက်တာလှမိုးရဲ့ အဆိုအတိုင်းဆိုရင် ကျွန်တော်တို့မှာ တော်တော်ကို တိုင်းပြည် အတွက်လည်း အများကြီးနစ်နာပါတယ်။ အလုပ်မလုပ်တဲ့သူတွေကို ပေးနေရသလိုဖြစ်နေပါတယ်။ အခုကျွန်တော်တို့ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲက စကြည့်မယ်ဆိုရင် သက်ဆိုင်ရာကော်မရှင်ရုံးတွေမှာ ဝန်ထမ်းတွေက အပြည့်ခန့်ထားပြီးဖြစ်ပါတယ်။ ယခင်တုန်းကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအောက်ကဝန်ထမ်းနဲ့ အခု အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိက ဥက္ကဋ္ဌလုပ်ပြီးတော့ အတွင်းရေးမှူးက သူတို့ဆီကလူတွေလုပ်တဲ့အခါကျတော့ သူတို့ဝန်ထမ်းနဲ့သူတို့လုပ်နေရတဲ့ကာလပါ။ အခုမှာတော့ ဝန်ထမ်းက ဦးစီးအရာရှိတစ်ယောက်ထားတယ်။ နောက် ဒုတိယဦးစီးမှူးတစ်ယောက် ထားတယ်။ ဝန်ထမ်းကိုလည်း တော်တော်ပြည့်ပြည့်စုံစုံလေးထားတယ်။ နောက်စက်ကိရိယာ ပစ္စည်းတွေ ကလည်း ပြည့်စုံသလောက်ကို ကျွန်တော်တို့ သွားတွေ့နေရတာဖြစ်ပါတယ်။ နောက်ကျေးရွာမှာ ကြည့်မယ်ဆိုလို့ရှိရင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးစာရေးက ဒီလုပ်ငန်းကို စာရင်း ကောက်တာဘာညာကအစ လုပ်ရတဲ့အခါကျတော့ ကျွန်တော်တို့ အားလုံးပြန်ခြုံငုံကြည့်လိုက်မယ် ဆိုလို့ရှိရင်တော့ မပေးသင့်တဲ့အချိန်တွေမှာ ပေးရတဲ့အခါကျတော့ တိုင်းပြည်အတွက် ငွေများစွာ နစ်နာ ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ နိဂုံးချုပ်တင်ပြရမယ်ဆိုလို့ရှိရင်တော့ အခု ဒေါက်တာလှမိုး တင်ပြသွားတဲ့ ကိန်းဂဏန်းနဲ့ကြည့်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ လစာ၊ ချီးမြှင့်ငွေကို လစဉ်၊ လစဉ်  ပေးရမယ်ဆိုတဲ့ဟာမှာ ဥပဒေစကားလေးပါ ကျွန်တော်တို့နောက်ပိုင်းမှာ လိုအပ်လို့ရှိရင်ပြင်ပြီးတော့ ထိုက်သင့်တဲ့၊ သင့်တင့်မျှတတဲ့အပေါ်မှာကြည့်ပြီးတော့ လျှော့ပြီးတော့ပေးသင့်ပါကြောင်း လေးစားစွာဖြင့် ထောက်ခံဆွေးနွေးအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။ 

ဒေါ်မာမာခိုင်(သထုံမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း           လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးများအားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်အပ်ပါတယ်။ ကျွန်မကတော့ အောင်မြေသာစံ မဲဆန္ဒနယ်က ဒေါက်တာလှမိုးတင်သွင်းတဲ့အဆိုကို ထောက်ခံဆွေးနွေးမယ့် သထုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင် ဖြစ်ပါတယ်ရှင်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ ဥပဒေပိုင်း အကြောင်းတွေကိုတော့ စောစောကကိုယ်စားလှယ်တွေ တင်ပြဆွေးနွေးပြီးဖြစ်တဲ့အတွက် ကျွန်မ ကတော့ အကြောင်းအရာပိုင်းလေးတွေကိုပဲ အဓိကထားဆွေးနွေးသွားတော့မှာဖြစ်ပါတယ်။ အဆိုရှင် တင်သွင်းထားတာနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့မဲဆန္ဒနယ်မြေနဲ့ထင်ဟပ်ပြီးတော့ လေ့လာကြည့်တဲ့ အခါမှာ ကျွန်မတို့ သထုံမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှာလည်း အများကြည်ညိုလေးစားခံရတဲ့ နိုင်ငံ့ ဝန်ထမ်းမဟုတ်တဲ့သူ ဥက္ကဋ္ဌတစ်ဦးအပါအဝင် အဖွဲ့ဝင်ခြောက်ဦး၊ ပြီးတော့ နိုင်ငံ့ဝန်ထမ်း ၁၀ ဦးနဲ့ စုစုပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေထဲမှာဆိုလို့ရှိရင်လည်း မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ အတွင်းရေးမှူး အဖြစ်ကတော့ ဦးစီးအရာရှိ၊ မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက အပါအဝင် တခြားမြို့နယ်အဆင့် ဦးစီးအရာရှိတွေပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရပ်/ကျေးမှာကတော့ ဝန်ထမ်းမဟုတ်တဲ့သူ ခြောက်ဦးကနေပြီးတော့ ကိုးဦးအထိ ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ခရိုင်မှာလည်း ဒီအတိုင်းပါပဲ။ အဲဒီတော့ ဝန်ထမ်းတွေအပြင် ခုနက ဆရာဦးတင်ထွေး ဆွေးနွေးသွားသလို သက်ဆိုင်ရာကော်မရှင်အဆင့်ဆင့်မှာခန့်ထားတဲ့ ဝန်ထမ်းတွေကလည်း ရှိနေတဲ့ အခါကျတော့ ရွေးကောက်ပွဲကျင်းပမယ့်ကာလမဟုတ်ရင် ကော်မရှင်ရုံးလုပ်ငန်းတာဝန်တွေကို အဲဒီ လူတွေနဲ့ အဆင်ပြေစွာ လည်ပတ်ဆောင်ရွက်သွားလို့ဖြစ်ပါတယ်။ ယခင်ရွေးကောက်ပွဲကာလမှာ တုန်း ကတော့ မဲစာရင်းအမှားကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်မှာ အတော်လေး ရှုပ်ထွေးသွားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အမြဲတမ်းထားရှိဖို့လိုသလားဆိုတဲ့ မေးခွန်းတစ်ခုတော့ရှိမှာပါ။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဆွေးနွေးလိုတာကတော့ မလိုပါဘူး။ ဘာကြောင့်လဲ ဆိုရင် မဲစာရင်းတိကျမှန်ကန်ဖို့အတွက် အဓိကကျတာက ရပ်/ကျေးအသီးသီးမှာရှိတဲ့ အုပ်ချုပ်ရေးမှူး တွေရယ်၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့မှာ တာဝန်များစွာရှိပါတယ်။ အဲဒီဌာနတွေက မိမိတို့မြို့နယ်အတွင်းမှာရှိတဲ့ လူဦးရေစာရင်းကို အောက်ခြေကစပြီးတော့ စနစ်တကျအချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန်ပြုစုထားမယ် ဆိုရင်၊ စိစစ်ထားမယ်ဆိုရင် ရွေးကောက်ပွဲမကျင်းပမီ လေး၊ ငါး၊ ‌ခြောက်လ အလိုမှာ အဆင်သင့် ဖြစ်ပြီးသား ဖြစ်နေမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) ပုဒ်မ ၃၉၉ မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့တာဝန်တွေကို ပြဋ္ဌာန်းထားတော့ အဓိကအားဖြင့် ရွေးကောက်ပွဲကျင်းပမယ့် ကာလနဲ့ စပ်လျဉ်းတဲ့တာဝန်တွေဟာ ဘာတွေရှိတယ်ဆိုတာကို အဲဒီပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နေပြီးတော့ သတ်မှတ်ဆောင်ရွက်ပေးလို့ရပါတယ်။

နောက်တစ်ခါ ကျွန်မတို့နိုင်ငံမှာ ပုံမှန်အားဖြင့် ရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ်ကျင်းပလေ့ ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲကျင်းပမယ့် ကာလ မဟုတ်ရင် သူတို့အဓိကလုပ်ဆောင်ရမယ့် တာဝန်တွေမရှိတာမို့ ကျွန်မအထက်ကဆွေးနွေးခဲ့သလိုပဲ ကျန်လုပ်ငန်းတွေကို ကျန်တဲ့ကော်မရှင်အဖွဲ့ခွဲတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေက ဆောင်ရွက်နိုင်မှာဖြစ်ပါ တယ်။ အဆိုရှင်တင်ပြသလိုပါပဲ။ ကျွန်မတို့မြို့နယ်ရဲ့ ဝန်ထမ်းမဟုတ်တဲ့ ကော်မရှင်အဖွဲ့ခွဲအသီးသီး တွေအတွက် ခန့်အပ်ထားတဲ့ဦးရေအလိုက် တွက်ချက်ကြည့်တဲ့အခါမှာ တစ်နှစ်ကို ပျမ်းမျှ သိန်းပေါင်း ၃၀၃၄ သိန်းကျော် ကျသင့်နေတာကို တွေ့ရပါတယ်။ အဲဒီငွေတွေဟာ ကျွန်မတို့မြို့နယ်အတွက် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့လုပ်ငန်းတွေမှာ အကျိုးရှိရှိ အသုံးပြုနိုင်မှာဖြစ်သလို မဲစာရင်းတွေတိကျမှန်ကန်ရေးအတွက် နည်းပညာအသုံးပြုမှတ်တမ်းထားရှိ မယ့်နေရာမှာလည်း အသုံးပြုသွားမယ်ဆိုရင် ပိုမိုပြီးတော့ ကောင်းမွန်မယ်လို့ ကျွန်မအနေနဲ့ အကြံပြု ဆွေးနွေးလိုပါတယ်။ ဒေါက်တာလှမိုးတင်ပြသလိုပါပဲ။ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ နိုင်ငံအတော် များများမှာ ကျွန်မတို့နိုင်ငံလို ရွေးကောက်ပွဲကျင်းပတဲ့ကာလမဟုတ်ဘဲနဲ့ လွှတ်တော်သက်တမ်းတစ်ခု လုံးအတွက် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်ပေးရတဲ့နိုင်ငံဟာရှားပါးလှပါတယ်။ ဒါတွေကို ကျွန်မတို့က ထည့်‌သွင်းစဉ်းစားပြီးတော့ ပြုပြင်ရမှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ကော်မရှင် အဖွဲ့ခွဲဝင်တွေကို ချီးမြှင့်ငွေနှင့်စရိတ်ပေးခြင်းကို ထောက်ခံပါတယ်။ ဒါပေမဲ့ ချီးမြှင့်မယ့်ကာလ အပိုင်းအခြားကိုတော့ ပြန်လည်စိစစ်သတ်မှတ်ပြီးတော့ တိတိကျကျလေးပြုလုပ်ဆောင်ရွက်သင့် ကြောင်း အကြံပြုဆွေးနွေးလိုပါတယ်။

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့နိုင်ငံသားတွေအားလုံး အပြောင်း အလဲတစ်ခုကို လိုချင်တဲ့အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးမှာ အစိုးရသစ်တစ်ခုပြောင်းလဲနိုင်ဖို့ စိတ်စေတနာအပြည့်နဲ့ တစ်ခဲနက်မဲပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတော့ အမှန်တကယ် ဒီမိုကရေစီ နိုင်ငံသစ်ကိုထူထောင်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေကလည်း မိမိတို့ကျရာ တာဝန်ကို အပြည့်အဝထမ်းဆောင်ကြမယ်။ တာဝန်ကျေပွန်ကြမယ်ဆိုတဲ့ စိတ်စေတနာအပြည့်ရှိမယ် ဆိုတာလည်း ကျွန်မတို့အနေနဲ့ ယုံကြည်ပါတယ်။ အဲဒီလိုပဲ အများကြည်ညိုလေးစားခံရတဲ့ မြို့ရွာ ကျက်သရေဆောင်ပုဂ္ဂိုလ်တွေဟာဆိုရင်လည်း ကိုယ်ကျိုးမဖက်ဘဲနဲ့ အများအကျိုးဆောင်ရွက်တဲ့ နေရာမှာ စိတ်ထားမွန်မြတ်တဲ့သူတွေ ဖြစ်ကြတဲ့အတွက် ကော်မရှင်လုပ်ငန်းကို စေတနာအပြည့်အဝနဲ့ ဆောင်ရွက်ပေးကြမယ့် ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်သူတွေသာဖြစ်တဲ့အတွက် ဒေါက်တာလှမိုး အဆိုပါအကြောင်းအရာ၊ ဖော်ပြချက်တွေကို သူတို့အနေနဲ့လည်း လက်ခံကြလိမ့်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ အောင်မြေသာစံမဲဆန္ဒနယ်က ဒေါက်တာလှမိုး တင်သွင်းတဲ့အဆိုကို ကျွန်မအနေနဲ့ လေးလေးနက်နက်ထောက်ခံပါကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်ရှင်။

ဦးဌေးငွေ(မြောင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးငွေ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒေါက်တာလှမိုးရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအဆို ကို ဆွေးနွေးနေတဲ့အချိန်ဟာ နိုင်ငံမှာ ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ဘီလီယံ ၂၅၀၀၀ အထိရှိနေတဲ့ အချိန်ပါ။ လိုငွေဘတ်ဂျက်နဲ့ နှစ်ပါးသွားနေရတဲ့အချိန်လည်းဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ စာသင်ကျောင်းမပြည့်စုံမှု၊ ဝန်ထမ်းအိမ်ရာမလုံလောက်မှု၊ ဆေးရုံဆေးခန်းလိုအပ်မှု၊ လမ်းတံတား ပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရတဲ့အခြေအနေလည်းဖြစ်ပါတယ်။ လွှတ်တော်အသီးသီးမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြန်ပြင်ပေးပါ၊ ကျောင်းပေးပါ၊ ဆေးရုံပေးပါဆိုတဲ့အသံတွေဟာ တစ်စာစာနဲ့ နေ့တိုင်းကြားနေရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒီလို လိုအပ်ချက်တွေရှိနေတဲ့အချိန်မှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်အဖွဲ့ခွဲဝင်တွေကို အမြဲတမ်းလစာပေးမယ့်‌အကြောင်း ကြေညာသွားလို့ များစွာအံ့သြမိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့ ရွေးကောက်ပွဲဖြစ်စဉ်မှာ ရွေးကောက်ပွဲ နီးကပ်မှ ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး CSO တွေ၊ စေတနာ့ဝန်ထမ်းလုပ်အားပေးတွေနဲ့ ပေါင်းစပ်ကာ လုပ်ကိုင်ကြတာတွေ့ရပါတယ်။ အရင် ရွေးကောက်ပွဲကော်မရှင်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်မှာ အမြဲတမ်းနိုင်ငံ့ဝန်ထမ်းများနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများလုပ်တာ၊ ရွေးကောက်ပွဲနီးကပ်လာမှ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့၊ အများကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်များနှင့်ကာလသတ်မှတ်ပြီး ဖွဲ့စည်းတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၁၄-၂၀၁၈) ထဲမှာဆိုရင် အဓိကအားဖြင့် ကော်မရှင်အဆင့်ဆင့်အတွက် အမြဲတမ်းဝန်ထမ်းများခန့်သွားဖို့ နှစ် အလိုက် ဆောင်ရွက်သွားရန် စီမံကိန်းရေးဆွဲထားပြီးလည်းဖြစ်ပါတယ်။ အခုဆိုရင် ညွှန်ကြားရေးမှူးချုပ်မှ အခြေခံမြို့နယ်အဆင့်ထိ အမြဲတမ်းဝန်ထမ်းစုစုပေါင်း ၁၈၇၄ ဦးရှိနေပါပြီ။ ဒါ့အပြင် ကော်မရှင်ဥပဒေ အခန်း(၅) ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ လိုအပ်ပါက နိုင်ငံ့ဝန်ထမ်းများကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းနိုင်ပါတယ်။ ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ နှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၁၆) ပုဒ်မ ၈၄ အရလည်း လိုအပ်ပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ထံမှလည်း အကူအညီများရယူနိုင်ပါတယ်။ ဒီပုံစံနဲ့ အရင် ရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောင်မြင်စွာဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အကယ်၍သာ ရွေးကောက်ပွဲကော်မရှင်ကတင်ပြသလို လစာနှုန်းထားများ အတိုင်း သမ္မတသက်တမ်းနှင့်အညီ လစာပေးမယ်ဆိုပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပုံအရဆိုရင် တစ်နှစ်ကို ကျပ်ငွေ ၁၆၇ ဘီလီယံကုန်ကျမှာဖြစ်ပါတယ်။ အဲဒီငွေတွေနဲ့ ကျွန်တော်စောစောကတင်ပြခဲ့သလို လိုအပ်ချက်တွေများစွာရှိနေတဲ့ ပြည်နယ်ဒေသတွေမှာ၊ ကျေးလက် ဒေသတွေမှာ စာသင်ကျောင်းတွေဆောက်မယ်ဆိုရင် (ပေ ၆၀ x ပေ ၃၀) တစ်ထပ်နံကပ်         ကျောင်းပေါင်း တစ်နှစ်ကို ၇၆၂၀ ကျောင်းနဲ့ ငါးနှစ်ဆိုရင် ၃၆၃၀၀ မို့ ကျေးရွာတိုင်း၊ ကျေးရွာတိုင်း ကျောင်းတွေရနိုင်ပါတယ်။ ဆရာဆရာမတွေအတွက် သင့်တင့်သောဝန်ထမ်းအိမ်ရာ ဆောက်ပေး မယ်ဆိုရင် တစ်နှစ်ကို ၅၅၆၆၇ ခုနဲ့ ငါးနှစ်မှာဆိုရင် ၂၇၈၃၃၅ ခုနဲ့ ဆရာဆရာမတွေ အားလုံး ရကြမှာပါ။ ဆရာဆရာမတွေလည်း ပျော်ကြမှာပါ။ ကျေးလက်ကျန်းမာရေးဌာနခွဲ လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာပါနှစ်ဆောင်တွဲဆောက်မယ်ဆိုရင် တစ်နှစ်ကို ၂၆၅၀ ခုနဲ့ ငါးနှစ်ဆိုရင် ၁၃၂၅၀ ခုမို့ ရွာသားတွေကျန်းမာကြမှာပါ။ ကျေးရွာချင်းဆက်ကျောက်ချောလမ်းခင်းမယ်ဆိုရင် တစ်နှစ်ကို ၃၃၄၀ မိုင်နှင့် ငါးနှစ်ဆိုရင် ၁၆၇၀၀ မိုင်မို့ ကျေးလက်လမ်းတွေလည်း ကောင်းလာမှာပါ။ ဒါမှမဟုတ် ကျေးလက်မီးလင်းရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်းတွေဆွဲမယ်ဆိုရင် တစ်နှစ်ကို ၁၁၁၃၃ မိုင်နှင့် ငါးနှစ်ဆိုရင် ၅၅၆၆၅ မိုင်ရမှာမို့ မြန်မာနိုင်ငံမှာ ကျေးရွာအားလုံး မီးလင်းနိုင်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ရွေးကောက်ပွဲကော်မရှင်ရဲ့အစီအစဉ်ကို တစ်ဖက်ကပြန်ကြည့်ရင် ပြည်သူလူထုအနည်းဆုံး လူ ၁၅၀၀၀၀ ဦးကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများရနိုင်တာမို့ မူအရ ကြိုဆိုပါတယ်။ အလုပ်အကိုင်ရှားပါးတဲ့ ဒီခေတ်ကြီးမှာ အလုပ်အကိုင်များရမလားဆိုပြီးတော့ ကော်မရှင်မှာ ဝင်လျှောက်မယ့် ပြည်သူများကိုလည်း စာနာပါတယ်။ ဒီလိုစာနာမိပေမယ့်လည်း ရှင့်မှာလည်းအကြွေးတွေနဲ့ ကျွန်မမှာလည်း ကလေးတွေနဲ့ဆိုသလိုပါပဲ၊ နိုင်ငံဟာ အကြွေးတွေနဲ့ပါ။ အဲဒါကြောင့်မို့လို့ နိုင်ငံနှင့် နိုင်ငံသားတို့၏အကျိုးကို ရေရှည်မျှော်ကိုးပြီးတော့ ပြည်ထောင်စုအစိုးရမှ ပြန်လည်စဉ်းစားသုံးသပ်သင့်ပါကြောင်း ပြောကြားရင်း ဒေါက်တာလှမိုးရဲ့အဆိုကို ထောက်ခံအပ် ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 

ဦးမျိုးဇော်ဦး(လယ်ဝေးမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                  ရိုသေလေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ လယ်ဝေး မဲဆန္ဒနယ်က ဦးမျိုးဇော်ဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မဲဆန္ဒနယ်က ဒေါက်တာလှမိုးရဲ့အဆိုကို အကြံပြုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ အဆိုရှင်ရဲ့အဆိုမှာ အဓိကအချက်သုံးချက် ပါရှိနေတာကိုတွေ့ရပါတယ်။ (၁) လစဉ် ချီးမြှင့်ငွေနှင့် စရိတ်ပေးအပ်မည့်ကာလ၊ (၂) လစဉ်ချီးမြှင့်ငွေနှင့် စရိတ်ပေးအပ်မည့်ပမာဏ၊ (၃) ခန့်အပ်မည့်အဖွဲ့ဝင် ဦးရေတို့ကို ပြန်လည်သုံးသပ်ရန်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ လစဉ် ချီးမြှင့်ငွေနှင့် စရိတ်ပေးအပ်မည့် ကာလနှင့်ပတ်သက်ပြီး ထောက်ခံဆွေးနွေးလိုပါတယ်။ အဆိုရှင်ရဲ့ အဆို တင်ပြဆွေးနွေးခဲ့ရာမှာ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတိုင်းမှာ ရွေးကောက်ပွဲကော်မရှင်ဟာ အလွန် အရေးပါသောအခန်းကဏ္ဍ မှာရှိကြောင်း တင်ပြဆွေးနွေးထားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ကော်မရှင်များရဲ့ အရေးပါတဲ့ တာဝန်ကိုထမ်းဆောင်ရာမှာ ရှိသင့်ရှိထိုက်၊ ရသင့်ရထိုက်တဲ့ ဂုဏ် သိက္ခာနှင့်ပြည့်စုံတဲ့ အသိအမှတ်ပြုမှုနှင့်အတူ နိုင်ငံတော်ကထောက်ပံ့ပေးတဲ့ချီးမြှင့်ငွေကို နိုင်ငံ့ ဝန်ထမ်းမဟုတ်တဲ့ ကော်မရှင်အဖွဲ့ခွဲဝင်များအနေနဲ့ ရရှိခံစားထိုက်တယ်ဆိုတဲ့အပေါ်မှာ အငြင်းပွား ဖွယ်မရှိဘူးလို့ သုံးသပ်မိပါတယ်။ ကော်မရှင်အဖွဲ့ခွဲဝင်အဆင့်ဆင့်ရဲ့တာဝန်ဟာ ရွေးကောက်ပွဲ ကာလအတွင်း ဆောင်ရွက်ရန်သာအဓိကဖြစ်သော်လည်း ရွေးကောက်ပွဲကာလမဟုတ်တဲ့ အချိန်များ တွင်လည်း တာဝန်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၆) ပုဒ်မ ၁၈ မှာ အပြည့်အစုံပြဋ္ဌာန်း ထားတာကို တွေ့ရှိရပါတယ်။ ရွေးကောက်ပွဲတစ်ရပ်ရပ်ရဲ့ တရားမျှတမှု၊ အရည်အသွေးပြည့်ဝမှုတို့အတွက် ရွေးကောက်ပွဲကာလမှာ ပြင်းပြင်းထန်ထန် ဆောင်ရွက်ရသော်လည်း ရွေးကောက်ပွဲမရှိတဲ့ ကာလများမှာ အချိန်ပြည့်ဆောင်ရွက်ရန် မရှိတာက လည်း ထင်ရှားတဲ့အချက်ပဲဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင်ကာလများက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များဟာ စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ယခုအခါ နိုင်ငံတော်က အသိအမှတ်ပြုပြီး ချီးမြှင့်ငွေ ထောက်ပံ့ပေးမယ့်အပေါ်မှာလည်း ကြိုဆိုရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲကျင်းပ ရန်လိုတဲ့ကာလအတွင်းသာ သတ်မှတ်ချီးမြှင့်မယ်ဆိုရင်လည်း တာဝန်ယူကြရတဲ့ကော်မရှင်အဖွဲ့ခွဲဝင် များအနေနဲ့ လိုလိုလားလားလက်ခံနိုင်မယ်လို့ ယုံကြည်ပါတယ်။ သာမန်အားဖြင့် ရွေးကောက်ပွဲမရှိတဲ့ အချိန်တွေအတွက် စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ကြဖို့ရာ ဝန်လေးကြမယ်မဟုတ်ပါဘူး။ ဒါကြောင့် အထွေထွေရွေးကောက်ပွဲကြီးများနှင့် လိုအပ်တဲ့အခါမှာ ဆောင်ရွက်ရတဲ့ လူထုဆန္ဒခံယူပွဲ များ၊ ကြားဖြတ်ရွေးကောက်ပွဲများလည်း ပြုလုပ်ရန်ရှိလာနိုင်ပါတယ်။ ပြဋ္ဌာန်းပြီးဖြစ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၇) ပုဒ်မ  ၂၁ ပုဒ်မခွဲ(ဂ)မှာ ကော်မရှင် သည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ဝင်များအတွက် ထိုက်သင့်သည့် လစာ၊ ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ရရှိခံစားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်လို့ ပြဋ္ဌာန်းထားတဲ့အတွက် တာဝန်သက်တမ်းကာလအတွက် လပေါင်း ၆၀ အတွက် ပေးအပ်ရမယ်လို့ ဖော်ပြထားခြင်းမရှိဘဲ ထိုက်သင့်တဲ့လစာ၊ ချီးမြှင့်ငွေနဲ့ စရိတ်တို့သာ ပါရှိတာဖြစ်တဲ့ အတွက်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ထောက်ခံအကြံပြုဆွေးနွေးအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို တာဝန်ပေးအပ်ရာမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၇) ပုဒ်မ ၂၀ တွင် ပြဋ္ဌာန်းပြီးသည့်‌ အတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းနှင့်အညီသာ ထားရှိသင့်ပါတယ်။ ဝန်ထမ်းမဟုတ်တဲ့ လွတ်လပ်တဲ့ဂုဏ်သိက္ခာအရ ဆောင်ရွက်ရတဲ့ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို တည်ငြိမ်စွာတာဝန်ထမ်းဆောင်ခွင့် ပြုထားသင့်ပါတယ်။ ချီးမြှင့်ငွေရခြင်း/မရခြင်းနှင့် တာဝန်ထမ်း ဆောင်ခြင်းကို တစ်ထပ်တည်းထားရှိရန် လိုအပ်မည်မဟုတ်ပါကြောင်း အကြံပြုတင်ပြလိုပါတယ်။ လိုအပ်ချက်အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို အကြိမ်ကြိမ်ပြောင်းလဲခန့်အပ်မည်ဆိုပါက မလိုလား အပ်သော အငြင်းပွားမှုများ၊ ရှုပ်ထွေးမှုများကို လက်ကမ်းကြိုဆိုရာရောက်နိုင်ကြောင်းကိုလည်း အလေးအနက်ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ လစဉ်ချီးမြှင့်ငွေနှင့် စရိတ်ပေးအပ်မည့်ပမာဏနှင့်ပတ်သက်လို့ လေ့လာ ကြည့်တဲ့အခါမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်‌အပေါ် ပေးအပ် ထားတဲ့ သတ်မှတ်နှုန်းထားများဟာ ခေတ်ကာလအခြေအနေအားဖြင့် သင့်လျော်မှုရှိတယ်လို့ သုံးသပ် ရရှိပါတယ်။ ခန့်အပ်သည့်အဖွဲ့ဝင်ဦးရေအားဖြင့်လည်း ဥပဒေ၏သဘောတရားအရ အနိမ့်ဆုံး ၁ + ၂ သတ်မှတ်ထားခြင်းအပေါ် ကန့်ကွက်ရန်မရှိကြောင်းလည်း တင်ပြလိုပါတယ်။ ဤပြင်ဆင်ချက်ဥပဒေ မပြဋ္ဌာန်းမီက ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးခြင်းမဟုတ်ဘဲ ထိုစဉ်ကရှိတဲ့ တည်ဆဲဥပဒေအရ ခန့်အပ်ခြင်းသာဖြစ်ပါတယ်။ ဥပဒေတွင် ကိန်းသေသတ်မှတ်ခြင်း အားဖြင့် လက်တွေ့အကောင်အထည်ဖော်ရာမှာ လိုအပ်မှုရှိလာပါက ဥပဒေကိုမပြင်ဆင်ဘဲ ဆောင်ရွက်၍မရနိုင်သဖြင့် စီမံခန့်ခွဲမှုအကြပ်အတည်းလည်း ဖြစ်စေနိုင်ပါတယ်။ ထို့အပြင် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို မလိုအပ်ဘဲ အလွန်အမင်းဖောင်းပွအောင် ခန့်အပ်တာဝန်ပေးမည်ဆိုပါက ဒီမိုကရေစီကျင့်စဉ်နှင့်အညီ မဏ္ဍိုင်ကြီးများအကြား စိစစ်ညှိနှိုင်းခွင့်၊ လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များပေါ်ပေါက်နေပြီဖြစ်သဖြင့် လိုအပ်လာတဲ့အချိန်တွင် စိစစ်ထိန်းကျောင်းနိုင်မည် ဖြစ်ပါကြောင်း အကြံပြုထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးမြင့်ဦး(မကွေးမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ မင်္ဂလာပါ။ ကျွန်တော်ကတော့ မကွေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး ဖြစ်ပါတယ်။ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး အဆိုပြုတင်သွင်းတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း(၇) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့်လစာ၊ လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့ အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်ဖို့ ပါတီတွေ ထောင်တယ်။ ရွေးကောက်ပွဲဝင်တယ်။ ရွေးကောက်ပွဲတွေကျင်းပမယ်။ ရွေးကောက်ပွဲကျင်းပရာမှာ အဓိကကျတဲ့အဖွဲ့အစည်းကတော့ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲကော်မရှင်ဖြစ်ပါတယ်။ ရွေးကောက်ပွဲတစ်ခုကို တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အနှောင်အဖွဲ့ ကင်းကင်းနဲ့ ဆောင်ရွက်နိုင်ခြင်းဟာ စစ်မှန်သော ဒီမိုကရေစီကို ဖော်ဆောင်ဖို့ပဲဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အဆင့်ဆင့်သောကော်မရှင်အဖွဲ့ခွဲဝင်များကို အမြဲတမ်းဖွဲ့စည်းထားသင့်သလား။ အမြဲတမ်းလစဉ်ချီးမြှင့်ငွေပေးအပ်ထားသင့်သလား။ ဒါမှမဟုတ် ဒီအဆင့်ဆင့်ကော်မရှင်အဖွဲ့ခွဲဝင်တွေကို သတ်မှတ်ကျင်းပမယ့် သတ်မှတ်ကာလအပိုင်းအခြား သတ်မှတ်ထားသင့်ပါသလား။ သတ်မှတ်ကာလအပိုင်းအခြားအတွက်သာ ချီးမြှင့်ငွေပေးထားသင့် သလား။ ဒါမှမဟုတ် သမာသမတ်ကျတဲ့ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲကျင်းပတဲ့သတ်မှတ်ကာလ အတွင်း စစ်မှန်တဲ့စေတနာရှင်များနဲ့ ဆောင်ရွက်ကြမလားဆိုတာကို ကနဦးစဉ်းစားကြမှာပါ။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်‌ဥပဒေ အခန်း(၇) ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)မှာ ကော်မရှင်ဟာ ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေ၊ စရိတ်တို့ကို ရရှိခံစား နိုင်စေရန်အတွက် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရမည်လို့ ဖော်ပြပါရှိပါတယ်။ လစဉ်ချီးမြှင့်ငွေဆိုရာမှာ အချိန်ကာလသတ်မှတ်ချက် အတိအကျမပါဝင်တဲ့အတွက် ပါဝင်သင့်ပါတယ်ခင်ဗျာ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၅) ပုဒ်မ ၁၄ နှင့် ၁၅ တို့အရ ကော်မရှင်ဟာ ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်‌ကို ဖွဲ့စည်းရာမှာ အများယုံကြည်လေးစားခံရသူပုဂ္ဂိုလ် အနည်းဆုံးသုံးဦးနဲ့ဖွဲ့စည်းရမယ်။ အနည်းဆုံးသုံးဦးခန့်အပ်ရန် သာသတ်မှတ်ထားပြီး အများဆုံးဥပဒေသတ်မှတ်ထားခြင်းမရှိပါ။ ဥပဒေဟာ တိတိကျကျဖြစ်ရပါမယ်။ ရှင်းရှင်းလင်းလင်းဖြစ်ရပါမယ်။ ကျင့်သုံးလိုက်နာနိုင်ပြီး အကျိုးဖြစ်ထွန်းဖို့လိုပါတယ်။ နိုင်ငံတော်က နိုင်ငံ့ဝန်ထမ်းများမဟုတ်တဲ့ အဆင့်ဆင့်သောကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သော လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့အား ရရှိခံစားနိုင်ရန် ဥပဒေပြုသတ်မှတ်ထားခြင်းကိုလည်း ကျွန်တော်တို့ လက်ခံပါတယ်။ သို့သော်လည်း ကာလတိုသာ ချီးမြှောက်ခြင်းဟာ သင့်တော်မယ်လို့ ယူဆပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရမှာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ခန့်အပ်ထားတဲ့ အရာထမ်း၊ အမှုထမ်းကလည်း ၁၈၇၄ ဦးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ဖို့၊ ကြီးပွားချမ်းသာဖို့၊ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် နေနိုင်ဖို့၊ နိုင်ငံ့ဘဏ္ဍာတွေကို စနစ်တကျသုံးစွဲ ဖို့၊ နှစ်စဉ်လိုငွေတွေလျှော့ချဖို့ လိုအပ်ပါတယ်။ အခုအခါမှာ သဘာဝဘေးအန္တရာယ်တွေကာကွယ်ဖို့၊ ထောက်ပံ့ဖို့ လုံးပန်းကြိုးစားနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့ မိသားစုမှာပဲဖြစ်ဖြစ်၊ အသင်းအဖွဲ့တွေမှာပဲဖြစ်ဖြစ်၊ နိုင်ငံတော်မှာပဲဖြစ်ဖြစ် ကျ မကောက်၊ ပျောက် မရှာ၊ ပျက် မပြင်မဖြစ်ရလေအောင် ဒေါက်တာလှမိုးရဲ့အဆိုကို လေးနက်စွာထောက်ခံလိုက်ရပါတယ် ခင်ဗျား။ အားလုံးကျေးဇူးပါ။

ဦးအောင်ကျော်ကျော်ဦး(လှိုင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                                လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့််‌ပုဂ္ဂိုလ်များ အားလုံး မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်က လှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး ဖြစ်ပါတယ်။ ဒေါက်တာလှမိုး အောင်မြေသာစံမဲဆန္ဒနယ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကိုပြင်ဆင်သည့် ဥပဒေအခန်း(၇)ပုဒ်မ ၂၁ အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့်‌ လစဉ် ချီးမြှင့်ငွေနှင့်စရိတ်များအား ရယူခံစားပေးနိုင်ရန် သတ်မှတ်ပေးခြင်းကိုပြန်လည်သုံးသပ်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ထောက်ခံအကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမိုကရေစီစနစ်မှာ ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲများဟာ မရှိမဖြစ်အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကော်မရှင်ဟာသီးခြားရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်ပြီး မဲစာရင်းပြုစုရေး၊ ရွေးကောက်ပွဲကြီးကြပ်‌ရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ရွေးကောက်ပွဲအငြင်းပွားမှုများကို ဖြေရှင်း ဆုံးဖြတ်ရေးစတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ရပါတယ်။ ပုံမှန်အားဖြင့် ငါးနှစ်မှာတစ်ကြိမ်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲနှစ်ကြိမ်သာရှိပါတယ်။ မဲစာရင်းကို လဝကဌာန နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းက အချက်အလက်တွေတောင်းခံပြုစုပြီးတော့ ထုတ်ပြန်ပေးရ ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲကျင်းပလာတာ သုံးကြိမ်ရှိပြီ။ ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲကြီးဖြစ်ပါတယ်။ အဲဒီ အတွက် မဲစာရင်းရှိပြီးသားစာရင်းတွေနဲ့ ပြုစုတာသုံးကြိမ်ထက် မနည်းရှိပါတယ်။ အဲဒါကြောင့် မဲစာရင်းက နောက်ထပ်အပြောင်းအလဲ အနည်းငယ်သာ ထပ်မံရှိမှာဖြစ်ပါတယ်။

          ရွေးကောက်ပွဲသုံးကြိမ်ကျင်းပပြီးတော့မှ အဆင့်ဆင့်သောကော်မရှင်အဖွဲ့ခွဲဝင်များအတွက် လစာချီးမြှင့်ငွေနှင့်စရိတ်များအား ပိုမိုခံစားစေဖို့ သတ်မှတ်ပေးခြင်းကို အလေးအနက်ထားပြီးတော့ ပြန်လည်သုံးသပ်သင့်‌ပါတယ်။ ကော်မရှင်အဖွဲ့ခွဲဝင်များရဲ့ လစာနှင့်စရိတ်များကို ရရှိခံစားစေနိုင်ဖို့ တစ်နှစ်ကို ကော်မရှင်ရဲ့ အသုံးစရိတ်က သုံးဆကျော်များပြားလာပြီးတော့ ကျပ်သန်းပေါင်း တစ်သောင်းကျော်ပိုမိုသုံးစွဲရမှာ ဖြစ်ပါတယ်။ ငါးနှစ်ဆိုရင် စုစုပေါင်း ကော်မရှင်သာမန်အသုံးစရိတ် တင် ၇၀ ဘီလီယံ နီးပါးရှိပါတယ်။ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာလည်း ရုံးခန်းတွေ ဆောက်လုပ်ဖို့ဆိုပြီးတော့ ငွေလုံးငွေရင်းသုံးစွဲငွေက ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ပိုမိုတောင်းခံတာ ရှိပါတယ်။ အဲဒီတော့ ငါးနှစ်လုံးလုံး နှစ်ကြိမ်သာကျင်းပတဲ့ ရွေးကောက်ပွဲအတွက် ငါးနှစ်လုံးလုံး လစာနဲ့ စရိတ်များကို ရယူခံစားစေတာဟာ ကျွန်တော်တို့ရဲ့လက်ရှိ တိုင်းပြည်စီးပွားရေးအခြေအနေ နဲ့တော့ ဆောင်ရွက်ဖို့မသင့်‌ဘူးလို့ ယူဆပါတယ်။ ရွေးကောက်ပွဲကျင်းပတိုင်း၊ ကျင်းပတိုင်းမှာ မဲရုံမှူး၊ မဲရုံဝန်ထမ်းတွေအဖြစ် လုပ်အားပေးဆောင်ရွက်တဲ့ ဆရာဆရာမတွေ၊ နောက်တခြားဌာနက ဝန်ထမ်း တွေကို၊ နောက်လုပ်အားပေးသူတွေအတွက်လည်း မမျှတဘူးလို့ ယူဆပါတယ်။ နောက်ထပ်ကြီးမားတဲ့ တာဝန်တွေကိုယူပြီးတော့ အချိန်ပြည့်တာဝန်ထမ်းဆောင်ရတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အတွက် လစာထက်ပိုပြီးတော့ များနေလို့။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်အဆင့်ဆင့်ရဲ့ဥစ္စာကို အချိန်ကာလသတ်မှတ်ပြီးတော့ လစာနှင့်စရိတ်တွေကို ချီးမြှင့်ချင် ပါတယ်။ ပြီးတော့ မဲရုံလုံခြုံရေးဝန်ထမ်းတွေလိုပဲ ရွေးကောက်ပွဲမဲဆွယ်ကာလနှင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့ နှစ်လကျော်ကာလအထိသာ လစာနှင့်စရိတ်များ ခံစားခွင့်ပြုသင့်ပါကြောင်း အဆိုကို ထောက်ခံအကြံပြုဆွေးနွေးအပ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ထပ်မံအကြံပြုဆွေးနွေးလိုတာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဟာ မဲစာရင်းပြုစုခြင်း၊ ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားခြင်း၊ ကြီးကြပ်‌ခြင်း၊ ကျင်းပခြင်းနဲ့ ရွေးကောက်ပွဲအငြင်းပွားမှု၊ တရားမဲ့မှုများကို တရားစီရင် ခြင်းစတဲ့ အလုံးစုံသော အာဏာအရပ်ရပ်ကို ရယူထားတာကို ပြန်လည်သုံးသပ်သင့်‌ပါတယ်။ အရင် ပါလီမန်ဒီမိုကရေစီစနစ်မှာ မဲစာရင်းအရာရှိက မဲစာရင်းကိုထုတ်ပြန်ပေးပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကိုကြီးကြပ်ပြီး ရွေးကောက်ပွဲကို ကျင်းပပေးတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေကို တရားလွှတ်တော်ချုပ်ကပဲ ဆုံးဖြတ် စေတာဟာ ပိုမိုလွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်စေတာမျိုး အဲဒီကိစ္စကိုလည်း ပြန်လည်ပြီးတော့ သုံးသပ်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။ ဒါကြောင့်‌ ဒေါက်တာလှမိုးရဲ့အဆိုကို အထူးထောက်ခံအပ်ပါကြောင်း လေးစားစွာဆွေးနွေးအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ဗိုလ်မှူးဇော်ဝင်းနိုင်(တပ်မတော်သားကိုယ်စားလှယ်)မှ ဆွေးနွေးခြင်း                 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။  ကျွန်တော်ကတော့ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဗိုလ်မှူးဇော်ဝင်းနိုင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါက်တာလှမိုး အောင်မြေသာစံ မဲဆန္ဒနယ်ရဲ့ အဆိုကို ထောက်ခံအကြံပြုဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ Power Point သုံးစွဲခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူတဲ့အချိန်ကစပြီး အစိုးရအသုံး စရိတ်များကို လျှော့ချနိုင်ရန်အတွက် အစိုးရအဖွဲ့ဖွဲ့စည်းရာမှာ ဝန်ကြီးဌာနများ အရေ အတွက်ကို လျှော့ချဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးများကိုလည်း အနည်းဆုံးလိုအပ်ချက်အရေ အတွက်ကို ခန့်အပ်ခဲ့ပါတယ်။ ဒီလို လျှော့ချခြင်းအားဖြင့် နှစ်စဉ်ဘဏ္ဍာငွေကျပ်သန်းပေါင်း ၅၀၀၀ ချွေတာနိုင်ခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးစတဲ့ကဏ္ဍများမှာ ဖြည့်စွက်သုံးစွဲသွားမှာဖြစ်ပါကြောင်း မူဝါဒထားရှိကြ ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ဆောင်ရွက်တဲ့ နိုင်ငံဖြစ်တာနှင့်အညီ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများကို ကျင်းပပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို အာဏာအပ်နှင်းရတာ ဖြစ်ပါတယ်။ ဒီလိုအာဏာ အပ်နှင်းနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်‌ဆင့်တို့ဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒီအတွက်ကြောင့် လေးစားဂုဏ်ပြုတဲ့အနေနဲ့ လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ရရှိခံစားနိုင်ရန်အတွက် မူလဥပဒေဖြစ်တဲ့ ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၅ ခုနှစ်မှာ ပြင်ဆင်ပြဋ္ဌာန်းပြီး ထိုက်သင့်‌သလိုချီးမြှင့်ခဲ့ပါတယ်။

          ကော်မရှင်အဖွဲ့ခွဲအဆင့်‌ဆင့်ကို လစဉ်ချီးမြှင့်‌မယ့် ငွေပေါင်းပမာဏဟာ အများဆုံး ကျပ် ၃၄၀၀၀၀ ကနေ အနည်းဆုံးကျပ် ၇၀၀၀၀ အထိဖြစ်တာမို့ တစ်ဦးချင်းအနေနဲ့ မများသော်လည်း တစ်နိုင်ငံလုံးအတွက် စုစုပေါင်းပမာဏအားဖြင့် အလွန်ပဲများပြားလှပါတယ်။ ခန့်အပ်တဲ့ကော်မရှင် အရေအတွက်ပေါ်မှာ မူတည်ပြီး ကျပ်ငွေ ဘီလီယံ ၃၀၀ ကနေ ဘီလီယံ ၈၀၀ ကျော်အထိ ရှိမယ် ဆိုတာ အဆိုရှင်ကဆိုထားပါတယ်။ ဒီလောက်များပြားတဲ့ငွေပမာဏဟာ မဖွံ့ဖြိုးသေးတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာ လမ်းတံတားစတဲ့အခြေခံအဆောက်အဦ (Infrastructure) တွေ၊ ကျန်းမာရေး၊ ပညာရေးစတဲ့ လူမှုအခြေခံမြှင့်တင်ရေး စောင့်‌ရှောက်မှုတွေမှာ အသုံးပြုလျှင် များစွာ ထိရောက်မှုရှိမှာ ဖြစ်ပါတယ်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆက်လက်တင်ပြရရင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်‌ဆင့်‌ရဲ့လုပ်ငန်းတာဝန်တွေကလည်း ရွေးကောက်ပွဲကော်မရှင်သက်တမ်းကာလ ငါးနှစ်လုံးလုံး အမြဲရှိနေမှာမဟုတ်ပါဘူး။ ပုံမှန်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် အမြဲတမ်းဝန်ထမ်းတွေကို တစ်နိုင်ငံလုံးမှာ အရာထမ်း ၅၀၆ ဦး၊ အမှုထမ်း ၁၃၆၈ ဦးခန့် အပ်ထားပြီးဖြစ်ပါတယ်။ ငါးနှစ်ကာလ မှသာ အထွေထွေရွေးကောက်ပွဲတစ်ကြိမ်သာကျင်းပရတဲ့အတွက်ကြောင့် ကော်မရှင်အဆင့်ဆင့်ဟာ သတ်မှတ်ကာလအတွင်း အနည်းဆုံးသုံးလမှ အများဆုံးခြောက်လအထိသာ လုပ်ငန်းတာဝန် ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲများအတွက်ကတော့ လိုအပ်တဲ့ ကာလမှသာ လိုအပ်တဲ့ မဲဆန္ဒနယ်မြေအနည်းစုပဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကော်မရှင်အဖွဲ့ခွဲဝင်များ တာဝန်ထမ်းဆောင်ရမည့် ကာလများမှသာ ချီးမြှင့်ငွေနှင့်‌ စရိတ်ချီးမြှင့်မယ်ဆိုပါက ပိုမိုသင့်‌လျော် ကြောင်း ထောက်ခံတင်ပြအပ်ပါတယ်။ နိုင်ငံတကာမှာ လေ့လာကြည့်ရင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးက အဖွဲ့ဝင်များဟာ စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ ချီးမြှင့်ငွေစရိတ်စသည်တို့ကို ခံစားရယူခြင်းမရှိဘဲ ကိုယ့်နိုင်ငံအတွက် စေတနာသန့်သန့်နဲ့ ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ ယခုအခါမှာ ကျွန်တော်တို့နိုင်ငံမှာ လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့နှင့် ပတ်သက်ပြီး မချီးမြှင့်ဘဲနေခြင်းလည်းမဟုတ်၊ ထိုက်သင့်‌သလောက်ချီးမြှင့်ပြီး မကုန်သင့်‌မကုန် ထိုက်တာကိုလည်း ပြည်သူများရဲ့မျက်နှာကို ထောက်ရှုပြီး မကုန်ကျအောင် စနစ်တကျစီမံ ဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော် ရှေ့မှာတင်ပြခဲ့သလို လိုအပ်တဲ့နေရာတွေမှာ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေကို ပိုမိုပံ့ပိုး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်ရဲ့တင်ပြချက်နိဂုံးမှာပါတဲ့အချက်များနဲ့ပတ်သက်ပြီး အကြံပြု ဆွေးနွေးတင်ပြသွားပါမယ်။ အဆိုရှင်ရဲ့ တင်ပြချက်နိဂုံးပိုင်းမှာ အထူးအလေးပေးတင်ပြသွားသလို (၁) လစဉ်ချီးမြှင့်ငွေနှင့်စရိတ်ပေးရမည့်ကာလ၊ (၂) လစဉ်ချီးမြှင့်ငွေနှင့်စရိတ်ပမာဏ၊ (၃) ခန့်အပ်မည့် အဖွဲ့ဝင်ဦးရေတို့ကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း တင်ပြသွားပါတယ်။ ဒီအချက်တွေဟာ မလွဲမသွေ ပြန်လည်သုံးသပ်ရမယ့်အချက်များ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီကိစ္စတွေအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းကိုလည်း တင်ပြသွားပါတယ်။ ကျွန်တော်အကြံပြု ဆွေးနွေးလိုတာကတော့ ယခုအချက်သုံးချက်ကို ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပ‌ဒေပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)မှာ ဖော်ပြထားတာကတော့ ကော်မရှင်သည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့်အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ဝင်များအတွက် ထိုက်သင့်‌ သည့်လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ရရှိခံစားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေပုဒ်မဖော်ပြချက်မှာပါတဲ့ လစဉ်ဆိုတဲ့ စကားရပ်ပူးတွဲပါရှိနေပါတယ်။ ကော်မရှင်အဖွဲ့ခွဲဝင်များကို ခန့်အပ်ချိန်ကစပြီး တာဝန်မှအနားယူချိန် သို့မဟုတ် တာဝန်မှရပ်စဲတဲ့အချိန်သည် ဥပဒေနှင့် လစဉ်ချီးမြှင့်သွားမှာဖြစ်ကြောင်း ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။ ဥပဒေကို မည်သူမှ ကျော်လွန်ဆောင်ရွက်လို့မရပါဘူး။ ဒါကြောင့်‌ ပထမဦးစွာ ဥပဒေကို ပြင်ဆင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ပြင်ဆင်တဲ့နေရာမှာလည်း ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပရန် လိုအပ်တဲ့ မဲဆန္ဒနယ်တွေမှာ ဖွဲ့စည်းရမယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက်လည်း ထည့်သွင်းစဉ်းစားပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။ ဥပဒေပြုရေးဟာ လွှတ်တော်တွေရဲ့ တာဝန်ဖြစ်နေလို့ သက်ဆိုင်ရာ လွှတ်တော်ကော်မတီက ဥပဒေပြင်ဆင်ချက်စတင်တင်သွင်းပြီး လွှတ်တော်များမှာ ဆွေးနွေးဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက် အကြံပြုလိုတာက ခန့်အပ်မည့်အဖွဲ့ဝင်ဦးရေ ကိစ္စဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ပုဒ်မ ၁၄ နဲ့ ပုဒ်မ ၁၅ မှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်‌ကို ဖွဲ့စည်းရာမှာ အနည်းဆုံးအဖွဲ့ဝင်သုံးဦးနဲ့ ဖွဲ့စည်းမှုကို သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်ငန်းတာဝန်နှင့် ညီညွတ်မည့်အဖွဲ့ဝင်အရေအတွက်ကို စဉ်းစားခန့်အပ်ရမှာ ဖြစ်ပါတယ်။ လိုအပ် ပါက ဥပဒေပြင်ဆင်တဲ့အခါမှာ အဖွဲ့ဝင်အရေအတွက်ကို ကန့်သတ်ပေးလို့ရပါကြောင်း တစ်ဆက် တည်း တင်ပြလိုပါတယ်။

          ပြည်ထောင်စုအစိုးရနှင့်သက်ဆိုင်တာကတော့ အဆိုရှင်တင်ပြခဲ့တဲ့ ဒုတိယအချက်ဖြစ်တဲ့ လစဉ်ချီးမြှင့်ငွေနှင့်စရိတ်ပမာဏ ဖြစ်ပါတယ်။ ချီးမြှင့်ငွေနှင့်စရိတ်ကို ပြည်ထောင်စုအစိုးရက ချီးမြှင့်ရမှာဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်‌ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းဆိုတဲ့အချက်ကို ထောက်ခံပါကြောင်း တင်ပြ အပ်ပါတယ်။ ကျွန်တော်‌တို့ မြန်မာလူမျိုးများရဲ့ ဓလေ့စရိုက်အားဖြင့်လည်း လူမှုအကျိုးပြုဆောင်ရွက် မှုများကို အလွန်စိတ်အားထက်သန်ပြီး ချီးကျူးဂုဏ်ပြုမည့် ဂုဏ်ပြုမှုအပါအဝင် မှတ်တမ်းတင် အသိအမှတ်ပြုခံရခြင်းကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်ကြပါတယ်။ ငွေကြေးနဲ့ချီးမြှင့်မယ်ဆိုပါက လစဉ်ချီးမြှင့်ခြင်းမဟုတ်ဘဲ လုပ်ငန်းတာဝန်များ ပြီးဆုံးမှတစ်ကြိမ်တည်းချီးမြှင့်ခြင်းပြုရင်လည်း ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အားဖြင့် တင်ပြလိုတာကတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ကြားဖြတ်ရွေးကောက်ပွဲများကျင်းပတော့မှာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးအတွက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ အပြီးဖွဲ့စည်းသွားမှာဖြစ်တဲ့အတွက် ဒေါက်တာလှမိုးရဲ့ အဆိုဟာ အ‌ခြေအနေနှင့်ရော အချိန်အခါနှင့်ပါ ကိုက်ညီတဲ့အဆိုဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်‌ပါကြောင်း ထောက်ခံအကြံပြုဆွေးနွေး တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဦးကံမြင့်(သရက်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုအဆင့်‌ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြွရောက် လာကြတဲ့ ဧည့်သည်တော်များခင်ဗျား။ အားလုံးမင်္ဂလာပါ။ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ ပြီးတော့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ကျွန်တော် ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ သရက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးရဲ့ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့်‌ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်‌သည့်‌လစာချီးမြှင့်ငွေနဲ့ စရိတ်တို့အားရရှိခံစားရန် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကျွန်တော် ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရှေ့က ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ ပြည့်‌ပြည့်‌စုံစုံပြောတဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့တော့ ဘဏ္ဍာရေးပိုင်းနဲ့ ပတ်သက်လို့ တိုင်းပြည်ရဲ့ဘဏ္ဍာရေးပိုင်းရဲ့ ဘဏ္ဍာရေးအခြေအနေရယ်၊ နောက်ဘဏ္ဍာရေး စီမံခန့်ခွဲမှုရယ်၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ ဒါတွေကို ကျွန်တော် ထည့်‌သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ အခု ဒေါက်တာလှမိုးဆွေးနွေးသွားသလို ၁၆၇ ဘီလီယံဆိုတာ ဒါ တော်တော်လေးကို များပြားနေတဲ့အနေအထား ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဘတ်ဂျက် Deficit တွေ တော်တော်များများဖြစ်နေပါတယ်။ ဘဏ္ဍာရေးကော်မရှင်ရဲ့(၁/၂၀၁၅) အစီရင်ခံစာအရဆိုလို့ရှိရင် ၂၀၁၃-၂၀၁၄ က ၇၅၅.၁၃၅ ဘီလီယံ၊ နောက် ၂၀၁၄-၂၀၁၅ မှာ ၂၅၅၁.၈၁၁ ဘီလီယံ၊ နောက်တစ်ခါ ၂၀၁၅-၂၀၁၆ မှာ ၃၆၁၃.၇ ကျပ်ဘီလီယံတွေ ကျွန်တော်တို့ Deficit ဖြစ်နေပါတယ်။ ဘတ်ဂျက်ရဲ့သဘောက ရငွေတွေ ဘယ်လောက်ပဲရရ အသုံးစရိတ်ကို ချွေတာရပါမယ်။ ဒါပေမဲ့‌ ဒီကြားထဲမှာ ရငွေဟာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်ရပေမယ့်‌ အသုံးစရိတ်ကလည်း တစ်နှစ်ထက်တစ်နှစ် တိုးသုံးတဲ့ အတွက်ကြောင့် လိုငွေတွေဟာ တောက်လျှောက်ပေါ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ လိုငွေ ဘတ်ဂျက် Deficit ဖြစ်တာလည်း ၂၈ နှစ်ရှိပါပြီ။

ကျွန်တော်တို့က ဘတ်ဂျက် Deficit ကလည်း များလာတယ်။ ဘတ်ဂျက်လိုငွေတွေများလာ တယ်။ ကာလကလည်းရှည်လာမယ်ဆိုလို့ရှိရင် ကြွေးမြီကို ကျွန်တော်တို့က အာမခံနိုင်မှုနည်းလာ ပြီးတော့ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ ယိုင်နဲ့လာမယ့်‌အခြေအနေကို ကျွန်တော်တို့ တိုင်းပြည်က ဖြစ်လာပါတယ်။ ဒါကြောင့် ရငွေဘယ်လောက်ပဲရရ အသုံးစရိတ်ကိုချွေတာရမယ်။ အခု ကျွန်တော်တို့က ခန့်မှန်းခြေရငွေထက်များတယ်လို့သာပြောနေတာ ခန့်မှန်းခြေရငွေထက် ပိုမို ကောက်ခံရသယောင် ကျွန်တော်တို့လုပ်ထားတဲ့အနေအထားမျိုးလည်း တွေ့ရတယ်။ အဲဒီတော့ အသုံးစရိတ်ကို ကျွန်တော်တို့က ချွေတာမှဖြစ်မယ်ဆိုတာ ကျွန်တော်က ဘတ်ဂျက်ပိုင်းအနေနဲ့ ပြောချင် ပါတယ်။ နောက်ဘဏ္ဍာရေးပိုင်းအနေနဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းတွေ အနေနဲ့ပြောရရင် Financial  management ကျွန်တော်တို့ Financial proprieties အနေနဲ့ ဆိုလို့ရှိရင် ဒီလုပ်ငန်းတစ်ခုဟာ ပြည်သူ့ဘဏ္ဍာကို ကျွန်တော်တို့ စီမံခန့်ခွဲတဲ့ သက်ဆိုင်ရာအစိုးရတွေ၊ အဖွဲ့အစည်းတွေဟာ Economy ဖြစ်/မဖြစ် ခြိုးခြံချွေတာမှုရှိသလား၊ နောက်ကျွန်တော်တို့ Effectiveness ဆိုတဲ့ ထိရောက်စွာ ဒီလုပ်ငန်းကို သုံး/မသုံး၊ သုံးသလား/မသုံးသလား၊ Efficiency ဖြစ်/မဖြစ်  စွမ်းဆောင်ရည် တကယ်ပြည့်‌ပြည့်‌ဝဝနဲ့ သုံးသလားဆိုတာ ကျွန်တော်တို့ထည့်‌သွင်းစဉ်းစား ရပါတယ်။ တစ်နည်းအားဖြင့်တော့ ကျွန်တော်တို့ Operation Ratio ဒီလုပ်ငန်းရဲ့အချိုးပေါ့။ လုပ်ငန်းတစ်ခုကို ကျွန်တော်တို့ ထည့်‌သွင်းသုံးစွဲလိုက်လို့ ဒီလုပ်ငန်းက ဘာပြန်ရလာမလဲ။ ဒီလုပ်ငန်း ကိုလုပ်လိုက်လို့ ဘယ်လို အကျိုးရှိလာမလဲ။  ဘယ်လို ဒီလုပ်ငန်းကို လုပ်သင့်သလား။ ကုန်ကျသင့် သလားဆိုတာ ကျွန်တော်တို့က Analysis ပေါ့၊ စီးပွားရေးဘာသာနဲ့ ဘဏ္ဍာရေးနဲ့ဆိုလို့ရှိရင် ကျွန်တော်တို့ စိစစ်သုံးသပ်ရမယ်။ နောက် Commit လုပ်ရမယ်။ နောက်တစ်ခါ Evaluate လုပ်ရ မယ်။ ကျွန်တော်တို့ အကဲဖြတ်ရပါမယ်။ ဒီစီးပွားရေးအနေနဲ့ လုပ်ငန်းတစ်ခုကို၊ အသုံးစရိတ်တစ်ခုကို ကျခံသုံးစွဲမယ့်‌အခါမှာ ကျွန်တော်တို့ ဒါတွေကို ထည့်‌သွင်းစဉ်းစားရပါမယ်။ နောက်တစ်ခါ  Financial Regulation၊ Financial Propriety တွေအရ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ဘဏ္ဍာရေးကျင့်စဉ်တွေအရ သက်ဆိုင်ရာ ဘဏ္ဍာရေးခွင့်ပြုမိန့်ပြုနိုင်တဲ့ လူ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ အစိုးရတစ်ရပ်ဟာ ကျွန်တော်တို့ ဘဏ္ဍာရေးကို ခွင့်ပြုတဲ့အခါမှာ မိမိဟာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း အကျိုးရှိစေမယ့်‌ ခွင့်ပြုမိန့်မျိုးကို မချရပါဘူး။ နောက်သာမန်လူတစ်ယောက်ဟာ မိမိငွေကို အစိုးရဘဏ္ဍာတော်ကို သုံးတဲ့အခါမှာ မိမိငွေကိုသုံးသလို ခြိုးခြံချွေတာစွာသုံးရပါမယ်။ အဲဒီတော့ ကျွန်တော်တို့က ဒေါက်တာလှမိုးအဆို တင်သွားသလို အချိန်လည်း ကန့်သတ်မှုမရှိ၊ ပမာဏလည်းမရှိ၊ ဦးရေလည်းမရှိ ဒါအင်မတန်မှ နိုင်ငံတော်ရဲ့ဘဏ္ဍာကို ဖြုန်းတီးရာကျနေသလိုပဲ ဖြစ်နေပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ပြန်ပြီးတော့ဒါတွေကို စိစစ်ရပါမယ်။ စိစစ်ပြီးတော့ ကျွန်တော်တို့ ဘာလုပ်ငန်းပဲဖြစ်ဖြစ် အခြေခံအချက်အလက်တွေနဲ့ အသေးစိတ်စိစစ်ပြီးတော့မှ ခွင့်ပြုသုံးစွဲသင့်ပါကြောင်း ကျွန်တော် ပြောကြားရင်း ဒေါက်တာလှမိုးရဲ့အဆိုကို လေးလေးနက်နက် ကျွန်တော်ထောက်ခံပါတယ်။

 

ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်ကတင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့်           လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားပြောပါ။

ဦးလှတင့်(အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)မှ ဆွေးနွေးခြင်း                   လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာသော ဧည့်သည်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးရဲ့အဆိုနှင့် ပတ်သက် ပြီးတော့ ကော်မရှင်ရဲ့ကိုယ်စား ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာတင်ပြလိုတာက အဆိုရှင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့အဆိုသည် လျော်ကန်သင့်မြတ်ပါကြောင်း ဦးစွာပထမ တင်ပြအပ်ပါ တယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အခု အဓိကတင်ပြတာကတော့ လစဉ်ချီးမြှင့်ငွေကိစ္စနှင့် စရိတ်၊ ဒါအဓိက ကျတဲ့အဆိုဖြစ်တယ်လို့ ကျွန်တော် အဲဒီလိုပဲ သုံးသပ်မိပါတယ်။ အဲဒီတော့ အဆိုမှာက အခုဖြစ်တဲ့ကိစ္စ သည် လစဉ်ချီးမြှင့်ငွေဖြစ်တဲ့အတွက် Honoraria Money လို့ခေါ်ရင်လည်း ရပါလိမ့်မယ်။ ဂုဏ်ပြု ချီးမြှင့်ငွေပါ၊ သို့မဟုတ် အဲဒီစကားလုံးအရ  ဉာဏ်ပူဇော်ခလို့လည်း ကျွန်တော်တို့ သုံးလို့ရပါတယ်။ Salary မဟုတ်ပါဘူး။ အဲဒါအတွက် ကျွန်တော်တို့က ချီးမြှင့်ငွေဖြစ်တဲ့အတွက် အလုပ်ရှိမှ၊ အလုပ်ပေါ် မှ အလုပ်လုပ်မှ ချီးမြှင့်ရမှာဖြစ်ပါတယ်။ ဒါသဘာဝတရားပါ။ အလုပ်မပေါ်၊ အလုပ်မရှိ၊ အလုပ်မလုပ် ဘဲနဲ့ ချီးမြှင့်စရာအကြောင်း ပေါ်ပေါက်မှာမဟုတ်ပါဘူးလို့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြအပ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေပြုလုပ်ဖို့ရှိတဲ့ ဒေသ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကိုသာ ကာလ သတ်မှတ်ပြီးတော့ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါကျွန်တော်တို့ကော်မရှင်ရဲ့ သဘောထားပါ ခင်ဗျာ။ ဒီချီးမြှင့်ငွေနဲ့ပတ်သက်ပြီးတော့ အောက်တိုဘာလကစပြီးတော့ ကျွန်တော်တို့ ခံစားခွင့်ပြုမယ်ဆိုသော် လည်းပဲ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ လုပ်ငန်းလုပ်ဆောင်မှုရှိတဲ့ ကော်မရှင်အဖွဲ့ခွဲများအတွက် သာ ကျွန်တော်တို့က ချီးမြှင့်ငွေနှင့်ပတ်သက်လို့ စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် ရာမှာ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြဆွေးနွေးခဲ့တဲ့ကာလ အတိုင်းအတာ ခြောက်လ၊ ကိုးလ စသဖြင့် ကျွန်တော်တို့ တင်ပြသွားတာရှိပါတယ်။ အဲဒီ ဆွေးနွေး တဲ့အတိုင်းပဲ ကျွန်တော်တို့က ကိုးလသတ်မှတ်ပြီးတော့ ချီးမြှင့်ငွေပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ဒါကြောင့် မို့လို့ လိုရင်းတိုရှင်းတင်ပြရရင်တော့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဦးရေကာလဆိုတာ လည်း အဆိုရှင်ရဲ့ အဆိုမှာလည်း ပါသွားပြီးဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအခန်း(၅) ပုဒ်မ ၁၄၊ ပုဒ်မ ၁၅ အရ ဆိုရင်တော့ အနည်းဆုံး ဥက္ကဋ္ဌ တစ်ဦး၊ အဖွဲ့ဝင် နှစ်ဦး(၁+၂) ကျွန်တော်တို့က ခန့်အပ်ဖို့ အတိအကျဆုံးဖြတ်ပြီးဖြစ်ပါတယ်။ ပိုမှာ လည်းမဟုတ်ပါဘူး။ လိုရင်းတင်ပြတာပါခင်ဗျား။ အဲဒီတော့ အဆိုရှင်တင်ပြတဲ့ အထွေထွေ ရွေးကောက်ပွဲ သို့မဟုတ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်ရှိတဲ့အခါမှာ လုပ်ငန်းလိုအပ်ချက်အရ ကိုးလထက်မပိုတဲ့ ကာလ သတ်မှတ်ပြီးတော့ ချီးမြှင့်ငွေပေးအပ်ဖို့အတွက် ပြန်လည်သုံးသပ်သင့်ပါကြောင်းနှင့် အဆိုရှင်ရဲ့ အဆိုကို အတည်ပြုပေးသင့်ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဒေါက်တာလှမိုး(အောင်မြေသာစံမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့ ကျွန်တော်တင်သွင်းခဲ့တဲ့အဆိုနှင့်ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုးဦးကလည်း ကျယ်ကျယ်ပြန့်ပြန့် အဓိကရည်ရွယ်ချက်ဖြစ်တဲ့ လစဉ်ချီးမြှင့်ငွေနှင့်စရိတ်နှင့် ပတ်သက်တဲ့ကာလ ပြန်လည်သုံးသပ်ပေးဖို့ အဖွဲ့ဝင်ခန့်အပ်မှုကို ကျစ်ကျစ်လျစ်လျစ်ဖွဲ့စည်းဖို့ အားလုံးဝိုင်းဝန်းဆွေးနွေးပေးသွားတဲ့အတွက်လည်း အထူးကျေးဇူး တင်ရှိပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များ ကျွန်တော့်ရဲ့ အဆိုတင်သွင်းမှုနှင့်ပတ်သက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှလည်း ကျွန်တော်တို့ အဆိုနှင့်ပတ်သက်ပြီးတော့ အလေး ထားပြီး ပြန်လည်ရှင်းလင်း ပေးသွားတဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့အဆိုကို ပြည်သူ့လွှတ်တော်ကြီးမှ အတည်ပြုဆုံးဖြတ်ပေးပါရန် လေးစားစွာမေတ္တာ ရပ်ခံအပ်ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ                 လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒေါက်တာလှမိုး ၊ အောင်မြေသာစံမဲဆန္ဒနယ်က တင်သွင်းတဲ့အဆိုကို ကိုယ်စားလှယ် ကိုးဦးကဆွေးနွေးပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အဆိုအား အတည်ပြုသင့်‌ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုရှင်ကလည်း အတည်ပြုပေးရန် ရှင်းလင်းသွားခဲ့ပါတယ်။ ဒါကြောင့် ဒီအဆိုနှင့်စပ်လျဉ်းပြီး အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက်       ဒေါက်တာလှမိုးတင်သွင်းတဲ့အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။

တင်သွင်းသူ 
ဒေါက်တာလှမိုး (အောင်မြေသာစံမဲဆန္ဒနယ်)
နေ့စွဲ 
Friday, March 10, 2017