Law Database | Mail | English Version

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် ဦးသန်းစိုး (သာစည်မဲဆန္ဒနယ်) က အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်က အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုရုပ်သိမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန်သင့်/မသင့်အဆုံးအဖြတ်ရယူခြင်း

ဦးသန်းစိုး (သာစည်မဲဆန္ဒနယ်) မှ အဆိုတင်သွင်းခြင်း             လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ သာစည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို တင်သွင်းမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော် ဒီနေ့ဆွေးနွေးတင်ပြမယ့် အကြောင်းအရာကတော့ မြန်မာ့ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုနှင့် အမေရိကန်နိုင်ငံရဲ့ အရေးယူ ပိတ်ဆို့မှုများအကြောင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအကြောင်းပြောရရင် ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို လည်း မဖြစ်မနေထည့်သွင်း ပြောဆိုရမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့အရေးတွေမှာ ဖွံ့ဖြိုး တိုးတက်မှုရေခံမြေခံမကောင်းရင် ဒီမိုကရေစီဆိုတာ အိပ်မက်မျှသာ ဖြစ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးမှု ဘယ်ဟာက အရင်အစပြုတယ်ဆိုတာ အငြင်းပွား နေဆဲ Debate တစ်ခုဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်မှုဟာ အပြန်အလှန်ချိတ်ဆက်နေကြတယ် ဆိုတာပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ကျွန်တော်တို့လို ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ နိုင်ငံများအတွက် ပြည်တွင်းအင်အားနဲ့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုသလို နိုင်ငံတကာရဲ့အင်အားနဲ့လည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့လိုပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ နိုင်ငံများအတွက် စီးပွားရေးဆိုင်ရာ အထူးအခွင့်အရေးပေးမှုတွေ၊ နည်းပညာ ဆိုင်ရာလွှဲပြောင်းပေးမှုတွေ၊ ဖွံ့ဖြိုး တိုးတက်မှုအတွက် အကူအညီတွေဟာ အဲဒီနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို မလွဲမသွေမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ အပေါ်မှာ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မှုတွေဟာ ၁၉၇၇ ခုနှစ် မေလက စတင်ခဲ့ပါတယ်။ အမေရိကန် သမ္မတရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ  E.O. ၁၃၀၄၇ အရ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်က OFAC ဌာနခွဲမှ ပိတ်ဆို့မှုကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ပိတ်ဆို့မှုပြုလုပ်ခြင်းကိုဖော်ပြရာမှာ အဲဒီခေတ်က မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီအရေးကိုဆန့်ကျင်ခြင်း၊ ဒီမိုကရေစီအရေးလှုပ်ရှားနေမှု များကို ဖိနှိပ်ချုပ်ချယ်မှုပြုခြင်းကြောင့်ဖြစ်တယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုမူဝါဒဟာ ပိုမို သွက်လက်လာပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ အားလုံးက အမေရိကန်နဲ့ အဖုအထစ် ရှိတဲ့ဆက်ဆံရေးအဆုံးသတ်ပြီး မြန်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ရဲ့အကူ အညီတွေ ပိုရလာမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ သံတမန် ဆက်ဆံရေးကဏ္ဍမှာ အမေရိကန်နှင့် မြန်မာနိုင်ငံကြား ယာယီသံရုံးတာဝန်ခံ အဆင့်မျှသာ ရှိခဲ့ပါတယ်။     ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ သံအမတ်ကြီး အဆင့်‌ဆက်ဆံရေးသို့ တိုးမြှင့်ခဲ့ပါတယ်။ ပိတ်ဆို့မှုများကို အားလုံးဖြေလျှော့ မပေးသော်လည်း မြန်မာ့ပို့ကုန်ကန့်သတ်မှုအချို့ကို ဖြေလျှော့ခဲ့ပါတယ်။ အဲဒီ နောက်မှာ သမ္မတရဲ့ အမေရိကန်နိုင်ငံခရီးစဉ်၊ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အမေရိကန်နိုင်ငံခရီးစဉ်များ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားရဲ့ မြန်မာ့ခရီးစဉ်ဖြစ်လာခဲ့ပါတယ်။

ဒီလိုဆက်ဆံရေးတိုးတက်မှု မြန်မာနိုင်ငံအတွင်း ထင်သာမြင်သာရှိလာခဲ့ပါတယ်။ ဒီမိုကရေစီ အရေးတိုးတက်မှုတွေရှိပေမယ့် အရေးယူပိတ်ဆို့မှုတွေကိုတော့ အကန့်အသတ်ဖြင့်သာ ဖြေလျှော့ ခဲ့ကြောင်း တွေ့ခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုမှာ အကြီးမားဆုံးတိုးတက်မှုမှတ်တိုင်ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ လွပ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ဖိအားပေးမှုအမျိုးမျိုးကြုံခဲ့ရပါတယ်။ ရွေးကောက်ပွဲ နီးတဲ့ကာလမှာ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်တစ်ဦးကဆိုရင် ပြည်သူတွေ မျှော်လင့်ထားတဲ့ နိုင်ငံရေးပါတီအနိုင်မရရင် ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုတဲ့ ပုံစံမျိုးအထိပြောတာကို လွှတ်တော် ကိုယ်စားလှယ်ကြီးများ အမှတ်ရမယ်ထင်ပါတယ်။ ဒါပေမဲ့  ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာ မျှော်လင့်ထားတာထက် ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် တရားမျှတစွာ ကျင်းပပေး ခဲ့ပါတယ်။ နိုင်ငံတော်တာဝန်လွှဲပြောင်းမှုကို ဒီမိုကရေစီနည်းလမ်းတကျ တည်ငြိမ်အေးချမ်းစွာ၊ အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလို လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှုနဲ့ ဒီမိုကရေစီအရေး နည်းလမ်းကျမှုတွေကို တစ်ပြိုင်တည်း ဖော်ဆောင်ပေးနိုင်တဲ့ နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီလျှောက်လှမ်းမှု လမ်းကြောင်းကို အားပေးရမှာ၊ ကူညီရမှာ၊ မားမားမတ်မတ်ရပ်တည်ပေးရမှာ ဒီမိုကရေစီနိုင်ငံကြီး များရဲ့ဝတ္တရားပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးမြှင့်တင်ရေး ကိုအားပေးသွားမယ်၊ ကူညီသွားမယ်ဆိုတဲ့ စကားတွေ၊ ကတိစကားတွေ အများအပြားရှိခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အပြောနဲ့အလုပ်ကွာဟနေသေးတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါ တယ်။ နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုနေကြပါတယ်။ အားပေးထောက်ခံပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ဒီမိုကရေစီအခြေခံအုတ်မြစ်ဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နေတဲ့အချိန် ဒီလိုအချိန်မျိုးမှာ ကမ္ဘာ့ဒီမိုကရေစီ ဦးဆောင်နိုင်ငံလို့ခံယူထားတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို ပိုမိုအားပေးထောက်ခံ သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ၁၉၉၇ ခုနှစ် မေလက စတင်ခဲ့တဲ့ပိတ်ဆို့မှုကို မရုပ်သိမ်းသေးဘဲ ယခုနှစ်မေလမှာ ဆက်လက်ပြီး သက်တမ်းတိုးတာကို သိခဲ့ရ ပါတယ်။ မြန်မာ့ဖွံ့ဖြိုးမှုကို နောက်ပြန်ဆွဲစေခဲ့ပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျရင် ဒီမိုကရေစီတိုးတက်မှု လည်း နှေးကွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စတင်အရေးယူပိတ်ဆို့မှုလုပ်ခဲ့စဉ်တုန်းက ပိတ်ဆို့ရတဲ့ အကြောင်းအရင်းဟာ ဒီမိုကရေစီအရေးကိုဆန့်ကျင်လို့၊ ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှိပ်ချုပ်ချယ်လို့ OFAC ကထုတ်ပြန်တဲ့အထဲမှာ အတိအလင်းဖော်ပြထားပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံဟာ ဒီမို ကရေစီလမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ပါတယ်။ ပိတ်ဆို့အရေးယူစဉ်က ဖော်ပြခဲ့တဲ့အကြောင်း အရာများလည်း မရှိတော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ အပေါ် ဆက်လက်ပိတ်ဆို့နေခြင်းဟာ မြန်မာ့ဒီမိုကရေစီပဒေသာပင်ကို သင်းသတ်နေသလိုဖြစ်ပါ တယ်။ ယခုလိုစီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု သက်တမ်းတစ်နှစ်တိုးမြှင့်ဒဏ်ခတ်ပိတ်ဆို့မှု အား ရုပ်သိမ်းပေးနိုင်ရေးကို နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်ပေးပါရန်အတွက် တိုက်တွန်း ကြောင်းအဆိုကို ဤလွှတ်တော်မှတစ်ဆင့် တင်သွင်းအပ်ပါတယ်ခင်ဗျား။    

ဦးစိုင်းထွန်းစိန်(မိုင်းပျဉ်းမဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဧည့်သည်တော်များ ခင်ဗျား။ ယနေ့ ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တင်သွင်းသွားတဲ့ အဆိုသည် ကျွန်တော်တို့နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ ရှေ့သို့ ဆက်လက်ချီတက်လှမ်းမျှော်သွားမယ့် ဒီမိုကရေစီနိုင်ငံတော်ခရီးအတွက် အရေးပါလှပြီး အမေရိကန် နိုင်ငံက ကျွန်တော်တို့ မြန်မာနိုင်ငံ အပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းပေး မည်ဆိုပါလျှင် နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှု၊ နိုင်ငံသားများ၏ အတွေးအခေါ်မြင့်မားတဲ့ စီးပွားရေးအမြင်ကျယ်မှုနှင့် နိုင်ငံတော်၏ ခေတ်မီသောဈေးကွက်စီးပွားရေးများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲသွားမည်ဆိုပါလျှင် ကျွန်တော်တို့နိုင်ငံသည်လည်း ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ပြီး စီးပွားရေးကဏ္ဍများ အလျင်အမြန်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရဲ့ အရေးကြီးအဆိုကို ကျွန်တော် မိုင်းပျဉ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က လှိုက်လှဲစွာ ထောက်ခံအပ်ပါကြောင်း လွှတ်တော်သို့ တင်ပြအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ              လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး တင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုနှင့် စပ်လျဉ်းပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈ နည်းဥပဒေခွဲ(ခ) နည်းဥပဒေ ခွဲငယ်(၃) အရ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်ရဲ့ဆန္ဒရယူပါမယ်။ ဦးသန်းစိုးတင်သွင်းတဲ့ အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    သုံးကြိမ်မေးတာကိုစောင့်ပါ။ နောက်ဆုံးသဘောမတူတဲ့သူရှိပါသလား ခင်ဗျား ထပ်မေးပါမယ်။ တူရင်လည်းတူတဲ့လူက တူတယ်လို့ပြောနိုင်ပါတယ်။ မတူတဲ့သူရှိပါသလား မေးတဲ့အခါဆိုလို့ရှိရင်လည်း မတူတဲ့သူက မတူတဲ့သူရှိကြောင်းပြောနိုင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ သဘောမတူသူရှိတဲ့အတွက် အဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်ရဲ့သဘောထားရယူရန် စက်ခလုတ်အသုံးပြု၍ ဆန္ဒမဲပေးတဲ့နည်းလမ်းဖြင့် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ထောက်ခံသူများပါက အဆိုကိုလက်ခံဆွေးနွေးမှာဖြစ်ပါတယ်။ ကန့်ကွက်သူများပါက အဆိုကိုလက်ခံဆွေးနွေးရန်မရှိကြောင်း ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဆန္ဒမဲပေးဖို့ အသင့်ဖြစ် စေလိုပါတယ်။ ဆန္ဒမဲပေးနိုင်ကြပါပြီ။ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    ယခုဆန္ဒမဲပေးလို့ပြီးပါပြီ။ ရရှိတဲ့ဆန္ဒမဲစာရင်းကို ကြေညာပါမယ်။ ထောက်ခံ ဆန္ဒမဲပေါင်း ၁၅၁ မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၂၁၉ မဲ၊ ကြားနေဆန္ဒမဲ ၁၆ မဲဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကန့်ကွက်တဲ့ ကိုယ်စားလှယ်ဦးရေကများတဲ့အတွက် ဦးသန်းစိုး တင်သွင်းတဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်း ရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို လက်ခံ ဆွေးနွေးရန်မရှိကြောင်း ကြေညာပါတယ်။

တင်သွင်းသူ 
ဦးသန်းစိုး (သာစည်မဲဆန္ဒနယ်)
နေ့စွဲ 
Thursday, March 9, 2017