Law Database | Mail | English Version

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် ဦးတင်ထွေး (ဝေါမဲဆန္ဒနယ်) က အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားများက ဆွေးနွေးခြင်း

ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧကအထွက်နှုန်းမြင့်မား လာစေရန် စိုက်ပျိုးရေးနှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့် အစီအမံများအား ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းခြင်းနှင့်‌ လက်ခံဆွေးနွေးရန်သင့်‌/မသင့်အဆုံးအဖြတ်ရယူခြင်း

ဦးတင်ထွေး(ဝေါမဲဆန္ဒနယ်) မှ အဆိုတင်သွင်းခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်  လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ  မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါ စေလို့ ဂါရဝရှေ့ထား၍ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ပဲခူးတိုင်း ဒေသကြီး၊ ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကျေးလက်တောရွာမှာ နေထိုင်ကြပြီးတော့ လယ်ယာလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုနေကြတဲ့ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့််‌ လူနေမှုအဆင့် အတန်းမြင့်မားရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီးတော့ တစ်ဧကထွက်နှုန်းများ မြင့်‌မားလာ စေဖို့အတွက် စိုက်ပျိုးရေးနှင့်အတူ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေရန် အစီအစဉ် များကို ဦးစားပေးအဖြစ် သတ်မှတ်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းတဲ့အဆိုပဲ ဖြစ်ပါတယ်။

          လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အခြေခံပြီးတော့ လယ်ယာလုပ်ငန်းမှ ထွက်ရှိတဲ့ ဆန်၊ စပါးနဲ့ ပဲမျိုးစုံကို ပြည်ပပို့ကုန်အဖြစ် အဓိက ထားပြီး နိုင်ငံတော်ဝင်ငွေကို ရှာနေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ သီးနှံစိုက်ပျိုးတဲ့ဧရိယာဧကဟာ ၁၂ သန်းကျော်ရှိပြီးတော့ အဓိကစိုက်ပျိုးတဲ့ သီးနှံများကတော့ စပါးပဲ ဖြစ်ပါတယ်။ ဒီစပါးကို လုပ်ကိုင်နေကြတဲ့ ပြည်သူဟာ ၃၂ သန်းခန့်ရှိပြီးတော့ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများထဲမှာ အဆင်းရဲဆုံးဖြစ်တဲ့ နိုင်ငံများစာရင်းဝင်ပါတယ်။ နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများထဲမှာ လည်းပဲ အဆင်းရဲဆုံးနှင့် လူနေမှုအဆင့်အတန်းအများဆုံးဟာ လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင် နေကြတဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ကျေးလက်နေပြည်သူများပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ စီးပွားရေးဘဝကို မြှင့်တင်နိုင်ရင် ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးမြင့်တက်လာမည် ဖြစ်ပါသည်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်ယာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုနေ ကြတဲ့ ပြည်သူများ ဆင်းရဲတွင်းနက်နေတာဟာ ဒီကနေ့မှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ပေါင်းများ စွာကတည်းက ဖြစ်ပါတယ်။ သူတို့လုပ်ကိုင်တဲ့ ဆန်၊ စပါး အပါအဝင် သီးနှံစိုက်ပျိုးရေး လုပ်ငန်းတွေ ဟာ ခေတ်မမီတော့ဘဲ မိရိုးဖလာစိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးလုပ်ကိုင်နေကြတဲ့အတွက် တစ်ဧက အထွက်နှုန်းများ ကျဆင်းပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်တဲ့ လယ်ယာလုပ်သားများ အခြားလယ် သမားများအားလုံးဟာ လယ်ယာကိုစွန့်ခွာပြီးတော့ အခြားဝင်ငွေကောင်းတဲ့ ပြည်ပနိုင်ငံများကို ပြောင်းရွှေ့လုပ်ကိုင်လာကြတဲ့အတွက် ဒါဟာ အချိန်နှင့်အမျှ ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လည်းပဲ တစ်နေ့ထက်တစ်နေ့ လယ်ယာတွေဟာ တန်ဖိုးသင့်မြေများ ဖြစ်လာတာကို ကျွန်တော်တို့ အထင်အရှား တွေ့ရပါတယ်။ ဒီလို ဖြစ်လာရတဲ့အကြောင်းအရင်းများကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် (၁) အချက်အနေနဲ့ ခေတ်မီစိုက်ပျိုးရေးနည်းပညာများဖြစ်တဲ့ သိပ္ပံနည်းကျစိုက်ပျိုးရေးနည်းပညာကို အနီးကပ်ကြီးကြပ်ပြီးတော့ ပညာပေးနိုင်တဲ့ ကျွမ်းကျင်သူပညာရှင်များ ရှားပါးနေတာမရှိတာ။ (၂) အချက်အနေနဲ့ အစိုးရမှာလည်းပဲ အထွက်ကောင်းဈေးကွက်ဝင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်တဲ့ စိုက်ကွင်းစိုက်ကွက်များ လုံလောက်မှု မရှိတဲ့အတွက် တောင်သူများကို ဖြန့်ဝေပေးနိုင်မှု မရှိသလောက် နည်းပါးတဲ့အတွက် တောင်သူတွေဟာ စိုက်ပျိုးချိန်မှာ ရရာမျိုးနဲ့ စိုက်တဲ့အတွက် အထွက်တွေတာအား ကျနေတာကိုလည်း တွေ့ရပါတယ်။ (၃)အချက်အနေနဲ့ ရာသီဥတုဖောက်ပြန်မှု ခံနိုင်ရည်ရှိတဲ့ မျိုးစပါး များကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုမရှိသလောက် နည်းပါးနေတာကိုလည်း တွေ့ရပါတယ်။ (၄)အချက် အနေနဲ့ စိုက်ပျိုးသီးနှံများ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုရှိလာတဲ့အခါမှာ သီးနှံအာမခံ ဥပဒေပြဋ္ဌာန်းထားမှုမရှိတဲ့အတွက် ပေးလျော်မှုမရှိနိုင်သော လယ်သမားများဟာ နစ်နာဆုံးရှုံးမှု မြောက်မြားစွာနဲ့ တွေ့နေရတာကိုလည်း ဖြစ်ပါတယ်။ (၅)အချက်အနေနဲ့ ဒီကနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ခေတ်မီအော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးထုတ်လုပ်တဲ့အတွက် များစွာထိရောက်မှုရှိပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူလယ်သမားများကို အဲဒီခေတ်မီတဲ့နည်းတွေကို ပညာ ပေးမှုအားနည်းတဲ့အတွက် ကျွန်တော်တို့လယ်သမားတွေဟာ မြေသြဇာကိုရရာသုံးပြီးတော့ ထွန်ယက် စိုက်ပျိုးနေတဲ့အတွက် လယ်မြေတွေဟာ တဖြည်းဖြည်းအထွက်နှုန်းတွေကျဆင်းလာတာကို တွေ့ရပါ တယ်။ (၆)အချက်အနနဲ့ လယ်ယာလုပ်ငန်းကို အဓိကအထောက်အကူပြုတဲ့ ရေသွင်းရေထုတ်ကောင်း တဲ့ ချောင်းမြောင်းများ တူးဖော်တဲ့အခါမှာ ကြီးကြပ်မှုအားနည်းတဲ့အတွက် လိုအပ်တဲ့ထိရောက်မှု တွေလည်း မရလာတာကို ကျွန်တော်တို့တွေ့ရပါတယ်။ (၇)အချက်အနေနဲ့ အထွက်နှုန်းကျဆင်းမှု ကြောင့် လယ်သမားများဟာ နှစ်ရှည်လများ အကြွေးတင်လာတဲ့အတွက် ဒီအကြွေးတွေကို စိုက်ဆပ်ဖို့ ရှိလာတဲ့အခါမှာ နိုင်ငံတော်ကနေပြီးတော့ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးသော်လည်းပဲ လယ်ယာလုပ်ငန်းမှာ သွင်းအားစုအဖြစ် မသုံးနိုင်ဘဲနဲ့ အကြွေးတွေ ဆပ်နေရတဲ့အတွက် လယ်ယာ လုပ်ငန်းအတွက် ဘာမှအထောက်အကူမပြုနိုင်တာကိုလည်း တွေ့ရပါတယ်။ နောက်ဆုံး(၈)အချက် အနေနဲ့ လယ်ယာလုပ်ငန်းနှင့် ပတ်သက်ပြီးတော့ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းအတွက် လယ်သမားများတစ်ဦးချင်း ဝင်ငွေရနိုင်အောင် ဒီလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ရန် အစီအမံပညာပေးမှုများဟာလည်း အားနည်းနေတာကို တွေ့ရပါတယ်။ ဒီကနေ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနကနေပြီးတော့ မြစိမ်းရောင်စီမံကိန်း၊ တိရစ္ဆာန်ဆေးကုဦးစီးဌာနကနေပြီးတော့ အသားတိုးကိစ္စတွေကလည်း တကယ်တမ်းလက်တွေ့မှာ ကျွန်တော်တို့တွေ့ရသလောက်ကတော့ ထိရောက်အောင်မြင်မှု မရှိတာကိုလည်း တွေ့ရပါတယ်။

လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ အထက်ပါ ကျွန်တော်တင်ပြခဲ့တဲ့အချက်များကို ဖြည်ဆည်းပြီးတော့ စိုက်ပျိုးရေးနဲ့တွဲဖက်တဲ့ တောင်သူများ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဦးစားပေးအစီအမံများပြုလုပ်ပြီး ဖော်ဆောင်လုပ် ကိုင်မယ်ဆိုလို့ရှိရင် ကျေးလက်ဒေသမှာနေကြတဲ့ ဆင်းရဲနွမ်းပါးမှုဟာ တိတိကျကျ လျော့နည်းလာ နိုင်မှာဖြစ်ပါတယ်။ အဲဒီလို လျော့နည်းလာနိုင်တဲ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေး ရိက္ခာကိုလည်း ကျွန်တော်တို့ပြည့်ဝစွာရတဲ့အပြင် နိုင်ငံတကာအတွက်လည်း ကမ္ဘာ့စားနပ်ရိက္ခာကို ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်မှာဖြစ်တဲ့အတွက် ဝင်ငွေမြောက်မြားစွာရပါတယ်။ ဒါ့အပြင် လူအများစုဖြစ်တဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများရဲ့ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ဖို့က နိုင်ငံရေး၊ လူမှုရေး အရကြည့်မယ်ဆိုလို့ရှိရင် လျှော့ချလာနိုင်သည်နှင့်အမျှ နိုင်ငံရဲ့လူမှုရေးတည်ငြိမ်မှု၊ စီးပွားရေး တည်ငြိမ်မှုများကိုပါ ရရှိလာနိုင်မည်ဖြစ်ပြီးတော့ နိုင်ငံရေးတည်ငြိမ်မှုကိုပါ ရရှိလာနိုင်မှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့်‌မို့လို့ ကျေးလက်နေပြည်သူများ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ပြီးတော့ တစ်ဧကအထွက်နှုန်းများမြင့်မားလာစေရန် စိုက်ပျိုးရေးနှင့်အတူ တစ်ပိုင်တစ်နိုင်မွေးမြူရေး          လုပ်ငန်းများကို လယ်သမားများတွဲဖက်လုပ်ကိုင်စေသည့်အစီအမံများ ဦးစားပေးအစီအစဉ်ချမှတ်၍ လုပ်ကိုင်ဖော်ဆောင်နိုင်ရန်နှင့် လယ်ယာကဏ္ဍစိုက်ပျိုးရေးနှင့််‌ပတ်သက်ပြီးတော့ ပကတိအခြေအနေ ကိုသိရှိစေရန် တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးလုပ်ငန်းများနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံရှိတဲ့အငြိမ်းစားဝန်ထမ်း များ ပါဝင်တဲ့ဆွေးနွေးနှီးနှောဖလှယ်ပွဲများကို ပြုလုပ်ပေးနိုင်ရေးအတွက် ဤလွှတ်တော်မှတစ်ဆင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းအဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဦးလှသန်း(ကဝမဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ဂါရဝပြုနှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော် ကတော့ ပဲခူးတိုင်းဒေသကြီး၊ ကဝမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးရဲ့ အဆိုနှင့်ပတ်သက်ပြီး ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိ တဲ့အနက် သန်း ၃၀ ကျော်ဟာ ကျေးလက်တောရွာမှာ နေထိုင်ကြတဲ့ တောင်သူလယ်သမားများပဲ ဖြစ်ကြပါတယ်။ သူတို့ဟာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ကြပါတယ်။ လယ်ယာလုပ်ငန်းခွင်မှာ ရာသီဥတုကောင်းမွန်ပြီး စပါးအထွက်တိုးပါမှ မိသားစုစားဝတ်နေရေး ပြေလည်ကြမှာဖြစ်ပါတယ်။ မိသားစုအတွင်းမှာ ကျောင်းသားများခြင်း၊ မကျန်းမာသူပါဝင်ခြင်းများ ရှိပါက စိုက်ပျိုးရေးလုပ်ငန်း တစ်ခုတည်းနဲ့ စာဝတ်နေရေးမလုံလောက်တော့ဘဲ တစ်နိုင်မွေးမြူရခြင်း၊ အငှားလယ်ယာလုပ်သားများအဖြစ်ပါ ပူးတွဲလုပ်ကိုင်နေရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်သူ လယ်သမားများဟာ အသိဉာဏ် ဖွံ့ဖြိုးမှုအားနည်းခြင်း၊ ငွေအရင်းအနှီးမရှိခြင်းတို့ကြောင့် စပါး အထွက်တိုးဖို့ ဆောင်ရွက်ရတဲ့အခါမှာ ဖြစ်သင့်‌သလောက်ဖြစ်မလာဘဲ လုပ်အားခသာ ရရှိခဲ့ကြပါ တယ်။ စိုက်ပျိုးရေးဌာနမှ ကျွမ်းကျင် ဝန်ထမ်းများအနေနဲ့လည်း ကျေးရွာတိုင်းကို သွားရောက်ပြီးတော့ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေဖို့ မတတ်နိုင်တာကြောင့်လည်း ကျေးရွာလယ်သမားများဟာ လုပ်နိုင်သလောက်၊ လုပ်သင့်သလောက် အကျိုးမဖြစ်ထွန်းတာကို ဖြစ်နေပါတယ်။ ဒါကြောင့် ရာသီ ဥတုဒဏ်၊ သီးနှံဖျက်တဲ့ ပိုးတွေရဲ့ရန်ကို ကာကွယ်ရန်လည်း ငွေကြေးကုန်ကျခံပြီး လုပ်ဆောင်ခဲ့ရ ပြန်ပါတယ်။ အသီးအားတိုးဆေး၊ အပင်အား တိုးဆေး၊ ပေါင်းသတ်ဆေးစတဲ့ ဆေးများကိုလည်း အများနည်းတူသုံးစွဲဖို့ ကြိုးစားခဲ့ရပြန်ပါသေးတယ်။ တစ်နှစ်သီးနှံရောင်းရ ငွေနှင့်တစ်နှစ်ကုန်ကျစရိတ် တွေဟာ မမျှမတဖြစ်ပြီးတော့ စိုက်ပျိုးရေးဘဏ်မှ ချေးငွေ၊ ပြင်ပကရှာတဲ့ ငွေတွေနဲ့အကြွေးများ လုံးလည်ချာလည်လိုက်နေကြသူများဖြစ်ပါတယ်။ မိရိုးဖလာစိုက်ပျိုးနည်းတွေနဲ့၊ လုပ်ကိုင်နေရတာနဲ့ အခြားအလုပ်အကိုင်ကို မလုပ်ကိုင်တတ်တာကြောင့် တစ်နှစ်ထက်တစ်နှစ် အကြွေးပတ်ချာလည် ဝိုင်းနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ တစ်နေ့ အကြွေးကျေနိုး၊ တစ်နေ့အကြွေးကျေနိုးနဲ့ ဒီလယ်ကိုပဲ ဖက်တွယ်လုပ်ကိုင်နေရတာသည် လူမွဲဘဝက နေပြီးတော့ ရုန်းကန်နိုင် ခြင်းမရှိကြပါ။

          ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်သူလယ်သမားများဟာ ဆင်းရဲတွင်း၊ နွံတွင်းက ထွက်နိုင်ဖို့ နိုင်ငံတော်အစိုးရကပေးတဲ့ မြစိမ်းရောင်စီမံကိန်းကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်စားနေကြရပါတယ်။ သို့သော်လည်းပဲ တစ်နှစ်ကို ငါးရာခန့်သာ ခွင့်ပြုခဲ့တဲ့ စီမံကိန်းကိုလည်း အားထားလို့ မရဘူးဖြစ်နေ ပြန်ပါတယ်။ ဒါကြောင့် မြစိမ်းရောင်စီမံကိန်းကို ယခုထက်ပိုပြီးတော့ ကျေးရွာတော်တော်များများကို ခွင့်ပြုပေးနိုင်မယ်ဆိုရင် ဆင်းရဲနွမ်းပါးမှုကို အတော်အတန် ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါ တယ်။ ဒါ့အပြင် တခြားဒီထက်ကောင်းတဲ့ ဆင်းရဲနွမ်းပါးမှုလျော့ကျစေတဲ့ အစီအမံများ ပြုလုပ်ပေး နိုင်မယ်ဆိုရင် ပိုမိုသင့်လျော်ပါတယ်။ ဒါကြောင့် ဝေါမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးတင်ပြတဲ့  ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတိုးတက်၍ တစ်ဧကအထွက်နှုန်းမြင့်မားလာစေရန်နှင့် စိုက်ပျိုးရေးနှင့်အတူ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို လယ်သမားများတွဲဖက်လုပ်ကိုင်စေ မယ့် အစီအမံများအား ဦးစားပေးအစီအစဉ်ချမှတ်၍ လုပ်ငန်းများ ဖော်ဆောင်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လေးလေးနက်နက်ထောက်ခံတင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 

ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်ကတင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာခြင်း

        ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ              လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဝေါမဲဆန္ဒနယ်မှ ဥှီးတင်ထွေးတင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုနှင့် စပ်လျဉ်း ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈ နည်းဥပဒေခွဲ(ခ) နည်းဥပဒေခွဲငယ်(၃) အရ လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်ရဲ့ဆန္ဒရယူပါ့မယ်။ ဦးတင်ထွေး တင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    သဘောမတူတဲ့သူ ရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ လွှတ်တော်က သဘောတူတဲ့အတွက် ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က တင်သွင်းသော ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧကအထွက်နှုန်းမြင့်မားလာစေရန် စိုက်ပျိုးရေးနှင့် တစ်ပိုင် တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့်အစီအမံများအား ဦးစားပေးအကောင် အထည်ဖော်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေး ရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။

ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်ကတင်သွင်းသောအဆိုနှင့်‌စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဒေါက်တာသန်းအောင်စိုး (မင်းလှမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း            လေးစားရပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်  လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော် များအားလုံး မင်္ဂလာပါ။ ကျွန်တော်က ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဒေါက်တာသန်းအောင်စိုး ဖြစ်ပါတယ်။ ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး တင်သွင်းသွားတဲ့အဆိုကို မဲဆန္ဒရှင်ပြည်သူများရဲ့ လိုလားချက်များအရ စုစည်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Power Point သုံးစွဲခွင့်ပြုပါရန်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်ဖို့အတွက် စိုက်ကွင်းအလိုက် မြေအဆင့်အတန်း Soil Test လုပ်ထားမှ အက်ဆစ်ဆန်တဲ့မြေ၊ အယ်လ်ကာလီဆန်တဲ့မြေ စသည်ဖြင့် သိပါမယ်။ ဒါမှ လိုက်ဖက်ညီမယ့်ဓာတ်မြေသြဇာကို သုံးနိုင်မှာပါ။ မြေပိုင်ဆိုင်မှု ပုံစံ(၇)တွေလည်း မှားယွင်းဖောင်းပွနေပါတယ်။ စိုက်ဘဏ်ရဲ့လက်ရှိစနစ်အရ ဝိုင်းကြီးရုပ် အကြွေးမကျေသူနဲ့တွဲမိတဲ့အတွက် စိုက်စရိတ်တွေလည်း အချိန်မီမရ ဖြစ်နေပါတယ်။ ဒါကြောင့် တစ်ဦးချင်း တာဝန်ယူတဲ့စနစ်ကို လိုလားကြပါတယ်။ မျိုးအနေနဲ့ အထွက်နှုန်းကောင်းတဲ့၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ မျိုးလိုအပ်ပါတယ်။ ထိုင်းနိုင်ငံဟာဆိုရင် ဆန်အရည်အသွေးအကောင်းဆုံးနှင့် ကမ္ဘာမှာဆန်တင်ပို့မှု အများဆုံးဖြစ်နေလို့ မြန်မာနှင့် နယ်ချင်းစပ် မြန်မာရာသီဥတုနှင့် သိပ်မကွာလို့ အထူးလေ့လာသင့်ပါတယ်။ စိုက်ပျိုးရေအနေနဲ့ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဆည်ရေကိုပဲ အားကိုးရပြန်တော့ စိုက်ပျိုးရေ အောင်ရေသွင်းချိန်တွေမှာမရ မလိုတဲ့အချိန်မှရနဲ့ ကြုံနေကြရပါတယ်။ ဒါ့အပြင် မင်းလှမှာဆိုရင် ကြို့ကုန်း၊ သဲကော၊ ကညင်ပင်၊ လွင်ပြင်ကွင်းတွေမှာ ဆည်မြောင်း လက်တံတွေ၊ မြောင်းပေါင်တွေကြောင့် စိုက်ဧကတွေ လျော့နည်းခဲ့ရပါတယ်။ ဖောက်ပြီးကတည်းက ရေတစ်ခါမှ မလာပါဘူး။ အခုလည်း ဖျက်လည်းဖျက်မပြစ်ဆိုတော့ မစိုက်ရတဲ့အချိန် ၁၅ နှစ်ရှိပါပြီ။ ဧက တော်တော်များများဆုံးရှုံးနေပါတယ်။ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကိုလည်း စံချိန်စံညွှန်းမရှိ ဝယ်ယူသုံးစွဲပြီး နည်းလမ်းတကျအသုံးပြုမှုမရှိတဲ့အတွက် မြေပျက်စီးခြင်း၊ ကုန်ကျ စရိတ်များပြားခြင်း၊ လယ်ကြား ငါး၊ ဖား၊ ငါးရှဥ့်တွေ သေကျေပျက်စီးခြင်း၊ ဓာတ်ကြွင်းအာနိသင်ကြောင့် ကျန်းမာရေးထိခိုက်ခြင်းများ ဖြစ်ပေါ်စေပါတယ်။ ကွင်းထဲမှာဆိုရင် ဖားရှာ၊ ငါးရှာစားရတာခက်သလို ဖားသံ၊ ငါးသံတွေလည်း နည်းနေပြီးတော့ မျှော့တွေဆိုရင်တောင်မှ ရှာမရလောက်အောင် ရှားနေပါပြီ။ ဒါကြောင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် ထိန်းသိမ်းမှုစနစ်ကို ကျေးရွာတောင်သူတွေအထိ ဖြန့်ဝေပေးစေလိုပါတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေကို ဈေးမြင့်မြင့်ရောင်းရမှ ဆင်းရဲတွင်းက တက်နိုင်မှာပါ။ စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ဖရဲတွေ၊ ခရမ်းချဉ်တွေ၊ ဂေါ်ဖီထုပ်တွေရောင်းမရလို့ တောင်သူတွေ သိန်းနဲ့ချီပြီး ဆုံးရှုံးခဲ့ရပါတယ်။ Processing ဆိုတဲ့ တာရှည်ခံအောင်လုပ်ဖို့နဲ့ နိုင်ငံခြား အထိ ဈေးကွက်ရှာဖို့ကတော့ တောင်သူတွေလက်လှမ်းမမီတဲ့ကိစ္စဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မွေးမြူရေးအနေနဲ့ တစ်ပိုင် တစ်နိုင်မွေးမြူရေးကို တွဲဖက်လုပ်ရင်း တစ်အုပ်တစ်မအထိမွေးမြူခြင်းအားဖြင့်‌ ဆင်းရဲမှုတွေ လျှော့ချ နိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်လုပ်ကိုင်သူ‌တွေ များလာပါတယ်။ မွေးမြူသူတွေရဲ့ တင်ပြချက်အရ မြေအခက်အခဲရှိပါတယ်။ မွေးမြူရေးဇုန်တွေကလည်း မြို့အနည်းငယ်မှာပဲရှိတဲ့ အတွက် မြေလိုအပ်နေကြောင်း သိရပါတယ်။ မြို့အနေနဲ့ တင်သွင်းခွင့်ရသူကသာ လက်ဝါးကြီးအုပ်တဲ့ စနစ်လို ဖြစ်နေတဲ့အတွက်ကြောင့် မွေးမြူသူများ ဆိုးကျိုးခံစားနေရပါတယ်။ အစာအနေနဲ့တော့ ကိုယ့်တိုင်းပြည်ကထွက်တဲ့ ဖွဲ၊ ဆန်ကွဲ၊ နှမ်းဖတ်ကို ဈေးချိုချိုနဲ့ရောင်းပြီး နိုင်ငံခြားစပ်စာကို ဈေးကြီး ကြီးပေးဝယ်နေကြရပါတယ်။ ကာကွယ်ဆေးအနေနဲ့လည်း ပြည်တွင်းမှာအဖြစ်များတဲ့ရောဂါတွေကို ပြည်တွင်းမှာပဲ ကာကွယ်ဆေးထိုးနိုင်အောင် ကြိုးစားခြင်းဖြင့် ပိုးမျိုးစိတ်အလိုက် တိကျစွာထုတ်နိုင်မှာ ဖြစ်လို့ ပညာရှင်တွေကိုလည်း အခွင့်အလမ်းပေးရမှာဖြစ်ပါတယ်။ ကုသဆေး၊ အားဆေးတွေ လွန်မင်းစွာသုံးစွဲမှု၊ ဆေးချိန်ပမာဏနဲ့ ဆေးပေးချိန်ကာလမမှန်မှု၊ Over Dosage, Under Dosage ဖြစ်မှု၊ စောင့်ဆိုင်းကာလ (Withdraw Period) မစောင့်မှု၊ ဆေးကျွေးမှုနဲ့ ပိုးမွှားဆေးဒဏ်ခံနိုင်မှု၊ တွေဖြစ်ပေါ်စေပါတယ်။ ရောဂါထိန်းချုပ်မှုအနေနဲ့တော့ ကြက်တုပ်ကွေး(H5N1), ဝက်နားရွက်ပြာ (PRRS) စတဲ့ ရောဂါတွေထိန်းချုပ်ဖို့အတွက် ခေတ်မီဓာတ်ခွဲခန်းကြီးတွေ လိုအပ်ပါတယ်။ မုံရွာဇုန် ကြက်မွေးမြူရေးမှာ ဓာတ်ခွဲအဖြေတွေ ပွင့်လင်းမြင်သာမှုမရှိတဲ့၊ နောက် အချိန်မီလျော်ကြေး ပေးရမှုမရှိတဲ့အတွက် မွေးမြူသူတွေ လွန်စွာနစ်နာဆုံးရှံးခဲ့ရပါတယ်။ ပြည်တွင်းမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ် စတဲ့တိရစ္ဆာန်တွေ သယ်ရတာ ခက်ခဲနေပေမယ့် ကျွဲ၊ နွားမှောင်ခိုတွေကတော့ တစ်ဘက်နိုင်ငံကို ထွက်နေပါတယ်။ ဒီလိုဖြစ်နေမယ့်အစား ဌာနဆိုင်ရာကြိုးနီစနစ်တွေကိုလျှော့ပြီး  ပြည်တွင်းသယ်ယူရ လွယ်ကူခြင်း၊ မြို့ကြီးများနှင့် နယ်စပ်မြို့တွေမှာ အရှင်ဈေးကွက်(Life Market)တွေထားပေးခြင်း အားဖြင့် နိုင်ငံအတွက် အခွန်ရရှိစေမှာဖြစ်ပါတယ်။ အေးခဲသားတင်သွင်းမှုကလည်း ရေတိုကာလ အကျိုးရှိတယ်ထင်ရပေမယ့် ရေရှည်အတွက်မိမိနိုင်ငံမွေးမြူရေးတိုးတက်မှုကို အာရုံစိုက်သင့်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် တောင်သူများ ဆင်းရဲမွဲတေမှုမှ ကုန်းရုန်းထလာနိုင်မှာဖြစ်တဲ့အတွက် ဝေါမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၏အဆိုကို လေးလေးနက်နက်ထောက်ခံရင်း နိဂုံးချုပ်ပါတယ်။

ဒေါက်တာခင်မောင်သင်း (အရာတော်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည် တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ အရာတော် မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်သင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော့်အနေနဲ့ ဝေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီအဆိုဟာ အခြေခံဥပဒေနှင့် ကိုက်ညီပါတယ်။ အခြေခံ ဥပဒေအခန်း(၁) ပုဒ်မ ၂၃ ပုဒ်မခွဲ(က)မှာ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေး ကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရမည်လို့ ပါပါတယ်။ အဲဒါ ကြောင့် အကြောင်းအမျိုးမျိုးပြပြီး သိမ်းဆည်းထားသောလယ်ယာမြေများကို ဥပဒေနှင့်အညီ ပြန်လည် အပ်နှင်းရပါမယ်။ နောက် အခြေခံဥပဒေအခန်း(၁) ပုဒ်မ ၂၃ ပုဒ်မခွဲ(ခ)မှာလည်း စိုက်ပျိုးထုတ်လုပ် သည့် သီးနှံများ သင့်တင့်မျှတသည့်တန်ဖိုးရရှိအောင် ကူညီဆောင်ရွက်ရမည်လို့ ပါရှိပါတယ်။ အဲဒါ ကြောင့် လိုအပ်ပါက အခြားနိုင်ငံများမှ တင်သွင်းသောထုတ်ကုန်များကို အခွန်တိုးမြှင့်ခြင်း၊ ဥပဒေများ ပြဋ္ဌာန်းပေးခြင်းဖြင့် တောင်သူလယ်သမားများရဲ့ သီးနှံဈေးကွက်ကို ကာကွယ်ပေးရပါမယ်။ မြန်မာ နိုင်ငံဟာ အရှေ့တောင်အာရှမှာ မြေသယံဇာတ၊ ရေသယံဇာတအပေါများဆုံးဖြစ်ပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ စပါး၊ ဂျုံ၊ ပြောင်း၊ ပဲမျိုးစုံ အစရှိတဲ့ မည်သည့်သီးနှံမဆိုစိုက်ပျိုးဖြစ်ထွန်းနိုင်ပါ တယ်။ စိုက်ပျိုးရေးကဏ္ဍဟာ မြန်မာပြည်တွင်းထုတ်လုပ်မှု GDP ရဲ့ ၃၈ ရာခိုင်နှုန်းရှိပါတယ်။ အလုပ် အကိုင်အခွင့်အလမ်းအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးလုပ်ငန်းက ဖန်တီးပေးထားပါတယ်။ အဲဒါကြောင့် ကျေးလက်ပြည်သူများရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် စိုက်ပျိုးရေးကဏ္ဍကို  မြှင့်တင်ပေးဖို့ အထူးပဲအရေးကြီးပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့အချက်များကို တင်ပြလိုပါတယ်။

(၁) တောင်သူလယ်သမားသုံးပစ္စည်းကိရိယာများကို အခွန်မဲ့ သို့မဟုတ် အခွန်လျှော့ပေါ့ပြီး နိုင်ငံခြားမှ တင်သွင်းပေးစေလိုပါတယ်။ အဓိကပစ္စည်းများကတော့ ထွန်စက်၊ ပိုးသတ်ဆေး၊ အားဆေး၊ မြေသြဇာအစရှိသည်တို့ ဖြစ်ပါတယ်။ ထွန်စက်၊ လှေ့စက်၊ ချွေစက်အစရှိတဲ့ တန်ဖိုးကြီးအသုံးအဆောင် များကို ချေးငွေစနစ်ဖြင့် ရောင်းချခြင်း၊ အရစ်ကျရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးစေလိုပါတယ်။ (၂) အနေနဲ့ စိုက်ပျိုးရေးချေးငွေများကိုလည်း လုံလောက်စွာဖြင့် ပံ့ပိုးပေးစေလိုပါတယ်။ တောင်သူ များအတွက် ချထားပေးသောချေးငွေမှာ အလွန်တရာနည်းပါးလှပါတယ်။ တစ်ဧက ကျပ် ၂၅၀၀၀ ချေးငွေမှာ ထွန်ယက်စရိတ်ပင် မလောက်ငှပါခင်ဗျား။ မြစိမ်းရောင်စီမံကိန်းကဲ့သို့ ချေးငွေများကိုလည်း ပွင့်လင်းမြင်သာစွာ၊ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်သင့်ပါတယ်။ မြစိမ်းရောင်စီမံကိန်းကို မသိသောတောင်သူလယ်သမားများ များစွာရှိပါတယ်။ (၃)အနေနဲ့  စိုက်ပျိုးရေးနည်းပညာ ပံ့ပိုးရေးနှင့် ပတ်သက်လို့ ပြောချင်ပါတယ်။ တောင်သူလယ်သမားများဟာ စိုက်ပျိုးရေးအသိပညာအလွန်နည်းပါး ကြပါတယ်။ လူပျင်း၊ လူကတ် တောင်သူလယ်သမားတချို့ရဲ့ လက်သုံးစကားကို ကျွန်တော် ပြောချင် ပါတယ်။ မကျည်းပင်၊ တမာပင်တွေ ဘယ်သူမြေသြဇာကြွေး၊ ပိုးသတ်ဆေးဖြန်းလို့ ရှင်သန် ကြီးထွားနေတာလဲဆိုပြီးတော့ ပြောလေ့ရှိပါတယ်။ တောင်သူလယ်သမားအများစုဟာ မျိုးစေ့ကို သူများနိုင်ငံများမှာ မျိုးစေ့ဘဏ်မှ ဝယ်ယူစိုက်ပျိုးကြတာကို မသိကြပါဘူး။ နားလည်းမလည်ပါဘူး။ မိမိမျိုးချန်ထားသော မျိုးကိုသာ စိုက်ပျိုးကြပါတယ်။ အဲဒီအတွက် သီးနှံအထွက်နှုန်းဟာ အရည် အသွေးဟာ ကြာလေကျလေဖြစ်လာပါတယ်။ မြန်မာပြည်တွင် အရည်အသွေးပြည့်မီပြီး အသိအမှတ်ပြု ခံနိုင်တဲ့ စပါးမျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးနိုင်မှုဟာ အမှန်တကယ် လိုအပ်ချက်ရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ အခြားသီးနှံတွေကတော့ ဒီထက်ပိုဆိုးပါတယ်။ ဓာတ်‌မြေသြဇာကိုလည်း လုံလောက်စွာ မသုံးစွဲနိုင်ကြပါဘူး။ ဓာတ်မြေသြဇာရဲ့ အရည်အသွေးနဲ့ပတ်သက်လို့လည်း အာမခံပေးနိုင်ခြင်း မရှိ ပါဘူး။ တစ်ခါတစ်ရံ အာဟာရဓာတ်များ လွဲမှားစွာသုံးစွဲနေကြတာ တွေ့ရပါတယ်။ အဲဒါကြောင့် မြန်မာ ပြည်အနှံ့ စိုက်ပျိုးရေးပညာရှင်များ စေလွှတ်ပြီး အသိပညာပေးသင့်ပါတယ်။ စိုက်ပျိုးရေးဓာတ်ခွဲခန်း များကိုလည်း မြို့နယ်တိုင်းမှာ ထားပေးသင့်ပါတယ်။ တောင်သူလယ်သမားများဟာ အပင်များတွင် ကျ‌ရောက် ဖျက်ဆီးသော မှို၊ ဘက်တီးရီးယား၊  ဗိုင်းရပ်ပိုးများကို လုံးဝမသိမကြားဖူးကြပါဘူး။

နောက် ဆည်ရေပေးဝေရေးနဲ့ပတ်သက်လို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ စိုက်ပျိုးဧရိယာ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ ဟက်တာသုံးသန်းကိုပဲ ဆည်ရေပေးနိုင် ပါတယ်။ အင်ဒိုနီးရှားနဲ့ ထိုင်းမှာတော့ စိုက်ပျိုးဧရိယာရဲ့ ၃၀ ရာခိုင်နှုန်း၊ တရုတ်ပြည်မှာတော့ ၅၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံမှာတော့ ၇၀ ရာခိုင်နှုန်းပေးနိုင်ပါတယ်။ အဲဒါတွေနဲ့ ယှဉ်လိုက်လို့ရှိရင် မြန်မာနိုင်ငံမှာ ရေပေးဝေနိုင်တာ အလွန်နည်းနေတာကို တွေ့ရပါတယ်။ အထက်ပါအချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကိုလျှော့ချ နိုင်ပါကြောင်း ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးရဲ့အဆိုကို ထောက်ခံဆွေးနွေးအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူး တင်ပါတယ်။ 

ဒေါက်တာဒေါ်သက်သက်ခိုင်(ဒဂုံမဲဆန္ဒနယ်) မှဆွေးနွေးခြင်း              လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာကြတဲ့ ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင်။ ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မအနေနဲ့ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးတင်သွင်းတဲ့ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ပြီး တစ်ဧက အထွက်နှုန်းမြင့်မားလာစေရန် စိုက်ပျိုးရေးနှင့်တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့် အစီအမံများအား ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို အပြုသဘောနဲ့ အကြံပြု ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဦးတင်ထွေးတင်သွင်းတဲ့အဆိုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို တိုးတက်စေဖို့ လယ်စိုက် တောင်သူများ ခေတ်မီစိုက်ပျိုးစနစ်နဲ့ စိုက်ပျိုးနိုင်ပြီး မှန်ကန်တဲ့ မြေသြဇာများရွေးချယ်အသုံးပြုနိုင်ဖို့ ပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်များရရှိနိုင်ရန် ဈေးကွက်ဖော် ဆောင်ပေးခြင်း၊ ရေပေးဝေမှုများ လုံလောက်စွာရရှိစေခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ လုံလောက်စွာ ရရှိစေခြင်း၊ ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝဘေးအန္တရာယ်များဒဏ်မှ ခံနိုင်ရည်ရှိစေရန် အသီးအနှံ အာမခံထားရှိခြင်းတို့ကို ဆွေးနွေးခဲ့ပါတယ်။ ၎င်းအချက်ထဲမှ စိုက်ပျိုးစရိတ်ချေးငွေ လုံလုံလောက် လောက် ရရှိရန်နှင့် အသီးအနှံ အာမခံဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ပတ်သက်လို့ အကြံပြု ဆွေးနွေး သွားမှာဖြစ်ပါတယ်ရှင်။

          ဥက္ကဋ္ဌကြီးရှင်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားမှာရှိပြီး အာဆီယံဒေသနဲ့ စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှုတွေအတွက်လည်း အဓိကကျတဲ့ ပထဝီအနေအထားကို ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ရာသီဥတု၊ တောတောင်ရေမြေတွေနဲ့ ဖြစ်ပေါ်နေတဲ့ဂေဟစနစ်တွေကြောင့် ကောက်ပဲသီးနှံ၊ ပန်းမန်မျိုးစုံ ဖြစ်ထွန်းနိုင်တဲ့အပြင် သားငါးမွေးမြူရေးကိုလည်း အထောက်အကူပြု နိုင်ပါတယ်။ အဲဒီအချက်တွေ ကြောင့် နိုင်ငံရဲ့အရေးကြီးလှတဲ့ စိုက်ပျိုးရေးကဏ္ဍကို ချေးငွေဝန်ဆောင်မှုပေးနေတဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်မှုဘဏ်ဟာ မိမိရဲ့ချေးငွေဝန်ဆောင်မှုကိုယူကြတဲ့ Customer များရဲ့လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဝန်ဆောင်မှုပေးနိုင်ဖို့ အပ်နှံငွေများလက်ခံပြီး စိုက်ပျိုးစရိတ်ချေးငွေများ လုံလုံလောက် လောက်ထုတ်ပေးနိုင်တဲ့ တင်းပြည့်ကျပ်ပြည့်ဘဏ်ဖြစ်ဖို့ လိုအပ်နေပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုး တိုးတက်ရေးဘဏ်အနေနဲ့ ထုတ်ချေးနိုင်တဲ့ငွေပမာဏ၊ အချိန်အတိုင်းအတာနဲ့ ထုတ်ချေးငွေအမျိုး အစားတို့ဟာ စိုက်ပျိုးတောင်သူတွေအပါအဝင် စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံး တိုးတက်ဖွံ့ဖြိုးဖို့အတွက် တကယ်ပဲထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်မည်လားဆိုတာကို မိမိတို့ကိုယ်တိုင် အားမနာတမ်း ဆန်းစစ်သင့်ပါတယ်။ ချေးငွေထုတ်ချေးခြင်းပုံစံ ရေရှည်အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမှာဖြစ်ပြီး အမှန်တကယ်တောင်သူများအကျိုးရှိမယ့် ပုံစံဖြစ်စေဖို့နဲ့ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတော် စီးပွားရေးတိုးတက်စေဖို့ ချေးငွေသက်တမ်းပမာဏနဲ့ ချေးငွေအမျိုးအစားတို့ကို ပြန်လည်စဉ်းစားပြီး စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ အခြားရင်းနှီးမြှုပ်နှံမှု ကွင်းဆက်များအတွက်လည်း လိုအပ်တဲ့ငွေထုတ်ချေးခြင်း မျိုးဖြစ်လာအောင် ဆက်လက်ဆောင်ရွက်၊ တိုးမြှင့်ဆောင်ရွက်သင့်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေးဘဏ် ချေးငွေရဲ့ ၈၈ ရာခိုင်နှုန်းဟာ လယ်စိုက်တောင်သူတွေ အတွက်သာဖြစ်ပြီး လယ်သမားတစ်ဦးကိုလည်း ၁၀ ဧက အထိသာ ထုတ်ချေးနိုင်ပါတယ်။ စိုက်ပျိုးရေး နဲ့ဆက်နွယ်တဲ့ အောက်ပါဆက်စပ်လုပ်ငန်းများကို  မထုတ်ချေးနိုင်သေးတာကို လေ့လာတွေ့ရှိရပါ တယ်ရှင်။ မွေးမြူရေးနှင့် ရေလုပ်ငန်းဈေးကွက်အလားအလာရှိပြီး တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မယ့် သစ်သီးဝလံပန်းမန်များနှင့် စက်မှုသီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေးနည်းပညာသစ်များနှင့် သိုလှောင်ခြင်းနည်းပညာများရယူခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ခေတ်မီစက်ကိရိယာများကို ဝယ်ယူခြင်း၊ တန်ဖိုးမြင့်ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ဈေးကွက်ရှာဖွေခြင်းတို့ ဖြစ်ပါတယ်ရှင်။ ယခုပြောခဲ့တဲ့လုပ်ငန်းများအတွက် ချေးငွေများထုတ်ပေးနိုင်ခဲ့ လို့ရှိရင် စိုက်ပျိုးရေးကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိပြီး ပြည်တွင်းပြည်ပဈေးကွက်များကို တင်ပို့နိုင်ခြင်းဖြင့်‌ နိုင်ငံခြားငွေများလည်း တိုးတက် ရရှိနိုင်မှာဖြစ်ပါတယ်ရှင်။

          ဥက္ကဋ္ဌကြီးရှင်။ လယ်ယာနှင့်စိုက်ပျိုးရေးထွက်ကုန်များဟာ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်၊ ပိုးမွှားများဒဏ်နှင့် ဈေးနှုန်းမတည်မငြိမ်ဖြစ်ခြင်းရဲ့ဒဏ်များ ခံရနိုင်တာကြောင့် တောင်သူများချေးငွေ ပြန်မဆပ်နိုင်တဲ့အဖြစ်များမှ ကင်းဝေးပြီး ဆုံးရှုံးနိုင်ခြေများမှ ခံနိုင်ရည်ရှိဖို့၊ အနာဂတ်လှပဖို့၊ စိုက်ပျိုးရေးအာမခံလုပ်ငန်းကိုလည်း တွင်ကျယ်အောင် မြေတောင်မြှောက်သင့်‌ပါကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်ရှင်။ ဒီနေရာမှာ ကျွန်မအထူးပြုပြောကြားလိုတာကတော့ လယ်စိုက်တောင်သူများ အပြင် စိုက်ပျိုးရေးနှင့်ဆက်နွှယ်လုပ်ကိုင်ကြတဲ့ ပြည်သူများကို ချေးငွေလုံလောက်စွာရရှိပြီး တိုင်းပြည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးစေဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အပြင် ချေးငွေဝန်ဆောင်မှုဈေးကွက် ဖြစ်ထွန်းလာစေဖို့ အခြားနည်းလမ်းများဖြင့်လည်း ဖန်တီးပေးစေလိုပါတယ်။ ဥပမာ- ဂိုဒေါင်များမှာ သိုလှောင်ထားတဲ့ လယ်ယာထွက်ကုန်များကို အာမခံထားပြီးငွေချေးနိုင်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေတည်ထောင်ခြင်း၊ ကြွေးမြီအာမခံရန်ပုံငွေများ တည်ထောင်ခြင်း၊ အသေးစားချေးငွေ လုပ်ငန်းများကို မြေတောင်မြှောက်ခြင်း၊ ရာသီဥတုညွှန်းကိန်းကို အခြေခံတဲ့စိုက်ပျိုးရေးအာမခံစနစ် များထားရှိခြင်းနှင့် ဈေးကွက်သတင်းအချက်အလက်မျှဝေခြင်းတို့ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောရ လို့ရှိရင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်မှုအပြင် ပုဂ္ဂလိကကဏ္ဍ အသေးစားချေးငွေဈေးကွက် ပိုမိုအားကောင်းလာဖို့နဲ့ စိုက်ပျိုးရေးအာမခံဈေးကွက် တွေကို ဖော်ထုတ်ပြီး စိုက်ပျိုးရေးချေးငွေများ မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တစ်ခုတည်းကို အလွန်အမင်းအားထားမှုမှ တစ်ဖြည်းဖြည်းလျှော့ချနိုင်ဖို့ အစီအစဉ်တွေချမှတ်ဆောင်ရွက်သင့်ပါတယ် ရှင်။ ဥက္ကဋ္ဌကြီးရှင်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အလျောက် နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေးကဏ္ဍကို တိုးတက်ဖွံ့ဖြိုးအောင် ထောင့်ပေါင်းစုံမှမြေတောင်မြှောက်ခြင်းဟာ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုကိုလျော့ကျစေပြီး ကြွယ်ဝချမ်းသာမှုရဲ့ အသီးအပွင့်တွေကို အတူတကွမျှဝေပိုင်ဆိုင်ကြ မှာဖြစ်လို့ ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးတင်သွင်းတဲ့အဆိုကို ထောက်ခံအကြံပြုရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။

ဦးအောင်မြင့်ရှိန်(မဘိမ်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စာလှယ်များ၊ ကြွရောက်လာသော ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်‌သည်တော်များခင်ဗျာ။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်‌ရှိန် ဖြစ်ပါတယ်။ ဒီကနေ့ ဝေါမဲဆန္ဒနယ်က ဦးတင်ထွေး တင်သွင်းသွားတဲ့ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူနေမှု အဆင့်အတန်း မြင့်‌မားရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧကအထွက်နှုန်း မြင့်မားလာစေရန် စိုက်ပျိုး ရေးနှင့်တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့်‌ အစီအမံများအား ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံအကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ အပိုင်းနှစ်ပိုင်းခွဲပြီးတော့မှ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ပထမပိုင်းအနေနဲ့ အစိုးရရဲ့အပိုင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိအနေအထားအရ အစိုးရရဲ့ သက်တမ်းဟာ လေးလနဲ့ ဒီကနေ့မှ ၁၇ ရက်ပဲရှိပါသေးတယ်။ အင်မတန်နုနယ်တဲ့ အစိုးရဖြစ် ပါတယ်။ ဒီနေရာမှာ ကျွန်တော်အစိုးရကို လော်ဘီလုပ်တာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ကိုယ်စားလှယ် များရဲ့ မေးခွန်းတွေ၊ အဆိုတွေဟာ ကိုယ်တင်မြှောက်ထားတဲ့အစိုးရကို လည်ပင်းညစ်သလိုဖြစ်နေမှာ စိုးလို့ ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ လက်ရှိအနေအထားအရ တစ်တိုင်း ပြည် လုံးမှာ ရေကြီးရေလျှံနစ်မြုပ်မှုဖြစ်နေတဲ့အတွက် လယ်သမားတွေရဲ့ဖွံ့ဖြိုးတိုးတက် မှုဟာ အင်မတန်မှ အရေးပါပါတယ်။ လက်ရှိအနေအထားအရ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး မှာ ရေနစ်မြုပ်နေ တာဆိုရင် ဧကပေါင်း သိန်းနဲ့ချီပြီးတော့မှ ပျက်စီးနေပါပြီ။ အဲဒီအတွက် နိုင်ငံတော်အနေနဲ့ မျိုးစပါးတွေအများကြီးထောက်ပံ့ရမှာဖြစ်ပါတယ်။ ဒါကလည်း အင်မတန်အရေးပါတဲ့အချက် ဖြစ်ပါ တယ်။ နောက်ပြီးတော့မှ တောင်သူတွေအတွက် တစ်ဧကဖွံ့ဖြိုးတိုးတက်ဖို့၊ အထွက်နှုန်း တွေတိုးတက်ဖို့ အတွက်ဆိုလို့ရှိရင် နည်းပညာတွေ၊ မျိုးစပါးတွေ၊ သွင်းအားစုတွေကို သွင်းနိုင်ဖို့လိုအပ် ပါတယ်။ တစ်ချိန်တုန်းကဆိုလို့ရှိရင် နိုင်ငံတော်အနေနဲ့ တောင်သူတွေကို ဓာတ်မြေသြဇာတွေ၊ ပိုးသတ် ဆေးတွေထောက်ပံ့ပေးခဲ့တဲ့ အစီအစဉ်များရှိခဲ့ဖူးပါတယ်။  ဒီနေ့ခေတ်အခါမှာလည်းပဲ ဒီလိုမျိုး အစီအစဉ်မျိုးကို ထပ်မံပြီးတော့မှ ဖော်ဆောင်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ တောင်သူတွေအတွက် အင်မတန်မှအဆင်ပြေပါလိမ့်မယ်။ စက်မှုလယ်ယာကနေပြီးတော့မှ ပြောင်းလဲဖို့အတွက်ဆိုလို့ရှိရင် လက်ရှိအနေအထားမှာကိုက ကျွန်တော်တို့ ကျေးလက်ဒေသမှာ အလုပ်အကိုင်ရှားပါးမှုပြဿနာနဲ့ ကြုံတွေ့ရလို့ တိုင်းတပါးကို သွားရောက်ပြီးတော့မှ အလုပ်အကိုင်ရှာဖွေနေရတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ ဒီနေရာမှာ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ပြောင်းလိုက်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ကျေးလက်ဒေသတချို့မှာ အလုပ်အကိုင် ဒါတွေလည်းပဲ ရှားပါးလာနိုင်ပါတယ်။ ဒါတွေအတွက် အလုပ် အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ နောက်ပြီးတော့မှ တောင်သူ တွေကို အထွက်နှုန်းတွေ တိုးလာဖို့အတွက်ဆိုလို့ရှိရင် လက်ရှိပေးနေတဲ့ စိုက်ပျိုးရေး စရိတ်ချေးငွေ တွေကို အချိန်မှန်မှန်ရရှိပြီးတော့ အကျိုးရှိရှိသုံးနိုင်ဖို့အတွက် ငွေကြေးအသုံးချ စိုက်နည်းစနစ်တွေ၊ အသုံးချနည်းစနစ်တွေ ကျေးလက်အရောက်ပို့ချပေးဖို့လိုပါတယ်။ အရင်တုန်းက ကျွန်တော်တို့ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းလိုဟာမျိုး ကျွန်တော်တို့ဒီခေတ်မှာလည်းပဲ တချို့အခု ဖွင့်နေပြီလို့ပြောပါတယ်။ ဒါတွေကိုလည်း ဆက်လက်ပြီးတော့မှ ဖွင့်လှစ်ပေးနိုင်မယ်ဆိုလို့ရှိရင် တောင်သူများ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ပညာတတ်မြောက်တဲ့ တောင်သူများအနေနဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ သိရှိလာနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ မွေးမြူရေးကဏ္ဍအတွက်ဆိုလို့ ရှိရင်လည်းပဲ မွေးမြူရေးမှာ ဟိုအရင်တုန်းကဆိုလို့ရှိရင် ကြက်ခြေပြာလို့ဆိုတဲ့ တိရစ္ဆာန်မွေးမြူရေး၊ ဆေးကုသရေးပညာတွေကို သင်ပေးတဲ့ကိစ္စမျိုးတွေရှိပါတယ်။ အခုခေတ်မှာလည်းပဲ ဒါတွေကို ဆက်လက်ပြီး တွန်းအားပေးပြီးတော့မှ သင်တန်းကျောင်းတွေဖွင့်‌လှစ်ပေးနိုင်မယ်ဆိုရင် အဆင်ပြေဖို့ရှိ ပါတယ်။ နောက်ပြီးတော့ တောင်သူတွေကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သူတို့ထုတ်လုပ်တဲ့ပစ္စည်းတွေကို ဈေးကွက်ကို အချိန်မီလွယ်ကူစွာပို့ဆောင်ဖို့အတွက်ဆိုလို့ရှိရင် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့သီးနှံတွေဟာ ဒါမှသာလျှင် ဈေးကွက်ကို အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ကျွန်တော်တို့ကျေးလက်တွေမှာ တိ/မွေးကုဘက်ကနေပြီးတော့မှ မွေးဖက် ဆိုတဲ့ဥစ္စာဟာ ပေးတာရှိပါတယ်။ ဒါပေမဲ့ ဒီမွေးဖက်ဟာလည်းပဲ လက်ရှိအနေအထားအရကြည့်ရတဲ့ အခါမှာ သိပ်ပြီးတော့မှ တွင်ကျယ်အောင်မြင်မှုမရှိတာကို တွေ့ရှိရပါတယ်။ သို့ပါသောကြောင့် နိဂုံးချုပ် အနေနဲ့ ကျွန်တော်တင်ပြလိုတာကတော့ ကျေးလက်နေပြည်သူများ တစ်ဧကအထွက်နှုန်း တိုးပြီးတော့မှ လူနေမှုအဆင့်အတန်း မြင့်မားဖို့အတွက်ဆိုလို့ရှိရင် လိုအပ်ချက်တွေကတော့ အများကြီးရှိတာမှန်ပါ တယ်။ ဒါကြောင့်မို့လို့ လက်ရှိတည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အစိုးရအနေနဲ့ ကျေးလက်နေပြည်သူများအား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထောက်ပံ့ကူညီပေးနိုင်ပါရန် ကျွန်တော်တို့ တိုက်တွန်းရမှာဖြစ်ပါတယ်။ သို့ပါသောကြောင့် ‌ဝေါမဲဆန္ဒနယ်က ဦးတင်ထွေးတင်သွင်းတဲ့အဆိုကို ကျွန်တော့်အနေနဲ့ အလေးအနက်ထောက်ခံ တင်ပြပါကြောင်း ‌ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။ 

ဒေါ်မြခွာညိုဦး (ရွှေတောင်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း             လေးစားအပ်ပါသော ပြည်သူ့လွှတ်‌တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦး ဖြစ်ပါတယ်။ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးရာမှာ ကျွန်မတို့ ကျေးလက် တွေကို ကွင်းဆင်းတဲ့အခါမှာ ရရှိလာတဲ့အတွေ့အကြုံများကို အခြေခံပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာမှာ  ကျေးလက်နေလူဦးရေဟာ ၇၀ ရာခိုင်နှုန်းကျော် ဆိုပေမယ့် ဥပမာ - ကျွန်မတို့ရဲ့ မြို့နယ်မှာဆိုရင်တော့ ၈၅ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေ ပြည်သူများဖြစ်ပါတယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး‌တော့ ကျေးလက်နေတောင်သူများ လူနေမှု ဘဝမြင့်မားရေးအတွက် နိုင်ငံတော်မှ ဖြည့်စွမ်းပေးသင့်တဲ့အချက်ကတော့ လုံလောက်သော နှစ်ရှည် ချေးငွေရရှိရေးပဲဖြစ်ပါတယ်။ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ်အထိ နှစ်စဉ်ချေးလျက်ရှိတဲ့ ချေးငွေဟာ နှစ်တိုချေးငွေဖြစ်လို့ ဘဏ္ဍာရေးနှစ်အတွင်း ပြန်ဆပ်ရတဲ့အခါမှာ တောင်သူများ စပါးပေါ် ရာသီချိန်မှာ ကာလပေါက်ဈေး အနိမ့်ဆုံးဖြစ်နေတဲ့အတွက် လက်ရှိအချိန်ပေါက်ဈေးနဲ့ယှဉ်လျှင် ထက်ဝက်ခန့်ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် စိုက်ဘဏ်ချေးငွေဆပ်ချိန်မှာ စပါးတင်း ၂၀၀ ရောင်းချခဲ့သူဟာ ယခုအချိန် စပါးတင်း ၁၀၀ တန်ဖိုးနဲ့ တူညီနေလို့ တင်း ၁၀၀ ဖိုး နစ်နာနေသလို ဖြစ်ရပါတယ်။ ဒါကြောင့်မို့လို့ တောင်သူများ စပါးဈေးကွက် အာမခံချက်ရရှိရန် လိုအပ်ပါတယ်။ လက်မှုလယ်ယာမှ စက်မှုလယ်ယာ ကိုပြောင်းရွှေ့ရန်အတွက် လယ်ယာမြေများကို ဧကကွက်များ နိုင်ငံအဝန်းဖော်ဆောင်ပေးရန် လိုအပ်ပါတယ်။ စက်မှုလယ်ယာဖွံ့ဖြိုးခဲ့လျှင် အချိန်၊ ငွေကြေးကုန်ကျမှု သက်သာမှာဖြစ်ပြီးတော့ လယ်ယာလုပ်သားရှားပါးတဲ့ပြဿနာလည်း ပြေလည်သွားမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းများဟာ ရာသီဥတုအပေါ်မှာမှီနေပါတယ်။ မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ယခုနှစ် ကဲ့သို့ ရေကြီးခြင်းဖြစ်ပေါ်လျှင် စိုက်ခင်းများပျက်စီးမှုများ၊ ပိုးမွှားအန္တရာယ်များအပေါ်မှာ သီးနှံ အောင်မြင်မှုဟာ မူတည်နေပါတယ်။ သို့ပါ၍ ရေနက်ကွင်းဧရိယာများကို ခေတ်မီသော ရေတံခါးပါတဲ့ ရေနုတ်မြောင်းများ၊ ကုန်းကျသော လယ်ယာမြေများကို သင့်တော်သောဒေသမှာ လယ်ခြား ဆည်များနှင့် လယ်ကြားမြောင်းများကောင်းမွန် အောင် စီစဉ်ပေးရန် လိုအပ်ပါတယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေ တောင်သူများအား စိုက်ပျိုးရေးအသိပညာဗဟုသုတနှင့် နည်းပညာများ စဉ်ဆက်မပြတ်ပေးရန် လိုအပ်ပါတယ်။ တောင်သူများသုံးစွဲနေတဲ့ ဓာတ်မြေသြဇာ များဟာ သီးနှံပင်နှင့် အမှန်တကယ်လိုအပ်သည် မလိုအပ်သည်ကိုလည်းကောင်း၊ နောက် ပေါင်းသတ် ဆေး၊ ပိုးသတ်ဆေးတို့ရဲ့ ဘေးထွက်ဆိုးကျိုးများ ကိုလည်း လက်တွေ့ကျကျအသိပညာပေးသင့် ပါတယ်။ တောင်သူများတွက်ခြေကိုက်မယ့် သီးနှံများကို စိုက်ပျိုးနိုင်ရန်၊ သီးနှံတစ်ခုချင်းအပေါ်မှာ လေ့လာနိုင်ရန် အခွင့်အလမ်းများလည်း ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ပံ့ပိုးနိုင်ရန်ပြုလုပ်တဲ့စီမံကိန်းများ ဥပမာ - လျှပ်စစ်မြစ်ရေတင်စီမံကိန်းလို စီမံကိန်းများဟာလည်း လက်တွေ့မှာ အမှန်တကယ်အောင်မြင်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့မြို့နယ်နှင့် ဥပမာပေးရမယ်ဆိုရင် ခေတ်အဆက်ဆက်က ပြုလုပ်ခဲ့တဲ့ လျှပ်စစ်မြစ်ရေတင်စီမံကိန်းဟာ စီမံကိန်းဧရိယာတစ်ဝက်ခန့်ပဲ အောင်မြင်ပြီးတော့ ကျန်ဧရိယာ တစ်ဝက်ခန့်ဟာ မအောင်မြင်ဘဲနဲ့ ပြည်သူ့ဘဏ္ဍာတွင် အလေအလွင့်ဆုံးရှုံးနေရတာကို တွေ့ရပါတယ်။ နောက် တူးမြောင်းများအတွက် မြေနေရာများပေးလိုက်ရတဲ့အတွက်ကြောင့်မို့လို့ တောင်သူများမှာ နစ်နာပြီးတော့ ရေလည်းမရတဲ့အတွက်ကြောင့်မို့လို့ အကျိုးမရှိတာကို တွေ့ရပါတယ်။ နောက်နောင်မှာ ထိုသို့သော အဟောသိကံဖြစ်တဲ့စီမံကိန်းများမဟုတ်ဘဲနဲ့ အမှန်တကယ်အကျိုးရှိတဲ့ စီမံကိန်းများဖြစ်ဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် ဗဟုသုတနည်းပညာများပေး၍ စနစ်တကျ မွေးမြူနိုင်ရန် ဝင်ငွေတိုးရန်လည်း ပံ့ပိုးပေးသင့်ပါတယ်။

ကျွန်မတို့ ကျေးလက်ဒေသတွေကို ကွင်းဆင်းပြီးတော့ ပြည်သူနဲ့ ထိတွေ့တဲ့အခါမှာ ပညာ တစ်ပိုင်းတစ်စဖြစ်နေတဲ့ လူငယ်လေးတွေ၊ မိန်းမငယ်လေးတွေကို တွေ့ခဲ့ရပါတယ်။ သူတို့ကို စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းများ ပေးပြီး တော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးသင့်ပါတယ်။ ဒါ့အပြင် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ကျေးလက်လူနေမှုဘဝမြှင့်တင်ရေးနှင့်စပ်လျဉ်းပြီးတော့ ဖြည့်စွက်ဆွေးနွေးရမည်ဆိုလျှင် ကျေးလက် မှာ ဘွဲ့ရ၊ အလုပ်လက်မဲ့ လူငယ်၊ လူလတ်ပိုင်းများကိုလည်း တွေ့ရပါတယ်။ အလုပ်ရရှိရန် ကြိုးပမ်း ရင်းနဲ့ပဲ အသက်တွေလွန်လာကြတာ တွေ့ရပါတယ်။ လူငယ်သာမက လူလတ်ပိုင်းများပါ အလုပ်ရရှိ ရေးကို စဉ်းစားပြီးတော့ အစိုးရအလုပ်ပဲဖြစ်စေ၊ ပုဂ္ဂလိကလုပ်ငန်းများမှာပဲဖြစ်စေ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေအရ အသက်ကန့်သတ်ချက်များကို လျှော့ပေးသင့်ကြောင်းလည်း အကြံပြုလိုပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့လည်း အဓိကလိုအပ်ပါတယ်။ ရာသီစုံသွားလာနိုင်သောလမ်းများဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အခြေအနေအရ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ပေးသွားကြရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာအစိုးရ ဌာနများမှ တာဝန်ရှိသူအားလုံးဟာ စေတနာပါပါ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့လိုအပ်သလို ကျွန်မတို့ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပြည်သူလူထုကပါ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း ထောက်ခံအကြံပြုဆွေးနွေးရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ဦးတင်ကိုကိုဦး (ဘီးလင်းမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း               လေးစားအပ်ပါသော ပြည်သူ့လွှတ်‌တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာကြသော ဧည့်သည်တော်များ အားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ဘီးလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ကိုကိုဦး ဖြစ်ပါတယ်။ ဝေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးရဲ့အဆို ကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း(၁) ပုဒ်မ ၂၃ ပုဒ်မခွဲ(က)မှာ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်ဆိုပြီးတော့ ဖော်ပြထားပါ တယ်။ တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့လွှတ်တော်က တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ပြည်ထောင်စုလွှတ်‌တော် ဥပဒေအမှတ်(၃၂/၂၀၁၃)ကို ၈-၁၀-၂၀၁၃ ရက်နေ့က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ သုံးနှစ်ကြာခဲ့ပေမယ့် ဒီအချိန်အထိ အသက်မဝင်သေးပါဘူး။ ပြည်သူကို အကျိုးပြုတဲ့ဥပဒေတွေ ဘယ်လောက်ပဲရေးဆွဲ၊ အတည်ပြု ပြဋ္ဌာန်းပါစေ အမှန်တကယ် အကောင်အထည်ဖော်ရမှာက အစိုးရရဲ့စိတ်စေတနာ ကောင်းပေါ် မူတည်ပြီး ပြည်သူလူထုက အကျိုးကျေးဇူးခံစားကြရတာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျေးလက်နေပြည်သူများရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားရေးအတွက် တစ်ဧကအထွက်နှုန်းတိုးတက်ဖို့အတွက် နိုင်ငံတော်က ကူညီပံ့ပိုးပေးနိုင် တဲ့ အချက်တချို့ကို ဖော်ပြပြီးတော့ အဲဒီထဲကမှ အရေးကြီးတဲ့အချက်တွေကို ကျွန်တော် ဆွေးနွေးသွား မှာဖြစ်ပါတယ်။ အဲဒါတွေကတော့ (၁)လယ်ယာမြေ၊ (၂) မျိုးစပါး၊ (၃) ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး၊ (၄)စိုက်ပျိုးရေးဝန်ကြီးဌာနအတွင်းမှာ ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု၊ (၅) ကုန်ထုတ် လမ်း၊ (၆) တင်းတောင်းနှင့် ရေတို့ပဲဖြစ်ပါတယ်။ လယ်ယာမြေမှာဆို အခု ကျွန်တော်တို့ လယ်သမား တွေ စိုက်ပျိုးနေကြတာက မိမိလယ်မြေရဲ့အကြောင်းကိုလည်း မသိပါဘူး။ လယ်ယာမြေရဲ့ အခြေခံ ညွှန်းကိန်း၊ မြေအမျိုးအစား၊ မြေအရည်အသွေးနဲ့ပတ်သက်ပြီး သိရှိပြီးတော့ စိုက်ပျိုးနေကြရတာ မဟုတ်ပါဘူး။ မိရိုးဖလာစိုက်ပျိုးနေကြရခြင်းဖြစ်ပါတယ်။ မျိုးစပါးအနေနဲ့ ပြောရမယ်ဆိုရင်လည်း မိမိရဲ့မျိုးကို မိမိထား။ မဟုတ်ရင်လည်း တောင်သူအချင်းချင်း လဲလှယ်ပြီးတော့ပဲ ကျွန်တော်တို့က မျိုးတွေကို စိုက်ပျိုးနေကြရတာပါ။ ရောဂါဒဏ်ခံနိုင်တဲ့မျိုး၊ ရောဂါဒဏ်ခံနိုင်ပြီးတော့ အထွက်တိုးစေ မယ့် မျိုးကောင်းမျိုးသန့်တွေ (Foundation Seeds ၊ Register Seeds) ဒါတွေကို ကျွန်တော်တို့က လယ်သမားတွေအနေနဲ့ ရဖို့ဟာ တအားအလှမ်းဝေးပါတယ်။ အဆင်မပြေလှပါဘူး။ ဒါကလည်း နိုင်ငံတော်အနေနဲ့ ဖြန့်ဖြူးပေးနိုင်မှ အဆင်ပြေမယ့်အခြေအနေပါ။ နောက်တစ်ခုကတော့ ဓာတ်မြေသြဇာပါ။ ဓာတ်မြေသြဇာနှင့်ပတ်သက်ပြီးတော့ လယ်သမားတွေသုံးတဲ့ ဓာတ်မြေသြဇာကို မေးကြည့်တဲ့အခါကျတော့ သူတို့က အကြွေးပေးတဲ့ဓာတ်မြေသြဇာနှင့် ကြော်ငြာမှာ အဓိကသုံးနေကြ တဲ့၊ ကြော်ငြာအရထိုးဖောက်နိုင်တဲ့ ဓာတ်မြေသြဇာတွေကို အဓိကသုံးခဲ့ကြရပါတယ်။ ခေတ်အဆက် ဆက် ဓာတ်မြေသြဇာနှင့်ပတ်သက်ပြီးတော့ အရည်အသွေးမဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေဟာ ငွေကုန်ပြီးတော့ စပါးမထွက်တဲ့အခြေအနေတွေကို ဖြတ်သန်းခဲ့ရတာ တွေက နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အဲဒီအခါကျတော့ အပင်လိုက်စားသုံးထားတဲ့ NPK အချိုး၊ နောက်တစ်ခုက အခြား အနည်းလို အာဟာရတွေနဲ့အကြောင်းတွေကို တောင်သူလယ်သမားတွေသိဖို့ အရေးကြီးပါတယ်။ အမျိုးအစားမှန်ကန်ပြီးတော့ အချိုးအစားမှန်ကန်တဲ့ဓာတ်မြေသြဇာတွေ ရရှိဖို့ လည်း နိုင်ငံတော်အနေနဲ့ ဓာတ်ခွဲခန်းတွေကနေ တစ်ဆင့် ကူညီပေးမှသာ လယ်သမားတွေအနေနဲ့ အဆင်ပြေမှာဖြစ်ပါတယ်။

နောက် စိုက်ပျိုးရေးဝန်ကြီးဌာနအတွင်းမှာ ပေါင်းစပ်ညှိနှိုင်းခြင်းဆိုတာကတော့ ကျွန်တော်တို့ က စပါးစိုက်ချိန်ရောက်ပြီဆိုရင် စပါးသမားနဲ့ ငါးသမားဟာ ပြဿနာဖြစ်လေ့ရှိပါတယ်။ အဲဒါတွေကို အခုဆိုရင် စိုက်ပျိုးရေးဌာနရယ်၊ ငါးလုပ်ငန်းမွေးမြူရေး၊ ဆည်မြောင်း ဒီဦးစီးဌာနတွေအားလုံးဟာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတစ်ခုတည်းမှာရှိတဲ့အတွက်ကြောင့် ဦးစီးဌာနအချင်းချင်း အရင်ညှိနှိုင်းပေါင်းစပ်ထားမယ်ဆိုရင် ဒီလယ်သမားနှင့် ငါးသမားနဲ့ကြားမှာ ပြဿနာတွေဖြစ်စရာ အကြောင်းမရှိပါဘူး။ ပြဿနာဖြစ်မယ့်အခြေအနေတွေကို ကာကွယ်နိုင်မှာပါ။ နောက်တစ်ခုကတော့ ကုန်ထုတ်လမ်းပါ။ ကျွန်တော်တို့က စပါးအထွက်တိုးဖို့ဆိုရင် သွင်းအားစုတွေသယ်ယူဖို့လိုပါတယ်။ သွင်းအားစုသယ်ဖို့အတွက် လမ်းမရှိခဲ့ရင် ခက်ခက်ခဲခဲသယ်ရတဲ့အတွက်ကြောင့် လယ်သမားတွေ သွင်းအားစုထည့်ဖို့ အဆင်မပြေနိုင်ပါဘူး။ နောက် သွင်းအားစုတွေထည့်လို့ စပါးထွက်လာတဲ့အခါကျ ရင်လည်း ကုန်းတစ်တန်၊ ရေတစ်တန်နဲ့ သယ်ယူဖို့အဆင်မပြေဘူးဆိုရင် လယ်တစ်ဧကအထွက်နှုန်း တက်ပေမယ့် ကျွန်တော်တို့အနေနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်မှာ ကြီးမြင့်စေပါတယ်။ နောက်တစ်ခု က တင်းတောင်းကိစ္စပါ။ တင်းတောင်းကိစ္စကလည်း ကျွန်တော်တို့ ကုန်သည်ပွဲစားတွေကို တင်းတောင်း တွေနဲ့ရောင်းတဲ့အခါကျရင်လည်း ကျွန်တော့်မဲဆန္ဒနယ်မှာဆိုရင် ဖြစ်နေတာက တစ်တင်းကို ၁၆ ပြည် မဟုတ်တော့ဘဲနဲ့ တစ်တင်းကို ၁၉ ပြည်ကျော်၊ ပြည် ၂၀ အထိ ဖြစ်နေပါတယ်။ ဒါဟာလည်း ဝန်ကြီးဌာနအနေနဲ့ အစိုးရအနေနဲ့ပဲ ဆောင်ရွက်ပေးမှဖြစ်မှာပါ။

နောက်ဆုံးအခြေအနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ လယ်သမားတွေအပေါ်မှာ ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အမြင်သဘောထားတွေလည်း ပြောင်းလဲဖို့လိုပါတယ်။ ကျွန်တော်တို့ ကျေးလက်မှာရှိတဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ မိသားစုတွေအချင်းချင်းကြားထဲမှာ လယ်ယာလုပ်ငန်းလုပ်မယ့်လူကို ရွေးပြီဆိုတဲ့အခါကျရင် ကျွန်တော်တို့က ပညာအရည်အချင်းနည်းတဲ့ သူကိုပဲ ရွေးကြလေ့ရှိပါတယ်။ အဲဒီအခါကျတော့ မိသားစုအတွင်းမှာကိုပဲတစ်ခါ ခွဲခြားဆက်ဆံတဲ့ပုံစံ တွေ ဖြစ်လာတတ်ပါတယ်။ လယ်လုပ်သူတွေကို ပင်ပင်ပန်းပန်းရှာဖွေစားသောက်ရတဲ့သူတွေ၊ ပညာ မတတ်တဲ့သူတွေအဖြစ်နဲ့ ဒီမိသားစုအတွင်းမှာပဲ တစ်ခါတလေကျရင် နှိမ့်ချဆက်ဆံတဲ့ပုံစံတွေ ဖြစ်လာ တတ်ပါတယ်။ အဲဒီအခါတော့ လယ်လုပ်တဲ့သူကတော့ မိမိကိုယ်ကို နိမ့်ကျတယ်လို့ ခံစားသွားကြတတ် ပါတယ်။ အဲဒီတော့ ဘွဲ့ရတွေဆိုရင်လည်း ကျွန်တော်တို့က အနှိမ်မခံတဲ့စိတ်ကြောင့် လယ်လုပ်ဖို့ အတွက်ကို များစွာတွန့်ဆုတ်ကြပါတယ်။ တကယ်တော့ မိမိရဲ့အလုပ်ကို မိမိဂုဏ်ယူတတ်ကြတဲ့ ပတ်ဝန်းကျင်အနေအထားတစ်ခုကို ဝိုင်းဝန်းဖော်ဆောင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ပညာတတ်လူငယ်များ စိုက်ပျိုးရေးကဏ္ဍမှာ စိတ်ရောကိုယ်ပါ နှစ်ပြီးတော့ လုပ်ကိုင်ကြခြင်းဖြင့် လယ်တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် အခွင့်အရေးပိုမိုရရှိလာမှာဖြစ်တဲ့အတွက်ကြောင့် ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးရဲ့အဆိုကို ထောက်ခံဆွေးနွေးအပ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။

ဒေါက်တာမင်းသိန်း(ရေဦးမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း              လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ ဦးစွာဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝေါမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးရဲ့အဆိုကို အကြံပြုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားရပါ‌သော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံရဲ့ ကျေးလက်နေပြည်သူများဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံပြီး အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ ကျေးလက်နေပြည်သူများရဲ့ ဘဝက တော့ ပြီးခဲ့တဲ့ခေတ်အဆက်ဆက်မှာ ထူးထူးခြားခြားဖွံ့ဖြိုးတိုးတက်လာတာကို မတွေ့ကြရဘဲ လိုအပ်ချက်များစွာနဲ့ ရင်ဆိုင်လုပ်ကိုင်အသက်မွေးနေကြရဆဲ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် ကုန်ကျစရိတ်နည်းနည်းနဲ့ မြေဆီလွှာများကို စစ်ဆေးပေးနိုင်သော မြေယာ အသုံးချမှုဌာနများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ မျိုးစပ်ထားသည့် မျိုးစေ့အသစ်များ၊ စက်ကိရိယာပစ္စည်းများနှင့်ပတ်သက်ပြီးလည်း ဗဟုသုတနည်းပါးနေကြသေးတာကို တွေ့ရှိနေပါတယ်။ စိုက်ပျိုးရေး၊ အသိပညာပေးရေးလုပ်ငန်းများ ကိုလည်း ထဲထဲဝင်ဝင် ထိထိရောက်ရောက် တောင်သူများ စိတ်ဝင်စားစေနိုင်သော အစီအမံများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးရေးဝန်ဆောင်မှုများနှင့် ဆည်မြောင်းစနစ်များရဲ့ အရည်အသွေးအားနည်းမှုများကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှု ကျဆင်း နေခြင်းကိုလည်း အစိုးရက အလေးထားဆောင်ရွက်ပေးနိုင်ဖို့ အထူးလိုအပ်လှပါတယ်။ ကျေးလက်နေ ပြည်သူအများစုဟာ မိမိ လိုအပ်နေတဲ့ လယ်ယာသုံးဆက်စပ်ပစ္စည်းများကို လိုက်လံရှာဖွေဝယ်ယူနေ ရချိန်မှာ မိမိလယ်ယာ ထွက်ကုန်ပစ္စည်းများကိုတော့ ပွဲစားကုန်သည်များရဲ့ သတ်မှတ်ထားသော ကာလ ပေါက်ဈေးဖြင့်သာ ရောင်းချနေရပါတယ်။ လယ်ယာထွက်ကုန်များကို ရောင်းချရာမှာ အကျိုးအမြတ် ရရှိနိုင်သော ဈေးနှုန်းဖြစ်စေရေးအတွက် သီးနှံပေါ်ချိန်မှာ တောင်သူအဖွဲ့အစည်းတစ်ခုခုက ကုန်သည် များနှင့်ညှိနှိုင်းကာ ဈေးနှုန်းကို စံနှုန်းသတ်မှတ်ပြီး ဝယ်ယူပေးသင့်ပါတယ်။ သို့မှသာ အာမခံချက် ရှိသော စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော့်မဲဆန္ဒနယ်မှာ တောင်သူ အချို့ဟာ အထွက်နှုန်း ကောင်းသော စပ်မျိုးစပါးအသစ်များကို လက်ခံစိုက်ပျိုးလာနေကြပြီဖြစ် ပါတယ်။ သို့သော်လည်း စပ်မျိုးစပါးမျိုးစေ့အသစ်များ ဝယ်ယူရာမှာ လွယ်လွယ်ကူကူဖြင့် ဝယ်ယူ မရရှိဘဲ စိုက်ပျိုးရန် အခက်အခဲဖြစ်နေကြပါတယ်။ မျိုးကောင်းမျိုးသန့်၊ ချေးငွေ၊ စိုက်ပျိုးရေ၊ ဓာတ်မြေသြဇာနှင့် နည်းပညာတို့ကို အချိန်မီလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မှသာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ နိုင်မှာဖြစ်ပါတယ်။

လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျေးလက်နေပြည်သူအများစုအတွက် စိုက်ပျိုးရေး လုပ်ငန်းနဲ့ တွဲဖက်လုပ်ငန်းကတော့ မွေးမြူရေးလုပ်ငန်းပဲဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ တွဲဖက်လုပ်ကိုင်နိုင်ဖို့ဆိုရင် မွေးမြူရေးမြေနေရာများ၊ စားကျက်မြေနေရာများ သတ်သတ်မှတ်မှတ် ဖြစ်ရေးက အဓိကလိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ မွေးမြူရေးမြေနေရာအဖြစ် အတည်ပြုသတ်မှတ် ပေးနိုင်မှသာလျှင် စိုက်ပျိုးရေး၊ မွေးမြူရေးအစီအမံများ စနစ်တကျရေးဆွဲကာ စိုက်ပျိုးမွေးမြူ ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင်ကြက်မွေးမြူရေးဇုန်အဖြစ် သတ်မှတ်ထားသော မြေနေရာများကိုလည်း ဇီဝလုံခြုံမှုပြည့်စုံကောင်းမွန်သော အစီအမံများချမှတ်ကာ ပြင်ဆင်ဆောင်ရွက် ပေးသင့်ကြောင်း အကြံပြုတင်ပြလိုပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလာပါက လူကိုပါ ကူးစက်နိုင်သောရောဂါဖြစ်တာကြောင့် အထူးဂရုစိုက်ဆောင်ရွက်သင့်ပါတယ်။ တစ်ပိုင်တစ်နိုင်ဖြစ်စေ၊ စီးပွားဖြစ်ဖြစ်စေ မွေးမြူရေးလုပ်ငန်းအားလုံးအတွက် တိရစ္ဆာန်ကျန်းမာရေးနှင့် ဇီဝလုံခြုံရေးက အဓိကဖြစ်ပါတယ်။ ခွာနာ၊ လျှာနာရောဂါ၊ ဝက်နားရွက်ပြာရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ စသည့် ကူးစက်နိုင်သော ရောဂါများမဖြစ်ပွားစေရေးအတွက် မွေးမြူသူများကို လိုက်နာဆောင်ရွက်ရန်နှင့် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများကို အစိုးရကပြဋ္ဌာန်းသတ်မှတ်ပေးရန် လိုအပ်ပါတယ်။ ကျေးလက် နေပြည်သူများမှာ မွေးမြူရေးအကျိုးအမြတ်ရရှိနိုင်မှသာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ရေရှည်လုပ်ကိုင်ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ မွေးမြူရေးထုတ်ကုန်ဖြစ်သော သိုး၊ ဆိတ်၊ ဝက်၊ နွားတိရစ္ဆာန်များကို ကန့်သတ်ချက်များဖြင့် တိုင်းကြား၊ ပြည်နယ်ကြား သယ်ယူပို့ဆောင်ရောင်းဝယ် နေကြရပါတယ်။ မွေးမြူသူများအနေနဲ့ကတော့ မွေးမြူရေးအကျိုးအမြတ်မဆိုထားနှင့် တန်ရာ တန်ကြေးကိုတောင် တစ်ခါတစ်ရံမရကြဘူးဖြစ်နေကြပါတယ်။ မွေးမြူရေးထုတ်ကုန် တိရစ္ဆာန်များကို သယ်ယူပို့ဆောင် ရောင်းချရာတွင်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရှိသော တိရစ္ဆာန်များကိုသာ လွတ်လွတ်လပ်လပ် သယ်ယူပို့ဆောင်ရောင်းချခွင့်ပြုရပါ့မယ်။ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသော ဈေးကွက်ဖြစ်ပေါ်လာမှသာ ကျေးလက်နေပြည်သူများ မွေးမြူခြင်းကို စိတ်ဝင်တစားမွေးမြူလာကြမှာ ဖြစ်ပါတယ်။ ကူးစက်ရောဂါကင်းဝေးပြီး ကျန်းမာရေးကောင်းမွန်သော မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းနိုင်စေရေးအတွက် နယ်စပ်မှဖြတ်ကျော်ဝင်ရောက်နေသော ကျန်းမာ ရေးကောင်းမွန်ကြောင်း ‌ထောက်ခံချက်ကင်းမဲ့နေသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို လည်း စနစ်တကျတားဆီးပိတ်ပင်အရေးယူနိုင်ဖို့ လိုအပ်ကြောင်း တင်ပြရင်း အဆိုရှင် ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က တင်သွင်းသည့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧကအထွက်နှုန်းမြင့်မားလာ စေရန် စိုက်ပျိုးရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့်အစီအမံ များအား ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို လေးလေးနက်နက် ထောက်ခံတင်ပြအပ်ပါတယ်ခင်ဗျား။

ဦးဌေးငွေ(မြောင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ် ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးငွေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးရဲ့အဆိုကို အကြံပြုထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ရဲ့စားနပ်ရိက္ခာ ဖူလုံရေးဟာ နိုင်ငံတော်ရဲ့လုံခြုံမှု ဖြစ်သလို နိုင်ငံသားတိုင်းရဲ့လုံခြုံမှုလည်း ဖြစ်ပါတယ်။ ယနေ့ နိုင်ငံ့ လူဦးရေဟာ တစ်နေ့တခြားတိုးပွားလာပြီး တိုးပွားလာတဲ့လူဦးရေနှင့်အညီ မြို့/ရွာတွေဆောက်၊ လမ်းတွေဖောက်ခဲ့လို့ စိုက်ပျိုးမြေဟာ တဖြည်းဖြည်းကျဉ်းကျဉ်းလာပါတယ်။ ယခင်ကိုလိုနီခေတ်နှင့် ဖဆပလခေတ်ကဆိုရင် လူတစ်ဦးကို မြေယာပိုင်ဆိုင်မှု တစ်ဧကခွဲရှိရာက ယနေ့ဆိုရင် မြေတစ်ဧကကို လူသုံးဦးသာပိုင်ဆိုင်ပြီး နောင်ဆိုရင် တစ်ဧကကို လူငါးဦးနှုန်းမြေယာပိုင်ဆိုင်မှု ဖြစ်လာမှာပါ။ သဘောကတော့ တစ်ဧကထွက်တဲ့သီးနှံကို လူငါးဦးက မျှတစိုက်ရမယ့်သဘော ဖြစ်နေပါတယ်။ တစ်ဧကစီ တစ်ဧကစီ အထွက်နှုန်းကျတိုင်း ကျတိုင်း လူငါးဦးစီ၊ ငါးဦးစီက ထမင်းငတ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တခြားတိုးပွားလာတဲ့ လူဦးရေကို စားနပ်ရိက္ခာဖူလုံဖို့ တဖြည်းဖြည်း ကျဉ်းကျဉ်း လာတဲ့ မြေယာကို စီမံခန့်ခွဲရာမှာ တစ်ဧက အထွက်နှုန်းတိုးရေးဟာ အဓိကကျလာပါတယ်။ ကျွန်တော်တို့ ဒီအရေးဟာ တစ်နိုင်ငံလုံးအရေး၊ တစ်ကမ္ဘာလုံးအရေးဖြစ်ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကို စိန်ခေါ်နေပါတယ်။ တစ်ဧက သီးနှံအထွက်တိုးဖို့ဆိုလို့ရှိရင် မိရိုးဖလာ လက်မှု လယ်ယာကနေ ခေတ်မီစက်မှုလယ်ယာအဖြစ်သို့ နည်းပညာပြောင်းလဲဖို့လိုပါတယ်။ နိုင်ငံတော်က လည်း ကုန်ထုတ်သွင်းအားစုတွေဖြစ်တဲ့ စိုက်ပျိုးစရိတ် ချေးငွေတို့၊ မျိုးကောင်းမျိုးသန့် ဓာတ်မြေ သြဇာတို့၊ စက်ကိရိယာတို့ စတဲ့ဟာတွေကို ပံ့ပိုးဖို့လိုပါတယ်။ အရင်လိုပဲ ရာသီဥတုက ဖောက်ပြန်၊ သွင်းအားစုကမကျန် နည်းပညာကမမှန်ရင်တော့ ကျေးလက်နေ ပြည်သူများ စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့နိုင်လို့ တစ်ဧကအထွက်နှုန်းတိုးရေးဟာ အစိုးရအနေနဲ့ အစီအမံများ အလျင်အမြန်ချမှတ်သင့်ပါတယ်။ တစ်ဖက်ကလည်း တစ်သီးစားစနစ်ကနေ နှစ်သီးစား၊ သုံးသီးစား၊ သီးထပ်၊ သီးညှပ်စနစ်ပြောင်းဖို့လိုပါတယ်။ သီးထပ်၊ သီးညှပ်စိုက်ရာမှာ စိုက်ပျိုးရေရရှိမှုက အင်မတန်မှအရေးကြီးလို့ မြန်မာပြည်အလယ်ပိုင်းမိုးနည်းရပ်ဝန်းမှာ စိုက်ပျိုးရေ မရလို့ သီးထပ်၊ သီးညှပ်မစိုက်ရတဲ့မြေဟာ တစ်နိုင်ငံလုံးမှာ သန်းချီပြီးတော့ရှိပါတယ်။ ဒါတွေဟာ နိုင်ငံတော်အတွက် အင်မတန်မှနစ်နာလှပါတယ်။ ကျွန်တော့်မဲဆန္ဒနယ်ဖြစ်တဲ့ မြောင်ဆိုရင် ချင်းတွင်း မြစ်နဲ့ ဧရာဝတီမြစ်ကြားမှာရှိပါတယ်။ စိုက်ပျိုးရေမရှိလို့ မရွာတဲ့မိုးကိုပဲမျှော်ကိုးကာ ထီထိုးသလို နှစ်သီးစား စိုက်နေရတဲ့မြေဟာ ဧကသောင်းချီရှိပါတယ်။ မိုးခေါင်လို့ တစ်ဧကအထွက်နှုန်းလည်း ထိုးကျ နေပါတယ်။ အခုလိုရက်ပိုင်းမှာ မိုးခေါင်၊ အောက်ပိုင်းမှာရေမြုပ်နေတဲ့အခြေအနေကနေ မြစ်ရေ၊ ချောင်းရေကို စနစ်တကျအသုံးချစီမံခန့်ခွဲဖို့ နိုင်ငံတော်ကလိုအပ်နေပါကြောင်း တင်ပြအပ်ပါ တယ်။ ဒါ့အပြင် တစ်ဖက်ကသီးနှံအထွက်တိုးဖို့လုပ်သလို တစ်ဖက်ကလည်း ထွက်သမျှသီးနှံတွေကို ဈေးကွက် ထဲကို ကုန်ချောအဖြစ်ရောက်အောင် အထူးလိုအပ်ပါတယ်။ ဒါမှလည်း လယ်ယာကဏ္ဍမှ ထပ်ဆင့် တိုးတန်ဖိုးတွေ ရလာမှာဖြစ်ပါတယ်။ ဥပမာပြရရင် ဖရဲသီးကုန်ကြမ်းကို မြန်မာက တရုတ်ကို ပို့တယ်။ တရုတ်က သူ့နိုင်ငံမှာ ကုန်ချောလုပ်ပြီးတော့ ပြည်ပကိုပြန်ပို့တဲ့အခါမှာ မြန်မာက တစ်ကျပ် ရရင် တရုတ်က သီးနှံမစိုက်ဘဲ ထပ်ဆင့်တိုးတန်ဖိုး ငါးကျပ်ထိရနိုင်တဲ့သဘော တရားပါပဲ။ ဒါကြောင့်မို့ ပြည်တွင်းမှာပဲ ကုန်ကြမ်းမှ ကုန်ချောအထိ ထုတ်လုပ်နိုင်အောင် ကြိုးစားသင့်ပါပြီ။ ဒါ့အပြင် စိုက်ပျိုး ရေးနဲ့တွဲဖက်ပြီး တစ်ပိုင်တစ်နိုင်မွေးမြူရေးကိုလည်း လယ်သမားများ တွဲစပ်ကာလုပ်နိုင်ရင် နိုင်ငံ အတွက်ပိုပြီး အကျိုးရှိမှာဖြစ်ပါတယ်။ ဝင်ငွေတိုးပြီးတော့ စားဝတ်နေရေးဖူလုံမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ကျွန်တော်တို့ စီးပွားရေးတက္ကသိုလ်ကျောင်းသားတုန်းက ကျမ်းပြုစာတမ်းရေးဖို့ လယ်သမား တွေထံ ကျွန်တော်တို့ ဒီကိစ္စကွင်းဆင်းလေ့လာတဲ့အခါမှာ လယ်သမား အများစုဟာ ဝက်တို့၊ ကြက်တို့၊ ဘဲတို့မွေးရမှာကို အကုသိုလ်အလုပ်ဆိုပြီးတော့ တွန့်ဆုတ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် မွေးမြူရေး ကဏ္ဍကို စိုက်ပျိုးရေးနဲ့ သီးသန့်ခွဲပြီးတော့ လုပ်သင့်ပါကြောင်းနှင့် မွေးမြူရေးကဏ္ဍကိုလည်း တိုးတက်အောင် နိုင်ငံတော်မှ အလေးထားဆောင်ရွက်သင့်ပါကြောင်း၊ အကြံပြုရင်း ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးရဲ့အဆိုကို လေးနက်စွာထောက်ခံအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးအောင်သိုက် (ဆိပ်ဖြူမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း      လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်း ဒေသကြီး၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏အဆိုကို အကြံပြု ထောက်ခ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ၇၀ ရာခိုင်နှုန်း မှာ ကျေးလက်နေပြည်သူများဖြစ်ပါတယ်။ ၎င်းကျေးလက်နေပြည်သူအများစုမှာ ဆင်းရဲကြပါတယ်။ အချို့ဆိုလျှင် ဆင်းရဲမှန်းတောင်မသိအောင် ဆင်းရဲနေကြပါတယ်။ ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်ကနေပြီး ယနေ့ထိ ရွာတစ်ရွာကို ကျပ်သိန်း ၃၀၀ နှုန်းဖြင့်‌ စီးပွားရေးလုပ်ဖို့အတွက် လုပ်ငန်းလည်ပတ်နိုင်အောင် အပိုင်သဘောမျိုးပေးထားတာကို တွေ့ရှိရပါ တယ်။ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ခြင်း၊ သိသိသာသာမဖြစ်သေးသော်လည်း သိန်း ၃၀၀ ရရှိသော ကျေးရွာများမှာ အနည်းငယ်သာ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်သည်ကို တွေ့နေရပါတယ်။ ဒီစနစ်ကို တစ်နိုင်ငံလုံးရှိ ကျေးရွာများကို တစ်ရွာပြီးတစ်ရွာစီမံကိန်းချမှတ်ပြီး တိုး၍တိုး၍ပေးသွားနိုင်မယ်ဆိုရင် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျေးလက်နေပြည်သူအများစုဟာ ရှေးယခင်ကတည်းက စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထားပြီးတော့ လုပ်ကိုင်ခဲ့ကြပါတယ်။ ယခုအခါမှာ စိုက်ပျိုးရေးကဏ္ဍမှာ ရာသီဥတုက ဖောက်ပြန်ကျသဖြင့် များစွာဆုံးရှုံးခဲ့ရပြီး မျိုးပြန်ရအောင်ပင် အမြဲစိုက်ပျိုးနေကြရပါ တယ်။ ကျွန်တော်တို့ အညာဒေသသည် ထန်းပင်များပေါများပြီး ထန်းပင်မှရရှိသော လူ့အသုံး အဆောင်များ၊ စားသောက်စရာများ လွန်စွာမှပေါပါတယ်။ ထန်းပင်မှရသောပရိဘောဂများကို နိုင်ငံခြားသို့ ပို့နိုင်သောအဆင့်ဖြစ်အောင် ထန်းရည်မှရသောမုန့်မျိုးစုံတို့ကို ခေတ်မီနည်းစနစ်များဖြင့် ထုတ်ပိုးပြီး နိုင်ငံတကာသို့ Export လုပ်နိုင်အောင် နည်းပညာများကို အစိုးရမှ တောင်သူလယ်သမား များကိုပံ့ပိုးနိုင်ရန် အလွန်အရေးကြီးပါတယ်။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှာ ထန်းလျှက်များကို ပုံစံအမျိုးမျိုးပြုလုပ်ပြီး ထန်းတင်မကပါဘူး။ တခြားသူတို့ပစ္စည်းတွေအားလုံး စားစရာသောက်စရာပစ္စည်းတွေကို Online မှတစ်ဆင့် နိုင်ငံတကာကို ရောင်းချနေတာကို တွေ့ရှိနေရ ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မွေးမြူရေးကဏ္ဍတွင်လည်း စီးပွားဖြစ်မွေးမြူရေး၊ တစ်နိုင်တစ်ပိုင်မွေးမြူ ရေး အစရှိတဲ့ကဏ္ဍများတွင် နိုင်ငံတော်မှ ကူညီထောက်ပံ့မှုနည်းပါးနေသေးတာကိုလည်း လေ့လာ တွေ့ရှိရပါတယ်။ အညာဒေသသည် ဆိတ်မွေးမြူရေးကဏ္ဍတွင် လွန်စွာအားကောင်းသော်လည်း ပြန်လည်ရောင်းချရာတွင် ဈေးကောင်းမရကြပါ။ နယ်စပ်ဒေသမှာ ဆိတ်ဈေးသည် အင်မတန်မှ ကောင်းပြီး တရားဝင်ကုန်သွယ်ရောင်းချခွင့်ရရှိပါက တိရစ္ဆာန်မွေးမြူသူများအနေဖြင့် အခုထက်ပို၍ အဆင်ပြေလာမှာ ဖြစ်ပါတယ်။ ၁၂-၈-၂၀၁၆ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Economic and Commercial Counsellor အဖွဲ့တို့က နေပြည်တော်မှာ ကျွန်တော်တို့ ကျွဲ၊ နွားနှင့် အသားတင်ပို့မှု နယ်စပ်ဒေသကြီး ရောဂါစစ်ဆေးရေးဓာတ်ခွဲခန်းများ အဆင့်မြှင့်‌တင်ရေးနှင့် ခေတ်မီဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ရေး ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းကို The Voice သတင်းစာမှာ တွေ့ရှိရပါတယ်။ ကျေးလက်နေတိရစ္ဆာန်မွေးမြူရေး မွေးမြူသူများဟာ တရားဝင်ရောင်းချရတော့မှာမို့ အားတက်စရာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ စိုက်ပျိုးရေးကဏ္ဍဖြစ်တဲ့ စပါးစိုက်ပျိုးသည့်အခါ ကျွန်တော်တို့ အညာ ဒေသမှာ တစ်ဧကကို စပါးတင်း ၉၀ ထက်ပိုမထွက်ပါဘူး။ အိမ်နီးနားချင်းနိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှာ ကမ္ဘာပေါ်မှာ ဆန်စပါးထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့က ၎င်းနိုင်ငံများကို အတုယူရမှာဖြစ်ပါတယ်။ လျှပ်စစ်မြစ်ရေတင်စီမံကိန်းအနီးရှိတဲ့ ကျေးရွာများသာ ဆန်ရေစပါးများ ကောင်းစွာစိုက်ပျိုးနိုင်ပြီး ကျန်ဒေသများမှာ မိုးကိုသာမျှော်၍ စိုက်ပျိုးနေရပြီး မိုးခေါင်လျှင်ဒုက္ခရောက်ရသည်မှာ အကြိမ်ကြိမ်အခါခါဖြစ်နေပြီ ဖြစ်ပါတယ်။ မနေ့တစ်နေ့က ကျွန်တော့်မဲဆန္ဒနယ်မှ တောင်သူဦးကြီးတစ်ယောက်က သူတို့ဒေသမှာ ရေကန်တွေ ပြည့်ပြီး မိုးရေရတဲ့အကြောင်း အားရဝမ်းသာသတင်းပို့လာပါတယ်။ တောင်သူကြီးများ ပြောဆိုမှုကို နားထောင်ခြင်းအားဖြင့် မိုးရေသည်တောင်သူများအတွက် အလွန်အရေးကြီးသော စိုက်ပျိုးရေဖြစ် သည်ကို တွေ့ရှိရပါတယ်။ ဒါကြောင့် မိုးရေကို စနစ်တကျသိုလှောင်နိုင်ရေးအတွက် လိုအပ်သောနေရာ များမှာ ဆည်တည်ဆောက်ရန် လိုအပ်ကြောင်း အကြံပြုလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေဖြင့် အကြံပြုရလျှင် နိုင်ငံ၏ဆင်းရဲမှုလျော့ကျစေရန် နိုင်ငံသားအများစုနေထိုင်ကြသော ကျေးလက်ဒေသရှိ ပြည်သူများ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ် သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ယခုထက်ပိုမို၍ နည်းပညာ၊ အသိပညာအရင်းအမြစ်များ ပိုမို ဖြစ်ထွန်းလာစေရေး ကူညီထောက်ပံ့ပေးရန် လိုအပ်လျက်ရှိပါကြောင်းနှင့် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး ၏ အဆိုကို လေးလေးနက်နက်ထောက်ခံရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါ တယ်။

ဦးမြတ်လေးဦး(ထီးလင်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ထီးလင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦး ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ဝေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး တင်သွင်းတဲ့ အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ နိုင်ငံ လူဦးရေရဲ့ ၇၃ ရာခိုင်နှုန်းကျော် ၃၆ သန်းကျော်သော ပြည်သူလူထုများဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီးတော့ လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း နေထိုင်    ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါတင်မက တိုင်းပြည်ရဲ့ အဓိကစားနပ်ရိက္ခာဖြစ်တဲ့ ဆန်စပါးနှင့် ဆီ၊ အခြားသီးနှံများကိုလည်း လူထုကပဲ ဖြည့်တင်းပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍကိုလည်း အဓိကဦးဆောင်ပြီးတော့မှ ပေးနေတဲ့ ကဏ္ဍကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒီလောက်အရေးကြီးတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို နိုင်ငံတော်အနေနဲ့ အပြည့်အဝပံ့ပိုးပေးဖို့ဟာ အင်မတန်မှ လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။ ယခုအချိန်မှာ လိုအပ်ချက်အမျိုးမျိုး တွေကြောင့် တောင်သူတွေဟာ မိမိလုပ်ငန်းအပေါ်မှာ ယုံကြည်မှုနည်းပါးလာပြီးတော့မှ လယ်ယာ လုပ်ငန်းကိုစွန့်လွှတ်ကာ အခြားလုပ်ငန်းတွေကို ရွှေ့ပြောင်းလုပ်ကိုင်နေကြတာကို တွေ့ရှိရပါတယ်။ ယခုအချိန်မှာဆိုလို့ရှိရင် တိုင်းပြည်ရဲ့တိုးတက်လာသော လူဦးရေနှင့်အလိုက် လိုအပ်သော စားနပ်ရိက္ခာဟာလည်း မြင့်တက်လာနေတာကို တွေ့ရှိနေရပါတယ်။ အဲဒါနှင့်အတူပဲ ကျွန်တော်တို့နိုင်ငံ ရဲ့လယ်ယာကဏ္ဍ အဓိကသယံဇာတဖြစ်တဲ့ လယ်ယာမြေတွေဟာ တစ်စတစ်စနဲ့ ဆုတ်ယုတ်လာတာ တွေကိုလည်း ကျွန်တော်တို့အနေနဲ့ တွေ့မြင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအနေနဲ့ကြည့်မယ်ဆိုရင် နိုင်ငံစီးပွားရေးရဲ့ ၄၂ ရာခိုင်နှုန်း ဟာ လယ်ယာထွက်ကုန်အပေါ်မှာ အခြေပြုနေတာကိုတွေ့ရတဲ့အတွက် လယ်ယာဖွံ့ဖြိုးတိုးတက်ရေးဟာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဓိကတိုက်ရိုက် ဆက်စပ်နေတယ်ဆိုတာကို မြင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့၊ တိုင်းပြည်ရဲ့စားနပ်ရိက္ခာ လုံလောက်စေဖို့အတွက်၊ ကျေးလက်နေပြည်သူများရဲ့ဘဝ မြင့်မားစေဖို့အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ အကောင်းဆုံးအစီအမံများချမှတ်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အခြေခံ လူ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ဒီတောင်သူလယ်သမားတွေကို ယခင်အစိုးရလက်ထက်အဆက် ဆက်မှာ တာဝန်ကျစပါးပေးသွင်းရခြင်းမှအစ လယ်ယာမြေသီးနှံရတဲ့အထိ အခြေခံနေရတာကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအစိုးရလက်ထက်မှာ အကောင်းဆုံးပြုပြင်ပြောင်းလဲမှု တွေလုပ်ပြီးတော့မှ လယ်ယာကဏ္ဍကို အထောက်အပံ့များပေးသင့်ပါကြောင်း တင်ပြအပ်ပါတယ်။ ယခု အချိန်အထိ နိုင်ငံတော်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးတာကလွဲရင် ထိရောက်တဲ့ကူညီပံ့ပိုးမှု တွေ မဆောင်ရွက်နိုင်သေးတာကိုတွေ့မြင်ရပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေဆိုတာမှာလည်း လုံလောက် တဲ့ချေးငွေမဟုတ်ဘဲ တောင်သူများအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေအတွက် အရပ်ထဲမှာ အနည်းဆုံး ငါးကျပ်၊ အများဆုံး ၁၅ ကျပ် အတိုးကိုပေးပြီးတော့မှ ချေးနေရဆဲပဲဖြစ်ပါတယ်။ ဒါဟာလည်း တောင်သူလယ်သမားတွေရဲ့ အဓိကပြဿနာတစ်ခုပဲဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေကို လိုအပ်တဲ့အချိန်မှာ လုံလောက်စွာရရှိရေးဟာလည်း အလွန်မှ အရေးကြီးလှပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လယ်ဧကပေါင်း ၁၆ သန်းကျော်ရှိတဲ့အနက်က   ၁၂ ရာခိုင်နှုန်းသာ ရေလုံလောက်စွာပေးနိုင်ပြီးတော့မှ နွေစပါးကို ၂၀ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ပါ တယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ မိုးစပါးသာ စိုက်ပျိုးနိုင်ကြောင်းကို ကျွန်တော်တို့ စစ်တမ်းများ အရ သိရှိနေရပါတယ်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှာဆိုလို့ရှိရင် ရှိတဲ့လယ်ဧက ၇၀ ရာခိုင်နှုန်းအထိ ရေလုံလောက်စွာပေးနိုင်ပြီးတော့မှ သီးနှံများအောင်မြင်ဖြစ်ထွန်းနေတာကို ကျွန်တော်တို့သိရှိနေရပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာလည်းပဲ လိုအပ်တဲ့နေရာတွေမှာ သဘာဝဝန်းကျင်ကို မထိခိုက်စေဘဲနဲ့ ဆည်ငယ်၊ ကန်ငယ်များကို တည်ဆောက်ပေးသင့်ပါကြောင်း ကျွန်တော့်အနေနဲ့ အကြံပြုဆွေးနွေးလိုပါတယ်။ အဲဒီလို ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ပေးခြင်းအားဖြင့် စိုက်ပျိုး ရေးကဏ္ဍနှင့်ပူးပေါင်းပြီးတော့မှ မွေးမြူရေးကဏ္ဍများကိုလည်းပဲ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်ခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံရဲ့ တောင်သူလယ်သမားတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မူလ တန်းပညာသာ သင်ကြား‌ခဲ့ရကြောင်း ၃၀ ရာခိုင်နှုန်းမှသာလျှင် အလယ်တန်းပညာ၊ အထက်တန်းပညာ များသင်ကြားခဲ့ရကြောင်းကို ကျွန်တော်တို့စစ်တမ်းများအရ သိရှိရပါတယ်။ အဲဒါဟာဆိုလို့ရှိရင် တခြား နည်းပညာအထောက်အကူပစ္စည်းတွေ ဓာတ်မြေသြဇာ အသုံးပြုတဲ့နေရာတွေမှာ နည်းလမ်းစနစ်ကျနမှု မရှိတာတွေဟာ ဒါတွေဟာအခြေခံပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဆန်စပါးအထွက်နှုန်းဟာ အရှေ့တောင် အာရှမှာ အထွက်နှုန်း လျော့နည်းနေတာကိုလည်း စစ်တမ်းများအရ သိရှိရပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ တစ်ဧကပျမ်းမျှ အထွက်နှုန်းဟာ ၂၃ ကီလိုသာထွက်ရှိပြီး ထိုင်းနှင့် ကမ္ဘောဒီးယားမှာဆိုလို့ရှိရင် ၂၀၀ ကျော်ထိထွက်ရှိနေတာကို ကျွန်တော်တို့တွေ့ရှိနေရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အနေနဲ့ နည်းပညာအထောက်အကူတွေ၊ ပစ္စည်းအထောက်အကူတွေ ပေးဖို့ဟာ အင်မတန်မှ အရေးကြီး ကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ နောက်ဆုံးအနေနဲ့ တင်ပြလိုတာကတော့ သီးနှံ ဈေးနှုန်းမှန်မှန်ကန်ကန်ရရှိရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်တယ်လို့ဆိုသော်ငြားလည်း မပီပြင်သေးတဲ့အချိန်မှာ တောင်သူတွေဟာ ကုန်သည်ပွဲစားတွေရဲ့ ညှိနှိုင်းစီးပွားရေးဈေးကွက်နှင့် ကြုံပြီးတော့မှ ဈေးအဆမတန် နှိမ်ဝယ်တာတွေကို ကျွန်တော့်တို့အနေနဲ့ တွေ့ရှိနေရတာဖြစ်သလို ဈေးကွက် အာမခံချက်မရှိတာကိုလည်းပဲ ကျွန်တော်တို့ အနေနဲ့ တွေ့ရှိနေရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အနေနဲ့ သီးနှံများကို အာမခံချက်ပေးသင့် ပါကြောင်း အကြံပြုဆွေးနွေးလိုပါတယ်။

နိဂုံးချုပ်တင်ပြချင်တာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ လယ်ယာကဏ္ဍကိုတိုးတက်ဖို့ဆိုရင် (၁) တောင်သူတွေရဲ့ ထာဝရသယံဇာတဖြစ်တဲ့ မြေယာတွေပြန်လည်ရရှိရေး၊ (၂) စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေး၊ (၃) စိုက်ပျိုးရေရရှိရေး၊ (၄) မျိုးကောင်းမျိုးသန့်ရရှိရေး၊ (၅) စိုက်ပျိုးသီးနှံများအတွက် ဈေးကွက်ရရှိရေး၊ ဈေးနှုန်းမှန်ကန်ရေး၊ (၆) နည်းပညာနှင့်အထောက်အကူပစ္စည်းများရရှိရေး၊ (၇) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လယ်ယာကဏ္ဍမှာတိုးမြှင့်ရေး အစရှိတဲ့တိုးမြှင့်မှုလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးမှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ လယ်ယာကဏ္ဍဟာ တိုးတက်လာမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတော်မှ လိုအပ်‌တဲ့အစီအမံများကို ဆောင်ရွက်မှုပြု နိုင်ပါရန် ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးတင်သွင်းတဲ့အဆိုကို လေးလေးနက်နက်ထောက်ခံကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။

ဦးဇော်မင်းလွင် (မတ္တရာမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း               လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာသော ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ အားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါ တယ်။ ကျွန်တော်က တော့ မတ္တရာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး တင်သွင်းသောအဆိုကို ဖြည့်‌စွက် ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးကို ဦးစားပေးလုပ်ဆောင်ခြင်းဟာ နိုင်ငံတော်တိုးတက်အောင် လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ ကျေးလက်နေပြည်သူများရဲ့ ၇၀ ရာခိုင်နှုန်းဟာ တောင်သူလယ်သမား များဖြစ်ပါတယ်။ တောင်သူလယ်သမားအများစုဟာ ဆင်းရဲနွမ်းပါးလျက်ရှိပါတယ်။ တောင်သူလယ် သမားများဆင်းရဲနွမ်းပါးရခြင်းရဲ့ အဓိကအချက်ဟာ လယ်မဲ့ယာမဲ့များ များပြားခြင်း၊ ဝင်ငွေနည်းပါး ခြင်း၊ ပညာဗဟုသုတခေါင်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိခြင်း၊ အခြေခံအဆောက် အဦနှင့် ထောက်ပံ့မှုနည်းပါးခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါးနေရခြင်းဖြစ်ပါတယ်။ World Bank Economic and Sector Work အစီရင်ခံစာ စာရင်းအရ မြန်မာနိုင်ငံမှာ ကျေးလက်အိမ်ထောင်စု ၆၀ ရာခိုင်နှုန်းကျော်ဟာ မြေမဲ့ယာမဲ့များဖြစ်နေတာကို တွေ့ရပါတယ်။ ၅ ဧကအောက်ပိုင်ဆိုင်သူ ၇၅ ရာခိုင်နှုန်းရှိနေပါတယ်။ ၂.၅ ဧကအောက်ပိုင်ဆိုင်သူကတော့ ၄၂.၇၅ ရာခိုင်နှုန်းရှိနေတယ်လို့ သိရှိရ ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ မြေမဲ့ယာမဲ့ဖြစ်နေသော အမှန်တကယ်လုပ်ကိုင်မယ့် တောင်သူများကို မြေယာများဖန်တီးပေးဖို့ လိုအပ်ပါတယ်။ အဓိကဦးစားပေးအနေနဲ့ မြေယာ သိမ်းဆည်းခြင်းခံရသော မြေမဲ့ယာမဲ့တောင်သူများကို မြေသိမ်းဥပဒေနှင့် ညီညွတ်ခြင်းမရှိခဲ့တဲ့ သိမ်းဆည်းမှုတွေအပေါ်မှာ ပြန်လည်ပြီးတော့ မြေယာရရှိဖို့အတွက်၊ ပေးအပ်ဖို့အတွက် မူတစ်ရပ် အနေနဲ့ ချမှတ်ဆောင်ရွက်ပေးသင့်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ထားတဲ့ နေရာမှာ လည်း လုပ်ငန်းရှင်ကြီးများအတွက် လုပ်ပိုင်ခွင့်လျှောက်ထားရာမှာ လွယ်ကူခြင်းတွေဖြစ်ပြီးတော့ ဒေသခံတောင်သူလယ်သမားများအတွက် လုပ်ပိုင်ခွင့် လျှောက်ထားရာမှာ ခက်ခဲမှုတွေတွေ့ခဲ့ရပါတယ်။ လုပ်ပိုင်ခွင့်ရရှိပြီး စီမံကိန်း အကောင်အထည်ဖော်ဆောင်ခြင်းမရှိတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း တွေကို ဥပဒေနှင့်အညီ ပြန်လည်စစ်ဆေးပြီး မြေမဲ့ယာမဲ့တွေကို ပြန်လည်ချထားပေးသင့်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြေယာမဲ့တောင်သူများကို မြေယာဖန်တီးပေးဆောင်ဖို့လိုအပ်သလို လယ်ယာစိုက်ပျိုးရေးတိုးတက်ရေးနှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေးအတွက် နိုင်ငံတော်အနေဖြင့်  နည်းပညာနှင့်အသိပညာများ ပံ့ပိုးပေးခြင်း၊ လွတ်လပ်စွာစိုက်ပျိုးထုတ်လုပ် ရောင်းချခွင့်ပြုပေးခြင်း၊ စိုက်ပျိုးစရိတ်ကို လုံလောက်စွာ အချိန်မီထုတ်ပေးခြင်း၊ သင့်တင့်‌သော သီးနှံဈေးနှုန်းရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ဒေသနှင့်သင့်လျော်ကိုက်ညီသော လယ်ယာမြေ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးခြင်း၊ တာဝန်ယူအာမခံ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို ပွားများထုတ်ပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် သွင်းအားစုအားလုံးကို ဈေးနှုန်းသက်သာချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးခြင်း၊ ရေစီမံခန့်ခွဲမှုကို အကျိုးရှိရှိ စနစ်တကျအချိန်ကိုက် စီမံဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို သိပ္ပံနည်းကျ စနစ်တကျမွေးမြူနိုင်အောင် ပညာပေးလေ့ကျင့်ပေးခြင်း၊ ကျေးရွာ တိုင်းအား ဆေးပေးခန်းများဖွင့်လှစ်ပေးခြင်း၊ သက်ကြီးအလွတ်သင်ပညာရေးအစီအမံများ ဖွင့်လှစ်ပေး ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ ကျေးရွာတိုင်းအား နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်၊ ဒီဇယ်၊ ဓာတ်ဆီတစ်ခုခုကိုအခြေခံပြီး စွမ်းအင်ရရှိအောင် ဆောင်ရွက် ပေးခြင်း၊ ကျေးရွာချင်းဆက်လမ်းများအား ကောင်းမွန်အောင်စီမံပေးခြင်းလုပ်ငန်းများကို လုပ်ဆောင် ပေးဖို့လိုအပ်ပါတယ်။

          လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့ ဖြည့်စွက်အကြံပြု‌ဆွေးနွေးလိုတာကတော့ စိုက်ပျိုးရေးလုပ်ငန်းနှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေရန် အကောင် အထည်ဖော်ဆောင်ရွက်ပေးဖို့လိုအပ်သလို မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လိုစိတ်မရှိသော တောင်သူများအတွက်လည်း စဉ်းစားပေးဖို့လိုအပ်ပါတယ်။ စိုက်ပျိုးရေးနှင့်တွဲဖက်၍ ဒေသနှင့် ကိုက်ညီသော အသေးစားစက်မှုလုပ်ငန်းများထူထောင်ပေးခြင်း၊ ဒေသထွက်ကုန်များကို ကုန်ချော အဖြစ် ဖန်တီးနိုင်အောင် အသိပညာ၊ အတတ်ပညာများ၊ အရင်းအနှီးများကို ကူညီပံ့ပိုးပေးခြင်းများ ကိုလည်း နိုင်ငံတော်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်ဆိုတာကို ဖြည့်စွက်ပြီး တင်ပြအပ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဖြည့်စွက်အဆိုနှင့်အတူ အဆိုရှင် ဦးတင်ထွေးရဲ့အဆိုအား ထောက်ခံတင်ပြအပ်ကြောင်း လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးထွန်းထွန်း (ပွင့်ဖြူမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း           လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ဦးစွာ နှုတ်ခွန်းဆက်သပါ တယ်။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က ၁၁-၈-၂၀၁၆ ရက်နေ့တွင် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူနေမှုအဆင့််‌အတန်း မြင့်မားရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧကအထွက်နှုန်းမြင့်မားလာစေရန် စိုက်ပျိုးရေးနှင့် တစ်နိုင် တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့်အစီအမံများအား ဦးစားပေး အကောင် အထည်ဖော်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အကြံပြု ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေတောင် သူလယ်သမားများဖြစ်ကြ ပါတယ်။ ကျေးလက်နေတောင်သူလယ်သမားအများစုမှာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ဆင်းရဲမွဲတေမှုဒဏ်ကို အလူးအလှိမ့်ခါးစည်းခံခဲ့ရပါတယ်။ တောင်သူလယ်သမားများ၏ ဘဝ ဆင်းရဲ နေသရွေ့ တိုင်းပြည်လည်းဆင်းရဲတဲ့ တိုင်းပြည်တစ်ပြည် အဖြစ် ပါဝင်နေမှာဖြစ်ပါတယ်။ တောင်သူ ပျော်မှ တိုင်းပြည်ပျော်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တောင်သူလယ်သမားတို့၏ အကျိုးစီးပွားများကို ထိရောက်စွာမြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂၃ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်သည် တောင်သူလယ်သမားများ၏အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်ဟုလည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့်‌ အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးလည်းဖြစ်ပါတယ်။ တောင်သူလယ်သမားတို့၏အကျိုးစီးပွားများကို မြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးသည် နိုင်ငံစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသည့် လက်ငင်း လိုအပ်ချက်ဖြစ်သည်ဟု ဒုတိယသမ္မတကြီးမှလည်း ၅-၈-၂၀၁၆ ရက်နေ့ ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြောကြားခဲ့ပြီးပါပြီ။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်သူလယ်သမားတို့၏ အကျိုးစီးပွားကို မြှင့်တင်မယ်၊ ဆင်းရဲနွမ်းပါးမှုကိုလျှော့ချမယ်ဆိုလျှင် အရင်းအနှီးသွင်းအားစု၊ နည်းပညာစသည်တို့ကို နိုင်ငံတော်မှမဖြစ်မနေပံ့ပိုးပေးရန်လိုအပ်ပါတယ်။ ယနေ့အချိန်တွင် တောင်သူ လယ်သမားများအတွက် နိုင်ငံတော်မှထောက်ပံ့မှုများမှာ အင်မတန်မှနည်းပါးနေပါတယ်။ တောင်သူ လယ်သမားများအတွက် အရင်းအနှီးသည် အင်မတန်အရေးကြီးပါတယ်။ ယခုထုတ်ချေးနေသော ကာလတိုချေးငွေထက် ကာလလတ်၊ ကာလရှည်ချေးငွေများချေးပေးနိုင်ပါက ပို၍အဆင်ပြေမည်ဖြစ် ပါသည်။ နိုင်ငံတော်မှ လယ်တစ်ဧကလျှင် ၁၅၀၀၀၀ ကျပ်၊ ယာတစ်ဧကလျှင် ၂၀၀၀၀ ကျပ် ထုတ်ချေး ပေးသော်လည်း တောင်သူလယ်သမားများအတွက် စတင်ပြင်ဆင်သည့်အချိန်မှစ၍ ဈေးကွက်သို့ တင်ပို့ရောင်းချသည့်အချိန်ထိ ကုန်ကျစရိတ်များလုံလောက်မှုမရှိသေးပါ။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ အခန်း(၂) ပုဒ်မ(၃) ပုဒ်မခွဲ(က)တွင် အရင်းအနှီးရရှိရေးအတွက် တောင်သူလယ်သမားများဟာ သင့်တင့်သောချေးငွေဖြင့်‌ အကူအညီများ ပေး၍ အထောက်အကူပြုရန်လို့ပါရှိပြီးဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ သွင်းအားစုဟာလည်း တောင်သူလယ်သမားအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို စံချိန်စံညွှန်းနှင့် ကိုက်ညီပြီးဈေးနှုန်းချိုသာစွာ တောင်သူလယ်သမားများလက်ဝယ် အမှန်တကယ်ရောက်ရှိရန် လိုအပ် ပါတယ်။ ပြည်တွင်းဖြစ်ဓာတ်မြေသြဇာများကို ဟိုယခင်ကဲ့သို့ လုံလုံလောက်လောက်ထုတ်လုပ်ပြီး တောင်သူလယ်သမားတို့၏လက်ဝယ်သို့ ဈေးနှုန်းချိုသာစွာ လွတ်လွတ်လပ်လပ်ဝယ်ယူခွင့်ရရှိရန် လိုအပ်ပါသည်။ သို့သော်လည်း ပြည်တွင်းမှာထုတ်လုပ်သော ဓာတ်မြေသြဇာများကို တောင်သူများ လွတ်လပ်စွာဝယ်ယူခွင့်မရှိဘဲ တစ်ဦးတည်းသောကိုယ်စားလှယ်များကသာ ဝယ်ယူရရှိနေပါတယ်။ ယနေ့ အချိန်အခါမှာ စီးပွားရေးအဆင်‌မပြေ၍ နယ်တကာထွက်၍ အလုပ်လုပ်နေကြသဖြင့် လယ်ယာ လုပ်သားအင်အားရှားပါးမှုပြဿနာများလည်း ရင်ဆိုင်နေရပါတယ်။ ထိုအခက်အခဲများကို ဖြေရှင်း နိုင်ရန် တောင်သူလယ်သမားများ လိုအပ်သော လယ်ထွန်စက်၊ ကောက်ရိတ်စက်၊ စပါးခြွေစက်စသည့် လယ်ယာသုံးစက်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် အရစ်ကျဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်‌ ညှိနှိုင်းဆောင်ရွက်ပေးသင့်‌ပါတယ်။ ၎င်း စက်ကိရိယာများသည် အမှန်တကယ် လယ်သမားများအတွက် အသုံးဝင်သော်လည်း ဈေးနှုန်း အဆမတန် ကြီးမြင့်‌နေသည့်အတွက် ဝယ်ယူသုံးစွဲနိုင်ခြင်း မရှိကြသေးပါဘူး။

ဥက္ကဋ္ဌကြီးခင်ဗျား။ နည်းပညာဘက်ပိုင်းမှာလည်း အင်မတန်မှ အားနည်းလျက်ရှိပါတယ်။ အသိပညာနည်းပါးခြင်း၊ ဗဟုသုတနည်းပါခြင်းများကြောင့် မိရိုးဇလာ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ နှင့်သာ စိုက်ပျိုးလျက်ရှိပါသည်။ ခေတ်နှင့်ဒေသနှင့် ရာသီဥတုနှင့်ကိုက်ညီသော အထွက်တိုး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ စနစ်တကျ ရေသွင်းရေထုတ်လွယ်ကူပြီး ဧကကွက်များ ချဲ့ထွင် ပြုပြင်ခြင်းများ ပြုလုပ်နိုင်ရန် အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများ၊ ရုပ်သံလိုင်းများမှ ထုတ်လွှင့်‌ခြင်း အထူးသဖြင့်‌ မြို့နယ်ကျေးလက်ရှိ စိုက်ပျိုးရေးမန်နေဂျာများသည် လယ်ကွင်းများ၊ ယာကွင်းများသို့ ဆင်း၍လိုအပ်သော နည်းပညာများ၊ အသိပညာများ ရှင်းလင်းပြောကြားရန် လိုအပ် ပါတယ်။ အဲဒီလိုမဆောင်ရွက်ဘဲ ကောင်းပေသီးပေဆိုသော လယ်ကွင်းများတွင် ဆိုင်းဘုတ်များထောင်၊ စံကွက်များရိတ်ပြီး အထွက်တိုးနှုန်းများ ကောင်းသည်ဆိုပြီးတော့ အထက်သို့ တင်ပြနေကြပါတယ်။

လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အားဖြင့် ပြောရလျှင် တောင်သူလယ်သမားများ ကိုယ်စားပြုသောအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုခြင်း၊ သင့်‌တင့်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်များဖန်တီးခြင်း၊ သဘာဝဘေးအန္တရာယ်တစ်စုံတစ်ရာကြောင့်‌ ပျက်စီးဆုံးရှုံးမှုများ ထိခိုက် နစ်နာမှုများကို အလျင်အမြန် ကူညီထောက်ပံ့ခြင်း၊ ကျေးလက်နှင့် မြို့ပြဆက်သွယ်သော လမ်းများအား ကောင်းမွန်အောင်ဖန်တီးဆောင်ရွက်ပေးနိုင်မှ ကျေးလက်နေတောင်သူ လယ်သမားများ၏ အကျိုး စီးပွားကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်‌မို့လို့ နိုင်ငံတော်မှ တောင်သူလယ်သမားများရဲ့ လိုအပ် ချက်များကို အလျင်အမြန်အထောက်အပံ့ပေးပါရန် အကြံပြုရင်း ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ အဆိုကို လေးလေးနက်နက် ထောက်ခံအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဗိုလ်မှူးဇင်မျိုးလတ် (တပ်မတော်သားကိုယ်စားလှယ်) မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊  ဧည့်သည် တော်များအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇင်မျိုးလတ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝေါမဲဆန္ဒနယ်က ဦးတင်ထွေး တင်သွင်းသွားတဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ Power Point သုံးစွဲခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကိုအ‌ခြေခံတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးဟာ ကျေးလက်နေပြည်သူများဖြစ်ကြပါတယ်။ ကျေးလက်နေပြည်သူအများစုဟာ လယ်ယာမြေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်ကြပြီးတော့ ဆန်၊ စပါးဟာ နိုင်ငံရဲ့အဓိကကျတဲ့ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့အဓိကပို့ကုန်တိုးတက်ရေးနဲ့ တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝမြင့်မားရေးအတွက် စပါးတစ်ဧက အထွက်နှုန်း တိုးတက် ရေးဟာ လွန်စွာအရေးကြီးပါတယ်။ စပါးတစ်ဧက အထွက်တိုးဖို့အတွက် အရည်အသွေးနဲ့ အထွက်တိုး နှုန်းကောင်းတဲ့ မျိုးတွေဖြစ်ဖို့လိုပါတယ်။ အဲဒီအတွက် နိုင်ငံတကာအဆင့်မီ အသိအမှတ်ပြု စပါး မျိုးကောင်းမျိုးသန့် အထွက်တိုးမျိုးစပါးများကို တောင်သူလယ်သမားများထံ သင့်လျော်တဲ့ ဈေးနှုန်းနဲ့ လုံလောက်စွာ ဖန်တီးပေးနိုင်ဖို့လိုပါတယ်။ ဈေးကွက်မှာရှင်သန်နိုင်မယ့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်တဲ့ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးစိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် မျိုးစေ့ထုတ်ကုမ္ပဏီများ (Seed Industry) များ ပေါ်ထွန်းလာရေး  အားပေးကူညီ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မျိုးစေ့များလုံလုံလောက်လောက်ရရှိနိုင်ဖို့အတွက် ဝန်ကြီးဌာနမှ Seed  Flow မှန်ကန်စေရေးအတွက် မျိုးစေ့ထုတ်စီမံချက်တွေနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ် ပါတယ်။ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများရှိခဲ့ပါကလည်း ချက်ချင်းဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံထားဖို့ လိုပါတယ်။

တောင်သူလယ်သမားများလက်ဝယ်ကို ဈေးနှုန်းချိုသာစွာနဲ့ တိုက်ရိုက် ရောက်ရှိစိုက်ပျိုးနိုင်မည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed) ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းအစီအစဉ်များကို နိုင်ငံတော် အဆင့်၊ တိုင်းဒေသကြီးနှင့်‌ ပြည်နယ်အဆင့်၊ ခရိုင်မြိုနယ်အဆင့် စီမံချက်တွေရေးဆွဲပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့ လိုပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းများဟာ ဈေးနှုန်းတည်ငြိမ်ပြီး ခိုင်မာတဲ့ ပြည်တွင်းပြည်ပဈေးကွက်ရှိမှသာ အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ လိုအပ်ပါက တန်ဖိုးမြှင့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးကိုပါ နိုင်ငံတော်အစိုးရအနေနဲ့ စီမံဆောင်ရွက်ပေးသင့်ပါတယ်။ ရံဖန် ရံခါရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ပိုးဖြတ်ခြင်းစတဲ့ သဘောဝဘေးဒဏ်ခံရလို့ရှိရင် နစ်နာဆုံးရှုံးပြီး မူလ အရင်းအနှီးနှင့် စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်လည်ပေးဆပ်နိုင်အောင် နှစ်နှစ်သုံးနှစ်ပြန်လည် ရင်းနှီး ပြီးတော့ဆောင်ရွက်နေရကြောင်း သိရှိရပါတယ်။ သဘာဝဘေးအန္တရာယ်ခံရသော တောင်သူလယ် သမားများအတွက်လည်း အရင်းအနှီးမတည်ငွေများထောက်ပံ့မှုကို အထူးကိစ္စတစ်ရပ်အနေနဲ့ အချိန် အခါရာသီအမီ အလုံအလောက်ပြန်လည်ထုတ်ပေးဖို့ လိုပါတယ်။ နိုင်ငံတော်အနေနဲ့ တတ်စွမ်း သလောက် စိုက်ပျိုးရေးစရိတ်များကို တစ်နှစ်ထက်တစ်နှစ်တိုး၍ ထုတ်ချေးပေးခြင်း၊ အတိုးနှုန်း သက်သာစွာနဲ့ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ပေးဆပ်ချိန်ကာလ တိုးပေးခြင်းတို့ကိုလည်း တောင်သူ လယ်သမားများ အကျိုးအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ ယခင်အစိုးရ လက်ထပ်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရေး၊ ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမြင့်မား လာစေဖို့ မြို့ပြကျေးလက်ကွာဟချက်များ ကျဉ်းမြောင်းလာစေဖို့အတွက် ကျေးရွာအုပ်စုများအတွင်း ကျေးရွာအုပ်စုတစ်အုပ်‌စုကို ကျပ်သန်း ၃၀ နှုန်းနဲ့  ထောက်ပံ့ပေးမယ့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း တွေဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

မွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကျေးလက်နေပြည်သူများအတွက် တစ်ပိုင်တစ်နိုင်မှသည် တစ်ရွာထုတ်ကုန်တစ်မျိုးအဆင့်‌ထိ ထုတ်လုပ်သွားနိုင်မယ့် မြစိမ်းရောင်အသား ကဏ္ဍမွေးမြူရေးကျေးရွာများကို မွေးမြူရေးလုပ်ငန်းမှ မိသာစုဝင်ငွေတိုးတက်ရရှိရေးဖို့လည်း ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ပါတယ်။ ထိုသို့ ဆောင်ရွက်နိုင်မှုကြောင့် ကျေးလက်နေပြည်သူများ အတွက် အကြွေးဝန်ထုပ်ဝန်ပိုး လျော့ကျစေခြင်း၊ အိမ်ထောင်စုဝင်ငွေ တိုးပွားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာနိုင်မှာဖြစ်သလို မွေးမြူရေးလုပ်ငန်း ပိုမိုလုပ်ကိုင်လာခြင်းအဖြစ်လည်း အသားကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဘဏ္ဍငွေအရင်းအမြစ် စဉ်ဆက်မပြတ်ရရှိပြီး ကျေးလက်ရန်ပုံငွေ ထူထောင်ခြင်းတို့ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လိုတဲ့ ကျေးရွာတိုင်းကို ရန်ပုံငွေထုတ်မပေးနိုင်ခြင်း၊ မွေးမြူထားတဲ့တိရစ္ဆာန်သေဆုံးမှု အတွက် ဖြေရှင်းရန်နည်းလမ်းအားနည်းနေခြင်း၊ မွေးမြူရေးဘဏ်စနစ် ကျယ်ပြန့်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု၊ မွေးမြူရေးအရင်းအမြစ် လက်ဆင့်‌ကမ်းဖြန့်ဖြူးနိုင်မှု၊ မွေးဘက်ပေး မွေးမြူရေးစနစ်၊ ဆင်းမက်မွေးမြူရေးစနစ်များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်မှုမရှိသေးတဲ့ အတွက်လည်း အောင်မြင်မှုနည်းပါးနေသေးသဖြင့် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အနေနဲ့ ထိရောက်စွာ ထောက်ပံ့ကူညီပေးရန် လိုအပ်နေသေးကြောင်းလည်း လေ့လာသိရှိရပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့မှာ မိသားစုတစ်နိုင်တစ်ပိုင်ဖြစ်တဲ့ ပေါင်းစည်းလယ်ယာစနစ်အောင်မြင်နေမှုကို နိုင်ငံအတွင်း ဒေသနှင့်ကိုက်ညီတဲ့နေရာများမှာ စနစ်တကျ စီမံဆောင်ရွက်သင့်‌ပါတယ်။

အဓိကကျတဲ့ အရင်းအနှီးနဲ့ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေအတွက် ခိုင်မာတဲ့ဈေးကွက်ရရှိရေးကို နိုင်ငံတော်က စီမံဆောင်ရွက်ပေးသင့်ပါတယ်။ တောင်သူလယ်သမားများရဲ့ လူနေမှုဘဝမြင့်မားရေး အတွက် နိုင်ငံတော်အစိုးရတစ်ခုတည်းနဲ့ ဆောင်ရွက်၍မရနိုင်သဖြင့် တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားများကို ရှေးရှုသော ကိုယ်ကျိုးစီးပွားများကို ရှေ့တန်းမတင်တဲ့ ပြည်တွင်းကုမ္ပဏီများက စိတ်ကောင်းစေတနာကောင်းနဲ့ ရိုင်းပင်းကူညီပေးဖို့ လိုပါတယ်။ ဒါ့အပြင် တောင်သူလယ်သမားများကို စိုက်ပျိုးမွေးမြူရေးအသိသာမက အခြားအသိပညာဗဟုသုတများ ကြွယ်ဝရေးအတွက် အသိပညာပေး စည်းရုံးသွားဖို့လိုပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချိန်၊ စပါးပေါ်ချိန်၊ ဝင်ငွေကောင်းချိန်တွေမှာ လောင်းကစားမပြုလုပ်ရေး၊ အပျော်အပါးလျှော့ချရေး၊ ဒုစရိုက်မှုများကင်းစင်ပပျောက်ရေးနဲ့ တရား ဥပဒေစိုးမိုးရေးတို့အတွက်လည်း အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်းကာကွယ် တားဆီးပေးဖို့လိုပါတယ်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ မိသားစုဝင်ငွေတိုးစေရန်နှင့်‌ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးစရိတ်ကို လုံလောက်စွာထုတ်ပေးနိုင်ရေးသာမက နည်းပညာပံ့ပိုးရေး၊ ဈေးနှုန်းချိုသာပြီး မှန်ကန်မှုရှိတဲ့ သွင်းအားစုများ အသုံးပြုခွင့်ရရှိရေး၊ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီတဲ့ သီးနှံပုံစံများ ချမှတ်ပေးရေး၊ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများကို တောင်သူတိုင်း လက်လှမ်းမီသုံးစွဲနိုင်ရေး စနစ်တကျ လယ်ယာမြေဖော်ထုတ်ပေးရေး၊ ထွက်ကုန်များကို စားသုံးသူဈေးကွက်အရောက် တိုက်ရိုက် တင်ပို့ရောင်းချနိုင်ရေး၊ ထွက်ကုန်သီးနှံဈေးကွက်ခိုင်မာရေးပါ လယ်ယာကဏ္ဍကို မွေးမြူရေးလုပ်ငန်းနဲ့ တွဲဖက်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ တောင်သူလယ်သမားများ ဗဟုသုတပြည့်စုံစေရေးနဲ့ တရား ဥပဒေစိုးမိုးရေးတို့အတွက် ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးတင်သွင်းတဲ့ အဆိုကို ထောက်ခံ အကြံပြုဆွေးနွေးတင်ပြရင်း နိဂုံးချုပ်ပါတယ်။

ဦးဦးထွန်းမောင်(ပုဏ္ဏားကျွန်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်‌ ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းမောင် ဖြစ်ပါတယ်။ ကျွန်တော်ဆွေးနွေးမှာက ဝေါမဲဆန္ဒနယ်က ဦးတင်ထွေး ရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျေးလက်နေလယ်သမားများ ဆင်းရဲမှုလျှော့ချရေးအတွက် စပါးတစ်ဧကအထွက်နှုန်းမြင့်မားလာအောင် ထိထိရောက်ရောက် ကူညီ ပေးဖို့ လိုအပ်နေပါတယ်။ လယ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအတိုင်း တိတိကျကျ စီမံပေးဖို့လိုအပ်နေပါတယ်။ ဈေးကွက်နှင့်ကိုက်ညီတဲ့ သီးနှံတွေထဲက လယ်သမားတွေ ကြိုက်တဲ့သီးနှံတွေကို လွတ်လပ်စွာစိုက်ပျိုးနိုင်အောင် ကူညီ ဆောင်ရွက်ပေးရပါမယ်။ ဈေးကွက်အနှိမ်မခံရအောင်နှင့်‌ ဈေးကွက်အာမခံချက်ရရှိအောင်လည်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေ အချိန်မီထုတ်ပေးနိုင်ဖို့ အရေးကြီးပါ တယ်။ အားနည်းချက်တွေကို ပြတ်ပြတ်သားသားပြုပြင်ပေးနိုင်ရပါမယ်။ စပါးစိုက်တဲ့ဧကအတိုင်း ချေးငွေတွေ ထုတ်ပေးနိုင်ဖို့လိုအပ်ပါတယ်။ တချို့လယ်ယာမြေတွေ ကားလမ်းဘေးမှာဆိုရင် တစ်ဧက တန်ဖိုးဟာ သိန်း ၂၀ လောက်ရှိပါတယ်။ နည်းဥပဒေမှာပါတဲ့ လယ်မြေက ၅ သိန်း၊ ၁၀ သိန်းလောက် ဘာကြောင့်မချေးပေးနိုင်ကြတာလဲ။ ဒါလည်းစဉ်းစားရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေ သယ်ယူဖို့ လမ်းတံတားတွေ၊ စပါးနှင့် သီးနှံမျိုးစုံစိုက်ပျိုးဖို့ ရေမြောင်းတွေ၊ ရေတံခါးတွေ အဆင်ပြေ အောင် လက်တွေ့လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဓာတ်မြေသြဇာအတုနှင့် အစစ် ခွဲခြားပေးဖို့လည်း လိုအပ်ပါတယ်။ အတုထုတ်တဲ့ ကုမ္ပဏီတွေကို ထိထိရောက်ရောက်အရေးယူရပါလိမ့်မယ်။ မြေဆီလွှာ နှင့် မြေသြဇာကိုက်ညီမှုရှိအောင် စစ်ဆေးဖို့ စိုက်ပျိုးရေးဌာနက စခန်းတွေကို ကျေးရွာအုပ်စုတိုင်းမှာ အမှန်တကယ်ထားပေးရပါမယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်သမားတွေ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ စိုက်ပျိုးရေးနှင့်တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် ငါး၊ ကြက်၊ ဘဲ၊ ဆိတ်၊ နွားမွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့အတွက် ငါးမျိုးစုံ သားဖောက်စခန်းများ၊ ကြက်ဥဖောက်စက်များ နည်းလမ်းမျိုးစုံကြံဆပြီး တစ်ဦးချင်းဝင်ငွေတိုးအောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ  လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ရင်းနှီးမြှုပ်နှံ တဲ့ ဘတ်ဂျက်တွေ အလွန်နည်းတဲ့အတွက် လယ်သမားတွေကို အပြည့်အဝမကူညီနိုင်ဘူးလို့ သိရပါ တယ်။ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားက လယ်သမားတွေဟာ ‌ဈေးကွက်အနှိမ်မခံရတဲ့အတွက် စပါး တင်း ၁၀၀ ကို သူတို့ဆီမှာ ၁၀ သိန်း၊ ၁၂ သိန်း ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ၅ သိန်းပဲ ရှိပါတယ်။ ကုန်ဈေးနှုန်းတက်မှာစိုးရိမ်ပြီး ပြည်တွင်းကပိတ်ထားတာတွေမလုပ်မိဖို့ လိုအပ်ပါတယ်။ ပြည်ပက ဝယ်နိုင်အောင်လည်း လမ်းဖွင့်ထားရပါမယ်။ နောက်ပြီး တစ်နိုင်ငံလုံးက သိမ်းထားတဲ့လယ်ယာမြေ တွေ၊ စားကျက်မြေတွေကို ကုန်ထုတ်လုပ်မှုကျဆင်းတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက အမြန်ဆုံးစွန့်လွှတ်ပြီး မူလပိုင်ရှင် လယ်သမားများလက်ထဲကို စနစ်တကျရောက်ရှိအောင် ဆောင်ရွက် ပေးဖို့ ဝန်မလေးကြပါနဲ့လို့ အကြံပြုချင်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျေးလက်နေလယ်သမားများ ဆင်းရဲမှုလျှော့ချရေးအတွက် မြစိမ်းရောင် စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်နေတာ သုံးနှစ်ရှိနေပါပြီ။ မြစိမ်းရောင်စီမံကိန်းဆိုတာ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ ဆင်းရဲတဲ့ကျေးရွာတွေကို ချမ်းသာလာတဲ့ စံပြကျေးရွာတွေဖြစ်လာ အောင်ပြုလုပ်လို့ အောင်မြင်တဲ့အတွက် စံနမူနာယူပြီး မြန်မာနိုင်ငံမှာ ပြုလုပ်တာဖြစ်ပါတယ်။ ဒီစီမံကိန်းက ကျေးရွာတစ်ရွာကို သိန်း ၃၀၀ စီ အရင်းမပျောက် ချေးငွေမတည်ပေးတာဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ရွာပေါင်း ၁၅၀၀၊ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ရွာပေါင်း ၃၀၀၀၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ရွာပေါင်း ၂၀၀၀ လျာထားဖြည့်ပြီးပြီလို့ သိရပါတယ်။ တစ်နိုင်ငံလုံးကျေးရွာပေါင်း ၆၄၀၀၀ ကျော် ရှိပါတယ်။ ရည်ရွယ်ချက်ကောင်းပါတယ်။ ကျွန်တော်တို့ပုဏ္ဏားကျွန်းမြို့နယ်မှာ ရွာပေါင်း ၁၉၃ ရွာ ရှိပါတယ်။ မြစိမ်းရောင်စီမံကိန်း ရွာ ၂၀ လျာထားပါတယ်။ တစ်နိုင်ငံလုံးကျေးရွာတိုင်း မြစိမ်းရောင် ချေးငွေကို မျှော်လင့်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြင်မှာ လယ်သမားတွေဟာ ငွေ ၁၀၀ ကို တစ်လ ခုနစ်ကျပ်၊ ရှစ်ကျပ်၊ ၁၀ ကျပ် အတိုးပေးနေရတဲ့အခြေအနေတွေက တစ်ကျပ်အတိုးနဲ့ မြစိမ်းရောင်စီမံကိန်းက ရတဲ့အတွက်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ ရေးဆွဲထားပေ မယ့် ဒီစီမံကိန်းကို အောင်မြင်အောင်ကူညီရင်း အကောင်အထည်ဖော်ပေးမယ့် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ မိမိတို့မြို့နယ်မှာ ဘယ်နှစ်ရွာရှိတယ်ဆိုတာတောင် မသိရသေးတဲ့ အနေအထားမျိုးတွေ တွေ့နေရပါတယ်။ ကျေးရွာတွေမှာ အားနည်းချက်တွေ အများကြီးရှိနေပါတယ်။ တစ်နိုင်ငံလုံး ကျေးရွာ ၆၀၀၀၀ ကျော်ကို ချေးပေးဖို့ ဖြစ်နိုင်ပါ့မလား၊ ဒီစီမံကိန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ပြန်လည်သုံးသပ်သင့်ပါကြောင်း အကြံပြုဆွေးနွေးရင်း ဝေါမဲဆန္ဒနယ်က ဦးတင်ထွေး ရဲ့အဆိုကို လေးလေးနက်နက်ထောက်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူတင်ပါတယ်။

ဦးမြင့်သိန်း(ဝက်လက်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ အားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ဝက်လက်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ဖြစ်ပါတယ်။ ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး ရဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အဆိုကို ကျွန်တော်ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ နှင့် ၃၀ ရာခိုင်နှုန်းသော မြို့ပြနေပြည်သူများရဲ့ သာမန်နေထိုင်မှုဘဝဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် ယေဘုယျနေထိုင်မှုအဆင့်အတန်းများဟာ ရရှိမှု အခြေအနေများ ကွာခြားမှုဟာ သိသာထင်ရှားလှပါတယ်။ ၂၆ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးဆဲဖြစ်ပြီး တော့ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးမရရှိကြောင်း၊ လူအများစုရဲ့ တစ်ဦးချင်းတစ်နှစ်ဝင်ငွေ မှာ အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁၀၀၀ ကြားတွင်သာရှိပြီး အာဆီယံနိုင်ငံများထဲမှာ အနိမ့်ဆုံးဖြစ် ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်များအရ ကျွန်တော်တို့ သိရှိရပါတယ်။ စိုက်ပျိုးမြေဧက ၁၂ သန်းကျော်ရှိပြီးတဲ့အခါမှာ အဓိကဆန်စပါးကို စိုက်ပျိုးသော်လည်းပဲ ယခုအခါမှာ မြို့ပြများချဲ့ထွင်ခြင်း၊ စိုက်ပျိုးမြေဧရိယာများ လျော့နည်းလာပါတယ်။ စိုက်ပျိုးထုတ်လုပ်မှုခေတ်မမီခြင်း၊ မိရိုးဖလာနည်းဖြင့် စိုက်ပျိုးနည်းများကို လုပ်ကိုင်လာကြသဖြင့် တစ်ဧကအထွက်နှုန်းထုတ်ကုန်တန်ဖိုးဟာ ၄၅၁ ဒေါ်လာ ရှိကာ အာဆီယံနိုင်ငံများထဲမှာ အနည်းဆုံးဖြစ်နေပါတယ်။ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများနှင့် လယ်ယာလုပ်သားများဟာ လယ်ယာလုပ်ငန်းများကိုစွန့်ခွာပြီးတော့မှ ဝင်ငွေပိုပြီးတော့ရတဲ့ အခြားလုပ်ငန်းခွင်များ၊ ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်း ပိုမိုများပြားလာတဲ့အတွက် လုပ်အားခများ ဈေးတက်ခြင်း၊ ထွက်ကုန်များလျော့နည်းခြင်း၊ လယ်ယာမြေပိုင်ဆိုင်မှုများ လျော့နည်းခြင်း၊ လယ်ယာ မြေများကို တန်ဖိုးသင့်မြေယာများအဖြစ် ပြောင်းလဲလိုက်ခြင်းဟာ မျက်မှောက်ကာလစိုက်ပျိုးရေး လုပ်ငန်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်ယာကဏ္ဍ အဓိကဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် အချက်ငါးချက်ပဲ ရှိပါတယ်။ (၁) စိုက်ပျိုးစရိတ်ချေးငွေကို တိုးပြီးတော့ ချေးပေးဖို့ရာ၊ (၂) မျိုးကောင်းမျိုးသန့်တွေကို လုံလုံလောက်လောက်ထုတ်ပေးဖို့ရန်၊ (၃) အာမခံချက်ရှိတဲ့ ဓာတ်မြေသြဇာများကို စနစ်တကျစိစစ် ပြီးတော့မှ အကြွေးစနစ်ဖြင့် ရောင်းချပေးရန်၊ (၄) အာမခံချက်ရှိသော ဈေးကွက်ရရှိအောင် တာဝန်ယူ ဖြေရှင်းပေးရန်၊ (၅) စိုက်ပျိုးစရိတ်နည်းပညာများကို ပံ့ပိုးပေးရန်တို့ဖြစ်ပါတယ်။ ကျေးရွာတိုင်းမှာ ကျေးရွာတစ်ရွာမှာရှိတဲ့ တောင်သူလယ်သမားအများစု ၈၀ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်အရင်းအနှီးနဲ့ မလုပ်နိုင်ကြဘဲ အကြွေးသံသရာထဲမှာ နှစ်စဉ်လည်ပတ်ပြီးတော့ လှုပ်ရှားလုပ်ကိုင်နေကြရပါတယ်။ တစ်ဧကရဲ့ရင်းနှီးငွေဟာ နှစ်သိန်းကျော် ကုန်ကျပြီးတော့ ထွက်လာတဲ့ စပါးကို ရောင်းပြီးတဲ့အခါမှာ တစ်နှစ်တစ်ဧကရဲ့အမြတ်ငွေဟာ တစ်သိန်းခွဲပဲရှိပါတယ်။ နှစ်သီးလုပ်ရမှ တစ်ဧကကို သုံးသိန်း ရပါတယ်။ ပျမ်းမျှ ငါးဧကသာပိုင်ဆိုင်တဲ့ တောင်သူလယ်သမားတစ်ယောက်ဟာ တစ်နှစ်မှ ၁၅ သိန်းနဲ့ မိသားစုခြိုးခြံချွေတာပြီးတော့ စားသောက်ရပါတယ်။ အဲဒီအချိန်မှာ ရာသီဥတုဖောက်ပြန်တာလည်း ကောင်း၊ နှစ်သီးမလုပ်ရဘဲနဲ့ တစ်သီးတည်းလုပ်ခဲ့ရစဉ်သော်လည်းကောင်း၊ ပိုးမွှားရောဂါများ သီးနှံပေါ်ကျရောက်လာပါက အထွက်နှုန်းများလျော့နည်းလာပါတယ်။ အဲဒါကြောင့်မို့ ပြည်သူတွေမှာ၊ တောင်သူလယ်သမားတွေမှာ စားဝတ်နေရေးအဆင်မပြေဘူး။ စားဝတ်နေရေး အဆင်မပြေတော့ လယ်ရောင်းတယ်။ လယ်ရောင်းတော့ နောက်ဆုံးမှာ လယ်မဲ့ယာမဲ့ဖြစ်တယ်။ လယ်မဲ့ယာမဲ့ဘဝကနေ ပြီးတော့ နောက်ဆုံးမှာ လယ်ကူလီဘဝကို ရောက်ကြရပါတယ်။ ဒါကြောင့် (၁)အချက်အနေနဲ့ စိုက်ပျိုး စရိတ်ချေးငွေကို နိုင်ငံတော်ကနေပြီးတော့ လုံလုံလောက်လောက်ချေးပေးဖို့ရယ်၊ နောက်တစ်ခါ လေဘေး၊ ရေဘေးဒဏ်ခံရသည့် လယ်သမားများအတွက် သီးနှံအာမခံကြေးရရှိအောင် သဘာဝ ဘေးဒဏ်သီးနှံအာမခံတဲ့စနစ်ကို လုပ်ပေးသင့်ပါတယ်။ (၂)အချက်အနေနဲ့ လယ်သမားတွေဟာ လယ်သမားတွေရဲ့ စီးပွားရေးတွက်ခြေကိုက်ဖို့ရန်အတွက် နိုင်ငံတော်ကနေပြီးတော့ ဆန်စပါးမူဝါဒကို တိတိကျကျခိုင်ခိုင်မာမာ ရေးဆွဲပြီးတော့မှ မျိုးကောင်းမျိုးသန့်တွေ ထုတ်လုပ်မယ့် စိုက်ကွင်းတွေ၊ သုတေသနစိုက်ကွက်တွေကို ကုမ္ပဏီများကနေပြီးတော့ လယ်သမားများထံ လက်ငင်းစနစ် ဒါမှ မဟုတ်ရင် သီးနှံပေါ်ပေးစနစ်နဲ့ ဖြန့်ဖြူးပေးသင့်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှာ နှစ်စဉ်လယ်သမားများထံ စပါးမျိုးများကို တာဝန်ယူဖြန့်ဝေပေးပါတယ်။ (၃)အချက်အနေနဲ့ မြန်မာနိုင်ငံဟာ Organic စိုက်ပျိုးရေးစနစ်ကို မကျင့်သုံးနိုင်သေးတဲ့အတွက် Inorganic ပစ္စည်းအမျိုးမျိုးဖြစ်တဲ့ ဓာတ်မြေသြဇာများကို နိုင်ငံတော်ကနေပြီးတော့ ကြပ်ကြပ် မတ်မတ်စစ်ဆေးစိစစ်ပြီးတဲ့အခါမှာ အာမခံချက်ရှိအောင် အရည်အသွေးနှင့် ကိုက်ညီအောင် လုပ်ပေး သင့်ပါတယ်။ သို့မှသာ ငွေကုန်ရကျိုးနပ်ပြီးတော့ သီးနှံအထွက်တိုးကာ တောင်သူများတွက်ခြေကိုက် မှာဖြစ်ပါတယ်။ (၄)အချက်အနေနဲ့ နိုင်ငံတော်ကနေပြီးတော့ ကုမ္ပဏီများအနေဖြင့် ထွက်ရှိလာတဲ့ စပါးများကို ဈေးကွက်အာမခံချက်ရှိအောင်၊ စိုက်ပျိုးသူများလာအောင် မစိုက်မီကတည်းက သီးနှံ ဈေးကွက် ဝယ်ဈေးနှုန်းကို သတ်မှတ်ပေးဖို့ရန် ဒါမှမဟုတ်ရင် ၎င်းဈေးနှုန်းအတိုင်း ပြည်ပသို့တင်ပို့ ရောင်းချပေးရန်လိုအပ်ပါတယ်။ ဥပမာ ထိုင်း၊ ကမ္ဘောဒီးယား၊ အာဆီယံနိုင်ငံတွေမှာဆိုရင် လယ်သမားတွေရဲ့အကျိုးစီးပွားကို အာမခံဈေးကွက် သတ်မှတ်ပေးတဲ့အတွက် နှစ်စဉ်အရှုံးမရှိပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးနိုင်ခြင်းမရှိပါဘူး။ အလွန်အားနည်း ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီးတော့ စိုက်ပျိုးရေး ပညာရှင်များ၊ ဝန်ထမ်းများ၊ စိုက်ပျိုးရေး အထွက်တိုးရုံးများ အဲဒီလိုလျှော့ချလိုက်တဲ့အတွက် သီးနှံ၊ စပါးအထွက်နှုန်းဟာ သိသိသာသာ လျော့ကျသွားပါတယ်။ နောက်ဥပမာအနေနဲ့ပြောမယ်ဆိုရင် ဗီယက်နမ်တို့၊ ထိုင်းတို့၊ အာဆီယံနိုင်ငံ တွေမှာဆိုလို့ရှိရင် စပါးအထွက် ဘာကြောင့်ကောင်းရတာလဲဆိုရင် သူတို့ရဲ့နိုင်ငံတော်ကနေပြီးတော့ နည်းပညာတွေကို နှစ်စဉ်ပံ့ပိုးပေးတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအဓိကကျတဲ့ အချက် လေးချက်ဖြစ်တဲ့ ချေးငွေ၊ မျိုး၊ မြေဆီ၊ ဈေးကွက်၊ နည်းပညာ ဒီအချက်များကို နိုင်ငံတော်နှင့် ကုမ္ပဏီ များက တာဝန်ယူဆောင်ရွက်ပေးမှသာ လယ်သမားများအတွက် တစ်ဧကအထွက်နှုန်းတိုးလာပြီး ဆင်းရဲနွမ်းပါးမှုလျော့နည်းလာမည်ဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတွဲဖက် လုပ်ကိုင် သင့်ပါကြောင်း ဦးတင်ထွေးရဲ့အဆိုကို ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်။

ဦးကျော်ကြီး(ခ)ဦးအုန်းခင်(မင်းလှမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း            လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော် များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်း ဒေသကြီး၊ မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီး(ခ)ဦးအုန်းခင် ဖြစ်ပါ တယ်။ ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးရဲ့အဆိုကို ထောက်ခံဆွေးနွေး အကြံပြု သွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်ပါတယ်။ လူဦးရေရဲ့ ၇၃ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေဖြစ်ပါတယ်။ အများစုဟာ တောင်သူလယ်သမားများဖြစ်ကြပါတယ်။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဟာ ကျေးလက်နေတောင်သူလယ်သမားများဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲ အဖြေရှာကြည့်ရင် မိုးကိုမျှော်၍ စိုက်ပျိုးရေးကိုလုပ်ကိုင်နေရခြင်း၊ နည်းပညာ၊ အတတ်ပညာ၊ စက်ယန္တရားများ အားနည်းပြီး မိရိုးဖလာနည်းကိုပင် အားကိုးနေရခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်း၊ သွင်းအားစုများနည်းခြင်း၊ ဓာတ်‌မြေသြဇာ ပိုးသတ်ဆေးအတုများကို သုံးနေရခြင်း၊ ရင်းနှီးမတည်ငွေအားနည်းပြီး အကြွေးသံသရာလည်နေရခြင်း၊ နွားနှင့်ဖက်၍ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရခြင်း၊ ဈေးကွက်ကောင်းများ မရရှိခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမားခြင်း စတဲ့အခြေအနေဆိုးများနဲ့ ရင်ဆိုင်လုပ်ကိုင်ရင်း အခက်အခဲများစွာနဲ့ လုံးလည်ချာလည် ဖြစ်နေကြရ ပါတယ်။ တောင်သူလယ်သမားများ အရှုံးနဲ့ရင်ဆိုင်နေကြရပါတယ်။ အဆိုးဆုံးကတော့ ယခင်ခေတ် အဆက်ဆက် အစိုးရများ၏ စီမံခန့်ခွဲမှုအလွဲများဖြစ်ပါတယ်။ တာဝန်ကျေ စပါးသွင်း၊ ပဲသွင်း၊ နှမ်းသွင်း၊ ဝါဒိုင်သွင်း မသွင်းရင်ဖမ်းဆီးအရေးယူ၊ စပါးပြီးစပါးစိုက်ခိုင်းခြင်း စတဲ့တောင်သူ လယ်သမားများရဲ့ လွတ်လပ်စွာစိုက်ပျိုးခွင့်ကို တားဆီးခဲ့ခြင်းများကြောင့် ကျေးလက်နေတောင်သူလယ်သမားများ အကြွေးသံသရာလည်ခဲ့ရပါတယ်။ နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလို အကြွေးသံသရာလည်နေတဲ့ တောင်သူ လယ်သမားများဟာ မွေးမြူရေးလုပ်ငန်းကိုလည်း ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် တွဲဖက် လုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ စိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုတာ တွဲဖက်လုပ်ငန်းတွေပါ။ လုပ်ကိုင်ဖို့ အခြေအနေကောင်းတွေ အစိုးရအနေနဲ့ ဖန်တီးပေးမယ်ဆိုရင် တိုးတက်ဖွံ့ဖြိုးမှုလျင်မြန်နိုင်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ(ခ)မှာ ကောက်ပဲသီးနှံများကို သင့်တင့် မျှတသည့် တန်ဖိုးရရှိစေရန် ကူညီဆောင်ရွက်မည်ဟု ထည့်သွင်းဖော်ပြထားပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံအပြောင်းအလဲကို ဖော်ဆောင်နေတဲ့ ယနေ့အချိန်မှာ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံတော်အစိုးရမှ အခြေအနေကောင်းများ ဖန်တီးပေးဖို့လိုအပ်ပါတယ်။ မိုးကိုမျှော်၍ လုပ်ကိုင်နေရမည့်အစား စိုက်ပျိုးရေလုံလောက်စေရန် အသေးစား၊ အလတ်စား ဆည်များလုံလောက်စွာတည်ဆောက်ပေးခြင်း၊ တည်ဆောက်ပြီးဆည်များ ထိရောက်စွာအသုံးပြုနိုင်ရန် ကြီးကြပ်ပေးခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်း၊ အသိပညာပေးဟောပြောခြင်း။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတစ်နိုင်ငံ မှာဆိုရင် လူကစွန့်တဲ့မစင်ကိုပင် ဓာတ်မြေသြဇာအဖြစ် စိုက်ပျိုးရေးမှာ စနစ်တကျအသုံးချပါတယ်။ Recycle အရေးကြီးပါတယ်။ ဒါ့အပြင် အသင်းအဖွဲ့နဲ့လုပ်ကိုင်တတ်စေရန် နည်းပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်များရရှိအောင်ဆောင်ရွက်ပေးခြင်း၊ စက်ယန္တရားများဖြင့်လုပ်ဆောင်ရန် အခြေ အနေကောင်းများ ဖန်တီးပေးခြင်း၊ ကျေးလက်လမ်းများ၊ မြို့နှင့်ဆက်သွယ်သောလမ်းများ ရာသီမရွေး သွားလာနိုင်အောင် ဖောက်လုပ်ပေးခြင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်သောပညာရှင်အဖွဲ့များ ငှားရမ်း၍ အကြံဉာဏ်များရယူခြင်း၊ သွင်းအားစုဖြစ်သော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို ဈေးနှုန်းချိုသာ စွာဖြင့် အလွယ်တကူရရှိရန် ဖန်တီးပေးခြင်း၊ ဥပဒေဖြင့်ပံ့ပိုးပေးခြင်း၊ ရင်းနှီးငွေလုံလောက်စေရန် အချိန်မီရရှိစေရန် ဘဏ်စနစ်ကောင်းများဖန်တီးပေးခြင်း၊ စိုက်/မွေးသုတေသနအဖွဲ့အစည်းများ ဖွဲ့စည်းပေးခြင်း၊ ဥက္ကဋ္ဌကြီးခင်ဗျား။ သုတေသနလုပ်ငန်းဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အားလိုင်းများ ကျေးရွာအနှံ့သွယ်တန်းပေးခြင်းများ လုပ်ဆောင်ပေးရပါမယ်။

          ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ လူသားဟာ သူ့အတွက်အကျိုးဖြစ်မယ်ဆိုရင် စွမ်းစွမ်းတမံလုပ်ဆောင်ပါတယ်။ လျှပ်စစ်မီးရရှိလျှင် Joint ဆော်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ သင်ယူခြင်း လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လျှပ်စစ်မီးရရှိဖို့ လိုအပ်ပါတယ်။ ကုန်ကျစရိတ် လျှော့ချရန်လည်း အခြေအနေကောင်းများ ဖန်တီးပေးဖို့လိုပါတယ်။ ထုတ်ကုန်ရောင်းချရန် ပြည်ပ ဈေးကွက်သို့ လက်လှမ်းမီရန်ဖန်တီးပေးခြင်း၊ နောက်ဆုံးမှာ ရွာတစ်ရွာ စက်ရုံငယ်တစ်ရုံ တည်ဆောက် ပေးနိုင်လျှင်ဖြင့် အတိုင်းထက်အလွန်ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖော်ပြပါ အခြေအနေကောင်းများ ဖန်တီးပေးပါမှ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာ မှာဖြစ်တဲ့အတွက် ဝေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၏အဆိုကို လေးလေး နက်နက်ထောက်ခံဆွေးနွေးအပ်ပါတယ် ခင်ဗျား။

 ဦးခွန်သန်းထူး (ဆီဆိုင်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း               လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော် များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုလိုက်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏အဆိုအား အပြုသဘောထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မိမိတို့နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်တောရွာမှာ နေထိုင်ကြပြီး တော့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ၎င်းနှင့်ဆက်နွှယ်သောလုပ်ငန်းများမှာ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်ဆောင်ရွက်ကြရပြီးတော့ အများစုက ဆင်းရဲနွမ်းပါးကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်ကိုင်သော တောင်သူလယ်သမား မိသားစုဝင်တစ်ဦးရဲ့ဝင်ငွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ တစ်ပတ်ဝင်ငွေဟာ ၈.၅ ဒေါ်လာ၊ ဖိလစ်ပိုင်နိုင်ငံမှာ ၇ ဒေါ်လာ ရရှိတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ နှစ်ဒေါ်လာနဲ့ သုံးဒေါ်လာခွဲကြားသာရှိပြီးတော့ အာရှတစ်ခွင် မှာ ဝင်ငွေအနည်းဆုံးဖြစ်တယ်လို့ လေ့လာ သိရှိရပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းထုတ်လုပ်မှုကနေ အကျိုးအမြတ်ရရှိမှုကလည်း အနည်းဆုံးနိုင်ငံဖြစ်နေကြောင်း စိတ်မကောင်းစွာ သိရှိရပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ မိမိတို့မြန်မာနိုင်ငံဟာ အာရှတိုက်မှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်ထားတဲ့အပြင် မည်သည့်သီးနှံကိုမဆို စိုက်ပျိုးဖြစ်ထွန်းသော နိုင်ငံဖြစ်တယ်လို့ စိုက်ပျိုးရေးပညာရှင်များက မှတ်ချက်ပေးထားပါတယ်။ ဒီလို မြေကောင်း၊ ရေကောင်း သဘာဝတရားကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့နိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ငန်းဟာ တစ်ချိန်က အာရှမှာ ထိပ်တန်းဆန်တင်ပို့နိုင်ခဲ့ပေမယ့်လည်း ယခုအခါ စိုက်ပျိုးမှုလုပ်ငန်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်ရခြင်းကိုကြည့်မယ်ဆိုရင် ခေတ်အဆက်ဆက်က တာဝန်ရှိသူများ အလေးထားအားပေးမှု၊ ဂရုတစိုက်ကိုင်တွယ်ဖြည့်ဆည်းပေးမှု အားနည်းခဲ့တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျေးလက်နေတောင်သူလယ်သမားများရဲ့ ဆင်းရဲနွမ်းပါးမှုက ရုန်းမထွက်နိုင်ဘဲ သံသရာ လည်နေကြတာကို ကြည့်မယ်ဆိုရင် လုံလောက်သောအရင်းအနှီးမရှိခြင်းက အဓိကတွေ့ရပါတယ်။ အရင်းအနှီးမလုံလောက်တော့ ပြင်ပမှာကြီးမားတဲ့အတိုးနဲ့ ချေးယူနေကြရပါတယ်။ တစ်ဖန် အရည် အသွေးပြည့်မီတဲ့ မျိုးစေ့များကိုလည်း မရရှိကြပါဘူး။ မျိုးစေ့ကို ပြည်တွင်း၌ ပုဂ္ဂလိက၊ အစိုးရ ထုတ်လုပ်နိုင်မှုကလည်း အင်မတန်နည်းတာကို တွေ့ရပါတယ်။ ဓာတ်မြေသြဇာကိုလည်း လုံလောက်စွာ မသုံးစွဲနိုင်ကြတဲ့အပြင် အကျိုးအာနိသင်နည်းသော မြေသြဇာထုတ်လုပ်တင်သွင်းဖြန့်ဖြူးမှုကလည်း ရှိနေသေးတာကို တွေ့ရပါတယ်။ အရည်အသွေးအသင့်အတင့်ရှိသော ဓာတ်မြေသြဇာကျတော့ ဈေးနှုန်းကကြီးမြင့်သဖြင့် တောင်သူများလက်လှမ်းမမီနိုင် ဖြစ်နေကြရပါတယ်။ နည်းပညာရရှိမှုအပိုင်း ကို ကြည့်မယ် ဆိုရင်လည်း ခေတ်မီလယ်ယာသုံးကိရိယာသုံးစွဲနိုင်မှု အင်မတန်နည်းနေသေးတာကို တွေ့ရသလို စိုက်ပျိုးနည်းစနစ်၊ သိုလှောင်ထိန်းသိမ်းတဲ့စနစ်၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးသုံးစွဲပုံ နည်းပညာပေးခြင်း အလွန်နည်းပါးလှပါတယ်။ တစ်ဖက်မှာ တောင်သူလယ်သမားများက ပညာရည်နည်းပါးခြင်းကြောင့် တီဗွီ၊ ရေဒီယိုမှာ ဉုံဖွကြော်ငြာအားကောင်းကောင်းကို ကြည့်ရှု နားထောင်ပြီး ကောင်းနိုး ရာရာ ဝယ်ယူသုံးစွဲနေကြရတာကိုလည်း စိတ်မကောင်းစွာ တွေ့နေရပါတယ်။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကလည်း ကျေးလက်နေပြည်သူများအတွက် မမျှတသော သယ်ယူပို့ဆောင်ရေးစရိတ်ကို ပေးနေရတာကလည်း ဝန်ထုပ်ဝန်ပိုးဖြစ်နေကြရပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်မှု GDP ရဲ့ ၃၈ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးလုပ်ငန်းမှ ဖြစ်တဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းရဲ့ ၆၀ ရာခိုင်နှုန်းကိုလည်း စိုက်ပျိုးရေးလုပ်ငန်းက ဖန်တီးပေးထားတာဖြစ်တဲ့အတွက် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်တွင် စိုက်ပျိုးရေးလုပ်ငန်းဟာ နောင် နှစ်ပေါင်းများစွာအထိ အရေးပါအရာရောက်နေအုံးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှုလုပ်ငန်းမြှင့်တင်ရေးသည် ကျေးလက်နေပြည်သူများ လူမှုဘဝစီးပွား တိုးတက်ရေးအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တာကြောင့် စိုက်ပျိုးရေးနှင့်တွဲဖက်၍ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် အစိုးရသစ်အနေဖြင့် ဒေသနယ်ပယ် အသီးသီးမှာ ကောင်းမွန်သော လယ်သမား အခြေပြုစီမံကိန်းများကို ဦးစားပေးအကောင်အထည် ဖော်ဆောင်ရွက်ပေးသင့်ပါကြောင်း အကြံပြုတင်ပြရင်းေ‌ဝါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေး၏အဆိုအား လေးလေး နက်နက်ထောက်ခံပါကြောင်း ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ 

ဦးမြင့်လွင်(တွံတေးမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမဲဆန္ဒနယ်က ဦးမြင့်လွင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝေါမဲဆန္ဒနယ်က ဦးတင်ထွေးရဲ့ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူနေမှုအဆင့်အတန်းမြင့်မား ရေးဆိုတဲ့အပိုင်းကို အဓိကထားပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆရာဝန်တစ်ယောက်ဟာ လူနာကို ကုသတော့မယ်ဆိုလို့ရှိရင် အဲဒီ လူနာခံစားနေရတဲ့ ဝေဒနာရဲ့ ဇစ်မြစ်ကို တွေ့အောင်ရှာဖို့လိုပါတယ်။ အဓိကကတော့ ရောဂါကိုရှာဖွေ ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ အနာသိရင်ဆေးရှိတယ်ဆိုတဲ့ အဲဒီရောဂါကို အမျိုးအမည်ခွဲခြားဖော်ထုတ် နိုင်မှ ထိရောက်တဲ့ ကုသမှုကိုပေးနိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ ဆန်တန်ချိန် နှစ်သန်းလောက်ကို ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် ဖျစ်ဖျစ်မြည်အောင်ကြိုးစားနေရတဲ့အတွက် တစ်ချိန်က လွန်ခဲ့တဲ့ နှစ် ၆၀၊ ၇၀ လောက်ကဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဆန်တန်ချိန် ၁၂ သန်း လောက်ထိ ထုတ်လုပ်တင်ပို့ရောင်းချနိုင်တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။ အာရှနိုင်ငံသားအများစုကို အဓိက ထမင်းကျွေးခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံကို ကမ္ဘာက အာရှရဲ့စပါးကျီ ဆိုပြီးတော့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၆၇ ခုနှစ်လောက်အရောက်မှာတော့ ကျွန်တော် တို့နိုင်ငံက တစ်နိုင်ငံလုံးမှာ ကြီးကျယ်တဲ့ဆန်ရှားပါးမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ ရခိုင် ပြည်နယ်မှာ ဆိုလို့ရှိရင် ဆန်လုပွဲတွေဖြစ်ခဲ့ပါတယ်။ အစိုးရကနေပြီးတော့ ပစ်ခတ်ရှင်းလင်းမှုတွေ လုပ်ခဲ့ရပါတယ်။ ပြည်သူတွေတော်တော်များများ သေကြေပျက်စီးခဲ့ရပါတယ်။ နောက်တစ်ခါ ဒါတွေဟာ ဘာကြောင့် ဖြစ်တာလဲ။ အာရှရဲ့စပါးကျီအဖြစ်ကနေ ဒီလောက်ဆန်ရှားပါးတဲ့နိုင်ငံဖြစ်သွား တာ ဘာဖြစ်တာလဲဆိုတဲ့အခါကျတော့ အဓိကကတော့ ဆန်စပါး၊ မြေယာမူဝါဒတွေ မှားယွင်းခဲ့လို့ဖြစ်ပါ တယ်။ မြေယာမူဝါဒမှားယွင်းတာက ဘယ်ကလာလဲဆိုတော့ စီးပွားရေးမူဝါဒမှားယွင်းမှုက လာတာ ဖြစ်ပါတယ်။ စီးပွားရေး မူဝါဒမှားယွင်းမှုက ဘယ်ကလာလဲဆိုတော့ နိုင်ငံရေးမူဝါဒမှားယွင်းမှုက လာတာဖြစ်ပါတယ်။ နိုင်ငံရေးမူဝါဒက ပြည်သူကို ဗဟိုမပြုတဲ့ နိုင်ငံရေးမူဝါဒဖြစ်ခဲ့တယ်။ အဲဒီကနေ စီးပွားရေးမူဝါဒက လက်ဝဲစွန်း ဆိုရှယ်လစ်အစွန်းရောက်မူဝါဒတွေဖြစ်ခဲ့တယ်။ အဲဒီအခါကျတော့ မြေယာမူဝါဒတွေလည်း မှားယွင်းခဲ့တယ်။ မှားယွင်းခဲ့တဲ့အခါကျတော့ အာရှရဲ့စပါးကျီဟာ ဆန်လုရတဲ့ နိုင်ငံတစ်ခုအဖြစ်ကို ရောက်ရှိခဲ့တယ်။ အဲဒီတော့ နောက်တစ်ခါထပ်ပြီးတော့ ဘာအမှားတွေထပ်ဖြစ် တယ်ဆိုတော့ တာဝန်ကျေစပါးဆိုတဲ့ မူဝါဒကြောင့် ကျွန်တော်တို့ ဒါအားလုံးသိခဲ့ကြတဲ့အတိုင်းပါပဲ။ လယ်သမားတွေတော်တော်များများ ထောင်ထဲရောက်တယ်၊ အချုပ်ထဲရောက်တယ်။ အဲဒီအချိန်မှာ စပါးဝယ်ယူရေးကို အဓိက ချုပ်ကိုင်ပြီးတော့ လုပ်နေတဲ့ကုန်သွယ်ရေးကဝန်ထမ်းတွေကတော့ အောက်ခြေကနေပြီး အထက်အထိကို အိမ်တစ်လုံးက နှစ်လုံး၊ နှစ်လုံးကနေ သုံးလုံးထိ ချမ်းသာ ကြွယ်ဝလာကြတာ ရှိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ စီးပွားရေးမူဝါဒ၊ မြေယာမူဝါဒမှားယွင်းတဲ့ အတွက်ကြောင့် အာရှရဲ့စပါးကျီအဖြစ်က တောင်သူလယ်သမားတွေရဲ့ဘဝက နွမ်းပါးနိမ့်ကျခဲ့ရတာ ဖြစ်ပါတယ်။ တစ်ခါ ၁၉၈၈ ခုနှစ်မှာ ပြည်သူတွေ၊ လယ်သမားတွေဟာ သူတို့ဒီဆင်းရဲတွင်းဒုက္ခကနေ လွတ်မြောက်ဖို့အတွက် အရေးတော်ပုံကြီးမှာ ပါဝင်လှုပ်ရှားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ဘဝက အဲဒီအခြေအနေက မလွတ်မြောက်ခဲ့ပါဘူး။ အဲဒီမှာ ထပ်ပြီးတော့ ဒုက္ခ နူရာဝဲစွဲလဲရာ သူခိုးထောင်း ဆိုသလို ဖြစ်ခဲ့ရတာကတော့ မြေသိမ်းယာသိမ်းကိစ္စတွေပါ။ ပုံစံအမျိုးမျိုးနဲ့၊ နာမည်အမျိုးမျိုးနဲ့၊ အဖွဲ့အစည်းအမျိုးမျိုးကနေပြီးတော့ လယ်မြေတွေသိမ်းတဲ့အခါမှာ ကျွန်တော်တို့ လယ်သမား တော်တော်များများက လယ်မဲ့ယာမဲ့တွေဖြစ်သွားကြပါတယ်။ အဲဒီအခါမှာ ကြံရာမရဖြစ်ပြီး တော့ တော်တော်များများက အိမ်နီးနားချင်းနိုင်ငံတွေမှာ သွားပြီးတော့ အလုပ်လုပ်ကြရပါတယ်။ အလုပ် လုပ်တဲ့အခါမှာလည်း အားလုံးကြားသိနေကြရတဲ့အတိုင်းပဲ ဒယ်အိုးပေါ်ကနေ ပူလို့ခုန်ချတဲ့ အခါမှာ မီးပူထဲကိုကျသွားတဲ့သဘော ပိုပြီးတော့ဒုက္ခကြီးစွာခံစားခဲ့ကြရပါတယ်။ တစ်ခါ လယ်မဲ့ယာမဲ့ ဖြစ်တဲ့အတွက် လယ်ယာအလုပ်မရှိတဲ့အခါမှာ မြို့တွေကိုတက်လာတယ်။ မြို့တွေမှာ ပေါ်လာတဲ့ စက်ရုံအလုပ်ရုံတွေမှာ မတန်တဆနိမ့်ပါးတဲ့လုပ်ခတွေနဲ့ အလုပ်လုပ်ခဲ့ကြရတယ်။ အလုပ် လုပ်ကြရတဲ့ အခါမှာ၊ ပြီးတော့နေတဲ့ထိုင်တဲ့အခါမှာ နေစရာမရှိတော့ကပ်ပြီးတော့ရင်းနဲ့ ကျူးကျော် တွေဘဝကို ရောက်သွားခဲ့ကြတယ်။ တစ်ခါ နိမ့်ပါးလှတဲ့လုပ်အားခကို ဆန္ဒပြတဲ့အခါကျတော့လည်း ဆန္ဒပြမှုနဲ့ ထောင်ထဲရောက်သွားကြတယ်။ အဲဒီတော့ ဒီအခြေအနေတွေဟာ ကျွန်တော်တို့ မြေယာ မူဝါဒတွေရဲ့ မှားယွင်းမှုကြောင့်‌ဆိုတာ သိပ်ထင်ရှားပါတယ်။ အဲဒီတော့ အခုတော့ အ‌ခြေအနေတွေဟာ အတော်လေးပြောင်းလဲလာပါပြီ။ ပြောင်းလဲလာတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကတော့ ဘာပဲ ပြောပြော ဒီအခြေအနေကနေပြီးတော့ ကောင်းတဲ့အခြေအနေရောက်အောင် ဆက်သွားကြရမှာဖြစ်ပါ တယ်။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့မူဝါဒတွေဖြစ်ဖို့အတွက် အ‌ခြေခံအချက်အလက် တွေကို အကြံပြုဆွေးနွေးလိုတာရှိပါတယ်။ အဲဒါကတော့ နံပါတ်(၁) အသိမ်းခံမြေတွေပထမဆုံး ပြန်လည်ရရှိရေးကို ဒါမှမဟုတ်လို့ရှိရင် ဘယ်လိုမှပြန်မပေးနိုင်တော့တဲ့ မစွန့်လွှတ်နိုင်တဲ့မြေတွေ အတွက် လျော်ကြေးတွေပေးဖို့အတွက် ကျွန်တော်တို့ အစိုးရကဦးစီးပြီးလုပ်ပေးဖို့ လိုပါတယ်။ နောက် တစ်ခုက အလုပ်မဖြစ်တဲ့ ဆည်တွေ၊ မြစ်ရေတင်စီမံကိန်းတွေဖျက်သိမ်းပြီးတော့ ဆည်တွေကို ပြန်ဖျက် ပြီးတော့ လယ်ယာမြေတွေပြန်ဖော်ထုတ်ဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ခေတ်မီတဲ့နည်းပညာ မျိုးစပါးတွေ၊ ချေးငွေတွေ၊ စက်ကိရိယာတွေရရှိဖို့အတွက် ဆောင်ရွက်ပေးဖို့လိုပါတယ်။ နောက်တစ်ခု ကတော့ ကျွန်တော်တို့ နိုင်ငံတကာအဆင့်‌မီ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သုတေသနစင်တာကြီးတွေ ထူထောင်ပေးဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ပီပြင်တဲ့သမဝါယမလယ်ယာတွေ ဖော်ထုတ်ဖို့။ ဒါကတော့ အစ္စရေးနိုင်ငံမှာဆိုရင် သမဝါယမလယ်ယာတွေဟာ ကောင်းကောင်း အောင်မြင်နေတာကို ကျွန်တော်တို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာ လည်း မဖြစ်ဘူးဆိုတာမရှိပါဘူး။ သေချာအကျင့်ပျက်ခြစားမှုကို ထိန်းချုပ်ပြီးတော့ ကျွန်တော်တို့ လုပ်မယ်ဆိုရင် သမဝါယမလယ်ယာတွေဟာ အောင်မြင်နိုင်ဖို့အလားအလာရှိပါတယ်။ နောက်တစ်ခု ကတော့ ဈေးကွက်တွေကိုရှာပေးရပါမယ်။ နောက်တစ်ခုကတော့ စစ်မှန်တဲ့တောင်သူလယ်သမား ညီလာခံကြီးတစ်ခု၊ စစ်မှန်တဲ့တောင်သူလယ်သမားကိုယ်စားလှယ်တွေ တက်ရောက်တဲ့ညီလာခံကြီး တစ်ခုဖန်တီးပြီးတော့ တောင်သူလယ်သမားတွေရဲ့ အသံကိုနားထောင်ဖို့ လိုအပ်ပါတယ်ဆိုတာကို ကျွန်တော်အကြံပြုတင်ပြရင်းနဲ့ ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး ရဲ့အဆိုကို ထောက်ခံတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်၏အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    စိုက်ပျိုးရေး၊  မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ သဘောထား ပြောပါ။

ဒေါက်တာထွန်းဝင်း(ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးရဲ့ အဆိုဖြစ်တဲ့ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်‌ လူနေမှုအဆင့်အတန်းမြင့်မား ရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီးတော့ လယ်တစ်ဧကအထွက်နှုန်း မြင့်မားစေရန် စိုက်ပျိုး ရေးနှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့် အစီအမံများအား ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် အဆိုနှင့်ပတ်သက်ပြီးတော့ ထောက်ခံတင်ပြ သွားကြတဲ့ ၁၈ ဦးသော ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများနှင့် တပ်မတော်သားကိုယ်စားလှယ် အပေါင်းရဲ့ အင်တိုက်အားတိုက် ထောက်ခံဆွေးနွေးတဲ့အပေါ်မှာ သက်ဆိုင်ရာ ပြည်ထောင်စု စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ကိုယ်စား ကျွန်တော် ဒုတိယဝန်ကြီးမှ ပြန်လည်ပြီးတော့ ဒီအဆိုအပေါ်မှာ လေးလေးနက်နက် ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးသွားတဲ့ အဆိုရှင်နှင့် ၁၈ ဦးသော ကိုယ်စားလှယ်များရဲ့ဆွေးနွေးချက်များကို ပြန်လည်သုံးသပ်တင်ပြရမယ် ဆိုလို့ရှိရင်တော့ ဆွေးနွေးတဲ့အကြောင်းအရာတွေအားလုံးက အကြောင်းအရာ ၁၂ ခုအပေါ်မှာ သွားပြီးတော့ ခြုံငုံမိပါတယ်။ နံပါတ်(၁)အကြောင်းအရာဖြစ်တဲ့ အရင်းအနှီးနဲ့ပတ်သက်လို့ ဒါတွေက အဓိကအရင်းအနှီးမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး။ ဒီဟာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အားလုံး ဒါကို ထောက်ခံရမှာပါ။ ကျွန်တော်တို့ လက်ခံပြီးတော့ ဒီအရင်းအနှီးနဲ့ပတ်သက်လို့ ဘယ်လိုလုပ်မလဲဆိုတာ လာမယ့်နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေမှာ ထည့်သွင်းစဉ်းစားပြီးတော့ လုပ်သွားမယ့်အနေအထား တွေရှိပါတယ်။ အရင်းအနှီးနဲ့ပတ်သက်လို့ စိုက်ပျိုးရေးမှာတော့ ပေးပြီးတော့ မွေးမြူရေးမှာ မပေးတဲ့ ပြဿနာ ဒီဥစ္စာလည်း ကျွန်တော်တို့ အလေးအနက်ထားစဉ်းစားရမှာဖြစ်ပါတယ်။

နံပါတ်(၂)အချက်မှာ စိုက်ပျိုးမြေနဲ့ပတ်သက်ပြီးတော့ အဓိကကျွန်တော်တို့နိုင်ငံရဲ့ စိုက်ပျိုးမြေ တွေက စိုက်ပျိုးနိုင်တဲ့မြေအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းမှာပဲ လက်ရှိအနေအထားမှာ စိုက်ပျိုးနေရတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းသည် မြေသိမ်းယာသိမ်းကြောင့် အလေအလွင့်ဆုံးရှုံးမှုရှိနေတယ် ဆိုတာကို USaid ကနေ သုံးသပ်တင်ပြထားတာရှိတဲ့အတွက် ဒါသည် နိုင်ငံတော်ရဲ့ အဓိကကျသော ဖြေရှင်းရမယ့်လုပ်ငန်းဖြစ်တဲ့အတွက် အခု လက်ရှိဆောင်ရွက်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ အဓိကတာဝန်များဖြစ်ပါတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းသော အကျိုးမရှိဘဲနဲ့ မြေသိမ်းယာသိမ်းလုပ်ထားတဲ့မြေယာများကို ဆက်လက်ပြီးတော့ မြေယာပိုင်ရှင်များဆီကို အရောက် ပြန်ပြီးတော့ပို့နိုင်အောင် ဆက်လက်ပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။

နံပါတ်(၃)အချက်ဖြစ်တဲ့ မျိုးစေ့နဲ့ပတ်သက်တဲ့ မလုံမလောက်မှု၊ မျိုးစေ့နဲ့ပတ်သက်လို့ တိရစ္ဆာန် ရော၊ သီးနှံရောမှာ လုံလောက်မှုမရှိပါဘူး။ အဆိုရှင်များပြောသွားတဲ့ ထောက်ခံဆွေးနွေးချက်က အားလုံး ပြည့်စုံပါတယ်။ စပါးမှာဆိုရင် တစ်ရာခိုင်နှုန်းတောင် မျိုးစေ့လုံလောက်မှုမရှိဘူး။ ဒါတွေနဲ့ ပတ်သက်လို့လည်း ဒီလာမယ့် အခုခေတ်ကာလမှာဆက်ပြီးတော့ မျိုးစေ့လုံလောက်မှု အစီအမံများဆွဲ ပြီး ဆောင်ရွက်သွားဖို့ ယခုကတည်းကစပြီးတော့၊ ဒီမိုးတွင်းမှစပြီးတော့ တောင်သူလယ်သမားများနှင့် အကျိုးတူပူးပေါင်းပြီး မျိုးစေ့ထုတ်လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ရှိပါတယ်။ စက်ကိရိယာနှင့် ပတ်သက်လို့ လယ်ယာသုံးစက်ကိရိယာကတော့ အရင်းအနှီးရှိမှဖြစ်မှာပါ။ ယနေ့ အနေအထားမှာ သဘာဝဘေးဒဏ်တွေ ကျရောက်ခံစားရတဲ့အခါမှာ ဒီစက်ကိရိယာရဲ့ကဏ္ဍက အရေးအကြီးဆုံးဖြစ် လာပါတယ်။ ဒါကို အလျင်မီ ရိတ်သိမ်းသိုလှောင်သိမ်းဆည်းနိုင်ဖို့ဟာ စက်ကိရိယာတွေရှိမှာဖြစ်ပါ မယ်။ အထွက်နှုန်းအားဖြင့်လည်း စက်ကိရိယာမရှိတဲ့အတွက် လက်ရှိ ကျွဲ၊ နွားတွေနဲ့ ထွန်ယက် လုပ်ကိုင်နေတဲ့အနေအထားတွေထက်စာရင် စက်ကိရိယာတွေနဲ့ဟာ အထွက်နှုန်းအားဖြင့် ၁၀ ဆကနေ အဆ ၂၀ လောက်အထိ ထွက်အောင်စက်ကိရိယာကကူညီပြီးတော့ အချိန်အားဖြင့်၊ အကျိုးအားဖြင့် အများကြီးပေးနိုင်တဲ့အတွက် ဒီဟာနဲ့ပတ်သက်လို့ စက်ကိရိယာပိုင်းမှာ နိုင်ငံတော်က ပိုင်ဆိုင်မှု စက်ကိရိယာပမာဏဟာ ပြည်နယ်တစ်ခုမှာရှိတဲ့ လယ်ယာမြေ၊ ထွန်ယက်ပေးနိုင်တဲ့အနေအထား၊ ရိတ်သိမ်းပေးနိုင်တဲ့အနေအထားမှာရှိတဲ့အတွက် ဝန်နဲ့အား မမျှဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ငှားတဲ့စနစ်တွေ၊ ပုဂ္ဂလိကနဲ့ပေါင်းစပ်ပြီးတော့ ငှားတဲ့စနစ်တွေ တိုးချဲ့ပြီးတော့ ဆောင်ရွက်နေပါတယ်။ စက်ကိရိယာပိုင်းအနေနဲ့ဝယ်နိုင်ဖို့လည်း အစီအမံတွေကို ဆက်ပြီးတော့ လက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ မူဝါဒတွေမှာ ထည့်သွင်းပြီးတော့ နောက်ဆုံးကိုယ်စား လှယ်ကြီးဆွေးနွေးသွားတဲ့ သမဝါယမစုပေါင်းမွေးမြူပြီးတော့၊ စိုက်ပျိုးပြီးတော့ သမဝါယမ မြစိမ်း ရောင်စနစ်က ပံ့ပိုးပေးမယ့်ငွေကြေးစနစ်နဲ့ လယ်သမားအစုအဖွဲ့တွေနဲ့ ကျေးရွာတိုင်းမှာ စုဖွဲ့ပြီးတော့ လယ်သမားတွေကို လိုအပ်တဲ့ပံ့ပိုးပစ္စည်းတွေအားလုံး စက်ကိရိယာတွေကို အစုအဖွဲ့နဲ့ ကူညီပံ့ပိုးပြီး တော့ ဒီဥစ္စာကို ထုတ်လုပ်သွားဖို့ဆိုရင် လက်ရှိတစ်ဦးချင်းထုတ်နေတဲ့စနစ်ထက်စာရင် နိုင်ငံတော်ရဲ့ တိုးတက်မှုအရွေ့ကို မြင်ရမှာဖြစ်ပါတယ်။ ဒါလည်း လက်ရှိအစိုးရမှာ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်များဖြစ်ပါတယ်။

သွင်းအားစုနဲ့ပတ်သက်လို့ အားလုံးဆွေးနွေးသွားတဲ့အတိုင်းပဲ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးအရည်အသွေးများ မပြည့်မီမှု ဒါတွေကလည်း အားလုံးက တစ်ညီ တညွတ်တည်း ဆွေးနွေးသွားတာ အမှန်တရားပဲဖြစ်ပါတယ်။ ဒီဟာတွေကလည်း ဒီစနစ်ရဲ့ တစ်ဦးချင်း စနစ်ရဲ့အားနည်းမှုကြောင့် လယ်သမားတစ်ဦးချင်းက ဒီ ဆေးဝါး၊ ပစ္စည်း၊ ကုန်သည်တွေရဲ့ အကြွေးစနစ်အောက်မှာ လူးလိမ့်ပြီးတော့ သူတို့က ဒီအကြွေးရရင် ပြီးရောဆိုတဲ့စနစ်နဲ့ မစိုက်ခင်မှာ အကြွေးယူပါတယ်။ စိုက်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ လေ့လာချက်အရ ဒီတောင်သူတစ်ဦးချင်းဟာ တစ်ကျပ်တန်တဲ့ပစ္စည်းကို ကျပ် ၁၀၀ ကနေ ကျပ် ၂၀၀ အထိ ပြန်လည်ပေးဆပ်နေရတယ်ဆိုတာကို သူတို့မသိပါဘူး။ သူက အကြွေးပြန်ဆပ်ဖို့ပဲသိပါတယ်။ ရိတ်သိမ်းချိန်မှာ သူတို့ လုပ်ကျွေးရတဲ့သူတွေ က ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကုန်သည်များသာဖြစ်ကြောင်း တွေ့ရှိ ရတဲ့အတွက် ဒီအလယ်အလတ် ကုန်သည်ပွဲစားစနစ် တစ်ဦးသောကိုယ်စားလှယ်ကြီးက ဆွေးနွေးသွား ပါတယ်။ ဒီအလယ်အလတ်ပွဲစားများ ပျောက်တဲ့စနစ်က သမဝါယမစနစ်ဖြစ်ပါတယ်။ သမဝါယမစနစ် သည် လယ်သမားထုတ်လုပ်တဲ့ဟာတွေကို ကုန်သည်(Whole Sale)ပေါ့နော်။ လက်ကားဒိုင်အထိ ဆက်သွယ်ပြီးတော့ သွင်းအားစုတွေကို ချိတ်ဆက်လုပ်မယ်။ ထွက်ရှိတဲ့သီးနှံတွေနဲ့ဆက်စပ်ပြီးတော့ လယ်သမားနဲ့ ကုန်သည်တိုက်ရိုက်စနစ်ကို လုပ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ လက်ရှိဆောင်ရွက် မယ့် သမဝါယမပုံစံနဲ့ စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်ရေးဟာ အကောင်အထည်ဆက်ဖော်သွားမယ်ဆိုရင် အခုနက အရည်အသွေးမပြည့်မီတဲ့ သွင်းအားစုတွေနဲ့ပတ်သက်လို့ လယ်သမားတွေ အကြွေးစနစ် ကြောင့် ခါးစည်းခံနေရတဲ့အနေအထားကနေလွတ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ လာမယ့် ဆွေးနွေးမယ့်မူဝါဒထဲ မှာပါထားပါတယ်။

နည်းပညာပိုင်းနဲ့ပတ်သက်လို့ ဝန်ထမ်းတစ်ဦးက ဧက ၇၅၀၀ လောက်အထိ တာဝန်ယူနေရတဲ့ အနေအထားဖြစ်နေတဲ့အတွက် ဒါကိုလည်း ကျွန်တော်တို့ ဆက်ပြီး သုံးသပ်ပြီး တိုးချဲ့ဖို့လုပ်ပါမယ်။ နံပါတ်(၈)အချက်ဖြစ်တဲ့ သဘာဝဘေးဒဏ်ကတော့ လက်ရှိမှာ ခါးစည်းလို့ခံနေရပါတယ်။ ဒီဒဏ်က ရှေ့ကစိုက်လိုက်၊ နောက်ကပျက်လိုက်၊ ရှေ့ကမွေးလိုက် နောက်ကနေပြီး ဖျက်လိုက်ဆိုတော့ ဒီသဘာဝ ဘေးဒဏ်ကလည်း ကျွန်တော်တို့ရဲ့ Challenges မှာ တစ်ခုပါနေတဲ့အတွက် ဒါကို ကျွန်တော်တို့ ဘယ်လိုအလွတ်ရုန်းနိုင်အောင် စိုက်ပျိုးမွေးမြူရေးစနစ်တွေ လုပ်မယ်ဆိုတာကိုလည်း အစီအမံထဲမှာ ထည့်ထားပါတယ်။ နောက် တောင်သူတွေရဲ့ အကြွေးတင်မှု။ သီးနှံရောင်းချိန်မှာ ဈေးကျပြီးတော့ အရှုံးနဲ့ရင်ဆိုင်နေရတယ်။ တောင်သူတွေသီးနှံရောင်းချိန်မှာ ဈေးကျလို့ အကြွေးတင်တာနှင့်အမျှ တောင်သူကလည်း တွက်ခြေမကိုက်ဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနေအထားဟာဆိုလို့ရှိရင် စားသုံးသူမှာလည်း ဈေးကြီးပေးပြီးတော့ စားနေရတဲ့အနေအထားရှိပါတယ်။ ပတ်ဝန်းကျင်နိုင်ငံ များနှင့်ယှဉ်ကြည့်မယ်ဆိုရင် ပတ်ဝန်းကျင်နိုင်ငံများအားလုံးနဲ့ ကျွန်တော်တို့နိုင်ငံသည် ထုတ်လုပ်တဲ့ တောင်သူကလည်း။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    ကျွန်တော်တို့ ဒီဟာတွေက ကိုယ်စားလှယ်တွေအားလုံးဟာ ဆွေးနွေး ပြီးပါပြီ။ ကိုယ်စားလှယ်တွေအားလုံးဆွေးနွေးတဲ့အပေါ်မှာ ဝန်ကြီးဌာနရဲ့သဘောထားကို တိတိ လင်းလင်းနဲ့ ထိထိမိမိလေး ပြောပေးပါ။

ဒေါက်တာထွန်းဝင်း(ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)             အဲဒီတော့ တောင်သူတွေကော၊ စားသုံးသူတွေကော တွက်ခြေမကိုက်တဲ့အနေအထား၊ ကျေးလက် အလုပ်လက်မဲ့ တွေ များနေတဲ့အနေအထား၊ ဈေးကွက်တွက်ခြေမကိုက်တဲ့အနေအထား ဒီအ‌ခြေအနေတွေဟာ ကျွန်တော်တို့နိုင်ငံကို အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိနေတဲ့အတွက် ဒီကနေလွတ်မြောက်ဖို့ ကျွန်တော်တို့ရဲ့ မူဝါဒလုပ်ငန်းစဉ်များကို ချမှတ်ပါတယ်။ ချမှတ်တဲ့နေရာမှာ ကျွန်တော်တို့မူဝါဒ လုပ်ငန်းစဉ်များသည် ပြီးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လယ်ယာရေးရာ ကော်မတီအရ ၂၀၁၃ ခုနှစ်မှာချမှတ်ခဲ့တဲ့ မူဝါဒလုပ်ငန်းစဉ်များကို အခြေခံပြီးတော့ တောင်သူလယ်သမားများရဲ့ ဆင်းရဲတဲ့ တောင်သူလယ်သမားများအားလုံး အကျိုးရှိစွာဆောင်ရွက်နိုင်ဖို့ လယ်သမားအစုအဖွဲ့များ ဖွဲ့စည်းပြီး တော့ စုပေါင်းစိုက်ပျိုးမွေးမြူရေးအသင်းများကို ကျေးရွာအလိုက်ဖွဲ့စည်းပြီးတော့  ကျွန်တော်တို့ သမဝါယမနဲ့ မြစိမ်းရောင်စီမံကိန်းတွေကနေပြီးတော့ ချေးငွေများ ပံ့ပိုးပေးပြီးတော့ ဒီစိုက်ပျိုးရေး စီးပွားထုတ်လုပ်သည့် လုပ်ငန်းကြီးကို ပြည်တွင်းမှာ မိသားစုစားဝတ်နေရေးဖူလုံမှုသာမက ပြည်ပကို ထုတ်လုပ်ဖို့ ရည်ရွယ်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒီကျွန်တော်တို့ရဲ့လုပ်ငန်းသည် ဆွေးနွေးသွားတဲ့ ၁၈ ဦးသော လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်ထပ်တည်းကျရောက်ပြီးတော့ လုပ်ငန်းကို တစ်ထပ်တည်းသွားမှာဖြစ်တဲ့အတွက် ဒီလုပ်ငန်းကို ရှေ့ဆက်အောင်မြင်ရေးအတွက်ကို တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အပါအဝင် ကျွန်တော်တို့သွားမယ့် လုပ်ငန်းစဉ် မှာ ပါဝင်ပူးပေါင်း ဆောင်ရွက်ပြီးတော့ ရှေ့ဆက်လုပ်ငန်းတွေမှာ ဝေဖန်သုံးသပ်ပြီးတော့ တင်ပြရင်းနဲ့ သွားကြပါလို့ အကြံပြုရင်းနဲ့ကျွန်တော် ဒီမှာတင် နိဂုံးချုပ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ              ဒုတိယဝန်ကြီးအနေနဲ့ နိဂုံးမချုပ်ပါနဲ့ဦး။ ပြောချင်တာက ဝန်ကြီး ဌာနရဲ့ သဘောထားက အတည်ပြုရမှာလား၊ မှတ်တမ်းတင်ရမှာလား၊ အတည်မပြုရမှာလား ဝန်ကြီးဌာနရဲ့ သဘောထားကို တိုတိုနဲ့လိုရင်းပြောပါ။ ဒုတိယဝန်ကြီးက ကိုယ်စားလှယ်တွေဆွေးနွေးတဲ့ အပေါ်မှာ ပြန်ပြီးထောက်ခံဆွေးနွေးတာဖြစ်နေပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ခုနကတည်းက ပြောတယ်။ တိုတိုနဲ့ လိုရင်း ထိထိမိမိ ဝန်ကြီးဌာနရဲ့သဘောထားကို ရှင်းရှင်းလင်းလင်းလေးပဲ ပြောပေးပါ။

ဒေါက်တာထွန်းဝင်း(ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)             ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့သဘောထားအနေနဲ့ အားလုံးဆွေးနွေးတဲ့အပေါ်မှာ အတည်ပြုပေးဖို့ တင်ပြအပ် ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    အဆိုရှင်ရဲ့သဘောထားပြောပါ။

ဦးတင်ထွေး (ဝေါမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း     လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စား လှယ်များ ခင်ဗျား။ ကျွန်တော်၏အဆိုနှင့် ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး ကလည်း အပြည့်အဝထောက်ခံသွားပြီး ဖြစ်ပါတယ်။ ထို့အတူ ဒုတိယဝန်ကြီးကလည်း ဒီအပေါ်မှာ အတည်ပြုဖို့ လွှတ်တော်မှာ တင်ပြသွားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အဆိုကို လွှတ်တော်ကြီး ကနေ အတည်ပြုပေးပါရန် လေးစားစွာနဲ့ တင်ပြအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ              လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးတင်ထွေး တင်သွင်းတဲ့ အဆိုကို ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အတည်ပြုပေးရန် ရှင်းလင်းပြောကြားခဲ့ပါတယ်။ ထို့အတူ အဆိုရှင် ကလည်း ဒီအဆိုနှင့်စပ်လျဉ်းပြီး အတည်ပြုပေးရန် ပြောကြားခဲ့ပါတယ်။ ဒါကြောင့်ဒီအဆိုနဲ့ စပ်လျဉ်းပြီး အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူ မရှိတဲ့ အတွက် ဦးတင်ထွေး တင်သွင်းတဲ့အဆိုကို လွှတ်တော်ကမှတ်တမ်းတင် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ကြေညာပါတယ်။

တင်သွင်းသူ 
ဦးတင်ထွေး(ဝေါမဲဆန္ဒနယ်)
နေ့စွဲ 
Wednesday, March 8, 2017