Law Database | Mail | English Version

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့တွင် ဒေါက်တာလှမိုး (အောင်မြေသာစံမဲဆန္ဒနယ်) က အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်က နိုင်ငံတော်၏ ချမှတ်ထားသော ပညာရေးမူဝါဒနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အထောက်အပံ့ဖြစ်စေသော အခြေခံပညာအဆင့် သင်ကြားသင်ယူမှု ပညာရည်စစ်ဆေးတိုင်းတာခြင်းအကဲဖြတ်မှုပုံစံအတွက် မှန်ကန်သောမူဝါဒတစ်ရပ်ချမှတ်ပေးပါရန်နှင့် ခိုင်ခိုင်မာမာကျင့်သုံးပေးပါရန် ပညာရေးဝန်ကြီး ဌာနအား တိုက်တွန်းကြောင်းအဆိုတင်သွင်းခြင်းနှင့် လက်ခံရန်သင့်‌/မသင့်‌ အဆုံးအဖြတ်ရယူခြင်း

ဒေါက်တာလှမိုး(အောင်မြေသာစံမဲဆန္ဒနယ်) မှ အဆိုတင်သွင်းခြင်း လေးစားရပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်း နှင့်ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးပဲ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော် တင်သွင်းမယ့် အဆိုကတော့ ပညာရေးနှင့်ပတ်သက်တဲ့အဆို ဖြစ်ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဧည့်သည်တော်များအားလုံးလည်း သိရှိကြပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ပညာရေးအခြေအနေဟာ အဖက်ဖက်မှယိုယွင်းကျဆင်းနေတာကို မြင်တွေ့ကြရပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြုပြင်ပြောင်းလဲလိုတဲ့ဆန္ဒတွေနဲ့ ပြင်းပြနေပြီဆိုတာ ကို သိရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတာနှင့်အညီ ပညာရေးနှင့်ပတ်သက်တဲ့အဆိုကို ကျွန်တော်တင်သွင်း ရခြင်းဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point သုံးစွဲခွင့်ပြုပါခင်ဗျား။ ကျွန်တော်တင်သွင်းမယ့် အဆိုကတော့ နိုင်ငံတော်၏ချမှတ်ထားသော ပညာရေးမူဝါဒနှင့်ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အခြေခံပညာအဆင့် ပညာသင်ကြားခြင်း၊ တတ်မြောက်မှုစစ်ဆေးရန် အတွက် ခိုင်မာမှန်ကန်သောမူဝါဒတစ်ရပ်ရေးဆွဲပေးပါရန် ပညာရေးဝန်ကြီးဌာနသို့ တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။ ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ အခန်း(၁)အခြေခံမူများ အမှတ်စဉ် ၂၈  အပိုဒ်ခွဲ(ဃ)မှာ ပြည်သူများရဲ့ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေဖို့အတွက် အလေးထားဆောင်ရွက်ရမယ်လို့ ဖော်ပြပါရှိပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ အခန်း(၁)အခြေခံမူများ အမှတ်စဉ် ၂၈ အပိုဒ်ခွဲ(ဃ)မှာလည်း ဘက်စုံအတွေး‌အခေါ် အယူအဆမှန်ကန်၍ ထူးခြားပါတယ်။ ဘက်စုံအတွေး အခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရမယ်လို့လည်း ထပ်မံဖော်ပြထားပါတယ်။ ဒီလိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ အခန်း(၁)အခြေခံမူများ အမှတ်စဉ် ၃၃ မှာ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ ဗလငါးတန်ဆိုတဲ့နေရာမှာ ကာယဗလ၊ ညာဏဗလ၊ စာရိတ္တဗလ၊ ပညာဗလ၊ မိတ္တဗလအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ လမ်းညွှန်ထားခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုပဲ အမျိုးသားပညာရေးဥပဒေ (၂၀၁၄) အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (၂၀၁၅) အခန်း(၂) ပညာရေးရည်မှန်းချက်မှာလည်း ပြန်ကြည့်မယ်ဆိုရင် အမှတ်စဉ် ၃ အပိုဒ်ခွဲ(ဃ)မှာ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်လို့ ဖော်ပြပါရှိပါတယ်။ ဒီလိုပဲ အမျိုးသားပညာရေးဥပဒေ (၂၀၁၄) ပြင်ဆင်သည့်ဥပဒေ (၂၀၁၅) ပုဒ်မ ၁၆ အပိုဒ်ခွဲ(ဂ) မှာလည်း ပညာရေးအဆင့်‌တစ်ခုပြီးမြောက်သွားတိုင်း ကျောင်းသားကျောင်းသူများ သင်ယူတက် မြောက်မှုအဆင့်ဆင့်ကို စစ်ဆေးအကဲဖြတ်ခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာပညာရေးဥပဒေရဲ့ နည်းဥပဒေတွေမှာ သတ်မှတ်ပြဋ္ဌာန်းထားရမယ်လို့လည်း ဖော်ပြထားရှိပါတယ်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၄ ရက် နေ့မှာကျင်းပတဲ့ အခြေခံပညာရေးဆရာအတတ်သင်ပညာကဏ္ဍနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က ပညာရေးအဆင့်‌ တစ်ခုပြီးမြောက်ဖို့အတွက် သင်ယူတက်မြောက်မှုအဆင့်‌ကို စစ်ဆေးအကဲဖြတ်ခြင်းနဲ့ပတ်သက်ပြီး စာမေးပွဲစနစ်၊ သင်ယူမှုစနစ်တွေကို ပြောင်းလဲဆောင်ရွက်ရမယ့်အပြင် အလွတ်ကျက်ပညာရေး စနစ်ကို လျှော့ချရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသွားပါတယ်။

ဒါဟာ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တစ်ဦးကနေပြီးမှ ပညာရေးအပေါ်မှာ မှန်ကန်တဲ့ ညွှန်ကြား ချက်တစ်ခုလို့ ခံယူပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာကြည့်မယ်ဆိုရင် ခေတ်အဆက်ဆက် ယနေ့ အချိန်အထိ ပညာသင်ကြားမှု၊ သင်ယူမှု၊ တတ်မြောက်မှုကို စစ်ဆေးတဲ့အခါမှာ ၁၀၀ ရာခိုင်နှုန်း စာမေးပွဲစနစ်နဲ့ စစ်ဆေးပါတယ်။ ၁၀၀ ရာခိုင်နှုန်းစာမေးပွဲစနစ် စစ်ဆေးတဲ့စနစ်ဆိုတာက ဘာလဲဆို တော့ စာမေးပွဲမှာ‌ဖြေနိုင်ရင်အောင်မယ်၊ မဖြေနိုင်ရင်ကျမယ်။ ဒီနှစ်ခုပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ စာမေးပွဲဆိုတာက နိုင်ငံတကာမှာစာမေးပွဲတွေ စစ်ဆေးတယ်ဆိုတာက ကျောင်းသားတစ်ယောက် အတန်းတင်၊ အတန်းချဆုံးဖြတ်ပေးဖို့ စစ်ဆေးကြတာမဟုတ်ပါဘူး။ ကျောင်းသားတစ်ယောက် ဒီသင်ခန်းစာတွေအပေါ်မှာ ဘယ်လောက်ကြေညက်သလဲဆိုတာ စစ်ဆေးတယ်။ စစ်ဆေးပြီး လိုအပ် တာကို ထပ်မံဖြည့်စွက်သင်ကြားပေးပြီးမှ အတန်းတင်ပေးဖို့ စစ်ဆေးခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ အဲဒီအတိုင်း ကျင့်‌သုံးခဲ့ခြင်းမရှိပါဘူး။ ရှေ့ပိုင်းမှာ ၁၉၉၅ ခုနှစ်လောက်ကစပြီး စဉ်ဆက်မပြတ် အကဲဖြတ်အတန်းတင်စနစ်ကို ကျင့်သုံးတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲ ကျင့်သုံးခဲ့၊ ကျင့်သုံးခဲ့ တက္ကသိုလ်ဝင်တန်းလို့ခေါ်တဲ့ Grate 11 မှာတော့ ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ ချုပ်ထားခြင်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့လို့ ဘယ်လိုပဲဖြစ်နေနေ ကျွန်တော်တို့တွေက ဒီ ၁၀ တန်းဟာ ကလေးတွေရဲ့ ဘဝတစ်ခုကို အဆုံးအဖြတ်ပေးတဲ့အတွက်ကြောင့် မိဘတွေရော၊ ကျောင်းသားကျောင်းသူတွေ ရောဟာ စဉ်ဆက်မပြတ်အတန်းတက်၊ အတန်းတင်ပညာရေးမှာ ဘယ်လောက်ပဲ ကြိုးစားဆောင်ရွက် ဆောင်ရွက် ဒီ ၁၀ တန်းဆိုတာကို ဦးတည်ပြီးမှ ၁၀ တန်းမှာ စာမေးပွဲအောင်မှ အလုပ်ဖြစ်မယ်။ မအောင်ရင်အလုပ်မဖြစ်ဘူး။ စာမေးပွဲအောင်မြင်မှုရှိသူကိုသာလျှင် နိုင်ငံတော်ကလည်းချီးမြှောက် တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီနေ့ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုဖြစ်လာလဲဆိုတော့ စာမေးပွဲသည်သာအဓိက၊ စာမေးပွဲဖြေဆိုနိုင်ရေးသည်သာ အဓိက၊ စာမေးပွဲအောင်မြင်ရေးသည်သာအဓိကဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုပြောတဲ့အတွက် ကျွန်တော် တို့က စာမေးပွဲစနစ်ကို ဆန့်ကျင်တာလည်း မဟုတ်ပါဘူး။ ကန့်ကွက်တာလည်း မဟုတ်ပါဘူး။ စာမေးပွဲ ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ ဆုံးဖြတ်တာဟာ နိုင်ငံ့ပညာရေး၊ နိုင်ငံတော်ရဲ့ ရည်ရွယ်ချက်၊ အမျိုးသား ပညာရေးရဲ့ ရည်ရွယ်ချက်တွေကို ဘယ်လိုမှ အထောက်အပံ့မဖြစ်စေနိုင်တာကို တင်ပြလိုခြင်း ဖြစ်ပါ တယ်။ အဓိကကတော့ စာမေးပွဲလွှမ်းမိုးတဲ့ ပညာရေးစနစ်ကို မဖြစ်စေလိုခြင်းဖြစ်ပါတယ်။ ဒီအခါမှာ စစ်မေးတဲ့စာမေးပွဲမေးခွန်းအများစုမှာလည်း ကြည့်မယ်ဆိုရင် ဗလငါးတန်ကို ဖွံ့ဖြိုးစေတဲ့ တွေးခေါ် မြော်မြင်မှုပါတဲ့ ပညာသင်ကြားခြင်း၊ တတ်မြောက်မှုစနစ်မဟုတ်ဘဲနဲ့ ပုံနှိပ်စာအုပ်ထဲမှာပါတဲ့ဟာကို အလွတ်ကျက်ပြီးရင် မေးခွန်းထဲမှာ ပြန်ပြီး ဤသည်မရွေး ပြန်ရေးနိုင်တဲ့ Rote Learning လို့ခေါ်တဲ့ အလွတ်ကျက်ပညာရေးစနစ်ကိုပဲ ဦးတည်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိဘနဲ့ဆရာ၊ ကျောင်းသားတွေရဲ့ အားလုံးဦးတည်ချက်က စာမေးပွဲအောင်ချက်မြင့်မားရေး၊ စာမေးပွဲအောင်မြင်ရေး၊ စာမေးပွဲမေးခွန်း ကောင်းမွန်စွာဖြေဆိုရေးသာ သူတို့အတွက် အရေးကြီးပါတယ်။ အမှန်တကယ် တွေးခေါ်မျှော်မြင်မှုပါတဲ့ ပညာတတ်မြောက်ရေးဟာ ကျောင်းသားကျောင်းသူမိဘ၊ ဆရာဆရာမ တွေအတွက် အရေးမပါပါဘူး။ အရေးပါတဲ့အခန်းကဏ္ဍမှာလည်း မရှိတော့ပါဘူး။ ဒါကြောင့်မို့လို့ တက္ကသိုလ်ဝင်တန်းမှာမေးလာမယ့် စာမေးပွဲ ဤသည်မလွဲဖြေနိုင်ဖို့အတွက် ဒါကိုပြင်ဆင်နိုင်ရန် သူငယ်တန်းကစပြီး နေ့စဉ်နှင့်အမျှ အိပ်ချိန်မရှိ၊ စားချိန်မရှိ၊ အချိန်တိုင်းအချိန်တိုင်း၊ မိုးလင်မိုးချုပ် ဒီစာကိုပဲအလွတ်ကျက်တဲ့ဟာကိုသာလျှင် ဆောင်ရွက်နေကြရခြင်း ဖြစ်ပါတယ်။ ဒီအတွက် အနစ်နာ ဆုံးကတော့ နိုင်ငံတော်နှင့်မိဘတွေပါပဲ။ နိုင်ငံတော်မှာလည်း တွေးခေါ်မြော်မြင်မှုရှိတဲ့ နိုင်ငံသူ နိုင်ငံသားများကို မွေးထုတ်ပေးနိုင်ခြင်းမရှိသလို နိုင်ငံတော်က ဒီနေ့ အခြေခံပညာကဏ္ဍမှာ ငွေကြေး အကုန်ကျအသက်သာဆုံးဖြစ်အောင် ဆောင်ရွက်နေတဲ့အချိန်မှာ ဒီနေ့ ဒီလိုဟာမျိုးတွေ ဒီစာမေးပွဲ စနစ်ကြောင့်မို့လို့ မိဘတွေဟာ မိမိတို့ရဲ့ချွေးနည်းစာ ရင်းနှီးစားသောက်ရမယ့် ငွေကြေးတွေကို မိမိတို့ရဲ့သားသမီးတွေ ပညာရေးအတွက် မတန်တဆအသုံးပြုလာခြင်းဟာ အရမ်းကိုနစ်နာလှပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၌ အမျိုးသားပညာရေး ဥပဒေမှာ အဓိကရည်ရွယ်တာကတော့ ဘက်စုံအတွေးအခေါ် ယူဆမှုမှန်ကန်ပြီး၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ကို ဖော်ဆောင်ရမယ်။ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်မှုရှိသော  အသိဉာဏ်ရှိတဲ့ ဗလငါးတန်ပြည့်စုံ သော နိုင်ငံသားများဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်‌ပေးရမယ်လို့ ဆိုလိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိသင်ကြားနေတဲ့ ပညာသင်ကြားခြင်း တတ်မြောက်မှု စစ်ဆေးတာဟာ ၁၀၀ ရာခိုင်နှုန်းပြည့် စာမေးပွဲအခြေပြုစစ်ဆေးခြင်းပုံစံ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပညာရေးမူဝါဒအရရော၊ အမျိုးသားပညာရေး ဦးတည်ချက်ကိုပါ ဘယ်လိုမှ အထောက်အပံ့မဖြစ်တော့ပါဘူး။ ဒီနေ့နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့  ပြဿနာတွေဖြစ်တဲ့ နိုင်ငံရေးပြဿနာ၊ လူမှုရေးပြဿနာ၊ ဘာသာရေးပြဿနာတွေအားလုံးကို မဖြေရှင်းနိုင်ခြင်းဟာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေအားလုံးဟာ စစ်မှန်ပြီးမှန်ကန်သည့် တည်ငြိမ်တဲ့ပညာရေး အောက်မှာ ကျွန်တော်တို့တစ်တွေ မဖြတ်သန်းခဲ့ရခြင်းကြောင့် ဖြစ်ပါတယ်။ ဒါတွေထဲမှာမှ အခြေခံ ပညာအဆင့် ပညာသင်ကြားခြင်း၊ တတ်မြောက်မှုစစ်ဆေးတဲ့ပုံစံအလွဲကြောင့်မို့လို့ မြန်မာ့ပညာရေးဟာ ပိုမိုနိမ့်ကျခဲ့ရတယ်လို့ ကျွန်တော်တို့ ခံယူပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်ကချမှတ်ထားတဲ့ ပညာ သင်ကြားမှု/သင်ယူမှု တတ်မြောက်ခြင်းစစ်ဆေးရာမှာ ဒီရည်မှန်းချက်ကိုရောက်ရှိတဲ့ စစ်ဆေးမှုမျိုး သာဖြစ်ရပါမယ်။ ကောင်းမွန်မှန်ကန်သောစစ်ဆေးခြင်းပုံစံကသာလျှင် ကောင်းမွန်မှန်ကန်တဲ့ ပညာ ရေးစနစ်ကို ဦးတည်အကောင်အထည်ဖော်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုလည်း မေတ္တာရပ်ခံလိုပါတယ်။ ဒီနေ့ကျွန်တော်တင်သွင်းတဲ့အဆိုဟာ ပြည်သူ လူထုနှင့် ပြည်သူလူထုတွေရဲ့အသံ ပြည်သူလူထုဖြစ်ချင်တဲ့ဆန္ဒကို ကျွန်တော်တို့က တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုဝန်ကြီးအနေနဲ့လည်း ကျွန်တော်တို့က ပြည်ထောင်စု ဝန်ကြီးကို ဖိအားတစ်ရပ်ပေးတယ်လို့ မခံယူစေလိုပါဘူး။ တွန်းအားတစ်ရပ်ပူးပေါင်းပြီးတော့ ပါဝင်ပေးတယ်လို့ပဲ ခံယူပြီးတော့ ကျွန်တော်တို့ တင်သွင်းမယ့်အဆိုကို အောင်မြင်စေရန်အတွက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း မေတ္တာရပ်ခံအပ်ပါတယ်။ ဒါကြောင့်မို့လို့ ပညာသင်ကြားမှု/ သင်ယူမှု တတ်မြောက်ခြင်းစစ်ဆေးရာမှာ မှန်ကန်ခိုင်မာသော မူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် ကလည်း အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံ ပညာရေးဖြတ်သန်းမှုကို ပြန်ကြည့်မယ်ဆိုရင် ပညာရေးဝန်ကြီးဌာနကို တာဝန်ရှိသူတစ်ဦး ပြောင်းလဲတိုင်း ပုံစံတစ်မျိုး၊ မူဝါဒတစ်မျိုး ပြောင်းပြောင်း သွားပါတယ်။ လက်ရှိကျင့်သုံးနေတဲ့မူဝါဒကို ဖယ်ရှားဖျောက်ဖျက်ဖြစ်တာ၊ မှေးမှိန်ပျက်ပြယ်တာ တွေလည်း အားလုံးသိရှိပြီးဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုလို့ရှိရင် စာမေးပွဲလုံးဝ မကျင်းပဘဲ နေလိုက်၊ စဉ်ဆက်မပြတ် အကဲဖြတ်အတန်းတင်စနစ်တွေလုပ်လိုက်၊ လေးတန်းစာမေးပွဲစစ်လိုက် မစစ်ဘူးပြောလိုက်၊ ရှစ်တန်းစစ်မယ်ပြောလိုက် မစစ်ဘူးပြောလိုက်၊ နောက်ဆက်တွဲစာမေးပွဲလုပ်မယ် ပြောလိုက် မလုပ်ဘူးပြောလိုက်၊ ပြန်လည်ကုစားမယ်ပြောလိုက် မကုစားမယ်ပြောလိုက် တိကျတဲ့မူဝါဒ မရှိဘဲနဲ့ ဆောင်ရွက်နေတဲ့အတွက်ကြောင့် တည်ငြိမ်တဲ့ပညာရေးစနစ်တစ်ခုမဟုတ်ဘူးဆိုတာလည်း ပေါ်လွင်စေပါတယ်။ ဒါကြောင့်မို့လို့ တည်ငြိမ်တဲ့ပညာရေးစနစ်ကသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ တည်ငြိမ်တဲ့ပညာရေးစနစ်တစ်ခုကို မိဘနဲ့ ကျောင်းသားတွေက ဘယ်သူမှ အယုံအကြည်မရှိတော့ပါဘူး။ ဒီနေ့ဖြစ်နေတဲ့ပြဿနာဒါပါပဲ။ ဒီဟာကို အများဆုံးခံရတာ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနမှာရှိတဲ့ ဆရာဆရာမတွေကို မူဝါဒခိုင်ခိုင်မာမာ မတည်ဆောက်နိုင်ဘဲနဲ့ အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက်တွေနဲ့ပဲ အပြောင်းအလဲတွေများတဲ့အတွက်ကြောင့် မိဘပြည်သူများနဲ့ ကျောင်းသားကျောင်းသူများက ဆရာဆရာမများအပေါ်မှာ ယုံကြည်မှုကင်းမဲ့လာပါတယ်။ ဒီလို ယုံကြည်မှုကင်းမဲ့လာခြင်းဟာ ပညာရေးနိမ့်ကျခြင်းပါ။ ပညာရေးနိမ့်ကျခြင်းဟာ တိုင်းပြည်အထွေထွေ နိမ့်ကျခြင်းကို အစပြုတာလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။  ဒါကြောင့်ကျွန်တော့်ရဲ့အဆိုဖြစ်တဲ့ နိုင်ငံတော်၏ချမှတ်ထားသော ပညာရေးမူဝါဒနှင့် ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် အခြေခံပညာအဆင့်ပညာသင်ကြားခြင်း၊ တတ်မြောက်မှုစစ်ဆေးရန်အတွက် ခိုင်မာ မှန်ကန်သော မူဝါဒတစ်ရပ်ရေးဆွဲပေးပါရန်နှင့် ပညာရေးဝန်ကြီးဌာနအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းအပ်ပါတယ်။

ဦးမြင့်ထွန်း(တန့်ဆည်မဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း  လေးစားရပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မဲဆန္ဒနယ်က ဦးမြင့်ထွန်း ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဒေါက်တာလှမိုးရဲ့အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒေါက်တာလှမိုးရဲ့အဆိုမှာ အဓိကအချက်နှစ်ချက် ပါဝင်တာတွေ့ရပါ တယ်။ ပထမအချက်ကတော့ အခြေခံပညာရေးမှာ သင်ကြားသင်ယူမှု ပညာရည်စစ်ဆေးတိုင်းတာခြင်း အကဲဖြတ်မှုပုံစံအတွက် မှန်ကန်သောမူဝါဒတစ်ရပ် ချမှတ်ပေးရမှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အဲဒီမှန်ကန်စွာချမှတ်ထားသော မူဝါဒကို ခိုင်ခိုင်မာမာကျင့်သုံးပေးရမည်ဖြစ်ပါတယ်။ မှန်ပါတယ် ခင်ဗျား။ အဆိုရှင် တင်ပြ သလိုပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ပညာရေး ဦးတည်ချက်ကတော့ ကျောင်းသား ကျောင်းသူလူငယ်တိုင်း တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်ပြီး အသိဉာဏ်ကြွယ်ဝရမယ့် ဗလငါးတန် ဖွံ့ဖြိုးရေးဆိုတာပါပဲ။ ဒါပေမယ့် မြန်မာပြည်ရဲ့ပညာရေးစနစ်ဟာ Critical Thinking, Lateral Thinking ဆိုတဲ့ ကျိုးကြောင်းဆင်ခြင်တွေးနိုင်တဲ့၊ ဆင့်ပွားတွေးနိုင်တဲ့ သင်ကြားသင်ယူမှုတွေနဲ့ ကင်းဝေးလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီလိုဖြစ်လာရတဲ့အကြောင်းအရင်းကလည်း ကျွန်တော်တို့နိုင်ငံပညာရေးမှာ ကျင့်သုံးခဲ့တဲ့ သင်ကြားသင်ယူမှုစစ်ဆေးခြင်း အလွဲကြောင့်ဖြစ်တယ် ဆိုတာ လေ့လာသုံးသပ်မိပါတယ်။ ဆရာဆရာမများ ကျောင်းသားကျောင်းသူများကို ပြဋ္ဌာန်း စာအုပ် များနှင့် တုပ်နှောင်ထားပြီးတော့ ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေ၊ အလွတ်ကျက်၊ အလွတ်ရေး အမှတ်ပေး ဆုံးဖြတ်တဲ့ စနစ်ကြောင့်ဖြစ်ပါတယ်။ ဆရာဆရာမများကလည်း အဖြေလွှာများကို စစ်ဆေး ရာမှာ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာများနှင့် တိုက်ဆိုင်စစ်ဆေးရတဲ့ တိုက်စစ်မှူးများသာ ဖြစ်နေပါတယ်။ အမှတ်များ များရဖို့၊ အဆင့်ကောင်းရဖို့ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်း ဒီလိုနဲ့ စာတွေကို အချိန်ရှိသရွေ့ အလွတ်ကျက်မှတ်နေရလို့ ဗလငါးတန်ဖွံ့ဖြိုးရေးဆိုတာ ဝေးကွာခဲ့ရပါတယ်။ ဘယ်လိုမှလည်း မဖြစ်နိုင်တော့ပါဘူး။ ဒီ့ထက်ပိုဆိုးတာကတော့ ၁၀ တန်းအောင်တယ်၊ ဘွဲ့ရတယ်။  ဒါပေမယ့် တီထွင် ဖန်တီးတတ်စေဖို့၊ ကျိုးကြောင်းဆက်စပ်တွေးတောတတ်စေဖို့ လေ့ကျင့်သင်ကြား ပေးခြင်း မခံရတဲ့ အတွက် တွေးလည်းမတွေးတတ်တော့ဘူး။ တွေးစရာလည်းမလိုတော့ဘူး။ အဲဒီအခါ ဘာဖြစ်လာလဲဆိုတော့ မတွေးတောတတ်လို့ ပြဿနာတွေ ဖြေရှင်းနိုင်စွမ်းမှာလည်း အားနည်း လာပါတယ်။ အသစ်တီထွင်လိုစိတ်၊ ဖန်တီးလိုစိတ်များ ပျောက်ကွယ်သွားပြီးတော့ လူ့စွမ်းအား အရင်းအမြစ်တွေ ကျဆင်းလာပါတယ်။ ဒါကြောင့် လက်ရှိကျင့်သုံးနေတဲ့၊ လွဲမှားနေတဲ့ သင်ကြား သင်ယူမှုစနစ်နဲ့ အကဲဖြတ် စစ်ဆေးခြင်း စာမေးပွဲပုံစံများကို ပြန်လည်သုံးသပ်ပြီးတော့ မူဝါဒတစ်ရပ် အသစ်ရေးဆွဲဖို့ အမြန် လိုအပ်နေပြီလို့ ထင်ပါတယ်။

          ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ လက်ရှိကျင့်သုံးနေတဲ့ သင်ကြားသင်ယူမှုနှင့် အကဲ ဖြတ်စစ်ဆေးပုံစံဟာ ဒေါက်တာလှမိုးတင်ပြသွားသလိုပါပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပညာရေး ရည်မှန်းချက်နဲ့ရော၊ အမျိုးသားပညာရေးဥပဒေပါ ပညာရေးဦးတည်ချက်များကို လုံးဝအကောင် အထည်ဖော်နိုင်ခြင်းမရှိဘူးဆိုတာ ထင်ရှားပေါ်လွင်ပါတယ်။ ဒါကြောင့် အဆိုရှင်တင်ပြတဲ့ ပထမ အချက်ဖြစ်တဲ့ ပညာရေးမှာသင်ကြားသင်ယူမှု ပညာရည်အကဲဖြတ်စစ်ဆေးခြင်းနှင့်ပတ်သက်ပြီး အခြေခံပညာအဆင့်အလိုက် မှန်ကန်သောမူဝါဒတစ်ရပ်ချမှတ်ပေးဖို့ အမှန်တကယ်လိုအပ်နေကြောင်း ထင်ရှားပါတယ်။

          ဥက္ကဋ္ဌကြီးနှင့်ကိုယ်စားလှယ်များခင်ဗျား။ အဆိုရှင် ဒေါက်တာလှမိုးတင်ပြသွားတဲ့ ဒုတိယ အချက်ကတော့ ချမှတ်ထားသောပညာရေးမူဝါဒများကို ခိုင်ခိုင်မာမာကျင့်သုံးရေးပဲဖြစ်ပါတယ်။ အဆို ရှင်တင်ပြသွားသလို ပညာရေးဝန်ကြီးဌာနမှာ ဝန်ကြီးတစ်ယောက်ပြောင်းသွားတိုင်း မူဝါဒစနစ်တစ်မျိုး ပြောင်းလဲသလိုဖြစ်နေပါတယ်။ ကျောင်းသားကျောင်းသူလူငယ်တွေဟာ ဓာတ်ခွဲခန်းထဲကဖားသူငယ် လို အစမ်းသပ်ခံဖြစ်နေပါတယ်။ အဲဒီအခါ ဘာဖြစ်လာသလဲဆိုတော့ နိုင်ငံတော်အစိုးရနဲ့ပညာရေး ဝန်ကြီးဌာနကို အထင်အမြင်သေးစေပါတယ်။ ဂုဏ်သိက္ခာကျဆင်းစေပါတယ်။ ဆရာဆရာမတွေ လည်း အခက်အခဲတွေနဲ့ရင်ဆိုင်ကြရပါတယ်။ နောက်ဆုံးရလဒ်ကတော့ ပညာရေးအဆင့်အတန်း နိမ့်ကျသွားခြင်းပဲဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးနှင့်ကိုယ်စားလှယ်များခင်ဗျား။ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထမ ပညာရေးကောင်းဖို့လိုပါတယ်။ ရေမြင့်မှကြာမြင့်မယ်ဆိုသလိုပါပဲ။ ပညာရေးကိုမြှင့်တင်နိုင်ပါမှ တိုင်း ပြည်နှင့်လူမျိုးမြင့်မားအောင် ကြံဆောင်နိုင်မှာဖြစ်ပါတယ်။ သယံဇာတနည်းပါးသော်လည်း လူသား အရင်းအမြစ်များကို ပညာရည်မြင့်မားတိုးတက်အောင် လုပ်ဆောင်ပေးနိုင်လို့ တိုးတက်ဖွံ့ဖြိုးနေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို သက်သေပြနိုင်ပါတယ်။ ဒါ့ကြောင့် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်ဖို့ ပညာရေးမူဝါဒများချမှတ်ရာမှာ မှန်ကန်မှုရှိဖို့လိုသလို အဲဒီမူကိုလည်း ခိုင်ခိုင် မာမာကျင့်သုံးရန် အထူးလိုအပ်ပါတယ်။ ဒါ့အပြင် ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူများကို လည်း ချမှတ်ထားတဲ့ပညာရေးမူဝါဒများနှင့်အညီ စနစ်တကျ လေ့ကျင့်သင်ကြား၊ သင်ယူဖို့လိုပါတယ်။ ဒါမှသာလျှင် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံထူထောင်ရေးဆိုတဲ့အိမ်မက်ကို မက်နိုင်မှာဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးနှင့်ကိုယ်စားလှယ်များခင်ဗျား။ မြန်မာနိုင်ငံပညာရေးတိုးတက်ဖို့အတွက် အရေးပါတဲ့ သင်ကြားသင်ယူမှု ပညာရည်စစ်ဆေးတိုင်းတာခြင်းအကဲဖြတ်ပုံစံအတွက် မှန်ကန်သောမူဝါဒတစ်ရပ် ချမှတ်ပြီး အဲဒီမူဝါဒကို ခိုင်ခိုင်မာမာကျင့်သုံးသင့်ပြီဖြစ်ပါကြောင်း ဆွေးနွေးရင်း ဒေါက်တာလှမိုးရဲ့ အဆိုကို အလေးအနက်ထောက်ခံရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်က တင်သွင်းသောအဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း ကြေညာခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးတင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုနှင့်စပ်လျဉ်းပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈ နည်းဥပဒေခွဲ(ခ) နည်းဥပဒေခွဲငယ်(၃)အရ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်ရဲ့ဆန္ဒရယူပါမယ်။ ဒေါက်တာ လှမိုးတင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

        [သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ              သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။ လွှတ်တော်က သဘောတူတဲ့အတွက် ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်က တင်သွင်းသော နိုင်ငံတော်၏ ချမှတ်ထားသောပညာရေးမူဝါဒနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အထောက်အပံ့ဖြစ်စေသော အခြေခံပညာအဆင့် သင်ကြားသင်ယူမှု ပညာရည်စစ်ဆေး တိုင်းတာခြင်း အကဲဖြတ်မှုပုံစံအတွက် မှန်ကန်သောမူဝါဒတစ်ရပ် ချမှတ်ပေးပါ ရန်နှင့် ခိုင်ခိုင်မာမာ ကျင့်သုံးပေးပါရန် ပညာရေးဝန်ကြီးဌာနအား တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ် ကြောင်းကြေညာပါတယ်။

 

ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်က တင်သွင်းသောအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဦးမြင့်လွင်(တွံတေးမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးမဲဆန္ဒနယ် ဦးမြင့်လွင် ဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ အနာဂတ်အတွက် မှန်ကန်တဲ့၊ တည်ငြိမ်တဲ့၊ ခိုင်မာတဲ့မူဝါဒတစ်ရပ် ချမှတ်မယ်ဆိုရင် အတိတ်ကိုလေ့လာဆန်းစစ်ဖို့ကိစ္စကို မလွဲမသွေလုပ်ရမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်တဲ့ အခါမှာ ကျွန်တော်တို့ ဓမ္မဓိဋ္ဌာန်ကျကျ၊ အစွဲကင်းကင်းနဲ့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် အတိတ်မှာမှားခဲ့တာရှိရင် အဲဒီအမှားတွေကို သင်ခန်းစာယူ၊ မှန်ခဲ့တာတွေရှိခဲ့လို့ရှိရင် အဲဒီအမှန်တွေကို တိုးချဲ့ပြီးတော့ အနာဂတ်အတွက် မှန်ကန်တဲ့မူဝါဒတွေချမှတ်ရမှာဖြစ်ပါတယ်။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ သဒ္ဒါအဓိက၊ ဝီရိယအဓိက၊ ပညာအဓိကဆိုတဲ့ ဘုရားသုံးမျိုးရှိတဲ့အနက်မှာ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားက ပညာအဓိကဘုရားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရဲ့ ဟောကြားချက်တွေဟာ ပညာကိုတန်ဖိုးထားတဲ့ ဟောကြားချက်တွေ အများကြီးပါခဲ့ပါတယ်။ နေထိုင်သူအများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှ လူ့အဖွဲ့အစည်း ကလည်း ပညာကို တန်ဖိုးထားတဲ့လူ့အဖွဲ့အစည်းဖြစ်ပါတယ်။ ပညာရွှေအိုးလူမခိုး၊ ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည်မြတ်ရွှေအိုး၊ ပညာအလှူထက် ပို၍ကြီးမြတ်သောအလှူဟူသည် မရှိဆိုတဲ့ စကားတွေကိုကြည့်ရင် ကျွန်တော့်တို့လူ့အဖွဲ့အစည်းရဲ့ပညာကို တန်ဖိုးထားပုံကိုတွေ့ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ပညာကိုအလေးမထား၊ ပညာရှင်တွေကို လေးစားရိုသေရ ကောင်းမှန်းမသိရုံသာမက ပညာရှင်တွေကိုပါ စိတ်ရောကိုယ်ပါ နာကျင်ပင်ပန်းအောင် ညှဉ်းပန်း နှိပ်စက်ခဲ့တဲ့ အစိုးရတွေအုပ်ချုပ်ခဲ့တဲ့ခေတ်တစ်ခုရှိခဲ့ပါတယ်။ အဲဒီခေတ်မှာ အဲဒီအုပ်ချုပ်သူတွေဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် မကြည့်ဘဲနဲ့ သူတို့ရဲ့အနာဂတ်အတွက်ပဲကြည့်ပြီးတော့ အုပ်ချုပ်ခဲ့ကြတဲ့ အတွက် ကျွန်တော်တို့ ပညာရေးလောကဟာ အခြားလောကများနဲ့အတူ…. အဲဒီကာလမှာ ကျွန်တော်တို့ဟာ ပညာရေးပြိုလဲသွားတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ကိစ္စတွေအားလုံး တော်တော် များများက ပြိုလဲသွားခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ မှန်ကန်တဲ့ပညာ‌ရေးမူဝါဒတစ်ခုကို ချမှတ်မယ် ဆိုလို့ ရှိရင် ကမ္ဘာ့အခြေအနေကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။ ဒီနေ့ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေကို ပညာရှင်တွေက လေ့လာသုံးသပ်ကြည့်လိုက်တဲ့အခါမှာ နိုင်ငံတွေ ဆင်းရဲတဲ့ အကြောင်းအရင်း၊ ချမ်းသာခြင်းရဲ့ အကြောင်းအရင်းကို လေ့လာကြည့်လိုက်တဲ့အခါမှာ ချမ်းသာတဲ့ နိုင်ငံတွေက HIE နိုင်ငံတွေ ဖြစ်ပြီးတော့၊ ဆင်းရဲတဲ့နိုင်ငံတွေကတော့ LIE နိုင်ငံတွေဖြစ်တာကို တွေ့ရပါတယ်။ HIE ဆိုတာကတော့ High Imagination- Enabling Countries ဖြစ်ပါတယ်။ အဲဒါကတော့ စိတ်ကူးဉာဏ်ကွန့်မြူးမှု၊ ဆင်ခြင်တွေးတောမှုကို အားပေးတဲ့နိုင်ငံတွေဖြစ်ပါတယ်။ Low Imagination- Enabling Countries ဆိုတာကတော့ စိတ်ကူးဉာဏ်ကွန့်မြူးမှုကို အားမပေးတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံကလည်း LIE နိုင်ငံထဲမှာပါနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မှန်ကန်တဲ့ မူဝါဒချမယ်ဆိုရင် LIE ဖြစ်နေတဲ့ဘဝက နေပြီး HIE ဖြစ်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ အဲဒီတော့ ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိက မောင်းနှင်အားတစ်ခုဖြစ်ပါတယ်။ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှု(Sustainable Development)လိုချင် တယ်ဆိုရင် မှန်ကန်တဲ့၊ ခိုင်မာတဲ့ပညာရေးမူဝါဒကို ချမှတ်ရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့ ပညာရေး မူဝါဒဆိုတာကတော့ ဒီမိုကရေစီစနစ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ မူဝါဒဖြစ်ပါတယ်။ အဲဒီမူဝါဒဟာ ဘာတွေပါဝင်သင့်သလဲဆိုတဲ့အခါကျတော့ ပညာကိုတန်ဖိုးထား၊ ပညာကိုရိုသေ၊ ပညာရှင်ကိုရိုသေ လေးစားရတဲ့မူဝါဒဖြစ်သင့်ပါတယ်။ အလွတ်ကျက်မှတ်မှု(Memorizing)ထက် ဝေဖန်ပိုင်းခြားမှု (Critical Thinking) ကို အလေးထားတဲ့မူဝါဒဖြစ်သင့်ပါတယ်။ နောက်တစ်ခါ သုတေသနလုပ်ငန်းကို အခြေခံတဲ့ Research Base ပညာရေးမူဝါဒဖြစ်သင့်ပါတယ်။ သင်ယူသူကိုဗဟိုပြုတဲ့ Child Centre Approach ပညာရေးမူဝါဒဖြစ်သင့်ပါတယ်။ နောက်တစ်ခါ ဘဝတစ်သက်တာပညာသင်ယူမှု (Life Long Learning-LLL) ကိုအခြေပြုတဲ့ ပညာရေးမူဝါဒဖြစ်သင့်ပါတယ်။ နောက်တစ်ခါ ရေတို အကျိုး ရလဒ်ထက် ရေရှည်အကျိုးရလဒ်ကိုမျှော်မှန်းပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့ ပညာရေးမူဝါဒ ဖြစ်သင့်ပါတယ်။ အဲဒီအလုံးစုံခြုံငုံမိတဲ့ ပညာရေးမူဝါဒဖြင့် ကျွန်တော်တို့ဟာ အရည်အချင်း ထက်မြက်တဲ့၊ တည်ကြည်ဖြောင့်မတ်တဲ့ကျောင်းဆရာကောင်းတွေ မွေးထုတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီကျောင်းဆရာကောင်းတွေကနေ မိမိတို့ရဲ့တပည့်တွေကို စဉ်ဆက်မပြတ်အကဲဖြတ်တဲ့ ပညာရည် စစ်ဆေးမှုနဲ့ လုပ်ပြီးတော့ စာမေးပွဲစနစ်အစား အဲဒီလိုတည်ကြည်ဖြောင့်မတ်ပြီးတော့ အရည်အချင်း ပြည့်ဝတဲ့ကျောင်းဆရာတွေကနေ မိမိတို့ရဲ့တပည့်တွေကို စဉ်ဆက်မပြတ်အကဲဖြတ်ပြီးတော့ အရည် အချင်းအလိုက် အတန်းတင်ပေးတဲ့စနစ်နဲ့လုပ်မှသာလျှင် ကျွန်တော်တို့ဟာ ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ဆိုတဲ့ကြွေးကြော်သံဟာ အမှန်တကယ်အကောင် အထည်ဖြစ်လာပါလိမ့်‌မယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ပါတယ်လို့ ပြောကြားရင်းနဲ့ အောင်မြေ သာစံမဲဆန္ဒနယ်က ဒေါက်တာလှမိုးရဲ့အဆိုကို ထောက်ခံဆွေးနွေးတင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးလွင်ကိုလတ်(သန်လျင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း               လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက် ပါတယ်။ ကျွန်တော်ကတော့ သန်လျင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ် ဖြစ်ပါတယ်။ ဒေါက်တာလှမိုးရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တကယ်တော့ ကျောင်းသားတွေရဲ့ ပညာအရည်အသွေးကို အကဲဖြတ်ဆန်းစစ်မှုပုံသဏ္ဌာန်တွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပညာရေးမူဝါဒတွေအပေါ်မှာ အခြေခံပြီးတော့ ကွဲပြားမှုတွေလည်းရှိပါတယ်။ ကိစ္စကိုဆွေးနွေးကြတဲ့အခါမှာလည်းပဲ ရှုပ်ထွေးမှုတွေ၊ အငြင်းပွားမှုတွေ၊ ကမ္ဘာမှာရှိနေဆဲကိစ္စ လည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဆွေးနွေးရမယ်ဆိုလို့ရှိရင်တော့ ပထမဦးဆုံးအနေနဲ့ ပညာရေးရဲ့ ပညာရေးပိရမစ်နှင့် ပညာရေးရည်ရွယ်ချက်ကို ကျွန်တော်တို့ သိဖို့လိုပါတယ်။ ပညာသင်ကြားရတဲ့ အခါမှာ နိုင်ငံတကာမှာသုံးနေတဲ့ ပညာရေးပိရမစ်ပုံစံရှိပါတယ်။ တစ်ခုကကျတော့ ကျောင်းသားတွေ ဗဟုသုတနဲ့ အချက်အလက်တွေ ကြွယ်ကြွယ်ဝဝရရှိဖို့၊ နောက်တစ်ခုက သူတို့ရဲ့နားလည်မှု စွမ်းရည် မြင့်မားလာဖို့။ နံပါတ်(၃)ကကျတော့ သူတို့နားလည်လာတဲ့ နားလည်မှုစွမ်းရည်တွေကို လက်တွေ့ အသုံးချဖို့နဲ့ နံပါတ်(၄)ကကျတော့ အသစ်တီထွင်ဖန်တီးဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒီ ရည်ရွယ်ချက်တွေကို ကျွန်တော်တို့က ပညာရေးရဲ့အခြေခံအဆင့်ဖြစ်တဲ့ အဆင့်တိုင်းအဆင့်တိုင်းမှာ အကဲဖြတ်ပြီးတော့ အတန်းတင်တဲ့ အလုပ်မျိုးတွေကို ပြုလုပ်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ကျွန်တော်တို့ ဒီကျောင်းသားတွေရဲ့ ပညာရေးတိုးတက်မှုကို အကဲဖြတ်တဲ့နေရာမှာ လည်းပဲ ‌ကျောင်းသားတွေဟာ သူတို့ဗဟုသုတနဲ့ သူတို့ရဲ့လေ့လာမှုတွေ သူတို့ရဲ့နားလည်မှုတွေ ဘယ်လောက်မြင့်မားလာသလဲလို့ Informative Assessment လုပ်တဲ့အခါမှာ နိုင်ငံတကာမှာ ဘာသုံးလဲဆိုလို့ရှိရင်တော့ စာမေးပွဲစနစ်နဲ့ Tutorial တွေကို သုံးကြပါတယ်။ ဒီထက်ပိုပြီး နောက်တစ်ဆင့်တက်တဲ့အခါမှာ လက်တွေ့အသုံးချမှုကို သုံးတာတို့၊ နောက်ထပ်တီထွင်ဖန်တီးမှုတွေကို အကဲဖြတ်တဲ့အခါမှာတော့ Tutorial တွေ၊ Lab တွေ၊ နောက်တစ်ခါ သုတေသနတွေနဲ့ ကျောင်းသား တွေရဲ့အရည်အသွေးကို ဆန်းစစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျောင်းသားတွေရဲ့ အရည်အသွေးတွေကို ဆန်းစစ်တာက နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ပထမအဆင့်တစ်ဆင့်သာဖြစ်တဲ့ စာမေးပွဲနဲ့ဆန်းစစ်တဲ့အဆင့်အပေါ်မှာ ၁၀၀ ရာခိုင်နှုန်းအပြည့် မှီခိုနေတာကို ကျွန်တော်တို့ တွေ့ရပါ တယ်။ ဒါဆိုရင် ဒီကျောင်းသားတွေရဲ့အရည်အသွေးကို ဆန်းစစ်တဲ့အခါမှာ စာမေးပွဲအပေါ်မှာ ၁၀၀ ရာခိုင်နှုန်းမှီခိုတဲ့အတွက်ကြောင့်မို့လို့ ဖြစ်ပေါ်လာတဲ့အားနည်းချက်တွေကို ကျွန်တော်တို့ လေ့လာ ကြည့်ရမှာဖြစ်ပါတယ်။

နံပါတ်(၁)ကတော့ စာမေးပွဲအမှတ်ကောင်းရေးကို ဦးတည်တာဖြစ်တဲ့အတွက် ကျောင်းသား တွေဟာ သူတို့ရဲ့ပင်ကိုယ်ဗီဇနဲ့ ဝါသနာအပေါ်မှာ အခြေခံပြီးတော့ သင်ယူလေ့လာမှုကို မရတော့ဘဲနဲ့ အထွေထွေအမှတ်ကောင်းရေးကို ဦးတည်သွားခဲ့ပါတယ်။ အဲဒီလိုဦးတည်သွားတဲ့အတွက် ဖြစ်လာတာ ကတော့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေမှာ ဖိအားတွေအင်မတန်များလာခဲ့ပါတယ်။ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုပြောခဲ့တဲ့ စကားလေးတစ်ခု ကျွန်တော် မှတ်မိပါတယ်။ ဒီအဆင့်တွေ အမှတ်တွေအပေါ်မှာ အာရုံစိုက်လွန်းတဲ့အခါကျတော့ ကျောင်းသားတွေဟာ စာမေးပွဲဖြေတဲ့အခါမှာ စာမေးပွဲဖြေတာနဲ့မတူဘဲနဲ့ မိသားစုတွေအားလုံးကပါ ဝင်ပြီး စစ်ပွဲတစ်ပွဲတိုက်သလို လုပ်နေရတဲ့ အနေအထားကို မကြိုက်တော့ဘူးလို့ ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ နောက်တစ်ခုက ဘာဖြစ်လာလဲ ဆိုရင် ကလေးတွေအတွက် မလိုအပ်ဘဲ အချိန်တွေအများကြီးကုန်ခဲ့ပါတယ်။ ကျွန်တော်တို့ ကလေး တွေဟာ သာမန်အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ လုပ်ငန်းခွင်မှာ ပေးရတဲ့အချိန်ထက် သူတို့ရဲ့ပညာရေးအတွက် ပေးရတဲ့အချိန်က အင်မတန်များနေတာတွေ့ရပါတယ်။ နောက်တစ်ခု ဘာဖြစ်လာလဲဆိုလို့ရှိရင် ပြင်ပလှုပ်ရှားမှုတွေနဲ့ အစုအဖွဲ့နဲ့လုပ်တဲ့အလေ့အထတွေ ကျွန်တော်တို့ ပျောက်ဆုံးခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် အရွယ်ရောက်လာတဲ့အခါမှာ တစ်ဦးတစ်ယောက်တည်း လူ့အဖွဲ့အစည်းမှာ ရပ်တည်လို့မရပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ် အစုအဖွဲ့နဲ့ လုပ်ကြရတာပါ။ အဲဒီအလေ့အထတွေကို အခြေခံပညာရေးစနစ်ကနေ ပြုစုပျိုးထောင်ပေးတဲ့စာမေးပွဲစနစ်တစ်ခုတော့ ကျွန်တော်တို့ လိုအပ်နေ ပြီလို့ ကျွန်တော် ယူဆပါတယ်။

နောက်ပြဿနာတစ်ခုက ဘာဖြစ်လဲဆိုတော့ အမှတ်အပေါ်မှာ အားပြုတာဖြစ်တဲ့အတွက် ကျောင်းသားတွေဟာ ပြင်ပစာပေလေ့လာမှုအတွက် အခွင့်အရေးတွေ ဆုံးရှုံးလာခဲ့တာပါ။ အားလုံးဟာ နောက်ဆုံးကုန်ကုန်ပြောရရင် ပညာရေးဟာ ပြဋ္ဌာန်းစာအုပ်အောက်ကို ရောက်သွားခဲ့ပါတယ်။ အမှတ်ရဖို့ဆိုလို့ရှိရင် ပြဋ္ဌာန်းထားတဲ့စာအုပ်တွေထဲက အရာတွေကိုပဲ အလွတ်ကျက်မှတ်ပြီးတော့ အထွေထွေအမှတ်များကို ကြိုးစားရတာပါ။ ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင် လက်ရှိ ကျွန်တော်တို့က ချင်းပြည်နယ်အကြောင်းကို ပညာရေးမှာ ပြဋ္ဌာန်းထားတဲ့စာအုပ်ထဲကလောက်ပဲ ကျွန်တော်တို့ ကျက်ပြီးဖြေနေရတယ်။ ဒါပေမဲ့ လက်တွေ့ ချင်းပြည်နယ်ရဲ့အခြေအနေဟာ ပညာရေးပြဋ္ဌာန်းစာအုပ် ထက်မကတဲ့ ကျယ်ပြန့်မှုတွေရှိနေပါတယ်။ ဒါကြောင့်မို့လို့ ဒီအမှတ်ပေးစနစ်ကြောင့် လုပ်လိုက်တဲ့အခါ မှာ ပညာရေးဟာ ပြဋ္ဌာန်းစာအုပ်အောက်ကို ရောက်သွားတဲ့အနေအထားမျိုး ကျွန်တော်တို့ တွေ့ရပါ တယ်။ နောက်တစ်ခုက ဘာဆုံးရှုံးခဲ့သလဲဆိုလို့ရှိရင် ကလေးတွေဟာ သူတို့ရဲ့ပင်ကိုယ်ဗီဇကို သူတို့ ပြုစုပျိုးထောင်တဲ့အလေ့အကျင့် ဆုံးရှုံးသွားပါတယ်။ လက်ရှိပညာရေးစနစ်အရဆိုလို့ရှိရင် ကျွန်တော် တို့ စာမေးပွဲရလဒ်အပေါ်ကနေပြီးတော့ တက္ကသိုလ်ဝင်တန်းတွေကို ခွဲခြားတဲ့အခါမှာ အဲဒီအချိန်ရောက် ပြီဆိုရင် ကျောင်းသားတွေကိုယ်တိုင် သူတို့ကိုယ်တိုင်သူတို့ ဘာဝါသနာပါမှန်းမသိဘူး။ သူတို့ကိုယ်တိုင် ဘယ်ဘာသာရပ်ကို အဆင့်မြင့်သင်ကြားရမယ်ဆိုတာ မဆုံးဖြတ်နိုင်တော့ဘူး။ အဲဒီလို သူတို့ဝေဝါး နေတဲ့အချိန်မှာပဲ နောက်ထပ်မေးခွန်းတစ်ခုပေါ်လာပါတယ်။ အဲဒါက ဘာလဲဆိုရင် Market နဲ့ Education ပညာရေးနှင့် ဈေးကွက်မှာ ဘယ်သူကဦးဆောင်တာလဲဆိုတာ ပေါ်လာပါတယ်။ ဒီတစ်ခါ ကျတော့ ကျောင်းသားတွေဟာ ပင်ကိုယ်ဗီဇဖွံ့ဖြိုးမှုအားနည်းလာခဲ့ရတဲ့အခါကျတော့ တက္ကသိုလ် ဝင်တန်းတွေကို စဉ်းစားတဲ့အချိန်မှာ မိဘတွေက ဆရာဝန်လုပ်ပါလား၊ ကျောင်းဆရာလုပ်ပါလား၊ ရှေ့နေလုပ်ပါလား သူတို့ရဲ့ပင်ကိုယ်ဗီဇအပေါ်မှာ ဆုံးဖြတ်ကြတာမဟုတ်ဘဲနဲ့ Market က တောင်းဆို တဲ့အပေါ်မှာပဲ ဆုံးဖြတ်ခဲ့ရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ တကယ်တော့ နိုင်ငံတကာမှာဆိုလို့ရှိရင် ဈေးကွက်ကို သုတေသနက ဦး‌ဆောင်ပါတယ်။ သုတေသနမှာတွေ့ရှိလာတဲ့ အသစ်တီထွင်ဖန်တီးမှုတွေ‌ကြောင့်မို့လို့ ဈေးကွက်မှာ ရှိနေတဲ့ နည်းပညာတွေအားလုံးဟာ အပြောင်းအလဲဖြစ်သွားတာဟာ နိုင်ငံတကာဖွံ့ဖြိုးမှုကိုကြည့်ရင် ဒီအတိုင်းပဲတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိ ကျွန်တော်တို့ ကျင့်သုံးနေရတဲ့ စာမေးပွဲစနစ်အပေါ် မှာ ၁၀၀ ရာခိုင်နှုန်းမှီခိုနေရတာဟာ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေရဲ့ ပင်ကိုယ်ဗီဇဖွံ့ဖြိုးမှုနဲ့ သုတေသနလုပ်ငန်းတွေ၊ တီထွင်ဆန်းသစ်မှုတွေအားလုံးကို ကျွန်တော်တို့ အပြီး သတ် အဆုံးအဖြတ်လုပ်လိုက်တဲ့ပုံစံမျိုးဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့် အနေနဲ့ နိဂုံးချုပ်တင်ပြရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုသွားဖို့ ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ မတူကွဲပြားမှုတွေကို နားလည်ဖို့ ကျွန်တော်တို့နိုင်ငံသားတွေဟာ နိုင်ငံသားကောင်းတွေဖြစ်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့ လက်ရှိသွားနေတဲ့ အမှတ်ကိုအမှီပြုနေတဲ့ ပညာ‌ရေးအကဲဖြတ်မှုကတော့ မဖြစ်မနေပြုပြင်ပြောင်းလဲရမယ့်အချိန်ကိုရောက်ပြီလို့ ယူဆပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေ ရောက်ဖို့အတွက် အဓိကလိုအပ်ချက်ကတော့……..။

ဦးမင်းသိုင်း(ဘိုကလေးမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                  လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အပေါင်းတို့ခင်ဗျား။ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆန္ဒပြုဆုတောင်းအပ်ပါတယ်။ ကျွန်တော် ကတော့ ဘိုကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိုင်းဖြစ်ပါတယ်။ ကျွန်တော် ထောက်ခံတင်ပြဆွေးနွေးလိုတာကတော့ ဒေါက်တာလှမိုးရဲ့ ပညာရေးနှင့်ပတ်သက်တဲ့အဆို ဖြစ်ပါ တယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပညာရေးကဏ္ဍ၌ပါတဲ့ပြဋ္ဌာန်းချက်တွေကို ပိုမိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ပြန်လည် ဖြည့်စွက်ရေးဆွဲထားတဲ့ အခြေခံပညာရေးဥပဒေကြမ်းကို ၂၀၁၅ ခုနှစ် ဇွန်လမှာ ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ အတည်ပြုထားပါတယ်။ အဲဒီဥပဒေကြမ်းမှာဆိုရင် အခြေခံပညာရေး ရည်မှန်းချက်(၁၀)ချက်ပါရှိပါတယ်။ အဲဒီ(၁၀)ချက်လုံးကို ကျွန်တော်မတင်ပြတော့ပါဘူး။ သို့သော် လည်းပဲ အရေးကြီးတဲ့အချက် နံပါတ်(၃)အချက်ဟာ အခြေခံပညာအဆင့်အလိုက် တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိသော ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံသားကောင်းများဖြစ်ပေါ် လာစေရန်ဆိုတဲ့အချက်ပါပါတယ်။ ဒီပညာရေးရည်မှန်းချက်ဟာ အင်မတန်မှအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ပညာရေးရည်မှန်းချက်တွေ ဘယ်လောက်ပဲကောင်းကောင်း အကောင်အထည်ဖော် ပေးမယ့် သင်ကြားမှုသင်ယူမှုလုပ်ငန်းစဉ်နဲ့ ပညာရည်စစ်ဆေးတိုင်းတာမှု အကဲဖြတ်စနစ်ကောင်းမှ သာလျှင် ဒီပညာရေးရည်မှန်းချက် ပေါက်မြောက်အောင်မြင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အခြေခံ ပညာအဆင့်မှာ ၁၉၉၈-၁၉၉၉ မတိုင်ခင်တုန်းက ဘာသာဗေဒဗဟိုပြုတဲ့ Subject Center Approach၊ နောက်တစ်ခါ ဆရာဗဟိုပြုတဲ့ Teacher Center Approach နည်းများနဲ့ သင်ကြားခဲ့ပါတယ်။ ၁၉၉၈-၁၉၉၉ ရောက်တဲ့အခါမှာ Japan International Corporation Agency နဲ့ပူးပေါင်းပြီးတော့မှ ပညာရေးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆိုပြီးတော့ သင်တန်း တွေပေး၊ ဆွေးနွေးပွဲတွေလုပ်ပြီးတော့ ၂၀၁၄ ခုနှစ်ကနေစပြီးတော့မှ ထိုးထွင်းကြံဆတီထွင်ဖန်တီး ဝေဖန်နိုင်စွမ်းရှိတဲ့ ကလေးဗဟိုပြုချဉ်းကပ်သင်ကြားမှုပုံစံ (Child Center Approach)ကို ပြောင်းလဲပြီးတော့ ကျင့်သုံးဆောင်ရွက်ခဲ့ပါတယ်။

သူငယ်တန်းကနေပြီးတော့ နဝမတန်းအထိကို ကလေးဗဟိုပြုချဉ်းကပ်သင်ကြားသင်ယူမှုပုံစံ တွေနဲ့ ကျောင်းတွေမှာ စသင်ခဲ့ပါတယ်။ သင်တန်းတွေလည်းပေးခဲ့ပါတယ်။ အဲဒီတော့ ကလေးဗဟိုပြု တဲ့ချဉ်းကပ်သင်ယူမှုပုံစံနှင့်အတူ Continuous Assessment Pass System ဆိုပြီးတော့ ကျွန်တော်တို့ တန်းစဉ်အကဲဖြတ်တဲ့စနစ်ကိုလည်းပဲ စာမေးပွဲအောင်/ရှုံးစနစ်ကိုလည်း လုပ်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ သူငယ်တန်းကနေပြီးတော့ နဝမတန်းအထိကို လုပ်ခဲ့တာပါ။ သို့သော် ၁၉၉၀ ခုနှစ်မတိုင် ခင်တုန်းက တက္ကသိုလ်ဝင်စာမေးပွဲဆိုပြီးတော့ အခြေခံပညာအထက်တန်း(၁၀ တန်း)ကို မေးခွန်း တစ်စုံတည်းလုပ်ခဲ့ရာမှ ၁၉၉၉ ရောက်သွားတဲ့အခါကျတော့ မေးခွန်းဆယ်စုံ၊ တိုင်းနှင့်ပြည်နယ်အလိုက် မေးခွန်းဆယ်စုံ ၁၀ တန်းမှာ မေးလာပါတယ်။ အဲဒီမေးခွန်းဆယ်စုံကနေပြီးတော့ ၂၀၁၅ လည်းကျရော မေးခွန်းတစ်စုံပြန်လုပ်လာပါတယ်။ တစ်ပြည်လုံးမှာ မေးခွန်းတစ်စုံနဲ့ပြန်စစ်လာပါတယ်။ အဲဒီတော့  မေးခွန်းတစ်စုံနဲ့စစ်လိုက်၊ မေးခွန်းဆယ်စုံနဲ့စစ်လိုက် တစ်ခါအခု ယနေ့အထိ မေးခွန်းတစ်စုံနဲ့ပြန်စစ် ပါတယ်။ အဲဒီတော့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဟာ မျက်စိလည်လမ်းမှားပြီးတော့ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမှာကိုမသိဘဲနဲ့ ဒီမေးခွန်းတွေကိုဖြေဆိုနိုင်ဖို့ အလွတ်ကျက်မှတ်ပြီး တော့ ပုံနှိပ်စာအုပ်ပါ ၏၊ သည် မလွဲကျက်မှတ်ပြီးတော့မှ သူတို့မှာဖြေဆိုနေရတဲ့ အခြေအနေကိုရောက် ပါတယ်။ အဲဒီတော့ ဒီ ၁၀ တန်းစာမေးပွဲ(တက္ကသိုလ်ဝင်စာမေးပွဲ)ကိုလည်းပဲ အမှတ်အဆင့်အပေါ် မူတည်ပြီးတော့မှ တက္ကသိုလ်ကိုသွားတဲ့အဆင့်ဖြစ်နေပါတယ်။ အဲဒီတော့ ကျောင်းသားတွေဟာ မိမိရဲ့ သွားချင်တဲ့တက္ကသိုလ်ကို အမှတ်များများနဲ့ရောက်ဖို့အတွက်ကို အလွတ်ကျက်မှတ်ရုံကလွဲလို့ ဘာမှ မရှိပါဘူး။ တွေးတောကြံဆတီထွင်ဖန်တီးနိုင်တဲ့စွမ်းရည်တွေ အကုန်ပျောက်သွားတယ်။ အဲဒီတော့ ဒီကျောင်းသားတွေကို တွေးတောကြံဆတီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ပုံစံသွားမယ်ဆိုတဲ့ ကလေးဗဟိုပြု သင်ကြားနည်းစနစ်ဟာ ပျောက်ပြီးတော့မှ အလွတ်ကျက်မှတ်တဲ့စနစ်။ အဲဒီတော့ ကျွန်တော်တို့ Parrot Learning လို့ခေါ်တဲ့အလွတ်ကျက်မှတ်တဲ့စနစ်ကိုပဲ ကျွန်တော်တို့ သွားနေရပါတယ်။

အဲဒီတော့ ကျွန်တော်တို့ပညာရေးဌာနမှာ မူတွေလည်းရှိတယ်။ နည်းစနစ်တွေလည်းရှိတယ်။ ပုံစံတွေလည်း ရေးဆွဲပြီးသားကြီးရှိပြီးသားနဲ့ ကျွန်တော်တို့ အောက်ခြေမှာဖြစ်နေတာကတော့ အလွတ်ကျက်မှတ်တဲ့ စနစ်ပဲဖြစ်ပါတယ်။ အဲဒီတော့ စစ်ဆေးတိုင်းတာမှုစနစ်တွေလွဲလာသည်နှင့်အမျှ မိဘတွေရော၊ ဆရာတွေရော၊ ကျောင်းသားတွေဟာ မည်သို့မည်ပုံဆောင်ရွက်ရမှန်းမသိဘဲနဲ့ အမှတ် ကောင်းဖို့၊ အဆင့်ကောင်းဖို့၊ တက္ကသိုလ်ကောင်းကောင်းရဖို့အတွက်ကို၊ အမှတ်များများရဖို့အတွက်ကို မိုးလင်းကနေပြီးတော့ မိုးချုပ်အထိ ကျောင်းရယ်၊ ကျူရှင်ရယ်၊ အိမ်ရယ်၊ အိမ်ရောက်ပြန်တော့လည်း သူတို့မှာ အနားမနေရဘူး။ Study Guide ဆိုပြီးတော့ ဆရာဆရာမနဲ့ တစ်ခါနေရပြန်တယ်။ တချို့ တွေမှာဆိုရင် ဘယ်လောက်အထိလွန်ကဲလာသလဲဆိုရင် Study Guide အပြင် အိပ်တဲ့အခါမှာ အတူ ယှဉ်တွဲပြီးတော့ နေဖို့အတွက် အိပ် Guide ပါရှိတယ်။ အဲဒီလောက်ထိ မိဘတွေမှာဒုက္ခရောက်တယ်။ အဲဒီတော့ ဒီစစ်ဆေးအကဲဖြတ်တဲ့ပုံစံကို တိတိကျကျမှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်ဖို့ဆိုတာကို ဒေါက်တာလှမိုးရဲ့ အဆိုကို ထောက်ခံတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။

ဦးစိုးမြင့်(ခ)ဦးအောင်ဇော်မြင့်(အမရပူရမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း              လေးစားရပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များခင်ဗျား။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေလို့ ဆုတောင်းဂါရဝပြုအပ်ပါ တယ်။ ကျွန်တော်ကတော့ အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့် ဖြစ်ပါတယ်။ ကျွန်တော်က အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြီးခဲ့တဲ့ ကျွန်တော်တက်ခဲ့တဲ့ Economic Forum တစ်ခုမှာ No country has developed without strong education and health system လို့ စီးပွားရေးပညာရှင် တစ်ဦးက ဆွေးနွေးခဲ့ပါတယ်။ ခိုင်မာမှန်ကန်တဲ့ ပညာရေးနှင့် ကျန်းမာရေးအစီအစဉ်များမရှိဘဲ မည်သည့်နိုင်ငံမှ တိုးတက်နိုင်မယ်မဟုတ်ဘူးဆိုတာ အားလုံးလက်ခံထားကြပြီးသားပါ။ ကျွန်တော်တို့ နိုင်ငံမှာလည်း ခိုင်မာမှန်ကန်တဲ့ ပညာရေးမူဝါဒတွေမရှိတဲ့အတွက်ကြောင့် နိုင်ငံတကာနှင့်ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရပါတယ်။ စီးပွားရေးမူဝါဒတစ်ခုမှားရင်၊ Fiscal Year တစ်နှစ်ကုန် သွားရင် သတိထားမိနိုင်ပါတယ်။ ပညာရေးမူဝါဒမှားယွင်းခဲ့ရင် Generation တစ်ခုကျော်မှ သိမြင် နိုင်ပါတယ်။ ဒါကြောင့်မို့ မှန်ကန်တဲ့ပညာရေးစနစ်တစ်ခု ရေးဆွဲပြီး ခိုင်ခိုင်မာမာကျင့်သုံးရေးဟာ အထူးအရေးကြီးလှပါတယ်။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲဆိုပေမယ့် ကျွန်တော်တို့ရဲ့ခြေလှမ်းများ ဟာ ပုဂံကို ဦးတည်ဖို့‌တော့လိုပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အမျိုးသားပညာရေးဥပဒေ အခန်း(၄)မှာ အမျိုးသား ပညာရေးမူဝါဒကော်မရှင်ဖွဲ့စည်းခြင်းနှင့် ကော်မရှင်ရဲ့တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အစိုးရအဖွဲ့သည် အမျိုသားပညာရေးမူဝါဒကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့် ဖွဲ့စည်းဖို့ပါ ပါတယ်။ ကော်မရှင်ရဲ့တာဝန်နှင့် လုပ်ပိုင်ခွင့်ထဲမှာလည်းပဲ အမျိုးသားပညာရေးမျှော်မှန်းချက်များနှင့် ပညာရေးမူဝါဒများ ချမှတ်ပေးဖို့ပါပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ကနေ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ အတည်ပြုပြဋ္ဌာန်းခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ။ ယနေ့အချိန်အထိ အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပြီး ပြည်ထောင်စုလွှတ်တော်သို့ အတည်ပြုပေးရန် ပေးပို့ထားခြင်း မရှိ သလို ပညာရေးဝန်ကြီးဌာနကလည်း အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရကို အသိပေးတိုက်တွန်းခြင်းမပြုသေးပါဘူး။ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဖွဲ့စည်းပြီးတဲ့နောက်မှ သက်ဆိုင်ရာမူဝါဒတွေကို ရေးဆွဲကြရမှာ ဖြစ်ပါတယ်။ အမျိုးသားပညာရေး ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ(ခ)အရဆိုရင် ပညာရေးနှင့်သက်ဆိုင်တဲ့မူဝါဒတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေ နှင့် အခြားလုပ်ထုံးလုပ်နည်းများရေးဆွဲရာမှာ မိဘပြည်သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေး ဆိုင်ရာလူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများမှ ရွေးချယ်တဲ့ကိုယ်စားလှယ်များ၊ ကျောင်းသားများက ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်များရဲ့ အကြံပြုချက်များကို ရယူပြီး ပြည်သူလူထု ကို ကျယ်ပြန့်စွာသိစေရန် ဆက်လက်ဆောင်ရွက်ခြင်းအစရှိတဲ့ လုပ်ငန်းစဉ်တွေအတွက် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်တယ်ဆိုတာ သိသာနိုင်ပါတယ်။ ဒီအချိန်အတောအတွင်းမှာ ယိုယွင်းပျက်စီးနေတဲ့ ပညာရေးစနစ်ကို ဒီအတိုင်းဆက်သုံးရန် မသင့်တော်ပါဘူး။ အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို မဖွဲ့ရသေးလို့ ဘာမှဆက်မလုပ်ဘဲ ရပ်ထားရင် ပိုပြီးနစ်နာပါလိမ့်‌မယ်။ နိုင်ငံသူ နိုင်ငံသားများက မှန်ကန်တဲ့ပညာရေးအပြောင်းအလဲတစ်ခုကို လိုချင်လှပါပြီ။ ပညာရေးမှာ တစ်ရက် ပြောင်းဖို့ နောက်ကျရင် နိုင်ငံဖွံ့ဖြိုးရေးတိုးတက်မှုဟာ တစ်လနောက်ကျပါမယ်။ တစ်လပြောင်းဖို့ နောက်ကျရင် ဖွံ့ဖြိုးရေးမှာ တစ်နှစ်နောက်ကျပါမယ်။ တစ်နှစ်နောက်ကျရင် ၁၀ နှစ်လိုက်လို့မမီပါ ဘူး။

လေးစားရတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ အမျိုးသားပညာရေးမူဝါဒကော်မရှင် မဖွဲ့စည်းရသေးပေမယ့် ပညာရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော်မယ့် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်းရေးဆွဲပြီး ဖြစ်ပါတယ်။ အဲဒီစီမံကိန်းမှာ အမျိုးသားပညာရေးစစ်ဆေး အကဲဖြတ်ရေးမူဝါဒကနေ လက်တွေ့ကျင့်သုံးရမယ့် လက်စွဲ Manual အဆင့်ထိ ရေးဆွဲဖို့လုပ်ငန်းစဉ် တွေလည်း ချထားပြီးပြီလို့ သိရပါတယ်။ ဆက်လက်အကောင်အထည်မဖော်နိုင်သေးပါဘူး။ အမျိုးသားပညာရေးမူဝါဒကော်မရှင် မဖွဲ့စည်းရသေးပေမယ့်လည်း ရေးဆွဲပြီးမဟာဗျူဟာစီမံကိန်းထဲ မှာပါတဲ့ KG တန်းဆိုရင် ၂၀၁၆ ပညာသင်နှစ်မှာ စတင်သင်ကြားနေပါပြီ။ အခုဆိုရင် KG တန်းရဲ့ အားနည်းချက်၊ အားသာချက်တွေ တွေ့နေရပါပြီ။ ဒီအချက်တွေကို စုစည်းပြီး အမျိုးသားပညာရေး မူဝါဒကော်မရှင်ဖွဲ့စည်းပြီးတဲ့နောက် အပြီးသတ်မူဝါဒတွေချမှတ်တဲ့အခါမှာ ထည့်သွင်းစဉ်းစားနိုင်တဲ့ အားသာချက်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပါပြီ။ အမျိုးသားပညာရေး စစ်ဆေးအကဲဖြတ်ရေးမူဝါဒကို လည်း အမျိုးသားပညာရေးမူဝါဒကော်မရှင်မဖွဲ့ရသေးလို့ဆိုပြီး စောင့်ဆိုင်းနေမယ့်အစား အမျိုးသား ပညာရေးဥပဒေပြဋ္ဌာန်းချက်များကို အခြေပြုပြီး Framework တစ်ခု သတ်မှတ်ကာ မှန်မှန်ကန်ကန် ရေးဆွဲပြီး ခိုင်ခိုင်မာမာကျင့်သုံးရန် လိုအပ်နေပြီဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေရင်းမှ အားနည်းချက်၊ အားသာချက်တွေကို သိမြင်လာပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ အမျိုးသားပညာရေး စစ်ဆေးအကဲဖြတ်ရေးမူဝါဒချမှတ်တဲ့အခါမှာလည်း အထောက်အပံ့ဖြစ်နိုင်သလို ချမှတ်ပြီးတဲ့နောက် မှာလည်း တစ်ဆက်တည်း ကျင့်သုံးအကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးရဲ့အဆိုကို လေးလေးနက်နက်ထောက်ခံတင်ပြအပ်ပါ တယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဦးရွှေကို(ကျောက်ပန်းတောင်းမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ဧည့်‌သည်တော်များအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုပါ။ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးရဲ့အဆိုကို ကျွန်တော်ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။ ဒေါက်တာလှမိုးရဲ့အဆိုမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ (၁) ပညာရည်စစ်ဆေး တိုင်းတာခြင်း အကဲဖြတ်မှုပုံစံအတွက် မှန်ကန်သော မူဝါဒတစ်ရပ်ချမှတ်ပေးရန်၊ (၂) ချမှတ်တဲ့ မူဝါဒ ကို ခိုင်ခိုင်မာမာကျင့်သုံးပေးရန်တို့ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးအဆင့်မြင့်မားမှုဟာ အဓိကအကြောင်းတရားဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ အားလုံးမှာ မိမိရဲ့နိုင်ငံပညာရေးအဆင့်မြင့်မားမှုအတွက် စဉ်ဆက်မပြတ် သုတေသနလုပ်ပြီး မပြတ် ပြောင်းလဲအသုံးပြုနေကြတဲ့ အချိန်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပညာရေးပြုပြင်ပြောင်းလဲမှုကို ကြည့်ရင် ဆရာ ဗဟိုပြုသင်ကြားတဲ့စနစ်ကနေ ကျောင်းသားဗဟိုပြုသင်ကြားတဲ့စနစ်၊ ကျောင်းသားဗဟိုပြု သင်ကြားတဲ့စနစ်ကနေ ဗဟုသုတဗဟိုပြုသင်ကြားတဲ့စနစ်ဆိုပြီး အဆင့်ဆင့်ပြောင်းသွားပါတယ်။ ဒီလို အချိန်မှာ ကျွန်တော်တို့နိုင်ငံကတော့ ဆရာဗဟိုပြုသင်ကြားရေးစနစ်မှာပဲ ကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးမှာ စာမေးပွဲရမှတ်တစ်ခုတည်းနဲ့ ပညာရည်တိုင်းတာစစ်ဆေးအကဲဖြတ် ခြင်းလုပ်လိုက်တဲ့အခါ စာမေးပွဲဗဟိုပြုသင်ရိုးညွှန်းတမ်းတွေအောက်မှာ ဆရာဗဟိုပြုသင်ကြားရေး စနစ်တွေ ကျွန်တော်တို့ ကျင့်သုံးနေခဲ့ရပါတယ်။ ဒါပဲ ပြဋ္ဌာန်း၊ ဒါပဲ Note ထုတ်၊ ဒါပဲ သင်၊ ဒါပဲကျက်၊ ဒါပဲမေး၊ ဒါပဲဖြေဆိုတဲ့ ပုံစံမျိုးတွေဖြစ်နေတာ ကြာပါပြီ။ ကလေးတွေမှာ ဒီစနစ်ကြောင့် ဝေဖန်ပိုင်းခြား ဆင်ခြင်တွေးတောတဲ့အကျင့်တွေ ပျောက်သွားတယ်။ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ တီထွင်ဖန်တီးနိုင်မှု ဆိုင်ရာ အရည်အသွေးတွေ ကျဆင်းသွားတယ်။ ကလေးတွေရဲ့ အရည်အချင်းကို စာမေးပွဲနဲ့ပဲ ဆုံးဖြတ်၊ အထူးသဖြင့် တက္ကသိုလ်ဝင်ခွင့်မှာ စာမေးပွဲအမှတ်တစ်ခုတည်းနဲ့ ဆုံးဖြတ်လိုက်တဲ့အခါကျတော့ မိဘ၊ ဆရာ၊ ကျောင်းသားအားလုံးဟာ စာမေးပွဲအမှတ်ရရှိရေးကလွဲရင် ဘာဆိုဘာမှမစဉ်းစားကြတော့ ပါဘူး။ ပြဋ္ဌာန်းချက်အဝန်းအဝိုင်းထဲကနေထွက်ပြီး ပညာသင်ကြားဖို့၊ ပညာရှာဖို့ မစဉ်းစားကြတော့ ပါဘူး။ ဒီတော့ ကျွန်တော်တို့မျှော်မှန်းတဲ့ ဗလငါးတန်နှင့်ပြည့်စုံတဲ့ ပညာတတ်ကလေးတွေ၊ ပတ်ဝန်းကျင်ကို ချစ်တဲ့၊ တိုင်းပြည်ကို အလုပ်အကျွေးပြုမယ့်ကလေးတွေ၊ လောကကို စူးစမ်း စိတ်ဝင်စားပြီး မိမိကို မြှင့်တင်ပေးမယ့် ပညာကို အငမ်းမရရှာဖွေမယ့်ကလေးတွေကို ကျွန်တော်တို့ မရနိုင်တော့ပါဘူး။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးမှာ သင်ကြားမှု၊ သင်ယူမှုတစ်ခုတည်းနှင့် ပြီးသွားတာ မဟုတ်ပါ ဘူး။ ပညာရည်စစ်ဆေးတိုင်းတာမှုနှင့် အကဲဖြတ်မှုကလည်း အရေးပါပါတယ်။ ပညာရည် စစ်ဆေးတိုင်းတာခြင်းနှင့် အကဲဖြတ်မှုပုံစံကိုလိုက်ပြီး သင်ကြားမှု၊ သင်ယူမှုပုံစံလည်း လိုက်ပြောင်းသွား တာပါ။ ကလေးများရဲ့စာမေးပွဲရမှတ်တစ်ခုတည်းနဲ့ ကလေးများရဲ့ပညာရည်ကို မဆုံးဖြတ်၊ မသတ်မှတ်ဘဲ တစ်ကိုယ်ရည်ထူးချွန်မှု၊ ဉာဏ်ရည်၊ အကျင့်စာရိတ္တ၊ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံ ကျွမ်းကျင်မှု၊ ကျောင်းအပေါ်တုံ့ပြန်မှုများကိုပါ ထည့်သွင်းတွက်ချက်ပြီး အကဲဖြတ်မယ်ဆိုရင် သင်ကြားမှု၊ သင်ယူမှုပုံစံလည်း ပြောင်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ အမျိုးသား ပညာရေးဥပဒေ ပုဒ်မ ၃ မှာ ပြဋ္ဌာန်းထားတဲ့အချက်အလက်တွေနဲ့ ပြည့်စုံတဲ့၊ ဗလငါးတန်နဲ့ပြည့်စုံတဲ့ ကလေးတွေကို ကျွန်တော်တို့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယအပိုင်းကို ကျွန်တော်ဆက်ဆွေးနွေးပါမယ်။ မူဝါဒတစ်ရပ်ချမှတ်ပြီးပြီ ဆိုရင်လည်း ချမှတ်ထားတဲ့မူဝါဒကို ခိုင်ခိုင်မာမာကျင့်သုံးဖို့လိုပါတယ်။ ချမှတ်ထားတဲ့မူဝါဒကို အောင်မြင်အောင် ကျင့်သုံးနိုင်ဖို့ ကျောင်း၊ ဆရာ၊ သင်ထောက်ကူပစ္စည်းများပြည့်စုံအောင်၊ အရည် အချင်းပြည့်မီအောင် ဖြည့်တင်းပေးရပါမယ်။ စာရွက်ပေါ်မှာရှိတဲ့ ကျောင်းအရေအတွက်၊ ဆရာ အရေ အတွက်၊ ကျောင်းသားအရေအတွက်တွေနဲ့တင် စားပွဲမှာတွက်ချက်ပြီး မူဝါဒကို ချမှတ်ဖော်ဆောင် မယ်ဆိုရင်တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ လိုအပ်တဲ့နေရာတွေကို မျက်ကွယ်ပြုပြီး မလိုအပ်တဲ့နေရာ တွေကို ကျောင်းချပေးခဲ့တယ်။ ကျောင်းအဆင့်တွေ မြှင့်ပေးခဲ့တယ်။ ဒါကြောင့် တစ်ရွာမှာတော့ အတန်းက ငါးတန်း၊ ဆရာက ငါးယောက်၊ ကျောင်းသားက စုစုပေါင်းမှ ၃၀ လောက်ရှိတဲ့ရွာတွေ ရှိပြီးတော့ တချို့ရွာတွေမှာတော့ ကျောင်းသားက ၂၀၀၊ ၂၅၀၊ အတန်းက ငါးတန်း၊ ဆရာက သုံးယောက်လောက်နဲ့ လုံးပန်းနေရတာတွေရှိပါတယ်။ ကျောင်းနဲ့ကျောင်းသားတွေတော့ ရှိပါရဲ့။ ဆရာ မရှိလို့ ဆယ်တန်းအောင်၊ ဆယ်တန်းကျကလေးတွေကို လုပ်အားပေးသင်ကြားခိုင်းနေရတဲ့ ကျောင်း တွေ၊ နေစရာကမရှိ၊ စားစရာကရှားပါး၊ သွားရေးလာရေးက ခက်ခဲလို့ ခန့်ထားတဲ့ဆရာ မရောက်လို့ မျှော်နေရတဲ့ကျောင်းတွေ၊ မိုးရွာရင်၊ လေတိုက်ရင် ရပ်ထား၊ အမိုးမလုံ၊ အကာမဲ့တဲ့ကျောင်း တွေ၊ ဘဝမလုံခြုံတဲ့၊ မဖူလုံတဲ့ ဆရာဆရာမတွေရဲ့ဘဝတွေကို ပကတိအခြေအနေတွေကို ကျွန်တော်တို့ ပြုပြင်ဖြည့်ဆည်းပေးဖို့လည်း လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ချမှတ်တဲ့မူဝါဒဟာ မှန်ကန်ပြီး အကောင်အထည်ဖော်ရာမှာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၁၀၅ အရ ပညာရည် စစ်ဆေးတိုင်းတာခြင်း အကဲဖြတ်မှုပုံစံ ချမှတ်နိုင်ပါရန် ဒေါက်တာလှမိုးရဲ့အဆိုကို ထောက်ခံကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

ဒေါက်တာတင်အောင် (ကျောက်ဆည်မဲဆန္ဒနယ်) မှ ထောက်ခံဆွေးနွေးခြင်း                        လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်အောင်ပဲ ဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီး၊ အောင်‌မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမိုး တင်သွင်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အကြောင်းအကျိုးစုံစုံ လင်လင်နဲ့ ထောက်ခံဆွေးနွေးသွားကြတာတွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့တောင်းဆိုချက်တွေကို အမြဲနားထောင်နေရတဲ့အတွက် အမှန်တကယ် အကျိုးရှိစေမယ့် တင်ပြချက်များဆိုတာ ငြင်းစရာမရှိပါဘူး။ သို့သော်လည်းပဲ ပညာရေးဝန်ကြီးဌာနမှာ ယခင်ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနခုနစ်ခု၊ ယခင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်မှာရှိတဲ့ ဦးစီးဌာနငါးခု စုစုပေါင်း ဦးစီးဌာန ၁၂ ခုရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဦးစီးဌာန တစ်ခုချင်းအလိုက် ရှေ့ဆက်အကောင်အထည်ဖော်ရမယ့် ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ လုပ်နေကြတာကိုလည်း သိပါတယ်။ လုပ်ငန်းများကိုလည်း တာဝန် ယူလုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ သို့သော်လည်းပဲ ရှေ့ကလွှတ်တော်ကိုယ်စားလှယ်ကြီးတွေ တင်ပြသွားသလိုပဲ ဝန်ကြီးဌာနမှာ ခိုင်မာပြတ်သားတဲ့မူဝါဒများမရှိသေးတဲ့အတွက် ဦးစီးဌာနတစ်ခု ချင်းအလိုက် ယခင် လုပ်နေကြအတိုင်းသာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။

          ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးဟာ ခေတ်အဆက်ဆက်က အကြိမ်ကြိမ်အခါခါ ပြောင်းလဲခဲ့ တာကို တွေ့ရပါတယ်။ စနစ်သစ်ပြီး စနစ်သစ်ဖြစ်ခဲ့ပေမယ်လို့ ကျွန်တော်တို့နိုင်ငံရဲ့ ကျောင်းသား ကျောင်းသူများဟာ အစမ်းသပ်ခံဘဝအဖြစ်နဲ့ပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ပညာရေးစနစ်တစ်ခုကို ပြောင်းလဲရာမှာ အရင်ကလိုမဟုတ်ဘဲနဲ့ အရည်အသွေးမြင့်တဲ့ပညာတတ်တွေဖြစ်လာဖို့ လုပ်ဆောင် ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အချိန်တွေယူပြီးတော့ ဒီလုပ်ငန်းတွေကို အကောင် အထည်ဖော်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ငန်းတွေကိုအကောင်အထည်ဖော်ရာမှာ စောစောက တင်ပြခဲ့သလိုပဲ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဆိုတာ ပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ အခန်း(၄) ပုဒ်မ ၅ မှာ ဖြည့်သွင်းထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် အမျိုးသား ပညာရေးမူဝါဒကော်မရှင်ကိုသာ ဖွဲ့စည်းပြီးမယ်ဆိုရင်တော့ အဲဒီကနေ ထပ်ပြီး ကျွန်တော်တို့အနေနဲ့ သင်ရိုးညွှန်းတမ်းကော်မတီတွေ အမျိုးသားရေးပညာရေးအဆင့်အတန်းနဲ့ အရည်အသွေးအာမခံမှု အကဲဖြတ်အဖွဲ့အစည်းတွေဖွဲ့နိုင်မှာဖြစ်ပါတယ်။ ဒီကော်မတီတွေ ဒီအဖွဲ့အစည်းတွေကနေပြီးတော့ ပညာအရည်အချင်းကို ကောင်းမွန်တဲ့မူဝါဒတွေ ချမှတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးရဲ့အဆိုကို အောက်ပါအတိုင်း ပြင်ဆင်ဖြည့်စွက်ရန် အကြံပြုပါတယ်။ နိုင်ငံတော်၏ ချမှတ်ထားသော ပညာရေးမူဝါဒနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင် အထည်ဖော်ရန် အထောက်အပံ့ဖြစ်စေသော အခြေခံပညာအဆင့်ပညာရေးစစ်ဆေးတိုင်းတာခြင်း၊ အကဲဖြတ်မှုပုံစံအတွက် မှန်ကန်သောမူဝါဒချမှတ်ပေးပါရန် ဆိုတဲ့နေရာမှာ မှန်ကန်သောမူဝါဒရဲ့ ရှေ့ကနေ အမျိုးသားပညာရေးမူဝါဒကော်မရှင်က မှန်ကန်သောမူဝါဒတစ်ရပ် ချမှတ်ပေးပါရန်နှင့် ခိုင်ခိုင်မာမာ ကျင့်သုံးပေးပါရန်ဆိုတဲ့ ရှေ့ကနေပြီးတော့ ပညာရေးဝန်ကြီးဌာနက ခိုင်ခိုင်မာမာ ကျင့်သုံးပေးပါရန်ဆိုတဲ့ တိုက်တွန်းတဲ့အဆိုအဖြစ် ဖြည့်စွက်အကြံပြုချင်ပါတယ်။ အားလုံးကို လေးစား ပါတယ်။ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ              လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးတဲ့အခါမှာ အဆိုကိုဖြည့်စွက်ဆွေးနွေးလို့ရတယ်။ အကြံပြုဆွေးနွေးလို့ရတယ်။ ပြင်ဆင်ချင် တယ်ဆိုရင် ပြင်ဆင်တဲ့ အဆိုပြုချက်က လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ သီးခြားတင်ရ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကိုယ်စားလှယ်များဆွေးနွေးတဲ့အခါမှာ ဒီအဆိုအပေါ်မှာ ဖြည့်စွက်လို့၊ အကြံပြုလို့ ဆွေးနွေးတာက ဆွေးနွေးပါ။ ဒါက ကိုယ့်ရဲ့ကိုယ်စားလှယ် တစ်ယောက်ရဲ့ ဆွေးနွေးပိုင်ခွင့် ဘောင်အတွင်းမှာရှိပါတယ်။ ပြင်ဆင်တယ်ဆိုရင်တော့ အဲဒီအဆိုအပေါ်မှာ လိုက်ပြင် တယ်၊ ပြင်တယ်ဆိုရင်တော့ ပြင်ဆင်ချက်အဆိုကို သီးခြားတင်ရတယ်။ အဲဒါလေးကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေက ဆွေးနွေးတဲ့အခါမှာ သဲသဲကွဲကွဲဖြစ်စေချင်ပါတယ်။ ဒါကို ကျွန်တော်တို့က ဒါဒီမှာ ဘာလို့ ပြောလဲဆိုတဲ့အခါကျတော့ နောက်ပိုင်း အတည်ပြုဖို့၊ မှတ်တမ်းတင်ဖို့စသည်ဖြင့် တစ်ခုခုဆုံးဖြတ် ဖို့လုပ်တဲ့အခါမှာ မူလအဆိုအပေါ်မှာမူတည်ပြီး လုပ်ရတာရှိတယ်။ ဆွေးနွေးချက်တွေ အပေါ်မှာ၊ ဝန်ကြီးဌာနကရှင်းတဲ့အပေါ်မှာ မူတည်ပြီး ကိုယ်စားလှယ်တွေရဲ့အများဆန္ဒကို ယူရတာ ရှိတယ်။ ခုနကလို ကြားထဲကနေပြီးတော့ ပြင်ဆင်ချက်ဟာတွေပါလာလို့ရှိရင် ဒါက ဆွေးနွေးတာ အနေနဲ့ပဲ ရမယ်။ အကြံပြုတာအနေနဲ့လည်းရမယ်။ ပြင်ဆင်ချက်ကိုကျွန်တော်တို့ လိုက်ပြီးတော့ ဆုံးဖြတ်လို့ မရဘူး။ ဒါအခုတစ်ခါတည်း ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြထားတာပါ။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပါမယ်။

ဦးတင်ထွန်းနိုင်(ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီး ခနောင်တိုမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်က ဒေါက်တာလှမိုးတင်သွင်းတဲ့ နိုင်ငံတော်ကချမှတ်ထားတဲ့ ပညာရေးမူဝါဒနှင့် ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် အခြေခံပညာအဆင့် ပညာသင်ကြားခြင်းတတ်မြောက်မှုစစ်ဆေးရန်အတွက် အထောက် အပံ့ဖြစ်စေသော ပညာရည်စစ်ဆေး တိုင်းတာခြင်းအကဲဖြတ်မှုပုံစံအတွက် မှန်ကန်သောမူဝါဒတစ်ရပ် ချမှတ်‌ပေးပါရန်နှင့််‌ ခိုင်ခိုင်မာမာ ကျင့်သုံးပေးပါရန် ပညာရေးဝန်ကြီးဌာနအား တိုက်တွန်းကြောင်း အဆိုကို အကြံပြုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point နဲ့တင်ပြဆွေးနွေးခွင့်ပြုပါရန်လည်း ပန်ကြားအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ့ပညာရေးအကြောင်းကို ပြောလို့ရှိရင် မိဘဆရာပူးပေါင်းကလေးပညာ ကောင်းဆိုတဲ့ ဆောင်ပုဒ်ကနေပြီးတော့ ကျွန်တော်တို့စပြောဖို့လိုမယ်ထင်ပါတယ်ခင်ဗျား။ အထူးသဖြင့်‌ ကျွန်တော်တို့တစ်တွေဟာ မဆလခေတ်ပညာရေးစနစ်အောက်မှာ အဲဒီဆောင်ပုဒ်ကို လမ်းညွှန်ချက် တစ်ခုလို ကျွန်တော်တို့ခံယူရင်းနဲ့ ဖြတ်သန်းခဲ့ကြရတာပါ။ ဒါပေမဲ့ ဒီကနေ့ခေတ်မျက်မှောက် ကမ္ဘာ့ပညာရေးအရွေ့မှာ ကလေးတွေရဲ့ပညာကောင်းဖို့ဆိုတာ မိဘဆရာပူးပေါင်းရုံနဲ့ မလုံလောက် တော့ဘဲ တိုင်းပြည်ရဲ့ပညာရေး နှင့်ဆက်နွှယ်နေတဲ့ Stake Holder တစ်နည်းအားဖြင့် ပါဝင် သက်ဆိုင်သူတွေအားလုံးရဲ့ အခန်းကဏ္ဍကိုပါ မကျန် မဖြစ်မနေထည့်သွင်းစဉ်းစားလာကြပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့အမျိုးသားအဆင့် ပညာရေးမူဝါဒချမှတ်သူတွေ၊ ပညာရပ်ဆိုင်ရာသုတေသန ပညာရှင်တွေ၊ ဆရာဖြစ်သင်အရည်အသွေးမြင့် သင်တန်းကျောင်းတွေ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အစည်းတွေ၊ ရပ်မိရပ်ဖကျောင်းအကျိုးတော်ဆောင် အဖွဲ့အစည်းတွေရဲ့ ကိုယ်စီကိုယ်ငှတာဝန် ကျေပွန်မှုတွေကလည်း မရှိမဖြစ်အရေးပါလှတာကို တွေ့ရမှာပါ။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ကျွန်တော်တို့နိုင်ငံရဲ့အမျိုးသားပညာရေးမူဝါဒများနှင့် ရည်မှန်းချက်တွေကိုလေ့လာကြည့်ရင် ကျွန်တော်တင်ပြခဲ့တဲ့ Stake Holder များရဲ့အခန်းကဏ္ဍကိုလွှမ်းခြုံပြီး ပြည့့်ပြည့်စုံစုံရေးဆွဲခဲ့တဲ့ အကြောင်းကိုတော့ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမူဝါဒတွေကို လက်တွေ့လက်ငင်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုအပိုင်းမှာတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေတသီကြီးနဲ့ ဘက်ပေါင်းစုံ မှာရင်ဆိုင်နေရပါတယ်။ ထင်သလောက်လည်း ခရီးမပေါက်ခဲ့ဘဲနဲ့ မြန်မာ့ပညာရေးဟာ အဘက်ဘက် ကနေပြီးတော့ နိမ့်ကျနေခဲ့ပါတယ်။ ဥပမာအနေနဲ့ပြောရလို့ရှိရင်  ၂၀၁၄ ခုနှစ် အခု Power Point ထဲမှာပြထားတဲ့ မတ်လ ၅ ရက်နှင့် ၆ ရက်မှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့််‌လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ရလဒ်၊ ပညာရေးမူဝါဒ ၁၈ ချက် ရှိပါတယ်။ အဲဒီပညာရေးမူဝါဒ ၁၈ ချက်ထဲမှာ ပညာရေးဝန်ထမ်းများအားလုံး၏ အရည်အသွေး နှင့်လူမှုဘဝ မြှင့်တင်ရေးကိုအလေးထား ဆောင်ရွက်ရမည်လို့ မူဝါဒချမှတ်ခဲ့သော်ငြားလည်း ဆရာ ဆရာမတွေရဲ့လက်တွေ့အခြေအနေကတော့ အားလုံးသိကြတဲ့အတိုင်း ပီတိကိုသာလှိုင်လှိုင်စားသုံး ရင်းအားတင်းခရီးဆက်နေကြရပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ပီတိချည်းပဲစားလို့တော့ လက်တွေ့မကျပါဘူး။ ထမင်းလဲစားဖို့လိုပါတယ်လို့ ဒီလ        ၄ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်နှီးနှောဖလှယ်ပွဲ အခမ်းအနားမှာ ဆရာဆရာမများရဲ့ လက်ရှိအခြေအနေကို စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်သုံးသပ် ပြောဆိုခဲ့ပါတယ်။ အလားတူ အဲဒီ ၁၈ ချက်ထဲမှာပဲ အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ကို အကောင်အထည်ဖော်မည့် အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်ရမည်လို့ မူဝါဒချမှတ်အကောင်အထည် ဖော်ခဲ့ရာမှာ အထိုက်အလျောက်အောင်မြင်မှုရခဲ့သော်လည်း ဒီနေ့ဒီအချိန် နိုင်ငံတစ်ဝန်းမှာ ကျောင်းမနေနိုင်တဲ့ ကျောင်းနေရွယ်ကလေးတွေ အများအပြားရှိနေဆဲပါ။ မိသားစုဝင်ငွေကို တစ်ဖက် တစ်လမ်းကပံ့ပိုးဖို့အတွက် လမ်းဘေးမှာ ကွမ်းယာရောင်းနေတဲ့ ကလေးတွေ၊ မီးပွိုင့်မှာပန်းရောင်း၊ ရေသန့်ဘူးရောင်းနေတဲ့ ကလေးတွေ၊ လယ်ထဲအမှိုက်လိုက် ကောက်နေတဲ့ ကလေးတွေ၊ လက်ဖက်ရည်ဆိုင် ထမင်းဆိုင်တွေမှာ စာပွဲထိုးလုပ်နေတဲ့ကလေးတွေ၊ စစ်ဘေးရှောင်ဒုက္ခသည် စခန်းက ကလေးငယ်တွေ၊ နိုင်ငံခြားရောက်ရွှေ့ပြောင်းမိသားစုတွေက ကလေးငယ်တွေဟာ မူဝါဒအရ ဘယ်လောက်ပဲအခမဲ့ဆိုဆို၊ ဘယ်လိုပဲမသင်မနေရဆိုဆို စာသင်ခန်းတွေဆီရောက်မလာနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ခွင့်မရသူများကို လူတိုင်းကျောင်းနေပညာရေးအရ ပညာ သင်ယူနိုင်ခွင့်ဖန်တီးပေးခြင်းသည် မည်သည့်ခွဲခြား ကန့်သတ်ချက်များမရှိဘဲ တူညီသော သင်ယူမှု အခွင့်အလမ်းရှိစေရမည်ဆိုတဲ့ မူဝါဒတော့ရှိပေမယ့် လက်တွေ့မှာ အဲဒီကလေးငယ်တွေဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအနေနဲ့ တစ်နိုင်တစ်ပိုင် ကိုယ်ထူကိုယ်ထပညာဒါနစာသင်ဝိုင်း တွေမှာပဲ ကြုံသလို ဖြတ်သန်းနေရပါတယ်။ သာသနာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တဲ့ စာရင်းအင်းတွေအရ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ တက်နေတဲ့ကလေးငယ် ဦးရေဟာ စုစုပေါင်း သုံးသိန်းခန့်ရှိပါတယ်။ ဒီအ‌ခြေအနေတွေဟာ အခုလက်ရှိ ရေးဆွဲရမယ့်မူဝါဒထဲမှာ အားလုံးအကျုံးဝင်တဲ့ ပညာရေးစနစ်တစ်ခုဖြစ်စေချင်တယ်ဆို လို့ရှိရင် ဒီအခြေအနေတွေကို ထည့်သွင်းတွက်ချက်ပြီးတော့ ဆွေးနွေးသင့်ပါတယ်။

လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကတော့ လက်ရှိအခြေခံပညာအဆင့်‌ကနေပြီးတော့ အလယ်တန်း၊ အထက်တန်းအဆင့်ကနေပြီးတော့ ပုံမှန်ဆိုလို့ရှိရင် (၁၀)တန်းမအောင်ဘဲနဲ့ (၈)တန်း အောင်ကနေပြီးတော့ အလုပ်ထွက်ပြီးတဲ့ (၁၀)တန်းထိမရောက်ဘဲနဲ့ နည်းပညာနှင့်အသက်မွေး ပညာရေးတက်ရောက်မှုအ‌ခြေအနေကိုပြတဲ့ Graph ဖြစ်ပါတယ်။ ဒီ Graph အရ ကြည့်လို့ရှိရင် ကျွန်တော်တို့နိုင်ငံဟာ  အထက်တန်းကျောင်းသား ၂၀၀ မှာ (၈)တန်းအောင်ပြီးတော့ နည်းပညာနဲ့ အသက်မွေးပညာရေးကို တက်ရောက်နိုင်တဲ့အ‌ခြေအနေဟာ တစ်ယောက်တည်းပဲရှိပြီးတော့ အိမ်နီးချင်းတရုတ်နိုင်ငံမှာတော့ သူတို့တစ်တွေဟာ ၁၀၀ မှာ ၄၄ ယောက်ခန့်ထိ နည်းပညာနှင့် သက်မွေးပညာရေးကို တက်ရောက်နိုင်တယ်ဆိုတာ ကျွန်တော်တို့တွေ့ရပါတယ်။ ဒီအ‌ခြေအနေ တွေဟာ ပညာရေးရဲ့ အထူးသဖြင့် အားနည်းချက်တွေကို ဖော်ပြနေတာဖြစ်ပါတယ်။ တကယ်တမ်း ကျတော့ ကျွန်တော်တို့ အရင်တုန်းက THS လို့ခေါ်တဲ့ စက်မှုလက်မှုအထက်တန်းကျောင်းတွေ၊ ဆောင်းဒါးယက္ကန်းကျောင်းတွေဆိုတာ ရှိခဲ့ပါတယ်။ အခု ဒီနောက်ပိုင်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကနေလုပ်နေတဲ့ သက်မွေးနည်းပညာနဲ့ပတ်သက်တဲ့ ဟိုတယ်သင်တန်းကျောင်းဆိုတာလည်း ဒီသဘောတရားတွေဖြစ်ပါတယ်။ ဒီပညာရေးတွေကို ကျွန်တော်တို့အနေနဲ့ အမြဲတမ်းအားပေးပြီးတော့ လက်ရှိဆွဲမယ့်ပညာရေးပေါ်လစီထဲမှာပဲ ထည့်သွင်းတွက်ချက်ဖို့လိုပါတယ်။

ဦးမောင်မောင်(ထီးချိုင့်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                 လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌ ကြီးနှင့် ကြွရောက်လာသူအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော် ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင် ဖြစ်ပါတယ်။ အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးရဲ့ ပညာရေးမူဝါဒချမှတ်ရေးနဲ့ပတ်သက်တဲ့အဆိုကို ထောက်ခံဆွေးနွေးအကြံပြုတင်ပြသွားမှာ ဖြစ်ပါ တယ်။ အဆိုရှင်တင်ပြခဲ့သလို နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုအလားအလာကို ခန့်မှန်းဖို့ဆိုရင် အဲဒီနိုင်ငံရဲ့ ပညာရေးအပေါ် ဘယ်လောက်မျှော်လင့်ချက်ထားသလဲ။ ဘယ်လောက်ရင်းနှီးထားသလဲ။ ဘယ်လို မူဝါဒတွေနဲ့ အကောင်အထည်ဖော်သလဲ။ ဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရှိသလဲ ဆိုတာကို ဆန်းစစ်ရပါတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်းဟာ ပညာရေးကို နိုင်ငံ့ဦးစားပေးအဖြစ် အလေးထား ဆောင်ရွက်ကြတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ကျောင်းသားတွေကို ဘယ်လိုနည်းစနစ်နဲ့ သင်ကြားမယ်ဆိုတဲ့အပိုင်းနဲ့ သင်ယူပြီးတဲ့ကလေးတွေအတွက် ပညာရည်စစ်ဆေးအကဲဖြတ်မှုအပိုင်း ဆိုပြီး နှစ်ပိုင်းဆွေးနွေးပါမယ်။ ပထမပိုင်းကို ဆွေးနွေးရရင် သင်ကြားကြမယ့်ဆရာဆရာမတွေရဲ့ သင်ကြားမှုစွမ်းရည်ပြည့်ဝဖို့ နိုင်ငံတော်အနေနဲ့ ဆရာများကို ဦးစွာလေ့ကျင့်သင်တန်းများ အထူး အစီအမံနဲ့ ပြုလုပ်သင့်ပါတယ်။ ဒီနေရာမှာ ဒီလှိုင်းစာစောင် စာမျက်နှာ ၂၆ မှာပါတဲ့ ကလေးသူငယ်နှင့် ဒီမိုကရေစီကဏ္ဍမှာ ကလောင်ရှင် ဆရာမဆွေဆွေရဲ့ ပညာရေးဆောင်းပါးများဟာ နော်ဝေနိုင်ငံမှာ ဖော်ဆောင်နေတဲ့ ပညာရေးစနစ်ကို အထူးမီးမောင်းထိုးပြထားတာ တွေ့ရပါတယ်။ မူကြိုကျောင်းနဲ့ အာဟာရ၊ မူကြိုကျောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ မူကြိုမှာလေ့ကျင့်ပေးတဲ့ စိတ်ဓာတ်နဲ့ အမူအကျင့်‌များ အစရှိတဲ့ဆောင်းပါးများဟာ သင်ကြားပေးမယ့် ဆရာဆရာမများနဲ့ မိဘများအတွက် အထူးအားကျအတုယူဖွယ်ဗဟုသုတများ ဖြစ်ပါတယ်။ မိဘများအနေနဲ့လည်း အထူးဖတ်ရှုလေ့လာ သင့်ကြောင်း သတင်းကောင်းပါးလိုပါတယ်။ ကျောင်းသားများရဲ့ သင်ယူမှုစွမ်းရည်ကို ကျယ်ကျယ် ပြန့်ပြန့်ဘက်ပေါင်းစုံကနေ ချဉ်းကပ်သင်ယူစေတာကို တွေ့ရပါတယ်။ ကလေးတစ်ယောက်အတွက် ပညာသင်ယူမှုတင်မကဘဲ ပတ်ဝန်းကျင်စူးစမ်းလေ့လာတတ်အောင်၊ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုး ထားတတ်အောင် မိမိနှင့်အတူ ကျောင်းတက်တဲ့မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံပုံ အဆုံး အသေးစိတ်ကို ဖော်ပြထားတာ တွေ့ရပါတယ်။ လေ့ကျင့်သင်ကြားပေးကြတဲ့ဆရာဆရာမများရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးပြီး ကျယ်ပြန့်တယ်ဆိုတာကို အဆိုပါဒီလှိုင်းဆောင်းပါးပါ အချက် များက ကွက်ကွက်ကွင်းကွင်းဖော်ပြနေပါတယ်။

          လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောင်းသားတစ်ယောက်ရဲ့ ပညာသင်မှုဖြစ်စဉ်ဟာ မူလတန်းပညာရေးဟာ အဓိကကျလှပါတယ်။ ဒီနေရာမှာ အခြေခံပညာရေးအပိုင်းက ဆရာဆရာမ များရဲ့ ပထမဆုံးစတင်တဲ့ရာထူးက မူလတန်းပြနဲ့စတင်ပြီး အလယ်တန်းပြ၊ အထက်တန်းပြ အစရှိသဖြင့် ရာထူးအလိုက် အဆင့်တိုးတဲ့စနစ်ဖြစ်ပါတယ်။ ဆရာဖြစ်သင်တန်းမပြီးမြောက်သေးတဲ့ မူလတန်းပြအဆင့် စခန့်တာဟာ ကလေးများအတွက် များစွာအခက်အခဲဖြစ်စေပါတယ်။ ကလေး သူငယ်အရွယ် ပထမဆုံးနှစ်ကာလများဟာ အလွန်အရေးကြီးတဲ့ကာလဖြစ်ပါတယ်။ ဦးနှောက်ဆဲလ် များ ဖွံ့ဖြိုးအားကောင်းနေတဲ့အတွက် တစ်စက္ကန့်ကို ဦးနှောက်ဆဲလ်ပေါင်း ၁၀၀၀ မျှအလုပ်လုပ်နေ တယ်လို့ ဆိုပါတယ်။ အဲဒီဦးနှောက်ဆဲလ်တွေ ဆက်သွယ်လှုပ်ရှားနေချိန်မှာ ကလေးများရဲ့ စိတ်ခံစားမှု တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောကြားလိုစိတ်များကို ဟန့်တားမှု၊ ခံစားမှုများမဖြစ်သွားစေရန် လွန်စွာမှ အရေးကြီးလှပါတယ်။ အဲဒီအချိန်မှာ လေ့လာသင်ယူမှုစနစ်ကျမှ အနာဂတ်မှာ ဆက်ပြီး လေ့လာသင်ယူလိုစိတ် ဖြစ်လာမှာပါ။ ယနေ့ KG တန်းများမှာ လေ့ကျင့်ထားတဲ့ဆရာမများနဲ့ သင်ယူ စေတာဟာ အလွန်ကောင်းမွန်တဲ့လမ်းစပဲဖြစ်ပါတယ်။ သင်ယူခြင်းရဲ့နောက်ဆုံးရလဒ်ဟာ နားထောင် တတ်ခြင်းပဲဖြစ်ပါတယ်။ တတ်မြောက်ခြင်းဆိုတာလည်း သူတစ်ပါးပြောသမျှကို အာရုံစိုက်နားထောင် ပေးတတ်ခြင်းဖြင့် တိုင်းတာနိုင်တဲ့အတွက် သင်ကြားမယ့်ဆရာဆရာမများဟာ ကိုယ်ချင်းစာတရားနဲ့ ကလေးပြောသမျှကို ဘယ်လောက်စိတ်ရှည်စွာနဲ့ နားထောင်ပေးနိုင်သလဲဆိုတာ ဆရာတစ်ယောက်ရဲ့ သင်ကြားမှုစွမ်းရည်ထဲက တစ်ခုဖြစ်ပါတယ်။ အကြံပြုလိုတာကတော့ ပထမဆုံးမူလတန်းပြကို ကျွမ်းကျင်အဆင့်(၄)ကစတင်ပြီး သင့်တင့်တဲ့လုပ်သက်အလိုက် ရာထူးတိုးတဲ့အခါ ရာထူးတိုးယူလို ကယူ သို့မဟုတ် အလယ်တန်းပြရာထူးနဲ့တူညီတဲ့လစာ ခံစားခွင့်ပေးပြီး ၎င်းကို မူလတန်းကျွမ်းကျင် အဆင့်(၃)သတ်မှတ်ပြီး အထက်တန်းပြရာထူးနဲ့တူညီတဲ့လစာတန်းကို မူလတန်းကျွမ်းကျင်အဆင့်(၂)၊ အထက်တန်းကျောင်းအုပ်နဲ့တူတဲ့လစာတန်းကို မူလတန်းကျွမ်းကျင်အဆင့်(၁) အစရှိသဖြင့် ရာထူး အဆင့်လိုက် လစာတိုးသွားပြီး မူလတန်းမှာပဲ အထူးကျွမ်းကျင်ရေးတာဝန်တစ်ရပ်အနေနဲ့ ပြောင်းလဲ ကျင့်သုံးဖို့ အဆင့်တိုင်းမှာ ကျွမ်းကျင်မှု၊ စစ်ဆေးမှုတွေနဲ့ စနစ်တကျပျိုးထောင်ပေးသင့်ကြောင်း အကြံ ပြုလိုပါတယ်။ ဒီအခါ မူလတန်းကျောင်းသားများဟာ ကျွမ်းကျင်ဆရာဆရာမများရဲ့ သင်ကြားမှုကို အခြေခံခိုင်ခိုင်မာမာနဲ့ နွေးထွေးစွာရရှိမှာ အမှန်ဖြစ်ပါတယ်။ မူလတန်းပြများကလည်း မူလတန်းပြ ဆိုတဲ့ဘဝကို ယုံကြည်မှုအပြည့်နဲ့ ခံယူနိုင်မှာဖြစ်ပါတယ်။ အထက်ဆိုခဲ့ပါ မူလတန်းပညာရေး ကိစ္စဆွေးနွေးသလိုမျိုး အလယ်တန်းမှာကျင့်သုံးမယ်ဆိုရင်လည်း ထပ်တူအကျိုးရရှိမယ်ဆိုတာ မြေကြီး လက်ခတ်မလွဲပါပဲခင်ဗျား။

          လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဆွေးနွေးခဲ့တာတွေက မူလတန်း၊ အလယ်တန်းနဲ့ ကျွမ်းကျင်ဆရာဆရာမများ ပြုစုပျိုးထောင်ဖို့ အခြေခံအချက်များဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ အခုချိန်ထိ စွဲနေအောင်ရှိနေတဲ့ ဆရာဆရာမများမှာ ဘာတွေ့ရသလဲဆိုရင် မိမိသင်ကြား တဲ့တပည့်အားလုံးရဲ့ မိသားစုစီးပွားရေးနောက်ခံအကြောင်းများ၊ တစ်ဦးတစ်ယောက်ချင်းရဲ့ အကောင်း အဆိုးများ ကောင်းသူကိုချီးမွမ်းသလို၊ ဆိုးသူကို မနှိမ့်ချဘဲ သားသမီးလေးလို သဘောထားပြီး အပြစ် ရှိလို့ရိုက်ပြီးချိန်မှာတောင် ဒီကလေးကို လျစ်လျူမရှုဘဲ မုန့်ဖိုးပေးတာမျိုး အရေးတယူဆက်ဆံတာမျိုး တွေဟာ ဆရာဆရာမကောင်းတစ်ယောက်ရဲ့ လက္ခဏာတွေဆိုတာ အားလုံးသိပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ မူလတန်းမှ စတုတ္ထတန်းအထိ ရင်ခွင်ပိုက်စနစ်ဟာ ဆရာမတော်ရင် ကျောင်းသားများ တော်ပြီး ဆရာမညံ့ရင် ကျောင်းသားများ အခြေခံမပါဘဲ သတ်ပုံသတ်ညွှန်းကအစ အဲဒီဆရာမရဲ့ အမူ အကျင့်အတိုင်း တစ်လျှောက်လုံးပါခဲ့တာ ကျောင်းသားများ နစ်နာကြရပါတယ်။ အထူးသဖြင့် အင်္ဂလိပ် စာမှာ သိသာပါတယ်။ စာရေးသားနည်းလွဲမှားတာတွေ၊ အသံထွက်မှာ S သံကို ပီပီသသမဆိုနိုင်တာ တွေ တွေ့ရပါတယ်။ ဥပမာ- ဗိုင်းရပ်(စ်)ကို ဗိုင်းရက်လို့ ခေါ်တာမျိုးပါ။ မိမိအတန်းမှာရှိတဲ့ ကလေး အားလုံးကို ပိုင်ပိုင်နိုင်နိုင်ထိန်းသိမ်းစောင့်ရှောက်သင်ကြားနိုင်ဖို့ ဆရာဆရာမတစ်ယောက်ရဲ့ ကျောင်းသားဦးရေ ၃၀ ဝန်းကျင်ဟာ အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့် ဆရာဆရာမများနဲ့ စာသင်ခန်းများဟာ အဓိကလိုအပ်မှာ အမှန်ပါပဲ။ အထက်တန်းပြများအနေနဲ့လည်း မိမိရဲ့မူလ ကျွမ်းကျင်ဘာသာမေဂျာအလိုက် သင်ကြားပေးနိုင်ဖို့နဲ့ တက္ကသိုလ်ဝင်တန်း စာစစ်ခေါ်ရာမှာလည်း အထူးလိုအပ်လှပါတယ်။

          လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယအပိုင်းဖြစ်တဲ့ သင်ကြားသင်ယူမှုပညာစစ်ဆေးမှု အကဲဖြတ်မှုအပိုင်းမှာတော့ မူဝါဒချမှတ်နိုင်ဖို့ရာမှာ ရေးဆွဲသူများနဲ့ လက်တွေ့သင်ကြားနေကြတဲ့ ဆရာ ဆရာမများရဲ့ အကြံဉာဏ်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူဖို့လိုမယ်လို့ အကြံပြုလိုပါတယ်။ ဒါကြောင့် မူဝါဒရေးဆွဲရာမှာ အကဲဖြတ်မှုပေးမယ့်ဆရာဆရာမတွေအနေနဲ့ တည်ကြည်ဖြောင့်မတ်ပြီး ဘက်မလိုက်နိုင်အောင်၊ အဂတိကင်းအောင် အစီအမံများပါဝင်ရပါမယ်။ အတန်းပိုင် သို့မဟုတ် ကျောင်းအုပ်တစ်ဦးတည်းကို ဆုံးဖြတ်ခွင့်ပေးမထားဘဲ အစုအဖွဲ့လိုက် တာဝန်ယူတာဝန်ခံဖို့လိုအပ်ပါ တယ်။ အကဲဖြတ်ဖြစ်စဉ်ကာလအတွင်း မိဘများနဲ့ လစဉ်မဟုတ်တောင် နှစ်လ သို့မဟုတ် သုံးလ တစ်ကြိမ် သက်ဆိုင်ရာမိဘများနှင့် ထိတွေ့ညှိနှိုင်းစေသင့်ပါတယ်။ ဒါမှသာ မိဘများအနေနဲ့ မိမိတို့ သားသမီးရဲ့ပညာရေးဖြစ်စဉ်မှာ ပူးပေါင်းပါဝင်နိုင်မှာဖြစ်ပါကြောင်းနှင့် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးရဲ့အဆိုကို လေးလေးနက်နက်ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးမြင့်ဟန်ထွန်း(ဘုတလင်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း             လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေ။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းပါ။ ကျွန်တော့်အနေနဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့မှာ ‌အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုး တင်သွင်းသောအဆိုကို ထောက်ခံဆွေးနွေးသွားမှာပါ။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ဟာ အဲဒီနိုင်ငံရဲ့ပညာရေးပေါ်မှာ မူတည်နေပါတယ်။ ပညာရေးစနစ် မှန်ကန်ကောင်းမွန်လေ၊ နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးတိုးတက်လေဆိုတာကို နိုင်ငံတကာ ပုံရိပ်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခုကို အကောင်အထည်ဖော်ပြီး ခိုင်ခိုင်မာမာကျင့်သုံးဖို့ လိုအပ်နေပါတယ်။ ပညာ ဆိုတာ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားတတ်ခြင်းပါ။ လက်ရှိပညာရေး စနစ်ဟာ တွေးခေါ်မြော်မြင်မှုမပါ ဘဲ အလွတ်ကျက်ပညာရေးစနစ်ဖြစ်နေပါတယ်။ ၏သည် မလွဲတမ်း ကျက်နိုင်၊ ဖြေနိုင်လျှင် အမှတ် များများရတယ်ဆိုတဲ့ အလွတ်ကျက်ပညာရေးပါ။ အာဂုံရမှ အာဂလူဆိုတဲ့ ပညာရေးစနစ်ဖြစ်နေပါတယ်။ ပညာရေးဆိုတာထက် သင်ညာရေးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ အလွတ်ကျက်ဖြေစာမေးပွဲစနစ် အလွန်အကျွံလွှမ်းမိုးမှုအောက်မှာ တွေးခေါ်မြော်မြင်မှုနည်းတဲ့ နိုင်ငံသားတွေ ပေါ်ထွက်လာပါတယ်။ အဲဒီနိုင်ငံသားတွေရဲ့ တည်ဆောက်ထားတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခဲ့ရပါ တယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်ရဲ့အားနည်းချက်များစွာထဲက အနည်း ငယ်ထောက်ပြလိုပါတယ်။ နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်‌နေပါသော် လည်း လက်ရှိကျင့်သုံးနေတဲ့ ပညာ‌ရည်အကဲဖြတ်မှုစနစ်ကြောင့် ကျောင်းသားမိဘများမှာ ငွေကုန် ကြေးကျအလွန်များပါတယ်။ ဒါဟာအလွန်ဝမ်းနည်းစရာကောင်းလှပါတယ်။ ဗလငါးတန်နဲ့ပြည့်စုံ အောင် သင်ကြားပေးနိုင်တဲ့အစိုးရကျောင်းများကို အားမကိုးရဲဘဲ ပြင်ပကျူရှင်နဲ့ ကိုယ်ပိုင်ကျောင်းများ ကို အဓိကအားထားနေကြပါတယ်။ ပြင်ပကျူရှင်နဲ့ ကိုယ်ပိုင်ကျောင်းများမှာထားလျှင် အထက် တန်းကျောင်းသားတစ်ယောက်အတွက် (၉)တန်းနှင့် (၁၀)တန်း နှစ်နှစ်စာ ကျပ်သိန်း ၁၀ ချီကုန်ပါ တယ်။ ငွေကုန်ခံပြီး ဘာကြောင့်ထားလဲဆိုရင် ပြင်ပကျောင်းတွေဟာ စာမေးပွဲမေးခွန်းဖြေဆိုနိုင်ရေးကို အဓိကထားလေ့ကျင့်ပေးလို့ဖြစ်ပါတယ်။ အဲဒီအတွက် အမှတ်ကောင်းကောင်းရပါတယ်။ အမှတ် ကောင်းကောင်းရတာနဲ့ ပညာတတ်တာဟာ မတူပါဘူး။ ဒါပေမဲ့ နိုင်ငံတော်ကလည်း အမှတ်များများ ရသူကိုပဲ ချီးမြှောက်ပါတယ်။  ပိုပြီးဝမ်းနည်းစရာကောင်းတာက နိုင်ငံတော်က တွေးခေါ်မြော်မြင်မှု ပါပြီး ဗလငါးတန်နဲ့ ပြည့်စုံတဲ့နိုင်ငံသားများ မွေးထုတ်ပေးရန်ရည်ရွယ်သော်လည်း ရည်မှန်းရာကို မရောက်နိုင်ခဲ့ပါဘူး။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောင်းတွေမှာ ကာယချိန်၊ ဖွံ့ဖြိုးချိန်၊ သက်မွေးချိန်၊ စိုက်ပျိုးချိန်၊ ပန်းချီချိန်၊ ဂီတချိန်ဆိုတာတွေဟာ အချိန်ဇယားထဲမှာပဲရှိနေပါတယ်။ အချိန်ရှိသရွေ့ ကျောင်းသားလေးတွေဟာ စာပြီးစာ ကျက်နေကြရပါတယ်။ အားမှကစားတဲ့ အားကစားလည်း မအားလပ်လို့ မကစားနိုင်တော့ပါဘူး။ ကွန်ပျူတာတို့၊ Language Lab နဲ့ သိပ္ပံခန်းတွေဟာ ဆိုင်းဘုတ်သာချိတ်ထားပြီး ကျောင်းသားကျောင်းသူတွေအတွက်တော့ ပြတိုက်နဲ့အလားသဏ္ဌာန်တူ နေပါတယ်။ လက်တွေ့မပါတဲ့ပညာရေးဟာ ကျောင်းသားကျောင်းသူများကို ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့သဘော ဖြစ်စေပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ္ဘာပေါ်က ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံအများစုဟာ တီထွင်ဖန်တီးမှုကို ဦးစားပေးတဲ့ Pioneer Education ကို ဦးတည်တဲ့ပညာရေးစနစ်ကို ကျင့်သုံးနေကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိပညာရေးစနစ်ဟာ ကျောင်းသားကျောင်းသူများရဲ့ စဉ်းစားတွေးခေါ် နိုင်စွမ်း၊ တီထွင်ဆန်းသစ်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ကျောင်းသားကျောင်းသူလေးများဟာ အမှားအမှန်ကို တွေးတောဆင်ခြင်ဖို့ထက် ဆရာသင်တဲ့စာနဲ့ တစ်ထပ်တည်းဖြစ်အောင် ရေးသား ဖြေဆိုနိုင်ရေးကို ကြိုးစားအားထုတ်နေကြတာကို ဝမ်းနည်းစွာမြင်တွေ့နေရပါတယ်။ ဆရာ့ထက် တပည့်လက်စောင်းထက်ဆိုတဲ့ ထူးချွန်ထက်မြက်တဲ့မျိုးဆက်သစ်ပညာတတ်လေးများကို မွေးထုတ်ပေး နိုင်ဖို့ ဖြစ်မလာနိုင်ပါဘူး။ ဒါဟာ အခြေခံပညာရေး ကျဆုံးခြင်းပါပဲ။ အခြေခံပညာရေး ကျဆုံးခြင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်တစ်ခုလုံး ကျဆုံးခြင်းပါပဲ။ ပညာရေးစနစ်တစ်ခုလုံး ကျဆုံးပြီဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ် ကျဆုံးခြင်းပါပဲ။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ပညာသင်ကြားနေချိန်မှာလည်း အစ်ကိုအစ်မများက မင်းတို့ရဲ့ ပညာရေးစနစ်ဟာ ငါတို့လောက်ကို မကောင်းပါဘူးလို့ အပြောခံခဲ့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ယနေ့ ညီငယ်ညီမငယ်များရဲ့ ပညာရေးစနစ်ကို ကျွန်တော်တို့ထက် ပိုမိုဆိုးရွားလာ တာကိုလည်း မြင်တွေ့နေရပါတယ်။ အဆင့်မြင့်ပညာရေးနယ်ပယ်တက္ကသိုလ်ဆရာဆရာမများက အထက်တန်းမှာ အခြေခံမပါခဲ့လို့ သူတို့တတ်အောင်သင်ဖို့ရာ မလွယ်ဘူးလို့ပြောပါတယ်။ အထက်တန်းကလည်း အလယ်တန်းကို အပြစ်ပြော။ အလယ်တန်းကလည်း မူလတန်းကိုအပြစ်ပြော။ တကယ်တမ်းတော့ မူလတန်းပြဆရာဆရာမတွေဆိုတာ အဆင့်မြင့်ပညာက မွေးထုတ်ပေးလိုက်တဲ့ ဆရာဆရာမတွေသာဖြစ်နေပါတယ်။ ဒီနေ့အချိန်အခါမှာ အဆင့်ဆင့်တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ပညာရေးစနစ်ဖြစ်သင့်နေပါပြီ။ လက်ရှိပညာရေးစနစ်ကို ဆရာဆရာမများလည်း မကြိုက်သလို ကျောင်းသားမိဘများကလည်း အားမလိုအားမရဖြစ်နေကြပါတယ်။ ကျောင်းသားကျောင်းသူများ ကတော့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ စိတ်အားထက်သန်စွာ တောင်းဆိုခဲ့တာလည်း အထင်အရှားရှိခဲ့ပါတယ်။ ဒီနေ့အချိန်အခါမှာ ပြည်သူကရွေးချယ်တင်မြှောက် ထားတဲ့ ပြည်သူ့အစိုးရအနေဖြင့် ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ရပ်ကို ချမှတ်ပြီး ခိုင်ခိုင်မာမာနဲ့ အကောင်အထည်ဖော်သင့်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့ ယနေ့ကျောင်းသူကျောင်းသားများဟာ ဒို့ဘိုးဘွားအမွေစစ်မို့ ဆိုပြီး ထိန်းသိမ်းကာကွယ်မယ့်သစ်တောကြီးတွေ၊ တောင်ကြီးတွေနဲ့ သဘာဝသယံဇာတများလည်း မရှိ  သလောက်နည်းပါးနေပါပြီ။ ကျွန်တော်တို့ ထားခဲ့ရမယ့်အရာတွေက ပြည်တွင်းပြည်ပအကြွေးတွေ ပဲမဖြစ်သင့်ပါဘူး။ ထုတ်ယူသုံးစွဲလို့မကုန်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ထားခဲ့သင့်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်နေမှုကသာ သုံးစွဲလို့မကုန်နိုင်တဲ့အရင်းအမြစ်တွေ၊ သယံ ဇာတတွေ ဖြစ်ပါတယ်။ အနာဂတ်ကျောင်းသားလူငယ်လေးများအတွက် အနာဂတ်ဘဝ အာမခံချက် ပေးနိုင်သော ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုကို အကောင်အထည်ဖော်သင့်ပါပြီ။ အချို့ကပြောပါ တယ်။ စာမေးပွဲစနစ်မရှိရင် စာမတတ်နိုင်ဘူးလို့။ ဒါ့ကြောင့် စာမေးပွဲစစ်နေရပါတယ် ပြောတယ်။ ကျွန်တော်တို့က စာမေးပွဲစနစ်ကို ကန့်ကွက်နေတာမဟုတ်ပါဘူး။ စာမေးပွဲစနစ်အပေါ်မှာ အလွန် အကျွံမှီခိုပြီး ကျောင်းသားကျောင်းသူများရဲ့ အနာဂတ်အဆုံးအဖြတ်ပေးနေတာကို ဒီ့ထက်ကောင်းမွန် တဲ့ ပညာရည်အကဲဖြတ်မှုမူဝါဒတစ်ခုကို ချမှတ်ပြီး ခိုင်ခိုင်မာမာအကောင်အထည်ဖော်ဖို့ တင်ပြ နေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး တင်သွင်းသော အဆိုကို လေးလေးနက်နက်ထောက်ခံအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးဦးလှစော(မြောက်ဦးမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                 အားလုံးကို လေးစားပါတယ်။ ကျွန်တော်က မြောက်ဦးမဲဆန္ဒနယ်က ဦးဦးလှစော ဖြစ်ပါတယ်။ ဂုဏ်သိက္ခာမြင့်မားတဲ့ ပညာရေး စနစ်တစ်ခုပေါ် ထွန်းလာစေရေးကို စေတနာနဲ့ ဒေါက်တာလှမိုးရဲ့ အဆိုကို ကျွန်တော် ဖြည့်စွက် ဆွေးနွေးပါမယ်။ ပထမအချက်က ကျွန်တော်တို့ရဲ့ ပညာရေးဟာ အင်မတန်ဝမ်းနည်းစရာ၊ ရင်လေး စရာ၊ ဂုဏ်သိက္ခာကျဆင်း စရာဆိုတာ အမှန်တရားပါပဲ။ အဲဒီတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပညာရေးပြုပြင်ပြောင်းလဲမှုကြီး တစ်ခု လက်တွေ့ကျကျလိုအပ်နေပါတယ်။ အဲဒီတော့ ကုန်ခဲ့တဲ့ အစိုးရလက်ထက်မှာ ပညာရေးပြုပြင်ပြောင်းလဲမှုကို ဦးတည်ပြီးတော့ ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်ခဲ့တယ်။ ဒါပေမဲ့ အကျည်းတန်စွာပဲ နိဂုံးချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းတာတစ်ခုက ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လေးပွင့် ဆိုင်တွေ့ဆုံမှုကနေပြီးတော့ တက္ကသိုလ်ဝင်ခွင့်စနစ်၊ စာမေးပွဲစနစ်ကို ပြုပြင်ပြောင်းလဲဖို့ အတွက်ကို Working Group တွေလုပ်မယ်ဆိုပြီးတော့ သဘောတူညီမှုရခဲ့ပါတယ်။ အချက်(၁၁)ချက်ထဲက အချက်(၅)မှာပါ။ အဲဒီမှာ ကျွန်တော်တို့ အစိုးရဝန်ကြီးထဲက ဦးလှထွန်း၊ လွှတ်တော်က ဦးသိန်းဆွေ အခု ပြည်ထောင်စုဝန်ကြီးဖြစ်နေတဲ့ ဦးသိန်းဆွေပါ။ နောက် NNER က ကိုသိန်းလွင်။ နောက် အောင်မှိုင်းဆန်းတို့ ကျောင်းသား လေးတွေပါပါတယ်။ အဲဒီတော့ အဲဒီသဘောတူညီချက်ဟာ ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ လက်ခံတယ်။ ဒီနှစ်အစိုးရလက်ထက်မှာ ဒါကိုအကောင်အထည် မဖော်တော့ဘူးလား။ အသုံးမဝင် တော့ဘူးလား။ အဲဒီတော့ ကျွန်တော်တို့က စေတနာမှန်တဲ့အတွက် ကြောင့် ကျွန်တော်တို့မူဘောင် တစ်ခုနဲ့ ဒီဟာကိုအကောင်အထည်ဖော်စေချင်ပါတယ်။ ဒေါက်တာလှမိုးရဲ့ အဆိုဟာလည်း ဒီဟာပဲ ဖြစ်တယ်ဆိုတာကို ကျွန်တော် ပထမအချက်အနေနဲ့ ပြောလိုပါတယ်။

          ဒုတိယအချက်က အမျိုးသားပညာရေးဥပဒေ အခန်း(၄)အပိုဒ် ၅ မှာ အမျိုးသားပညာရေး ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းရမယ်ဆိုတာပါရှိပါတယ်။ နောက် အခန်း(၆)မှာ လုပ်ပိုင်ခွင့်(၈)ချက်ဆိုတာပြထားပါတယ်။ နောက် အခန်း(၁၄)မှာ နိုင်ငံတော်က အကောင်အထည် ဖော်ရမယ်ဆိုပြီးတော့ လမ်းညွှန်ထားပါတယ်။ အမျိုးသားပညာရေးဥပဒေထဲမှာ။ ကျွန်တော် နည်းလည် တာက နိုင်ငံတော်ဆိုတာဟာ ဒီပညာရေး တကယ်အကောင်အထည်ဖော်ရမယ့် ဒီလုပ်ငန်းစဉ်ကြီးကို အကောင်အထည်ဖော်ရမယ့်ပုဂ္ဂိုလ်ဟာ ပညာရေးဝန်ကြီးနှင့် ပညာရေးဌာနပဲ။ တကယ်တော့ ပညာရေးဝန်ကြီးဆိုတာ ပညာရေးရဲ့တပ်မှူးကြီးပဲ။ အဲဒီ‌တော့ ကျွန်တော်တို့တိုင်းပြည်မှာက နေရာတိုင်း မှာ ပြဿနာပေါင်းစုံရှိနေပါတယ်။ ဆိုပါစို့ ကျွန်တော်တို့ အမှတ် ၃၀ နှင့် Moderation ကိစ္စ ကလေးတွေ အောင်လာတယ်။ နောက် တက္ကသိုလ်ရောက်လာတယ်။ မေးခွန်း Out တာတွေ၊ ကူးချတာတွေ၊ ပါမောက္ခတွေဆီမှာ သင်တန်းတွေသွားတက်၊ အနီးကပ်သင်တန်းတွေတက် ဆရာတွေက ဈေးကောက်တွေလို ပိုက်ဆံတွေတောင်း အဲဒီလိုပဲ အဲဒီကလေးတွေက ဘွဲ့ရလာတယ်။ အဲဒီတော့ ဒီကလေးတွေဟာ ကျွန်တော်မြင်တာက အဖျက်အဆီးခံနေရတာ အဲဒီတော့ ဒီဟာတွေကို ကျွန်တော်တို့ ဘယ်လိုပြုပြင်ကြမလဲ။ အဲဒီတော့ ပညာရေးမူဝါဒတွေဘယ်လောက်ပဲကောင်းကောင်း တကယ် တပ်မှူးကောင်းကြီးတွေလိုပါတယ်။ အဲဒီတပ်မှူးကောင်းကြီးတွေဟာ မူဝါဒကို ပြတ်ပြတ်သားသား ကိုင်တွယ်ပြီးတော့ လုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ကို ကျွန်တော် ဒုတိယအချက်အနေနဲ့ ပြောကြားလိုပါတယ်။

          တတိယအချက်က ပညာရေးချွတ်ခြုံကျမှုအကြောင်းအချက်များဆိုတာရှိပါတယ်။ စီးပွားရေး ဘဝနဲ့လည်းဆိုင်တယ်။ အဓိကကတော့ နိုင်ငံရေးပြဿနာလို့ ကျွန်တော်သုံးသပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပြဿနာကြီးနှစ်ရပ်ရှိပါတယ်။ (၁) စစ်ဘက်အရပ်ဘက် ဆက်ဆံရေးပြဿနာနဲ့  ကျွန်တော်တို့ ဗမာနှင့် ဗမာမဟုတ်တဲ့လူတွေရဲ့ တိုင်းရင်းသားတွေရဲ့ ပြဿနာပါပဲ။

ဒီပြဿနာရဲ့ခေါင်ချုပ်က ပြည်တွင်းစစ်ပဲ။ အဲဒီတော့ ပြည်တွင်းစစ်ကြောင့် စစ်ဘောင်ကျယ်လာတယ်။ စစ်အာဏာရှင်စနစ်တွေပေါ်ထွက် လာတယ်။ ပြည်တွင်းစစ်ဟာ ကျွန်တော်တို့ရဲ့ လူ့အရင်းအမြစ်တွေ၊ သယံဇာတတွေ၊ ဥစ္စာဓနတွေ ကောင်းမြတ်ခြင်းတွေကို စုပြုံဝါးမျိုနေတဲ့ တကယ် Vampire ကြီး တစ်ကောင်ပဲ။ အဲဒီတော့ ပြည်တွင်းစစ်ကြောင့် ပညာရေးစရိတ်တွေကို ကောင်းကောင်းမသုံးနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်မှာ ပြည်တွင်းစစ် ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးရဖို့လိုပါတယ်။ ဒါ အနှစ်ချုပ်ပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးရရင် ကျွန်တော်တို့က ပညာရေးမှာ များများသုံးနိုင်မယ်။ အခုတော့ ကျွန်တော်တို့က မီးခိုးတစ်လူလူနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော် တို့က ပညာရဲ့ Infrastructure တွေကိုလည်း မသုံးနိုင်ဘူး။ ကျွန်တော်တို့ရဲ့ တကယ်လိုအပ်တဲ့ Research Institution တွေကိုလည်း မတည်ဆောက်နိုင်ဘူး။ အဲဒါကြောင့် ကျွန်တော် ပြည်တွင်းစစ် အကြောင်းကို ပြောရခြင်းဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေးဟာ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးတကြီးဖြစ်ပါတယ်။ ပြည်တွင်းစစ်ရပ်စဲတဲ့အခါမှာ ကျွန်တော်တို့ စစ်အသုံးစရိတ်တွေကို လျှော့ချ ပြီးတော့ ပညာရေးအသုံးစရိတ်တွေကို မြှင့်တင်ဖို့ဆိုတာဟာ ကျွန်တော်တို့ရဲ့ တာဝန်ကြီးတစ်ရပ် ဖြစ်တယ်ဆိုတာကို ပြောကြားခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လေးပွင့်ဆိုင်ဆွေးနွေးမှု မှာလည်းပါခဲ့ပါတယ်။ ငါးနှစ်အတွင်းမှာ ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း တိုးမြှင့်ဖို့ဆိုတဲ့အချက်ဟာ ပညာရေး ပြုပြင်ပြောင်းလဲဖို့အတွက် အင်မတန်အရေးကြီးတဲ့ အချက် တစ်ချက်ဖြစ်တယ်ဆိုတာကို ကျွန်တော် ထောက်ပြလိုပါတယ်။

          နောက်တစ်ချက်ကတော့ အဓိကကတော့ လွှတ်တော်က ကျွန်တော်တို့ကို လေ့လာဖို့အတွက် ရည်ညွှန်းပေးထားတဲ့ သုတေသနစာတမ်းမှာ ကိုရီးယားနိုင်ငံကို ဥပမာပေးထားပါတယ်။ အဲဒီတော့ ကိုရီးယားမှာ ပတ်ချုံဟီးလက်ထက်မှာ Reform တွေတော်တော်ပြင်းထန်ပါတယ်။ သူဆုံးပြီးတဲ့ နောက်ပိုင်းမှာလည်း Reform တွေက အရမ်းပြင်းထန်တယ်။ ဘယ်လောက်အထိပြင်းထန်လဲဆိုရင်  ၁၉၉၀ ခုနှစ်မှာ ကိုရီးယားမှာဆိုရိုးရှိပါတယ်။ Five Hours Sleep Failure ကျောင်းသား တစ်ယောက်ဟာ ငါးနာရီအိပ်ရင် စာမေးပွဲကျကိုကျမယ်။ ဘယ်လောက်ပဲတော်တော်။ ဆိုလိုတဲ့ သဘောက သုံးနာရီ၊ လေးနာရီ လေ့လာစာကျက်လည်းပိုဝင် လက်တွေ့လုပ်ပြီးမှအိပ်တယ်ဆိုရင် အောင်တယ်ဆိုတဲ့သဘောမျိုးပါ။ အဲဒီတော့ ကျွန်တော်တို့ဟာ အဲဒီလို ပြင်းပြင်းထန်ထန်တောင်းဆိုတဲ့ ပညာရေးစနစ်လည်း ကျွန်တော်တို့ဆီမှာ လိုအပ်ပါတယ်။ အဲဒီတော့ အဲဒီလိုပြင်းပြင်းထန်ထန်တောင်း ဆိုတဲ့ ပညာရေးစနစ်ပေါ်ထွန်းဖို့အတွက် ကျွန်တော်တို့ ဆရာတွေ၊ ပါမောက္ခတွေ၊ ကျွန်တော်တို့ ပညာရေးတပ်မှူးကြီးတွေ၊ ကျွန်တော်တို့ လွှတ်တော်က တွန်းလိုက်တဲ့အခါကျမှ ကျွန်တော်တို့က ဂုဏ်သိက္ခာရှိတဲ့ ပညာရေးစနစ်ကြီးတစ်ခုပေါ်လာပြီးတော့ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံကြီးတစ်ခု ပေါ်ထွက် လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒါကို ကျွန်တော် ထောက်ခံပြီးဆွေးနွေးတင်ပြတာပါ။ လေးစားပါတယ်။

ဦးမျိုးညွန့်(ဟုမ္မလင်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း            လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ဟုမ္မလင်း မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်ဖြစ်ပါတယ်။ ဒေါက်တာလှမိုးရဲ့ အဆိုကို ထောက်ခံဆွေးနွေးသွား မှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်တင်ပြသွားတဲ့အထဲက ဥပဒေပုဒ်မ တွေအောင်မြင်ဖို့ အဓိကဆောင်ရွက်ရမှာကတော့ ပညာရေးကဏ္ဍကပဲဖြစ်ပါတယ်။ ဒါတွေကို ပေါက်မြောက်အောင်မြင် ဖို့အတွက် အခြေခံပညာကနေစတင်ဆောင်ရွက်ရမှာဖြစ်ပါ တယ်ခင်ဗျား။ နိုင်ငံတစ်ခုတွင် နိုင်ငံတော်ကချမှတ်တဲ့ မူဝါဒနှင့် လိုက်လျောညီထွေမှုရှိတဲ့ ပညာရေးစနစ်ကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီချမှတ်တဲ့ ပညာရေးမူဝါဒကို အကောင်အထည်ဖော်ရတာကတော့ ဆရာဆရာမတွေက အဓိကလိုက် ပါဆောင်ရွက်ရပါတယ်။ ဘယ်ပညာရေးစနစ်မှာပဲဖြစ်ပါစေ၊ သင်ကြားမှု၊ သင်ယူမှုဖြစ်စဉ်ကို အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို စစ်ဆေးတဲ့ စစ်ဆေးတိုင်းတာမှု စနစ်ဆိုတာရှိပါတယ်။ ကျွန်တော် တို့ဆီမှာတော့ သူငယ်တန်းကနေ သတ္တမတန်းအထိ အတန်းကူး ပြောင်းစနစ်ကို ကျင့်သုံးပါတယ်။ ဒီစနစ်ကို ဆရာဆရာမအများစုက မကြိုက်နှစ်သက်ကြပါဘူး။ သူတို့မကြိုက်နှစ်သက်တဲ့အတွက် ကျောင်းသားတွေ တစ်နည်းအားဖြင့် အမှတ် ၄၀ အောက်ရတဲ့ ကျောင်းသားတွေကို ကုစားသင်ကြားခြင်းလုပ်တဲ့အခါမှာ ကုစားစစ်ဆေးတိုင်းတာခြင်း တွေ လုပ်ကြတဲ့ အခါမှာ တကယ်ဆောင်ရွက်မှုကနည်းပြီးတော့မှ မေးခွန်းပေး၊ စာအုပ်တွေချကူးရေးပြီး အတန်း ကူးပြောင်းစေခဲ့တာ တွေ့ရှိခဲ့ရပါ တယ်။ ဒါကြောင့် တတ်မြောက်မှုအားနည်းပြီး အတန်းတက်လာတဲ့ ကလေးအရေအတွက် ပိုများလာပါ တယ်။ မခိုင်မာတဲ့အုတ်မြစ်အထက်မှာ အထပ်မြင့်အဆောက် အဦတွေဆောက်သလိုပဲ အန္တရာယ်အလွန် ကြီးမားလှပါတယ်ခင်ဗျား။ ပညာရေးအခြေမခိုင်မာမှုဟာ နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အရေးအရာအားလုံးကို ပြိုကျပျက်စီးစေနိုင် ပါတယ်။ ဒါကြောင့် အဆိုရှင် ဒေါက်တာလှမိုး တင်ပြတဲ့ ခိုင်မာတဲ့ပညာရေးမူဝါဒဟာ မရှိမဖြစ် လိုအပ်ပါတယ်။ စာမေးပွဲစစ်ဆေးခြင်း ဆိုတာကလည်း ကလေးတွေရဲ့ အနာဂတ်စွမ်းရည်ကို ခန့်မှန်း နိုင်ဖို့သာဖြစ်စေပြီး အရှုံးသတ်မှတ်ပေးဖို့တော့ မဖြစ်သင့် ဘူးလို့ ဆွေးနွေးချင်ပါတယ်။ အဆိုရှင်က ပြောသွားပါတယ်။ သူငယ်တန်းကနေ နဝမတန်းအထိ စဉ်ဆက်မပြတ် အကဲဖြတ်အတန်းတင်ပုံစံကို ကျင့်သုံးပါတယ်လို့ ဆိုပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။  စဉ်ဆက်မပြတ် အတန်းတင်ပုံစံကို ကျင့်သုံး ပါတယ်။ ဒါပေမဲ့ ဒီစာမေးပွဲတွေကို သင်ယူသူ၊ တွေးခေါ်မြော်မြင်မှုပါတဲ့ တတ်မြောက်မှု စစ်ဆေးခြင်း ထက် ပုံနှိပ်စာအုပ်ထဲက ပြဋ္ဌာန်းစာများကို ၏၊ သည်မလွဲပြန်ရေးချနိုင်တဲ့ အလွတ်ကျက် ပညာရေး စနစ်ကို ဦးတည်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီအချက်များကို ကျွန်တော် ဒီလိုလေး ဖြည့်စွက် ဆွေးနွေးချင်ပါတယ်။ မူလတန်းကနေ သတ္တမတန်းအထိ စဉ်ဆက်မပြတ် အကဲဖြတ်အတန်းတင်စနစ် ကျင့်သုံးတယ်ဆိုတာလည်း မှန်ပါတယ်။ ကလေးတွေကို ဒီအတိုင်းအတန်းတင်လိုက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ အပတ်စဉ်၊ လစဉ်၊ နှစ်ဝက်၊ နှစ်ကုန်စာမေးပွဲတွေ အကြိမ်ကြိမ်စစ်ဆေးပြီးတော့မှ အတန်းတင်ပေးလိုက်တာပါ။ ဒါကြောင့် စာမေးပွဲတွေများပြီးတော့မှ သင်ရိုးကုန်အောင်တောင်မှ အတော်ခဲယဉ်းနေပါတယ်။ စာမေးပွဲစစ်ဆေးလို့ရှိရင်လည်း ဆရာက မေးခွန်းထုတ်ရတယ်။ အမှတ်ပေး စည်းမျဉ်းတွေဆွဲရပါတယ်။ အမှတ်ပေးစည်းမျဉ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးရပါတယ်။ ဒါကြောင့် အမှတ်ပေးစည်းမျဉ်းနဲ့ ၏၊ သည်မလွဲတူမှ ဖြေနိုင်သူက စာမေးပွဲရလဒ်ကောင်းပြီး ချီးမြှင့်မြောက် စားခံရတာပါ။ ဒါကြောင့် အမှတ်ပေးစည်းမျဉ်းနှင့် မေးခွန်းနောက်ကို ကျောင်းသားတွေ၊ မိဘတွေ လိုက်နေကြပြီး အဂတိတရားများပါ ပါလာကြပါတယ်။ ၁၉၉၀- ၁၉၉၁ လောက်ကတည်းက ဆရာအတတ်သင်ကျောင်းတွေနဲ့ ပညာရေးတက္ကသိုလ်တွေမှာ ကလေး ဗဟိုပြုသင်ကြားခြင်းစနစ်ကို သင်ကြားပေးပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စာမေးပွဲစနစ်နှင့် အတန်းတင်ခြင်း၊ အမှတ်ပေး စည်းမျဉ်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊ အမှတ်များတဲ့သူကို ချီးမြှင့် မြောက်စားခြင်းကြောင့် သင်ခန်းစာ တတ်မြောက်ဖို့ထက် မေးခွန်းသိဖို့၊ စည်းမျဉ်းတွေသိဖို့၊ အမှတ် များများရဖို့ အဓိကကျနေတာကြောင့် ဆရာဗဟိုပြုသင်ကြားခြင်းသာ အသက်ဝင်နေပါတယ်။ ကလေးများရဲ့ အတွေးအခေါ် တီထွင်ဖန်တီးမှု များပေါ်ထွက်လာရေးဟာ မှေးမှိန်ပျောက်ကွယ်နေပါတယ်။ ဒါဆိုရင် ပညာရေးမျှော်လင့်ချက်တွေနဲ့ လက်တွေ့ကျင့်သုံးနေတဲ့ ပညာရေးစနစ်က လွဲနေတယ်ဆိုတာတော့ သေချာပါတယ်။ ဒါကြောင့် အဆိုရှင် တင်ပြသလို ပညာရေးစစ်ဆေးခြင်း အကဲဖြတ်ပုံစံအတွက် မှန်ကန်တဲ့မူဝါဒတစ်ရပ်ချ မှတ်ပေး ရန်နှင့် ခိုင်ခိုင်မာမာကျင့်သုံးဖို့လိုအပ်မှာ သေချာပါတယ်။

၂၀၁၅ ခုနှစ် ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေ အခန်း(၄)မှာ အမျိုးသား ပညာရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များဆိုတဲ့ အခန်းပါပါတယ်။ အဲဒီအခန်း ပုဒ်မ ၆ ပုဒ်မခွဲ(ဂ)မှာတော့ သူရဲ့တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ရေးထားပါတယ်။ ပညာရေးစနစ်နဲ့ ပညာရေးဆိုင်ရာမူဝါဒများ၊ ပညာရေးဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်မှုအပေါ် အကဲဖြတ် ခြင်း၊ သုံးသပ်ခြင်းနှင့် အကြံပြုခြင်း၊ ပုဒ်မခွဲ(ဃ)မှာ အရည်အသွေးအာမခံမှု စံချိန်စံညွှန်းများ သတ်မှတ်နိုင်ရန် မူဝါဒများ ချမှတ်ခြင်းနှင့် အကြံပြုခြင်းတို့ တွေ့ရပါတယ်။ ဒါဆိုရင် မှန်ကန်တဲ့ မူဝါဒချမှတ်ဖို့အတွက် အမျိုးသားပညာရေးကော်မရှင်မှာလည်း တာဝန်ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ဒေါက်တာလှမိုး တင်သွင်းသွားတဲ့အဆိုကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမျိုးသား ပညာရေးကော်မရှင်ကြီးလည်း ပေါ်ပေါက်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်‌တော်တို့တွေအားလုံး ဒီပညာရေးမူဝါဒ အချိန်မီချမှတ်ဆောင်ရွက်သွားနိုင်ဖို့အတွက် ဒေါက်တာလှမိုးရဲ့အဆိုကို ထောက်ခံ ဆွေးနွေးရင်း ကျွန်တော် ဒီနေရာမှာ နိဂုံးချုပ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။

ဗိုလ်မှူးထင်လင်းဦး (တပ်မတော်သားကိုယ်စားလှယ်) မှ ဆွေးနွေးခြင်း               အားလုံး မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်ကတော့ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးထင်လင်းဦး ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ဒေါက်တာလှမိုး တင်သွင်းတဲ့အဆိုနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးတင်ပြ သွားမှာဖြစ်ပါတယ်။ Power Point အသုံးပြုခွင့်ပေးပါရန် တင်ပြအပ်ပါတယ်ခင်ဗျာ။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီး ဌာနအနေနဲ့ ၂၀၁၆-၂၀၂၁ အတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (National Education Strategic Plan- NESP) နဲ့ အဆိုပါစီမံကိန်းဆိုင်ရာမူဝါဒ လုပ်ငန်းအညွှန်းဘောင်များကို ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ Quality Basic Education Program Intituitic ၊ UNICEF ၊ UNESCO World Bank ၊ ADB ၊ ILO ၊ British Council ၊ အမေရိကန်သံရုံးစတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှုတွေနဲ့ ရေးဆွဲခဲ့တဲ့ အဆိုပါမဟာဗျူဟာစီမံကိန်းမှာ ပညာရေးကဏ္ဍတစ်ခုလုံး အကျုံးဝင်တဲ့ ဘက်စုံလွှမ်းခြုံသောပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ ပါဝင်ပါတယ်။ ဒါ့အပြင် မဟာဗျူဟာစီမံကိန်း ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မဟာဗျူဟာမြောက်အပြောင်းအလဲ (၉)ရပ်ကိုလည်း ဖော်ထုတ်ခဲ့ကြပါ တယ်။ ဒီအထဲမှာ အဆိုရှင် ဒေါက်တာလှမိုးရဲ့အဆိုမှာဖော်ပြချက်ဖြစ်တဲ့ ပညာရည်စစ်ဆေးအကဲဖြတ် ခြင်းနှင့် အမျိုးသားအဆင့်စာမေးပွဲများဆိုတဲ့အပိုင်းလည်း ပါဝင်တာကို လေ့လာတွေ့ရှိရပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံအများစုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကစလို့ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းစနစ်တွေကို ပိုမိုအလေးထားဆောင်ရွက်လာ ကြတာကို UNESCO စာတမ်းတွေအရ လေ့လာသိရှိရပါတယ်။ ဒီနေရာမှာ ပညာရည်စစ်ဆေးအကဲ ဖြတ်ခြင်းစနစ်တစ်ခု အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အလေးထားရမယ့် အချက်တစ်ချက်ကို တင်ပြလိုပါတယ်။ ပထမအချက်အနေနဲ့ မထိရောက်မလုံလောက်တဲ့ ပညာရေး မူဝါဒများ(Inappropriate or Inadequate Education Policy) ဖြစ်ပါတယ်။ ဒီအချက်နှင့် ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံမှာ အဆိုရှင်တင်ပြခဲ့သလိုပဲ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အမျိုးသားပညာရေးဥပဒေမှာ ပညာရေးဆိုင်ရာမူဝါဒတွေကို ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အမျိုးသား ပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ အစရှိတဲ့ကော်မတီ/ကော်မရှင်တွေကိုလည်း အမျိုးသား ပညာရေးဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်မှာဖြစ်ပါတယ်။ အခြေခံပညာရေးဥပဒေနှင့် အခြားသော ပညာရေးဆိုင်ရာဆက်စပ်ဥပဒေများကိုလည်း  ဆက်လက်ပြဋ္ဌာန်းပေးရန်လိုအပ်မှာ ဖြစ်ကြောင်းအကြံပြုတင်ပြအပ်ပါတယ်။ နောက်တစ်ချက်ကတော့ ဆရာဆရာမများအပိုင်း Teaching Force ဖြစ်ပါတယ်။ ဒီအချက်နှင့်ပတ်သက်လို့ ဆရာဆရာမတွေရဲ့အတွေ့အကြုံ၊ အရည်အသွေးပိုင်း ဆိုင်ရာတွေအပြင် ဆရာဆရာမတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတက်ကြွမှု၊ လူမှုစီးပွားဘဝအခြေအနေ စတာတွေပါဝင်ပါတယ်။ ဒါ့အပြင် သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူနှင့်သင်ကြားရေးဆိုင်ရာ အခြေခံအဆောက်အဦများ၊ ကျောင်းနေနှုန်း၊ ကျောင်းကျန်းမာရေးအခြေအနေ၊ နိုင်ငံသားတွေရဲ့ လူမှု စီးပွားဘဝနှင့်ပညာရေးအပေါ်ခံယူချက်များ၊ နိုင်ငံရဲ့ပထဝီဝင်အနေအထားနှင့် လမ်းပန်းဆက်သွယ် ရေး၊ တိုင်းရင်းသားလူမျိုးများနှင့်ဘာသာစကားများအခြေအနေ၊ မသန်စွမ်းကလေးငယ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်‌လက်နက်ကိုင် ပဋိပက္ခများအခြေအနေစတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး အားလုံးကိုအတတ်နိုင်ဆုံး လွှမ်းခြုံနိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော့်‌အနေနဲ့ Assess Quality, Efficiency and Equity(AQE) Concert တစ်ခုကိုလည်း အလျဉ်းသင့်လို့ တင်ပြလိုပါ တယ်။ AQE Concept အရ Equity ဟာ Power Point မှာ တင်ပြထားတဲ့အတိုင်းပဲ အရေးပါတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့ပြီးဖြစ်တဲ့ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းတစ်ခု အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အလေးထားရမယ့်အချက်တွေဟာ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပေါ်သက်ရောက်လျက်ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအချက်တွေအပေါ်မှာ Equity ရရှိအောင် တတ်နိုင်သမျှဆောင်ရွက်မှ ပညာရေးကဏ္ဍမှာ အောင်မြင်မှုရရှိနိုင်မယ်လို့ ယူဆမိပါတယ်။ မပြည့်မစုံနဲ့ လိုအပ်ချက်တွေရှိတဲ့ ဒေသတွေ၊ ကဏ္ဍတွေမှာ Equity ရရှိအောင် ပိုမိုဆောင်ရွက်ပေးခြင်းအားဖြင့် ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းစနစ်ဟာလည်း ပိုမိုထိရောက် အောင်မြင်လာမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအများ စုမှာ ကျင့်သုံးဆောင်ရွက်နေကြတဲ့ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းစနစ်များနှင့်ပတ်သက်လို့လည်း အကျဉ်းမျှတင်ပြလိုပါတယ်။ ထိရောက်တဲ့ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းတစ်ခုဖြစ်ဖို့အတွက် Type of Assessment Activity နဲ့ Quality of Assessment Activity အပိုင်းနှစ်ပိုင်းလိုအပ်ကြောင်း လေ့လာသိရှိရပါတယ်။ Type of Assessment မှာ Classroom Assessment ၊ Examination နဲ့ Lab Skill Assessment တွေပါဝင်ပါတယ်။ လက်တွေ့ကျင်သုံးကြရမှာတော့ နိုင်ငံအလိုက် ကွဲပြားမှု ရှိကြပါတယ်။ ဖင်လန်နိုင်ငံမှာ Classroom Assessment ကို အသားပေးပြီးတော့ တရုတ်မှာ Examination System ကို အလေးပေးဆောင်ရွက်ပါတယ်။ စင်ကာပူနိုင်ငံမှာတော့ Examination System ကိုအလေးပေးပေမယ်လို့ Classroom Assessment ရဲ့ Ask Learning ၊ For Learning အတွက် ကျောင်းသား‌ကျောင်းသူတွေ အလွယ်တကူလေ့လာနိုင်ဖို့ ပညာရေးဆိုင်ရာလေ့လာဖွယ် အခြေခံအဆောက်အအုံတွေကို နိုင်ငံနဲ့အဝှမ်း ဖန်တီးတည်ဆောက်ပေးထားတာကို တွေ့ရှိရပါတယ်။ Lab Skill Assessment မှာတော့ International ၊ Regional ၊ National Level အထိ အရည် အသွေးစစ်ဆေးမှု အကဲဖြတ်မှုတွေ ပါဝင်ပါတယ်။ အများအားဖြင့် နိုင်ငံအများစုကတော့ ပညာရည် စစ်ဆေးအကဲဖြတ်ရာမှာ အထက်ပါအရည်အသွေးစစ်ဆေးတိုင်းတာမှုပုံစံတွေကို ပေါင်းစပ်ကျင့်သုံးကြ တာကို တွေ့ရှိရပါတယ်။ မိမိတို့နိုင်ငံမှာလည်း ကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ် (CCA) နဲ့ ကျောင်းသားဗဟိုပြု စစ်ဆေးတိုင်းတာအကဲဖြတ်နည်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်က စတင် အကောင်အထည်ဖော်လျက်ရှိပါတယ်။ ဒါ့အပြင် စတုတ္ထတန်း၊ အဋ္ဌမတန်း၊ တက္ကသိုလ်ဝင်တန်းတွေကို National Level အဆင့်စာမေးပွဲတွေ ကျင်းပပြီးတော့ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက် လျက်ရှိပါတယ်။

Quality of Assessment Activity အပိုင်းမှာတော့ ပထမအချက်အနေနဲ့  Legislative or Policy Frame Work နဲ့ Educational Budget အပိုင်းတွေပါဝင်ပါမယ်။ ဒါတွေကို ခေတ်နဲ့အညီ Review လုပ်နေဖို့လိုအပ်မှာလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မိမိတို့ချမှတ်လိုက်တဲ့ စနစ်တွေ၊ မူဝါဒတွေဟာ ပညာရေးစနစ်ကြီးတစ်ခုလုံးမှာပါတဲ့ အခြားကဏ္ဍတွေနဲ့ကိုက်ညီပြီးတော့ ချိတ်ဆက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကို System Alignment လို့ခေါ်ပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ ကျောင်းသားကျောင်းသူတွေရဲ့ Analysis၊ Interpretation ၊ Respond ၊ Critical Thinking Skill တွေအပြင် တိုင်းပြည်အတွက် အမျိုးသားပညာရေးရည်မှန်းချက်(National Education Goal)နဲ့ ထိရောက်တဲ့ရလဒ်(Effective Outcome)တွေရရှိနိုင်စေမယ့် Assessment Quality ဖြစ်ပါတယ်။ ဘယ် Assessment စနစ်ကိုပဲသုံးသုံး ကျွန်တော်တို့ Reliability နဲ့ Validity ရှိနေဖို့လိုအပ်မှာဖြစ်ကြောင်းကိုလည်း အကြံပြုတင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိမိတို့နိုင်ငံရဲ့ ပညာရေးဝန်ကြီး ဌာနအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှင်များရဲ့အကူအညီတွေရယူပြီး အမျိုးသားပညာရေး မြင့်မားဖို့ ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ Basic Education ရဲ့ Output ဟာ Vocational နဲ့ Higher Education အတွက် Input ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပညာရေးအဆင့်အတန်းမြင့်မားပါမှ နိုင်ငံသူနိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝ၊ ကိုယ်ကျင့်တရား၊ အတွေးအခေါ်၊ တီထွင်ကြံဆမှုတွေမြင့်မားပြီး ပညာကိုအခြေခံတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမှာဖြစ်တယ်လို့ မိမိအနေနဲ့ ယုံကြည်တဲ့အတွက် ဒေါက်တာလှမိုးရဲ့အဆိုကို အပြုသဘော အကြံပြုထောက်ခံတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ဦးဖြိုးဇေယျာသော်(ဇမ္ဗူသီရိမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးမင်္ဂလာပါ။ ကျွန်တော့်အနေနဲ့ကတော့ အဆိုရှင် ဒေါက်တာလှမိုးရဲ့အဆိုပေါ်မှာ အကြံပြုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်နိမ့်ကျနေမှုအပေါ်မှာ အပြုသဘောနဲ့ ဝေဖန်မှုများစွာရှိပါတယ်။ ဒီဟာတွေထဲမှာ သုံးသပ်ကြည့်မယ်ဆိုရင်တော့ အရည် အသွေးနဲ့ စံချိန်စံညွှန်းပိုင်းဆိုင်ရာကိစ္စရပ်တွေ၊ သင်ကြားမှုစနစ်၊ နောက်ပြီးတော့ သင်ကြားမှု ချဉ်းကပ်တဲ့ပုံစံ၊ စစ်ဆေးအကဲဖြတ်မှု ဒီဟာတွေအပေါ်မှာတော့ ပိုမိုစိတ်ဝင်တစားနဲ့ ဆွေးနွေးကြတယ် ဆိုတာကို ကျွန်တော်တို့အနေနဲ့ တွေ့ရှိရပါတယ်။ သင်ကြားရေးစနစ်အနေနဲ့ ‌ပြောရမယ်ဆိုလို့ရှိရင် တော့ Formal Education, Non Formal Education, Alternative Education အစရှိသဖြင့် ဒီလိုပုံစံမျိုးတွေရှိသလို သင်ကြားမှုကို ချဉ်းကပ်တဲ့ပုံစံမှာကျတော့ TCA၊ ထိုမှတစ်ဆင့် CCA၊ နောက်ပိုင်းကျတော့ Knowledge Centre Approach အခုဆိုလို့ရှိရင်တော့ နောက်ဆုံးအနေနဲ့ ဆိုရင် စဉ်ဆက်မပြတ် သင်ယူသင်ကြားမှုကို အထောက်အပံ့ဖြစ်စေနိုင်တယ်ဆိုတဲ့ Learning Center Approach ဆိုတဲ့ LCA စသဖြင့် အဆင့်ဆင့်‌‌ပြောင်းလဲလာတာတွေကိုလည်း တွေ့ရှိရပါတယ်။ စစ်ဆေးအကဲဖြတ်မှုမှာဆိုရင်တော့ Formative Assessment, Summative Assessment, Interim Assessment အစရှိသဖြင့် စစ်ဆေးအကဲဖြတ်မှုပုံစံတွေပေါင်းစုံ ကျင့်သုံးကြတာကိုလည်း တွေ့ရှိရပါ တယ်။ ကျွန်တော့်အနေနဲ့ ဒါတွေကိုတင်ပြရခြင်းဟာ ပညာရေးမှာ ဘယ်စံ၊ ဘယ်ပုံစံ၊ ဘယ်စနစ်၊ ဘယ်အညွှန်းကတော့ ပိုပြီးသာတယ်၊ ပိုပြီးကောင်းတယ်ဆိုတာမျိုး မရှိပါဘူး။ ပညာရေးရည်မှန်းချက် တွေအပေါ်မှာ မူတည်ပြီးသွားတော့မှ လိုအပ်ချက်တွေအလိုက် သင့်လျော်တဲ့နည်းလမ်းတွေနဲ့ ကျင့်သုံးအသုံးပြုကြတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ တင်ပြလိုခြင်းပါ။ ဥပမာအားဖြင့်ပြောရမယ် ဆိုရင်တော့ ဒီနေ့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနေကြတဲ့ အလွတ်ကျက်တဲ့ကိစ္စ Rote Learning ကိစ္စ ပေါ့ဗျာ။ ဒီဟာမှာဆိုလို့ရှိရင်လည်း ဆိုး‌မွေတွေရှိတယ်ဆိုတာကိုလည်းလက်ခံပေမယ့် ကောင်းကွက် တွေလည်းရှိသေးတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ဥပမာအားဖြင့် ကျွန်တော်တို့တွေသည် အချို့ကိစ္စရပ်တွေ မျက်စိထဲမှာမြင်အောင်ပြောပြရမယ်ဆိုလို့ရှိရင် သင်္ချာဆိုင်ရာ Equation တွေ ဒီလို ဟာမျိုးတွေဆိုလို့ရှိရင်တော့ အလွတ်မကျက်လို့မရပါဘူး။ ကျက်ရတဲ့ကိစ္စရပ်တွေရှိပါတယ်။ ကျွန်တော် ပထမပိုင်းမှာ တင်ပြသလိုပါပဲ လိုအပ်တဲ့လိုအပ်ချက်အပေါ်မှာ မူတည်ပြီးသွားတော့မှ သင့်တော်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ကသာလျှင် အဓိကရည်ရွယ်ရင်းနဲ့ အရေးပါတယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ နောက်တစ်ချက်အနေနဲ့ တင်ပြချင်တာကတော့ စစ်ဆေးအကဲဖြတ်မှု(Assessment) ကိစ္စတွေပါပဲ။ ဒီဟာမှာဆိုရင် စာမေးပွဲစစ်ဆေးအကဲဖြတ်မှု Summative Assessment တွေနဲ့ ပတ်သက်ပြီးသွားတော့ ဒီဟာသည် မသင့်တော်ဘူးလို့ပြောဆိုနေကြတဲ့ ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။ ကျွန်တော့်ဘက်ကနေပြီးတော့ ပြန်လည်တင်ပြလိုတာကတော့ ဒီဟာသည်လည်း သူ့အလိုက် သူ့အထာနဲ့သူ လိုအပ်တဲ့ Assessment တစ်ခုလို့ ကျွန်တော့်အနေနဲ့ ဆွေးနွေးလိုပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ နိုင်ငံတကာမှာလည်း အခုအချိန်အထိ Summative Assessment တွေကိုလည်း ကျင့်သုံးနေဆဲပဲဖြစ်ပါတယ်။ ခုနက National Level Exam တွေလို့ ပြောလို့ရတဲ့ Standardize Test  တွေ၊ ဒီဟာတွေဆိုလို့ရှိရင် Summative Exam တွေ၊ Summative Assessment တွေနဲ့ပဲ ကျင့်သုံးလေ့ရှိပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင်တော့ အမေရိကမှာဆိုရင် ISEE၊ နောက်ပြီး နာမည်ကြီး SAT၊ UK မှာဆိုလို့ရှိရင်တော့ GCE အစရှိသဖြင့် ဒါတွေကလည်း Summative Assessment တွေနဲ့ပဲ စစ်သွားတာပါ။ ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံမှာကတော့ ဒါကျက်၊ ဒါဖြေ ဒီလိုအမှတ်ပေးဆိုပြီးသွားတော့ ဖြစ်ပေါ်နေရခြင်းသည် Summative Assessment ဆိုတဲ့ စစ်ဆေး အကဲဖြတ်မှုစနစ်ရဲ့ အားနည်းချက်ကြောင့်မဟုတ်ဘဲနဲ့ ဒီဟာတွေကို လက်တွေ့ကျင့်‌သုံးတဲ့နေရာမှာ အလွယ်နည်းလိုက်ခဲ့တဲ့ စံလွဲမှုတွေကြောင့် ဖြစ်တယ်လို့ပဲ သုံးသပ်လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းတစ်ခုကိုထုတ်တဲ့နေရာမှာ ခုနက တပ်မတော်သားကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့အထဲမှာ လည်းပါပါတယ်။ အဓိကအခြေခံအချက်နှစ်ချက်ဖြစ်တဲ့ Validity နဲ့ Reliability ဒီအချက်နှစ်ချက် အားနည်းခြင်းရဲ့အကျိုးဆက်ကြောင့်သာလျှင် ဒါကျက်၊ ဒါဖြေ ဒီလိုအမှတ်ပေးဆိုတဲ့စနစ်တွေ ဖြစ်ပေါ် နေရတာပါ။ ဒီအချက်တွေကို ကျွန်တော်တို့တွေ ပြင်ဆင်လိုက်နိုင်မယ်၊ ‌ပြောင်းလဲလိုက်နိုင်မယ်ဆို ရင်တော့ အင်မတန်မှ ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုလည်း ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ခြုံငုံပြီးတော့ သုံးသပ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ဟာ ပြောင်းလဲဖို့လိုအပ်နေပြီ၊ ပြုပြင်ပြောင်းလဲဖို့လည်း အချိန်ကျနေပြီဆိုတဲ့ကိစ္စရပ်ပေါ်မှာတော့ ဘယ်သူမှ အငြင်းပွားမှုမရှိဘဲနဲ့ ဘုံသဘောတူညီလိမ့်မယ်လို့ ကျွန်တော်တို့တွေ ယူဆရပါတယ်။ ဒီဟာဆိုလို့ ရှိရင်တော့ ကျွန်တော်တို့က တည်ဆဲဥပဒေအရ ပညာရေးဆိုင်ရာမူဝါဒတွေချမှတ်နိုင်ဖို့ အတွက်ဆိုရင် အမျိုးသားပညာရေးမူဝါဒကော်မရှင် အမြန်ဆုံးပေါ်ထွက်လာဖို့ လိုပါတယ်။ ဒီကော်မရှင်ကနေမှ တစ်ဆင့် ပညာရေးမူဝါဒတွေချမှတ်ပြီးသွားတော့မှ အဆိုရှင် ဒေါက်တာလှမိုး တင်သွင်းခဲ့တဲ့ သင်ကြား သင်ယူမှု ပညာရည်စစ်ဆေးတိုင်းတာအကဲဖြတ်နိုင်ရေးဆိုတဲ့ ဒီကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီအစရှိတဲ့ အဆင့်ဆင့်သောကော်မတီတွေ ဆက်ပြီးတော့ ဖွဲ့စည်းသွားဖို့လည်း လိုအပ်ပါတယ်။ အဲဒီလိုမျိုးဖွဲ့စည်းသွားတဲ့ ကော်မရှင်၊ ကော်မတီကနေပြီးတော့ မှတစ်ဆင့် မူဝါဒတွေ၊ လမ်းညွှန်ချက်တွေကို ပညာရေးဝန်ကြီးဌာနက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ပါ။ ပညာရေးဝန်ကြီးဌာနသည် Implemental အနေနဲ့သာ ရှိပါလိမ့်မယ်။ မူဝါဒတွေချမှတ်ဖို့အတွက် ဆိုရင်တော့ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့အခန်းကဏ္ဍကတော့ အင်မတန်မှအရေးကြီး တယ်လို့ ပြောချင်ပါတယ်။ အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် အဘက်ဘက်ကနေ နိမ့်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ကြီးကို မြှင့်တင်နိုင်ဖို့အတွက် ပညာရေး‌ဝန်ကြီးဌာန အပါအဝင် ဖြစ်တဲ့ အစိုးရရယ်၊ လွှတ်တော်၊ နောက်ပြီး ဥပဒေအရပေါ်ပေါက်လာမယ့် အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဒီသုံးဦး သုံးဖလှယ်တွေဟာ အားလုံးဝိုင်းဝန်းပူးပေါင်းကြိုးပမ်းကြတော့မှ သာ ပညာရေး စနစ်က မြင့်မားလာမှာဖြစ်ပြီး အဆိုရှင်တင်သွင်းတဲ့အကဲဖြတ်မှုပုံစံတွေနဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့ အတွက် အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီနဲ့ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီတို့ကို အမြန်ဆုံး ဖွဲ့စည်း သင့်ပါကြောင်း တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း           လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ဒေါက်တာလှမိုးရဲ့ အဆိုကို ထောက်ခံဆွေးနွေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျေးလက်နဲ့မြို့ပြ ပညာရေးကွာဟချက်၊ ပညာရေးဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု မရှိအောင် လိုအပ်တယ်ဆိုတဲ့ အချက်တွေကို ဖြည့်စွက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံပညာရေးနဲ့ပတ်သက်ပြီး အခြေခံအဆင့်မှာရော၊ အဆင့်မြင့် အဆင့်မှာပါ အားမရစရာတွေ၊ မှားယွင်းမှုတွေရှိနေလို့ ပညာရေးအဆင့် အလွန်နိမ့်ကျနေပါတယ်။ ဒေါက်တာလှမိုးကတော့ အခြေခံပညာအဆင့်မှာ သင်ကြားသင်ယူမှုနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာနကို တိုက်တွန်းထားတဲ့အဆိုဖြစ်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကို ၁၉၆၄ ခုနှစ်လောက်မှာ ရောက်ပါတယ်။ အဲဒီအချိန်ကပဲစပြီးတော့ စမ်းသပ်ပြောင်းလဲလာတာ အခုအချိန်အထိ နိုင်ငံတကာ ပညာရေးအဆင့်ကိုမမီဘဲ ရှိနေပါတယ်။ နိမ့်ကျမြဲ နိမ့်ကျနေပါတယ်။ ကျေးလက်နဲ့မြို့ပြပညာရေးဟာ အင်မတန်ကွာဟပြီးတော့ ကျေးလက်မှာဆိုရင် ပညာရေးအခြေအနေတွေဟာ အဆိုးဆုံးအခြေအနေ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့နိုင်ငံသားများအတွက် မှန်ကန်တဲ့ပညာရေးများချမှတ်ပြီး ခိုင်ခိုင်မာမာ ကျင့်သုံးအကောင်အထည်ဖော်ဖို့လည်း အမှန်တကယ်လိုအပ်နေပါတယ်။ ဒီလိုလုပ်ဆောင်ရမှာက အ‌ခြေခံပညာအဆင့်မှာသာ မဟုတ်ပါဘူး။ ပညာသင်ကြားသင်ယူမှုအဆင့်တိုင်းမှာ လိုအပ်ပါတယ်။ ကျွန်တော့်ရှေ့က ဆွေးနွေးသွားကြတဲ့ ကိုယ်စားလှယ်တော်ကြီးတွေကလည်း ဒါနဲ့ပတ်သက်ပြီးတော့ အကြံပြုဆွေးနွေးမှုတွေ အများကြီးဆွေးနွေးသွားကြပြီး ဖြစ်ပါတယ်။ ကျေးလက်နဲ့မြို့ပြပညာရေးဟာ ဘယ်လိုကောင်းမွန်တဲ့နည်းလမ်းတွေကို ကျင့်သုံးပြီးတော့ ဖြေရှင်းမလဲဆိုတာ သိပ်အရေးကြီးပါတယ်။ ဆရာဆရာမများနဲ့ ပညာရေးမှူး၊ ပညာရေးဝန်ထမ်းများ အကျင့်ပျက်ခြစားမှုမရှိအောင် ဘယ်လို         လုပ်ကိုင်မလဲဆိုတာလည်း သိပ်ပြီးတော့အရေးကြီးပါတယ်။ ပညာရေးဝန်ကြီးဌာနက ဒီကိစ္စတွေကို မှန်ကန်စွာဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဘယ်လိုအစီအမံတွေနဲ့ ဘယ်လိုလုပ်မလဲဆိုတာ အရေးကြီး ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားပညာရေးဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်ပါ တယ်။ အဲဒီဥပဒေပုဒ်မ ၄ မှာ အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူ‌တွေကို ပြဋ္ဌာန်းထားပါ တယ်။ အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်ဖို့ အတွက် အမျိုးသားပညာရေးကော်မရှင်ကို ဖွဲ့စည်းဖို့ ပုဒ်မ ၅ မှာ ပြဋ္ဌာန်းထားပါတယ်။ အမျိုးသား ပညာရေးကော်မရှင်ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအနက်က အဓိကအချက်တွေကို ပုဒ်မ ၆ နဲ့ ပုဒ်မ ၇ မှာ ပြဋ္ဌာန်းထားပါတယ်။ ဒီလိုပဲ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ ‌ဝန်ကြီးဌာနတွေက လုပ်ကိုင်ရမယ့် အဓိကတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပုဒ်မ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀နဲ့ ၆၁ တို့မှာ ပြဋ္ဌာန်းထားပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြဋ္ဌာန်းပြီးသားဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေအရ အမျိုးသားပညာရေးကော်မရှင်ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အခု ကျွန်တော်တို့မှာ အမျိုးသားပညာရေး ကော်မရှင် မရှိသေးသည့်အတွက်ကြောင့် အခက်အခဲတစ်ခု ကြုံနိုင်ပါတယ်။ ကော်မရှင်နဲ့ပတ်သက်တဲ့ ဥပဒေပုဒ်မ ၆  ပုဒ်မခွဲ(က)ဆိုလို့ရှိရင် (က)ရယ်၊ (ဂ)ရယ်၊ (ဃ)ရယ်၊ (စ)ရယ်တို့မှာ ကော်မရှင်ရဲ့ လုပ်ရမယ့်မူဝါဒတွေအပိုင်းကို ပြဋ္ဌာန်းထားပါတယ်။ ထို့အတူပဲ အဲဒီ ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ(က)မှာ ပညာရေးဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ရထားတဲ့ ပညာရေးဝန်ကြီးဌာနကို လုပ်ကိုင်ခွင့်ပေးထားတဲ့ မူဝါဒ တွေချမှတ်ဖို့ ဖော်ပြထားတာပါရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်ဒေါက်တာလှမိုး တင်သွင်းတဲ့ အဆိုမှာ နိုင်ငံတော်၏ချမှတ်ထားသော ပညာရေးမူဝါဒနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အထောက်အပံ့ဖြစ်စေသော အခြေခံပညာအဆင့် သင်ကြားမှု၊ သင်ယူမှု၊ ပညာရည်စစ်ဆေးတိုင်းတာခြင်း အကဲဖြတ်မှုပုံစံအတွက် မှန်ကန်သောမူဝါဒတစ်ရပ်ချမှတ်ပေးရန်လို့ ဖော်ပြပါရှိတာ တွေ့ရပါတယ်။ ဒီမူဝါဒချမှတ်မယ့် လုပ်ပိုင်ခွင့်ဟာ ကော်မရှင်မှာ ပါတဲ့လုပ်ပိုင်ခွင့်လား၊ ပညာရေးဝန်ကြီးဌာနမှာ ရရှိထားတဲ့လုပ်ပိုင်ခွင့်လား၊ ဒါကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းဖြစ်ဖို့လည်း လိုပါတယ်။ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ဆိုရင်တော့ ကော်မရှင်ဖွဲ့ဖို့ အတွက် နိုင်ငံတော်အစိုးရကို တိုက်တွန်းရမှာဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့လုပ်ပိုင်ခွင့်ဆိုရင်လည်း အစိုးရအဖွဲ့ရဲ့ အဆုံးအဖြတ်ပါရမှာဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုရှင်ဒေါက်တာလှမိုးတင်သွင်းတဲ့အဆိုသည် ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန်အရေးကြီးပါတယ်။ လိုလည်းလိုအပ်ပါတယ်။ ဒါကြောင့် အဆိုကို အလေးအနက်ထောက်ခံပါကြောင်း ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။ 

ဦးအာမိုးဆီ(ခေါင်လန်ဖူးမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအာမိုးဆီဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းတဲ့အဆိုကို အကြံပြုထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးအဆင့် မြင့်မားမှုဟာ အဓိကအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ပညာရေးမြင့်မားမှုနှင့် ဆင်းရဲမှုလျှော့ချရေး သည် ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုတွင် ဆရာဆရာမ အင်အားသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေသည်ဖြစ်၍ မြန်မာနိုင်ငံရဲ့ပညာရေးပြုပြင် ပြောင်းလဲရေးကို ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ဆရာဆရာမများကလည်း လိုအပ်သည်များကို ကြိုတင်လေ့လာထားရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို ခေတ်အလိုက် အမျိုးမျိုး ပြောင်းလဲကျင့်သုံးနေတာကို တွေ့ရှိရပါတယ်။ ကိုလိုနီပညာရေး၊ စမ်းသပ်ပညာရေး၊ အလွတ်ကျက် ပညာရေး၊ ကျူရှင်ပညာရေးဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ပညာရေးစနစ်ဥပဒေကို ပြဋ္ဌာန်း ခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၄၁)ဖြင့် ပြဋ္ဌာန်းခဲ့ပါတယ်။ ဤဥပဒေတွင် အခန်းပေါင်း ၁၄ ခန်းနှင့် ပုဒ်မ ပေါင်း ၆၉ ခုပါဝင်ပါတယ်။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၃၈)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ပုဒ်မခွဲ ၃၆ ခု ပါဝင်ကြောင်း တွေ့ရပါတယ်။ သို့သော် အချို့ပုဒ်မများသည် ပြန်လည်စိစစ်ပြုပြင်ရန်လိုအပ်မည့် ပုဒ်မများ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံရဲ့ပညာရေးပြုပြင်ပြောင်းလဲမှုတစ်ရပ်အနေဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာရေးကဏ္ဍများကို မဟာဗျူဟာစီမံကိန်းချမှတ်ပြီးသွားနေကြောင်း ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်း (Comprehensive Education Center Review- CECR)တို့ကိုလည်း ပြည်တွင်းပြည်ပပညာရှင်များနှင့် ပညာရေးကဏ္ဍငါးနှစ် စီမံကိန်း(၂၀၁၆-၂၀၂၁)ကို ပြုစုထားကြောင်း လေ့လာတွေ့ရှိရပါတယ်။ ပညာရေးကဏ္ဍသည် လက်တွေ့အသုံးချနေသော ကျွမ်းကျင်မှုပါသည့်ပညာရေးမျိုးဖြစ်ရန်လိုပါတယ်။ စင်ကာပူနိုင်ငံ ပညာရေးသည် နိုင်ငံတကာကိုကျော်လွှားနိုင်တဲ့ ပညာရေးမဖြစ်ဖြစ်အောင်လုပ်နေသည့် ပညာရပ် ဆိုင်ရာလို့ခေါ်တဲ့ နိုင်ငံတကာလက်ခံထားတဲ့စနစ်စာမေးပွဲကို အောင်မှတ်ကောင်းကောင်းနဲ့ ရနိုင် ရေးကို အလေးပေးပါတယ်။ စင်ကာပူနိုင်ငံရဲ့ပညာရေးစနစ်သည် အမေရိကန်၊ အင်္ဂလန်တို့ကို စောင့်ကြည့်ပြီးလိုက်ပြိုင်နေတဲ့ စမ်းသပ်တီထွင်ပညာရေးစနစ်ဖြစ်ပါတယ်။ သူတို့နိုင်ငံက ဆရာဆရာမ တွေ လုပ်ဆောင်နေတဲ့လုပ်ငန်းဟာ တိုင်းပြည်အတွက် လွန်စွာအရေးပါတဲ့လုပ်ငန်းကြီးတစ်ခု  လုပ်ဆောင်နေကြတယ်လို့ ခံယူသဘောထားတယ်။ လစာရလို့ ဝတ်ကျေတန်းကျေမလုပ်ဘူး။ ကျူရှင် သင်ပြီး ကြီးပွားချမ်းသာဖို့ အားထုတ်နေကြသူတွေမဟုတ်ဘူး။ သူတို့နိုင်ငံမှာ ပညာရေးနှင့်ပတ်သက် ပြီး ဘယ်လောက်ကောင်းအောင်လုပ်နေသလဲဆိုတဲ့ စောင့်ကြည့်ရေးအဖွဲ့ရှိပါတယ်။ ရလဒ်တွေနဲ့ အဆုံးအဖြတ်ပေးတယ်။ ကောင်းရင်ကောင်းသလို ချီးမြှောက်တယ်။ ဆရာဆရာမများကလည်း ကျောင်းစာတစ်ခုတည်းမကဘဲ ပေါင်းသင်းဆက်ဆံရေး၊ ဘာသာစကားစွမ်းရည်၊ လေ့လာသင်ယူမှု ဆိုင်ရာစွမ်းရည်၊ အစုအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာစွမ်းရည်တွေ ပါဝင်သည့်ပညာရေးမျိုး ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် ဆရာဆရာမ များနှင့် ကျောင်းသူကျောင်းသားများ၏ တစ်ဦးချင်းပူးပေါင်းပါဝင်မှု၊ နိုင်ငံ့ခေါင်းဆောင်များနှင့် အဖွဲ့ အစည်း၊ အတွေးအခေါ်အယူအဆများနှင့် အဆုံးအဖြတ်သည် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးကြောင်း တွေ့ရှိရပါတယ်။ ၁၉၄၇ ခုနှစ်၊ ပညာရေးပြန်လည်တည်ထောင်ရေး ကော်မတီဥက္ကဋ္ဌ ဆရာထွန်းအောင်ကျော်က ပညာရေးကို နိုင်ငံတော်က အပြည့်အဝပံ့ပိုးပေးကာ ထိန်းချုပ်တဲ့စနစ်အား ဆောင်ရွက်သင့်ကြောင်းနှင့် အမျိုးအစားသုံးမျိုးကွဲနေသောကျောင်းများကို စနစ်တစ်ခုအတွက် စုစည်းသင့်သည်ဟု အကြံပြုကြောင်းတွေ့ရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံတွင် ကလေးသူငယ်ငါးဦးတွင်တစ်ဦး ပညာသင်ခွင့်ဆုံးရှုံးနေ သည်ဟု UNFPA ကထုတ်ပြန်ထားကြောင်းတွေ့ရှိရပါတယ်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အသက် (၁၈)နှစ်အောက် အခြေခံပညာမူလတန်းကျောင်း ကျောင်းသား ၅.၁ သန်းကျော်၊ အလယ်တန်း         ကျောင်းသား ၂.၇ သန်းကျော်နှင့် အထက်တန်းအဆင့် ရှစ်သိန်းကျော်နဲ့ ထက်ဝက်ကျော်မှာ ပြည်ပ ရောက်နေသောကြောင့် ၂၀၂၀ ခုနှစ်အထိ အမျိုးသားပညာရေးမဟာဗျူဟာငါးနှစ်စီမံကိန်း သက်မွေး ပညာရေးကို ဦးစားပေးရေးဆွဲစီစဉ်ထားကြောင်း ယခင်ပညာရေးဝန်ကြီးဌာန ဝန်ကြီးကပြောကြားခဲ့ပါ တယ်။ မြန်မာနိုင်ငံတွင် အခြေခံပညာမူဝါဒအရ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းအုပ် ဆရာကြီးတစ်ဦး၊ ဆရာဆရာမခြောက်ဦး၊ အထွေထွေလုပ်သားတစ်ဦးရှိရမည်ဖြစ်သော်လည်း အချို့ ကျောင်းများတွင်ပြည့်စုံမှုမရှိပါ။ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အခြေခံပညာမူလ တန်းကျောင်းပေါင်း ၄၅၃၇၈ ကျောင်းရှိပြီး ဆရာဆရာမပေါင်း ၃၃၁၆၁၉ ဦးနှင့် ကျောင်းသားကျောင်း သူပေါင်း ၈၈၅၃၄၈၀ ဦးရှိကြောင်း တွေ့ရှိရပါတယ်။ ၂၀၀၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တွင် အခြေခံပညာ ဦးစီးဌာန၊ UNICEF နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပူးပေါင်း၍ ကျောင်းပြင်ပပညာရေးစနစ် ကို စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မြို့နယ်ပေါင်း ၉၄ မြို့နယ်၌ ကျောင်းပြင်ပ ရောက်ကျောင်းသားဦးရေ ၁၀၀၀၂၆၇ ဦးကို ပညာသင်ကြားပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း မှန်ကန်သောပညာရေးမူဝါဒချမှတ်ကာ ပြည့်စုံလုံလောက်သော ပညာရေးကတိများ ချမှတ်ပေးရမည်ဖြစ်ပါတယ်။ သို့မှသာ ကျွမ်းကျင်ပညာရေးဝန်ထမ်းမွေးထုတ်မှုကို အချိန်တိုအတွင်း တိုးတက်လာစေမယ့်အပြင် ဖွံ့ဖြိုးတိုးတက်မှု၏အသီးအပွင့်များကိုလည်း ရရှိခံစား နိုင်မည်ဖြစ်ပါတယ်။ မူလတန်းပညာသင်ယူရန်ခက်ခဲသော မသန်စွမ်းကလေးများ၊ ဆင်းရဲနွမ်းပါးသော ကလေးများ၊ ဝေးလံသောအရပ်ဒေသရှိကလေးများအတွက် ပညာသင်စရိတ်ပေးပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားသည့် ပညာရေးစနစ်ဖော်ဆောင်သွားရန် အလွန်အရေးကြီးကြောင်း တွေ့ရှိရပါတယ်။ နိဂုံးချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးတင်သွင်းသည့်အဆိုကို လေးလေးနက်နက် ထောက်ခံအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်ကတင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တေ်ဥက္ကဋ္ဌ      ပညာရေးဝန်ကြီးဌာနရဲ့ သဘောထားပြောပါ။

ဒေါက်တာမျိုးသိမ်းကြီး(ပြည်ထောင်စုဝန်ကြီး ၊ ပညာရေးဝန်ကြီးဌာန)           လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်‌သည်တော်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးရဲ့အဆိုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အကြံပြုဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ပညာရေးနှင့်ပတ်သက်၍ Access သင်ယူမှုအခွင့်အလမ်း၊ Inclusive အားလုံးအကျုံးဝင်မှု၊ Equity သာတူညီမျှ မျှတမှု၊ Quality အရည်အသွေးရှိမှု၊ Life Long တစ်သက်တာဖြစ်ရေး၊ Education နှင့်ပတ်သက်ပြီးတော့မှ ပြည်သူများရဲ့အကျိုးအတွက် ရှေးရှုပြီးတော့မှ တင်ပြဆွေးနွေးခဲ့တဲ့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပထမဦးစွာ တင်ပြအပ်ပါတယ်။ ယခု လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်အတော်များများသည် ပညာရေးဝန်ကြီး ဌာနမှ ယခု ၂၀၁၆ ခုနှစ် မေလမှ သြဂုတ်လဆန်းအထိ ကျင်းပဆောင်ရွက်ခဲ့တဲ့ Higher Education Forum, Alternative Education Forum, TVET Forum, Basic Education Forum, Teachers Education Forum တွေမှာ ဒီအကြောင်းအရာ တော်တော်များများကို ကျွန်တော်တို့အနေနဲ့ ဆွေးနွေးခဲ့ကြောင်းတင်ပြလိုပါတယ်။ ပညာရေး အရည်အသွေးမြင့်မားလာစေရေးအတွက် ပညာရေး ဝန်ကြီးဌာနအနေနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုများဖြင့် ထိထိရောက်ရောက်ပွင့်လင်းမြင်သာစွာ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ အမျိုးသားပညာရေး ဥပဒေအရ ယခင်သူငယ်တန်း(Grade 1)မှ ဒသမတန်း(Grade 11)အထိ သင်ကြားခဲ့ရာမှ ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ အခြေခံပညာရေးမှာ KG +12 စနစ်ကို စတင်ပြောင်းလဲပြီး KG တန်းကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အခမဲ့ မသင်မနေရပညာရေးစနစ်ကိုလည်း အဆင့်ဆင့်တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါ တယ်။ ဒီလိုပြောင်းလဲကျင့်သုံးရာမှာ ပညာရေးစနစ်သစ်၊ သင်ရိုးညွှန်းတမ်းအသစ်နှင့် လိုက်လျော ညီထွေမှုရှိသော ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းများကိုလည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အလွတ်ကျက်ဖြေဆိုနေသောစာမေးပွဲစနစ်၊ ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေစနစ် ကနေ ၂၁ ရာစု ကျွမ်းကျင်မှု(21 th Century Skill)တွေကို အခြေခံတဲ့ စစ်ဆေးအကဲဖြတ်ခြင်းစနစ်သို့ ပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Every term Space Results ဖြစ်တဲ့ ဘက်စုံ လွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာရေး(Comprehensive Education Sector Review-CESR) အဆင့်(၂)တွင် အမျိုးသားပညာရေးစစ်ဆေးခြင်းဆိုင်ရာမူဝါဒတစ်ရပ်ကို ရေးဆွဲအကောင်အထည် ဖော်ရန် အကြံပြုတင်ပြခဲ့ပါတယ်။ ယင်းပညာရေးစစ်ဆေးခြင်းမူဝါဒ (Assessment Policy)တွင် ပညာရည်စစ်ဆေးခြင်းဆိုင်ရာမူဘောင်များ(Assessment Frameworks) ရေးဆွဲ သတ်မှတ်ခြင်း၊ သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်း(Formative Assessment)နှင့် သင်ယူအပြီးစစ်ဆေးအကဲဖြတ် ခြင်း(Summative Assessment)ပုံစံနှစ်မျိုးကို အချိုးကျကျပေါင်းစပ်ကျင့်‌သုံးရန် အဆိုပြုထားတဲ့ အတွက် ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးခဲ့တဲ့အတိုင်း National Education Strategic Plan မှာ ဒီလိုစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ဖို့လို့အတွက် ဒါထည့်သွင်းရေးသားဖော်ပြပြီး ဖြစ်ပါ တယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ Formative Assessment နှင့် Summative Assessment စစ်ဆေးခြင်း နှစ်မျိုးသည် သင်ယူမှုဦးတည်ချက်များ၊ သင်ယူမှုရလဒ်များနှင့် ဆီလျော်ကိုက်ညီရမည်ဖြစ်ပြီး အကြောင်းအရာအချက်အလက်ကို စစ်ဆေးခြင်းထက်  နားလည်ကျွမ်းကျင်မှုကို အခြေခံသော Rote Leaning ကို အားမပေးသော စစ်ဆေးအကဲဖြတ်ခြင်းမျိုး ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲချိန်တန်ပြီဖြစ်၍ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည့်လုပ်ငန်းများမှ နိုင်ငံသား တိုင်း အနည်းဆုံးမသင်မနေရ မူလတန်းပညာရေးကို တတ်မြောက်စေရန်နှင့် ဆက်လက်၍ အဆင့်ဆင့် တိုးမြှင့်သင်ယူခွင့်များရရှိရန် ပညာရည်စစ်ဆေးတိုင်းတာခြင်း အကဲဖြတ်မှုပုံစံတို့ကိုလည်း စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာကဏ္ဍတွင် ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း လွှတ်တော်ကို တင်ပြလိုပါတယ်။ ကျောင်းပေါင်း ၄၆၀၁၂ ရှိပါတယ်။ ဆရာဆရာမဦးရေ ၃၆၃၂၉၈ ဦး ရှိပါတယ်။ ဇွန်လစာရင်းအရ ကျောင်းသားကျောင်းသူ စုစုပေါင်း ၈၇၈၅၁၇၈ ဦး ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဒါကြောင့်မို့လို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ မသင်မနေရပညာရေးစနစ်သဘောတရားအရ ကျောင်းသို့ဝင်ရောက်လာသည့်ကျောင်းသားများ အတန်းထပ်ကျော့နေရခြင်း(Repetition)၊ ကျောင်း ထွက်သွားရခြင်း(School Dropout) နည်းပါးအောင်၊ လျော့နည်းအောင်၊ မရှိအောင်နှင့် သင်ယူ တတ်မြောက်အောင်သင်ကြားပေးပြီး စစ်ဆေးအကဲဖြတ်၍ လိုအပ်ပါကဖြည့်ဆည်းသင်ကြားပေး နိုင်ခြင်း(Repeatable Education)၊ ပညာရေးအဟောသိကံဖြစ်မှုတွေက ရှောင်ရှားနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့ သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းရလဒ်များအရ ပေါ်ထွက် လာမည့် ပညာရည်အားနည်းသော၊ အခက်အခဲရှိသော ကျောင်းသားကျောင်းသူများကို ဖြည့်ဆည်း သင်ကြားပေးရန်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ သို့မှသာ သင်ယူပြီးစစ်ဆေးမှု တွေမှာ ရလဒ်ကောင်းတွေ ရလာမှာဖြစ်ပြီး၊ ကျောင်းသားကျောင်းသူများလည်း အမှန်တကယ်သင်ယူ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ Grade Repetition များ၊ School  Dropout များလျော့ကျပြီး School Enrollment Rate နှင့် School Transition Rate များကောင်းလာမှာ ဖြစ်ပါတယ်။ မူလတန်းအရွယ်ကလေးတိုင်း ကျောင်းတွင်းမူလတန်းပညာရေးကို ပြီးဆုံးအောင်မြင်အောင် ဆောင်ရွက်ရန်နှင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏ၊ စွမ်းရည်အားနည်း သော ကလေးများ၊ ဝင်ငွေနည်းပါးတဲ့မိသားစုမှ ကလေးများ၊ ဝေးလံသော ဒေသများတွင်နေထိုင်သော ကလေးများအတွက် အလေးထားသည့် ပညာရေးအစီအစဉ်များ ဖော်ဆောင်ပေးရန်ဟူသော မူတို့အရ အခြေခံပညာရေးကဏ္ဍတွင် သင်ယူမှုအခွင့်အလမ်း(Access)မြှင့်တင်ရန်၊ သာတူညီမျှမှု(Equity)ရှိ ရန်၊ ကျောင်းနေအရွယ်ကလေးများအားလုံးအကျုံးဝင်နိုင်ရန်(Inclusive)အတွက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အခြေခံပညာကျောင်းပေါင်း ၃၃၁၂ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ခြင်းမူများအား ဖြေလျှော့၍ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင် ခဲ့ပါတယ်။ ပညာရေးအရည်အသွေးမြင့်မားရေးဦးတည်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ဆရာဆရာမများ၏ အရည်အသွေးမြင့်မားစေရေး၊ သင်ကြားသင်ယူမှုနည်းစနစ်များ(Teaching Leaning Methodology၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ရေး(Curriculum Syllabus Development)၊ ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစေရေး(Teaching Aids)၊ ဆရာ/ကျောင်းသားအချိုးနှင့် စာသင်ခန်း/ကျောင်းသားအချိုး မျှတစေရေး၊ ဆရာအရေအတွက် နည်းသောကျောင်းများ၌ ဆရာဆရာမများပြည့်မီစွာခန့်ထားခြင်းဖြင့် Multi Grade Teaching အတန်းတွဲ သင်ကြားခြင်း၊ သင်ကြားရမှုအခြေအနေများ လျော့ပါးစေရေး၊ ကျောင်းသားကျောင်းသူ များ၏ စဉ်းစားတွေးခေါ်မှုကို အားပေးမြှင့်တင်သည့်မေးခွန်းများ ဖြစ်ပေါ်စေရေးစသည့် အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများကို ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် ပညာရေးမြင့်မားရေးအတွက် ထိထိရောက်ရောက်ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် စမ်းသပ် ဆောင်ရွက်နေတာမဟုတ်ဘဲ ကျောင်းနေအရွယ်ကလေးအားလုံး အကျုံးဝင်ပါဝင်ရေး၊ ကျောင်းထွက် နှုန်းလျော့နည်းရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေး၊ ကြီးကြပ်အကဲဖြတ်ရေး၊ သင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေးတို့ကို ဦးတည်ဆောင်ရွက်နေတာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးပြုပြင်ပြောင်းလဲမှုများကို မိဘ၊ ဆရာ၊ ကျောင်းသားများ၊ ပြည်သူ များ၊ လွှတ်တော်များနှင့် အစိုးရတို့ ညီညီညွတ်ညွတ်၊ ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မှသာ ပညာရေးအရည်အသွေး(Quality Education)ပိုမို ကောင်းလာအောင် ပညာရေးစီမံကိန်းများနှင့် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မယ်ဆိုတာ အားလုံး ယုံကြည်ကြမယ်လို့ ယုံကြည်ကြောင်း တင်ပြအပ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား ပညာရေးဥပဒေအရ အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို ဖွဲ့စည်းနိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါကော်မရှင်ဖွဲ့စည်းပြီးပါက ပညာရေးဆိုင်ရာမူဝါဒများကို ခိုင်ခိုင် မာမာနဲ့ ဆောင်ရွက်သွားနိုင်မှာဆိုတာ အားလုံးဆွေးနွေးသွားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပညာရေးမူဝါဒကော်မရှင်က အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အကဲဖြတ်ကော်မတီနှင့် လိုအပ်သောကော်မတီအဖွဲ့များကို ဆက်လက်ဖွဲ့စည်းပြီး ပညာရေးအရည် အသွေးမြင့်မားရေးအတွက် အမျိုးသားပညာရေးရည်မှန်းချက်များနှင့်အညီ အမျိုးသားမဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၁၇ ခုနှစ်မှာလည်း အကဲဖြတ်စစ်ဆေးခြင်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကိုယ်စားလှယ်တော်ကြီး၏ အဆိုကိုမှတ်တမ်းတင်အဖြစ် ထားရှိပေးပါရန် တင်ပြအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    အဆိုရှင်ရဲ့ သဘောထားပြောပါ။

ဒေါက်တာလှမိုး(အောင်မြေသာစံမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း              အားလုံးမင်္ဂလာပါ။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယနေ့ ကျွန်တော်ရဲ့ အဆိုနှင့် ပတ်သက်ပြီးတော့ မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများက ပညာရေးသည် အရေးကြီးသော အခန်းကဏ္ဍမှာပါတယ်၊ လက်ရှိပညာရေးအခြေအနေသည် နိမ့်‌ကျနေတယ်၊ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အားလုံးဝိုင်းဝန်းဆွေးနွေးပေးကြတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် ဒီနေ့ မြန်မာနိုင်ငံ ရဲ့ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ဘာတွေ၊ ဘာတွေ လုပ်ဆောင်နေပါပြီဆိုတာကို လာရောက် ရှင်းလင်းပြောကြားပေးသော ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆရာဒေါက်တာ မျိုးသိမ်းကြီးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့် အဆိုတင်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်ပြီးတော့ ဖော်ပြနိုင်ရန် Power Point သုံးစွဲခွင့်ပြုပါ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော် ဒီနေ့ တင်သွင်းရ တဲ့အဆိုနဲ့ပတ်သက်ပြီးတော့ တင်သွင်းရတဲ့ ရည်ရွယ်ချက်လေးခုရှိပါတယ်။ ပထမအချက်က ယခု လက်ရှိကျင့်သုံး အကောင်အထည်ဖော်နေတဲ့ ပညာရည်အကဲဖြတ်ခြင်းပုံစံဟာ ယနေ့နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြဋ္ဌာန်းပြီး အမျိုးသားပညာရေးဥပဒေပါ ပညာရေးရည်မှန်းချက်၊ ရည်ရွယ်ချက်များဖြစ်တဲ့ တွေးခေါ်မြော်မြင်မှုရှိသော ဗလငါးတန်ဖြင့် ပြည့်ဝသည့်နိုင်ငံသူနိုင်ငံသားများ မွေးထုတ်ပေးရေး ရည်မှန်းချက်၊ ဦးတည်ချက်ကို အထောက်အပံ့မဖြစ်စေနိုင်သည့်အတွက်ကြောင့် အဆိုတင်သွင်းရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပညာရေးပြည်ထောင်စုဝန်ကြီးက ပြုပြင်ပြောင်းလဲမှု တွေ စတင်ပြီးလုပ်ဆောင်နေပါပြီလို့ ပြောကြားတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ဒုတိယအချက် ကတော့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတော်အစိုးရက အခြေခံပညာရေးအဆင့်‌မှာ နိုင်ငံသူ နိုင်ငံသား တိုင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ခုနက ပြည်ထောင်စုဝန်ကြီးပြောသွားပါတယ်။ အခမဲ့ ပညာရေးကို တစ်ဆင့်ပြီးတစ်ဆင့်‌ လုပ်ဖို့ရန် ဦးတည်နေပါတယ်။ ကုန်ကျစရိတ်သက်သာစွာဖြင့် အတန်းစဉ် ပြီးမြောက်အောင်မြင်စေခြင်း၊ စစ်မှန်သောပညာကိုတတ်မြောက်စေခြင်း ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် နေသော်လည်း ယနေ့ လက်ရှိကျင့်သုံးနေတဲ့ ပညာရည်အကဲဖြတ်ပုံစံကြောင့့်မို့လို့ ယနေ့ မိဘတွေမှာ ပညာသင်ကြားရေးစရိတ် မြင့်မားစွာအသုံးပြုနေရတာ ဖြစ်ပါတယ်။ အားလုံးလက်တွေ့ မိဘတိုင်း၊ မိဘတိုင်း အားလုံးခံစား‌ နေကြရပါတယ်။ ဒါကြောင့််‌မို့လို့ တချို့ဆိုလို့ရှိရင် ဒီအတွက်ကြောင့်‌ ပညာသင်ကြားခြင်းနဲ့ဝေးရာဆီ Drop ဖြစ်သွားတဲ့ ကျောင်းသားကျောင်းသူပေါင်း မြောက်များစွာ ရှိတာကိုလည်း ခုနက ပညာရေးဝန်ကြီးကိုယ်တိုင် ပြောကြားသွားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေကို ကာကွယ်ဖို့ရန်အတွက် ဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။ ဒါတွေကို Dropout ဖြစ်မှုတွေကိုလည်း အကောင်းဆုံး လုပ်ဆောင်နေပါပြီဆိုတဲ့အကြောင်းကိုလည်း ပညာရေးဝန်ကြီးဆီက သတင်းစကားကြားတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ တတိယအချက်ကတော့ မှန်ကန်သော မူဝါဒတစ်ခုကို ချမှတ်ဆောင်ရွက်ရန် အားထုတ်မှုနည်းပါးခြင်းပါ။ မှန်ကန်သောမူဝါဒ ခုနက ပြောပါတယ်။ ရှေးအဆက်ဆက်မှာ ကျွန်တော်တို့တွေဟာ အစမ်းသပ်ခံနဲ့ တက်လာရတာဖြစ်ပါတယ်။ ဒါပေမဲ့ ခုနက ပညာရေးဝန်ကြီးကပြောသွားပါပြီ။ ဒီနေ့လုပ်နေတဲ့ ပညာရေးမူဝါဒဟာ စမ်းသပ်ခံ ကုသလုပ်တဲ့ပညာရေးမူဝါဒ မဟုတ်ပါဘူးဆိုတာကို ခိုင်ခိုင်မာမာပြောကြားသွားတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်။ ဒီလိုမူဝါဒချမှတ်ပြီးရင်လည်း ကျွန်တော်တို့က ဆက်လက်တိုက်တွန်း လိုပါတယ်။ ခိုင်ခိုင်မာမာကျင့်သုံးဖို့ပါပဲ။ ပြီးဆုံးအောင်မြင်တဲ့အထိ ခိုင်ခိုင်မာမာမဆောင်ရွက်ခဲ့တဲ့ အတွက် ကြောင့်မို့ ပညာရေးအ‌ခြေအနေဟာ ဒီနေ့အချိန်အထိ ဒီလိုဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒီရလဒ်ကို အဓိကခံစားရတာက မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆရာဆရာမတွေပါ။ ဆရာဆရာမတောင်မှ အစိုးရကျောင်းမှာ တာဝန်ယူနေရတဲ့ ဆရာဆရာမတွေ ဖြစ်ပါတယ်။ မူဝါဒအပြောင်းအလဲကြားမှာ သူတို့တွေဟာ အလူးအလိမ့်ခံနေရတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဆရာဆရာမတွေကို မိဘနဲ့ကျောင်းသားများက အယုံအကြည်နည်းလာပါတယ်။ မိဘနဲ့ဆရာဆရာမတွေအပေါ်မှာ အယုံအကြည်နည်းလာခြင်းသည် အခြေခံပညာကျောင်းများရဲ့ ပုံရိပ်ကျဆင်းလာတာ။ ပုံရိပ်ကျဆင်း လား၊ မကျဆင်းလားဆိုရင် ဒီနေ့အခြေအနေတွေကြည့်ရင် သိသာနိုင်ပါတယ်။ ဒီနေ့အ‌ခြေခံပညာ အစိုးရအထက်တန်းကျောင်းတွေက ဖယ်ခွာသွားတာတွေကို တစ်နေ့ထက်တစ်နေ့တိုးပွားလာတာ လက်တွေ့သက်သေပါ။ ဒါကြောင့်မို့လို့ ပညာအခြေခံတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ပညာရေးပုံရိပ် ကျဆင်းတာနဲ့အမျှ မဆောင်ရွက်နိုင်တော့တဲ့ အတွက်ကြောင့် ဒီအဆိုကိုတင်သွင်းရခြင်းဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ အမျိုးသားပညာရေးမူဝါဒချမှတ်ရေး ကော်မရှင်ဖွဲ့စည်းရမယ်ဆို တာ မှန်ပါတယ်။ ကျွန်တော်တို့ အစောကြီးကတည်းကသိတယ်။ အခု ကျွန်တော်တို့ အမျိုးသား ပညာရေးဥပဒေပြဋ္ဌာန်းပြီးတာ ၁၄ လပတ်ဝန်းကျင်ရောက်သွားပါပြီ။ ဒါပေမဲ့ ဒီနေ့အချိန်အထိ ရှေ့အစိုးရမှာရော၊ ကျွန်တော်တို့တာဝန်ယူတဲ့သက်တမ်း လေးလ၊ ငါးလ အတွင်းမှာရော၊ အမျိုးသား ပညာရေးမူဝါဒချမှတ်ရေးကော်မရှင် ယနေ့တိုင် မဖွဲ့စည်းနိုင်သေးပါဘူး။ ဒါဆို မူဝါဒကော်မရှင်မဖွဲ့ရ သေးလို့ ဘာမှမလုပ်ဘဲနဲ့ ဒီအတိုင်းရပ်နေမှာလား။ ပညာရေးက အရေးကြီးပါတယ်။ အချိန်နှင့်အမျှ အရေးကြီးပါတယ်။ ရပ်ထားလို့မရပါဘူး။ ဒီလို မူဝါဒကော်မရှင်မဖွဲ့ရသေးပေမယ့်လည်း ဥပမာလေး တစ်ခုပြောပြမယ်။ အခုဆိုရင် KG တန်းစတာ။ မူဝါဒကော်မရှင်မဖွဲ့ရသေးဘူး။ ဒါပေမယ့် ၂၀၁၆ ကနေ ပြီးတော့ ၂၀၂၁ မှာရှိတဲ့ ပညာရေးမဟာဗျူဟာ ရေးဆွဲပြီးသား Framework အတွင်းမှာ ဒီနှစ် KG ကိုစပြီး အလုပ်လုပ်ပါမယ်။ ဒီလိုအလုပ်လုပ်တဲ့အခါမှာ ဘာတွေ ပေါ်လာသလဲ။ KG မှာအားနည်းချက် တွေလည်း ပေါ်လာပြီ။ အားသာချက်တွေလည်းပေါ်လာပြီ။ ဒီအားနည်းချက်၊ အားသာချက်တွေကို ဖမ်းဆုပ်ပြီးတော့ အမျိုးသားပညာရေးမူဝါဒချမှတ်ရေးကော်မရှင် တကယ်ပေါ်လာတဲ့အချိန်မှာ အဲဒီ မူဝါဒကို ခိုင်ခိုင်မာမာချရင် ရလဒ်ကောင်းတွေရမှာပါ။ ဒီလိုပဲ ဒီမူဝါဒတွေချမှတ်ရေးကော်မရှင် မချမှတ်ရသေးလို့၊ မဖွဲ့စည်းရသေးလို့ ဒီပညာရည် အကဲဖြတ်မှုနဲ့ပတ်သက်ပြီးတော့ Frame တစ်ခုဆွဲ မထားနိုင်ဘူးဆိုရင် အဲဒီမူဝါဒကော်မရှင်ဖွဲ့ပြီးမှ ကော်မတီအသီးသီးဖွဲ့ပြီးမှဆိုရင် အရမ်းနောက်ကျ သွားပြီ။ ဒါကြောင့်‌မို့လို့ ပညာရေးမူဝါဒကော်မရှင်မဖွဲ့ရသေးပေမယ့် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ‌၂၀၁၆-၂၀၂၁ ပညာရေးမဟာဗျူဟာမှာ ပညာရေဝန်ကြီးဌာနမှ ရှေ့ဆက်လုပ်ဆောင် မယ့်အရာများကို အားလုံးတိတိကျကျဖော်ပြပြောကြား သွားတဲ့အတွက်ကြောင့် ပညာရေးဝန်ကြီး ဌာနရဲ့သဘောထားအတိုင်း ကျွန်တော့်အနေနဲ့ မှတ်တမ်းတင်ထားတာကိုလည်း လက်ခံသဘောတူပါ ကြောင်း ပြောကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒေါက်တာလှမိုး တင်သွင်းတဲ့ အဆိုကို ကိုယ်စားလှယ် ၁၅ ဦး က ဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနက အဆိုအားမှတ်တမ်းတင်သင့် ကြောင်း ရှင်းလင်းခဲ့ပါတယ်။ အဆိုရှင် ဒေါက်တာလှမိုးကလည်း ပညာရေးဝန်ကြီးဌာနက ရှင်းလင်းပြီး ရှေ့ဆက် လုပ်ဆောင်သွားမည့်ဟာကို ကြားသိရတဲ့အတွက် မှတ်တမ်းတင်ပေးရန် ရှင်းလင်းဆွေးနွေး ပြောကြားသွားခဲ့ပါတယ်။ ဒါ့ကြောင့် ဒီအဆိုနှင့်စပ်လျဉ်းပြီး မှတ်တမ်းတင်ရန် လွှတ်တော်ကသဘောတူ ပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် ဒေါက်တာလှမိုးတင်သွင်းတဲ့အဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း ကြေညာပါ တယ်။ 

တင်သွင်းသူ 
ဒေါက်တာလှမိုး (အောင်မြေသာစံမဲဆန္ဒနယ်)
နေ့စွဲ 
Tuesday, March 7, 2017