Law Database | Mail | English Version

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့တွင် ဦးကျော်ဌေး (လေရှီးမဲဆန္ဒနယ်) ကအဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က ကျေးလက်ဒေသအခြေခံပညာကျောင်းများတွင် တာဝန် ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စု အစိုးရ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ ခွင့်ပြုငွေချပေးရန်ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျပြီး အမှန် တကယ်လိုအပ်နေသည့် ဒေသများကို စိစစ်ပြီး ဘတ်ဂျက်ခွင့်ပြုပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း    အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန်သင့်/မသင့် ဆုံးဖြတ်ခြင်း

ဦးကျော်ဌေး (လေရှီးမဲဆန္ဒနယ်) မှ အဆိုတင်သွင်းခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည် တော်များ အားလုံးကို ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ လေရှီးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်‌တော်ကိုယ်စားလှယ် ဦးကျော်ဌေး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျေးလက်ဒေသ အခြေခံပညာကျောင်းများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းများ၏ အိမ်ရာ များကို ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန်လိုအပ် ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ခွင့်ပြုရန်ပုံငွေ ချပေးရန်ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျ ပြီးတော့မှ အမှန်တကယ်လိုအပ်နေသည့်ဒေသများကို စိစစ်ပြီးတော့ ဘတ်ဂျက်ခွဲဝေပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အားလုံးသိနေတဲ့အတိုင်းပဲ ကျွန်တော်တို့ နိုင်ငံဟာ လူဦး‌ရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်ဒေသမှာ ‌နေထိုင် ကြပြီးတော့ အများသော အားဖြင့် ဆင်းရဲသူများဖြစ်ကြပါတယ်။ ကျေးလက်နေပြည်သူများဟာ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ ရုန်းကန်ရှာဖွေနေရပြီး သားသမီးများရဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများကို လှည့်မကြည့်နိုင်လောက်အောင် ခက်ခဲတဲ့နေရာဒေသတွေ များစွာရှိနေသေးတယ်ဆိုတာကို တင်ပြလိုပါတယ်။ အဲဒီကျေးလက်ဒေသတွေမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းများဟာ ဒေသခံ မဟုတ်တဲ့ ရပ်ဝေးကနေ လာရောက် တာဝန်ထမ်းဆောင်တဲ့ဆရာ ဆရာမတွေပဲ များပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေဟာ အချိန်မရွေး ပြောင်းရွှေ့နိုင်တဲ့အတွက် ကိုယ်ပိုင်အိမ်တွေဆောက်လုပ်ပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျေးရွာက အလျဉ်းသင့်သလို စီစဉ်ပေးတဲ့နေရာတွေမှာ အဆင်ပြေအောင် နေကြရပါတယ်။ အချို့သောဆရာတွေဟာ ဘုန်းကြီးကျောင်းနဲ့ ရွာမှာရှိတဲ့ အိမ်လွတ် တွေမှာ ကြုံသလိုနေကြတာမျိုးရှိသလို စာသင်ကျောင်းတွေမှာလည်း အဖီလေးချပြီးတော့မှ နေကြတာ လည်း တွေ့ရှိရပါတယ်။ အချို့သောဆရာမများကတော့ ရွာက ကိုယ်ထူကိုယ်ထ ဆောက်ပေးတဲ့ အိမ်မှာနေကြရပြီး မိသားစုနည်းတဲ့အိမ်တွေမှာလည်း အိမ်ရှင်တွေနဲ့ပေါင်းပြီးတော့မှ နေကြတာ လည်း တွေ့ရှိ ရပါတယ်။ အိမ်ရှင်တွေနဲ့ပေါင်းပြီးတော့ နေကြတဲ့ဆရာ ဆရာမများအတွက် နှစ်ရှည်လများကြာတဲ့အခါမှာ အချို့အိမ်ရှင်တွေက ကျောင်းရဲ့စီမံခန့်ခွဲရေးလုပ်ငန်းပိုင်းမှာ ဝင်ရောက်စွက်ဖက်ခြင်း၊ လူမှုရေး အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းများကိုလည်း နေရာ ဒေသအလိုက် တွေ့နေရပါတယ်။ ဒါကြောင်မို့လို့ ဝန်ထမ်းများအတွက် သီးသန့်အိမ်ရာ မရှိမဖြစ် လိုအပ်နေကြောင်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point အသုံးပြုခွင့်ပြုရန် တင်ပြအပ်ပါတယ်။ ဒါကတော့ လဟယ်မြို့နယ် လောကျေးရွာ ဆရာဆရာမနေအိမ်တွေပဲဖြစ်ပါတယ်။ ဒါကတော့ လဟယ် မြို့နယ် ဆော်လော် ကျေးရွာလူနေအိမ်များဖြစ်ပါတယ်။ ဒါကလည်း ဆော်လော်ကျေးရွာပါပဲ ဆရာဆရာမနေအိမ်တွေဖြစ်ပါတယ်။ ဒါက လဟယ်မြို့နယ်က လာထိန်ကျေးရွာ မူလတန်း ကျောင်းဆောင်ဖြစ်ပါတယ်။ လဟယ် မြို့နယ်က ကမ္မလားကျေးရွာ မူလတန်းကျောင်း ဖြစ်ပါတယ်။ ဒါက လဟယ်မြို့နယ်က ဆပ္ပလော် ကျေးရွာက ဆရာဆရာမနေအိမ်တွေဖြစ် ပါတယ်။ ဒါက လေရှီးမြို့နယ်က ဒါကလည်း ဆရာဆရာမ နေအိမ်တွေဖြစ်ပါတယ်။ ဒါလည်း လေရှီးမြို့နယ် ဂျီချဲခါးကျေးရွာက ဝန်ထမ်းအိမ်ဖြစ်ပါတယ်။ ဒါလည်း လေရှီးမြို့နယ် အတွင်းမှာ ရှိတဲ့ ဆရာဆရာမနေအိမ်ဖြစ်ပါတယ်။ ဒါက လဟယ်မြို့နယ်က ပုံညိုကျေးရွာ လူနေအိမ် တွေဖြစ်ပါတယ်။ ဒါက လေရှီးမြို့နယ် ဂျီလာကျေးရွာက ဆရာဆရာမနေအိမ် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ တင်ပြတာကတော့ ကျွန်တော်တို့ဆီမှာရှိတဲ့ပုံတွေပဲ တင်ပြရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ကျေးလက်ဒေသတွေ မှာလည်း ကျွန်တော့်နည်းတူ ကျွန်တော်တို့ဆီမှာ အခုနက တင်ပြတဲ့ပုံစံမျိုး များစွာရှိတယ်ဆိုတာကို လေ့လာသိရှိရပါတယ်။

လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဝန်ထမ်းအိမ်ရာ တွေကို ကိုယ်ထူကိုယ်ထဆောက်လုပ်တဲ့အခါမှာ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိတဲ့ နေရာဒေသတွေမှာ ဆိုလို့ရှိရင်တော့ အလှူရှင်ရနိုင်တဲ့ဒေသတွေမှာဆိုရင် ပျဉ်ထောင်ပျဉ်ခင်း၊ သွပ်မိုးအိမ်တွေနဲ့ ဆောက်လုပ်ပေးနိုင်ပေမယ့်လို့ ကျွန်တော်တို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီးတော့မှ ဆင်းရဲတဲ့ဒေသတွေမှာ ကုန်ဈေးနှုန်းတွေကြီးမားပြီးတော့မှ ပြည်သူတွေရဲ့ဆင်းရဲခြင်းတို့ကြောင့် အိမ်ရာ တွေဆောက်လုပ်ပေးဖို့ အခက်အခဲများစွာ ရှိနေပါတယ်။ ဒေသခံတွေကိုယ်တိုင်က ဖွံ့ဖြိုးမှုနောက်ကျ ပြီးတော့မှ ခက်ခက်ခဲခဲ ရုန်းကန် နေရတဲ့အခါမှာ ဝန်ထမ်းများအတွက် ခိုင်ခံ့လုံခြုံတဲ့ အဆောက်အဦ ဆောက်လုပ်ပေးဖို့ မတတ်နိုင်တဲ့ အခြေအမျိုးရှိနေတယ်ဆိုတာကို တင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ကျေးရွာက တတ်နိုင်တဲ့ သစ်၊ ဝါးများကိုသာ အသုံးပြုပြီးတော့မှ ဆောက်လုပ်တဲ့ အဆောက်အဦ တွေဟာ ရာသီဥတုကြမ်းတမ်းမှုကြောင့် မကြာခဏဆိုသလို ပြုပြင်နေရပြီးတော့ မိုးတွင်းကာလမှာ ဆိုရင် ဆရာဆရာမတွေဟာ အတိဒုက္ခအမြဲတမ်းရောက်ရပါတယ်။

ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဝေးလံခေါင်းပါးပြီးတော့မှ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေး ဝန်ထမ်းများဟာ ရေတစ်တန်၊ ကုန်းတစ်တန် အဆင့်ဆင့်သွားလာရတဲ့အပြင် ကားလမ်းမပေါက်တဲ့ နေရာဒေသတွေမှာဆိုရင် တောင်တက်တောင်ဆင်းကြမ်းတမ်းတဲ့ခရီးကို ရက်ပေါင်း များစွာ ပင်ပန်းဆင်းရဲခံပြီးတော့မှ ခက်ခက်ခဲခဲသွားလာရပါတယ်။ အချို့သောဝန်ထမ်းများမှာ ခရီးတစ်ဝက်လောက်ကနေပြီးတော့မှ အလုပ်ထွက်ပြီးတော့မှ ပြန်ခေါက်သွားတဲ့ သာဓကတွေ လည်း များစွာရှိခဲ့ပါတယ်။ ဒီခက်ခဲကြမ်းတမ်းတဲ့ ခရီးကိုသွားရတဲ့အပြင် နေစရာ အိမ်အခက် အခဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီအခက်အခဲကို အကြောင်းပြုပြီးတော့မှ လမ်းပန်း ဆက်သွယ်ရေးကောင်းတဲ့ နီးစပ်ရာကျောင်းတွေမှာ တွဲပြီးတော့မှ ပညာသင်နှစ်ကုန် သွားတာတို့။ ရွာမှာအမြဲမနေတဲ့အခါကျတော့ ကျောင်းတက်မမှန်တာတွေကြောင့် ကျောင်းသူ ကျောင်းသားများဟာ များစွာနစ်နာနေရတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ဆရာဆရာမများရဲ့ နေအိမ်မရှိတဲ့ကိစ္စဟာ အနာဂတ်လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးမှာ အဟန့် အတား တစ်ခုလိုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အစိုးရရဲ့အစီအမံဖြင့် စီစဉ်ဆောင်ရွက်ပေး ခြင်း မရှိလို့ရှိရင် ကျွန်တော်တို့ ခက်ခဲတဲ့ဒေသမှာ ‌နေထိုင်တဲ့ပြည်သူတွေရဲ့ဘဝဟာ ဘယ်နည်းနဲ့မှ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် အဖက်ဖက်က လိုအပ်ချက်များစွာရှိနေသေးတယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ မည်သည့် ကိစ္စမှာ မဆို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍမှာ ရင်းနှီး မြှုပ်နှံဖို့ များစွာလိုအပ်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ပညာရေးစနစ်အကောင်းဆုံးနိုင်ငံများကို နှိုင်းယှဉ် လေ့လာတဲ့အခါမှာ မိဘ၊ ဆရာ၊ ကျောင်းသားများအားလုံး ပူးပေါင်းပါဝင် ဆောင် ရွက်ခြင်းအပြင် ငွေကြေးရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများဖြစ်နေသည်ကို တွေ့ရှိရပါတယ်။

နိဂုံးချုပ်အနေနဲ့တင်ပြလိုတာကတော့ ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လူ့အရင်း အမြစ်ဖွံ့ဖြိုးရေးသည် အဓိကဖြစ်သလို ပညာရေးမြင့်မားမှုနှင့် ဆင်းရဲမှုလျှော့ချ ရေးသည်လည်း ဆက်စပ်လျက်ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ကျေးလက်နေပြည်သူများရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍရဲ့လိုအပ်ချက်တွေမှာ အစိုးရအနေနဲ့ စီမံဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် ဝေးလံခေါင်းပါးပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ ဝန်ထမ်းဖွဲ့စည်းပုံ အနည်းအများကို အခြေခံပြီးတော့ အိမ်ရာတွေဆောက်လုပ်ပေးဖို့ တင်ပြလိုပါတယ်။ ဒါကြောင့်‌မို့လို့ ကျွန်တော့်အနေနဲ့ ကျေးလက် ဒေသအခြေခံပညာကျောင်းများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းများ၏ အိမ်ရာများကို ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ခွင့်ပြုငွေချပေးရန်ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှု နောက်ကျပြီးတော့ အမှန်တကယ် လိုအပ်နေသည့်ဒေသများကို စိစစ်ပြီးတော့ ဘတ်ဂျက်ခွင့်ပြု ပေးရန်  ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူများရဲ့ ကိုယ်စားတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ဦးပါထန်း (မတူပီမဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း             လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ မင်္ဂလာပါ။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လေရှီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေး အခက်ခဲ ဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနှင့် ချင်းပြည်နယ်ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ဤဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အကျဆုံးက ပညာရေးအားဖြင့် လူ့အရင်းအမြစ်ကို မြှင့်တင်ရေးဟာ အဓိကဖြစ်ပါတယ်။ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျောင်းဆရာဆရာမများ လုံလောက်စွာရရှိရေးဟာလည်း အရေးကြီးပါတယ်။  နိုင်ငံတော်က နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ချင်းပြည်နယ်တို့မှာ ကျောင်း ဆရာဆရာမများ အမြောက်အများခန့်ထားပေးတာကိုလည်း အများကြီးကျေးဇူးတင်ရှိပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ ဆရာဆရာမများဟာ သူတို့ရဲ့တာဝန်ကျရာ ကျေးရွာတွေမှာ အခုနက Power Point မှာ ဖော်ပြထားသလိုပဲ နေစရာအိမ်မရှိတဲ့ အခက်အခဲတွေ ပြဿနာ‌တွေ အများကြီး ကြုံတွေ့နေရပါတယ်။ ဆရာ ဆရာမများဟာ ကြုံသလို ရွာလူကြီးအိမ်မှာ သော် လည်းကောင်း၊ ခင်မင်နီးစပ်တဲ့ပုဂ္ဂိုလ်အိမ်မှာသော် လည်းကောင်းနေရတဲ့အခါမှာ အဆင် မပြေတဲ့ အိမ်ရာတွေမှာနေရတဲ့အခါမှာ ရက်ရှည်လများကြာလတဲ့အခါမှာ သူတို့အတွက် များစွာ ခက်ခဲပါတယ်။ အထူးသဖြင့် အောက်ပြည်အောက်ရွာကတက်လာတဲ့ ကျောင်းဆရာ ဆရာမ များဟာဆိုရင် အဲဒီဒေသရဲ့ဓလေ့ထုံးစံကိုမသိ၊ မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်သစ်ကို ရောက်ရှိ လာတဲ့အခါမှာ ပိုလို့တောင် အခက်အခဲတွေ့ကြုံနေကြပါတယ်။ ဒီလိုအခက်အခဲမျိုး ကြုံတွေ့ လာတဲ့အခါမှာ နဂိုကမှ မသွားချင်၊ မနေချင်တဲ့အထဲ အခုလို ပြဿနာအခက်အခဲများကြောင့် အလုပ်က နုတ်ထွက်သူတွေလည်း ရှိပါတယ်။ တချို့ကျပြန်တော့ မြို့နယ်ပညာရေးမှူး သို့မ ဟုတ် ကျောင်းအုပ်ဆရာဆရာမကြီးများကို ပိုက်ဆံပေး၊ လာဘ်ထိုးပြီးသော်လည်းကောင်း မြို့ပေါ်မှာ ဒါမှမဟုတ် နီးစပ်ရာလမ်းပန်းဆက်သွယ်ရေးကောင်းတဲ့နေရာမှာ တွဲဖက်များအဖြစ် နေကြရတဲ့အခါမှာ ကျေးရွာများဟာ များစွာနစ်နာဆုံးရှုံးခဲ့ရပါတယ်။ သာဓကအနေနဲ့ ပြောရ ရင်တော့ ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ထောက်ပံ့ရန်ပုံငွေထဲကနေ ကျွန်တော်တို့ မတူပီ မြို့နယ်မှာ အထူးလိုအပ်ချက်အရ ရန်ပုံငွေထဲကနေ တစ်ရွာကို သိန်း ၂၀ နှုန်းနှင့် ကျေးလက် အိမ်ရာအတွက် ရွာပေါင်း ၂၂ ရွာ ကိုလျာထားပေးခဲ့ရပါတယ်။ ဒီအကြောင်းအရာကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့နိုင်ငံမှာ ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာ ကျေးလက်အိမ်ရာ အမှန် တကယ်လိုအပ်ကြောင်း ထင်ဟပ်နေပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ အလားတူပါပဲ။ နာဂဒေသအပါအဝင် တစ်နိုင်ငံလုံးမှာ လိုအပ်ချက် ရှိနေတာ ထင်ရှားနေပါတယ်။ နိုင်ငံတော်အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးလက်ဒေသ ဆရာဆရာမများအတွက် ကျေးလက်အိမ်ရာကို စီမံကိန်းတစ်ရပ်အနေနဲ့ နှစ်အလိုက်လျာထားချက်ထားပြီးမှ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။ အကယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တစ်ခါတည်းဆောင်ရွက်နိုင်ဖို့ရန် အခက်အခဲရှိ တယ်ဆိုရင်တော့ နှစ်အလိုက်လျာထားချက်ကိုထားပြီးမှ အထူးလိုအပ်တဲ့ဒေသတွေကို အရင် ဦးစားပေးပြီးမှ ဆောင်ရွက်စေချင်ပါတယ်။ သို့မှသာလျှင် ကျွန်တော်တို့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက် မှုဟာ တစ်ပြေးညီဖြစ်သွားမှာဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ၊ လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့ အဆိုကို လှိုက်လှိုက် လှဲလှဲထောက်ခံဆွေးနွေးအပ်ပါတယ်။

ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်ကတင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး တင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုနှင့်စပ်လျဉ်း ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈ နည်း ဥပဒေခွဲ(ခ) နည်းဥပဒေခွဲငယ်(၃) အရ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်ရဲ့ ဆန္ဒရယူ ပါမယ်။ ဦးကျော်ဌေး တင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူ ပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    သဘောမတူတဲ့သူရှိပါသလားခင်ဗျား။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်ကသဘောတူတဲ့အတွက် ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က တင်သွင်းသော ကျေးလက်ဒေသအခြေခံပညာကျောင်းများတွင် တာဝန် ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန်လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာ အရ ခွင့်ပြုငွေချပေးရန်ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျပြီး အမှန် တကယ်လိုအပ်နေသည့် ဒေသများကို စိစစ်ပြီး ဘတ်ဂျက်ခွင့်ပြုပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။

ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်ကတင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဒေါ်အေးမြမြမျိုး (ကျောက်တန်းမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးပဲမင်္ဂလာပါရှင်။ ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ လေရှီးမဲဆန္ဒနယ်က ဦးကျော်ဌေးတင်သွင်းသွားတဲ့ ကျေးလက်ဒေသ အခြေခံ ပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာ များကို ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန်လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ ခွင့်ပြုငွေချပေးရန် ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျပြီး အမှန်တကယ်လိုအပ်နေသည့်ဒေသများကို စိစစ်ပြီး ဘတ်ဂျက်ခွင့်ပြုပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဖြည့်စွက်အကြံပြု ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ အဆိုရှင်တင်ပြသွားတဲ့အတိုင်း တောင်တန်းဒေသတွေမှာ ရှိနေတဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာရှိနေတဲ့ဝန်ထမ်းအိမ်ရာတွေ၊ကျောင်းတွေရဲ့အခြေအနေတွေ အား လုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တကယ်တော့ သွားလာရခက်ခဲတဲ့ တောင်တန်းဒေသတွေ သာမကပါဘူး။ ရန်ကုန်နှင့် အနီးမှာရှိတဲ့ ကျွန်မမဲဆန္ဒနယ်ဖြစ်တဲ့ ကျောက်တန်းလိုမျိုး၊ ရန်ကုန်မြို့အလယ်မှာ ရှိနေတဲ့ ဝန်ထမ်းအိမ်ရာတွေရဲ့အခြေအနေကလည်း ဆိုးဆိုးရွားရွား မြင်တွေ့နေရတာ ဖြစ်ပါတယ်။ Power Point အသုံးပြု၍ တင်ပြခွင့်ပြုပါရှင်။ ဒါတွေကတော့ ကျွန်မရဲ့မဲဆန္ဒနယ် ကျောက်တန်းမှာရှိတဲ့ ဆရာဆရာမတွေရဲ့ ဝန်ထမ်းအိမ်ရာ၊ ကျန်းမာရေး ဝန်ထမ်းတွေအိမ်ရာ ရန်ကုန်မြို့လယ်ခေါင်မှာရှိ နေတဲ့        ဒီကျန်းမာရေးဝန်ထမ်းအိမ်ရာ တွေကို တွေ့ရမှာဖြစ်ပါတယ်ရှင်။ ဝန်ထမ်းအိမ်ရာတွေ ဒီလို အခြေအနေတွေဖြစ်နေရတာက နိုင်ငံတော်မှာ ဘတ်ဂျက်လိုအပ်ချက်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားမှု တွေကြောင့် သုံးစွဲခွင့်ရတဲ့ ဘဏ္ဍာငွေတွေဟာ အောက်ခြေထိရောက်မလာ ခြင်းဟာလည်း အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဌာနတစ်ခုနှင့်တစ်ခု ရာထူးတူနေပါလျက်နဲ့ ခံစား ပိုင်ခွင့်တွေကွာခြားနေတာတွေ၊ ဌာနချင်းတူသော်လည်းပဲ အရာထမ်း၊ အမှုထမ်းနဲ့ အောက်ခြေ ဝန်ထမ်းတွေရဲ့အခြေအနေ ကွာဟလွန်းနေတာတွေကလည်း မညီမျှမှုအခြေအနေကြောင့်မို့လို့ ဝန်ထမ်းအိမ်ရာ တွေလုံးဝမရရှိတဲ့ ဆရာဆရာမများအပါအဝင် အောက်ခြေဝန်ထမ်းအများစုက ချို့တဲ့စွာနေနေရတာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ အကြံပြုဆွေးနွေးလိုတာက ဒေသခံတွေကို ဦးစားပေးပြီးတော့ ဝန်ထမ်း ခန့်ထား လိုက်မယ်ဆိုလို့ရှိရင်လည်း ဝန်ထမ်းအိမ်ရာလိုအပ်ချက်တွေက လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောက်လုပ်ပေးရန်လိုအပ်နေတဲ့ ဝန်ထမ်းအိမ်ရာ စာရင်းနဲ့ လက်ရှိ ဝန်ထမ်းအိမ်ရာများရဲ့ အခြေအနေကိုလည်း စစ်တမ်းကောက်ယူထားသင့် ပါတယ်။ အဆိုရှင်တင်ပြသွားတဲ့အတိုင်း ဖွံ့ဖြိုးမှုနောက်ကျပြီး အမှန်တကယ်လိုအပ်နေတဲ့ ဒေသများအပြင် အလိုအပ်ဆုံး အခြေအနေ ဆိုးရွားစွာပျက်စီးနေတဲ့ ပြရုပ်မကောင်းတဲ့အိမ်ရာရဲ့ အခြေအနေများကို ဘဏ္ဍာငွေရရှိတဲ့ အပေါ်မူတည်ပြီးတော့ ဦးစားပေးအဖြစ်နဲ့ ရေရှည် စီမံကိန်းချထားပြီးတော့မှ အနိမ့်ဆုံးရှိသင့်တဲ့စံချိန် စံညွှန်းသတ်မှတ်ပြီးတော့ တည်ဆောက်ထား ပေးသင့်ပါတယ်ရှင်။

လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျောင်းဆောင်တွေ၊ ဝန်ထမ်း အိမ်ရာတွေ၊ နိုင်ငံတကာအဆင့်မီတဲ့တိုက်တာကြီးတွေကို တောင်းဆိုနေတာမဟုတ်ပါဘူး။ လူသားတွေရဲ့ အခြေခံအကျဆုံးသော လိုအပ်ချက်ဖြစ်တဲ့ အမိုးအကာပါတဲ့အဆောက်အဦကို အနိမ့်ဆုံးရှိသင့်တဲ့စံချိန်စံညွှန်း သတ်မှတ်ပြီးတော့ လုံခြုံမှုရှိအောင် စီစဉ်ထားပေးဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လေရှီးမဲဆန္ဒနယ်က ဦးကျော်ဌေး တင်သွင်းထားတဲ့အဆိုကို ကျွန်မ အနေနဲ့ ဖြည့်စွက်ထောက်ခံအကြံပြု ဆွေးနွေးရခြင်းဖြစ်ပါတယ်ရှင်။ အားလုံးကျေးဇူးတင်ပါတယ်။

ဦးနေလင်းထွန်း (ဘုတ်ပြင်းမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း           လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကြွရောက်လာကြသော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းထွန်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ၈-၈-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့မှာ ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က တင်သွင်းခဲ့တဲ့ ကျေးလက်ဒေ အခြေခံ ပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာ များကို ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ခွင့်ပြုငွေချပေးရန် ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျပြီး အမှန်တကယ်လိုအပ်နေတဲ့ဒေသများကို စိစစ်ပြီး ဘတ်ဂျက်ခွင့်ပြုပေးရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဌာန၊ အခြေခံပညာကျောင်းများဟာ ကျွန်တော်တို့နိုင်ငံ အတွက် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့ လူသားအရင်းအမြစ်တွေကို စတင်မွေးထုတ်ပေး နေတဲ့ဌာနကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးစာရင်းမှာ ပါဝင်နေရပါတယ်။ အဲဒီလိုပါဝင်နေ ရခြင်းရဲ့အဓိကအကြောင်းအရင်းကလည်း ပညာရေး အဆင့်အတန်း နိမ့်ကျခြင်းကလည်း တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အစိုးရအား ပညာရေးဆိုင်ရာမူဝါဒတွေ၊ သင်ကြားမှု သင်ယူမှုပုံစံသစ်တွေ ချမှတ်ရေးဆွဲပြီး တော့ ပညာရေးအဆင့်အတန်းမြင့်မားလာအောင် ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မူဝါဒတွေ၊ သင်ကြား မှုသင်ယူမှု ပုံစံတွေပြောင်းလဲရုံနဲ့တင် မလုံလောက်ပါဘူး။ အဲဒီမူဝါဒတွေကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ပေးနေတဲ့ ဆရာဆရာမတွေရဲ့အခန်းကဏ္ဍကလည်း အရမ်းအရေးကြီး ပါတယ်။ သင်ကြားရေး ကိုတာဝန်ယူထားရတဲ့ ဆရာဆရာမတွဟာ ကျောင်းသားကျောင်းသူ တွေရဲ့ စံပြ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူတို့ကို ရပ်/ရွာထဲမှာ ဂုဏ်သိက္ခာရှိရှိ ဘဝရပ်တည်နိုင်အောင် နိုင်ငံတော်အနေနဲ့ စီစဉ်ဆောင်ရွက်ပေးသင့်ပါတယ်။ ဒါမှလည်းပဲ ကျောင်းသူကျောင်းသား များရဲ့ လေးစားအားကျမှုကို ခံယူရရှိပြီး ကျောင်းသူကျောင်းသားလေးများရဲ့စိတ်မှာလည်းပဲ ပညာသင်ယူချင်တဲ့စိတ်၊ ပညာတတ် ကြီးဖြစ်ချင်တဲ့စိတ်တွေ ပိုဖြစ်လာမှာဖြစ်ပါတယ်။ ဆရာ ဆရာမတွေအနေနဲ့လည်း စားဝတ်နေရေး၊ လူနေမှုအခက်အခဲတွေရှိနေမယ်ဆိုရင် သင်ကြား ရေးကို အာရုံစူးစိုက်ပြီးတော့ ကောင်းမွန်စွာပညာ သင်ကြားပေးနိုင်မှာ မဟုတ်ပါဘူး။ အဆိုရှင် တင်ပြခဲ့သလို ဟိုအိမ်ကပ်နေ၊ ဒီအိမ်ကပ်နေ ကျောင်းဆောင်အဖီဆွဲချပြီးနေ၊ အဲဒီလို ညှိုးငယ် နိမ့်ကျစွာနေရတဲ့ဘဝမျိုးနဲ့ဆိုရင် ကျောင်းသူကျောင်းသားများရဲ့ အထင်ကြီးလေးစားမှု လည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ကျေးလက်ဒေသပြည်သူ တွေရဲ့စိတ်မှာလည်းပဲ ပညာတတ်လည်း ဘာမှမထူးဘူး။ ဆင်းဆင်းရဲရဲနေရတာပဲ။ ပညာမသင်နေပါနဲ့ကွာ၊ ပိုက်ဆံရတဲ့လယ်အလုပ်၊ ပုစွန်ဖမ်း၊ ငါးဖမ်းအလုပ်ပဲ လုပ်တာပဲပိုကောင်းသေးတယ်လို့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို အထင်လွဲသွားလို့ရှိရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပညာရေးရည်မှန်းချက်တွေအားလုံး သဲထဲရေသွန်သလိုဖြစ်ကုန်မှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျေးလက်ဒေသတွေမှာ လာရောက် သင်ကြားပေးနေတဲ့ ဆရာဆရာမတွေရဲ့ဘဝဟာ ခက်ခဲပင်ပန်းပါတယ်။ သွားရေး လာရေး၊ နေရေး ထိုင်ရေး၊ ဘဝရပ်တည်ရေး မလုံလောက်ပါဘူး၊ စသည့်အထွေထွေအခက်အခဲ တွေ ရှိကြပါတယ်။ ၂၄-၈-၂၀၁၆ နေ့ထုတ် The Voice သတင်းစာမှာတော့ ကျွန်တော် တို့ လစာတိုးပေးမယ်လို့ ကြားလိုက်ပါတယ်။ အဲဒီတော့ ဆရာမတွေရော ဝမ်းသာနေကြမှာပါ။ ကျွန်တော် ခုနကပြောတဲ့အခက် အခဲတွေထဲမှာ အားလုံးကို မဖြေရှင်းပေးနိုင်ရင်တောင်မှဘဲ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပြီးတော့ သူတို့ကို စီမံဖြေရှင်းပေးသင့်ပါတယ်။ တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်မှာဆိုရင် ကျွန်တော်တို့က တနင်္သာရီတိုင်းဒေသကြီးမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးမြို့နယ်ဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်ဟာ ပင်လယ်ကျွန်းတွေနဲ့ တောင်တန်း တွေကြားမှာ ဖွဲ့စည်းတည်ရှိတဲ့မြို့ ဖြစ်ပါတယ်။ သွားရေးလာရေး အလွန်ခက်ခဲပြီးတော့ လူမျိုးတွေ စုဖွဲ့နေထိုင်ပုံကလည်းပဲ ယဉ်ကျေးမှု၊ ဘာသာရေးမတူညီမှုများတဲ့သူတွေ ဖွဲ့နေကြ ပါတယ်။ ကျွန်တော်တို့ ဘုတ်ပြင်းမြို့နယ်မှာဆို အများအားဖြင့် ပသျှူး(မလေးရှားလူမျိုး) ပေါ့နော်။ ပြီးတော့ ထိုင်း(ရှမ်းလူမျိုး)၊ ဆလုံ(မော်ကင်းလူမျိုး)တွေနဲ့ တခြား ကျွန်တော်တို့ မြန်မာ တိုင်းရင်းသားတွေ ကရင်၊ မွန် စသည်ဖြင့် အတူနေထိုင်ကြပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ စာသင်ကျောင်းအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကလည်းပဲ ဝန်ထမ်းအိမ်ရာမရှိကြပါဘူး။ ဆရာဆရာမတွေက ရပ်/ရွာကစီစဉ်ပေးတဲ့နေရာတွေ၊ အိမ်တွေမှာပဲ နေကြရတယ်။ ရပ်/ရွာက မစီစဉ်ပေးရင်တော့ စာသင်ဆောင်မှာပဲ ဖြစ်သလိုနေရတယ်။ လက်ရှိပညာရေးဌာနမှာ ထမ်းဆောင်နေကြတာလည်း ဆရာထက် ဆရာမတွေက များပါတယ်။ ဆရာမလေးတွေ များတယ်။ ပြီးတော့ ငယ်ရွယ်တဲ့သူတွေများတယ်။ ကျွန်တော်တို့ဆီမှာ ပသျှူးရွာ၊ ရှမ်းရွာ၊ ဆလုံရွာ၊ ကရင်ရွာ၊ မွန်ရွာ အဲဒီလို သူ့လူမျိုးစုလိုက် နေတဲ့ရွာတွေရှိပါတယ်။ အဲဒီလို သဘာဝ မတူ၊ ဓလေ့စရိုက်မတူ၊ ဘာသာမတူတဲ့အိမ်မှာ ဒီလို ဆရာမငယ်တွေအနေနဲ့ အကြာကြီးအတူ ယှဉ်တွဲပြီးနေထိုင်ဖို့ဆိုတာလည်းပဲ မသင့်တော်ပါဘူး။ အဖီဆွဲ ချပြီးနေဖို့ဆိုတာလည်းပဲ ကျောင်းဆောင်တွေမှာလည်း နီးစပ်ရာ ဖြစ်သလိုပုံစံနဲ့နေမယ်ဆိုတာလည်း ဆရာမလေးတွေ အတွက် မတင့်တယ်ပါဘူး။ အဲဒါကြောင့် လုံခြုံမှု၊ စိတ်ချမှုလည်းမရှိပါဘူး။ အိမ်ငှားနေ ပြန်တော့လည်းပဲ သူတို့အနေနဲ့ အိမ်လခတွေကလည်း မတတ်နိုင်ပါဘူး။ အဲဒီအခက်အခဲ တွေကြောင့် တာဝန်ကျရာနေရာကနေ ပြန်ပြေးကျတဲ့ ဆရာဆရာမတွေက များပါတယ်။ ဒီနေ့ဆို ကျွန်တော်တို့မြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း ၉၅ ‌ကျောင်းရှိပါတယ်။ ၉၅ ကျောင်း အနက်မှာ ၉၂ ကျောင်းပဲ ဖွင့်နိုင် ပါတယ်။ ဆရာဆရာမတွေအားလုံးက မပြည့်စုံတာအဓိကပါ။ ၉ တန်း၊ ၁၀ တန်းလောက်တတ်တဲ့ ရွာကကလေးတွေကိုပဲ ကျွန်တော်တို့ပြန်ပြီးတော့ ခန့်ထားရ ပါတယ်။ သွားတဲ့အခါမှာ ကျွန်တော်တို့ကို သူတို့နေဖို့အတွက် ဝန်ထမ်းအိမ်ရာတွေ ဆောက်ပေးဖို့ သူတို့တောင်းဆိုတာလေးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဘတ်ဂျက်ကရတဲ့ သိန်း ၁၀၀၀ ကလည်းပဲ သူတို့ကို တည်ဆောက်ပေးခွင့် မရှိပါဘူး။ အဲဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာ ပညာရေးကဏ္ဍတစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အခြေခံပညာရေးဝန်ထမ်း ဆရာဆရာမရဲ့ လူနေမှုဘဝပုံစံတိုးတက်မြင့်မားလာရေးအတွက် ဝန်ထမ်း အိမ်ရာများကို ပြည်ထောင်စုအစိုးရဘတ်ဂျက်ကနေ ကျခံသုံးစွဲသင့်ပါတယ်။ ဒါကြောင့် ဦးကျော်ဌေး၊ လေရှီး မဲဆန္ဒနယ်ကတင်ပြတဲ့အဆိုကို ကျွန်တော့်အနေနဲ့ လေးလေးနက်နက်ထောက်ခံကြောင်း တင်ပြ အပ်ပါတယ်။

ဦးစောဗစ်တာခလိုက် (သံတောင်ကြီးမဲဆန္ဒနယ်) မှ ဆွေးနွေးရာတွင် လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်အပေါင်းတို့ခင်ဗျား။ မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကရင်ပြည်နယ်၊ သံတောင်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့််‌အနေနဲ့ လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးတင်သွင်းခဲ့တဲ့အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော် ဆင်းရဲ တွင်းနက်ထဲမှာ ရုန်းထွက်နိုင်စေရန်အတွက် အဓိကအကျဆုံးသောအချက်ကတော့ လူ့အရင်းအမြစ် စွမ်ရည် မြှင့်တင်ဖို့ဖြစ်ပါတယ်။ ဒီလူ့အရင်းအမြစ်မွေးထုတ်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍမှာ ပညာရေးဌာနဝန်ထမ်းတွေ ပါဝင်ပြီးတော့လုပ်ဆောင်ရမယ့်အပိုင်းဖြစ်ပါတယ်။ ဒီနေရာမှာ ပညာရေးဝန်ထမ်းတွေ မိမိတို့တာဝန်ထမ်းဆောင်တဲ့ဒေသမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီးတော့ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်တဲ့ဖြည့်ဆည်းမှုတွေကို သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရကနေ တာဝန်ယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ လေရှီးမဲဆန္ဒနယ်က ဦးကျော်ဌေးတင်ပြသကဲ့သို့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာဆိုရင် ဆက်သွယ်ရေးအလွန်ခက်ခဲတယ်။ နောက် ဖွံ့ဖြိုးမှုကလည်း တကယ်နိမ့်ကျတဲ့ဒေသ ဖြစ်ပါတယ်။ မှန်ပါတယ်။ ထိုနည်းတူပဲ အချို့သောတိုင်းဒေသကြီး/ ပြည်နယ်၊ တောင်ပေါ်ဒေသများလည်း အလွန်ပဲနိမ့်ကျလျက်ရှိနေတာကို တွေ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့ ဒေသတွေလည်း အများအပြားရှိနေတာကို တွေ့ရပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥပမာ-ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဟာ တောင်ပေါ်ဒေသ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့ အလျောက် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းပေါင်း ၂၅၀ ကျော်ရှိပါတယ်။ အဲဒီကျောင်း ၂၅၀ အနက်မှာဆိုရင် ကျောင်းပေါင်း ၅၀ လောက်သာ လမ်းပန်းဆက်သွယ်ရေးလွယ်ကူတာ တွေ့ရပါတယ်။ ကျန်တဲ့ ကျောင်းပေါင်း ၂၀၀ ကျော်နီးပါးက လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့ တောင်ပေါ် ဒေသမှာ တည်ရှိတဲ့ကျောင်းတွေဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ၎င်းကျောင်းတွေဟာ တောင်ပေါ်ဒေသမှာတည်ရှိတဲ့အတွက်ကြောင့်  (၁) လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက်ကြောင့် ခြေကျင်နဲ့သွားလာနေရပါတယ်။ (၂) အစား အသောက်ရှားပါးတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းကလည်း အလွန်ကြီးမားပါတယ်။ (၃) လူနေမှု အဆင့်အတန်းနိမ့်ကျတဲ့ဒေသဖြစ်တဲ့အလျောက် အဘက်ဘက်မှ ပံ့ပိုးကူညီမှုများ လိုအပ်လျက်ရှိနေ ပါတယ်။ (၄) ၎င်းကျေးရွာတွေမှာ တာဝန်ထမ်းဆောင်ရမယ့် ဝန်ထမ်းတွေ အတွက် နေအိမ်အခက်အခဲ များကို ကြုံတွေ့နေရပါတယ်။ ၎င်းပြဿနာတွေဟာ ကျေးရွာမှာ တာဝန်ထမ်းဆောင်နေရတဲ့ ပညာရေးဝန်ထမ်းများအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ ၎င်းပြဿနာတွေကို ဖြေရှင်းပေးနိုင်မှသာလျှင် ကျောင်းဆရာဆရာမ ဝန်ထမ်းများဟာ မိမိတို့ရဲ့ကျရာဒေသမှာ ပျော်ရွှင်စွာ နေထိုင်ပြီး တာဝန်ကျေပွန်စွာ ပညာရည် နို့စို့နေတဲ့ ကျောင်းသူကျောင်းသားများကို ထိရောက်စွာ ပညာသင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ ပညာတတ်လူ့အရင်းအမြစ်များကိုလည်း မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျေးလက် ဒေသမှာရှိတဲ့ ဝန်ထမ်းအိမ်ရာတည်ဆောက်ရာမှာ ဘတ်ဂျက်ငွေအခက်အခဲရှိပါက အလိုအပ်ဆုံး၊ ဖွံ့ဖြိုးမှု အနည်းဆုံး၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဆုံးကျောင်းများမှာ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးနိုင်ရန်အတွက် လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့ ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ထောက်ခံ ဆွေးနွေးအကြံပြုတင်ပြအပ်ပါတယ်ခင်ဗျား။

ဦးမင်းသိန်း (တောင်တွင်းကြီးမဲဆန္ဒနယ်) မှဆွေးနွေးခြင်း      လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးကိုမင်္ဂလာပါလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း ဖြစ်ပါတယ်။ လေရှီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသများကို စိစစ်ပြီး ပညာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် ဘတ်ဂျက်ခွင့်ပြုပေးဖို့ အဆိုကို  ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ တက္ကသိုလ်ဝင်တန်းကို ဖြေဆိုအောင်မြင်ပြီး တက္ကသိုလ် ဝင်ခွင့်ကို လျှောက်ထားကြပြီဆိုကတည်းက ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်တို့ကို လျှောက်ထားကြတဲ့သူများဟာ စွန့်စားခန်းတစ်ခုကို ပြုသလိုပါပဲ။ ကျောင်းဆရာအဖြစ် ခန့်ထား ကြပြီဆိုလျှင် မြို့ပေါ်တွေမှာ စတင်ပြီးခန့်ထားရခြင်း မခန့်ရ သေးဘဲနဲ့ ကျေးလက်ဒေသနှင့် နယ်စွန်နယ်ဖျားဒေသတွေမှာသာစတင်ပြီး ခန့်ထားခြင်းခံရတာ ဖြစ်ပါတယ်။ ပညာရေးတက္က သိုလ်၊ ပညာရေးကောလိပ်တွေကို လျှောက်ထားကြတဲ့သူတွေမှာလည်း    အမျိုးသားဦးရေက အလွန်တရာနည်းပါးလှပါတယ်။ အမျိုးသမီးဦးရေကသာ ပိုမိုများပြားပါတယ်။ အမျိုးသား အများစုကတော့ လာဘ်လာဘနည်းပါးတဲ့ အာဏာပါဝါမရှိတဲ့ ကျောင်းဆရာဘဝကို မမက်မော ကြပါဘူး။ ကျောင်းဆရာလုပ်မှာလား တခြားအလုပ်လုပ်မှာလားဆိုတာကို  အခြားအလုပ်ပဲ လုပ်ချင်ကြပါတယ်။ ဒါကြောင့် ဒီကနေ့ပညာရေးလောကမှာ အမျိုးသားကျောင်းဆရာနှင့် အမျိုးသမီး ကျောင်းဆရာရာခိုင်နှုန်းဟာ ကျောင်းဆရာရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်းခန့်သာ ရှိပြီးတော့ ကျောင်းဆရာမ ရာခိုင်နှုန်းဟာ ၈၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ဆရာမလေးတွေဟာ စတင်ပြီးခန့်ထားခြင်းခံရတဲ့ နေရာ တွေကို သွားရောက်ရတဲ့အခါမှာ ကားတစ်တန်၊ ရထား တစ်တန်၊ လှည်းနှင့်တစ်ဖုံ၊ လှေနှင့်တစ်မျိုး၊ ဆိုင်ကယ်နှင့်တစ်နည်း၊ ‌ခြေကျင်ကတစ်မျိုး သွားကြ လာကြရပါတယ်။ ချောင်းကိုဖြတ်၊ တောင်ကိုပတ်၊ ရိုးမကိုကျော်သွားရပါတယ်။ ဒီ့အပြင် ဖုန်းလေးတောင်မှ အဆက်အသွယ်မရနိုင်တဲ့ ဆက်သွယ်ရေး ပြင်ပရောက်နေကြတဲ့နေရာတွေ ကိုပါ သွားရတာရှိပါတယ်။ ကိုယ့်မိကိုယ့်ဖနဲ့ အလွန်တရာကို ဆက်သွယ်ရတာတောင် ခဲယဉ်း လွန်းလှပါတယ်။ မူလတန်းပြ၊ အလယ်တန်းပြ စတင်ခန့်ထားကာစ ဆရာဆရာမလေးတွေရဲ့ သက်တမ်းဟာ အများအားဖြင့် အသက် ၂၀ ကျော် ၂၃ နှစ်အတွင်းတွေ ဖြစ်ပါတယ်။ သားပျို၊ သမီးပျိုလေးများ ဆရာဆရာမလေးတွေဖြစ်နေတဲ့အတွက် အထူးသဖြင့် စွန့်စားရတဲ့ ဘဝကို အဝေးကြီးသွားကြည့်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ နေပြည်တော်ကြီးရဲ့ အရှေ့ဘက်၊ အနောက်ဘက် မိုင် ၂၀ အကွာမှာရှိတဲ့ ပဲခူးရိုးမနှင့် အရှေ့ရိုးမတွေပေါ် သွားကြည့်လိုက်ရင် လည်း ဆရာဆရာမလေးတွေရဲ့ဘဝကို လက်တွေ့မြင်တွေ့ရပါလိမ့်မယ်။ အမျိုးသားကျောင်း ဆရာတွေဆိုရင် အများအားဖြင့် ဘုန်းကြီးကျောင်းမှာပဲ သမိုင်းပါမောက္ခဆရာကြီး ကွယ်လွန်သူ ဒေါက်တာသန်းထွန်း ပြောသလို ဘုန်းကြီးစွန့်တာစား၊ ဘုန်းကြီးစွန့်တဲ့အခန်းမှာနေပြီး စွန့်စားခန်းဝင်နေကြရပါတယ်။ ကျောင်းတက်တော့ ဆရာ၊ ကျောင်းဆင်းတော့ ဘုန်းကြီး ကျောင်း ကျောင်းနှစ်ကျောင်းမှာ တစ်နေ့တည်းနှင့် ဘဝနှစ်ဘဝနေနေကြရပါတယ်။ ဆရာမ လေးတွေကတော့ ရွာကစီစဉ်ပေးတဲ့နေရာ၊ နေစရာ ထိုင်စရာအိမ်မရှိရင် ကျောင်းဝင်းထဲမှာပဲ အိမ်ဆောက် နေကြရပါတယ်။ အိမ်ဆိုသော်လည်း မီးဘေး ဖြစ်လို့ရှိရင် ဖျက်ရ၊ ငြှိမ်းရလွယ် အောင်၊ သစ်၊ ဝါးကလည်း ရှားတဲ့ဒေသဖြစ်တယ်ဆိုရင် နတ်စင် သာသာ၊ ရေအိုးစင်သာသာ၊  အိမ်ကလေးတွေဆောက်ပြီးနေရတာကို ကျွန်တော်ကိုယ်တိုင် ပညာရေး ဝန်ထမ်းဘဝကလာခဲ့ရ တာ ဖြစ်လို့တွေ့ခဲ့ရ၊ ကြုံခဲ့ရဖူးပါတယ်။ ရွာကလူကြီးမိဘတွေက အိမ်တွေ၊ယာတွေ စီစဉ် ပေးတယ်ဆိုတာလည်း ရှိတော့ရှိပါတယ်။ ရှားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၂၉ ရက်နေ့ “ဝ” အထူးဒေသ လူငယ်များနှင့် တွေ့ဆုံပွဲမှာ ကျွန်မတို့ ပညာရေးနဲ့ပတ်သက်လို့ရှိရင် နယ်စပ်ဒေသ တွေက ပြည်မဒေသတွေထက် ပိုပြီးအခြေအနေဆိုးတယ်ဆိုတာ ကျွန်မဝန်ခံပါတယ်။ ဆရာ ဆရာမတွေဟာ တကယ်တော့ ကျောင်းအဆောက်အအုံထက် ပိုပြီးအရေးကြီးပါတယ်။ ကျောင်း အဆောက်အအုံတွေရှိသော်လည်း ဆရာဆရာမမရှိရင် အလကားပါပဲလို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ဆရာဆရာမတွေ နေသာထိုင်သာရှိဖို့ ဆရာဆရာမတွေအတွက် နေစရာထိုင်စရာ လေးတွေ စီစဉ်ပေးဖို့လိုမယ်လို့ ယူဆပါတယ်။ ရန်ကုန်မြို့ မင်းဓမ္မလမ်းနှင့် ပါရမီ လမ်းထောင့်မှာ တက္ကသိုလ်ဆရာဆရာမများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေး မယ်ဆိုတာသိရလို့ တက္ကသိုလ်ကဆရာဆရာမတွေ ဝမ်းသာနေကြတယ်ဆိုတာ ကြားသိရ ပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နယ်စပ်ဒေသကဆရာဆရာမလေးတွေက ဒီလောက် ကြီးကြီး မားမား ခန့်ခန့်ညားညား ကားပါကင်တွေ၊ ဘာတွေပါတဲ့ အဆောက်အအုံကြီးတွေ နေစရာ ထိုင်စရာအဖြစ်နဲ့ ဆောက်လုပ်ပေးစရာ မလိုလောက်ဘူးလို့ ယူဆပါတယ်။  သင့််‌လျော်တဲ့ ဘတ်ဂျက်နဲ့ သင့်လျော်တဲ့နေရာမှာ လုံလုံခြုံခြုံအိမ်ရာလေးများ ဆောက်လုပ်ပေးမယ်ဆိုပါက ဆရာဆရာမလေးတွေ ဝမ်းသာနေကြမှာ ဖြစ်ပါတယ်။ ပညာရေးတက္ကသိုလ် အငြိမ်းစား  ပါမောက္ခကြီး ဦးသန်းထွဋ်က ရေးခဲ့ဖူးပါတယ်။ ကြံသည်ကြိတ်စက်အဝသို့ရောက်သော်လည်း ချို‌သောအရသာကို မစွန့်၊ ကျောင်းဆရာအပေါင်း သူတော်ကောင်းတို့သည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း စေတနာ၊ ဝါသနာ၊ အနစ်နာကိုမစွန့်လို့ ရေးခဲ့ဖူးပါတယ်။ ဒါကြောင့် နာသုံး နာနဲ့ ဆရာဆရာမများပီတိစားပြီး ခါးမချိအောင် ပီတိစားပြီးအားရှိရအောင် ပြုလုပ်ပေးနိုင် ပါစေလို့ ဆုတောင်းရင်း ဦးကျော်ဌေးရဲ့အဆိုကို အလေး အနက် ထောက်ခံအပ်ပါတယ်ခင်ဗျား။

ဦးခွန်သန်းထူး (ဆီဆိုင်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်‌သည် တော်များ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ရှေးဦးစွာဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သဂါရဝပြု လိုက်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေရှီးမဲဆန္ဒနယ် ဦးကျော်ဌေး၏အဆိုအား ထောက်ခံအကြံပြု ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဟာ တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ အကျဆုံးနဲ့ အရေးအကြီးဆုံး လိုအပ်ချက်ပဲဖြစ်ပါတယ်။ ဒီလိုလူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ လေ့ကျင့်ပျိုးထောင်ပေး လျက်ရှိတဲ့ အခြေခံပညာကျောင်းများတွင် ကျောင်းသူကျောင်းသားများ စိတ်အေးချမ်းသာလုံခြုံ ပျော်ရွှင်စွာ ပညာသင်ယူနိုင်ဖို့ နိုင်ငံတော်အနေနဲ့သော်လည်းကောင်း၊ ဒေသခံ ပြည်သူလူထုမှ ကိုယ့်အားကိုယ်ကိုးအစီအစဉ်ဖြင့်သော်လည်းကောင်း၊ နိုင်ငံခြား NGO, INGO အကူအညီ ဖြင့်သော်လည်းကောင်း၊ ပြည်တွင်းပြည်ပအလှူရှင်များမှသော်လည်းကောင်း နိုင်ငံတစ်ဝန်းမှာ စာသင်ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းပေးခြင်း၊ ထောက်ပံ့ပေးခြင်းကြောင့် ပြည့်စုံ လုံလောက်မှုမရှိသေးသော်လည်း အထိုက်အလျောက်ပြေလည်မှုရှိလာကြတာ တွေ့မြင်ရပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောင်းဆောင်များ၊ ပရိဘောဂများ၊ စာရေးခုံများ အထိုက်အလျောက် ပြေလည်မှုရှိလာပြီဖြစ်သော်လည်း ပညာကိုလက်ဆင့်ကမ်းသင်ကြားပေး နေသော ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်းများမှာတော့ နေထိုင်စရာအိမ်အခက်အခဲ ဖြစ်နေကြတာ တွေ့ရှိကြားသိနေရပါတယ်။ အဲဒီထဲမှာမှ လေရှီးမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်တင်ပြခဲ့သော လေရှီးမြို့နယ်ရှိ အချို့သောကျေးရွာများ၏ စာသင်ကျောင်းဆောင်၊ ဝန်ထမ်းနေအိမ်များရဲ့ မှတ်တမ်းဓာတ်ပုံကိုတွေ့ရတော့ အင်မတန်မှ စိတ်မချမ်းမြေ့စရာ ဖြစ်ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြို့ကြီးပြကြီးမှာ တာဝန်ကျသော ဆရာဆရာမအချို့ဟာ အိမ်ငှားနေထိုင်ကြရပြီး ငှားရမ်းခကြီးမြင့်တဲ့ အခက်အခဲ ကြုံတွေ့နေကြရသလို နယ်မြို့ငယ် အချို့မှာလည်း မိမိအစီအစဉ်ဖြင့်သာ ငှားရမ်းနေထိုင်ကြရပါတယ်။ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်မှာ  လည်း ကျေးရွာအတော်များများမှာတော့ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုး တော်ဆောင်များနှင့် ဒေသခံပြည်သူလူထုက မိမိတို့၏သားသမီးပညာရေးအတွက် တစ်ဖက်တစ်လမ်း ကြိုးပမ်းမှု အနေဖြင့် ဆရာဆရာမနေအိမ်များကို အခက်အခဲပေါင်းစုံကြားက ရုန်းကန်ဆောက်လုပ်ပေး ခဲ့ကြရပါတယ်။ ဒီလိုဆောက်လုပ်ပေးရာမှာလည်း ဒေသမှာရှိတဲ့ဝါးများဖြင့်သာ အဓိကထား ဆောင်ရွက်ပေးနိုင်သောကြောင့် ယိုယွင်းပျက်စီးမှုမကြာခဏဖြစ်ပြီး ခိုင်ခံ့မှုမရှိတဲ့အပြင် လုံခြုံမှု ကလည်း နည်းပါးလှပါတယ်။ တိုးတက်များပြားလာသော ကျောင်းသားကျောင်းသူများနှင့် အတူ ဆရာဆရာမများလည်းများလာသဖြင့် နေအိမ်မလောက်ငှမှုကြောင့် နေထိုင်ရေးကိစ္စ အတော်ကလေး အခက်အခဲကြုံတွေ့နေရပါတယ်။ စီးပွားရေးကလည်းမပြေလည် လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲသော ဝေးလံတဲ့ တောင်ပေါ်ကျေးရွာများမှာ ဆရာဆရာမ နေစရာ အိမ်သီးခြားမဆောက်လုပ် ပေးနိုင်သောကြောင့် ရွာထဲရှိအလျဉ်းသင့်သောအိမ်များမှာ နေထိုင်ကြရသဖြင့် အဆင်မပြေမှုများ မကြာခဏတွေ့မြင်ကြားသိနေရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ တိုက်ရိုက်အချိုးကျသော ပညာရေး ကဏ္ဍမြင့်မားဖို့အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် ပညာရေးအသုံးစရိတ်ကို ယခုထက်ပိုမို လျာထားသတ်မှတ်ပြီး အဲဒီထဲမှာမှ ဝေးလံခက်ခဲသောဒေသများတွင် အမှန် တကယ်အရေးတကြီး လိုအပ်လျက်ရှိသည့် ကျေးရွာဆရာဆရာမများနေအိမ်အား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်ပါကြောင်း အကြံပြုတိုက်တွန်းပြောကြားရင်း လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၏အဆိုအား လေးလေးနက်နက် ထောက်ခံပါကြောင်း ဆွေးနွေး လိုက်ရပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါ တယ်။

ဦးအောင်လှိုင်ဝင်း (မင်္ဂလာဒုံမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းဖြစ်ပါတယ်။ ဆရာမတွေ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန်အဆိုနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်အတိုင်းအတာက ဖြစ်နိုင်ချေရှိ/မရှိ ဆိုတာနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ် ပါတယ်။ အဲဒီတော့ ဒီဆရာဆရာမတစ်ယောက်အိမ် ဆောက်ဖို့အတွက် ကျွန်တော်တို့ အခြေခံ ဖြစ်တဲ့ Steel Structure နဲ့ အုတ်ညှပ်အဆောက်အဦ ဆောက်မယ်ဆိုလို့ရှိရင် သိန်းသုံးဆယ် လောက်ကုန်မယ်လို့ ခန့်မှန်းတွက်ချက်ရပါတယ်။ အဲဒီတော့ သုံးသန်းပေါ့။ သုံးသန်းကုန်မယ်။ မြန်မာနိုင်ငံမှာ ဆရာဆရာမက လေးသိန်းလောက်ရှိတဲ့အတွက် တစ်နှစ်တည်းအပြီးဆောက် မယ်ဆိုရင်တော့ ကျပ်ငွေဘီလီယံ ၁၂၀၀ လောက်ကုန်မှာဖြစ်ပါတယ်။ ဒီ ၁၂၀၀ ဆိုတဲ့ပိုက်ဆံက တော့ နည်းနည်းလေးများပါတယ်။ အဲဒီတော့ အခုလာမယ့်အစိုးရဘတ်ဂျက်က နေပြီးတော့ နောက်ထပ်အစိုးရသစ်အနေနဲ့ ရေးဆွဲရမယ့်ဘတ်ဂျက်လေးနှစ်ကျန်ပါသေးတယ်။ တစ်နှစ် ကို ဆရာဆရာမတစ်သိန်းအတွက် အိမ်ခြေပေါင်း တစ်သိန်းစီဆောက်သွားမယ်ဆိုလို့ရှိရင်တော့ တစ်နှစ်ကို ဘီလီယံ ၃၀၀ ပဲကျမှာဖြစ်ပါတယ်။ အဲဒီတော့ ဘီလီယံ ၃၀၀ ဆိုတဲ့ပမာဏက ပြည်ထောင်စုဘတ်ဂျက်မှာ ဖြစ်နိုင်တဲ့ပမာဏဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်ထောင်စု ဘတ်ဂျက်က တစ်နှစ်ကို ဘီလီယံပေါင်း ၂၂၀၀၀ သုံးစွဲပါတယ်။ အဲဒီတော့ဆိုလိုတဲ့သဘောက ပြည်ထောင်စုအစိုးရက ပိုက်ဆံ ဘီလီယံ ၂၂၀၀၀ ရှိပါတယ်။ အခု ကိုယ်စားလှယ်ကြီးတင်ပြတဲ့ အိမ်ရာစီမံကိန်းဟာ ဘီလီယံ ၃၀၀ ပဲရှိပါတယ်။ အဲဒီတော့ ကျန်တဲ့ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်တွေထက်လည်း အများကြီးနည်းပါတယ်။ ဥပမာဆိုကြ ပါတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက် ဆိုလို့ရှိရင် ဘီလီယံ ၂၉၀၀ ရှိပါတယ်။ ကိုယ်စားလှယ်ကြီးတင်ပြတဲ့အိမ်ရာစီမံကိန်းက နှစ်စဉ်ဆောက် သွားမယ်ဆိုရင် ဘီလီယံ ၃၀၀ ပဲရှိပါတယ်။ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ဆိုလို့ရှိရင် နှစ်စဉ် ဘီလီယံ ၄၂၀၀ ရှိပါတယ်။ အခု ကိုယ်စားလှယ်ကြီးတင်ပြတဲ့ဟာက ဘီလီယံ ၃၀၀ ပဲရှိပါတယ်။ အဲဒီလိုပဲ လျှပ်စစ်ဝန်ကြီးဌာနရဲ့ဘတ်ဂျက်က ဘီလီယံ ၅၀၀၀ ရှိပါတယ်။ နောက်စက်မှုဝန်ကြီးဌာနရဲ့ ဘတ်ဂျက်အသုံးစရိတ်ဆိုလို့ရှိရင် ဘီလီယံ ၆၀၀ ရှိပါတယ်။ ကိုယ်စားလှယ်ကြီးတင်ပြတဲ့ ဟာက ဘီလီယံ ၃၀၀ ပဲရှိပါတယ်။ အဲဒီတော့ ဒါဟာဖြစ်နိုင်ခြေအတွင်းမှာရှိနေတယ်လို့ ယူဆပါတယ်။

သို့သော် တစ်ခုတော့ရှိပါတယ်။ ကျွန်တော်တို့အဆိုတွေ ဆွေးနွေးပြီးသွားရင် ဝန်ကြီး ဌာနက သဘောထားပြောတဲ့အခါမှာ ဝန်ကြီးဌာနအနေနဲ့ ဆောက်လုပ်ပေးဖို့ဘတ်ဂျက် မရှိပါဘူးဆိုတဲ့အဖြေမျိုးတွေ ကျွန်တော်တို့ကြားရပါတယ်။ ဒါဟာ အခု ဒီအဆိုမှာလည်း ပါပါ တယ်။ ဒါလေးကိုလည်း တစ်ချက် သတိထားသင့်ပါတယ်။ အခုတိုက်တွန်းတာ ဝန်ကြီးဌာနကို တိုက်တွန်းတာမဟုတ်ပါဘူး။ ဝန်ကြီးဌာနအနေနဲ့တော့ ပညာရေးဝန်ကြီးဌာနရဲ့အသုံးစရိတ်ကို ဘီလီယံ ၁၆၀၀ ခန့်ခွင့်ပြုထားတဲ့အတွက် ဒီဘီလီယံ ၃၀၀ သည် ၁၆၀၀ ရဲ့ ၂၀ ရာခိုင်နှုန်း လောက်ဖြစ်နေတဲ့အတွက် ပညာရေးဝန်ကြီး ဌာနကနေပြီးတော့ ဒီဘီလီယံ ၁၆၀၀ ထဲကနေ ပြီးတော့ ပိုက်ဆံကို အတိုင်းအတာတစ်ခုအထိ ဖယ်ထုတ်ပြီးတော့ အိမ်ဆောက်ပေးမယ်ဆိုရင် တော့ ဒီဟာက၊ ဖြစ်ဖို့ကတော်တော်ခဲယဉ်းသွားပါမယ်။ သို့သော် ပြည်ထောင်စုအစိုးရက နေပြီး တော့ ကျန်တဲ့ဝန်ကြီးဌာနတွေရဲ့အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ပြီး‌တော့ ပညာရေး ကဏ္ဍမှာသုံးစွဲမယ်ဆိုရင်တော့ ဒီပိုက်ဆံသည် ဖြစ်နိုင်တဲ့ပမာဏလို့ ကျွန်တော်တို့ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုဘတ်ဂျက်တစ်ခုလုံးရဲ့ ၁.၃ ရာခိုင်နှုန်းပဲရှိပါတယ်။ ဆိုလို တာက ပြည်ထောင်စုအစိုးရက ပိုက်ဆံတစ်ရာသုံးတိုင်း ဒီအိမ်ရာစီမံကိန်း အတွက် ပိုက်ဆံ တစ်ကျပ်ပဲချန်ထားဖို့လိုပါတယ်။ ဒါဟာဆိုလို့ရှိရင်တော့ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆ ပါတယ်။ အဲဒီတော့ ဒီမှာ ဆရာဆရာမလေးသိန်းလုံးအတွက် ဆောက်ဖို့ ကျွန်တော်တိုက်တွန်းလိုပါ တယ်။ ဆရာဆရာမလေးသိန်းခန့်ရှိပါတယ်။ လေးသိန်းလုံးအတွက်ဆောက်ဖို့ တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝေးလံခေါင်ဖျားတဲ့ဒေသတင်မဟုတ်ဘဲနဲ့ မြို့ပြဒေသမှာလည်း ဆရာ ဆရာမများ နေစရာအိမ်မရှိပါဘူး။ ကျေးလက်ဒေသမှာနေတဲ့အခါကျတော့ ပိုက်ဆံမပေးရပေ မယ့် မြို့ပြမှာနေတဲ့ ဆရာဆရာမများက အိမ်ငှားနေရတယ်။ တချို့လည်း လူများအိမ်မှာကပ် နေရတဲ့အခါကျတော့ ပိုက်ဆံ ကုန်ကျစရိတ်ရှိပါတယ်။ အဲဒီတော့ ရတဲ့လစာက အခြေခံဆရာမ တွေဆို ၁၆၀၀၀၀ လောက်ပဲရပါတယ်။ ၁၆၀၀၀၀ လောက်ပဲရတဲ့အချိန်မှာ ကျွန်တော်တို့က ဒီဟာကို အိမ်ငှားခပါထပ်ပေးရမယ်ဆိုရင် မိသားစုကလည်းရှိသေးတယ်။ အိမ်ငှားခပါထပ် ပေးရမယ်ဆိုရင် ဒီပိုက်ဆံက ဘယ်လိုမှမလုံလောက်ပါဘူး။

နောက်တစ်ခုက ခုနကလစာတိုးဖို့ကဟာကလည်း လောလောဆယ်မှာ အစီအစဉ်မရှိ သေးဘူး လို့သိထားရတဲ့အတွက် လစာ ၁၆၀၀၀၀ မှာ ငွေကြေးဖောင်းပွမှုက တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းနဲ့တက်နေပါတယ်။ ငွေကြေးဖောင်းပွမှုက ၁၀ ရာခိုင်နှုန်းဆိုပေမယ့် အခြေခံ စားသောက်ကုန်တွေက ၂၀ ရာခိုင်နှုန်းတက်နေပါတယ်။ မြို့ပြဒေသမှာ။ အဲဒီတော့ ဆိုလိုတာက ပထမပေးစဉ်တုန်းကလည်း ၁၆၀၀၀၀ ပေးထားတယ်။ ဆရာဆရာမတစ်ယောက်ကို။  သို့သော် ၂၀ ရာခိုင်နှုန်းတက်လာတာ ဖြစ်တဲ့အတွက် နှစ်စဉ်ဆရာဆရာမတစ်ယောက်ရဲ့ဝင်ငွေဟာ ၂၀၀၀၀ လောက်စီလျော့သွားတာ တွေ့ရပါတယ်။ အဲဒီတော့ စပေးတုန်းက ၁၆၀၀၀၀ တစ်နှစ် ကြာတဲ့အခါမှာ ၁၄၀၀၀၀၊ နောက်တစ်နှစ်ကြာတဲ့အခါမှာ ၁၂၀၀၀၀ ပဲရှိပါတော့တယ်။ သူရဲ့ တကယ့်တန်ဖိုးက။ တဖြည်းဖြည်း ဒီပိုက်ဆံတွေက လျော့ကျလာတာဖြစ်ပါတယ်။ အဲဒီတော့ ဆရာဆရာမများ၏ဘဝသည် တိုးတက်မလာ ဘဲနဲ့ တဖြည်းဖြည်းတစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ဆင်းရဲလာပါတယ်။ ဒါကိုထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အဲဒီအခါမှာ ပြည်ထောင်စု ဘတ်ဂျက်ကနေပြီးတော့ လစာတိုးမပေးနိုင်တဲ့အချိန်မှာ တခြား ကုန်ကျစရိတ်တွေကို ကာမိအောင် ကျွန်တော်တို့ ဒီဝန်ထမ်းအိမ်ရာဆောက်လုပ်တဲ့ဟာမျိုးနဲ့ ထိန်းထား ဖို့လိုပါတယ်။ မဟုတ်လို့ရှိရင် ဒီဆရာဆရာမများရဲ့ဘဝဟာ ပိုပြီးတော့ဆင်းရဲလာတဲ့အတွက် ဒီ ၁၆၀၀၀၀ ဆိုတဲ့ပိုက်ဆံကလည်း ပညာရေးဝန်ကြီးဌာနတစ်ခုတည်းမှ အလုပ်ရှိတာမဟုတ်ဘူး။ ကျန်တဲ့ ဌာနတွေမှာလည်းအလုပ်ရှိတဲ့အတွက် အရည်အသွေးရှိတဲ့ဆရာဆရာမများက ကျန်တဲ့ဌာန တွေကို ရောက်သွားမှာမျိုးကို ကျွန်တော်တို့စိုးရိမ်ပါတယ်။ ကျန်တဲ့အလုပ်တွေ သွားလုပ်မှာ မျိုးပေါ့။ အဲဒီကျတော့ ကျွန်တော်တို့ ပညာရေးကဏ္ဍမှာ တော်တော်လေးကို ထိခိုက်သွားမယ့် အခြေအနေမျိုးရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် ဈေးကွက်စီးပွားရေးစနစ်မှာ အဓိကကတော့ ကိုယ်ပေး လိုက်တဲ့ဝန်ဆောင်မှုလုပ်ငန်းအတွက် ဘယ်လောက်ပြန်ရမလဲဆိုတာနဲ့ ဈေးကွက်ကြီးကို မောင်းနှင်တာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ပိုက်ဆံမပေးဘဲနဲ့ နာသုံးနာတို့၊ စေတနာနဲ့ လုပ်နေတာလို့ ဒါတွေပြောနေတာက ဒါက ဈေးကွက်စီးပွားရေးစနစ်နဲ့ ဘယ်လိုမှ မဆီလျော် ပါဘူး။ ဆရာဆရာမများအလုပ်က နာရေးကူညီမှုအသင်းလို လူမှုရေးလုပ်ငန်းလို အလုပ် မဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါတယ်။ တူတူတန်တန်ပြန်ပေးဖို့ လိုပါ တယ်။ အခုမြန်မာနိုင်ငံမှာဖြစ်နေတာက တူတူတန်တန်ပြန်မပေးတဲ့အပြင် ရှိတဲ့လစာ တောင်မှ ငွေကြေးဖောင်းပွမှုနဲ့ တဖြည်းဖြည်းပြုန်းတီးနေတာဖြစ်တဲ့အတွက် အဲဒါကို ကာကွယ်တားဆီးဖို့ အတွက် အဆိုရှင် ဦးကျော်ဌေးတင်သွင်းသွားတဲ့ ပြည်ထောင်စုဘတ်ဂျက်ကလည်း ခွင့်ပြုနိုင်တဲ့ ပမာဏဖြစ်တဲ့ အတွက် ဆရာဆရာမများအတွက် အိမ်ဆောက်လုပ်ဖို့ကို လေးလေးနက်နက် ထောက်ခံပါကြောင်း ပြောကြားရင်းနိဂုံးချုပ်ပါတယ်။

ဦးဦးထွန်းဝင်း (ကျောက်တော်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း အားလုံးပဲ သာလေစွပါလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ဖြစ်ပါတယ်။ အဆိုရှင် ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်ရဲ့အဆို ကို ထောက်ခံဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။

          လေးစားရပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်တဲ့ ပညာရေးကဏ္ဍမှာ ဆရာဆရာမများက အဓိကဇာတ်ဆောင်တွေ၊ လူ့အဖွဲ့အစည်း တစ်ခုရဲ့ လမ်းပြမီးရှူး တန်းဆောင်တွေဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ မြန်မာ့လူ့ အဖွဲ့အစည်းမှာ ခေတ်အဆက်ဆက် ပညာရေးဝန်ထမ်းဆရာဆရာမတွေဆိုတာ မိမိတို့ ကိုယ်တိုင်ရဲ့ အခက်အခဲ၊ လိုအပ်ချက် တွေအပေါ်မှာ မိမိတို့ရဲ့ ဂုဏ်သိက္ခာအရသော် လည်းကောင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့်သော် လည်းကောင်း ထုတ်ဖော်ကြေညာမှု အားနည်းတတ်တဲ့ Silent Community တစ်ခု ဖြစ်ပါတယ်။ လေးစားရပါတဲ့ လွှတ်တော်ဥက္ကဋ္ဌ ကြီးခင်ဗျား။ အထူးသဖြင့် ဖွံ့ဖြိုးမှုအားနည်းတဲ့ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ ဆရာမတွေရဲ့ဘဝတွေဟာ အင်မတန်ကြမ်းတမ်းပါတယ်။ ဥပမာ ကျွန်တော်တို့ ကျောက်တော် မြို့နယ်မှာ ရွာပေါင်း ၃၀၀ နီးပါးရှိပါတယ်။ အဲဒီမှာ မြို့ပေါ်က ဆရာဆရာမတွေကို ဗဟိုပြုပြီး တော့ စဉ်းစားရင် နေ့ချင်းပြန်သွားလို့ရတဲ့ ကျေးရွာက ၆၀ လောက်ပဲရှိပါတယ်။ ကျန်တဲ့ ကျေးရွာတွေမှာတော့ အဲဒီဒေသမှာပဲ အခြေချနေထိုင်ပြီးတော့ တာဝန်ထမ်းဆောင်ကြရပါ တယ်။ တချို့အဆင်ပြေတဲ့ရွာတွေမှာဆိုရင် ရွာကကူညီဆောက်ပေးထားတဲ့ ဝန်ထမ်းအိမ် ကလေးတွေရှိသလို၊ တချို့ရွာတွေမှာဆိုရင် အခြားမျက်နှာစိမ်းအိမ်တွေမှာ အဖီဆွဲပြီးတော့ ခိုကပ်နေကြရပါတာ တွေရှိပါတယ်။ ဆွေးမတော်မျိုးမစပ်တဲ့ သူတစ်ပါးအိမ်မှာနေရတဲ့ အခြေ အနေတွေဆိုတာဟာ အင်မတန်မှ ကျဉ်းကျပ်တယ်ဆိုတာ လူတိုင်းခံစားလို့ရတဲ့ကိစ္စဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ၊ ကိုယ်ဝါသနာပါရာ၊ ကိုယ့်အလုပ်အပေါ်မှာ အာရုံစိုက်ပြီးတော့ မလုပ်နိုင်တဲ့ အပြင် တခြားသော အဆင်မပြေမှုတွေ၊ မလိုလားအပ်တဲ့လူမှုပြဿနာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်တိုင်ဆောက်လုပ်ကြတဲ့ ဝန်ထမ်းမိသားစုတွေမှာလည်းဘဲ ငွေကြေးအခက်အခဲကြောင့် လည်းကောင်း၊ ဝန်ထမ်းသဘောသဘာဝအရ အခြေချနေထိုင်ဖို့ အစီအစဉ်တွေလည်း မရှိတဲ့ အခါကျတော့ ဒေသထွက်ပစ္စည်းတွေနဲ့ ဖြစ်သလို ခနော်ခနဲ့နှင့် ဆောက်နေကြရတဲ့ အခြေအနေ တွေကို နယ်တွေမှာ အများကြီးတွေ့နေကြရပါတယ်။ ပြီးခဲ့တဲ့အခေါက် နယ်ကိုဆင်းတော့ ဆရာဆရာမတွေ ရွှံ့ဗွက်တွေထဲမှာ မိုးမလုံ၊ လေမလုံနဲ့ ဖြစ်သလို တာဝန်ထမ်းဆောင်နေကြရတဲ့ ဝန်ထမ်းတွေကို ကျွန်တော်တို့စိတ်မကောင်းစွာ အများကြီး တွေ့ခဲ့ရပါတယ်။ မိုးရွာလေတိုက်ရင် ဘယ်လိုနေလဲမေးတော့ နီးစပ်ရာအဆောက်အဦဆီ ပြေးကြရ တယ်လို့ ဆိုပါတယ်။

          လေးစားရပါတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့လို တိုးတက်လာနေတဲ့ခေတ်ကြီးမှာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်၊ အားနည်းချက်၊ မိသားစုတစ်ခုရဲ့မပြည့်စုံမှု၊ မလုံခြုံမှု၊ အာမခံချက် မရှိတဲ့ဘဝတွေနဲ့ ကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလို ပီတိကိုစားပြီး ဗိုက်မဝတဲ့အခြေအနေ အနေအထားတွေဟာ စိတ်ပိုင်းဆိုင်ရာကိုပါ အများကြီးထိခိုက် ကျဆင်း စေပါတယ်။ မိမိတို့လုပ်ငန်း တာဝန်တွေအပေါ်မှာ ထက်သန်တက်ကြွမှုတွေကို အနည်းအများ လျော့နည်းစေတယ်ဆိုတာ ငြင်းမရပါဘူး။ ဒါတွေဟာ ထူးချွန်ထက်မြက်တဲ့၊ အရည်အချင်း ပြည့်ဝတဲ့ ဝန်ထမ်းကောင်းတွေ ထွက်ပေါ်လာရေးမှာလည်း အဟန့်အတားတွေဖြစ်စေပါတယ်။ ကျွန်တော်တို့မပြည့်စုံတဲ့၊ ဖြစ်သလိုနေရတဲ့ အနေအထားတွေဟာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမှု၊ တန်ဖိုးထားမှုတွေလည်းလျော့နည်းစေပါတယ်။ အခြားအရေးကြီးတဲ့ ကိစ္စတစ်ခု ကတော့ ဆရာဆရာမတွေဆိုတာ ကလေးတွေရဲ့ နှလုံးသားကို အလွှမ်းမိုးနိုင်ဆုံးပုံရိပ်တွေ၊  တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးနေတဲ့သူတွေ၊ လူ့အဖွဲ့အစည်း တစ်ခုရဲ့အရွေ့အတွက် ပါဝါတွေပိုင်ဆိုင်ထားတဲ့သူတွေဖြစ်တဲ့အတွက် ဘွဲ့ရပညာတတ်ကြီးတွေ ဖြစ်တဲ့ ဆရာဆရာမတွေရဲ့ ဖြစ်သလိုနေရတဲ့အနေအထားတွေဟာ ကလေး တွေရဲ့ စံလွဲမှုကို လည်း ဖြစ်ပေါ်စေပါတယ်။ ဒါတွေအားလုံးဟာ ပညာရေးပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လမ်းကြောင်းထဲမှာ မမြင်ရတဲ့စိန်ခေါ်မှုထဲက တစ်ခုဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် တို့ပညာရေးနှင့်ပတ်သက်လာရင် ကမ္ဘာမှာ နံပါတ်တစ်ဖြစ်နေတဲ့ တောင်ကိုရီးယား နိုင်ငံကို ဥပမာထားပြောကြတာများပါတယ်။ အဲဒီနိုင်ငံရဲ့ ပညာရေးတိုးတက်မှုရဲ့နောက်ကွယ်မှာ ပညာရေးဝန်ထမ်းတွေကို နိုင်ငံတော်ကအကောင်းဆုံးလစာတွေနဲ့ လုံခြုံတည်ငြိမ်ပြီး ဂုဏ် သိက္ခာရှိရှိရပ်တည်နိုင်အောင် တာဝန်ယူပေးထားနိုင်တာကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်တယ်ဆိုပြီး သုံးသပ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံလိုပဲ ဒေသတွင်းနိုင်ငံထဲမှာ ပုံသဏ္ဌာန် တူတဲ့ နိုင်ငံတစ်နိုင်ငံရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပါတယ်။ နိုင်ငံတော်ကပြီးပြည့်စုံစွာ တာဝန်မယူပေးနိုင်သော ပညာရေးအလုပ်တွေကို အခြားဒုတိယအလုပ်တွေနဲ့တွဲပြီး လုပ်လာကြ ရတယ်။ ပညာရေးမှာ စိတ်ဝင်စားမှု နည်းလာတယ်။ စာသင်ချိန်တွေလျော့နည်းလာတယ်။ ကျောင်းသားနှင့်ဆရာဆရာမတွေကြားမှာ အဂတိလိုက်စားမှုတွေ ကြီးထွားလာတယ်။ ဒါကြောင့် ပညာရေးစနစ်ဟာ အခြေအနေဆိုးရွားလာနေတယ်ဆိုပြီး လေ့လာဖတ်ရှုရပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပညာရေးအသုံးစရိတ်ဟာ မြန်မာနိုင်ငံထက် နှစ်စဉ်အလိုလို မြင့်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဆရာဆရာမတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်နေသမျှ အဲဒီပညာရေး စနစ်ဟာ တိုးတက်ဖို့မလွယ်ဘူးဆိုတာ သက်သေပြနေတာ ဖြစ်ပါတယ်။ 

          လေးစားရပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂၆ ပုဒ်မခွဲ(ခ)မှာလည်းပဲ နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင် အာမခံ ချက်ရရှိရေး၊ စားဝတ်နေမှုဖူလုံရေးအတွက် လိုအပ်တဲ့ဥပဒေများပြဋ္ဌာန်းရမယ်လို့ အတိ အလင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ပြောင်းလဲလာတဲ့ခေတ်စနစ်တွေနဲ့အညီ တိုင်းပြည် အတွက် အရေးကြီးတဲ့ ပညာရေးပဲ့ကိုင်ရှင်၊ လူ့အဖွဲ့အစည်းအတွက် မီးရှူးတန်ဆောင်ဖြစ်တဲ့ ပညာရေးဝန်ထမ်း ဆရာဆရာမများအတွက် အမှန်တကယ်လိုအပ်ချက်အခြေ အနေဖြစ်တဲ့ အတွက် ဒီအဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း ပြောကြားရင်းနိဂုံးချုပ်ပါတယ်။ ကျေးဇူး တင်ပါတယ်ခင်ဗျား။

ဦးအောင်သန်းစိန် (ခန္တီးမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း               လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဝန်ထမ်းဆရာ ဆရာမများ အတွက် နေစရာဝန်ထမ်းအိမ်ရာမရှိတဲ့အခါ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများရဲ့ သင်ကြားသင်ယူမှုဖြစ်စဉ်မှာ အနှောင့်အယှက်  ဖြစ်ပေါ်စေခြင်းများကို ဆွေးနွေးလိုပါတယ်။ ကျွန်တော်တို့ဘက်ဒေသမှာ ကျောင်းဆရာဆရာမများ ရောက်လာရင် နေစရာဝန်ထမ်းအိမ်ရာ မရှိတဲ့အခါ စာသင်ကျောင်း သို့မဟုတ် ကျေးရွာလူကြီးများ စီစဉ်ပေးတဲ့အဆောက် အဦနေရာ တွေမှာ နေကြရပါတယ်။ မိသားစုနည်းတဲ့အိမ်တွေမှာ အတူပေါင်းပြီး နေခိုင်းတာလည်း ရှိပါ တယ်။ ဒါကတော့ ကျေးရွာဒေသ၊ ကျေးရွာများမှာ ဖြစ်ပါတယ်။ စာသင်ကျောင်း များဟာ များသောအားဖြင့် ရွာအစွန်အဖျား၊ ရွာအပြင်ဘက်မှာ ဆောက်ထားကြတာများပါတယ်။ တာဝန်နဲ့ရောက်လာတဲ့ ဆရာဆရာမများဟာ အသက်ကငယ်ငယ်၊ အကာအရံ မလုံခြုံတဲ့ ကျောင်းများကျေးရွာလူကြီးများစီစဉ်ပေးထားတဲ့ အဆောက်အဦများနေရာမှာ နေရတဲ့အခါ စိတ်မလုံခြုံမှုများ ခံစားရမှာ သေချာပါတယ်။ စိတ်လုံခြုံမှုမရှိဘဲ ဆရာဆရာမတစ်ယောက်ဆီက ထွက်လာတဲ့ ပညာရေးနို့ရည်ကြည်ဟာ ကျောင်းသားကျောင်းသူတွေအတွက် အာဟာရ အပြည့်အဝ ပါလာနိုင်ပါ့မလားဆိုတာ ကိုယ်စားလှယ်တော်ကြီးများ စဉ်းစားစေချင် ပါတယ် ခင်ဗျား။ ကျွန်တော့်အနေနဲ့တော့ သင်ကြားသင်ယူမှု ရည်ရွယ်ချက်အောင်မြင်နိုင်ဖို့ ခက်ခဲလိမ့် မယ်လို့ ထင်မိပါတယ်။ မိသားစုနည်းတဲ့အိမ်တွေမှာ ပေါင်းပြီးနေရမယ်ဆိုရင် ဆရာဆရာမ များဟာ နှစ်ရှည်လများကြာလာတဲ့အခါ အိမ်ရှင်နှင့် အဆင်ပြေ တာရှိသလို၊ အဆင်မပြေတာ လည်းရှိလာမှာ သေချာပါတယ်။ စိတ်အနှောင့်အယှက်လေးတွေ တစ်ခါတလေရှိလာတဲ့ အခါမှာ ဆရာဆရာမတစ်ယောက်အနေနဲ့ ကျောင်းသားကျောင်းသူများကို စိတ်ကြည်ကြည် လင်လင်နဲ့ ပညာသင်ကြားပို့ချနိုင်ဖို့ ခဲယဉ်းလာနိုင်ပါတယ်။ ပညာရေးဌာနရဲ့ ရည်မှန်းချက် ပေါက်မြောက်ဖို့  အဟန့်အတားဖြစ်စေမှာ သေချာပါတယ်။ ကျွန်တော်တင်ပြခဲ့တဲ့ အချက်တွေ ကတော့ ကျေးလက်ဒေသများမှာ တာဝန်ကျတဲ့ ဆရာဆရာမတချို့ရဲ့ ခံစားမှုနှင့် ပညာရေး အပေါ်သက်ရောက်မှုများ ဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြို့ပေါ် သို့မဟုတ် မြို့မကျ တောမကျအရပ်မှာတာဝန်ကျတဲ့ ကျောင်းဆရာဆရာမများဆိုလျှင် ပိုပြီးအခက်အခဲတွေ့မယ်လို့ ထင်ပါတယ်။ မြို့ပေါ်မှာတာဝန်ကျတဲ့ဆရာဆရာမများ နေဖို့အိမ်ရာမရှိတဲ့အခါ အိမ်ငှား နေကြရတာ လည်းရှိပါတယ်။ အခုခေတ်အိမ်ငှားခမှာလည်း အိမ်ခန်းလေးတစ်ခန်းဆိုရင်  လေး၊ ငါးသောင်း ပေးနေရပါတယ်။ မိမိရဲ့လစာငွေကို နေရေးအတွက် အိမ်ငှားခ လေး၊ ငါးသောင်း ပေးပြီး ကျန်တာကို စားဝတ်နေရေးမှာ အဓိကသုံးကြရမယ်ဆိုလျှင် ကျန်းမာရေးနှင့်အခြား လူမှုရေးကိစ္စများပေါ်လာပါက ဘာနဲ့အသုံးပြုရမလဲဆိုတာ ဖြစ်လာပါမယ်။ ဒီအခါ ဆရာ ဆရာမများအတွက် အခက်အခဲကြုံတွေ့ လာမှာဖြစ်ပြီး ဆင်းရဲမွဲတေမှုစာရင်းထဲမှာ ပါလာနိုင်ပါ တယ်။ ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတဲ့ ခေါင်းစဉ်ဟာလည်း အောက်ခြေနိုင်ငံ့ဝန်ထမ်းများ ကြားမှာ ယုံတမ်းစကားအဖြစ်ကျန်ရစ်မှာဖြစ်ပြီး ဆရာဆရာမများအဖို့ ဆင်းရဲမွဲတေခြင်းထဲက လွတ်မြောက်လာမှာမဟုတ်တဲ့အပြင် ပညာရေး ရည်မှန်းချက်များ ထိခိုက်လာမှာသေချာပါ တယ်ခင်ဗျား။ 

          ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိကျွန်တော်တို့ဒေသမှာ ဆရာဆရာမများရဲ့အခက်အခဲတွေကို ကျေးရွာလူကြီးများက အနီးကပ်တွေ့မြင်ရတဲ့အတွက် ကျောင်းသားမိဘများနှင့်ပူးပေါင်းကာ ကျောင်း ဆရာဆရာမများအတွက် နေအိမ်အဆောက်အဦများ ဆောက်လုပ်ပေးကြတာ တွေ့ရပါတယ်။ တချို့ နေရာမှာတော့ အကာအရံလုံလုံခြုံခြုံရှိပေမဲ့ တချို့ဒေသတွေမှာတော့ မလုံမခြုံတွေ့ရပါတယ်။ လုံခြုံသည်ဖြစ်စေ၊ မလုံခြုံသည်ဖြစ်စေ ဆရာဆရာမနေအိမ် အဆောက်အဦများကို ကျေးရွာလူကြီးများနှင့် ကျောင်းသားမိဘများက တာဝန်ယူဆောက်ပေး ရသဖြင့် မိဘများအတွက် ဝန်ထုပ်ဝန်ပိုး ထမ်းပိုးနေရတာတွေ့ရပါတယ်။ ကျောင်းသားမိဘ များရဲ့ ဝန်ကို လျော့အောင်လုပ်ပေးတဲ့ပညာရေးစနစ်မှာ ဆရာဆရာမများရဲ့နေအိမ်အတွက် တာဝန်ယူရတဲ့မိဘများအဖို့ ဝန်လျော့အောင်လုပ်ပေးတဲ့ပညာရေးစနစ် ဟုတ်ရဲ့လားလို့ စဉ်းစားရမလိုဖြစ်နေပါတယ်ခင်ဗျား။ နိဂုံးချုပ်အနေနဲ့ အခြေခံလူတန်းစား သာမန် လူသား များရဲ့ ဘဝမှာ စားဝတ်နေရေးဟာအဓိကလိုအပ်ချက်များဖြစ်ပါတယ်။ ဒီထဲက ကျောင်းဆရာ ဆရာမများအဖို့ နေေ‌ရးမလုံခြုံတဲ့အခါ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုကိုတော့ ထိခိုက်စေမှာ သေချာပါ တယ်။ ဒါကြောင့် ဉာဏစစ်သည်များလို့ခေါ်တဲ့ ဆရာဆရာမများရဲ့နေရေးအတွက် ပညာရေးဝန်ထမ်း အိမ်ရာများကို နိုင်ငံတော်ကအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ပညာရေးရည်မှန်းချက်တွေ အောင်မြင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သို့အတွက်ကြောင့် လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို ထောက်ခံ ဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဦးဝမ်းလှ (နန်းယွန်းမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါ ခင်ဗျား။ ကျွန်တော်ကတော့ နန်းယွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှ ဖြစ်ပါတယ်။ လေးရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဦးကျော်ဌေးရဲ့အဆိုကို ရှေ့မှာ လည်း စုံစုံလင်လင် ဆွေးနွေးသွားခဲ့ကြပြီး ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်ကို အခြေပြုပြီး ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်ရဲ့မဲဆန္ဒနယ်မြေမှာ ကျေးရွာပေါင်း ၁၁၀ ရှိပါတယ်။ အဲဒီကျေးရွာတွေမှာ တာဝန် ထမ်းဆောင်ကြတဲ့ ပညာရေးဝန်ထမ်းအများစုဟာ ရပ်ဝေးကလာတဲ့ ဆရာဆရာမတွေပဲ ဖြစ်ပါ တယ်။ ခက်ခဲပေမယ့်လို့ ကြိုးစားပြီးဆိုင်ကယ်နဲ့သွားရတဲ့ ကျေးရွာတွေရှိသလို ညအိပ်ခြေကျင် သွားရတဲ့ခရီးသွားတွေ တော်တော်များပါတယ်။ သွားလာရတဲ့လမ်းခရီးတွေက ခက်ခဲ ပြီးတော့ တာဝန်ကျတဲ့ရွာကို ရောက်လာကြတဲ့အခါမှာ လုံခြုံမှုမရှိတဲ့၊ ဒေသခံတွေ ဆောက်ပေးတဲ့ ဝါးအိမ်လေးတွေမှာပဲ အဆင်ပြေသလိုနေပြီး တာဝန်ထမ်းဆောင်ကြရပါတယ်။ ဒီတော့ ရာသီဥတု ကြောင့် ဒီအိမ်တွေကိုလည်းပဲ ခဏခဏပြုပြင်ရပါတယ်။ ဒီလိုပြုပြင်ရတဲ့အတွက်ကြောင့်မို့လို့ ဒေသခံတွေအတွက် ဆရာဆရာမများနေဖို့ နေအိမ်ဆောက်ပေးရတာဟာ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုဖြစ်ပါတယ်။ တချို့ကတော့ ရွာလူကြီးတွေစီစဉ်ပေးတဲ့အိမ်တွေမှာ နေရတယ်ဆိုပေမယ့် လို့ ရေရှည်အတွက်ကတော့ အခက်အခဲအများကြီး တွေ့ရပါတယ်။ ဒီလိုအခက်အခဲတွေ စုံလာများလာတဲ့အခါမှာ ကလေးတွေကို ပညာသင်ကြားပေးဖို့ စိတ်အနှောင့်အယှက်ဖြစ်လာ တယ်။ စိတ်ဓာတ်တွေကျလာတယ်။ အစစအရာရာ ကုန်ဈေးနှုန်း မြင့်မားမှုတွေ ငွေကုန်ကြေး ကျတွေ များတယ်။ အဆက်အသွယ်တွေခက်ခဲသလို နေထိုင်ရေးအဆင် မပြေမှု အခက်အခဲ တွေ့ကြုံနေရခြင်းဟာ ပညာသင်ကြားပေးတဲ့ဆရာဆရာမများအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအများကြီးဖြစ်စေပါတယ်။ ဒီတော့ ပညာသင်ကြားမှုခံယူနေကြတဲ့ ဌာနေ တိုင်းရင်းသား ကလေးများရဲ့    အနာဂတ်အတွက်လည်းပဲ အတားအဆီးဖြစ်လာစေပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် ဒီလိုဝေးလံပြီး ခက်ခဲတဲ့ကျေးလက်ဒေသတွေမှာ ကြံ့ကြံ့ ခံပြီးမှ နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်ကြတဲ့ ပညာရေးဝန်ထမ်းတွေအတွက် ဝန်ထမ်း အိမ်ရာတွေဟာ အမှန်တကယ်မရှိမဖြစ် အရေးကြီးလိုအပ်နေပါတယ်။ လူ့အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ခြင်းဟာ နိုင်ငံနှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ဖို့ အဓိကအချက်ဖြစ်သလို ကျေးလက်နေ ပြည်သူများရဲ့ လူနေမှုဘဝတိုးတက် မြင့်မားလာနိုင်ဖို့ ပညာရေးကဏ္ဍဟာဆိုရင်လည်း အရေးကြီးတာဖြစ်လို့ နိုင်ငံတော်အနေနဲ့ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မကြာသေးခင်ကပဲ ကျွန်တော်တို့မြို့နယ်အချို့မှာ ဝန်ထမ်း အိမ်ရာတွေအတွက် ဘတ်ဂျက်တွေချပေးပြီဆိုတာကို သိရလို့ အနည်းငယ်ဝမ်းသာရပါတယ်။ ဒီလိုဝန်ထမ်းအိမ်ရာတွေအတွက် ဘတ်ဂျက်တွေချပေးတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နယ်စပ်ဒေသများအတွက်ဆိုရင် ဒေသပေါက်ဈေးကို လိုက်ပြီးတော့ ဘတ်ဂျက်ချပေး ဖို့ရန်အတွက်လည်းပဲ လိုအပ်တယ်လို့ အကြံပြုလိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြို့ပြတွေမှာ သိန်း ၁၀၀၀ နဲ့ သတ်မှတ်အဆောက်အဦတစ်ခုကို ဟိန်းနေအောင်ဆောက်လို့ ရပေမဲ့လို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာကတော့ သာမန်ပျဉ်ခင်း ကပ်ကာအဆင့်လောက်ပဲ ဆောက်လို့ရနိုင်တာဖြစ်ပါတယ်။ ထိုနည်းတူစွာ ကျေးလက်ဒေသ အခြေခံကျောင်းတွေမှာ တာဝန်ထမ်းဆောင်ကြတဲ့ ပညာရေးဝန်ထမ်းတွေအတွက် လစာငွေ  တိုးမြှင့်ပေးဖို့ကိုလည်း အထူးတင်ပြ လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ဒီလိုနိုင်ငံတော်က ဝေးလံခေါင်းပါးတဲ့နယ်စပ်ဒေသတွေမှာ တာဝန် ထမ်းဆောင် ကြတဲ့ပညာရေးဝန်ထမ်းတွေသာမက မြို့ပြတွေမှာပါ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းတွေအတွက်လည်းပဲ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပေးမယ်ဆိုလို့ရှိရင် ဆရာဆရာမတွေဟာ လုံလုံခြုံခြုံနဲ့နေလို့ရမှာဖြစ်သလို ကောင်းမွန်စွာပညာသင်ကြားနိုင်ရေး အတွက်လည်း များစွာအထောက်အကူရှိလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်  အပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဦးလှထွန်းကျော် (မောင်‌တောမဲဆန္ဒနယ်) မှဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့်ဝန်ကြီး များနှင့် လေ့လာသူရောက်ရှိနေကြတဲ့ ဧည့်သည်တော်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ လိုပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ မောင်တောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေရှီးမဲဆန္ဒနယ်က ဦးကျော်ဌေး တင်သွင်းတဲ့အဆိုကို မိမိရဲ့မဲဆန္ဒနယ်က ဒေသအခြေအနေကို ထောက်ပြပြီးတော့ ထောက်ခံဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မဲဆန္ဒနယ်ဖြစ်တဲ့ မောင်တော မြို့နယ်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အနောက်တံခါး၊ ရခိုင်ပြည်နယ်ရဲ့ အနောက်တံခါးလို့ဆိုနိုင်တဲ့ ထူးခြားတဲ့မြို့နယ်တစ်မြို့နယ်ဖြစ်ပါ တယ်။ ကျွန်တော်တို့ မြို့နယ်ဟာ မြို့ပေါ်မှာ ရပ်ကွက်ခြောက်ခုရှိပါတယ်။ အခု မြို့သစ်တည်နေတဲ့ သုံးခု ရှိပါတယ်။ ကျေးရွာပေါင်းကတော့ ၃၆၄ ရွာ တည်ရှိပါတယ်။ တစ်မြို့နယ်လုံးရဲ့လူဦး‌ရေကတော့ ၅၂၅၅၁၃ ဦး နေထိုင်လျက်ရှိကြပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး ဖြစ်ကြတဲ့ ရခိုင်ရယ်၊ ဗမာရယ်၊ သက်ရယ်၊ ဒိုင်းနက်ရယ်၊ မြိုရယ်၊ မရမာကြီးရယ်ဆိုတဲ့ တိုင်းရင်းသား မျိုးနွယ်စုက ၄၉၀၃၁ ယောက်ရှိပါတယ်။ ကျန်တဲ့ လူဦးရေ လေးသိန်းကျော်ကတော့ ကျွန်တော်တို့ရဲ့ ဘာသာမတူ မျိုးနွယ်ခြားလူမျိုးများဖြစ်ကြပါတယ်။ ကျွန်တော်တို့ မောင်တော  မြို့နယ်မှာ ပညာရေးဌာနက ဖွင့်လှစ်ပြီးတော့ သင်ကြားထားတဲ့ကျောင်းအနေနဲ့ တင်ပြရရင် အ.ထ.က ကျောင်းက ခြောက်ကျောင်းရှိပါ တယ်။ အ.ထ.က(ခွဲ)က ၁၀ ကျောင်းရှိပါတယ်။ အ.လ.ကကျောင်းက တစ်ကျောင်းပါ။ အ.လ.က(ခွဲ)က ၁၃ ကျောင်းပါ။ မူလွန်ကျောင်းက ၉၄ ကျောင်းရှိပါတယ်။ အ.မ.ကကျောင်းက ၃၉ ကျောင်း၊ အ.မ.က (ခွဲ)က ၂၀ ကျောင်းရှိပါတယ်။ အဲဒီမှာ အထက်တန်းပြဆရာက ၁၂၉ ဦး၊ အလယ်တန်းပြဆရာဆရာမ က ၃၂၃ ဦး၊ မူလတန်းပြဆရာဆရာမက ၇၅၂ ဦး စုစုပေါင်း ကျောင်းပေါင်း ၁၈၃ ကျောင်းနှင့် ဆရာ ဆရာမပေါင်း ၁၂၀၄ ဦးရှိပါတယ်။ ကျောင်းသားကျောင်းသူပေါင်းကတော့ ၉၂၃၁၄ ဦးရှိပါတယ်။ အဲဒီလို ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဆရာမတွေဟာ ဒေသခံပညာရေးဝန်ထမ်းအနေနဲ့ ၃၀ ရာခိုင်နှုန်းသာရှိပြီးတော့ ကျန်တဲ့ ၇၀ ရာခိုင်နှုန်း ဆရာဆရာမတွေကတော့ ရခိုင်ပြည်နယ်အတွင်း မြို့နယ်ခြားက ဆရာဆရာမတွေ၊ တိုင်း ဒေသကြီး/ ပြည်နယ်ခြားက လာရောက်တာဝန် ထမ်းဆောင်ကြတဲ့ ပညာရေးဝန်ထမ်းများ ဖြစ်ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးတော့ ကျေးလက်ကျောင်းများမှာ တာဝန်  ထမ်းဆောင်နေကြတဲ့ ဆရာဆရာမများဟာ ရေမြေဒေသအခြေ အနေ အေးချမ်းတည်ငြိမ်မှု မရှိတဲ့အတွက်ကြောင့် လည်းကောင်း၊ ဒေသတစ်ခုလုံးမှာ တိုင်းရင်းသားရွာ နည်းပါးတဲ့  အတွက်ကြောင့်လည်းကောင်း၊ ဘာသာခြားကျေးရွာကျောင်းများ များပြားတဲ့အတွက် ကြောင့် လည်းကောင်း၊ နိုင်ငံတော်က ဖွင့်လှစ်ထားတဲ့ ပညာရေးကျောင်းများမှာ တာဝန်ထမ်းဆောင်နေ ကြတဲ့ ဆရာဆရာမများဟာ နယ်မြေဒေသရဲ့‌နယ်ခြားစောင့်တပ်စခန်းရှိရာကို စုရပ်အနေနဲ့ ထားပြီးတော့ ကျွန်တော်တို့ စုရပ် ၂၁ ခု ခွဲပြီးမှ စုပေါင်းနေထိုင်ပြီးတော့ တာဝန် ထမ်းဆောင်နေကြရပါတယ်။ အဲဒီမှာ ကျွန်တော်တို့နေထိုင်တဲ့ စုရပ်ရဲ့ အရေအတွက်လောက်ကို အကြမ်းဖျင်းတင်ပြရရင်တော့ ဆရာဆရာမ ၆၀ ဦးကနေ ၇၀ ဦးထိ နေထိုင်တဲ့ စုရပ်က နှစ်ခုရှိပါတယ်။ ၅၀ ဦးကနေ ၆၀ ဦး ကြား    နေထိုင်တဲ့ ဆရာဆရာမ စုရပ်က နှစ်ခုရှိပါတယ်။ ၄၀ ဦးနဲ့ ၅၀ ဦးကြားမှာနေထိုင်တဲ့ ဆရာဆရာမ စုရပ်က သုံးခုရှိပါတယ်။ ၃၀ ဦးနဲ့ ၄၀ ဦးကြားမှာကတော့ နှစ်ခုပါ။ ၂၀ ဦးနဲ့ ၃၀ ဦး ကြားမှာ နေထိုင်တဲ့ဆရာဆရာမစုရပ်ကတော့ နှစ်ခုပါ။ နောက် ၁၀ ဦးကျော်နဲ့ ၂၀ ဦးကြားမှာနေထိုင်တဲ့ ဆရာဆရာမစုရပ်က ၁၀ ခုရှိပါတယ်။ အားလုံးပေါင်း စုစုပေါင်း စုရပ်က ၂၁ ခု၊ ဆရာဆရာမပေါင်း ၆၄၀ ဦးကျော် ကျွန်တော်တို့ အဲဒီလို အခက်အခဲမျိုးစုံကြားက စုရပ်အနေနဲ့ နေထိုင်ပြီးမှ ခက်ခက် ခဲခဲနေထိုင်ရပါတယ်။ အဲဒီလို စုရပ်နေထိုင်ရတဲ့ ပညာရေးဝန်ထမ်းများဟာ ဒေသအတွင်းမှာရှိတဲ့ NGO အဖွဲ့ အစည်းရဲ့ ပံ့ပိုးပြီးတော့ ဆောက်ပေးတဲ့အဆောက်အဦမှာနေထိုင်တဲ့ ဆရာဆရာမရှိသလို ကိုယ်ထူ ကိုယ်ထအဆောက်အဦတွေ ဆောက်ပြီးတော့ နေထိုင်တဲ့ဆရာဆရာမတွေ လည်းရှိကြ ပါတယ်။ တချို့သောကျေးရွာတွေမှာကျတော့ ငှားရမ်းပြီးတော့ရတဲ့ရွာတွေမှာ ငှားရမ်းပြီးတော့ သော်လည်းကောင်း၊ တချို့သောဆရာဆရာမတွေကျတော့ ကျောင်းဆောင်တွေရဲ့ဘေးမှာ အဖီကလေးတွေချပြီးတော့ အခက်အခဲမျိုးစုံနဲ့နေထိုင်ပြီး စိတ်ဆင်းရဲကိုယ်ဆင်းရဲပေါင်းစုံနဲ့ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နေကြပါတယ်။ ပညာရေးဝန်ထမ်းဆရာဆရာမ ဆိုတာ ကျောင်းသားမိဘလူထုရှေ့မှောက်မှာ ဂုဏ်သိက္ခာသိမ်ငယ်မှုနဲ့ ရပ်တည်နေရတဲ့ သဘော သဘာဝဖြစ်နေတဲ့အခြေအနေမှာ အခုလို ကျွန်တော်တို့ မြို့နယ်အတွင်း လုံခြုံရေး အားနည်းခြင်း၊ လူမျိုးရေးပဋိပက္ခ စိုးရိမ်မှုလွန်ကဲနေတဲ့ ဒေသတစ်ခုမှာ နိုင်ငံတော်ရဲ့ပညာရေး မူဝါဒကို အကောင်အထည်ဖော် တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းများရဲ့ ပကတိ ကြုံတွေ့နေရတဲ့အခြေအနေကို မိခင်ဌာနဖြစ်တဲ့ ပညာရေးဌာနမှာ အဓိကတာဝန်ရှိ တယ်လို့ ယုံကြည်တဲ့အတွက် ယနေ့ဆွေးနွေးတဲ့ ဦးကျော်ဌေးရဲ့အဆိုကို လေးလေး နက်နက်ထောက်ခံ ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဗိုလ်မှူးသိန်းထွန်း(တပ်မတော်သားကိုယ်စားလှယ်)မှ ဆွေးနွေးရာတွင်  မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းထွန်း ဖြစ်ပါတယ်။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ လေရှီးမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့ တင်ပြထားတဲ့အဆိုမှာ နယ်စွန်နယ်ဖျား ဒေသများမှာ တာဝန်ထမ်းဆောင်နေတဲ့ အခြေခံပညာ ဆရာများရဲ့ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ရေးကို အဓိကထားတင်ပြထားပေမယ့်လို့ ဒီ ကိစ္စဟာ ဒီ Remote ဧရိယာများမှာသာမကဘူး မြို့ပေါ်ဒေသများမှာပါ ဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အပိုင်းသုံးပိုင်းနဲ့ ခြုံငုံပြီးဆွေးနွေးသွား မှာဖြစ်ပါတယ်။ ကျွန်တော့်အား Power Point အသုံးပြုခွင့်ပြုရန် တင်ပြအပ်ပါတယ်။ ပထမအချက် အနေနဲ့ မြန်မာနိုင်ငံဟာ ပညာရည်မြင့်မားရေးအတွက် Myanmar National Education For All EFA Goals ချမှတ်ပြီး Long Term Basic Education Plan နဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းရည်မှန်းချက်များအနက် Improving all aspect of the quality of basic education teacher education personal and curriculum charts အချက်ဟာ အရည်အသွေးအပြည့် အခြေခံပညာရည်ဖြစ်ရေးအတွက် သင်ကြားရေးဆရာများ၊ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ သင်ရိုးညွှန်းတမ်းများ အဆင့် မြှင့်တင်ရေးတို့ဖြစ်ပါတယ်။ အ‌ခြေခံပညာရေးစနစ် ကောင်းမွန်မှသာ ရလဒ်ကောင်းများ ရရှိလာမှာဖြစ်ပြီး အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်း များကို ရရှိမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Basic Education is the Root of Higher Education လို့ဆိုလိုပါတယ်။ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်ပေါ်ထွန်းလာရေး ပညာရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာငွေကို ယခင်ကထက် တိုးမြှင့်သုံးစွဲလျက်ရှိ ပေမယ့်လို့ မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးစနစ်မှာ လိုအပ်ချက်များစွာရှိနေကြောင်းကိုလည်း အပြု သဘောနဲ့ထောက်ပြလိုပါတယ်။ အဆင့်မြင့်ပညာရေး ရလဒ်ကောင်းများရရှိဖို့ဆိုရင် အခြားသောကဏ္ဍ များပြောင်းလဲမှုနှင့်အတူ အခြေခံပညာရေးဆရာများ ကဏ္ဍကိုလည်း ပြောင်းလဲဖို့လိုအပ်ကြောင်း အကြံပြုဆွေးနွေးလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယအချက်ဆွေးနွေးလိုတာကတော့ လက်ရှိအခြေခံပညာရေး ဆရာများရဲ့ အခြေအနေပဲဖြစ်ပါတယ်။ အခြေခံပညာဆရာများရဲ့လစာနှုန်းထားကတော့ အမြင့်ဆုံးအနေနဲ့ မူလ တန်းပြ ၁၆၀၀၀၀ ကျပ်၊ အလယ်တန်းပြ ၁၇၅၀၀၀ ကျပ်၊ အထက်တန်းပြ ၁၉၀၀၀၀ ကျပ်ပဲဖြစ်ပါတယ်။ ဒီလစာနှုန်းထားဟာဆိုရင် မိသားစုရှိတဲ့ အခြေခံပညာ ဆရာတစ်ဦးအတွက် လက်ရှိကုန်ဈေးနှုန်း အနေအထားအရ စားရေးအတွက် လောက်ငှနိုင်တဲ့အခြေအနေသာရှိနိုင်ပြီး ကျန်တဲ့ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေးဆိုင်ရာ များအတွက် လိုအပ်မှုများရှိနေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ မိမိရပ်ရွာဒေသမှာ တာဝန် ကျတဲ့ ဝန်ထမ်းအနေနဲ့ နေထိုင်မှုအဆင်ပြေပေမယ့်လို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတဲ့ ဝန်ထမ်းအနေနဲ့ နေထိုင်ရေးကိစ္စဟာ မလွှဲမသွေကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်လာပါတယ်။ ဒီရဲ့ Impact ကတော့ ဝင်ငွေရတဲ့ကျူရှင်စနစ်ဆီကို ဦးတည်လာခြင်းပဲဖြစ်ပါတယ်။ နယ်မြေပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေရတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးအတွက် အခြေခံ လိုအပ်ချက်ကတော့ နေထိုင်ရန် အဆောက်အဦရရှိမှုပဲဖြစ်ပါတယ်။ ပညာရေးကဏ္ဍမှာ ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲနေပေမယ့် ပညာရေးအတွက် အဓိကထောက်တိုင်တစ်ခုဖြစ်တဲ့ အခြေခံ ပညာဆရာများအတွက် နေစရာအဆောက်အဦ စီစဉ်ဆောက်လုပ်ပေးဖို့ လိုအပ်လျက် ရှိ ကြောင်း တွေ့ရှိရပါတယ်။ အခြားသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအပါအဝင် အဆင့်မြှင့်ပညာကဏ္ဍမှ ဆရာများအတွက် နေထိုင်စရာအဆောက်အဦများ နှစ်စဉ်ဘဏ္ဍာနှစ် အလိုက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပေမယ့်လို့ အခြေခံပညာဆရာများအတွက် စီစဉ် ဆောင်ရွက်ပေးမှု မရှိတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် အခြေခံပညာ ဆရာများနေထိုင် ရေးကိုလည်း အခြားသောဌာနများမှ ပြည်သူ့ဝန်ထမ်းများနည်းတူ စီစဉ်ဆောင်ရွက်ပေးသင့် ကြောင်း အကြံပြုတင်ပြလိုပါတယ်။ လှိုင်မြို့နယ်၊ မင်းဓမ္မဥယျာဉ်မြို့တော်အိမ်ရာ စီမံကိန်း အဆောက်အဦ ၃၀ လုံးကို အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာများအတွက် ဆောက်လုပ်ပေး သကဲ့သို့ အခြေခံပညာ ဆရာများအတွက်လည်း ဆောက်လုပ်ပေးသင့်ကြောင်း အကြံပြု တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂ ခုနှစ်၊ အမျိုးသားပညာရေးဥပဒေ အခန်း(၈) ပုဒ်မ ၄၉ ပုဒ်မခွဲ(င)ပါ အတိုင်း ဥပဒေအရပေးထားတဲ့ ခံစားပိုင်ခွင့်ကိုရရှိဖို့အတွက် အခြေခံပညာရေး ဥပဒေပြဋ္ဌာန်းပေးရန် ဘဏ္ဍာငွေများခွဲဝေချထားပေးရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေး လိုပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာငွေခွဲဝေရာမှာ အဆင့်မြင့်ပညာဆရာများအဆောက်အဦ အတွက် ဘဏ္ဍာငွေ ခွဲဝေချထားပေးမယ်လို့ ပညာရေးမှာအခြေခံကျပြီး အရေးပါတဲ့ အခြေခံ ပညာဆရာများနေထိုင်ရန်အတွက် အဆောက်အဦ ဘဏ္ဍာငွေခွဲဝေမှုမပါဝင်တာကို တွေ့ရှိရပါ တယ်။ ဒါကြောင့် နောင်လာမယ့် ဘတ်ဂျက်လျာထားမှုများမှာ အခြေခံပညာဆရာများ နေထိုင် ရေးအတွက် အလေးထားဆင်ခြင်သုံးသပ်ပြီး ရန်ပုံငွေကို အချိုး အစားတစ်ခု သတ်မှတ်ကာ ခွဲဝေချထားသင့်ပါကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ တတိယဆွေးနွေးလိုတဲ့အချက်ကတော့ Incentive ဆောင်ရွက် ပေးရေးပဲ ဖြစ်ပါတယ်။ အခြေခံပညာအရည်အသွေးမြင့်ဖို့အတွက် အခြေခံဟာ ဆရာများပဲ ဖြစ်ပါတယ်။ အရည်အသွေးမြင့်ဆရာများဖြစ်ဖို့အတွက် Quality Basic Education မလွဲမသွေရရှိမှာဖြစ်ပါတယ်။ အရည်အသွေးမြင့်ဆရာများရရှိဖို့အတွက် Motivate လုပ်ပေး နိုင်တဲ့ Incentive သုံးမျိုးကို ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ အကြံပြုတင်ပြထားပါတယ်။ ဒါကြောင့် Indirect Monetary Incentive ဖြစ်တဲ့ Housing ကိစ္စကိုလည်း လိုအပ်ချက်အရ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း အကြံပြုတင်ပြလိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ယခုဆွေးနွေးလိုတဲ့ အချက်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံဆရာများရဲ့အသံ ဒါမှမဟုတ် ခံစားချက်ကို ကိုယ်စားပြုပြီး ဆွေးနွေးချက်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ အဲဒါကတော့ အခြေခံပညာ ဆရာများအတွက် နေထိုင်ရေးကိစ္စဟာ လက်ရှိအနေအထားအရ လျစ်လျူရှုခံနေရခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံပညာရေးအဆင့် အတန်းမြင့်မားဖို့အတွက်ဆိုရင် လက်တွေ့အကောင် အထည်ဖော်နေတဲ့ ဆရာများရဲ့ကျွမ်းကျင်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားစတဲ့ စွမ်းဆောင်ရည် အပြည့်အဝရရှိဖို့လိုအပ်ပါတယ်။ ဆရာများ အပိုင်းကလည်း စွမ်းဆောင်ရည် အပြည့်လုပ်ဆောင်ဖို့လိုအပ်သလို နိုင်ငံတော်ဘက်မှလည်း အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမှသာ ဟန်ချက်ညီတဲ့တိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်။ နိုင်ငံတော် အနေနဲ့ ယခုလိုပြောင်းလဲချိန်ကာလမှာ လိုအပ်ချက်များစွာရှိနေတာမှန်ပေမယ့်လို့ အခြေခံပညာဆရာ များအတွက် အဓိကကျတဲ့ နေထိုင်ရေးကိစ္စကို လျစ်လျူရှုခံနေရသောကိစ္စအဖြစ်မှ မဖြစ်မနေ ဦးစားပေး ဆောင်ရွက်ရမယ့်ကိစ္စအဖြစ်ပြောင်းလဲပြီး အခြေခံပညာဆရာများရဲ့ နေရာဒေသ အခက်အခဲအလိုက် ဦးစားပေးစတင်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုနိဂုံးချုပ်ဆွေးနွေး အပ်ပါတယ်။

ဦးစံခင် (ကန်ပက်လက်မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း       လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ လေ့လာရေး ရောက်ရှိ လာကြတဲ့သူတွေအားလုံး ကာယစိတ္တသုခနှစ်ဖြာနှင့် ပြည့်ဝကြပါစေလို့ နှုတ်ခွန်း ဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကန်ပက်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစံခင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ဒသမနေ့မှာ လေရှီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး အဆိုတင်သွင်းသွားတဲ့ ကျေးလက်ဒေသ အခြေခံပညာကျောင်းများမှ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်း ဆရာဆရာမ များ၏ ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန်နှင့် ဖွံ့ဖြိုးမှု နောက်ကျသောဒေသများကို စိစစ်ပြီး ဘတ်ဂျက်ခွင့်ပြုပေးရန်အဆိုကို ထောက်ခံဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ဆရာဆရာမများ နေအိမ် လိုအပ်ကြောင်း ထောက်ခံတင်ပြသွားမှာ ဖြစ်ပါတယ်။ ကန်ပက်လက်မြို့နယ်၊ ချင်းတွင်းကျေးရွာ အစိုးရမူလတန်းကျောင်းကို ၁၉၂၀ ခုနှစ်၊ အလယ်တန်းကျောင်းကို ၁၉၅၂ ခုနှစ်၊ အထက်တန်း ကျောင်းကို ၂၀၁၀ ခုနှစ် များမှာ ဖွင့်လှစ်ခဲ့တယ်။ ပြီးတော့ ကန်ပက်လက်မြို့ အစိုးရမူလတန်း ကျောင်းကို ၁၉၅၄ ခုနှစ်၊ အလယ်တန်းကျောင်းကို ၁၉၅၆ ခုနှစ်၊ အထက်တန်းကျောင်းကို ၁၉၇၆ ခုနှစ်မှာ ဖွင့်‌လှစ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ ၁၉၆၀-၁၉၆၃ မင်းတပ်မြို့ အထက်တန်းကျောင်းမှာ အထက်တန်းပညာသင် ကြားတယ်။ အဲဒီအချိန်ကာလမှာ ခုနက ကျွန်တော်ပြောတဲ့ ကျင်ဒွေးမြို့၊ ကန်ပက်လက်မြို့၊ မင်းတပ်မြို့ဆိုတဲ့ ဒီကျောင်းအားလုံးမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာဆရာမတွေမှာ အိမ်မရှိဘူးဆိုတာကို ကျွန်တော် ပြီးခဲ့တဲ့အတိတ်ရဲ့ဖြစ်စဉ်ကို တင်ပြခြင်းဖြစ်ပါတယ်။ နောက်တစ်ချက် က ကျွန်တော်ဟာ ၁၉၆၃ ခုနှစ်က ၁၉၈၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ၂၇ နှစ်နီးပါး ကန်ပက်လက် မြို့နယ်မှာ မူလတန်းပြလက်ထောက်ဆရာ၊ မူလတန်းကျောင်းအုပ်ဆရာအဖြစ်နဲ့ မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းတွေမှာ၊ နောက်ပြီးတော့ ကျေးရွာကျောင်းတွေမှာ အမှုထမ်းခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတော်က ဆောက်လုပ်တဲ့ဆရာနေအိမ်မှာ တစ်ကြိမ်တစ်ခါမှ နေထိုင်ခဲ့ရဖူးခြင်း မရှိခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်တို့မြို့နယ်ရဲ့အခြေအနေကို အလျဉ်းသင့်လို့ သီးသန့်တင်ပြချင် တာက ပညာရေး နှင့်သက်ဆိုင်တာမို့လို့ ကန်ပက်လက်မြို့နယ်ရဲ့ ပညာရေးလုပ်ငန်း တစ်ရပ် လုံးကို ဦးဆောင်ဦးရွက် ပြုနေတဲ့ ကန်ပက်လက်မြို့နယ်ပညာရေးမှူးရုံးဟာဆိုရင် နိုင်ငံတော် ဘတ်ဂျက်နှင့် ဆောက်လုပ်ပေးခြင်းမရှိဘဲနှင့် ယခုရှိနေတဲ့ မြို့နယ်ပညာရေးမှူးရုံးဟာ သစ်သားနဲ့ ဆောက်လုပ်တဲ့ အဆောက်အဦ ဖြစ်ပြီးတော့ ကြမ်းပြင်များမညီမညာ အကာအရံ မလုံခြုံစွာနဲ့ အလွန့်အလွန်အဆင့်အတန်းနိမ့်ကျပြီး ကျက်သရေမဲ့ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကန်ပက်လက်မြို့နယ်ပညာရေးမှူးရုံးကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ဆောက်လုပ် ပေးနိုင်ပါရန် ပညာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးအား တင်ပြအပ်ပါတယ်။

ဆက်လက်ပြီးတော့ တင်ပြချင်တာက ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီးရဲ့ တစ်နည်းအားဖြင့် ဝေးလံဒေသ၊ နောက်ကျကျန်ခဲ့တဲ့ဒေသတွေမှာ အချိုးညီညီ တိုးတက်လာရေးအတွက်  ဖြည့်ဆည်းဆောင်ရွက်လာရမယ့်အကြောင်းတရားများစွာ ရှိပါတယ်။ အကြောင်းတရားများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိလို့ရှိရင် ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့ အကျိုး တရားကို မရနိုင်ပါဘူး။ ကျောင်းသူကျောင်းသားတစ်ယောက် ပညာသင်ကြားမှုမှာ ရုပ်ပိုင်း၊ စိတ်ပိုင်းနိုးကြားတက်ကြွမှု အကြောင်းတရားရှိပါမှ အတတ်ပညာတတ်မြောက်ခြင်းဆိုတဲ့ အကြောင်းတရား ရရှိနိုင်ပါတယ်။ ဒီနည်းတူစွာ ပညာရေးဝန်ထမ်းဆရာဆရာမရဲ့ လူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်နေပါတယ်။ ဝမ်းသာစရာမင်္ဂလာ သတင်းလေး တစ်ခုအနေနဲ့တင်ပြရမယ်ဆိုရင် သြဂုတ်လ ၈ ရက်နေ့ထုတ် The Voice Daily မှာ အခြေခံပညာဦးစီးဌာနကနေပြီးတော့ ဆရာဆရာမတွေရဲ့လစာ တိုးပေးမယ်ဆိုတဲ့ အကြောင်း၊ ဘယ်တော့တိုးပေးမယ်၊ ဘယ်လောက်တိုးပေးမယ်ဆိုတာ မပါသေးဘူး။ အဲဒါကို အခြေခံ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦး က ပြောကြားကြောင်းသိရပါ တယ်။ လစာတိုးပေးခြင်းဟာ စားဝတ်နေရေး ဖြည့်ဆည်းမှုမှန်သော်လည်းပဲ တိုက်ရိုက်နည်းအားဖြင့် အိမ်ဆောက်ပေးခြင်းမဟုတ်တဲ့အတွက် နေအိမ်ဟာ လိုမြဲလိုမှာ ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်း ဆရာ ဆရာမများဟာ ကျောင်းသင်ခန်းစာများကို ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင့်ခန်းများ စစ်ဆေးခြင်း၊ သင်ကြားရေးအတွက် ဗဟုသုတစာအုပ်စာတမ်းများ ဖတ်ရှုလေ့လာခြင်း အလုပ်များကို အစဉ်အမြဲလုပ်နေကြရတဲ့အတွက် ရပ်ထဲရွာထဲမှာရှိတဲ့ ရပ်ရွာတစ်ဦး တစ်ယောက်ရဲ့ အိမ်မှာ နေထိုင်ခြင်းအားဖြင့် အိမ်ရှင်ရဲ့သာရေးနာရေးကိစ္စတစ်စုံတစ်ရာ ရှိလာလို့ရှိရင် မမျှော်မှန်းနိုင်တဲ့ လူမှုရေးအခက်အခဲပေါင်းစုံနဲ့ တွေ့ကြုံရမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အထက်က ကျွန်တော်နှုတ်ခွန်းဆက်စကားမှာ ကာယစိတ္တ ဆိုပြီးတော့မှ ပြောခဲ့သလို လူသားတိုင်း၊ ဆရာဆရာမတိုင်းမှာ ရုပ်နဲ့စိတ်ဆိုပြီး တော့မှ နှစ်ပိုင်းရှိတဲ့အနက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက် နေအိမ်ရှိခြင်းအားဖြင့် စိတ်လက် ချမ်းသာနေထိုင်နိုင်ခြင်း အကျိုးတရားကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ပြည့်စုံသောပညာရေး သင်ကြား‌ရေးအတွက် ဆရာဆရာမ နေအိမ်၊ ကျောင်းအဆောက်အအုံ၊ ကျောင်းသားစာရေးခုံ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက် ရမယ်ဆိုတာ မလွဲမသွေဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ဒီနှစ်ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ ကနေ ကျွန်တော်တို့မြို့နယ်မှာ လိုအပ်နေလို့ ဆရာ ဆရာမနေအိမ် ၁၃ လုံး ဆောက်လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးတော့ ထည့်သွင်းထားပါတယ်။ အဲဒါ။

ဦးယန်ကျင်းကန် (ကွမ်းလုံမဲဆန္ဒနယ်) မှ ဆွေးနွေးရာတွင် လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်သည်တော် များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကွမ်းလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယန်ကျင်းကန် ဖြစ်ပါတယ်။ ကျွန်‌တော့်‌အနေနဲ့ လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေး မူဝါဒမှန်ကန်မှုဟာ တစ်မျိုးသားလုံးဖွံ့ဖြိုးရေးအတွက် အခြေခံအကြောင်းတရားများစွာထဲက တစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ဖြစ်ပါတယ်။ ပညာရေးမူဝါဒ အလွဲကြောင့် ပေးဆပ် လိုက်ရတဲ့ မြန်မာ့ပညာရေးသမိုင်းသင်ခန်းစာအရ နစ်နာဆုံးရှုံးမှုများကို ယခုတိုင် ကုစား နေရဆဲ၊ ခံစားနေရဆဲ ဖြစ်ပါတယ်။ ဒီလိုအရေးကြီးကဏ္ဍတစ်ခုဖြစ်တဲ့ ပညာရေးကဏ္ဍမှာပါဝင် နေတဲ့ ပညာရေးဝန်ထမ်းဆရာဆရာမများ အထူးသဖြင့်နယ်စပ်ဒေသများတွင် တာဝန် ထမ်းဆောင်နေသူ ပညာရေးဝန်ထမ်းများရဲ့ နေထိုင်ရေးကိစ္စများကို တာဝန်ရှိသူများက ထည့်သွင်းစဉ်းစားစီစဉ်ပေး သင့်ကြောင်း အကြံပြုဆွေးနွေးလိုပါတယ်။ ပညာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာ တောင်ပေါ်ဒေသများတွင် နေထိုင်ရေးကို ဒေသနေတိုင်းရင်းသား ပြည်သူများကပါ ဝိုင်းဝန်းဖြေရှင်းပေးနေရတဲ့ ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်မဲဆန္ဒနယ်က ဖြစ်စဉ်အချို့ကို အနည်းငယ်ကောက်နုတ် ဆွေးနွေး ရမယ်ဆိုရင် ကျွန်တော်တို့ ကွမ်းလုံမြို့နယ်မှာ ရပ်ကွက်ခြောက်ရပ်ကွက်ရှိပြီး ကျေးရွာ အုပ်စု ၂၅ အုပ်စု မှာ ကျေးရွာပေါင်း ၁၆၈ ရွာရှိပါတယ်။ ဝန်ထမ်းများဟာ ကျေးရွာများတွင် သင့်သလိုနေထိုင်ကြတဲ့အတွက် အောက်ဖော်ပြပါအခက်အခဲများကို ကြုံတွေ့ခံစားနေကြ ရပါတယ်။ ဝန်ထမ်းအိမ်ရာမရှိခြင်းကြောင့် ဒေသခံမိသားစုများနှင့် ရောနှောနေထိုင်ရခြင်း၊ စာသင်ခန်းများကို ယာယီအခန်းကန့်ပြီး နေထိုင်ရခြင်း၊ ဒေသခံများစီစဉ်ပေးသည့် နေစရာ များတွင် လုံခြုံမှုမရှိခြင်းကြောင့် စိုးရိမ်ကြောင့်ကြစွာ နေထိုင်ရခြင်း၊ ကျေးလက်‌ဆေးပေးခန်း ရှိသည့်ရွာများတွင် ကျေးလက်ဆေးပေးခန်းတွင် ပေါင်းနေရခြင်း၊ ဤသို့မိုးရာသီဆိုရင် ရာသီဥတုဒဏ်ကို ပိုမိုခံစားနေရခြင်း၊ တစ်နယ်တစ်ကျေးမှာ သွားရောက် တာဝန်ထမ်းဆောင်ရ သဖြင့် ခက်ခဲနိမ့်ပါးတဲ့ လူမှုဝန်းကျင်နဲ့ အံဝင်အောင် ဆက်ဆံနေရခြင်း စသည် များ ကြုံတွေ့နေရလျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်အစိုးရရဲ့ လူတိုင်းပညာသင်ကြားနိုင်ရေးနဲ့ စာတတ် မြောက်ရေး ရည်မှန်းချက်ဟာ အမျိုးသားရေးအဆင့်ရည်မှန်းချက်ဖြစ်သလို လူ့စွမ်းအားအရင်း အမြစ် မွေးထုတ်ပေး တဲ့အခြေခံအဆင့် ဆောင်ရွက်ချက်လည်းဖြစ်ပါတယ်။ ဤသို့ တစ်နိုင်ငံ လုံး ခြုံငုံပြီး မူဝါဒတစ်ခု တည်းတွင် ဆောင်ရွက်နေသည့် ပညာရေးရည်မှန်းချက်ဟာ တောင်ပေါ်ဒေသများနှင့် ဖွံ့ဖြိုးမှုနည်းပါးသည့်ဒေသများ၏ ပကတိအခြေအနေများကြောင့် ထိရောက်အောင်မြင် နိုင်ခြေနည်းပါးသဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျပြီးပံ့ပိုးရန် အမှန်တကယ် လိုအပ်နေ သည့်ဒေသများတွင် သင်ကြားရေးတာဝန်ထမ်းဆောင် နေရသည့် ပညာရေးဝန်ထမ်းများနှင့် ကျေးရွာနေ ပညာသင်ယူမည့်ကလေးငယ်များအတွက် ထိရောက်စွာပညာသင်ကြားနိုင်ရေး မူဝါဒအစီအမံနှင့် ပံ့ပိုးမှုများကို အလေးထားစီမံကြပ်မတ် ဆောင်ရွက်ပေးသင့်ကြောင်း ဆွေးနွေးတင်ပြရင်း လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့ အဆိုအား အလေးအနက်ထောက်ခံကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ဦးကျော်တင့်(တပ်ကုန်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ တပ်ကုန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်ဖြစ်ပါတယ်။ ဒီကနေ့မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။  ၅-၃-၂၀၁၄ ရက်နေ့မှာကျင်းပခဲ့တဲ့ အမျိုးသား အဆင့်လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှုဆွေးနွေးပွဲကနေ ပညာရေးဝန်ထမ်းများအားလုံး အရည်အသွေးနဲ့ လူမှုဘဝမြှင့်တင်ရေးကို အလေးထားဆောင်ရွက်ရမည်လို့ မူဝါဒချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ မျက်မှောက်ခေတ် ကျောင်းဆရာဆရာမတွေရဲ့လက်တွေ့ဘဝကတော့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ အရည်အသွေး ပိုင်းရော၊ လူမှုဘဝအ‌ခြေအနေတွေရော အဘက်ဘက်က ချွတ်ခြုံ ကျနေခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလ ၄ ရက်နေ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ ပညာရေး မြှင့်တင်မှုအကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲအခမ်းအနားမှာ ဆရာဆရာမ များရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ပီတိချည်းပဲ စားလို့တော့ လက်တွေ့မကြပါဘူး။ ထမင်းလည်းစားဖို့လိုပါတယ်လို့ တစ်ခုတ်တရပြောဆိုခဲ့ပါတယ်။ အဲဒါကိုကြည့်ရင် ကျွန်တော်တို့နိုင်ငံက ဆရာဆရာမတွေရဲ့ လက်ငင်းဘဝဟာ ဘယ်လောက်အထိ ဒုက္ခရောက်နေတယ်ဆိုတာ အထူးပြောစရာ မလို လောက်ပါဘူး။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်တင်ပြခဲ့တဲ့ အချက်အလက်တွေကိုကြည့် ရင်လည်း ဝေးလံခေါင်ဖျားဒေသတွေမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေဟာ မိမိတို့ တာဝန်ကျတဲ့ ဒေသကိုသွားရောက်ရတဲ့ ခရီးကအစ ကုန်းတစ်တန်၊ ရေတစ်တန်၊ ခြေကျင် တစ်တန်နှင့် ခရီးလမ်းက ခက်ခဲကြမ်းတမ်းလှသလို ဟိုရောက်တော့လည်း နေရာထိုင်ခင်းက မလုံခြုံ၊ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေကို ခါးဆီးခံရင်း အမျိုးသားပညာရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ထမ်းရွက်နေကြပါတယ်။ အဲဒီလို ဒုက္ခ၊ သုက္ခတွေဟာ ဝေးလံခေါင်ဖျားတဲ့ဒေသ တွေပဲရင်ဆိုင်နေရသလားဆိုပြန်တော့ လည်း မဟုတ်ပြန်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးလို၊ မန္တလေး တိုင်းဒေသကြီးလို၊ နေပြည်တော်လို မြို့ကြီးတွေနဲ့ မဝေးကွာလှတဲ့ ကျေးရွာတွေမှာ တာဝန်ကျတဲ့ ဆရာ ဆရာမ တွေရဲ့အခြေအနေတွေကို လေ့လာကြည့်ပြန်ရင်လည်း ဝန်ထမ်းအိမ်ရာဆိုတာ မဆိုထားနှင့် ကျောင်းသွားကျောင်းပြန် ကားလမ်းဘေးမှာရပ်လို့ လာသမျှကားကြီးကားငယ်ကို တင်နိုး တင်နိုးနဲ့ လက်ပြတားနေတဲ့မြင်ကွင်းတွေဟာ ဘယ်လိုပြောရမှန်းတောင် စကားလုံးရှာမရတဲ့ ခါးသီးတဲ့ အမှန်တရားတွေပါ။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ အခြေခံပညာအဆင့်ဆိုတာ အမျိုးသား ပညာရေးရဲ့    အုတ်မြစ်ဖြစ်သလို ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်လို့ခေါ်ဆိုရမယ့် ကလေးငယ် တွေရဲ့ ပညာရေးကို ထုဆစ်ပုံဖော်ပေးတဲ့ အင်မတန်မှအရေးကြီးတဲ့ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ဒီကဏ္ဍရဲ့ အမျိုးသားပညာရေး ရည်မှန်းချက်တွေအောင်မြင်စွာ အကောင်အထည်ဖော်နိုင် ဖို့ဆိုတာ အခြေခံပညာအဆင့် ဆရာဆရာမတွေရဲ့ပုခုံးပေါ်မှာ ကြီးလေးစွာကျရောက် နေပါ တယ်။ မူဝါဒတစ်ခုဆိုတာ  စာရွက်ပေါ်မှာ ကွန့်နေညွန့်နေရုံနဲ့မရပါဘူး။ လက်တွေ့ကျကျ ဘက်ပေါင်းစုံက လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက်နိုင်မှသာ ရည်ရွယ်ရာပန်းတိုင်ကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ အင်မတန်မှလက်ရာမြောက်ပါတယ်ဆိုတဲ့ ပန်းချီကားထဲက ကျားရုပ်ဟာ ဘယ်လောက်ပဲအသက်ဝင်ဝင်၊ ဘယ်လောက်ပဲမာန်ပါပါ ကြွက်တစ်ကောင် တောင် မိအောင်ဖမ်းနိုင်တဲ့ အစွမ်းသတ္တိမရှိပါဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ခေတ်အဆက် ဆက် ချမှတ်ခဲ့တဲ့ ပညာရေးမူဝါဒတွေဟာလည်း အဲဒီလို စက္ကူကြားသာသာမူဝါဒတွေဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ လက်တွေ့ပညာရေးအဆင့်အတန်းက သက်သေပြလို့နေပါတယ်။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံပညာအဆင့်မှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဆရာမအင်အားက ခန့်မှန်းခြေ လေးသိန်းပဲရှိတယ်လို့ သိရ ပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိအနေအထားအရ အဲဒီလောက်ပမာဏကို လုံလောက် ပြည့်စုံ အောင် ပံ့ပိုးကူညီနိုင်ဖို့ဆိုတာ အစိုးရအတွက် ကြီးမားတဲ့စိန်ခေါ်မှုဆိုတာ ကျွန်တော့် အနေနဲ့ လက်ခံပါတယ်။ ဒါပေမဲ့ ပညာရေး လောကရဲ့ ဆောင်ပုဒ်တွေဖြစ်တဲ့ တပည့်မရှား တစ်ပြားမရှိ၊ ပီတိကိုစားအားရှိပါ၏၊ စေတနာ၊ ဝါသနာ၊ အနစ်နာ နာသုံးနာနဲ့ပြည့်စုံကြပါစေစတဲ့ ဆောင်ပုဒ် တွေနဲ့ ဆက်လက်ချီတက်နေရင်လည်း ကျွန်တော် တို့မျိုးဆက်တွေရဲ့ ပညာရေး တစ်နည်းအား ဖြင့် တိုင်းပြည်ရဲ့အနာဂတ်ဟာ နစ်သည်ထက်နစ်ဖို့ပဲရှိပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လက်တွေ့ကျကျရုန်းကန်ဖို့ အချိန်တန်နေပါပြီ။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ချမှတ်ထားတဲ့မူဝါဒတွေနဲ့အညီ အစွမ်းကုန် အားဖြည့်အကောင်အထည်ဖော်ဖို့ သိပ်ကိုလိုအပ်နေပါတယ်။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့ အစိုးရဝန်ထမ်းလောကမှာ အင်မတန်မှ ကျော်ကြားလှတဲ့ သွားရော့လဟယ်ဆိုတဲ့ စကားလုံး မြန်မာစာအဘိဓာန်မှာ ပျောက်ကွယ်ချိန်တန်ပါပြီလို့ ပြောကြားရင်း အဆိုရှင် လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့ အဆိုကို လေးလေးနက်နက်ထောက်ခံဆွေးနွေးအပ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။

ဦးတင်ကိုကိုဦး (ဘီးလင်းမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာတဲ့ဧည့်ပရိသတ်အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ မွန်ပြည်နယ် ဘီးလင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး ဖြစ်ပါတယ်။ လေရှီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို  ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ပညာရေးလောကဟာ တခြားဝန်ကြီးဌာနတွေနဲ့မတူတာက ကျွန်တော်တို့ပညာရေးလောကမှ ဝန်ထမ်းတွေ၊ ဆရာဆရာမတွေဟာ ကျေးရွာငယ်၊ ကျေးရွာခွဲ တွေအထိကို လူဦးရေအများ ဆုံးတာဝန်ထမ်းဆောင်နေတဲ့ဒေသ ဖြစ်ပါတယ်။ နောက်တစ်ခုက လည်း လူမှုဓလေ့အရကြည့်မယ်ဆိုရင်လည်း ဆရာဆရာမတွေဟာ လခစားဝန်ထမ်းတွေဆိုတာ ထက်ကို လေးစားစရာ၊ အလေးထားဆက်ဆံရတဲ့ ဝန်ထမ်းတွေအဖြစ်နဲ့ မြန်မာ့ဓလေ့လူမှု နယ်ပယ်မှာ တန်ဖိုးထားခံရတဲ့ဝန်ထမ်းတွေဖြစ်ပါတယ်။ ဒီဝန်ကြီးဌာနမှာ အလုပ် လုပ်တဲ့ဆရာ ဆရာမတွေရဲ့ ရည်ရွယ်ချက်ကိုကြည့်ရင်လည်း အများအားဖြင့်စာပေသင်ကြားတာကို ဝါသနာ ပါပြီးတော့ ပညာရေးလောကထဲဝင်တဲ့သူ၊ နောက်တစ်ခုက ကျေးရွာတွေအနေနဲ့ကြည့်မယ် ဆိုရင်လည်း မိမိရပ်ရွာမှာပဲ ပညာတတ်တစ်ယောက်အနေနဲ့ တင့်တင့်တယ်တယ်နေပြီးတော့ ရပ်ရွာ ဖွံ့ဖြိုးရေးတွေကို ဦးဆောင်မြှင့်တင်ချင်တဲ့စိတ်နဲ့ ပညာရေးလောကထဲကိုဝင်လာကြတဲ့ ဝန်ထမ်းတွေက အဓိကဖြစ်ပါတယ်။ အဲဒီတော့ အစကတည်းက မိမိရဲ့ဒေသဆိုတဲ့ အစွဲရှိတဲ့ အတွက်ကြောင့် ဒီဝန်ထမ်းတွေဟာ မိမိရဲ့ဒေသကို သံယောဇဉ်အထားတတ်ဆုံး ဝန်ထမ်းတွေ  လည်း ဖြစ်ပါတယ်။ ဘယ်နေရာကိုပဲ တာဝန်ထမ်းဆောင်ရပါစေ မိမိဒေသကိုပြန်ပြောင်းဖို့ကို သူတို့ကအမြဲတမ်းကြိုးစားတတ်ပါတယ်။ ကိုယ့်ဒေသကိုရောက်ရင် နေရေးဒုက္ခက ကင်းလွတ်ပြီ လေ။ အဲဒီတော့ အခုလိုနေစရာမရှိတဲ့ အခြေအနေတွေရောက်တဲ့အခါကျတော့ အဲဒီလို မိမိဒေသကိုပြောင်းဖို့ကိစ္စတွေကို ဝန်ထမ်းတွေက ပိုပြီးတော့ ကြိုးစားလာကြရတာဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် အဆောက်အဦဆောက်လုပ်ခြင်းကိစ္စနှင့်ပတ်သက်ပြီးတော့ လျှော့ချလို့ ရမယ့်အခြေအနေတစ်ခုနဲ့ တခြားကျွဲကူးရေပါ ဖြေရှင်းနိုင်မယ့်ကိစ္စတစ်ခုကိုပါ  ကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ၂၄-၈-၂၀၁၆ ရက်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ အမေးကို ဆရာမခန့်ထားရေးနှင့်ပတ်သက်ပြီးတော့ ဖြေကြား သွားတဲ့နေရာမှာ ဝန်ကြီးက ဒေသဆိုင်ရာလိုအပ်ချက်အရ ပြည်နယ်/တိုင်းဒေသကြီး အစိုးရရဲ့ အတည်ပြုချက် ထောက်ခံမှုနှင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ ခန့်အပ်ပေးလို့ရတယ်လို့ ဖြေဆို သွားတာတွေ့ရပါတယ်။ ဒီသတင်းကတော့ ကျွန်တော်တို့အတွက် မင်္ဂလာသတင်းပါပဲ။ ဘာလို့လဲဆိုတော့ ဒီအခြေအနေကို အရင်ကရှိနေတာလားမသိပေမဲ့ ကျွန်တော်တို့ဒီသတင်း စကားကို မသိခဲ့ရပါဘူး။ အဲဒီတော့ အခုကျယ်ကျယ်ပြန့်ပြန့်သိစေမယ်၊ ပွင့်လင်း မြင်သာမှု ရှိမယ်ဆိုရင် ဒီကိစ္စဟာ ကျွန်တော်တို့ဒေသခံကို ဝန်ထမ်းပြန်ခန့်ခြင်းအားဖြင့် နေဖို့ကိစ္စတွေ ကိုလည်း ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။

နောက်အချက်တစ်ချက်ကတော့ ဆရာဆရာမတွေရဲ့အပြောင်းအရွှေ့ကိစ္စပါ။ မိမိဒေသ ကနေ ရာထူးတိုးအတွက် အခြားဒေသကိုပြောင်းရွှေ့တဲ့အခါကျရင် ရွှေ့ပြီးသွားပြီ မိမိဒေသကို ပြန်လာချင်တယ်ဆိုရင် ကျွန်တော်တို့က အဲဒါနှင့်ပတ်သက်ပြီးတော့ တာဝန်ထမ်းတဲ့ လုပ်သက် တန်းစီဇယားတွေ၊ ဘာသာရပ်အလိုက် လိုအပ်ချက်တာဝန်ချထားမှုတွေနှင့် ပတ်သက်ပြီးတော့ ဒေသတစ်ခုအပြောင်းအလဲတိုင်းအတွက်ကို မူဝါဒတိတိကျကျ၊ ခိုင်ခိုင်မာမာ ချမှတ်စေလို ပါတယ်။ တကယ်လို့ ရှိထားမယ်ဆိုရင်လည်း ပွင့်လင်းမြင်သာမှုရှိစေချင်ပါတယ်။ အခုက အပြောင်းအရွှေ့တွေမှာလည်း အမြဲတမ်း လာဘ်ပေးလာဘ်ယူရှိနေတာတွေကို တွေ့ရှိရပါ တယ်။ အဲဒီတော့ တာဝန်ယူ၊ တာဝန်ခံပြီးတော့ ဒီကိစ္စတွေကို ဖြေရှင်းစေချင်ပါတယ်။ အဲဒီတော့ နေမှုကိစ္စအပြင်ကို ပြောင်းရွှေ့တဲ့ဆရာဆရာမတွေရဲ့ ဒုက္ခရဲ့အနောက်မှာ ဘာပြဿနာတွေ ရှိလဲဆိုတော့  မိသားစုနဲ့ခွဲခွာရတယ်။ မိသားစုနဲ့ခွဲခွာရတဲ့အခါကျတော့ ကျောင်းသားတွေကို ဂရုစိုက်နိုင်မှု အားနည်းနိုင်တယ်။ နောက်နေစရာမရှိတဲ့ ဆရာဆရာမ တွေဟာ စာသင်ခန်းမှာ ကိုပဲ ကြပ်ညှပ်ပြီးတော့ စာသင်ခန်းတစ်ခန်းမှာ လေး၊ ငါးယောက်နေနေကြရတယ်။ အစက တည်းကမှ စာသင်ခန်းက မလောက်ပါဘူးဆိုမှ အဲဒီလိုနေလိုက်တဲ့ အခါကျတော့ တစ်ခါ  စာသင်ခန်း မလုံလောက်မှုကို ထပ်ပြီးတော့ ဖြစ်စေပါတယ်။ ဒါတွေဟာလည်း ဆရာဆရာမတွေ မိမိဒေသကို ပြန်ပြောင်းဖို့အတွက် ကြိုးစားခြင်းတစ်ပိုင်း ဖြစ်ပါတယ်။ အဲဒီတော့ ကျောင်းသား ကျောင်းသူတွေဆိုတာ ဆရာဆရာမတွေဆီက ပညာကိုသင်ယူတဲ့အချိန်မှာ မြင်ခြင်း၊ ကြားခြင်း ဆိုတာတွေနဲ့ သင်ယူတာပါ။ အဲဒီတော့ ဆရာဆရာမတွေဟာ လက်ရှိအခြေအနေမှာ အဆင် မပြေဘူး။ ပြန်ပြောင်းချင်တယ်ဆိုတဲ့အခါကျရင် သူတို့ရဲ့ပြောင်းဖို့ ကြိုးစားကြပါတယ်။ အဲဒီလို ကြိုးစားကြတဲ့ အခါကျရင် လာဘ်ပေးလာဘ်ယူကို လုပ်မိလျက်သာဖြစ်တတ်ပါတယ်။ ဝန်ကြီး ဌာနအသီးသီးကို သွားပြီးတော့ တာဝန်ထမ်းဆောင်ရမယ့်၊ ဘွဲ့ရတွေဖြစ်ကြမယ့် ကျောင်းသူ ကျောင်းသားလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီဆရာဆရာမတွေရဲ့ လာဘ်ပေးလာဘ်ယူ တွေကို ရင်းနှီးအောင်လုပ်ပေးသလို ဖြစ်သွားစေတယ်ဆိုတာကို သတိပြုသင့်ပါတယ်လို့ ဆွေးနွေးရင်းနဲ့ ဒေသခံတက္ကသိုလ်ဝင်တန်းအောင် ဘွဲ့ရတွေကို ဦးစားပေးခန့်ထားဖို့၊ အပြောင်းအရွှေ့ကိစ္စတွေမှာ ဝန်ကြီးဌာနအနေနဲ့ မူဝါဒတိတိကျကျ ချမှတ်ပြီးတဲ့အခါကျရင် ပွင့်လင်းမြင်သာစွာနဲ့ အကောင်အထည်ဖော်ခြင်းအားဖြင့် ဆရာဆရာမတွေရဲ့ နေထိုင်မှုဒုက္ခကို လျှော့ချခြင်းနဲ့အမှန်တကယ်လိုအပ်တဲ့ ဒေသတွေအတွက် ပြည်ထောင်စုအစိုးရ ရဲ့ဘတ်ဂျက်ကို ခွင့်‌ပြုပေးရန်အတွက် အဆိုတင်သွင်းတဲ့ လေရှီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို ထောက်ခံဆွေးနွေးအပ်ပါတယ်။

ဒေါက်တာစိုးမိုးသူ (မြောင်းမြမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း                 လေးစားရပါသောပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ မြောင်းမြမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူဖြစ်ပြီး လေရှီးမဲဆန္ဒနယ်က ဦးကျော်ဌေးရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ Power Point အသုံးပြုခွင့်ပေးပါ ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်တင်ပြသွားခဲ့တဲ့ ဝန်ထမ်းအိမ်ရာမရှိသောကြောင့် ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေဟာဆိုရင် ဝေးလံခေါင် ဖျားသောဒေသများတွင်သာမက မြေပြန့်ဒေသတွေမှာလည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြောင်းမြမဲဆန္ဒနယ်မှာရှိတဲ့ မြေပြင်အခြေအနေများ ပေါ်မူတည်ပြီးတော့ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ မြောင်းမြမြို့နယ် အတွင်းမှာရှိတဲ့ စာသင်ကျောင်းများဖြစ်ပါတယ်။ စုစုပေါင်း ၃၂၅ ကျောင်းရှိပါတယ်။ ဒါကတော့ အဲဒီ ကျောင်းတွေမှာ ဆရာဆရာမများရဲ့ တာဝန်ထမ်းဆောင်နေမှု အခြေအနေဖြစ်ပါတယ်။ စုစုပေါင်းခွဲဝေ အင်အား ၂၈၁၉ ဦးမှာ ခန့်ထားအင်အား ၂၅၆၅ ဦးရှိပြီးတော့ လစ်လပ် အင်အား ၂၅၄ ဦးရှိပါတယ်။ အဲဒီမှာကြည့်မယ်ဆိုရင် လစ်လပ်ဆရာဆရာမအင်အားတွေဟာ ခွဲဝေအင်အားရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး ရှိတာကို တွေ့ရှိရပြီးတော့ အထူးသဖြင့် ကျေးရွာ များမှာရှိတဲ့ မူလတန်းကျောင်းတွေမှာ ပိုမိုလစ်လပ်နေတာကို တွေ့ရပါတယ်။ အဓိအကြောင်း အရင်းတွေကတော့ နေရေးထိုင်ရေးခက်ခဲခြင်း၊ သွားလာ ရခက်ခဲခြင်းနဲ့ လုံခြုံမှု အားနည်းခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေကလည်း နေရေးထိုင်ရေးအခက်အခဲတွေကို ကြုံတွေ့နေရပါတယ်။ ဝန်ထမ်း အိမ်ရာမရှိသောကြောင့် အိမ်ငှားနေရပါတယ်။ အိမ်လခက ၃ သောင်းမှ ၅ သောင်းထိရှိတဲ့ အတွက်ကြောင့် လက်ရှိ ဝန်ထမ်းတွေအတွက် အခက်အခဲရင်ဆိုင်ရပါတယ်။ အချို့ကျေးရွာတွေမှာတော့ ကျေးရွာတွေက စီစဉ်ပေးထားတဲ့ ကိုယ်ထူကိုယ်ထအိမ်ရာတွေမှာလည်း ခိုင်ခံ့မှုနဲ့ လုံခြုံမှုအားနည်းမှု တွေရှိပါ တယ်။ ဒါကြောင့်လည်း ကိုယ်ထိလက်ရောက်ဝင်ရောက်နှောင့်ယှက်ခံရခြင်း၊ အ.မ.က (သရက်ကုန်း)မှာ နောက် အ.မ.က(ဆားမလောက်)မှာဆိုရင် ပစ္စည်းများဝင်ရောက် ခိုးယူ ဖျက်ဆီးခံရခြင်း၊ အ.မ.က(ကုန်းပြား)မှာဆိုရင် ကာယိန္ဒေပျြက်ပြားအောင်တောင် နှောင့်ယှက်ခံ ရခြင်းဆိုတဲ့ ပြဿနာတွေဟာ ကျွန်တော့်မဲဆန္ဒနယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါကတော့ ကျေးရွာ တွေမှာရှိတဲ့ ကိုယ်ထူကိုယ်ထ ဝန်ထမ်းအိမ်ရာတွေပဲဖြစ်ပါတယ်။ တကယ်ပဲ ဆရာမတွေဟာ အကြပ်တည်းထဲမှာ နေထိုင်ရပါတယ်။ အဲဒီတော့ ဒီလိုမျိုးဝန်ထမ်းအိမ်ရာတွေ မရှိတဲ့အခါကျ  တော့ ကျေးရွာတွေမှာလည်း လုံခြုံမှုမရှိ၊ ခိုင်ခံ့မှုအားနည်းတဲ့အတွက်ကြောင့် ဆရာဆရာမ တချို့ဟာဆိုရင် မြို့မှာနေထိုင်ပြီးတော့ တာဝန်ကျစာသင်ကျောင်းတွေကို မြို့ကနေ သွားရောက်ကြပါတယ်။ အဲဒီလိုသွားရောက်တဲ့အခါမှာ လည်း မြစ်၊ ချောင်း၊ တော၊ တောင်များနဲ့ ရွှံ့၊ နွံထူထပ်တဲ့လမ်းများ လယ်ကန်သင်းများ ဖြတ်သန်း သွားလာရတဲ့ အတွက်ကြောင့် အန္တရာယ်ပဲ အရမ်းများပါတယ်။ နေပူမရှောင်၊ မိုးရွာမရှောင် သွားလာ ရခြင်း ကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ လမ်းပန်းဆက်သွယ်မှုအခက်အခဲတွေကြောင့် အချိန်ကုန် လူပန်းခြင်းနှင့် လမ်းခရီးအတွင်းမှာ မတော်တဆထိခိုက်မှုတွေကြောင့် မနစ်နာသင့်ဘဲ နစ်နာရတဲ့ အဖြစ်ဆိုးတွေလည်း ကြုံတွေ့နေရပါတယ်။ ဒါကတော့ ရွှံ့၊ နွံတွေကိုဖြတ်ပြီးတော့ တပည့်တွေဆီကို ချီတက်နေတဲ့ဆရာမတွေရဲ့ပုံပါပဲ။ တချို့ ဆရာဆရာမတွေက မြို့ပေါ်က နေပြီးတော့ ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းတွေကိုသွားဖို့ကို ဆိုင်ကယ်တစ်တန်၊ လှေ တစ်တန်နဲ့ မနက် ၆ နာရီကနေ စတင် ထွက်ခဲ့ရတာတွေ ရှိပါတယ်။ တချို့ ဆရာမတွေမှာ လယ်ကန်သင်းတွေကို ဖြတ်သန်းပြီးတော့ မြွေမကြောက်၊ ကင်းမကြောက်နဲ့ အသက်ကို စွန့် ပြီးတော့ တပည့်တွေဆီကို သွားနေရတာဆိုရင် ဆရာဆရာမတွေရဲ့စိတ်ဓာတ်က အင်မတန်မှပဲ လေးစားဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဒီဆရာဆရာမတွေကို လျစ်လျူရှုခံနေရတာလည်း အင်မတန်မှ ဝမ်းနည်းဖို့ကောင်းပါတယ်။ အဲဒီတော့ အထက်မှာ မလိုလားအပ်သော နေထိုင် ရေးနဲ့ သွားလာရေးပြဿနာတွေကြောင့် လက်တွေ့မှာ သင်ကြားမှု လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်မဖော်နိုင်ခြင်း၊ တချို့ဆရာဆရာမတွေက တာဝန်မှ နုတ်ထွက်သွားခြင်း၊ ထပ်မံတာဝန်ထမ်းဆောင်မယ့်သူများပါ မရှိတော့ခြင်း စတဲ့ပြဿနာတွေကြောင့် ရေရှည်မှာ နိုင်ငံရဲ့အနာဂတ် ပညာရေးအဆင့်အတန်းပါ နိမ့်ကျလာနိုင်ပါတယ်။ ချုပ်ပြီးဆိုရသော် ပညာရေးအဆင့်အတန်းမြင့်မားဖို့ရာ အရည်အသွေးမြင့်မားသော ဆရာဆရာမများအား ခန့်အပ်ရန် လိုအပ်ပါတယ်လို့ ၂၄-၈-၂၀၁၆ ရက်နေ့မှာ မင်းဘူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်းတဲ့မေးခွန်းကို ဖြေကြားရာမှာ ပညာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အဲဒီအတွက်ကြောင့် ထပ်လောင်းပြောချင်တာကတော့ အဆိုပါ အရည်အသွေး မြင့်မားသော ဆရာဆရာမများရဲ့ လုံခြုံစိတ်ချအေးချမ်းစွာဖြင့် စွမ်းအင်ပြည့်ဝစွာ ပညာ ပြန်လည်ပို့ချပေးရန်အတွက် ကတော့ ဝန်ထမ်းအိမ်ရာတွေဟာ မရှိမဖြစ်ဘဲ လိုအပ်နေပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်အနေနဲ့ လေရှီး မဲဆန္ဒနယ်က ဦးကျော်ဌေးတင်သွင်းခဲ့တဲ့ ကျေးလက် ဒေသအခြေခံပညာရေးကျောင်းများမှာ တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် လိုအပ် ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ခွင့်ပြုငွေချပေးရန် ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျပြီး အမှန်တကယ်လိုအပ်နေသည့်ဒေသများကို စိစစ်ပြီး ဘတ်ဂျက်ခွင့်ပြု ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လေးလေး နက်နက် ထောက်ခံပါကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါ တယ်။

ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က တင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ကပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    ပညာရေးဝန်ကြီးဌာနရဲ့သဘောထားပြောပါ။

ဒေါက်တာမျိုးသိမ်းကြီး (ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)မှ ဆွေးနွေးခြင်း လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကျွန်တော် ဒေါက်တာမျိုး သိမ်းကြီးက လေရှီးမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုအား ရှင်းလင်းတင်ပြခွင့်ပြုဖို့တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ၎င်းတို့ရဲ့နယ်မြေဒေသအတွင်းမှ လိုအပ်ချက် ရှိသဖြင့် ညှိနှိုင်းလာမှုအရသော်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ညှိနှိုင်းလာမှု အရသော်လည်းကောင်း၊ ဝန်ထမ်းအိမ်ရာများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများထံသို့ ခွင့်ပြုရန်ပုံငွေရရှိရန် တင်ပြတောင်းခံပေးလျက် ရှိပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်(ပေ ၄၀ x ၃၀ ပေ) ၅၅ လုံးအတွက် ငွေကျပ် ၁၈၉၀.၆ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခြောက်ခန်းတွဲလေးထပ် ၁၁ လုံး အခန်းပေါင်း ၂၆၄ ခန်း      ဆောက်လုပ်ရန်အတွက် ငွေကျပ် ၈၂၆၅.၄ သန်း စုစုပေါင်း ငွေကျပ်သန်းပေါင်း ၁၀၁၅၆ သန်းကို အခြေခံပညာဦးစီးဌာနမှ ရန်ပုံငွေခွင့်ပြုချက် ရရှိခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ အခါမှာ ဝန်ထမ်းအိမ်ရာတွေ မလုံလောက်တဲ့အတွက်ကြောင့်မို့လို့ ရပ်မိရပ်ဖများ၊ မိဘဆရာ အသင်းများနဲ့ ကျောင်းအကျိုးတော်ဆောင်များရဲ့ ပူးပေါင်းပါဝင်ပံ့ပိုးမှုနဲ့ ဆရာဆရာမများ နေထိုင်မှုအဆင်ပြေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point အသုံးပြုခွင့်ပြုဖို့ တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနမှာဆိုလို့ရှိရင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၄၆၀၁၂ ကျောင်းရှိပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြဆရာ ဆရာမ စုစုပေါင်း ၃၆၃၂၉၈ ဦးရှိပြီးတော့ ကျောင်းသားကျောင်းသူစုစုပေါင်း ၈.၇ သန်း ရှိပါတယ်။ အဆင့်မြင့်ပညာ ဦးစီးဌာနမှာလည်းပဲ တင်ပြထားတဲ့အတိုင်းပဲရှိပြီးတော့ နည်းပညာနဲ့ ကွန်ပျူတာတက္ကသိုလ်တွေပြီးရင် စက်မှုလက်မှုသိပ္ပံနဲ့ နည်းပညာအထက်တန်း ကျောင်းတွေ၊ ပညာရေးကောလိပ်တွေဆိုရင် ကျောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်စုစုပေါင်း ၄၆၂၀၇ ကျောင်းရှိပါတယ်။ ဆရာဆရာမစုစုပေါင်း ၃၈၀၀၀၀ ဦး ကျော်ရှိပါတယ်။ ဒီထဲမှာ စီမံအရာထမ်းဝန်ထမ်းတွေမပါသေးပါဘူး။ စီမံအရာထမ်း၊ အမှုထမ်းတွေပါ ထည့်တွက်မယ် ဆိုလို့ရှိရင်တော့ ဒါ ၄၇၀၀၀၀ ဦးကျော်ရှိကြောင်း ကျွန်တော်တို့တင်ပြလိုပါတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့ ဒီအစိုးရကျောင်းတွေ၊ တက္ကသိုလ်တွေမှာပဲတက်နေတဲ့ကျောင်းသား ကျောင်းသူဦးရေသည် ၉.၆ သန်းကျော် ရှိပါတယ်။ အဲဒီအထဲမှာ ဘုန်းတော်ကြီးသင် ကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ အခြားကျောင်းတွေအမျိုးမျိုး မပါသေးပါဘူး။ ဒါတွေပါ ပါမယ်ဆိုရင် ကျောင်းသားကျောင်းသူဦးရေသည် ၁၀ သန်းကျော်သွားမယ်ဆိုတာကို ကျွန်တော်တင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ပညာရေးဝန်ကြီးဌာနရဲ့အင်အားသည် အခြေခံ၊ အဆင့်မြင့်၊ TVET ကဏ္ဍမှာ ဒီအင်အားတွေအတွက် ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ တစ်နိုင်ငံလုံးအတွက် ဒါစဉ်းစားပြီးတော့ ဆောင်ရွက်ပေးနေရတာဖြစ်ပါတယ်။ သင်ယူမှု အခွင့်အလမ်း၊ မျှတမှု၊ အားလုံးအကျုံး ဝင်မှု၊ အရည်အသွေးမြင့်မားသော ပညာရေးအတွက် ကျွန်တော်တို့ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာဆိုရင် ပညာရေး ကဏ္ဍနဲ့ပတ်သက်သော ခွင့်ပြုရန်ပုံငွေသည် 1.62 Trillion ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ 1 Billion မှာ ကျပ်သန်းပေါင်း ၁၀၀၀ ရှိပါတယ်။ 1000 Billion မှာဆိုလို့ရှိရင် 1 Trillion ရှိပါတယ်။ ဒါ ကြောင့်မို့လို့ အခြေခံ၊ အဆင့်မြင့်၊ TVET ကဏ္ဍအားလုံးအတွက်သည် ပညာရေး ခွင့်ပြုရန်ပုံ ငွေသည် 1.62 Trillion ထဲမှာ သာမန်အသုံးစရိတ်သည် ၈၁.၃၉ ရာခိုင်နှုန်းရှိတယ်။ ငွေလုံး ငွေရင်းအသုံးစရိတ် သည် ၁၈.၆၁ ရာခိုင်နှုန်းရှိပါတယ်။

အဲဒီအထဲမှာဆိုလို့ရှိရင် သာမန်အသုံးစရိတ်ထဲမှာ လစာသည် ၇၃.၆၈ ရာခိုင်နှုန်း ရှိကြောင်း တင်ပြလိုပါတယ်။ အခြားဆိုတဲ့ ၂၆.၃၂ ထဲမှာ ဒါဟာ ကျွန်တော်တို့အနေနဲ့ ဆရာ ဆရာမတွေရဲ့ In Service Training တွေ၊ သူတို့တွေရဲ့ခရီးသွားလာတဲ့စရိတ်တွေ၊ ခုနက ကျောင်းဆောင်တွေရဲ့ ပြင်ဆင်ထိန်းသိမ်းရတဲ့စရိတ်တွေ ဒီဟာတွေအတွက်ပါ ကျွန်တော်တို့ ကျခံပြီးတော့သုံးစွဲလျက်ရှိ ကြောင်း တင်ပြလိုပါတယ်။ လစာကဏ္ဍမှာကြည့်မယ်ဆိုရင် အခြေခံ ပညာကဏ္ဍရဲ့လစာသည် ၉၀ ရာခိုင်နှုန်းနီးပါးဖြစ်ပါတယ်။ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဆင့်မြင့်ပညာကဏ္ဍမှာ ဆရာ အတတ်ပညာအပါအဝင်ဆိုရင် ၁၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ TVET ကဏ္ဍဆိုရင် ၁ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ အခြားသည် ၀.၇၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ငွေလုံးငွေရင်းအသုံးစရိတ်ကို ကြည့်ရင် တည်ဆောက်ရေးသည် ၈၀ ရာခိုင်နှုန်း နီးပါးလောက်သုံးပါတယ်။ အဲဒီ ၈၀ ရာခိုင်နှုန်းသည် ကျောင်းဆောင်တွေ တည်ဆောက်ရေး အတွက်ပဲ ကျွန်တော်တို့ အသုံးပြုတာဖြစ်ပါတယ်။ ရုံးသုံးပစ္စည်း နဲ့ပရိဘောဂတွေဆိုတာ ကျောင်းဆောင်တွေသည်ဆောက်သွားရင် ကျောင်းမှာစာရေးကိရိယာတို့၊ စာရေးခုံတွေပေါ့ နော်။ School Desk တွေ၊ Chair တွေပါတာမဟုတ်ပါဘူး။ အဲဒါတွေအတွက်ကိုလည်း ရုံးသုံး ပစ္စည်းနဲ့ပရိဘောဂတွေကနေ ကျွန်တော်တို့ဖြည့်ဆည်းရပါတယ်။ တခြားဆိုတဲ့ဟာသည်၊ လိုအပ် တဲ့ဟာသည် ကျွန်တော်တို့ ၁ ရာခိုင်နှုန်းတောင်မပြည့်ဘူး။ ၀.၈၈ ရာခိုင်နှုန်း ဒါဟာ ကျွန်တော်တို့ လျာထားပြီး အသုံးပြုနေရကြောင်းတင်ပြလိုပါတယ်။ တည်ဆောက်ရေးမှာ လည်းပဲ  ကျွန်တော်တို့ ကြည့်လိုက်လို့ရှိရင် အခြေခံသည် ၅၄.၄၂ ရာခိုင်နှုန်း သုံးစွဲပါတယ်။ အဆင့်မြင့်ကဏ္ဍသည် ၁၀ ရာခိုင်နှုန်း နီးပါးပဲရှိပါတယ်။ နည်းပညာနှင့်သက်မွေးကဏ္ဍသည် ၃၄ ရာခိုင်နှုန်းနီးပါးရှိတဲ့ အခြားသည် ၁.၉၃ ရာခိုင်နှုန်းရှိကြောင်းတင်ပြလိုပါတယ်။ ဒါကတော့ ဒီထဲမှာဆိုရင် အရည်အသွေးမြင့်မားရေးအတွက်နဲ့ အားလုံးအကျုံးဝင်အောင်၊ မျှတတဲ့ ပညာရေးဖြစ်အောင်၊ သာတူညီမျှမှုဖြစ်အောင်၊ အရည်အသွေးမြင့်မားအောင်ဆိုရင်တော့ မဖြစ်မနေဆောင်ရွက်ရမယ့် ဟာတွေသည် စာသင်ဆောင် တွေ၊ ပရိဘောဂဖြည့်ဆည်းရေးတွေ၊ ကျောင်းသားကျောင်းသူတွေ ကျောင်းထွက်မသွားရေးအတွက် သည်လည်း အင်မတန်အထူး အလေးထား ဆောင်ရွက်ရမယ့်ဟာဖြစ်ပါတယ်။ ဆရာဆရာမတွေရဲ့ အရည်အသွေးပြည့်ဝ ရေးတွေ၊  Curriculum and Syllabus တွေကိုမြှင့်တင်ဖို့ Teaching Learning Methodology တို့သည် အောက်ပါအတိုင်းဖြစ်ပါတယ်။ နောက်ဆုံး Remedial Education သည် ကျောင်းခဏခဏပျက်နေတဲ့ ကလေးတွေ၊ ပညာရေးအရည်အသွေးမှာ စာမလိုက် နိုင်တဲ့ကလေးတွေကို သူတို့တွေရဲ့သင်ယူမှု၊ ပတ်ဝန်းကျင်ကောင်းထဲမှ သူတို့တွေသည် ကျောင်းပျော် မယ်။ ကျောင်းပျော်တော့မှ သူတို့တွေ ကောင်းကောင်းသင်ယူနိုင်မယ်။ သူတို့ကောင်းကောင်း သင်ယူနိုင်တော့မှ ဒီကလေးတွေသည် စာကောင်းကောင်းသင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ လေရှီးမဲဆန္ဒနယ်က ဦးကျော်ဌေးကိုလည်းပဲ ကျွန်တော်တို့ ကျေးဇူးအထူးတင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပညာရေးဝန်ကြီး ဌာနအနေနဲ့ သြဂုတ်လ ၁၈ ရက်နေ့က တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးတွေအားလုံးကို ဝေးလံတဲ့ဒေသမှာရှိတဲ့ကျောင်းတွေမှာ ဆရာ ဆရာမတွေရဲ့ အိမ်ရာတွေ ဘယ်လောက်လိုလဲလို့ ကောက်ဖို့လို့အတွက် စာထုတ်ပြီးတော့ အခြေခံ ပညာဦးစီးဌာနကို ဝန်ကြီးရုံးက စာထုတ် လိုက်ပါတယ်။ ဝန်ကြီးရုံးကနေပြီးတော့မှ ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေကို ဒီလိုတိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံး တွေက စာရင်းပြုစုတာကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေလည်း ဦးစားပေး အစီအစဉ်အရ သဘောထားမှတ်ချက်တွေ ပေးပြီးတော့ ကျွန်တော်တို့ကို ပူးပေါင်းပါဝင် ဆောင်ရွက် ပေးဖို့အတွက် ဒါကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တင်ပြရ မယ်ဆိုလို့ရှိရင် ဒီစာရင်းတွေသည် မနေ့က လေရှီး၊ လဟယ်၊ နန်းယွန်းနှင့် ချင်းပြည်နယ်က ရရှိတဲ့စာရင်းဖြစ်ပါတယ်။ မနေ့ကအထိ သူတို့အဆိုပြုတာသည်  ၇၁၄ ခု အဆိုပြုပါတယ်။ အဲဒါဟာ တိုင်းဒေသကြီး/ပြည်နယ် တွေနဲ့ လောလောဆယ်အကြမ်းဖျင်းအားဖြင့် ညှိနှိုင်းမှုအရ ဒီ ၁၀ ခုကို ဆောင်ရွက်ပေးသင့်တယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒါကိုတော့ ကျွန်တော်တို့ အနေနဲ့ လတ်တလော ဖြည့်ဆည်းဆောင်ရွက်ပေး ဖို့အတွက် တင်ပြလိုပါတယ်။

ဒါကြောင့်မို့လို့ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးသွားတာလည်းပဲ အင်မတန်ကောင်းပါတယ်။ ဒါတွေသည်၊ ဒီအခက်အခဲ တွေသည် နိုင်ငံအများစုကြုံတွေ့နေရတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တစ်ခုလေး တင်ပြလိုပါတယ်။ ၂၀၁၂ ခုနှစ်က အင်တာနက်မှာ ရှာလိုက်လို့ရှိရင် တွေ့ပါတယ်။ World Bank ရဲ့ Education နဲ့ပတ်သက်တဲ့  Report တစ်ခုမှာ ကမ္ဘာပေါ်မှာ ပညာရေးအသုံးစရိတ်အနည်းဆုံးနိုင်ငံလို့ အဲဒီတုန်းကပြောတဲ့ နိုင်ငံ သည် မြန်မာနိုင်ငံဖြစ်ပါတယ်။ သူက ဘာကိုဖော်ပြထားလဲဆို‌တော့ မြန်မာနိုင်ငံရဲ့ ပညာရေး အသုံးစရိတ်သည် ၂၀၁၂ ခုနှစ်က သူတို့ရဲ့ Report ထဲမှာ GDP ရဲ့ ၀.၇ ရာခိုင်နှုန်းပဲ မြန်မာနိုင်ငံရဲ့ အသုံးစရိတ်၊ အဲဒီ သူတို့ရဲ့ Report မှာ ဖော်ပြတဲ့ခုနှစ်အတွက် အသုံးစရိတ်ကို သူတို့ဖော်ပြထားပါတယ်။ အဲဒီအချိန်က 0.7 Percentage of GDP ကို သုံးစွဲတာသည် ၉၅ ရာခိုင်နှုန်းသည် ဆရာဆရာမတွေရဲ့လစာအတွက်ပဲ ကျွန်တော်တို့အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ World Bank ရဲ့ Report မှာပဲ  ပြန်ပြီးကြည့်လိုက်ပါ။ ပညာရေး အသုံး စရိတ်ကိုတော့ အနည်းဆုံးသုံးတယ်။ ကမ္ဘာပေါ်မှာ အဲဒီအသုံးစရိတ်အနည်းဆုံး သုံးတော့လည်း အဲဒီအသုံးစရိတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ပညာရေး Quality အကောင်းဆုံးနိုင်ငံသည် ဘယ်နိုင်ငံလဲလို့၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးမဟုတ်တာတော့ အားလုံးသိတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ သို့သော် ဒီလောက်နည်းတဲ့ အသုံးစရိတ်နဲ့ အကောင်းဆုံးသော အရည်အသွေး ရအောင်လုပ်တဲ့နိုင်ငံသည် ဘယ်နိုင်ငံလဲလို့ အဲဒီ Report ထဲမှာ ဖော်ပြထားတာသည်လည်း မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ ဒါဟာ ပြန်ကြည့်လိုက်မယ်ဆိုရင် ပညာရေးမှာ မိဘတွေ၊ ဆရာတွေ၊ ကျောင်းသားတွေ၊ အစိုးရနဲ့အားလုံးက ညီညီညွတ်ညွတ်နဲ့ တာဝန်ကိုယ်စီယူပြီး အသိစိတ်ဓာတ် ကောင်းကောင်းနဲ့ ဆောင်ရွက်နေလို့ဖြစ်တယ်လို့ယုံကြည်ကြောင်း ကျွန်တော်တင်ပြလိုပါ တယ်။ ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ရဲ့ ပညာရေးအသုံးစရိတ်ကို GDP နဲ့ ပြောပါဆိုရင် တော့ ၂ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း ကျွန်တော်တင်ပြလိုပါတယ်။ လွှတ်တော်ကိုယ်စား လှယ်များရဲ့ ဆရာဆရာမများ ပြည့်စုံလုံခြုံစွာ လူမှုဘဝအဆင့်မြင့်ရေးဆွေးနွေးကြ တာအတွက် ကျွန်တော်ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျေးဇူးအထူးတင်ရှိကြောင်း တင်ပြ လိုပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆရာဆရာမများရဲ့ စေတနာ၊ ဝါသနာ၊ စိတ်ဓာတ်အပြည့်ရှိ ပြီးတော့ ကျောင်းသားကျောင်းသူတွေကို သင်ယူမှုကောင်းအောင် ဆောင်ရွက်ပေးမယ်ဆိုတာ ကိုလည်း အပြည့်အဝ ယုံကြည်ပါတယ်။ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်ပံ့ပိုးမှု ဆက်လက်အား ကောင်းမယ်ဆိုတာကိုလည်း အပြည့်အဝယုံကြည်ပါတယ်။ ပညာရေးဝန်ကြီးဌာနက အလေး အနက်ထား၍ ခွင့်ပြုရန်ပုံငွေ ရရှိမှုအပေါ်မှာ ဆက်လက်ပြီးတော့ ကြိုးပမ်းအကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဝေးလံတဲ့ကျေးလက်ဒေသတွေမှာ အခြေခံပညာ ကျောင်းများရှိတဲ့ ဆရာဆရာမများအတွက် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန် ပြည်ထောင်စု ရန်ပုံငွေမှသော်လည်းကောင်း၊ ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေမှသော်လည်းကောင်း ရန်ပုံ ငွေများ ခွဲဝေရရှိမည်ဆိုပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဦးစားပေးအလိုက် စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် လေရှီး မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးရဲ့အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပေးပါရန် တင်ပြ အပ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    အဆိုရှင်ရဲ့သဘောထားပြောပါ။

ဦးကျော်ဌေး (လေရှီးမဲဆန္ဒနယ်)    လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များအားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သရပါတယ်။ ကျွန်တော်ကတော့ လေရှီး မဲဆန္ဒနယ်မှ အဆိုရှင်ဦးကျော်ဌေး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အဆိုကို ရှုထောင့်မျိုးစုံက နေပြီးတော့မှ ထောက်ခံဆွေးနွေးပေးကြတဲ့ ကိုယ်စားလှယ်အားလုံးကို အထူးပဲကျေးဇူးတင် ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ အဆိုနှင့်ပတ်သက်ပြီးတော့မှ ပြည့်ပြည့်စုံစုံ ဖြေကြား ပေးတဲ့ ပညာရေးဝန်ကြီးဌာန ကိုလည်းပဲ အထူးပဲကျေးဇူးတင်ပါတယ်။ ပညာရေးဝန်ကြီး ဌာနအနေနဲ့ ပညာရေးဌာနရဲ့အခြားလိုအပ် ချက်များအပါအဝင် အခြေခံပညာကျောင်းတွေမှာ လိုအပ်တဲ့အိမ်ရာတွေအတွက်ပါ ဦးစားပေး ဆောင်ရွက်နေတယ်လို့သိရတဲ့အတွက်ကြောင့်မို့လို့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာရှိတဲ့ ခက်ခဲတဲ့နေရာဒေသတွေမှာ စာရင်းကောက်ပြီး တော့မှ ဆောင်ရွက်နေတယ်လို့သိရတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်ဝမ်းသာအားရ ကြိုဆိုပါ တယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်ချိန်တည်းမှာ ဆောက်လုပ်ပေးဖို့ ဆိုတာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေအခြေအနေအရ အခက်အခဲရှိမယ်ဆိုတာ ကျွန်တော်နားလည် သဘောပေါက်ပါတယ်။

ကျွန်တော်တို့ကိုယ်စားလှယ်အသီးသီးရဲ့ ဆွေးနွေးချက်ကိုကြည့်ခြင်းအားဖြင့် တိုင်း ဒေသကြီးနှင့်ပြည်နယ်အားလုံးမှာ ခက်ခဲတဲ့ကျေးရွာများစွာရှိနေသေးတယ်ဆိုတာလည်း ပိုပြီး တော့မှထင်ရှားစေပါတယ်။ မြို့နယ်အလိုက် အိမ်ရာတွေချပေးတဲ့အခါမှာ မြို့နယ်/တိုင်း ဒေသကြီးတစ်ပြေးညီ ခွဲတမ်းစနစ်ဖြင့် ခွဲဝေချပေးတာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့ အဆိုမှာ ဖော်ပြထားတဲ့ ဖွံ့ဖြိုးမှုနောက်ကျပြီးတော့မှ အမှန်တကယ်လိုအပ်တဲ့နေရာဒေသကို စိစစ်ပြီး တော့မှ ဦးစားပေးဆောင်ရွက်ပေးဖို့ အလေးအနက် တောင်းဆိုတင်ပြလိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ဖွံ့ဖြိုးမှုနောက်ကျတဲ့ဒေသတွေမှာ ပိုပြီးတော့မှ ဦးစားပေးဆောင်ရွက်ခြင်း အားဖြင့် ပြည်မနှင့်နယ်စပ်ဒေသ တစ်ပြေးညီဖွံ့ဖြိုးတိုးတက် မည့်လမ်းကြောင်းကို ပိုပြီးတော့မှ ဦးတည်စေမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တင်ပြရခြင်း ဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ လည်းပဲ စနစ်တကျစိစစ်ပြီးတော့မှ ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်ပါ တယ်။

ကျွန်တော့်အဆိုနှင့်ပတ်သက်ပြီးတော့မှ ဝန်ကြီးဌာနအနေနဲ့ မှတ်တမ်းတင်ပေးဖို့ ရှင်းလင်း တင်ပြသွားတာကို လက်ခံပါတယ်။ သို့သော် ဝန်ကြီးဌာနအနေနဲ့ မှတ်တမ်းတင် ရုံလောက်မဟုတ်ဘဲနဲ့ ကျွန်တော့်အဆိုဖြစ်တဲ့ ပိုပြီးတော့မှဆင်းရဲတဲ့ဒေသတွေ၊ ဝေးလံ ခေါင်း ပါးတဲ့၊ ဖွံ့ဖြိုးမှုနောက်ကျတဲ့ဒေသတွေမှာ အထူးသဖြင့်ဦးစားပေး ဆောင်ရွက်ပေးတဲ့အပြင် လွှတ်တော်ကြီးကနေပြီးတော့မှ မှတ်တမ်းတင်ရုံလောက်မဟုတ်ဘဲနဲ့ စောင့်ကြည့်ပေးဖို့ တောင်း ဆိုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ             လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က တင်သွင်းသွားတဲ့အဆိုကို ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးပြီး ပညာရေး ဝန်ကြီးဌာနကလည်း အဆိုအား မှတ်တမ်းတင်သင့်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ အဆိုရှင်ကလည်း  လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်ပေးရန် ရှင်းလင်းပြောကြားသွားပါ တယ်။ ဒါ့ကြောင့် ဒီအဆိုနှင့်စပ်လျဉ်းပြီး မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်ကသဘောတူ  ပါ သလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူ မရှိတဲ့ အတွက် ဦးကျော်ဌေး တင်သွင်းတဲ့အဆိုကို လွှတ်တော်ကမှတ်တမ်းတင် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ကြေညာပါတယ်။

တင်သွင်းသူ 
ဦးကျော်ဌေး (လေရှီးမဲဆန္ဒနယ်)
နေ့စွဲ 
Wednesday, March 8, 2017