Law Database | Mail | English Version

ဂျပန်နိုင်ငံလွှတ်တော်

အကျဉ်းချုပ်
ဤစာတမ်းတိုတွင် ဂျပန်နိုင်ငံလွှတ်တော်နှင့်စပ်လျဉ်းသော အချက်အလက်များကို ပြုစု တင်ပြထားပါသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ရေးဆွဲခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် အထက် လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ လွှတ်တော်နှစ်ရပ်လုံးမှ ကိုယ်စားလှယ်များကို  ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပါသည်။
အောက်လွှတ်တော် (The House of Representatives) ၌ ကိုယ်စားလှယ် ၄၇၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုယ်စားလှယ် ၂၉၅ ဦးသည် မဲဆန္ဒနယ်တစ်ခုချင်းစီမှ ရွေးချယ်ခံရပြီး ကိုယ်စား လှယ် ၁၈၀ သည်ဂျပန်နိုင်ငံ တစ်ခုလုံးအား မဲဆန္ဒနယ်မြေ ၁၁ ခုသတ်မှတ်၍ မဲဆန္ဒနယ်မြေ တစ်ခု လျှင် ၆ ဦးမှ ၂၉ ဦးထိ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခံရသောသူများ ဖြစ်ပါသည်။ အောက်လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ၄၅ ဦးပါဝင်ပြီး၊ ၉.၄၇ ရာခိုင်နှုန်း ဖြစ် ပါသည်။ သက်တမ်းမှာ ၄ နှစ် ဖြစ်ပါသည်။
အထက်လွှတ်တော် (The House of Councillors) တွင် ကိုယ်စားလှယ် ၂၄၂ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုယ်စားလှယ် ၉၆ ဦးမှာ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခံရသောသူများ ဖြစ်ပါသည်။ ကိုယ်စားလှယ် ၁၄၆ ဦးမှာ ဂျပန်နိုင်ငံ၏ ပြည်နယ် ၄၇ ခုမှ ပြည်နယ် အကြီးအသေး အလိုက် ပြည်နယ်တစ်ခုလျှင် ၂ ဦးမှ ၁၀ ဦးထိ ရွေးချယ်ခံရသောသူများဖြစ်ပါသည်။ အထက် လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ၃၈ ဦးပါဝင်ပြီး၊ ၁၅.၇၀ ရာခိုင်နှုန်းဖြစ်ပါသည်။ သက်တမ်း မှာ ၆ နှစ်ဖြစ်သော်လည်း ကိုယ်စားလှယ်ဦးရေထက်ဝက်ကို ၃ နှစ်လျှင် တစ်ကြိမ်ပြန်၍ ရွေးချယ် တင်မြှောက်ပါသည်။
လွှတ်တော်နှစ်ရပ်လုံးတွင် တူညီသောအာဏာရှိသော်လည်း အချို့အကြောင်းအရာများတွင် အောက်လွှတ်တော်သည် အထက်လွှတ်တော်ထက်ပို၍ လုပ်ပိုင်ခွင့်ရှိပါသည်။


နိဒါန်း

၁။    OECD အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်၍ အာရှတိုက်၏ ချမ်းသာကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဂျပန်နိုင်ငံလွှတ်တော်၏ ဖွဲ့စည်းဆောင်ရွက်ပုံများကို နိုင်ငံတကာလွှတ်တော်များအား လေ့လာသည့် လွှတ်တော်ကိုယ်စားလှယ်များအား အထောက်အကူဖြစ်စေရန် အတွက် ရေးသား တင်ပြရခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံလွှတ်တော်သမိုင်း
၂။    ၁၈၈၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယကမ္ဘာစစ်ကာလအထိ ဂျပန်နိုင်ငံလွှတ်တော် ကို မှူးမတ်များလွှတ်တော် (The House of Peers) နှင့် အောက်လွှတ်တော် (The House of Representative) ၂ ရပ်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အောက်လွှတ်တော်ကို ပြည်သူများမှ ရွေးချယ် တင်မြှောက်ပြီး မှူးမတ်များလွှတ်တော် (The House of Peers) ကို မင်းမျိုးမင်းနွယ်များ၊ သူဌေးသူကြွယ်များ၊ မြေပိုင်ရှင်ကြီးများ၏မျိုးဆက်များနှင့် ဘုရင်မှခန့်အပ်ထားသူများဖြင့် ဖွဲ့စည်း ထားပါသည်။
၃။    ဒုတိယကမ္ဘာစစ်အပြီးတွင် ရေးဆွဲခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ၂ ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ လွှတ်တော် ၂ ရပ်လုံးမှ ကိုယ်စားလှယ်များကို  ပြည်သူလူထုများက ရွေးကောက်တင်မြှောက်ပါသည်။
၎။    ၁၈၈၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းသည် နိုင်ငံတော်ဘဏ္ဍာအခွန်ငွေအဖြစ် တစ်နှစ်ကို ၁၅ ယွမ်ပေးဆောင်နေသူဖြစ်ရပါသည်။ ၁၉၀၀ ခုနှစ် တွင် ကိုယ်စားလှယ်လောင်းအား နိုင်ငံတော်ဘဏ္ဍာအခွန်ငွေအဖြစ် ၁၅ ယွမ် မှ ၁၀ ယွမ် ပေးဆောင်ရန် လျှော့ချခဲ့ပါသည်။ နောက်ပိုင်းတွင် ကိုယ်စားလှယ်အရေအတွက်၊ မဲဆန္ဒနယ်မြေ အကျယ်အဝန်း၊ အခွန်ပေးဆောင်မှုနှင့် အခြားသောကိစ္စရပ်များအားပြုပြင်ဆောင်ရွက်ခဲ့ပါသည်။
၅။    ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်၌ ရွေးကောက်ပွဲဥပဒေတွင် မှန်ကန်သောမဲပေးခြင်းဖြစ် စေရန်နှင့် အမျိုးသမီးများအား ပထမဆုံးအကြိမ် ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ခွင့်ပြုခဲ့ပါသည်။      
၆။    လွှတ်တော်အဆောက်အဦများကို ၁၉၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၆ ခုနှစ်၊ နိုဝင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ ၎င်းအဆောက်အဦတွင် လွှတ်တော် အစည်းဝေး ၇၀ ကြိမ်မြောက် အစည်းအဝေးကတည်းက စတင်ပြီးအသုံးပြုခဲ့ပါသည်။ အဆောက် အဦအများစုမှာ ၃ ထပ်ရှိပြီး အလယ်မှအဆောက်အဦသည် ကျန်ဘေးနှစ်ဘက် အဆောက်အဦ ထက်ပို၍ မြင့်ပါသည်။ မြေအောက်ခန်း ၁ ခန်းပါရှိပါသည်။ အလယ်မှအဆောက်အဦသည် ၆၅.၄၅ မီတာ အတိုင်းအတာ ရှိပါ သည်။ တောင်ဘက်အဆောက်အဦမှာ အောက်လွှတ်တော်၏ အဆောက်အဦဖြစ်ပြီး မြောက်ဘက်အဆောက်အဦမှာ အထက်လွှတ်တော်၏ အဆောက် အဦ ဖြစ်ပါသည်။ ယခင် လွှတ်တော်အဆောက်အဦများမှာ သစ်သားဖြင့်ပြုလုပ်ထားပြီး ဟိဘိရပန်းခြံ (Hibiya Park) အနီး အုချိဆိုင်း ဝိုင်းချော့မြို့(Uchisaiwai-cho) တွင် တည်ရှိပါသည်။

ဂျပန်နိုင်ငံလွှတ်တော်    
၇။    ဂျပန်နိုင်ငံလွှတ်တော် (National Diet) သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တည်ရှိပြီး အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အောက်လွှတ်တော် (The House of Representatives) နှင့် အထက်လွှတ်တော် (The House of Councillors) လွှတ်တော်  ၂  ရပ် ဖြင့် ဖွဲ့စည်းထားပါသည်။
၈။    လွှတ်တော် ၂ ရပ်လုံးသည် တူညီသောအာဏာရှိသော်လည်း အချို့အကြောင်းအရာများ တွင် အောက်လွှတ်တော်သည် အထက်လွှတ်တော်ထက်ပို၍ လုပ်ပိုင်ခွင့်ရှိပါသည်။ လွှတ်တော် သည် တစ်နှစ်လျှင် သာမန်အားဖြင့် ရက်ပေါင်း ၁၅၀ အစည်းအဝေးထိုင်ပြီး နှစ်စဉ် ဇန်နဝါရီလ တွင်အစည်းအဝေးစတင်ပါသည်။ လိုအပ်လျှင်အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် အထူးအစည်းအဝေး ကို ခေါ်ယူကျင်းပပါသည်။
၉။    အောက်လွှတ်တော်ကို သက်တမ်းကာလအတွင်းတွင် ဖျက်သိမ်းနိုင်ပါသည်။ အထက် လွှတ်တော်ကို ဖျက်သိမ်းနိုင်ခြင်းမရှိပါ။ အောက်လွှတ်တော်ကို ဖျက်သိမ်းထားသည့် ကာလအ တွင်းတွင် အထက်လွှတ်တော်ကို ရပ်နားထားရပါသည်။ သို့ရာတွင် အစိုးရအဖွဲ့သည် နိုင်ငံတော် ၏ အရေးပေါ်ကိစ္စတစ်ရပ်ရပ်ဆွေးနွေးလိုလျှင် အရေးပေါ်အစည်းအဝေးခေါ်၍ အရေးပေါ်ဆုံးဖြတ် ချက်များကို အောက်လွှတ်တော် ပြန်လည်ဖွဲ့စည်းပြီး ၁၀ ရက်အတွင်းတွင် အတည်ပြုချက်ရယူ ရပါမည်။ အောက်လွှတ်တော်မှ အတည်မပြုပါက ယင်းဆုံးဖြတ်ချက်များသည် အလိုအလျောက် ပျက်ပြယ်ပါသည်။
၁၀။    လွှတ်တော် ၂ ရပ်လုံးတွင် ကိုယ်စားလှယ်များကို အရွယ်ရောက်ပြီးသူတိုင်း မဲပေးသော စနစ်ဖြင့် ရွေးချယ်ပါသည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် Public Offices Election Law အရ နောက်ဆုံး အထွေထွေရွေးကောက်ပွဲ ၌ အောက်လွှတ်တော်ကိုယ်စားလှယ် ၄၈၀ဦး မှ ၄၇၅ ဦးသို့ လျှော့ချခဲ့ပါသည်။ ကိုယ်စားလှယ် သက်တမ်း  ၄  နှစ်ကို ပြောင်းလဲသတ်မှတ်ခြင်းမရှိခဲ့ပါ။ အထက် လွှတ်တော်ကိုယ်စားလှယ်ဦးရေသည် ၂၄၂ ဦးရှိပါသည်။ ကိုယ်စားလှယ် သက်တမ်းမှာ ၆ နှစ် ဖြစ်ပြီးကိုယ်စားလှယ်တစ်ဝက်ကို ၃ နှစ်ပြည့်တိုင်း ရွေးကောက်တင်မြှောက် ကြပါသည်။  

ဝန်ကြီးချုပ်ရွေးချယ်မှုစနစ်
၁၁။    ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် ဂျပန်နိုင်ငံလွှတ်တော်(ဒိုင်းယက်)အမတ်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသောပါတီမှ ရွေးချယ်ရမည်ဖြစ်ကာ ဝန်ကြီးချုပ်အသစ် ခန့်အပ် မှုကို ဂျပန်ဧကရာဇ်မှ ခန့်အပ်ပါသည်။ အစိုးရအဖွဲ့နုတ်ထွက်လျှင်  လွှတ်တော်ကို ရွေးကောက်ပွဲ ကျင်းပ၍ ခေါ်ယူရမည်ဖြစ်ပြီး  လွှတ်တော်သည် အခြားလုပ်ငန်းတာဝန်များထက် ဝန်ကြီးချုပ် ခန့်ထားရေးကို ဦးစားပေးလုပ်ဆောင်ရပါသည်။ သမိုင်းစဉ်တစ်လျှောက်လုံးတွင် ဝန်ကြီးချုပ် သည် များသောအားဖြင့် အောက်လွှတ်တော်၏ အင်အားအကြီးဆုံးပါတီ ခေါင်းဆောင် ဖြစ်ခဲ့ ပါသည်။ ဝန်ကြီးချုပ်ကိုမူ လွှတ်တော်ဆုံးဖြတ်ချက်နှင့်ခန့်ထားနိုင်ပါသည်။ အစိုးရအုပ်ချုပ်မှု အဖွဲ့အစည်းများအပေါ်တွင် လွှမ်းမိုးနိုင်သည့် ဥပဒေပြုမှုစည်းမျဉ်းကို တည်ဆောက်ရပါသည်။ အောက်လွှတ်တော်မှ ကိုယ်စားလှယ် ၅၀ ဦးက တင်သွင်းသည့် အယုံအကြည်မရှိ အဆိုကို ခွင့်ပြု လျှင် အစိုးရအဖွဲ့ကို လွှတ်တော်မှ ဖျက်သိမ်းနိုင်ပါသည်။ အောက်လွှတ်တော်မှ တင်မြှောက် လိုသည့် ဝန်ကြီးချုပ်တစ်ဦးကို ရွေးချယ်မှုတွင် အထက်လွှတ်တော်မှ တားမြစ်နိုင်မှု မရှိသလောက် ဖြစ်ပါသည်။ ဝန်ကြီးချုပ်ခန့်ထားပြီးပါကလည်း ၎င်းဝန်ကြီးချုပ်သည် ရာထူးတွင် ဆက်လက် တည်မြဲစေရန်မှာ အောက်လွှတ်တော်၏ ယုံကြည်မှုအတိုင်းသာဖြစ်ပါသည်။  ယှဉ်ပြိုင် မဲပေးစနစ် ကို အသုံးပြုလျှက် ရွေးကောက်ပွဲတစ်ခုချင်း၌ အဖွဲ့ဝင်ဦးရေ၏ ထက်ဝက်ကိုသာ ပြန်လည် ရွေးချယ်သောကြောင့် အထက်လွှတ်တော်အား ဖျက်သိမ်းခွင့်မရှိကြောင်း တွေ့ရှိရပါသည်။ အောက်လွှတ်တော်ကိုအယုံအကြည်မရှိအဆိုနိုင်လျှင် ဝန်ကြီးချုပ်သည် အောက်လွှတ်တော် အား ၁၀ ရက်အတွင်း ဖျက်သိမ်းရမည်ဖြစ်ပြီး အစိုးရတစ်ဖွဲ့လုံးနုတ်ထွက်ရပါသည်။  လစ်ဘရယ် ဒီမိုကရက်တစ်ပါတီအတွင်း ဆန္ဒကွဲပြားမှုများကြောင့် ဝန်ကြီးချုပ် ဂျူနီချီရိုကိုအိဇုမိသည် ၂၀၀၅ ခုနှစ် သြဂုတ်လ ၈ ရက် နေ့တွင် လွှတ်တော်ကို ဖျက်သိမ်းခဲ့ခြင်းမျိုးဖြစ်ခဲ့ဖူးပါသည်။

အောက်လွှတ်တော်(The House of Representatives)
၁၂။    အောက်လွှတ်တော် (The House of Representatives) ၌ ကိုယ်စားလှယ် ၄၇၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုယ်စားလှယ် ၂၉၅ ဦးသည် မဲဆန္ဒနယ်တစ်ခုချင်းစီမှ ရွေးချယ်ခံရပြီး ကိုယ်စား လှယ် ၁၈၀ သည်ဂျပန်နိုင်ငံ တစ်ခုလုံးအား မဲဆန္ဒနယ်မြေ ၁၁ ခုသတ်မှတ်၍ မဲဆန္ဒနယ်မြေ တစ်ခု လျှင် ၆ ဦးမှ ၂၉ ဦးထိ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခံရသောသူများ ဖြစ်ပါသည်။  အောက်လွှတ်တော်တွင်အမျိုးသမီးကိုယ်စားလှယ် ၄၅ ဦး ပါဝင်ပြီး၊ ၉.၄၇ ရာခိုင်နှုန်း ဖြစ်ပါ သည်။  သက်တမ်းမှာ ၄ နှစ် ဖြစ်ပါသည်။ သို့ရာတွင် အောက်လွှတ်တော်ကို သက်တမ်း မပြည့်မီ ဖျက်သိမ်းခြင်း ပြုလုပ်ခံရနိုင်ပါသည်။  
၁၃။    အောက်လွှတ်တော်၏ ဖွဲ့စည်းဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ရွေးကောက်တင်မြောက်ခြင်းစနစ်။   ယခုလက်ရှိရွေးကောက်ပွဲစနစ်သည် အနိုင် ရသူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်ကို ပေါင်းထားခြင်းဖြစ်ပါသည်။   လျှို့ဝှက်မဲပေးသောစနစ် ၂ မျိုး ရှိပါသည်။ ၎င်းတို့မှာ ကိုယ်စားလှယ် တစ်ဦးချင်း စီကို မဲဆန္ဒနယ်မြေတစ်ခုစီမှ မဲပေးခြင်းနှင့် နိုင်ငံရေးပါတီတစ်ခုစီအတွက် အချိုး ကျကိုယ်စားပြုစနစ်ဖြင့် မဲပေးခြင်းတို့ဖြစ်ပါသည်။
(ခ)    ဖွဲ့စည်းတည်ဆောက်ပုံ။  အောက်လွှတ်တော်(The House of Representatives)၏ ဖွဲ့စည်းတည်ဆောက် ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(၁)    ဥက္ကဋ္ဌ၊
(၂)    ဒုတိယဥက္ကဋ္ဌ၊
(၃)    အမြဲတမ်းကော်မတီ၊
(ကက)    ကက်ဘိနက်၊
(ခခ)       အထွေထွေရေးရာကော်မတီ၊
(ဂဂ)       တရားရေးရာကော်မတီ၊
(ဃဃ)    နိုင်ငံခြားနှင့်ကာကွယ်ရေးရာကော်မတီ၊
(ငင)       ဘဏ္ဍာရေးရာကော်မတီ၊
(စစ)      ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံရေးရာကော်မတီ၊
(ဆဆ)   ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ၊
(ဇဇ)      စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းရေးရာကော်မတီ၊
(ဈဈ)      စီးပွားနှင့် စက်မှုရေးရာကော်မတီ၊
(ညည)   ကုန်းလမ်းနှင့်သယ်ယူပို့ဆောင်ရေးရာကော်မတီ၊
(ဋဋ)      ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊
(ဌဌ)      အခြေခံအမျိုးသားမူဝါဒရေးရာကော်မတီ၊
(ဍဍ)      ဘတ်ဂျက်ရေးရာကော်မတီ၊
(ဎဎ)      စာရင်းစစ်ဆေးရေးကော်မတီ၊
(ဏဏ)   စီမံခန့်ခွဲမှု စောင့်ကြပ်ကြည့်ရှုရေးကော်မတီ၊
(တတ)   စည်းမျဉ်းဥပဒေနှင့်အုပ်ချုပ်ရေးဆိုင်ရာကော်မတီ၊
(ထထ)   စည်းကမ်းထိန်းသိမ်းရေးရာကော်မတီ၊
(၄)        အထူးကော်မတီ၊
(၅)    အခြေခံဥပဒေဆိုင်ရာကော်မရှင်၊
(၆)    နိုင်ငံရေးကျင့်ဝတ်ထိန်းသိမ်းရေးဆိုင်ရာကောင်စီ၊
(၇)    အထွေထွေအတွင်းရေးမှူး။

(ဂ)   အောက်လွှတ်တော်တွင်ပါဝင်သောပါတီများနှင့်ကိုယ်စားလှယ်အရေအတွက်။ အောက်လွှတ်တော်တွင်ပါဝင်သောပါတီများနှင့်ကိုယ်စားလှယ် အရေအတွက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-    

 No.

Political Group

Majority

PR

Total

1.

Liberal Democratic Party (LDP)        

222

68

290

2.

Democratic Party of Japan (DPJ)    

38

35

73

3.

Nippon Ishin no To (Japan Restoration Party)

11

30

41

4.

Komeito

9

26

35

5.

Japanese Communist Party (JCP)

1

20

21

6.

Independents

9

0

9

7.

Social Democratic Party (SDPJ)        

1

1

2

8.

Jisedai no To (Party for Future Generations)

2

0

2

9.

Seikatsu no To (People’s Life Party)

2

0

 214

 

အထက်လွှတ်တော် (The House of Councillors)
၁၄။    အထက်လွှတ်တော် (The House of Councillors) တွင် ကိုယ်စားလှယ် ၂၄၂ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုယ်စားလှယ် ၉၆ ဦးမှာ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခံရသောသူများ ဖြစ်ပါသည်။ ကိုယ်စားလှယ် ၁၄၆ ဦးမှာ ဂျပန်နိုင်ငံ၏ပြည်နယ် ၄၇ ခုမှပြည်နယ် အကြီးအသေး အလိုက် ပြည်နယ်တစ်ခုလျှင် ၂ ဦးမှ ၁၀ ဦးထိ ရွေးချယ်ခံရသောသူများဖြစ်ပါသည်။  အထက် လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ၃၈ ဦးပါဝင်ပြီး၊ ၁၅.၇၀ ရာခိုင်နှုန်းဖြစ်ပါသည်။  သက်တမ်းမှာ ၆ နှစ်ဖြစ်သော်လည်း ကိုယ်စားလှယ်ဦးရေထက်ဝက်ကို ၃ နှစ်လျှင် တစ်ကြိမ် ပြန်၍ ရွေးချယ်တင်မြှောက်ပါသည်။

၁၅။    အထက်လွှတ်တော်၏ ဖွဲ့စည်းတည်ဆောက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ရွေးကောက်တင်မြှောက်ခြင်းစနစ်။       အထက်လွှတ်တော်အမတ် ရွေးကောက်ရာတွင် လျှို့ဝှက်မဲပေးသော စနစ် ၂ မျိုးရှိပါသည်။ ၎င်းတို့မှာ ကိုယ်စားလှယ် တစ်ဦးချင်းစီကို မဲဆန္ဒနယ်မြေတစ်ခုစီမှ မဲပေးခြင်းနှင့် နိုင်ငံရေးပါတီတစ်ခုစီသို့ ကိုယ်စားလှယ်တစ်ဦးအတွက် အချိုးကျ ကိုယ်စားပြု စနစ်ဖြင့် မဲပေးခြင်းတို့ဖြစ်ပါ သည်။ အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းအသက်သည် ၃၀ ပြည့်မီရမည် ဖြစ်ပြီး မဲပေးသူများ၏ အသက်သည် ၂၀ ပြည့်မီရမည် ဖြစ်ပါသည်။  

(ခ)    ဖွဲ့စည်းတည်ဆောက်ပုံ။    အထက်လွှတ်တော် (The House of Councillors) ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(၁)    ဥက္ကဋ္ဌ၊
(၂)    ဒုတိယဥက္ကဋ္ဌ၊
(၃)    အမြဲတမ်းကော်မတီ၊
               (ကက)    ကက်ဘိနက်၊
               (ခခ)    အထွေထွေရေးရာကော်မတီ၊
               (ဂဂ)    တရားရေးရာကော်မတီ၊
               (ဃဃ)    နိုင်ငံခြားနှင့်ကာကွယ်ရေးရာကော်မတီ၊
               (ငင)    ဘဏ္ဍာရေးရာကော်မတီ၊
               (စစ)    ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံရေးရာကော်မတီ၊
               (ဆဆ)    ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ၊
               (ဇဇ)    စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းရေးရာကော်မတီ၊
               (ဈဈ)    စီးပွားရေးနှင့် စက်မှုရေးရာကော်မတီ၊
               (ညည)    ကုန်းလမ်းနှင့်သယ်ယူပို့ဆောင်ရေးရာကော်မတီ၊
               (ဋဋ)    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊
               (ဌဌ)    အခြေခံအမျိုးသားမူဝါဒရေးရာကော်မတီ၊
               (ဍဍ)    ဘတ်ဂျက်ရေးရာကော်မတီ၊
               (ဎဎ)    စာရင်းစစ်ဆေးရေးကော်မတီ၊
               (ဏဏ)    စီမံခန့်ခွဲမှု စောင့်ကြပ်ကြည့်ရှုရေးကော်မတီ၊
               (တတ)    စည်းမျဉ်းဥပဒေနှင့်အုပ်ချုပ်ရေးဆိုင်ရာကော်မတီ၊
               (ထထ)    စည်းကမ်းထိန်းသိမ်းရေးရာကော်မတီများ ဖြစ်ကြပါသည်၊
(၄)    အထူးကော်မတီ၊
(၅)    သုတေသနကော်မတီ၊
(၆)    အခြေခံဥပဒေဆိုင်ရာကော်မရှင်၊
(၇)    နိုင်ငံရေးကျင့်ဝတ်ထိန်းသိမ်းရေးဆိုင်ရာကောင်စီ၊
(၈)    အထွေထွေအတွင်းရေးမှူး။
(ဂ) အထက်လွှတ်တော်တွင်ပါဝင်သောပါတီများနှင့်ကိုယ်စားလှယ်အရေအတွက်။ အထက်လွှတ်တော်တွင်ပါဝင်သော ပါတီများနှင့် ကိုယ်စားလှယ်အရေအတွက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-    

No:

Political Groups in the House

Number of Members

1.

Liberal Democratic Party (LDP)

114

2.

The Democratic Party and The Shin-Ryokufukai (DP-SR)

58

3.

Komeito (KP)

20

4.

Japan Innovation Party(JIP)

11

5.

Japanese Communist Party (JCP)

11

6.

The Assembly to Energize Japan and The Independents (AEJ)

7

7.

Party for Future Generations (PFG)

6

8.

Independents Club (IC)

4

9.

Social Democratic Party (SDP)

3

10.

The People's Life Party & Taro Yamamoto and Friends (PLPTYF)

3

11.

New Renaissance Party and Group of Independents (NRP-GI)

2

12.

Independents

3

13.

INCUMBENTS

242  

14.

Vacancies

0

15.

MEMBERSHIP

24220

ဥပဒေပြုရေးအာဏာ

၁၆။     ဥပဒေပြုရေးအာဏာတွင် ဂျပန်နိုင်ငံလွှတ်တော်သည် အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်ပါ သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ  
၁၇။    အခန်း ၇ ခန်းနှင့် ပြဋ္ဌာန်းချက်အပိုဒ် ၇၆ ချက် ပါဝင်သော မေဂျီဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားပြီး ဂျပန်နိုင်ငံစစ်ရှုံးသည့်အထိ ကျင့်သုံးခဲ့ပါသည်။ လက်ရှိဂျပန်နိုင်ငံ တွင် ကျင့်သုံးသောအခြေခံဥပဒေသည် အမေရိကန် ဗိုလ်ချုပ်ကြီးမက်အာသာက ရေးဆွဲပေးခဲ့ပြီး ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ခဲ့၍ ၁၉၄၇ ခုနှစ် မေလ ၃ ရက်နေ့တွင်  စတင် အသုံးပြုခဲ့ပါသည်။ အသစ်ပြဋ္ဌာန်းလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်သည် ဂျပန်နိုင်ငံကို စစ်လိုလားသည့်နိုင်ငံ မဖြစ်စေရန် ဥပဒေသတ်မှတ်ချက်များဖြင့် ပြဋ္ဌာန်းထားပြီး နိုင်ငံ၏အချုပ် အခြာအာဏာသည် အများပြည်သူတို့၏လက်ဝယ်ရှိသည့်ဒီမိုကရေစီနိုင်ငံအဖြစ်သတ်မှတ်ပြဋ္ဌာန်း ထားခြင်းသည် ဘုရင်ဧကရာဇ်၏ သြဇာကိုသာ အဓိက ထားသော မေဂျီဖွဲ့စည်းပုံနှင့် ကွဲပြားသည့် အချက်ဖြစ်ပါသည်။  ၁၉၄၇ ခုနှစ် ဂျပန်၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခန်းပေါင်း ၁၁ ခန်းနှင့် ပြဋ္ဌာန်းချက်အပိုဒ် ၁၀၃ ပိုဒ် ပါဝင်ပါသည်။ အခန်း ၁ တွင် ဧကရာဇ်၊ အခန်း ၂ တွင် စစ်စွန့်လွှတ်ခြင်း၊ အခန်း ၃ တွင် နိုင်ငံသားများ၏ အခွင့်အရေးများနှင့်တာဝန်များ၊ အခန်း ၄ တွင် ဂျပန်နိုင်ငံ (ဒိုင်းယက်) လွှတ်တော်၊ အခန်း ၅ တွင် အစိုးရအဖွဲ့၊ အခန်း ၆ တွင် တရားစီရင်ရေး၊ အခန်း ၇ တွင် ဘဏ္ဍာရေး၊ အခန်း ၈ တွင် ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ရေး၊ အခန်း ၉ တွင် ပြင်ဆင်ဖြည့်စွက်ချက်များ၊ အခန်း ၁၀ တွင် အမြင့်ဆုံးဥပဒေနှင့် အခန်း ၁၁ တွင် နောက်ဆက်တွဲပြဋ္ဌာန်းချက်များဟူ၍ ဖော်ပြပါရှိပါကြောင်း  သိရှိရပါသည်။
၁၈။    ဒုတိယကမ္ဘာစစ်ပြီးခေတ် ဂျပန်နိုင်ငံသည် ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီနှင့် အတူ အစိုးရအဖွဲ့ကို ဥပဒေပြုရေးအခန်းကဏ္ဍ၊ အုပ်ချုပ်ရေးအခန်းကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍများကို သီးခြားစီဖြင့် အပြန်အလှန်ထိန်းကျောင်းသည့် အခြေခံဥပဒေဖြစ်လာပါသည်။
၁၉။    မေဂျီဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ် ၇၃ ကို ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးလိုက်သော အခါ ဂျပန်နိုင်ငံသည် ၁၈၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၄၇ ခုနှစ်တွင် ဆက်လက်ကျင့်သုံးရန် ပြဋ္ဌာန်းသည့်အခြေခံဥပဒေ ဖြစ်လာ  ပါသည်။ မေဂျီဖွဲ့စည်းပုံအခြေခံ ဥပဒေသည်  ဥပဒေကြောင်းအရ အခြေခံဥပဒေအသစ်နှင့်လည်း ဆက်စပ်၍နေကြောင်း တွေ့ရှိရပါသည်။
၂၀။      ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပထမဆုံးထူးခြားသောအချက်မှာ ဂျပန်ဘုရင်၏အခန်းကဏ္ဍ ကို နိုင်ငံတော်နှင့် ပြည်သူများ၏ စည်းလုံးညီညွတ်မှု သင်္ကေတအဖြစ် ဆက်လက်ဖော်ပြ ပြဋ္ဌာန်းခဲ့ ပါသည်။ ဒုတိယအချက်မှာ အပိုဒ် ၉ ပြဋ္ဌာန်းချက်ဖြစ်သည့် ဂျပန်နိုင်ငံသည် ငြိမ်းချမ်းရေးကို လိုလားသည့်နိုင်ငံအဖြစ် ဖော်ဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုထိခိုက်စေမည့် စစ်ကိုလိုလားမှု မရှိကြောင်းကို အတိအလင်း ဖော်ပြထားခဲ့ပါသည်။  တတိယအချက်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၁၁ အရ လူသားတိုင်းခံစားခွင့်ရှိသည့် အခြေခံလူ့အခွင့်အရေးများကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေက ရရှိခံစားနိုင်စေရန် အာမခံချက်ပေးထားကြောင်း ဖော်ပြထားသည့် အချက်ဖြစ်ပါသည်။  

ဥပဒေများပြုစုတင်သွင်းမှု
၂၁။    ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးယူဆောင်ရွက်ချက် မျိုးမှလွဲ၍ ဥပဒေမူကြမ်းတစ်ခုမှာ လွှတ်တော် ၂ ရပ်စလုံးမှ ခွင့်ပြုမှသာ ဥပဒေ အဖြစ်ပြဋ္ဌာန်းရပါသည်။ ဂျပန်နိုင်ငံ လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စည်းကမ်းသတ်မှတ်ချက်အရ နိုင်ငံတော်အာဏာ၏ အမြင့်ဆုံးအဖွဲ့ အစည်းနှင့် နိုင်ငံတော်ဥပဒေပြုသည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။ ဘုရင်ဧကရာဇ်သည်လွှတ်တော်၏ သဘောတူညီချက်နှင့်အတူ ဥပဒေပြုအာဏာကိုကိုင် ဆောင်နိုင်သည်မှာ မေဂျီခေတ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ကွာခြားချက်ပင်ဖြစ်ပါသည်။ များစွာသောအခြေအနေများတွင် ဥပဒေအားအမိန့်တစ်ခုဖြစ်လာစေရန် လွှတ်တော်၏ လွှတ်တော်ခွဲ ၂ ရပ်က ပထမဦးစွာ အတည်ပြုပြီးနောက် ဘုရင်ဧကရာဇ်က ထုတ်ပြန်ကြေညာရပါသည်။ သို့ရာတွင် ဘုရင်ဧကရာဇ်သည် ဥပဒေတစ်ခုအား ကြေညာရန် ငြင်းဆိုခွင့်မရှိသောကြောင့် ဘုရင် ၏အခန်းကဏ္ဍမှာ စည်းမျဉ်းခံဘုရင်အဖြစ်သာ တွေ့ရှိရသည့် အနေအထားသာ ဖြစ်ပါသည်။

အရေးပေါ်မဟုတ်သောသာမန်ဥပဒေများပြဋ္ဌာန်းရာတွင်ဆောင်ရွက်သည့်လုပ်ငန်းအဆင့်ဆင့်
၂၂။    အရေးပေါ်မဟုတ်သော သာမန်ဥပဒေများပြဋ္ဌာန်းရာတွင်ဆောင်ရွက်သည့် လုပ်ငန်းအဆင့် ဆင့်မှာ အောက်ပါပုံပြကားချပ်အတိုင်းဖြစ်ပါသည်-
 


လွှတ်တော်ဥက္ကဋ္ဌများနှင့်၎င်းတို့၏လုပ်ငန်းတာဝန်များ
၂၃။    အောက်လွှတ်တော်ဥက္ကဋ္ဌမှာ Mr. Tadamori Oshima ဖြစ်ပြီး အထက်လွှတ်တော် ဥက္ကဋ္ဌမှာ Mr. Masaaki Yamazaki ဖြစ်ပါသည်။  လွှတ်တော်ဥက္ကဋ္ဌများ၏ လုပ်ငန်းတာဝန် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 (က)    အစည်းအဝေးဆိုင်ရာလုပ်ငန်းတာဝန်များ
 (၁)    လွှတ်တော်အစည်းအဝေးကျင်းပရန် အစည်းအဝေးစတင်ခြင်း၊ ရွေ့ဆိုင်း ခြင်းနှင့် ပိတ်သိမ်းခြင်း၊
 (၂)    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်မြဲအမိန့်များအား လေးစားလိုက်နာရန် အတွက်  စီမံခန့်ခွဲခြင်း၊
(၃)    လွှတ်တော်နှင့်ပတ်သက်သည့်ကြေညာချက်များ ထုတ်ပြန်ခြင်း၊
(၄)   အမည်စာရင်းများအား လွှတ်တော်တွင်း ဆွေးနွေးမည့်သူများ ထုတ်ပြန် ခြင်းနှင့် ပြန်လည်ရုပ်သိမ်းနိုင်ခြင်း                                                                                                                                                                                                                                (၅)    ပြင်ဆင်မှုများနှင့်     ပတ်သက်၍ အစီအစဉ်ကို ဆုံးဖြတ်ပေးခြင်းနှင့် မည်သည့် ပြင်ဆင်မှုကို ငြင်းခုံဆွေးနွေးမည်ကို ရွေးချယ်ပေးခြင်း၊
 (၆)    အနည်းဆုံး ကိုယ်စားလှယ်ဦးရေ ၅ ပုံ ၁ ပုံ တက်ရောက်မှသာ မဲခွဲဆုံးဖြတ် ရန် ကြေညာခြင်း၊
 (၇)    မဲခွဲဆုံးဖြတ်မည့် အစီအစဉ်ကို ရှင်းလင်းပြောကြားခြင်း၊
  (၈)    မဲပြားတစ်ခုသည် ပုံမှန်မဟုတ်လျှင် ပယ်ဖျက်ရန်ဆုံးဖြတ်ခြင်း၊
   (၉)    ဆုံးဖြတ်ချက်များအတွက် မဲခွဲရာတွင်သတ်မှတ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ ပြည့်၊ မပြည့်စိစစ်ခြင်း၊
  (၁၀)    ဆုံးဖြတ်ချက်များ၊ ဆွေးနွေးချက်များနှင့်ပတ်သက်သောအချက်များကို မှန်၊ မမှန် စစ်ဆေးခြင်း၊
  (၁၁) လွှတ်တော်၏ အသက်တမျှအရေးကြီးသော စည်းမျဉ်းများနှင့် လုပ်ထုံး လုပ်နည်းများကို ထုံးတမ်းစဉ်လာများအပေါ်အခြေခံ၍ အဓိပ္ပါယ်  ဖွင့်ဆိုခြင်း၊
(ခ)    လွှတ်တော်ဆိုင်ရာလုပ်ငန်းများအားကြီးကြပ်ခြင်း
        (၁)    လွှတ်တော်ကျင်းပခြင်း၊
        (၂)    လွှတ်တော်၏အစီအစဉ်များရေးဆွဲခြင်း၊
        (၃)    ငြင်းခုံဆွေးနွေးပွဲများကို ပြုလုပ်ပေးခြင်းနှင့် ပြောဆိုရမည့်အချိန်များကို သတ်မှတ်ပေးခြင်း၊
        (၄)    ဥပဒေကြမ်းများနှင့် ဥပဒေပြင်ဆင်ချက်များကို လက်ခံစဉ်းစားရန် သင့်၊ မသင့် ဆုံးဖြတ်ပေးခြင်း၊
        (၅)    ဥပဒေကြမ်းနှင့် ပြင်ဆင်ချက်များကို သက်ဆိုင်ရာကော်မတီသို့ လေ့လာ သုံးသပ်တင်ပြရန် လွှဲပြောင်းပေးခြင်း၊
  (ဂ)    အခြားသောလုပ်ငန်းတာဝန်များ
    (၁)    ဥပဒေပြုရေးနှင့်ပတ်သက်သော ငြင်းခုံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနိုင်ခြင်း၊
   (၂)  လွှတ်တော်ကိုယ်စားလှယ်များမှ အစိုးရအဖွဲ့အား စာဖြင့်ရေးသား မေးမြန်း ခြင်းနှင့်ပတ်သက်၍ လိုအပ်သလို ဝင်ရောက်စီမံဆောင်ရွက်နိုင်ခြင်း၊
   (၃)    သင့်တင့်လျှောက်ပတ်သောဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် တာဝန်ခံ ဆောင်ရွက်ခြင်း၊
 (ဃ)    လွှတ်တော်ဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့်
   (၁)    လွှတ်တော်၏ဝင်ငွေနှင့်အသုံးစရိတ်ခန့်မှန်းခြေစာရင်းများကို နှစ်စဉ်ရေးဆွဲ ၍ ဘဏ္ဍာရေးဝန်ကြီးထံသို့ ပေးပို့ခြင်း၊
   (၂)    ဝန်ထမ်းများအား စုဆောင်းခန့်ထားခြင်း၊ တာဝန်မှရပ်စဲခြင်းများအတွက် သဘောတူညီချက်ချမှတ်ပေးခြင်း၊
   (၃)    လွှတ်တော်၏ ဝန်ထမ်းအရာရှိကြီးများအား ကွပ်ကဲခြင်း၊
   (၄)    လွှတ်တော်နှင့်ပတ်သက်သော ဝန်ထမ်းရေးရာ ကိစ္စရပ်များအား ကြီးကြပ် ကွပ်ကဲခြင်း၊
   (၅)    နိုင်ငံတကာပါလီမန်နှင့် ဆက်သွယ်ဆက်ဆံရေးအတွက် တာဝန်ရှိခြင်း၊
 (၆)    လွှတ်တော်တွင်းလုံခြုံရေးအတွက် တာဝန်ရှိခြင်း၊ ထိုတာဝန်ကို ထမ်းဆောင် နိုင်ရန်အတွက် လွှတ်တော်အတွင်း မငြိမ်သက်မှုများ ဖြစ်ပေါ် လာပါက ရဲတပ်ဖွဲ့များကို ခေါ်ယူနိုင်ခွင့်ရှိခြင်း၊
(၇) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်အစည်းအဝေးအား နှောက်ယှက်ခဲ့လျှင် သို့မဟုတ် လွှတ်တော်၏ဂုဏ်သိက္ခာအား ကျဆင်းအောင် ပြုလုပ်ခဲ့လျှင် လွှတ်တော်ဥက္ကဋ္ဌသည် ယင်းလွှတ်တော်ကိုယ်စားလှယ်အား သတိပေးတားမြစ်နိုင်ခြင်း သို့မဟုတ် သင့်လျော်သော မှတ်ချက်များဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်ခြင်း၊
(၈)  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ညွှန်ကြားချက်များအားမလိုက်နာခဲ့လျှင် အစည်းအဝေးခန်းမမှထွက်ခွာသွားရန် လွှတ်တော်ဥက္ကဋ္ဌက အမိန့်ပေးနိုင်ခြင်း၊
(၉)    လွှတ်တော်သို့ လာရောက်လေ့လာသူတစ်ဦးက လွှတ်တော်၏ လုပ်ထုံး လုပ်နည်းများအား နှောက်ယှက်ခဲ့လျှင် လွှတ်တော်ဥက္ကဋ္ဌသည် ၎င်းအား လွှတ်တော်မှထွက်ခွာသွားရန် အမိန့်ပေးနိုင်ခြင်း၊ လိုအပ်လျှင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များဖြင့် ထိန်းသိမ်းရန် အမိန့်ပေးနိုင်ခြင်း။

လွှတ်တော်အစည်းအဝေးများနှင့်ကော်မတီအစည်းအဝေးများ
၂၄။    လွှတ်တော်အစည်းအဝေး ၃ ရပ်ရှိပါသည်။ ၎င်းတို့မှာ ပုံမှန်အစည်းအဝေး၊ ပုံမှန်မဟုတ် သောအစည်းအဝေးနှင့် လွှတ်တော် အထူးအစည်းအဝေးတို့ဖြစ်ပါသည်။ ထို့ပြင် မျက်နှာစုံညီအစည်း အဝေးနှင့် ကော်မတီအစည်းအဝေးတို့လည်း ရှိပါသည်။
   (က)    ပုံမှန်အစည်းအဝေး။    ပုံမှန်အစည်းအဝေးကို တစ်နှစ်တစ်ကြိမ် ဇန်နဝါရီလ၌ ကျင်းပ ၍ ရက်ပေါင်း ၁၅၀ ကြာမြင့်ပါသည်။ လွှတ်တော် ဥက္ကဋ္ဌသည် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သာမန်မဟုတ်သော အစည်းအဝေးတစ်ခုစီကို ဆင့်ခေါ်ကျင်းပနိုင် ပါသည်။ ၄ ပုံ ၁ ပုံထက်ကျော်လွန်သော လွှတ်တော်ကိုယ်စားလှယ်များက တောင်း ဆိုပါက သက်ဆိုင်ရာလွှတ်တော်ကို အစိုးရအဖွဲ့မှ ဆင့်ခေါ်ကျင်းပပေးရပါသည်။ ပုံမှန်မဟုတ်သော အစည်းအဝေးများကို တစ်နှစ်ကို ၁ ကြိမ်မှ ၂ ကြိမ်ထိ နွေရာသီနှင့် ဆောင်းဦးကာလများတွင် ခေါ်လေ့ရှိပါသည်။

  (ခ)    ပုံမှန်မဟုတ်သောအစည်းအဝေးနှင့်လွှတ်တော်အထူးအစည်းအဝေး။ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ မူလအောက် လွှတ်တော် သက်တမ်းဆုံးခန်းတိုင်သော အခါပုံမှန်မဟုတ်သောအစည်းအဝေးကိုခေါ်ယူကျင်းပပေးရပါသည်။ အောက်လွှတ်တော် ကို အကြောင်း အမျိုးမျိုးကြောင့် ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပပြီးနောက် ရက် ပေါင်း ၃၀ အတွင်း အထူးအစည်းအဝေးတစ်ရပ်ကို ဆင့်ခေါ်ကျင်းပရမည် ဖြစ်ပါ သည်။ အထူးအစည်းအဝေးတွင် အစိုးရအဖွဲ့တစ်ခုလုံး နှုတ်ထွက်ပြီး ဝန်ကြီးချုပ် တစ်ဦးကို ရွေးချယ်ရပါသည်။ သာမန်မဟုတ်သော အစည်းအဝေးနှင့် လွှတ်တော် အထူးအစည်းအဝေးများ၏ ကျင်းပမည့်ကာလကို လွှတ်တော် ၂ ရပ်၏ သဘော တူညီချက်ဖြင့် သတ်မှတ်ရပါသည်။ ဆက်လက်၍ လွှတ်တော်ကျင်းပသည့် ကာလ ကို တိုးမြှင့်လိုလျှင် လွှတ်တော် ၂ ရပ်၏ သဘောတူညီချက်ဖြင့် ဆက်လက်တိုးမြှင့် နိုင်ပါသည်။ အကယ်၍ ထိုကဲ့သို့ လွှတ်တော်ကျင်းပမည့်ကာလ ရက်သတ်မှတ်ခြင်း ကိုလွှတ်တော် ၂ ခုသဘောတူညီချက်မရလျှင် သို့တည်းမဟုတ် အထက်လွှတ်တော်မှ ဆုံးဖြတ်နိုင်ခြင်းမရှိလျှင်အောက်လွှတ်တော်၏ဆုံးဖြတ်ချက်သည်အတည်ဖြစ်ပါသည်။

  (ဂ)    မျက်နှာစုံညီအစည်းအဝေးများ။ မျက်နှာစုံညီအစည်းအဝေးများသည် လွှတ်တော် အမတ်များအားလုံးတွေ့ဆုံဆွေးနွေး ရသော အစည်းအဝေးများဖြစ်ပါသည်။ ထိုအစည်း အဝေးများ၏ ဆွေးနွေးဆုံးဖြတ်ချက်များကို စည်းမျဉ်းစည်းကမ်းအရ ပြည်သူလူထု ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်တင်ပြကြရပါသည်။ ဆွေးနွေးခဲ့သည် ကိစ္စရပ် များသည် အစည်းအဝေးတက်ရောက်သူ ၃ ပုံ ၁ ပုံမရှိပါက အစည်းအဝေးအထ မြောက် ပြီးမြောက်ခြင်းမရှိကြောင်း သတ်မှတ်ထားပါသည်။ လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၃ ပုံ ၁ ပုံကအစည်းအဝေးတက်ရောက်မှသာ ထမြောက်အောင်မြင်ပြီး အစည်းအဝေးတက်ရောက်သူ တစ်ဝက်ကျော်မှ သဘောတူညီမှသာလျှင် အထူး ဖော်ပြထားသော ကိစ္စရပ်များမှလွဲ၍ သာမန်အားဖြင့် ဆုံးဖြတ်ချက် အတည်ဖြစ် ပါသည်။ မျက်နှာစုံညီအစည်းအဝေးများတွင် မဲပေးနည်းစနစ် ၄ မျိုး ရှိပါသည်။ နှုတ်ဖြင့် မဲပေးခြင်း (အစည်းအဝေးတက်ရောက်သူများကို ကန့်ကွက်သူ ရှိ/မရှိ မေးသည်)၊ ထောက်ခံလျှင် ထောက်ခံကြောင်း ထိုင်ရာမှမတ်တပ်ရပ်ပြ၍ မဲပေး ခြင်းမျိုး၊ ဗြောင်ဆန္ဒမဲပေးခြင်း၊ (ထောက်ခံသော် အဖြူရောင်မဲပြားပေါ်တွင် မိမိ အမည်ရေးသားဖော်ပြမဲပေးခြင်း၊ ကန့်ကွက်သော် အပြာရောင် မဲပြားပေါ်တွင် မိမိ အမည်ရေးသားဖော်ပြခြင်း) နှင့် ခလုတ်နှိပ်၍မဲပေးခြင်း (စုံညီအစည်းအဝေး တက်ရောက်လာသူ လွှတ်တော်အမတ်များသည် မိမိတို့ထိုင်ခုံရှေ့ရှိ မဲပေးခလုတ်ကို နှိပ်၍ သဘောတူကြောင်း၊ သို့မဟုတ် ကန့်ကွက်ကြောင်း မဲပေးနိုင်သည်)။ အထက် လွှတ်တော်၌ ခလုတ်နှိပ်၍ မဲပေးခြင်းကို ၁၉၉၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ပြီး အသုံးပြု ခဲ့ပါသည်။ ယေဘုယျ အားဖြင့် မျက်နှာစုံညီအစည်းအဝေးများကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့နံနက် ၁၀ နာရီ၌ အတိုင်ပင်ခံအဖွဲ့ လွှတ်တော်ရုံး တွင် ကျင်းပပြီး အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့ နေ့လည် ၁ နာရီ တွင် အောက်လွှတ်တော်၌ကျင်းပပြုလုပ်ပါသည်။                                                                                                                                                                                                                                                                                                                                                                                                                                                          
  (ဃ)    ကော်မတီအစည်းအဝေးများ။              ကော်မတီအဖွဲ့ဝင်များကို လွှတ်တော်အတွင်း ရှိ နိုင်ငံရေးပါတီအချိုးအစား အတိုင်း ကော်မတီ အဖွဲ့ဝင်များကို ဖွဲ့စည်းပါသည်။ ကော်မတီ အစည်းအဝေးများသည် ကော်မတီဦးရေ တစ်ဝက်ကျော် တက်ရောက်မှ ထမြောက် ပါသည်။ ကော်မတီ၏ဆုံးဖြတ်ချက်များသည် တက်ရောက်သော ကော်မတီ ဝင်ဦးရေ၏ ထက်ဝက်ကျော် ဆုံးဖြတ်ချက်ဖြင့် အတည်ပြု ပါသည်။ ကော်မတီ အစည်းအဝေးပွဲများကို ကော်မတီဥက္ကဋ္ဌ၏ ဝင်ရောက်လေ့လာခွင့်ပေးခြင်း ခံထားရ သော ပုဂ္ဂိုလ်များ၊ မီဒီယာသမားများမှအပ မည်သူမျှ ဝင်ရောက်လေ့လာ ကြည့်ရှုခွင့် မရှိကြောင်း သတ်မှတ်ထားပါသည်။ ကော်မတီဝင်များအတွက် ကျွမ်းကျင်သော ပညာရှင်များ ခန့်အပ်ထားပြီး ၎င်းပညာရှင်များသည် ဘတ်ဂျက်၊ စာချုပ်များ၊ ဥပဒေ ကြမ်းများ၊ အယူခံလွှာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား အသေးစိတ်စိစစ်ရပါ သည်။ ထို့အပြင် ၎င်းပညာရှင်များသည် သက်ဆိုင်ရာ ကော်မတီနှင့်ပတ်သက်သော အစိုးရလုပ်ငန်းများကို သုတေသနပြုလုပ်ပြီး ကော်မတီသို့ တင်ပြရပါသည်။

လွှတ်တော်နှစ်ရပ်တွင် ဆန္ဒမဲပေးခြင်းစနစ်
၂၅။    လွှတ်တော်နှစ်ရပ်လုံးတွင် ကိုယ်စားလှယ်သုံးပုံတစ်ပုံ၏ ဆန္ဒမဲဖြင့် အားလုံးသောကိစ္စရပ် များကို ဆုံးဖြတ်နိုင်ပြီး ကော်မတီ အစည်းအဝေးတွင်လည်း ကိုယ်စားလှယ်တစ်ဝက်ကျော်၏ ဆန္ဒမဲ ဖြင့် ဆုံးဖြတ်နိုင်ပါသည်။  လွှတ်တော်များတွင် ဆုံးဖြတ်ချက်များကို အများစု၏ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သီးခြားဖော်ပြထားခြင်းမရှိလျှင် သာမန်ကိစ္စရပ် များတွင် ထောက်ခံမဲများဖြင့် အတည်ပြုပါသည်။ ထောက်ခံမဲနှင့် ကန့်ကွက်မဲ အရေအတွက် တူညီနေလျှင် လွှတ်တော်ဥက္ကဋ္ဌသည် ဆုံးဖြတ်မဲကို ပေးရပါသည်။
မဲပေးစနစ်  ၃  မျိုးရှိပါသည်။ ၎င်းတို့မှာ-
(က)    နှုတ်ဖြင့်မဲပေးခြင်း
(ခ)    မတ်တပ်ရပ်၍မဲပေးခြင်းနှင့်
(ဂ)    ဆန္ဒမဲကဒ်ပြားဖြင့် လျှို့ဝှက်မဲပေးခြင်းတို့ဖြစ်ပါသည်။
၂၆။  ကော်မတီများတွင် တက်ရောက်သည့်ကိုယ်စားလှယ်အများစု၏ မဲရရှိမှုပေါ်မူတည်ပြီး ကိစ္စရပ်များအားလုံးကို ဆုံးဖြတ်ခဲ့ပါသည်။ ဥက္ကဋ္ဌသည်လည်း ထောက်ခံမဲနှင့်ကန့်ကွက်မဲတူညီနေ လျှင် ဆုံးဖြတ်ချက်မဲကို ပေးရပါသည်။ ကော်မတီအစည်းအဝေးများတွင် ဆန္ဒမဲကဒ်ပြားဖြင့် လျှို့ဝှက်မဲပေးခြင်းစနစ်ကို အသုံးမပြုဘဲ နှုတ်ဖြင့်မဲပေးခြင်းနှင့် မတ်တပ်ရပ်၍မဲပေးခြင်းကို အသုံး ပြုပါသည်။ အထက်လွှတ်တော် ၏ ကော်မတီအစည်းအဝေးများတွင် လက်ထောင်ပြပြီး မဲပေးခြင်းကို လည်းအသုံးပြုပြီး တစ်ခါတစ်ရံ အောက်လွှတ်တော်၏ စီမံခန့်ခွဲ မှုစောင့်ကြပ်ကြည့်ရှုရေးကော်မတီ တွင်လည်း ယင်းစနစ်ကို အသုံးပြုပါသည်။

လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲချက်
၂၇။    ဥပဒေကြမ်းတစ်ခုကို လွှတ်တော်တစ်ခုမှ အတည်ပြုပြီးလျှင် အခြားလွှတ်တော်သို့ ပေးပို့ ရပါသည်။ ၎င်းလွှတ်တော်တွင် ဥပဒေကြမ်းကို ယခင်လွှတ်တော်နည်းတူ ဆောင်ရွက်ပါသည်။ လွှတ်တော်နှစ်ရပ်လုံးသဘောတူညီ၍ အတည်ပြုလိုက်သောအခါ ထိုဥပဒေကြမ်းသည် သာမန် အားဖြင့် ဥပဒေတစ်ရပ်ဖြစ်လာပါသည်။ အောက်လွှတ်တော်တွင် အတည်ပြုပြီးသော ဥပဒေကြမ်း တစ်ခုကို အထက်လွှတ်တော်ကကန့်ကွက်ခဲ့လျှင် အောက်လွှတ်တော်သည် ပြင်ဆင်ခြင်းမပြုဘဲ ဒုတိယအကြိမ် ဆက်လက်တင်သွင်းပြီး  ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ သို့မဟုတ် ယင်းထက်ပိုသော ကိုယ်စားလှယ်များထံမှ ထောက်ခံဆန္ဒမဲကို ရယူနိုင်လျှင် အထက်လွှတ်တော်က ကန့်ကွက် သော်လည်း ထိုဥပဒေကြမ်းသည် အတည်ဖြစ်ပါသည်။ အောက်လွှတ်တော်မှ အတည်ပြုပြီးသော ဥပဒေကြမ်းတစ်ခုကို အထက်လွှတ်တော်သည် ရက် ၆၀ ကာလအတွင်း ပြန်ကြားရပါမည်။ မပြန် ကြားပါက အောက်လွှတ်တော်မှ အတည်ပြုသည့်အတိုင်း အတည်ဖြစ်ပါသည်။ ရက်ပေါင်း ၆၀ ရေတွက်ရာတွင် လွှတ်တော်နားနေသည့်ရက်များ မပါဝင်ပါ။
၂၈။    အကယ်၍ လွှတ်တော်သို့တင်သွင်းသော ဥပဒေကြမ်းတစ်ခုကို လွှတ်တော် ၂ ရပ် စလုံးက သဘောမတူညီသော ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းနိုင်ရန်အတွက်  လွှတ်တော် ၂ ရပ်လုံး ပါဝင် သော ကွန်ဖရင့်ကော်မတီတစ်ခုကို ဖွဲ့စည်းနိုင်ပါသည်။ ၎င်းကွန်ဖရင့်ကော်မတီတွင် အောက် လွှတ်တော်မှ ကိုယ်စားလှယ် ၁၀ ဦးနှင့် အထက်လွှတ်တော်မှ ကိုယ်စားလှယ် ၁၀ ဦးတို့ဖြင့် ဖွဲ့စည်းထားပါသည်။ လွှတ်တော်တစ်ခုစီမှ ကိုယ်စားလှယ်ဦးရေ ၃ ပုံ ၂ ပုံ တက်ရောက်မှသာလျှင် အစည်းအဝေး အထမြောက်ပြီးအရေးပါသော ဆုံးဖြတ်ချက်အတည်ဖြစ်ရန်အတွက် ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ၏ ထောက်ခံမဲလိုအပ်ပါသည်။ လွှတ်တော်ဥက္ကဋ္ဌ  ၂  ဦးရှိပြီးအောက်လွှတ်တော်မှ  ၁  ဦး၊ အထက်လွှတ်တော်မှ  ၁  ဦး ရွေးကောက်တင်မြှောက်ပါသည်။ သဘာပတိရွေးချယ် ရာတွင်လည်း လွှတ်တော် ၂ ရပ်လုံးရှိ ကိုယ်စားလှယ်များထဲမှ တစ်လှည့်စီ ရွေးချယ်ပါသည်။ ကွန်ဖရင့်တွင် လွှတ်တော် ၂ ခု သဘောတူညီချက်မရလျှင် ကွန်ဖရင့်ကော်မတီဥက္ကဋ္ဌသည် ၎င်းတို့၏ သက်ဆိုင်ရာ လွှတ်တော်သို့ အချက်အလက်များအား အစီရင်ခံစာ တင်သွင်းရပါသည်။

နိုင်ငံတော်ဆိုင်ရာဘတ်ဂျက်
၂၉။    ဘဏ္ဍာရေးနှစ်သည် ဧပြီလ ၁ ရက်နေ့တွင် စတင်သည့်အတွက် အသုံးစရိတ်ကို   ပုံမှန်အစည်း အဝေးကျင်းပသည့် ဇန်နဝါရီလတွင် လွှတ်တော်သို့ တင်ပြရပါသည်။ ဘတ်ဂျက်ဥပဒေကြမ်းကို အစိုးရအဖွဲ့သာလျှင် တင်သွင်းနိုင်ပါသည်။ ထို့နောက် အောက်လွှတ်တော်သို့ ပထမဆုံး တင်သွင်း ပါသည်။ ဘတ်ဂျက်ဥပဒေကြမ်းကို ဘတ်ဂျက်ရေးရာကော်မတီသို့ လွှဲပြောင်းသောအခါယင်း ကော်မတီက လိုအပ်သည်များမေးမြန်းနိုင်ရန်အတွက် ဝန်ကြီးချုပ်၊ ဝန်ကြီး၊ အခြားသော ပြည်နယ် ဝန်ကြီးများနှင့် နိုင်ငံတော်အစိုးရအဖွဲ့တို့အား အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားနိုင်ပါသည်။ ဘတ်ဂျက်နှင့်ပတ်သက်သော ဆောင်ရွက်ချက်များသည်  ရံဖန်ရံခါ အစိုးရအဖွဲ့အား ဝေဖန်စိစစ် ရန် အထောက်အကူဖြစ်ပါသည်။
၃၀။    လွှတ်တော်အစည်းအဝေးတွင် ဘတ်ဂျက်ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် အထက် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၂၀ ဦး (သို့မဟုတ်) အောက်လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၅၀ ဦး ထောက်ခံပေးရပါသည်။ ဘတ်ဂျက်နှင့်ပတ်သက်၍  အထက်လွှတ်တော်သည် အောက်လွှတ်တော်နှင့် သဘောထားကွဲလွဲနေပါက ကွန်ဖရင့်ကော်မတီဖွဲ့စည်းညှိနှိုင်းရပြီး ဆုံးဖြတ် ချက်မရလျှင် အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။ ထို့အပြင် အောက် လွှတ်တော်၏ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က လက်ခံရရှိပြီး ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားခြင်းမရှိလျှင် အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်၍ နိုင်ငံတော်၏ ဘတ်ဂျက်အဖြစ် အတည်ပြုပြဋ္ဌာန်းရပါသည်။

ကော်မတီများ
၃၁။    ကော်မတီများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
   (က)    အထူးကော်မတီ။    အထူးကော်မတီသည် အထူးကိစ္စရပ်များကို စုံစမ်းစစ်ဆေး ခြင်းနှင့် ဥပဒေများအား အကြံပေးခြင်းများအား လုပ်ဆောင်ရပါသည်။  
    (ခ)    သုတေသနကော်မတီ။    သုတေသနကော်မတီသည် အထက်လွှတ်တော်၏ အဓိကအရေးပါသောဌာနဖြစ်ပါသည်။ သုတေသနကော်မတီ များသည် နိုင်ငံတော် စီမံခန့်ခွဲအုပ်ချုပ်ရေးဆိုင်ရာ အခြေခံကိစ္စရပ်များနှင့် ပတ်သက်သော ကျယ်ဝန်း စုံလင်သော ရေရှည် သုတေသနပြုလေ့လာမှုများကို ဆောင်ရွက်ရပြီး ဥပဒေကြမ်း များကို အကြံပေးတင်ပြရပါသည်။   
 (ဂ)    ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကော်မရှင်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကော်မရှင် သည်  ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ပြည့်စုံကျယ်ပြန့်သော သုတေသန ပြုလေ့လာမှုများကို ဆောင်ရွက်ရပါသည်။ ၎င်းအဖွဲ့သည် ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နီးစပ်စွာပတ်သက်နေသော အခြေခံကျသောဥပဒေများကိုလည်း စဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် လိုအပ်သော ဥပဒေကြမ်းများကိုလည်း စဉ်းစားသုံးသပ်ပါသည်။  
 (ဃ)   နိုင်ငံရေးကျင့်ဝတ်ထိန်းသိမ်းရေးဆိုင်ရာကောင်စီ။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် စည်းမျဉ်း စည်းကမ်း အား ဖောက်ဖျက်ခဲ့သည့် ကိစ္စရပ်များကို ဆုံးဖြတ် ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အကျင့် စာရိတ္တ ပြည့်မှီစေရန် အတွက် နိုင်ငံရေးကျင့်ဝတ်ထိန်းသိမ်းရေးဆိုင်ရာကောင်စီကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါသည်။

ရုံးအဖွဲ့ဖွဲ့စည်းပုံ
၃၂။    ရုံးအဖွဲ့များကို အောက်ပါအတိုင်းဖွဲ့စည်းထားပါသည်-
 (က)    ဝန်ထမ်းဖွဲ့စည်းပုံ။    အောက်လွှတ်တော်တွင် လုံခြုံရေးဝန်ထမ်းများ၊ လက်နှိပ်စက် စာရေးအပါအဝင် ဝန်ထမ်းဦးရေ ၁၆၅၀ ခန့်ဖြင့် ဖွဲ့စည်းထားပြီး အထက် လွှတ်တော်တွင် ဝန်ထမ်းဦးရေ ၁၂၄၀ ခန့် ရှိပါသည်။  
(ခ)    ဥပဒေပြုဌာန။        လွှတ်တော်နှစ်ရပ်လုံးတွင် လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေကြမ်းရေးဆွဲရာတွင် အဆင်ပြေချောမွေ့စေရန် ဥပဒေပြုဌာနကို ဖွဲ့စည်းထား ပါသည်။ ဥပဒေပြုဌာန၌  ဝန်ထမ်းဦးရေ ၈၀ ခန့်ရှိပါသည်။  
(ဂ)    စာကြည့်တိုက်ဌာန။    လွှတ်တော်စာကြည့်တိုက်တွင် လက်ရှိအချိန်၌ ဝန်ထမ်း ၉၀၀ ခန့်ရှိပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်များအား အထောက်အကူဖြစ်စေရန်၊ စာကြည့်တိုက်ဝန်ဆောင်မှုစီမံခန့်ခွဲရေး၊ နိုင်ငံတော် အစိုးရ၏ တရားစီရင်ရေး ရုံးခွဲများနှင့် အများပြည်သူအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ ၁၉၄၈ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ သုတေသန ဌာနတွင် ဝန်ထမ်း ၁၉၀ ခန့် ရှိပါသည်။

သုံးသပ်တင်ပြချက်
၃၃။    အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့၏ ကွဲပြားခြားနားချက်များကို အောက်ပါ အတိုင်း တွေ့ရှိရပါသည်-
   -    လွှတ်တော်နှစ်ရပ်လုံးသည် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားပြီး ဝန်ကြီးချုပ်စနစ်အရ အောက်လွှတ်တော်ကို သက်တမ်းမပြည့်မီ ဖျက်သိမ်းနိုင် သော်လည်း အထက်လွှတ်တော်ကို ဖျက်သိမ်း၍မရခြင်း၊
    -    အထက်လွှတ်တော်သည် စာချုပ်များ၊ ဘတ်ဂျက်နှင့် ဝန်ကြီးချုပ်ရွေးချယ်ရေးကိစ္စရပ် များတွင် လုပ်ငန်းလမ်းကြောင်း နှောင့်နှေးစေနိုင်ရုံမျှသာ လုပ်ဆောင်နိုင်ပြီး ပိတ်ပင် ခြင်းမပြုနိုင်ခြင်း၊
   -    သို့ရာတွင် အောက်လွှတ်တော်အား ဝန်ကြီးချုပ် သို့မဟုတ် အယုံအကြည်မရှိအဆိုဖြင့် ဖျက်သိမ်းနိုင်သော်လည်း အထက်လွှတ်တော်အား ဖျက်သိမ်း၍မရနိုင်ခြင်း၊
    -    အောက်လွှတ်တော်သည် ပြည်သူလူထု၏ဆန္ဒသဘောထားအမြင်များအပေါ် ပိုမိုအာရုံ စိုက်နိုင်၍  အောက်လွှတ်တော်ဟု ခေါ်ဆိုခြင်း။

နိဂုံး
၃၄။ ဂျပန်နိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်သည့်စနစ်မှာ အနိုင်ရသူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်၏ အားသာချက်များကို ပေါင်းစပ်ထားကြောင်း တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံလွှတ်တော်သည် အောက်ပါကောင်းမွန်သော အချက်များ အား ညွှန်ပြနေကြောင်း တွေ့ရှိ ရပါသည်-
   -    အောက်လွှတ်တော်၏သက်တမ်းသည် ၄ နှစ်ဖြစ်ပြီး ၄ နှစ်တစ်ကြိမ်သာရွေးချယ်ပြီး အထက် လွှတ်တော်၏သက်တမ်းသည် ၆ နှစ်ဖြစ်ပြီး ၃ နှစ်တစ်ကြိမ် ရွေးချယ်သော ကြောင့် လွှတ်တော်၏ ယန္တရားများ အဆက်မပြတ် ဆက်လက်လည်ပတ်နိုင်ခြင်း၊
 - ဥပဒေကြမ်းများနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲပါက သက်ဆိုင်ရာ ဥပဒေတစ်ခုချင်းအလိုက် ဘာသာရပ်ကျွမ်းကျင်သူများပါဝင်သည့် ကွန်ဖရင့်ကော်မတီ ကို ဖွဲ့စည်း၍ ညှိနှိုင်းခြင်း၊
    -    ညှိနှိုင်း၍မရပါက အောက်လွှတ်တော်တွင် ပြန်လည်သုံးသပ်၍ အထက်လွှတ်တော်၏ သဘော မတူညီမှုကို အောက်လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံကျော် ထောက်ခံ ဆုံးဖြတ်မှသာ အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း အတည်ဖြစ်ခြင်း။
၃၅။    ထို့ကြောင့် ဂျပန်နိုင်ငံလွှတ်တော်သည် နိုင်ငံတကာလွှတ်တော်များအား လေ့လာသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လေ့လာ သင့်သော လွှတ်တော်တစ်ရပ်ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။


သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက် အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့် တပြေးညီ နောက်ဆုံးရ သတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေး မှုများ ပြုလုပ်ခြင်းမရှိပါ။

Date issused 
Monday, July 27, 2015 - 13
Research File 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်ရုံး