Law Database | Mail | English Version

ကုန်အမှတ်တံဆိပ်ဥပဒေဆိုင်ရာစာတမ်းတို

အကျဉ်းချုပ်
    ကုန်အမှတ်တံဆိပ်ဥပဒေနှင့်ပတ်သက်၍ ယခင်က မြန်မာနိုင်ငံတွင် သီးခြားပြဋ္ဌာန်းခဲ့ခြင်း မရှိသေးပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေ များဖြစ်သော တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေ၊ မူပိုင်ခွင့်ဥပဒေများမှာ အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေများတွင် ကုန်အမှတ်တံဆိပ်ဥပဒေနှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်အား ကာကွယ် ခြင်း၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား လက်တွေ့ကျကျ ကိုင်တွယ် ဆောင်ရွက်နိုင်ရန်နှင့် ကောင်းစွာစီမံခန့်ခွဲနိုင်ရန်၊ ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှုအခွင့်အရေး၊ ကုန်အမှတ်တံဆိပ်လိမ်လည်သုံးစွဲခြင်း၊ ရရှိလာမည့်အကျိုးကျေးဇူးများနှင့် လိုက်နာကျင့်သုံး ဆောင်ရွက်ရမည့်အကြောင်းအရာအချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ်များ ယင်းဥပဒေ ကြမ်းဆွေးနွေးရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရေးသားပြုစုတင်ပြထားခြင်းဖြစ် ပါသည်။


ကုန်အမှတ်တံဆိပ်
၁။    ကုန်အမှတ်တံဆိပ်ဆိုသည်မှာ     ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ကုန်ပစ္စည်းများကို အခြားသောလုပ်ငန်းများ၏ ကုန်ပစ္စည်းများမှ ခွဲခြားသိရှိစေနိုင်သော အမှတ် တံဆိပ်တစ်ခုခုကိုဆိုပါသည်။

၂။    တစ်ဦးတစ်ယောက်သောသူ၏ ထုတ်လုပ်ကုန်စည်ဖြစ်ကြောင်းကို သော်လည်းကောင်း၊ အရောင်းအဝယ်ကုန်စည်ဖြစ်ကြောင်းကို သော်လည်းကောင်း ဖော်ပြရန် အသုံးပြုသောအမှတ်  အသားကို ကုန်အမှတ်တံဆိပ်ဟုခေါ်ပါသည်။

၃။    ကုန်အမှတ်တံဆိပ်ဆိုသည်မှာ လူတစ်ဦးကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ရောင်းချသောပစ္စည်း၏ အမှတ်အသားဖြစ်ပြီး ပစ္စည်းတံဆိပ်မှာ လူတစ်ဦးကုမ္ပဏီတစ်ခု ပိုင်သောပစ္စည်း၏အမှတ်အသား ဖြစ်ပါသည်။

ဥပဒေကြမ်း၏နောက်ခံအကြောင်းအရာ
၎။    မြန်မာနိုင်ငံတွင်မူပိုင်ခွင့်အက်ဥပဒေ (Copyright Act) ကို ၁၉၁၁ ခုနှစ်တွင် စတင်၍ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၁၉၁၄ ခုနှစ်တွင် ထပ်မံဖြည့်စွက်၍ အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာ နိုင်ငံ၏မူပိုင်ခွင့်တည်မြဲသော သက်တမ်းမှာ လက်ရှိအခြေအနေအရ အနှစ်ငါးဆယ်ဖြစ်ပါသည်။ ၁၈၈၉ ခုနှစ်က မြန်မာနိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မူပိုင်ခွင့်ဥပဒေ (Myanmar Merchandise Act) ကို ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၄၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ တီထွင်မှု မူပိုင်ခွင့်နှင့်ဒီဇိုင်းဥပဒေ (Myanmar Patents and Design Act) ကို ၁၉၉၃ ခုနှစ် အက်ဥပဒေ များဖျက်သိမ်းသည့် ဥပဒေအမှတ် (၄) အရ ပယ်ဖျက်ခဲ့ပါသည်။  ယခင်ကပြဋ္ဌာန်းခဲ့သော ဥပဒေ များအနက် မျက်မှောက်ကာလတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာသောဥပဒေများမှာ အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများဖြစ်သော ကုန်အမှတ်တံဆိပ်ဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေများစသည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေ ၄ ခုကို ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြထားပါသည်။

၅။    အထက်ပါဥပဒေ ၄ ခုမှ ကုန်အမှတ်တံဆိပ်ဆိုင်ရာ အချက်အလက်များအား အောက်ပါ အတိုင်းဖော်ပြခြင်း ဖြစ်ပါသည်။ ယင်းဥပဒေနှင့်ပတ်သက်၍ ယခင်က ပြဋ္ဌာန်းခဲ့ဖူးခြင်းမရှိပါ။ ယခုအခါဈေးကွက်စီးပွားရေးစနစ်၏ ကျယ်ပြန့်လာမှုအရ ကုန်အမှတ်တံဆိပ်ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းရန် လိုအပ်လာပါသည်။

၆။    ထို့ကြောင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာဥပဒေကြမ်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အဖွဲ့အစည်း World Intellectual Property Organization (WIPO) ၏ Focal Ministry အဖြစ် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ကြသည့် ASEAN Working Group on Intellectual Property Cooperation (AWGIPC)၊ ဂျပန်တီထွင်မှု မူပိုင်ခွင့်ရုံး၊ ဂျပန်ပြင်ပကုန်သွယ်ရေးအဖွဲ့အစည်း Japan External Trade Organization (JETRO) နှင့် အမေရိကန်ပြည်ထောင်စု တီထွင်မှုကုန်အမှတ် တံဆိပ်အဖွဲ့အစည်း International Trademark Association (INTA) စသည်တို့နှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရေးဆွဲပြီး ၂၀၁၅ ခုနှစ် တွင် လွှတ်တော်သို့ တင်သွင်းအတည်ပြုနိုင်ရန် ဆောင်ရွက် ခဲ့ကြပါသည်။

ဥပဒေကြမ်းအကျဉ်းချုပ်
၇။    ဤဥပဒေကြမ်းတွင် အခန်း ၂၀ နှင့်ပုဒ်မပေါင်း ၉၇ ခုပါရှိပါသည်။ ယင်းဥပဒေကြမ်း ၏ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    အမှတ်တံဆိပ်ကို အကာအကွယ်ပေးခြင်းအားဖြင့် ကုန်သွယ်ရေးနှင့်ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊
(ခ)    အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရရှိသူတို့၏ အကျိုးစီးပွားကို အကာအကွယ် ပေးနိုင်ရန်၊
(ဂ)    အမှတ်တံဆိပ်အခွင့်အရေးကို ထိပါးချိုးဖောက်မှုများအား ဤဥပဒေအရ ထိရောက် စွာအရေးယူနိုင်ရန်၊
(ဃ)    အမှတ်တံဆိပ်တုပမှုနှင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ ဝင်ရောက်လာခြင်းကို ဟန့်တားနိုင်ခြင်းအားဖြင့် မျှတသောဈေးကွက်ယှဉ်ပြိုင်မှုစနစ်ကို တည်ဆောက်ရန် နှင့်ပြည်သူများအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင် ရန်၊
(င)    ပထဝီဆိုင်ရာအညွှန်းကို အကာအကွယ်ပေးခြင်းဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဒေသထုတ်ကုန်များ၏အရည်အသွေးများကို မြှင့်တင်နိုင်ရန်နှင့်နိုင်ငံတကာဈေးကွက် သို့ထိုးဖောက်ဝင်ရောက်နိုင်ခြင်းဖြင့် ဒေသတွင်းရှိ ပြည်သူများ၏စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် စသည်တို့ဖြစ်ပါသည်။

ဥပဒေပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်
၈။    မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းရခြင်းမှာ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန်၊ စာပေ နှင့်အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်ထုတ်လုပ်မှုများနှင့် ထုတ်လွှင့်သည့် အဖွဲ့အစည်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန်၊ တီထွင်ဆန်းသစ်မှုများနှင့် နည်းပညာဖန်တီးမှုများကို မြှင့်တင်ရန်၊ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ရာတွင် လွယ်ကူ ချောမွေ့စေရန်၊ စီးပွားရေးဆိုင်ရာ အမြတ်ထုတ်မှုများနှင့်မမျှတသောယှဉ်ပြိုင်မှုများအား ဟန့်တား ရန်၊ ပထဝီဆိုင်ရာအညွှန်းများ အကာအကွယ်ပေးခြင်းဖြင့် မြန်မာနိုင်ငံထွက်ကုန်များ၏ အရည် အသွေးမြှင့်တင်ပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ရိုးရာ ယဉ်ကျေးမှု ဖော်ပြချက်များနှင့် ရိုးရာဓလေ့အမွေအနှစ်များကို မြှင့်တင်ရန်နှင့် ကာကွယ်ရန်အတွက် ဖြစ်ပါသည်။

ကုန်ပစ္စည်းအတုနှင့် ကုန်အမှတ်တံဆိပ်အတု
၉။    ကုန်ပစ္စည်းအတုပြုလုပ်ခြင်း သို့မဟုတ် ရောင်းချခြင်းဆိုသည်မှာ လိမ်လည်လှည့်ဖျားလို သည့်စိတ်ဆန္ဒ (fraudulent mind) ဖြင့် ကုန်ပစ္စည်းအတုပြုလုပ်ခြင်း၊ အတုမှန်းသိလျက်နှင့် အစစ်သဖွယ် ခင်းကျင်းပြသပြောဆိုရောင်းချခြင်းမျိုးဖြစ်ပါသည်။

၁၀။    ကုန်ပစ္စည်းအတုနှင့်ကုန်အမှတ်တံဆိပ်အတုပြဿနာ (counterfeit goods and counter trade mark) သည် ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် နိုင်ငံတကာတွင်ရင်ဆိုင်နေရသော စိန်ခေါ် မှုကြီးတစ်ရပ်ဖြစ်ပါသည်။ ယင်းသည် “တရားမျှတစွာကောင်းရောင်းကောင်းဝယ် ယှဉ်ပြိုင်ကုန် သွယ်ခြင်း (Fair Trade and Fair Competition) ” ဟူသော ကမ္ဘာ့ကုန်သွယ်ရေးကျင့်စဉ်၏ ပင်မရန်သူများပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး World Trade Organization (WTO) တွင် Anti-counterfeit ဟုခေါ်သည့် အမျိုးမျိုးသော ကုန်ပစ္စည်းအတုအပများကို ထိရောက်စွာ အရေးယူနှိမ်နှင်းရေးကိစ္စကို အမြဲဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

ကုန်ပစ္စည်းအတုနှင့်အစစ်ကိုခွဲခြမ်းစိတ်ဖြာခြင်း
၁၁။    ကုန်ပစ္စည်းအတုပြုလုပ်ခြင်း၊ ရောင်းချခြင်းဆိုသည်တို့ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင်-
(က)    မူလကုန်ပစ္စည်းအမျိုးအစား သဘာဝနှင့်လုံးဝမတူသည့်အရာဖြစ်ခြင်း။
(ခ)    မူလကုန်ပစ္စည်းအမျိုးအစားဟု သူတစ်ပါးထင်မြင်အောင် တမင်လီဆယ် ပြုလုပ် ထားသည့်အရာဖြစ်ခြင်း။
(ဂ)    ကြော်ငြာဖော်ပြထားသော စွမ်းဆောင်ရည်အတိုင်း အမှန်မဟုတ်သော ကုန်ပစ္စည်း ဖြစ်ခြင်း။
(ဃ)    ပြင်ပထုတ်ပိုးထားသည့်အရာတွင် ကြော်ငြာဖော်ပြထားချက်နှင့်မတူသော အခြား ကုန်ပစ္စည်းများ ပါရှိနေခြင်း။
(င)    ကြော်ငြာဖော်ပြထားသော အချက်အလက်များနှင့်မညီညွတ်သည့် ပစ္စည်းဖြစ်ခြင်း။
(စ)    အမှန်တကယ်မဖြစ်နိုင်သော အရည်အသွေးဖြင့် ကြော်ငြာရောင်းချသော ပစ္စည်း ဖြစ်ခြင်း။
(ဆ)    မျက်သိလှည့်စား၊ စိတ်ဝင်စား၍ အစစ်မဟုတ်သောပစ္စည်းကို လက်ခံဝယ်ယူသွား အောင်ဖြားယောင်းခြင်း စသည်တို့ ဖြစ်ကြပါသည်။

ကုန်အမှတ်တံဆိပ် လိမ်လည်သုံးစွဲခြင်း    
၁၂။    ကုန်အမှတ်တံဆိပ် လိမ်လည်သုံးစွဲခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်သည် သို့တည်းမဟုတ် သေတ္တာ၊ အထုပ်၊ အခြားထည့်စရာတစ်ခုခု၌ပါရှိသည့် ကုန်စည်သည် တစ်ဦးတစ်ယောက်သော သူ၏ထုတ်လုပ်ကုန်စည် သို့တည်းမဟုတ် အရောင်းအဝယ်ကုန်စည်မဟုတ်ပါဘဲလျက် ဟုတ်ကြောင်း ယုံကြည်စေရန် ယုတ္တိရှိအောင်စီမံပြုလုပ်ထားသော နည်းလမ်းဖြင့် မည်သူမဆို ထိုကုန်စည်များကို သော်လည်းကောင်း၊ ကုန်စည်များပါရှိသော ထိုသေတ္တာ၊ အထုပ်၊ အခြားထည့်စရာတစ်ခုခုကို သော်လည်းကောင်း၊ အမှတ်အသားပြုလျှင် သို့တည်းမဟုတ် ထိုသို့အမှတ်အသားပါရှိသော သေတ္တာ၊ အထုပ်၊ အခြားထည့်စရာတစ်ခုခုကိုသုံးစွဲလျှင် ကုန်အမှတ်တံဆိပ်လိမ်လည်သုံးစွဲရာရောက်ကြောင်း ရာဇသတ်ကြီးဥပဒေပုဒ်မ (၄၈၀) တွင် ပြဋ္ဌာန်းထားပါသည်။ ကုန်အမှတ်တံဆိပ်တစ်ခုကို လူတစ် ဦး သို့မဟုတ် ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သော အမှတ်အသားဖြစ်မှသာ ယင်းကုန်အမှတ်တံဆိပ်ကို အတုပြုလုပ်ခြင်းသည် ကုန်အမှတ်တံဆိပ်လိမ်လည်သုံးစွဲမှု မြောက်နိုင်ပါသည်။ ကုန်အမှတ်တံဆိပ် တစ်ခုသည် အခြားသူတစ်ဦး၏ ကုန်အမှတ်တံဆိပ်မဟုတ်ပါဘဲ ဟုတ်ကြောင်းယုံကြည်အောင် ပြုခြင်းသည် ကုန်အမှတ်တံဆိပ်လိမ်လည် အသုံးပြုခြင်း ဖြစ်ပါသည်။

ကုန်အမှတ်တံဆိပ်လိမ်လည်သုံးစွဲမှုမမြောက်ခြင်း
၁၃။    ကုန်အမှတ်တံဆိပ် လိမ်လည်သုံးစွဲမှုမမြောက်ခြင်းဆိုသည်မှာ ကုန်အမှတ်တံဆိပ်တစ်ခုသည် မည်သူမျှသုံးစွဲခြင်းမပြုဘဲ စွန့်ပစ်ထားသည့် အမှတ်အသားတစ်ခုခုဖြစ်ပါက ယင်းကုန်အမှတ်တံဆိပ် ကို တစ်ဦးတစ်ယောက်ကသုံးစွဲခြင်းသည် ကုန်တံဆိပ်လိမ်လည်သုံးစွဲသည်ဟု ယူဆနိုင်မည် မဟုတ်ပါ။

၁၄။    ကုန်ပစ္စည်းအမျိုးအစားတစ်ခုအတွက် သုံးစွဲနေသည့် ကုန်အမှတ်တံဆိပ်ကို အခြားကုန် ပစ္စည်းအမျိုးအစားအတွက် သုံးစွဲခြင်းသည် ကုန်အမှတ်တံဆိပ်လိမ်လည်သုံးစွဲမှု မမြောက်ပါ။ လူတစ်ဦးတစ်ယောက် သို့မဟုတ် ကုမ္ပဏီတစ်ခုသည် မိမိထုတ်လုပ်ရောင်းချသော ပစ္စည်းတစ်ခု ၏ကုန်အမှတ်တံဆိပ်ကို အခြားပစ္စည်းအမျိုးအစား၏ကုန်အမှတ်တံဆိပ်အဖြစ် အသုံးမပြုရဟု တားမြစ်ပိုင်ခွင့်မရှိပါ။

ကုန်ပစ္စည်းအပြိုင်တင်သွင်းခြင်း
၁၅။    ကုန်ပစ္စည်းအပြိုင်တင်သွင်းခြင်း parallel importation ဆိုသည်မှာ မူလပိုင်ရှင်က ကုန်ပစ္စည်းကို ထုတ်လုပ်၍ တရားဝင်ရောင်းချပြီးနောက် ဝယ်ယူသူက ဈေးနှုန်းကွာခြားမှုအပေါ် အမြတ်ရယူရန် တင်ပို့ရောင်းချခြင်းဟု ဆိုလိုပါသည်။ ဥပမာအားဖြင့် တီထွင်မှုမူပိုင်ခွင့် (patent)၊ ကုန်အမှတ်တံဆိပ် (trademark) နှင့် မူပိုင်ခွင့် (copyright) တို့ကို မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားပါက အဆိုပါကုန်ပစ္စည်းကို အခြားသူ third party က နိုင်ငံခြားဈေးကွက်အတွင်းမှ ဝယ်ယူ၍ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချလျှင် မူလပိုင်ရှင်၏မူပိုင်ခွင့်ကို ချိုးဖောက်ရာ ရောက် မရောက် အငြင်းပွားနိုင်ပါသည်။ မှတ်ပုံတင်ထားသည့် ကုန်အမှတ်တံဆိပ်ပိုင်ရှင်သည် ၎င်း၏ ကုန်အမှတ်တံဆိပ်အား ခွင့်ပြုချက်မရှိဘဲ အသုံးပြုသောသူများအား ကုန်အမှတ်တံဆိပ် စည်းမျဉ်း များအား ချိုးဖောက်မှုဖြင့် တရားစွဲဆိုနိုင်ပါသည်။

ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်မှုအခွင့်အရေး
၁၆။    ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှုအခွင့်အရေးရရှိအောင် မည်သို့မည်ပုံ ပြုရမည်ဆိုသော ဥပဒေ ပြဋ္ဌာန်းချက်မရှိပါ။ ကွဲပြားခြားနားသည့် အမှတ်အသားတစ်ခုခုကို မိမိတစ်ဦးတည်း ကိုယ်ပိုင် အဖြစ်ဖြင့် စတင်သုံးစွဲခြင်းအားဖြင့် ယင်းကုန်အမှတ်တံဆိပ်၏ ပိုင်ဆိုင်မှုအခွင့်အရေးကို သုံးစွဲသူ ရရှိခြင်းဖြစ်ပါသည်။ ကုန်အမှတ်တံဆိပ်၏ ပိုင်ဆိုင်မှုအခွင့်အရေးရရှိအောင် ယခုအခါ ကုန်သည် တို့သည် မိမိတို့၏ ကုန်အမှတ်တံဆိပ်များကို မှတ်ပုံတင်လေ့ရှိပါသည်။ အမှန်တွင် မှတ်ပုံတင်ခြင်း ဖြင့် ပိုင်ဆိုင်မှုရရှိခြင်းမဟုတ်ဘဲ မှတ်ပုံတင်သည့်နေ့မှ စတင်သုံးစွဲသည်ဆိုသောအချက်ကို အထောက် အကူဖြစ်စေပါသည်။ ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှုအခွင့်အရေးကို ကုန်ပစ္စည်းထုတ်လုပ်သူသာ မက ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချရန် ပြည်တွင်းသို့ တင်သွင်းသော ကုန်သည်အနေဖြင့်လည်း ရပိုင်ခွင့်ရှိပါသည်။

မြန်မာနိုင်ငံနှင့်ကုန်အမှတ်တံဆိပ်ဥပဒေ
၁၇။    မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်ဥပဒေဟူ၍ သီးခြားပြဋ္ဌာန်းခဲ့ခြင်းမရှိသေးပါ။ သို့သော် ကုန်အမှတ်တံဆိပ်ဆိုင်ရာ ကိစ္စရပ်များအတွက် ရာဇဝတ်ကြောင်း၊ တရားမကြောင်း အငြင်းပွားမှု များ ကိုရာဇသတ်ကြီးဥပဒေ Penal Code၊ မှတ်ပုံတင်အက်ဥပဒေ(Registration Act)၊ တရား မကျင့်ထုံးဥပဒေ၊ သီးခြားသက်သာခွင့်ဥပဒေ (Special Relief Act)၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အမှတ်အသားများအက်ဥပဒေ (Merchandise Marks Act)၊ ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေ (Sea Customs Act) စသော တည်ဆဲဥပဒေများမှ စပ်ဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်ဆီလျော်သလို သုံးစွဲခဲ့ကြပါသည်။

၁၈။    မြန်မာနိုင်ငံတွင် အခြားနိုင်ငံများကဲ့သို့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ရုံးဟူ၍ သီးခြား ဖွဲ့စည်းထားခြင်းမရှိသေးပါ။ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် (Trademark Registration System) သည် (Registration Act) ၏အခန်း (၁၈) (f) အောက်ရှိ Direction (13) ၏ ညွန်ကြားချက်အတိုင်း မှတ်ပုံတင်နေကြပါသည်။ ယင်းကဲ့သို့မှတ်ပုံတင်ခြင်းသည် “မိမိသည် ဤကုန်အမှတ်တံဆိပ်ကို မည်သည့်နေ့ရက် ကာလမှစ၍ ကိုယ်တိုင်စဦးတီထွင် အသုံးပြုသူဖြစ် ကြောင်း မှတ်ပုံတင်ခြင်းဖြစ်ပါသည်” သို့ဖြစ်၍ မိမိနိုင်ငံ ကုန်ပစ္စည်းများ၏ ကုန်အမှတ်တံဆိပ်များ ကို နိုင်ငံတကာတွင် အပြည့်အဝကာကွယ်နိုင်ရေး ကုန်အမှတ်တံဆိပ်ဥပဒေရှိရန် လိုအပ်လျှက်ရှိ ပါသည်။ လက်ရှိအခြေအနေအရ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများက မှတ်ပုံတင်   အက်ဥပဒေ (The Registration Act, 1908) နှင့်မှတ်ပုံတင်ခြင်းဆိုင်ရာ စစ်ဆေးရေးမှူးချုပ် ၏ညွန်ကြားချက်တို့နှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံကုန်အမှတ်တံဆိပ်ဥပဒေမရှိသည့်အားနည်းချက်များ
၁၉။    မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်ဥပဒေကိုပြဋ္ဌာန်းကျင့်သုံးခြင်း မရှိသေးသည့်အတွက် ဥပဒေရေးရာအားနည်းချက်ဖြစ်သည့် ကုန်အမှတ်တံဆိပ်နှင့်နာမည်များကို အကာအကွယ်ပေးရေး ဆိုင်ရာဥပဒေနှင့် ပိုင်ဆိုင်ကြောင်းအသိအမှတ်ပြုပေးသည့်လုပ်ငန်းစဉ်များ မရှိသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတုံ့ဆိုင်းခြင်း ဖြစ်နေပါသည်။ ၎င်းနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် အခက်အခဲများမှာ-
(က)    ကုန်ပစ္စည်းအတုပြုလုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း (Marking or selling fake/imitated/adulterated goods)
(ခ)    ကုန်အမှတ်တံဆိပ်အတု သုံးစွဲခြင်း သို့မဟုတ် ကုန်အမှတ်တံဆိပ်အတု ပစ္စည်းများ ရောင်းချခြင်း (Using counterfeit trade mark or selling counterfeit trade mark goods)
(ဂ)    ကုန်အမှတ်တံဆိပ်ဆင်တူယိုးမှား သုံးစွဲခြင်း (Passing-off)
(ဃ)    ကုန်အမှတ်တံဆိပ်ကို ယှဉ်ပြိုင်တင်သွင်းခြင်း သို့မဟုတ် သုံးစွဲခြင်း (Parallel import or parallel use) တို့ဖြစ်ပါသည်။

နိုင်ငံတကာမှတ်ပုံတင်ခြင်း
၂၀။    ကုန်အမှတ်တံဆိပ်သည် ယေဘုယျအားဖြင့် မှတ်ပုံတင်ထားရပြီး မှတ်ပုံတင်ထားရသည့် ကုန်အမှတ်တံဆိပ်အနေဖြင့် ကာကွယ်မှုကို ရရှိမည်ဖြစ်ပါသည်။ မိမိနိုင်ငံ၏ ကုန်အမှတ်တံဆိပ် များသည် မိမိနိုင်ငံ၏နယ်နိမိတ်အတွင်း၌သာ တရားဝင်ပါသည်။ မိမိကုန်အမှတ်တံဆိပ်ကို အခြား နိုင်ငံများ၌ တရားဝင်ဖြစ်စေရန် သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံချင်းတွင် အမှတ်တံဆိပ်အား မှတ်ပုံ တင်ရန် လိုအပ်ပါသည်။ နိုင်ငံတကာမှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာစာချုပ်စာတမ်း များတွင် ဆက်သွယ်ပတ်သက်မှုများ ဆောင်ရွက်ထားရှိရန် လိုအပ်ပါသည်။ နိုင်ငံတကာ မှတ်ပုံတင် ခြင်း (International Registration) ကို WIPO အောက်ရှိ Madrid Protocol အရ ဆောင်ရွက် နိုင်ပါသည်။ The Madrid Protocol  သည် ၂၀၀၄ ခုနှစ်တွင် စတင်အကျိုးသက်ရောက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း (၇၈) နိုင်ငံရှိပါသည်။ Madrid Protocol  အရ ကုန်အမှတ်တံဆိပ် ပိုင်ရှင် သည် ၎င်း၏နိုင်ငံ (သို့) Madrid Union အဖွဲ့ဝင်များ၏ ဒေသဆိုင်ရာ ကုန်အမှတ်တံဆိပ်ရုံး များတွင် File ဖွင့်ပြီး လျှောက်ထားခြင်းဖြင့် နိုင်ငံများအတွင်း ကုန်အမှတ်တံဆိပ် ကာကွယ်ခွင့် များကို ရရှိမည်ဖြစ်ပါသည်။

နိုင်ငံတကာကျင့်သုံးသည့်စနစ်များ
၂၁။    ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍ နိုင်ငံတကာက ကျင့်သုံးနေသောစနစ်များတွင် မိမိ၏ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်မည်ဆိုလျှင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရုံးတွင် ယခင်က ဤအမှတ်တံဆိပ်နှင့်တူသော သို့မဟုတ် ဆင်တူယိုးမှားဖြစ်နိုင်သော ကုန်အမှတ်တံဆိပ် တစ်ခုခု ကို မှတ်ပုံတင်ထားခြင်းရှိ၊မရှိ ကုန်အမှတ်တံဆိပ်စိစစ်ရှာဖွေခြင်းမျိုးကို မဖြစ်မနေ လုပ်ဆောင်ရ ပါသည်။ မြန်မာနိုင်ငံ၏မှတ်ပုံတင်အက်ဥပဒေတွင် စာချုပ်စာတမ်းရှာဖွေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် အချို့ပါရှိသော်လည်း ကုန်အမှတ်တံဆိပ်ဆိုင်ရာရှာဖွေခြင်းကိုမူ မှတ်ပုံတင်ရုံးအနေဖြင့် ဆောင်ရွက် ပေးနိုင်ခြင်းမရှိပါ။

ကုန်အမှတ်တံဆိပ်ဥပဒေကျင့်သုံးသည့်နိုင်ငံများ
၂၂။    ကုန်အမှတ်တံဆိပ်ဥပဒေကိုပြဠာန်းကျင့်သုံးခဲ့သည့်နိုင်ငံအချို့မှာအောက်ပါဇယားအတိုင်း ဖော်ပြထားပါသည်-
      

စဉ်

နိုင်ငံအမည်  

ပြဋ္ဌာန်းသည့်ခုနှစ်

ပြင်ဆင်သည့်ခုနှစ်

၁။

သြစတေးလျနိုင်ငံ    

၁၇-၁၀-၁၉၉၅

၁၄-၁-၂၀၁၁

၂။

ဂျာမနီနိုင်ငံ    

၂၅-၁၀-၁၉၉၄

၁၉-၁၀-၂၀၁၃

၃။

စင်္ကာပူနိုင်ငံ    

၁၁-၁၂-၁၉၉၈

-

၎။

တရုတ်နိုင်ငံ    

၂၃-၈-၁၉၈၂

၃၀-၈-၂၀၁၃

၅။

မလေးရှားနိုင်ငံ    

၂၁-၆-၁၉၇၆

၂၀၀၂

၆။

အင်ဒိုနီးရှားနိုင်ငံ

၁-၈-၂၀၀၁

၇။

ပြင်သစ်နိုင်ငံ    

၎-၁၀-၁၉၅၈

၂၃-၇-၂၀၀၈

၈။

ဖိလစ်ပိုင်နိုင်ငံ    

၂-၂-၁၉၈၇

-

၉။

ထိုင်းနိုင်ငံ    

၂၈-၁၀-၁၉၉၂

၂၀၀၀

၁၀။

ဂျပန်နိုင်ငံ    

၁၃-၄-၁၉၅၉

၂၀၀၈

 ဂျပန်နိုင်ငံတွင်ကုန်အမှတ်တံဆိပ်ဥပဒေကျင့်သုံးသည့်အခြေအနေများ

၂၃။    ဂျပန်နိုင်ငံတွင် ကုန်အမှတ်တံဆိပ်ဥပဒေကို ၁၉၅၉ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ပါသည်။ ဂျပန်နိုင်ငံသည် Madrid Protocol အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါ သည်။ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ရသည့်အပြင် လူထု၏လက်ခံ အသိအမှတ်ပြုခြင်း ကိုလည်း ထည့်တွက်ရပါသည်။ ၎င်းနိုင်ငံတွင် မှတ်ပုံတင်ရန် တင်သွင်းသည့်ရက်မှစ၍ ခန့်မှန်းခြေ ၁၀ လ -၁၅ လ အချိန်ယူပြီးမှ အစိုးရပြန်တမ်းစာဖြင့် ထုတ်ဝေခွင့်ပေးပါသည်။ ဂျပန်နိုင်ငံ၏ ကုန်အမှတ် တံဆိပ်သက်တမ်းသည် မှတ်ပုံတင်သည့်နေ့မှစ၍ ၁၀ နှစ် သက်တမ်းရှိပြီး ၃ နှစ် အတွင်း ထိုကုန်အမှတ်တံဆိပ်ကို အသုံးပြုရပါမည်။ အကယ်၍ အသုံးမပြုလျှင် အလိုအလျောက် ပယ်ဖျက် ပြီးသားဖြစ်သွားပါသည်။ သက်တမ်းတိုးလျှင် သက်တမ်းမပြည့်မီ ပြန်လည်မှတ်ပုံတင်ရပါမည်။
ထိုင်းနိုင်ငံကုန်အမှတ်တံဆိပ်ဥပဒေကျင့်သုံးသည့်အခြေအနေများ

၂၄။    ထိုင်းနိုင်ငံတွင် ကုန်အမှတ်တံဆိပ်ဥပဒေကို ၁၉၉၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၀ ခုနှစ် တွင် ပြန်လည်ပြင်ဆင်ခဲ့ပါသည်။ ကုန်စည်နှင့်ဝန်ဆောင်မှုအတွက် နိုင်ငံတကာ ခွဲခြမ်းစိတ်ဖြာ သည့်အတိုင်း လိုက်နာကျင့်သုံးလျက်ရှိပါသည်။ ထိုင်းနိုင်ငံတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင် ရာ၌ လျှောက်ထားသူ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်သည် အတည်တကျ စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် အမြဲတမ်းနေရပ်လိပ်စာရှိရပါမည်။ မှတ်ပုံတင်ပြီးသော ကုန်အမှတ်တံဆိပ်၏ လိုင်စင် သက်တမ်းသည် ၁၀ နှစ်ဖြစ်ပြီး ထိုသက်တမ်းမကုန်ဆုံးမီ ရက် ၉၀ အတွင်း လျှောက်လွှာကို လျှောက်ထားသူ သို့မဟုတ် ကိုယ်စားလှယ်မှ အသစ်ပြန်လည်လျှောက်ထားရန် လိုအပ်ပါသည်။  

ရရှိလာမည့်အကျိုးကျေးဇူးများ
၂၅။    ပစ္စည်းမူပိုင်ခွင့်နှင့်ဆက်စပ်နေသော ကိစ္စရပ်များသည် စီးပွားရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့်နည်းပညာဆိုင်ရာနယ်ပယ်များတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်နေပြီး၊ ကမ္ဘာ့စီးပွားရေးဈေးကွက် တွင်လည်း အဓိကကျသော အခန်းကဏ္ဍများ၌ ပါဝင်နေသောကြောင့် ပြည်တွင်းပြည်ပလုပ်ငန်း ရှင်များအနေဖြင့် ဈေးကွက်အတွင်း စီးပွားရေးပြိုင်ဆိုင်မှုများ၊ ဖက်စပ်လုပ်ငန်းများ တစ်ဦးတည်း ပိုင်လုပ်ငန်းများ အသီးသီးထူထောင်ကာ ကုန်စည်ထုတ်လုပ်သောလုပ်ငန်းများ၊ ကုန်စည် ရောင်း ဝယ်သောလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ကုမ္ပဏီများတည်ထောင်လာကြရမည်။  နည်းပညာ ဆိုင်ရာတီထွင်ဖန်တီးမှုများ တိုးမြှင့်လာစေခြင်း၊ ထုတ်လုပ်သူများအကြား မျှတသောယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာစေခြင်း၊ စားသုံးသူများအား မှန်ကန်သောရွေးချယ်မှုများနှင့်အကာအကွယ်ပေးနိုင်ခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်းဖြင့် နည်း ပညာလွှဲပြောင်းမှုများ ရယူနိုင်မည် ဖြစ်ပါသည်။

၂၆။    အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည့် ဥပဒေ တစ်ခုဖြစ်သည့်အပြင် ကဏ္ဍအသီးသီးတွင် တီထွင်ဆန်းသစ်မှုများပိုမိုဖြစ်ပေါ်လာစေရန် အားပေး သည့်ဥပဒေတစ်ခုလည်းဖြစ်ပါသည်။ ကုန်အမှတ်တံဆိပ် ဥပဒေပေါ်ပေါက်လာလျှင် ကုန်အမှတ် တံဆိပ်တစ်ခုကို ပိုင်ဆိုင်သူသည် ဥပဒေကြောင်းအရ အထူးခိုင်မာသော တစ်ဖက်ကငြင်းဆန် ကန့်ကွက်ရန် မလွယ်ကူသော၊ နောက်လူများက တုပသုံးစွဲရန်မလွယ်ကူသော ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်၊ အကာအကွယ်ကောင်းများနှင့် အခွင့်အရေးကောင်းများကို ရရှိ ခံစားနိုင်ပါမည်။  

နိဂုံးချုပ်
၂၇။    မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်ဥပဒေနှင့် ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ World Trade Organization (WTO) ၏မူများနှင့်အညီ ဥပဒေသစ်အဖြစ်ရေးဆွဲခဲ့ပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိပါသည်။ ကုန်အမှတ်တံဆိပ် ဥပဒေကို ပြဋ္ဌာန်းခြင်း အား ဖြင့် စီးပွားရေးလုပ်ငန်းများအပေါ် ယုံကြည်မှုကိုထိန်းထားနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်း တိုးတက်မှုကို အထောက်အကူပြုစေခြင်း၊ ကုန်အမှတ်တံဆိပ် သုံးစွဲသူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေး နိုင်ခြင်းတို့အပြင် နိုင်ငံတော်အတွက် အခွန်အခများ ပိုမိုရရှိလာပြီး ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား များစွာအထောက်အကူ ဖြစ်စေပါသည်။ အဆိုပါဥပဒေ ပြဋ္ဌာန်းနိုင်ပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယင်းတို့၏ကုန်စည်များကို အတုအပလုပ်ခြင်းမှ အကာကွယ်ပေး နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများလာမည်ဖြစ် ကာ နိုင်ငံတော်အတွက် အကျိုးကျေးဇူးများရရှိလာနိုင်ပြီး နိုင်ငံသားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း များပိုမိုရရှိနိုင်လာမည် ဖြစ်ပါသည်။


သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရ သတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင် ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေး မှုများ ပြုလုပ်ခြင်းမရှိပါ။

Date issused 
Tuesday, December 22, 2015 - 13
Research File 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်ရုံး