Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဆ)-မိုးနဲမြို့နယ်ဓာတ်အားခွဲရုံမှ (၁၁ KVA)ဓာတ် အားလိုင်း နေ့စဉ် ဓာတ်အားပြတ် တောက်မှု နှင့် လင်းခေးမြို့နယ်၊နမ့်တွန်ဓာတ်အားခွဲရုံမှသွယ်တန်း ရယူမည့် (၃၃ KVA) ဓာတ်အားလိုင်း ဆောင်ရွက် ပြီးစီးမှုကို သိလိုခြင်း မေးခွန်း

(ဆ)-မိုးနဲမြို့နယ်ဓာတ်အားခွဲရုံမှ သွယ်တန်းရယူထားသော (၁၁ KVA) ဓာတ်အားလိုင်း နေ့စဉ်ရက်ဆက် ဓာတ်အား ပြတ်တောက်မှုကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည်နည်းနှင့် လင်းခေးမြို့နယ်၊ နမ့်တွန်ဓာတ်အားခွဲရုံမှ သွယ်တန်း ရယူမည့် (၃၃ KVA) ဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးမှုကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း အကြောင်းအရာ 

မောက်မယ်မြို့နယ်ကို ပေးပို့ဖြန့်ဖြူးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းသည် ၂၇ မိုင်ရှည်လျားပြီး ကျိုင်းတောင်းရေအားလျှပ်စစ်မှ သွယ်တန်းထားခြင်းဖြစ်ပါကြောင်း၊ ၎င်း 11 KV လိုင်း၏ ထူးခြားချက်က မီးမကြာခဏ ပျက်တတ်ခြင်းဖြစ်ပြီး တစ်ခါတစ်ရံ သုံး၊ လေးရက်ကြာ မီးပျက်တတ်ပြီး တစ်ခါတစ်ရံ တစ်နေ့ကို သုံး၊ လေးကြိမ်ပျက် တတ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် ၁၁ လပိုင်းတွင် နှစ်စဉ်ဆက်ရက် မီးပျက်အကြိမ်ရေ များသည့်အတွက် မြို့ခံလူထုမှ ဆန္ဒထုတ်ဖော်မည့်အဆင့် ဖြစ်ခဲ့ဖူးပါကြောင်း၊ မီးပျက်ပါက မိမိတို့မြို့နယ်မှ လျှပ်စစ်ဝန်ထမ်းများအပြင် မိုးနဲမြို့နယ်မှ လျှပ်စစ်ဝန်ထမ်းများမှ ပြစ်ချက်ရှာဖွေပြုပြင်ကြပါကြောင်း၊ မီးလိုင်းပြုပြင်ရင်း မိုးနဲမြို့နယ်က ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍ ဆုံးပါးခဲ့ရဖူးပါကြောင်း၊ ထို့ကြောင့် 11 KV လိုင်း မကြာခဏ ပြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်နည်းနှင့် မောက်မယ် မြို့နယ်ကို နောက်ထပ်လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးနိုင်မည့် 33 KV ဓာတ်အားလိုင်းတစ်ခုကို ၁၃ မိုင်ဝေးကွာသည့် လင်းခေးမြို့နယ် ဝမ်ဟ-နမ့်ပန် ဓာတ်အားခွဲရုံက သွယ်တန်းပေးမည်ဖြစ်ပါကြောင်း၊ 33 KV လိုင်း တိုးချဲ့တပ်ဆင်ပေးရန်အတွက် ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် မိမိတင်ပြခဲ့ပြီး ၎င်း လုပ်ငန်းကို ၂၀၁၅-၁၆ တွင် စတင်အကောင်အထည်ဖော်နိုင်ခဲ့သော်လည်း ယနေ့ထိ လျှပ်စစ်မီး မဖြန့်ဝေနိုင်သေး ပါကြောင်း၊ မောက်မယ်မြို့နယ်မှ ၁၃ မိုင်ဝေးကွာသည့် လင်းခေးမြို့နယ်အပိုင်း ဝမ်ဟတ် (နမ့်တွန်) ဓာတ်အားခွဲရုံဖြစ်ပါကြောင်း၊ မောက်မယ် မြို့နယ် တောင်ပေါ်ဒေသတွင် သွယ်တန်းထားသည့် 33 KV ဓာတ်အားလိုင်း ဖြစ်ပါကြောင်း၊ နမ့်တွန်ဓာတ်အားခွဲရုံမှ ၅.၃ မိုင်လုပ်ငန်းခွင်တွင် မိုးကောင်းလယ် ဖြစ်ပါကြောင်း၊ မိုးကောင်းလယ်ကို သာမန်ချိန်တွင် မိုးရေမရှိပါကြောင်း၊ မိုးရေရွာမှ လုပ်ဆောင်ရသည့် နေရာဖြစ်ပါကြောင်း၊ ကုမ္ပဏီတစ်ခုမှ လျှပ်စစ်မီးလိုင်းများကို လယ်ကွက်ထဲတွင်ချလိုက်ပြီး မိုးရွာသည့်အခါ ရေ၏လယ်ကွင်း ဖြစ်သွားပါကြောင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်တိုင်များ လဲပြိုခြင်းများ ၁၈ တိုင်ခန့် ရှိပါကြောင်း၊ ဒေသခံများက ဖယ်ရှားထွန်ယက် စိုက်ပျိုးခဲ့ရပြီး တစ်ရာသီကုန်ဆုံးခဲ့ပြီးဖြစ်ပါကြောင်း၊ ကာလကြာမြင့်ပြီ ဖြစ်သည့်အတွက် ၃၃ ကေဗွီအေဓာတ်အားလိုင်းက လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်မည်နည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

မိုးနဲမြို့နယ် ဓာတ်အားခွဲရုံမှ သွယ်တန်းထားသော 11 KV ဓာတ်အားလိုင်းမှာ ၂၅ မိုင်ကျော်ရှည်လျားပြီး သစ်ပင်လျှိုမြောင် ထူထပ်သည့် တောတောင်များကြားမှ ဖြတ်သန်းပြီးခက်ခက်ခဲခဲ တည်ဆောက် ထားရ ပါကြောင်း၊ မိုးရာသီတွင် သဘာဝအလျောက် ဝါးပျံများက အလွန်ရှည်လျားလာခြင်း၊ သစ်ပင်သစ်ကိုင်း ခတ်များက လျင်မြန်စွာကြီးထွားလာပြီး ဓာတ်အားလိုင်းပေါ်တွင် ကျရောက်မှုများဖြစ်သည့် အတွက်ကြောင့် ဓာတ်အားပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်ရခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ 11 KV ဓာတ်အားလိုင်း ကို တောတောင်များအတွင်း သစ်ပင်သစ်ကိုင်းများကို သျှိုမြောင်များအတွင်းတွင် ခုတ်ထွင်ရှင်းလင်းသည့် လုပ်ငန်းများကို နိုင်နင်းစွာပြုလုပ်နိုင်မှ ဓာတ်အားပြတ်တောက်မှုများ လျော့နည်းသက်သာသွားမည် ဖြစ် ပါကြောင်း၊အဆိုပါလုပ်ငန်းများကိုလည်း ဒေသခံများနှင့် ဝန်ထမ်းများပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် ထားသည့်အတွက်ကြောင့် အခြေအနေများစွာ တိုးတက်ကောင်းမွန်နေခြင်း ဖြစ်ပါကြောင်း၊ ဗို့အားပိုမို ပြည့်ဝ စွာ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ပြီး ၃၃ ကေဗွီ နမ့်တွန်-မောက်မယ်ဓာတ်အားလိုင်း ၁၉ မိုင်ကို တည်ဆောက် ပေးရမည်ဖြစ်ပြီး လက်ရှိ ၁၃ မိုင် တည်ဆောက်ရေးလုပ်ငန်းအား ဘတ်ဂျက်ခွင့်ပြုငွေ ရရှိပြီး ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါကြောင်း၊ လက်ကျန်ဆက်လက် တည်ဆောက်ပေးရမည့် ဓာတ်အားလိုင်း ခြောက်မိုင်အား ၂၀၁၇ ခုနှစ် မတ်လ အကုန်တွင် ပြီးစီးနိုင်ရေးအတွက် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ထိုဓာတ်အားလိုင်း ပြီးစီး လာပါက မောက်မယ်မြို့တွင်ရှိသည့် ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ဗို့အားပြည့်ဝစွာ ဓာတ်အားဖြန့်ဖြူးပေးသွားနိုင် မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
မေးမြန်းသူ 
ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်)