Law Database | Mail | English Version

အမေး ၊ အဖြေများ

(စ)-ကျောက်ကြီးမြို့နယ်၊ငထွေစုတ်ကျေးရွာအုပ်စု အတွင်းဖြတ်သန်း စီးဆင်းနေသော ငါးဖျင်းသ လက်ခေါက်မြောင်းကြီးအားဖြတ်လျက်ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးရန်အစီအ စဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ငါးဖျင်းသလက်ခေါက်မြောင်းကြီးသည် စစ်တောင်းမြစ်၏ အရှေ့ဘက် ခရုစိမ့်ဗြက်ကျယ်ကြီး၏ တောင်ဘက်မှ နောင်ကုန်းတံတားကိုဖြတ်ပြီး ကျောက်ကြီးချောင်းမှတစ်ဆင့် စစ်တောင်းမြစ်ထဲသို့ ဖြတ်သန်းစီးဆင်းပါကြောင်း၊ ထို့ကြောင့် စစ်တောင်းမြစ်နှင့် ငါးဖျင်းသလက်ခေါက် မြောင်းကြီးကြားရှိ ငထွေစုတ်၊ ဆေးပုလဲ၊ မိတ်သလင်စသည့် ရွာများသည် အရှေ့ဘက်ရှိ တောင်ငူ-မုပ္ပလင် လမ်းမကြီးသို့ ရောက်ရှိရန် အကျယ်ပေ ၁၀၀ ခန့်ရှိ ငါးဖျင်းသလက်ခေါက်မြောင်းကြီးအား ဖြတ်သန်းရမည်ဖြစ်ပါကြောင်း၊ ငါးဖျင်းသလက်ခေါက်မြောင်းကြီးအား ဖြတ်သန်းရန်အတွက် ငထွေစုတ်ကျေးရွာ ကိုယ့်အားကိုယ်ကိုး တံတား ၁ စင်းကို ၁၉၅၀ ခုနှစ်က တည်ဆောက်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းကာ အသုံးပြုခဲ့ပါကြောင်း၊ သို့သော်လည်း ယင်းတံတားသည် ၁၉၉၃ ခုနှစ်တွင် ရေတိုက်စားပြီး ပျက်စီးသွားခဲ့ပါကြောင်း၊ ၁၉၉၃ ခုနှစ် မတ်လတွင် နောက်တံတားတစ်စင်းကို တည်ဆောက်ကာ ယနေ့အချိန်အထိ အသုံးပြုနေခဲ့ရပါကြောင်း၊ သို့သော်လည်း ဤတံတားသည် စနစ်တကျ ဆောက်လုပ်ထားသော တံတားမဟုတ်ခြင်း၊ သစ်သားကိုယ်ထည်ဖြင့် အသားများဆွေးမြည့်နေခြင်း၊ အသုံးပြုသည့်ကာလမှာ နှစ် ၂၀ ကျော် ကြာမြင့်နေခြင်းတို့ကြောင့် ခရီးသွားပြည်သူများအတွက် အန္တရာယ်ဖြစ်လာနိုင်ပါကြောင်း၊ ထို့အပြင် ရွာချင်းဆက်ဒေသများမှ ကုန်စည်များကိုသယ်ဆောင်ရန် ကား၊ ဂွန်ဒေါင်း၊ လှည်းအစရှိသည့် ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန် ကွန်ကရစ်တံတားဖြစ်ရန် လိုအပ်နေပါကြောင်း၊ အကယ်၍ နိုင်ငံတော်မှ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးမည်ဆိုပါက စစ်တောင်းမြစ်နှင့် တောင်ငူ-မုပ္ပလင် လမ်းမကြားရှိ ကျေးရွာပေါင်း ၁၅ ရွာမှပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ဒေသထွက်ကုန်ပစ္စည်းများကိုလည်း ကုန်ကျစရိတ်နည်းစွာဖြင့် ကူးသန်းရောင်းဝယ်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ငထွေစုတ်ကျေးရွာအုပ်စုတွင် ဖြတ်သန်းစီးဆင်းနေသော ငါးဖျင်းသလက်ခေါက်မြောင်းကြီးအား ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ငထွေစုတ်ကျေးရွာအုပ်စုအတွင်း ဖြတ်သန်းစီးဆင်းနေသော ငါးဖျင်းသလက်ခေါက်မြောင်းကြီးကိုဖြတ်ပြီး ကျောက်ကြီး-မုန်းလမ်းမကြီးနှင့် ဆက်သွယ်ထားသော ငထွေစုတ်ရွာအဝင်လမ်းပေါ်ရှိ သစ်သားတံတား (ပေ ၁၆၀ x ၁၄ ပေ x ၂၅ ပေ) သည် ကျေးရွာသူကျေးရွာသားများ၏ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော တံတားဖြစ်ပါကြောင်း၊ ယခုအခါ နှစ် ၂၀ ကျော် ကြာမြင့်လာပြီဖြစ်သည့်အတွက် တိုင်၊ ယက်မ၊ ဆင့်နှင့်‌ ကြမ်းခင်းများ ပေါက်ပြဲဆွေးမြည့်ပြီး ပျက်စီးလျက်ရှိပါကြောင်း၊ သစ်သားတံတားကို ကွန်ကရစ်တံတားအဖြစ် တည်ဆောက်မည်ဆိုပါက ငွေကျပ် ၃၂၀ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊

တံတားကြောင့် ကျေးရွာအုပ်စုသုံးအုပ်စု၊ ကျေးရွာခုနစ်ရွာ၊ အိမ်ခြေ ၉၈၅ အိမ်၊ လူဦးရေ ၅၃၀၀ ကျော် အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မိမိတို့ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၂၃၀၀ နှင့် ကွန်ကရစ်လမ်း ၅ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၈ မိုင် ၃ ဖာလုံ၊ ကျောက်ချောလမ်း မိုင် ၆၀ ၄ ဖာလုံ၊ ဂဝံ/မြေနီလမ်း ၅၆ မိုင် ၇ ဖာလုံနှင့် မြေသားလမ်း ၃၄ မိုင် ၁ ဖာလုံ၊ ကွန်ကရစ်တံတား ၂၅ စင်း၊ သစ်သားတံတား ၈၁ စင်းနှင့် ရေပြွန် ၈၅ စင်းနှင့် ရေကျော် ၁၂ စင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ကျပ်သန်းပေါင်း ၃၄၂.၆၃၇ သန်း အကုန်အကျခံပြီး ကွန်ကရစ်လမ်း ၂ မိုင် ၆ ဖာလုံနှင့် ကွန်ကရစ် တံတား ၄ စင်းကို လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ကျောက်ကြီးမြို့နယ်၊ ငထွေစုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျောက်ကြီး-မုန်းလမ်းမကြီးနှင့်‌ ဆက်သွယ်ထားသော ငထွေစုတ်ကျေးရွာ အဝင်လမ်းပေါ်ရှိ သစ်သားတံတားသ်ည ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်း မရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း နှစ်အလိုက် တိုင်းဒေသကြီး၏ ဦးစားပေး လျာထားတင်ပြမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဦးမြင့်ငွေ (ကျောက်ကြီး)