Law Database | Mail | English Version

အမေး ၊ အဖြေများ

(င)-ကျောက်တန်းမြို့၊ခရမ်းမြို့နှင့် သုံးခွမြို့တို့ တွင်ပေါ်ထွန်းလာသော သောင်ထွန်းမြေဧကကို ပြန်လည် စိစစ် တိုင်းတာ၍ ပွင့်လင်းမြင်သာစွာ ကြေညာပေးပါရန်၊သောင်ထွန်းမြေများကိုစုပေါင်း လယ်ယာများ လုပ်ကိုင်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

(င)-ကျောက်တန်းမြို့၊ ခရမ်းမြို့နှင့် သုံးခွမြို့တို့တွင်ပေါ်ထွန်းလာသော သောင်ထွန်းမြေ ဧကကို ပြန်လည်စိစစ်တိုင်းတာ၍ ပြည်သူများကို ပွင့်လင်းမြင်သာစွာ ကြေညာပေးပါရန်၊ ပုစွန်မွေးမြူရေး ကဲ့သို့သော လုပ်ငန်းများကို ပြန်လည်စိစစ်၍ စည်းမျဉ်းဥပဒေများနှင့် ညီ၊ မညီ စစ်ဆေးကြပ်မတ်ရန်၊ သောင်ထွန်းမြေများကို စုပေါင်းလယ်ယာများ လုပ်ကိုင်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

 

မေးခွန်း အကြောင်းအရာ 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွင်တည်ရှိသည့် ခရမ်းမြို့၊ သုံးခွမြို့နှင့် ကျောက်တန်းမြို့များသည် မုတ္တမပင်လယ်ကွေ့ အနားမှာတည်ရှိပြီး သဘာဝကပေးထားသည့် ပင်လယ်ရေသယံဇာတ၊ မြေသယံဇာတရရှိထားသည့် နေရာများဖြစ်ပါကြောင်း၊ ပင်လယ်ထွက်ပေါက် တည်ရှိသည့် အတွက်ကြောင့် အမျိုးသားလုံခြုံရေးအတွက်လည်း အချက်အခြာကျသည့် နေရာဖြစ်ပါကြောင်း၊ ပင်လယ်ပြင်နှင့်ထိစပ်လျက်ရှိပြီး နှစ်စဉ် သောင်ထွန်းမြေများ ဧကထောင်ချီ ရရှိနေသော်လည်း ရေသယံဇာတ၊ မြေသယံဇာတကို အကျိုးခံစားခွင့်မရရှိသည့် ဒေသခံ ပြည်သူများက မြေမဲ့၊ ယာမြေ ဆင်းရဲတွင်းနက်သည်ထက် နက်နေခြင်းကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါကြောင်း၊ အဆိုပါသောင်ထွန်းမြေပေါ်တွင် ရေငန်ပုစွန်မွေးမြူခွင့်၊ မြေယာအသုံးချခွင့် ရနေသူအများစုများသည် ဒေသခံများမဟုတ်သည့် အာဏာပိုင်နှင့် နီးစပ်သည့် သူများဖြစ်နေပါကြောင်း၊ ဒေသခံများသည် မြေယာအသုံးပြုခွင့် လျှောက်ထားသော်လည်း မရရှိခြင်းကြောင့်လည်းကောင်း၊ သယံဇာတကြောင့် ဒေသဖွံ့ဖြိုးရမည့်အစား ၎င်းသယံဇာတကြောင့်ပင် ပြဿနာများများ ဖြစ်နေရပါကြောင်း၊ အစိုးရအပြောင်းအလဲ ဖြစ်ခါနီးအချိန်တွင် ဒေသခံများ ကန့်ကွက်နေသည့်ကြားက ပုစွန်ကန်မွေးမြူခွင့်ကို ကုမ္ပဏီတစ်ခုက ချထားသည့်အတွက်ကြောင့်‌ သုံးခွမြို့နယ် သာသာမြိုင်ကျေးရွာမှ ပြည်သူများ ကန့်ကွက်ဆန္ဒပြခဲ့ကြပါကြောင်း၊ ကျောက်တန်း မြို့နယ်တွင် ယခုလတ်တလော မည်သည့်ကုမ္ပဏီကို မည်ရွေ့မည်မျှ လုပ်ကိုင်ခွင့်ချထားပေးသည်ကို မသိရှိဘဲ မြေတူးစက်များနှင့် မြေယာပြုပြင်ခြင်းများ ဆောင်ရွက်နေသည့်အတွက်ကြောင့် မြေယာလုပ်ကိုင်ခွင့် အသုံးပြုခွင့် လျှောက်ထားသည့် ကျေးရွာသူ/သားများမှာ မကျေမနပ် ဖြစ်နေကြရပါကြောင်း၊

ပုစွန်ကန်များကို ကျေးရွာမှ ပင်လယ်ထိသွားရာနေရာတွင် လုပ်ကိုင်ခွင့်ချထားပေးသည့်အခါ ကျေးရွာမှာ မှီတင်းနေထိုင်ပြီး ပင်လယ်ကို အမှီပြုလုပ်ကိုင်စားသောက်နေရသော ဒေသခံများက မြေယာအသုံးချခွင့် ရရှိခြင်းမဟုတ်ဘဲ ပင်လယ်ကိုထွက်ပြီး ငါးဖမ်းခြင်း၊ ကဏန်းထောင်ခြင်း လုပ်ခွင့်မှာ ဆုံးရှုံးရပါကြောင်း၊ မူလအသက်မွေးဝမ်းကျောင်းဖြစ်သည့် ပင်လယ်ဘက်ကို ထွက်ပြီး ရေလုပ်ငန်းလုပ်သည့် အခါတွင် ပုစွန်ကန်များအပေါ် ဖြတ်လျှောက်ရသည့်အတွက် ဖြတ်လျှောက် မိ၍လည်း ထောင်ကျခဲ့သည့် သာဓကများလည်း ရှိခဲ့ပါကြောင်း၊ ထို့အပြင် ‌ရေငန်ပုစွန် မွေးမြူရေး လုပ်ကိုင်ထားသူအချို့သည် မိမိတို့ တရားဝင်လုပ်ကိုင်ခွင့် ရထားသည့် မြေဧကအပြင် ပင်လယ်ဘက်မှာ နှစ်စဉ်ထွန်းလာသည့် သောင်များပါ တိုးချဲ့လုပ်ကိုင်ခြင်းများ ရှိနေသောကြောင့် မေးခွန်းနံပါတ်(၁) အနေဖြင့် မုတ္တမပင်လယ်ကွေ့အနီးမှာ တည်ရှိသည့် ကျောက်တန်းမြို့၊ ခရမ်းမြို့၊ သုံးခွမြို့များတွင် ပေါ်ထွန်းနေသည့် သောင်ထွန်းမြေဧကကို ပြန်လည်စိစစ်တိုင်းတာပြီး ပြည်သူများကို ပွင့်လင်းမြင်သာစွာ ကြော်ငြာပေးရန်ဖြစ်ပါကြောင်း၊ ၎င်း မြေများကို တရားမျှတစွာ စီမံခန့်ခွဲရန်အတွက် မြေပြင်ပေါ်မှာရှိနေသည့် ပကတိအခြေအနေကို တိုင်းတာရန် မဖြစ်မနေလိုအပ်ခြင်း ဖြစ်ပါကြောင်း၊ နံပါတ် (၂) အနေဖြင့် လက်ရှိသောင်ထွန်းမြေပေါ်တွင် စီးပွားရေးလုပ်ကိုင်ခွင့်ပြုထားသည့် ပုစွန်မွေးမြူရေး လုပ်ငန်းကဲ့သို့သော လုပ်ငန်းများကို ပြန်လည်စိစစ်ပြီး စည်းမျဉ်း၊ ဥပဒေနှင့်‌ညီ/မညီ၊ သတ်မှတ်ထားသည့် ဧကဟုတ်/မဟုတ်ကို ပြန်လည်စိစစ်ပေးရန်နှင့် သောင်ထွန်းမြေများအနီး နေထိုင်သည့် ဒေသခံများကိုလည်း စနစ်တကျပြန်ပြီးခွဲဝေပေးခြင်း သို့မဟုတ် စုပေါင်းလယ်ယာ ကဲ့သို့သော လယ်ယာလုပ်ငန်းများကို ခွင့်ပြုလုပ်ကိုင်ပေးခြင်းစသည့် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


ဖြေကြားချက် 

မုတ္တမပင်လယ်ကွေ့ အနီးတည်ရှိသည့် ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်တို့တွင် ပေါ်ထွန်းလာသည့် သောင်ထွန်းမြေဧကကို ပြန်လည်စိစစ်တိုင်းတာပြီး ပြည်သူများကို ပွင့်လင်းမြင်သာစွာ ကြေညာပေးရန် ဆိုသည့် မေးခွန်းအပေါ်ဖြေကြားရမည်ဆိုလျှင် မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေအပိုဒ် ၉၀၈ နှင့် ၁၉၁၁ ခုနှစ်၊ မြန်မာနိုင်ငံတော် မြေခွန်အမိန့်ဆင့်ဆိုချက်များ အပိုဒ် ၄၀၊ ၄၁ တို့အရ ကျွန်းမြေများတွင် မြေရင့်/မြေနု နယ်နိမိတ်ခွဲပြီး မြေပုံပေါ်တွင်ဖော်ပြရန်အတွက် ပြဋ္ဌာန်းထားရှိပါကြောင်း၊ မြေရင့် ဆိုတာက နှစ်စဉ်ရေမြုပ်သော်လည်း မြေအနေအထားနှင့် မြေသားပြောင်းလဲမှုမရှိ၊ ပေါ်ထွန်းနေသည့် ကာလမှာလည်း နှစ်ပရိစ္ဆေဒ ကြာမြင့်နေပြီဖြစ်သည့် ကျွန်းများကို မြေရင့်ဟုသတ်သတ်မှတ်မှတ် ခေါ်ဆိုနိုင်ပါကြောင်း၊ နှစ်စဉ်မြေအနေအထားနှင့် မြေသားပြောင်းလဲနေသည့် ရင့်မာခြင်းမရှိသေးသော ပေါ်ထွန်းနေသည့် ကာလတွင်လည်း မကြာသေးသောကျွန်းကို မြေနုကျွန်းဟု သတ်မှတ်ခေါ်ဆိုပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်း ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်များရှိ မုတ္တမပင်လယ်ကွေ့အနီး ပေါ်ထွန်းလာသည့် သောင်တိုးမြေများကို တောင်သူများ လုပ်ပိုင်ခွင့်ပြုပေး နိုင်ရန်အတွက် မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ပြီး မြေနု၊ မြေရင့်ခွဲခြားပြီးမှသာ မြေတိုင်းတာ၍ မြေပုံများရေးဆွဲ ဆောင်ရွက်ရမှု ရှိမည်ဖြစ်ပါကြောင်း၊ မြေရင့်အဖြစ် တည်ရှိနေသည့် မြေဧရိယာများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်/အသုံးပြုခွင့် လျှောက်ထားမှုအပေါ် စိစစ်လုပ်ကိုင်ခွင့် ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊

Google Map များ အပေါ် မုတ္တမပင်လယ်ကွေ့မှာ ပေါ်ထွန်းနေသည့် သောင်တိုးမြေဧရိယာများကို တွေ့ရှိနေရသော်လည်း ထိုဧရိယာများသည် ဂြိုလ်တုမှ ရိုက်ကူးထားသည့် အချိန်ကာလအပေါ် မူတည်ပြီး ဧရိယာများကွာခြားမှု ဖြစ်ပေါ်နိုင်ပါကြောင်း၊ ၎င်း ဧရိယာများကို မြေနု၊မြေရင့် ခွဲခြားမရနိုင် ခြင်းကြောင့် ၂၀၁၇-၁၈ ခုနှစ် ပွင့်လင်းရာသီတွင် မြေနု၊ မြေရင့်ခွဲခြားရန် ဦးစွာမြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြေရင့်ဧရိယာများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် မြေတိုင်းရာသီအတွင်း မြေပြင်ကွင်းဆင်းတိုင်းတာနိုင်‌ရေး မြေတိုင်းစီမံချက်များရေးဆွဲပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး မြေတိုင်းတာခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊

မေးခွန်း(၂)အနေဖြင့် လက်ရှိသောင်ထွန်းမြေအပေါ် စီးပွားရေးလုပ်ကိုင်ခွင့်ပြုထားသည့် ပုစွန်မွေးမြူ ရေးကဲ့သို့သော လုပ်ငန်းများကို ပြန်လည်စိစစ်ပြီး စည်းမျဉ်း၊ ဥပဒေများနှင့်ညီ/မညီ စစ်ဆေး ကြပ်မတ်ရန်ကိစ္စ မေးမြန်းထားပါကြောင်း၊ ကျောက်တန်းမြို့နယ်၊ မုတ္တမပင်လယ်ကွေ့တွင်ရှိသည့် ကမ်းကောသောင်ထွန်းမြေများဖြစ်သည့် မရမ်းဇွဲဘာကမ်း ပတ်တာအပြင်ဘက်တွင်ရှိသည့် မြေများသည် သဘာဝပုစွန် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကျေးရွာအုပ်စု ခုနစ်အုပ်စု လူဦးရေ ၁၂ ဦး၊ ဧရိယာ ၂၃၃၇.၈၉ ဧကကို ယခင် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် လ/န ၃၉ ခွင့်ပြုမိန့် ချထားပေးခဲ့ပါကြောင်း၊ ယနေ့အထိ ခွင့်ပြုသည့် နည်းလမ်းအတိုင်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိပါကြောင်း၊

၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ ၂၀၁၆ ခုနှစ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအနေဖြင့် ကျေးရွာအုပ်စု ခုနစ်အုပ်စု၊ လူဦးရေ ၁၂ ဦး၊ ဧရိယာ ၃၂၉၈.၀၈ ဧကကို သဘာဝမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ လုပ်ကိုင်ခွင့်ရရှိသူ တစ်ဦးရှိပြီး ဧက ၁၀၀၀ တွင် သတ်မှတ်ကာလအတွင်း ဆောင်ရွက်လျက်ရှိပြီး၊ ကျန်ရှိသည့် လုပ်ပိုင်ခွင့်ရရှိသူ ၁၁ ဦးအနေဖြင့် ဧရိယာဧက ၂၉၉၈.၀၈ ဧကတွင် သတ်မှတ် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊

ခရမ်းမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စုရှိ မုတ္တမပင်လယ်ကွေ့ကပေါ်ထွန်းလာသည့် မြေလွတ်၊ မြေရိုင်းများကို ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ကနေပြီး ဒေသခံတောင်သူနှစ်ဦး၊ ဧရိယာဧက ၄၅၀ ကို သဘာဝပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ သုံးခွမြို့နယ်၊ မုတ္တမပင်လယ်ကွေ့တွင်ရှိသည့် ကမ်းကောသောင်ထွန်း မြေရိုင်းများအပေါ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့က ယခင်ဥပဒေအရ မွေးမြူရေးလုပ်ငန်းအတွက် Winner Brother ကုမ္ပဏီကို ဧက ၅၀၀ ခွင့်ပြုခဲ့ပါကြောင်း၊ ၃၄၈ ဧကကို အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ၁၅၂ ဧက ဖော်ထုတ်ရန် ကျန်ရှိနေပါကြောင်း၊ ထိုသို့ ဒေသအာဏာပိုင်ကနေပြီး မွေးမြူရေးလုပ်ငန်းအတွက် ၁၇ ဦး၊ ဧရိယာဧက ၁၀၀၀ ခွင့်ပြုခဲ့ရာတွင် တပ်ရင်း၊ တပ်ဖွဲ့နှစ်ခုအား ခွင့်ပြုဧရိယာ ၁၀၀ ဧကတွင် ဆောင်ရွက်ရန် ကျန်ရှိလျက်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ ၂၉-၃-၂၀၁၆ ရက်နေ့တွင် မွေးမြူရေးလုပ်ငန်းအတွက် ဧရိယာ ၂၅၀ ဧကကို တစ်ဦးအား ခွင့်ပြုမိန့်ချထားပေးခဲ့ပါကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု သတ်မှတ်ကာလ ကျော်လွန်ခြင်း မရှိသည့်အခြေအနေ ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေရိုင်းများအား လုပ်ကိုင်ခွင့်ပြုထားမှုများနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ဦးစီးဌာနများမှလည်း စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မေးခွန်း(၃) အနေဖြင့် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးနည်းဥပဒေ အပိုဒ် ၃ အရ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုလုပ်ငန်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို ဗဟိုကော်မတီကို လျှောက်ထားနိုင်ပါကြောင်းနှင့် နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (စ)တွင် ကျေးလက်ဒေသ တောင်သူများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ကိုင်လိုသူများလည်း လျှောက်ထားနိုင်ပါကြောင်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါသည့်အတွက် မုတ္တမသောင်ထွန်း မြေရိုင်းများကို အနီးစပ်ဆုံးတွင် နေထိုင်သူဒေသခံများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လျှောက်ထားလုပ်ကိုင်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဒေါ်အေးမြမြမျိုး (ကျောက်တန်း)