Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဂ)-နှစ်ကရင်ကျေးရွာအုပ်စုအတွက်(၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံနှင့်ပလိုင်ကီးကျေးရွာအုပ်စု အတွက်ကျေးလက်ကျန်းမာရေးဌာနခွဲ(အသစ်)တို့ အားလာမည့်ဘဏ္ဍာရေးနှစ်များအတွင်း တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

မေးခွန်း အကြောင်းအရာ 

ရေးမြို့နယ် နှစ်ကရင်ကျေးရွာအုပ်စုသည် လူဦးရေသုံးသောင်းကျော်ရှိသည့်အတွက် ကျန်းမာရေး စောင့်ရှောက် မှုချိုးမှာ ၁၉၉၀း၁ ဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း ၁၈ ရွာ၊ အိမ်ထောင်စုပေါင်း ၅၁၉၅ ရှိပါကြောင်း၊ လမိုင်းတွင် နှစ်ကရင်တိုက်နယ်ဆေးရုံ ရှိပါပြီး ၉ မိုင်သာကွာဝေးပါကြောင်း၊ ရေးမြို့နှင့် နှစ်ကရင် ကျေးရွာသည် ၄၅ မိုင်လောက်ဝေးပြီး၊ လူဦးရေ ၅၀၀၀ လောက်ရှိပါကြောင်း အများသောအားဖြင့် တံငါလုပ်ငန်း ကိုလုပ်ကိုင်ပါ ကြောင်း၊  တပ်မတော်(ရေ)လည်း အမြဲတမ်းရှိပါကြောင်း၊ ပလိုင်ကီးကျေးရွာအုပ်စုတွင် ကျေးရွာ‌ပေါင်း ခြောက်ရွာရှိပြီး ရေးမြို့နှင့်  ၅ မိုင်၊ လမိုင်း တိုက်နယ်ဆေးရုံနှင့် ၁၆ မိုင်ကွာဝေး ပါကြောင်း၊ ထို့ကြောင့် ပလိုင်ကီး ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ Sub Center  ဆောက်လုပ်နိုင်ခြင်းရှိ/မရှိ နှင့် နှစ်ကရင်ကျေးရွာ အုပ်စုတွင် ၁၆ ခုတင်ဆံ့ ဆေးရုံတစ်လုံးကို လာမည့် ပြည်ထောင်စု ဘတ်ဂျက်တွင် တည်ဆောက်နိုင်ခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

ရေးမြို့နယ် နှစ်ကရင်ကျေးရွာအုပ်စုတွင် ၁၆ ခုတင်ဆံ့ဆေးရုံဆောက်လုပ်ရန်အတွက် ရေးမြို့နယ်တွင် လူဦးရေ တစ်သိန်းခွဲလောက်ရှိ ပါကြောင်း၊  ခုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံနှင့် တိုက်နယ်ဆေးရုံလေးရုံရှိပြီး၊  စုစုပေါင်း ဆေးရုံငါးရုံ၊ ကျေးလက်ကျန်းမာရေးဌာနရှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၇ ခု၊ မိခင်ကလေး စောင့်ရှောက် ရေး ဌာနနှစ်ခုနှင့် စုစုပေါင်းဝန်ထမ်း ၂၂၂ ဦးနှင့် ကျန်းမာရေးစောင့်‌ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ဆရာဝန် ၂၈ ဦး၊ သူနာပြု ၆၆ ဦး၊ ကျန်းမာရေးမှူး ကိုးဦး၊ ကျန်းမာရေးဆရာ/ဆရာမ ၁၀ ဦး၊ Mid White ၅၉ ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂၀ ဦးနှင့် အခြားဝန်ထမ်း ၃၈ ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့်အတွက် အခြားမြို့နယ်များနှင့်ယှဉ်ပါက အခြေအနေကောင်းပါကြောင်း၊

နှစ်ကရင်ကျေးရွာအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာန တစ်ခုနှင့် Sub Center ငါးခုရှိပါကြောင်း၊ ဝန်ထမ်း များမှ ကျန်းမာရေးမှူးတစ်ဦး၊ Lady Health Visitor တစ်ဦး၊ သားဖွားဆရာမ ခုနစ်ဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် တစ်ဦးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ နှစ်ကရင်ကျေးရွာတွင်  ခုတင် ၁၀၀ ဆံ့ ရေးဆေးရုံနှင့် ၄၅ မိုင်ဝေးပြီး ၁ နာရီခွဲလောက်သွားရပြီး လမိုင်းတိုက်နယ် ဆေးရုံနှင့် ၉ မိုင်သာ ကွာဝေး ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နှစ်ကရင် Rural Health Center ကို လာသည့် လူဦးရေမှ ပျမ်းမျှ တစ်ရက်ကို ၂၇ ဦးသာရှိပါကြောင်း၊ အထက်အဆင့်သို့ Reorder လုပ်သည့် ကိစ္စလည်း ၁၆ ဦးသာရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် နှစ်ကရင်နှင့် ဦးစားပေးပြီး လုပ်ရမည့် ကျေးလက်ကျန်းမာရေးဌာနများ အများကြီးရှိသည့်အတွက် လတ်တလောအနေဖြင့် ၁၆ ခုတင်ဆံ့ ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် နောင်လိုအပ်သည့် အခြေအနေ၊  ကျန်းမာရေးဌာန RHC ၏ လုပ်ဆောင်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပြီးတော့ လူနာများ များလာမှုအခြေအနေတို့ကို ကြည့်ပြီး ဦးစားပေးအစီအစဉ်ဖြင့် လုပ်ပေးမည်ဖြစ်ပါကြောင်း၊ ဒီထက် လိုအပ်သည့် ကရင်၊ ချင်း၊ နာဂတို့ တို့တွင် မိမိတို့ ဦးစားပေးပြီးလုပ်ရမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေးသည် အခြားပြည်နယ်များထက် ကောင်းမွန်ပါကြောင်း၊ ယခုလတွင် ကျန်းမာရေး ကြီးကြပ် ၃၀၀၀ ခန့်လိုက်ပါကြောင်း၊ မွန်ပြည်အတွက် ၁၂၀ ရှိပါကြောင်း၊ သင်တန်းပေးနေပါဖြစ်ပါကြောင်းနှင့် သင်တန်းပြီးတာနှင့် နှစ်ကရင် ကျေးရွာအတွက် ဦးစားပေးခန့်ရန် စီစဉ်ပေးပါမည်ဖြစ်ပါကြောင်း၊

ဆေးရုံမပါဘဲ ဆေးဝယ်ရန် မွန်ပြည်နယ်ကို ၈၇.၈၂ သန်းပေးထားပါကြောင်း၊  ဆေးနှင့်ဆေးပစ္စည်းများကို ဦးစားပေး ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊  ထို့ပြင် မိမိအနေဖြင့်  ပြည်နယ်ဦးစီးမှူးကို မေးသည့်အခါ မြေယာပိုင်ဆိုင်မှု ဆောင်ရွက်ထားရှိမှုမှ အားနည်းနေပြီး ဆေးခန်းလာသည့် လူဦးရေပျမ်းမျှ ၂၇ ဦး သာရှိသဖြင့် တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် မထောက်ခံသည့်အတွက် မိမိအနေဖြင့် လတ်တလောဆောင်ရွက် ပေးနိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မေးမြန်းသူ 
ဒေါက်တာဦးအောင်ထွန်းခိုင် (ရေး)