Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဂ)-ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်သံကူ ကွန်ကရစ် ပင်မ(၃)ထပ်ဆောင်အား (၂၀၁၇-၁၈) ဘဏ္ဍာရေးနှစ်တွင်အပြီးသတ်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း အကြောင်းအရာ 

ရမည်းသင်းနည်းပညာတက္ကသိုလ်သံကူကွန်ကရစ် သုံးထပ်ဆောင်အား ၂၆-၆-၂၀၁၄ ခုနှစ်တွင် စတင်ဆောင်လုပ်ခဲ့ပြီး ခွင့်ပြရန်ပုံငွေထပ်မံမရရှိသည့်အတွက် ယနေ့အချိန်ထိ ၆၅.၇၆ ရာခိုင်နှုန်းသာ ဆောက်လုပ်ပြီးစီးပြီး ရပ်တန့်ထားရပါကြောင်း၊ ရမည်းသင်းနည်းပညာတက္ကသိုလ် တွင် နေပြည်တော်မြို့၊ ပျဉ်းမနားမြို့၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့မှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၁၄၁၃ ဦး တက်ရောက်ပညာသင်ကြားလျက် ရှိပါကြောင်း၊ ရမည်းသင်းနည်းပညာတက္ကသိုလ်တွင် ဌာန၊ ရုံးခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံအားလုံးတို့ကို တစ်ခန်းတည်းတွင် ပူးပေါင်းထားရှိပြီး‌ ဆောင်ရွက်နေရခြင်း၊ ဘာသာရပ်ဌာနအချို့ ရုံးခန်းများမရှိခြင်း၊ ကျောင်းသားများအတွက် ပုံဆွဲခန်းများမလုံလောက်ခြင်း၊ အချို့စီမံဌာနခွဲများအတွက် ရုံးခန်းစီစဉ် မပေးနိုင်ခြင်း၊ စတိုခန်းမရှိခြင်းနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရာတွင်လည်း သီလဝခန်းမတွင် ငှားရမ်းအသုံးပြုရခြင်းစသည့် အခက်အခဲများနှင့် ကြုံတွေ့ရပါကြောင်း၊ နည်းပညာတက္ကသိုလ်တစ်ခ၏ ဂုဏ်ဒြပ်နှင့်အညီ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အမြန်ဆုံး ဆောက်လုပ်ပြီးစီး နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ရမည်းသင်းနည်းပညာတက္ကသိုလ် သံကူကွန်ကရစ် ပင်မသုံးထပ်ဆောင်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဆောက်လုပ် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ နည်းပညာတက္ကသိုလ် သံကူကွန်ကရစ် သုံးထပ်ဆောင်အား၂၆-၆-၂၀၁၄ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ဘဏ္ဍာရေးနှစ်တွင် ရရှိခဲ့သည့် ဘဏ္ဍာငွေအခြေအနေအရ ၆၅.၇၆ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေး အတွက် ငွေလုံးငွေရင်းရန်ပုံငွေခွဲဝေရရှိခြင်း မရှိသည့်အတွက် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ ယင်းတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အပြီးသတ်နိုင်မှုမရှိသေးသော သုံးထပ်ဆောင်အား အပြီးသတ် ဆောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထားမှု ၁၈၁၄.၅၄၄ သန်း ထည့်သွင်းတင်ပြပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေကိုလည်း ၁၇-၃-၂၀၁၇ ရက်နေ့က ပြုလုပ်သော  ပြည်ထောင်စုလွှတ်တော်မှ ဥကဒေကြမ်းအား အတည်ပြုပေးဆောင်ရွက်ခဲ့ ပြီးဖြစ်ပါ၍ ယခု ၂၀၁၇-၂၀၁၈ တွင် ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
မေးမြန်းသူ 
ဦးထွန်းထွန်းဝင်း (ရမည်းသင်း)