Law Database | Mail | English Version

(ခ)-မြက်နီကွင်းကျေးရွာအုပ်စု၊လှေဆွဲမြောင်း၊ချောင်း ကျိုး၊မငြိမ်းစုကျေးရွာများနှင့်ရေအိုးစဉ်ကျေးရွာအုပ်စု ရှိသောင်ပု၊သောင်တန်းကျေးရွာတို့တွင်စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုအတွက်ကာကွယ်မှုပြုလုပ်ပေးပါရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

မေးခွန်း အကြောင်းအရာ 

အုတ်တွင်မြို့နယ်၊ မြက်နီကွင်းကျေးရွာအုပ်စုရှိ လှေဆွဲမြောင်းကျေးရွာ၊ ချောင်းကျိုးကျေးရွာ၊ မငြိမ်းစု ကျေးရွာများနှင့် ရေအိုးစဉ်ကျေးရွာအုပ်စုရှိ သောင်ပု၊ သောင်တန်းကျေးရွာတို့သည် စစ်တောင်း မြစ်ကမ်းအနီးတွင် တစ်ဆက်တည်းတည်ရှိကြပြီး လွန်ခဲ့သော ၁၅ နှစ်ခန့်မှစ၍ စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံမူလတန်းလွန်ကျောင်းများနှင့် လူနေ အိမ်ခြေများသည် အခြားမြေနေရာများသို့ ပြောင်းရွှေ့ရခြင်း ဒုက္ခများကို နှစ်စဉ်မပြတ် တစ်ပြိုင်နက် ခံစားနေခဲ့ရပါကြောင်း၊ ထိုသို့ပြောင်းရွှေ့ရာတွင်လည်း ပြောင်းရွှေ့ရသည့် အဆောက်အဦများသည် ရေနက်သို့သာ ပြောင်းရွှေ့နေထိုင်ရပြီး စစ်တောင်းမြစ် ရေကြီးချိန်တွင် ရေဘေးဒုက္ခနှင့် ရင်ဆိုင်ရသည့်အပြင် အင်းအတွင်းသို့ မြစ်ကျိုးကျမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့လာနိုင် ဖွယ်ရှိခြင်း၊ ခြံများကိုနောက်ဆုတ်၍ အိမ်ပြန်ဆောက်ရသည့်အတွက် မိမိတို့လုပ်ကိုင်နေသော လယ်ယာမြေများ ဆုံးရှုံးရခြင်း၊ ဆက်လက်မြေပြိုကျနေပါက ပြောင်းရွှေ့နေရမည့် အိမ်/ခြံမြေ မရှိခြင်းတို့ကြောင့် ပြေးစရာမြေမရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေပါကြောင်း၊ အိမ်ထောင်စု ၃၀၀ ခန့်ရှိသည့် လှေဆွဲမြောင်းကျေးရွာတွင် အိမ်ထောင်စု ၉၅ အိမ်၊ အိမ်ခြေပေါင်း ၇၀ ရှိသည့် ချောင်းကျိုးကျေးရွာတွင် အိမ်ခြေ ၂၀၊ အိမ်ထောင်စု ၅၀ ခန့်ရှိသည့် မငြိမ်းစုကျေးရွာတွင် အိမ်ခြေ ၁၅ အိမ်နှင့် အိမ်ခြေပေါင်း ၃၂၅ အိမ်ရှိသော သောင်ပု၊ သောင်တန်းကျေးရွာ နှစ်ရွာတွင် အိမ်ခြေပေါင်း ၁၅၀ ခန့်တို့သည် အခြားမြေနေရာများသို့ ဆုတ်ခွာ၍ အသစ်ပြန်လည် ဆောက်လုပ်နေခဲ့ရခြင်းဖြင့် ငွေကြေးများလည်းများစွာ ကုန်ကျပြီး လူမှုဒုက္ခပေါင်းစုံကိုလည်း ရင်ဆိုင်ခဲ့ကြရပါကြောင်း၊ လက်ရှိ မြစ်ကမ်းပါးနှင့် နီးစပ်သောနေရာများတွင် နေထိုင်သူများအနေဖြင့်လည်း ညအချိန်မတော် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပါက အသက်အန္တရာယ်ပါ ထိခိုက်နိုင်သောကြောင့် သေနတ်မကြောက်၊ ကမ်းပါးကြောက်နေရသည်ဟု ပြောဆိုနေမှုများကိုလည်း ကြားသိခဲ့ရပါကြောင်း၊ ကမ်းပါးပြိုကျခြင်း၊ မြစ်ရေကြီးပြီး ကမ်းပါးများကို တိုက်စားခြင်း ဖြစ်တာကြောင့် ကြိုတင်မမျှော်မှန်း နိုင်သော သဘာဝအန္တရာယ်မျိုးလည်း ဖြစ်ပါကြောင်း၊

ကမ်းပါးပြိုကျခြင်း မှတ်တမ်းဓာတ်ပုံများပါဝင်ပါကြောင်း၊ လက်ရှိအခြေအနေတွင်လည်း ကြိုတင်ကာကွယ်မှုများ မပြုလုပ်နိုင်ပါက ပြေးစရာမြေလည်း မရှိတော့သည့်အတွက် စစ်တောင်းမြစ်ကမ်းပါး အနီး‌နေ ဒေသခံပြည်သူများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်ထောင်စုသီးသန့် ရန်ပုံငွေကျပ် ၅၇၃.၀၀ သန်းနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း တစ်ခု၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မူလခွင့်ပြုရန်ပုံငွေကျပ် ၁၂၄၁.၄၅၅ သန်းဖြင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းရှစ်ခု၊ ဖြည့်စွက်ရန်ပုံငွေကျပ် ၇၁.၄၀၀ သန်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်း ၁၀ ခုကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်း လုပ်ငန်းကိစ္စများထဲမှ လုပ်ငန်းခြောက်ခုက ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၁၈-၂-၂၀၁၇ ခုနှစ်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများအရ မြက်နီကွင်း ကျေးရွာအုပ်စု၊ လှေဆွဲမြောင်း၊ ချောင်းကျိုးနှင့် မငြိမ်းစုကျေးရွာများ၊ ရေအိုးစဉ်ကျေးရွာအုပ်စု၊ သောင်ပုနှင့် သောင်တန်း ကျေးရွာများတွင် ကမ်းပြိုမှုဖြစ်ပေါ်နေသော စုစုပေါင်းအလျားမှာ ၁၅၀၀၀ ပေခန့်ရှိပါကြောင်း၊ ၎င်း ကျေးရွာများအနက် လှေဆွဲမြောင်းကျေးရွာနှင့် ချောင်းကျိုးကျေးရွာတို့တွင် အလျားပေ ၃၅၀၀ ခန့် အဆိုးရွားဆုံး ကမ်းပြိုလျက်ရှိကြောင်း၊ ကျေးရွာများမှာ ကမ်းပြိုနေမှုဖြစ်ပေါ်နေုသည့် စုစုပေါင်းအလျား ၁၅၀၀၀ ပေခန့်ကို ကမ်းပြိုကာကွယ်မှုပြုလုပ်ပေးရန် နှစ်တန်းသွားမျောတိုင်တန်း ကျောက်ဖြည့် အခြေထိန်းရေကာ ပေ ၁၅၀၀၀  မျောကရစ်ကွက် ၂၂၅၀၀ စတုရန်းပေ တည်ဆောက်ပေးရန် လိုအပ်ပြီး အဆိုပါလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ် ၁၆၁၇.၂၀ သန်းဖြစ်ကြောင်း တွက်ချက်ရရှိပါသည်။

အဆိုပါလုပ်ငန်းမျာအတွက် ကုန်ကျစရိတ်ကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ( BE) နှင့် ဖြည့်စွက်ရန်ပုံငွေ (RE) တို့တွင် မပါဝင်ခဲ့သည့်အပြင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ (BE) တွင်လည်း ထည့်သွင်းရေးဆွဲထားမှု မရှိခဲ့ကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးမှုအရ ကမ်းပြိုနေရာများအနက်မှ လတ်တလော ကမ်းပြို ကာကွယ်မှုပြုရန် အဆိုးရွားဆုံးဖြစ်ပေါ်နေသည့် လှေဆွဲမြောင်းနှင့် ချောင်းကျိုးကျေးရွာတို့ရှိ ကမ်းပြို အလျားပေ ၃၅၀၀ အတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၃၇၇.၃၀ သန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကုန်ကျစရိတ်ပိုမိုများပြားလာပါက အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
မေးမြန်းသူ 
ဒေါ်ချိုချို (အုတ်တွင်း)