Law Database | Mail | English Version

အမေး ၊ အဖြေများ

(ခ)-မင်းတုန်းမြို့နယ်အမှတ်(၃)ရပ်ကွက်အတွင်းရှိ တံတားများ ပျက်စီးနေမှု အပေါ် အသစ်ပြန်လည် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

မိမိတို့ မင်းတုန်းမြို့တွင် ရပ်ကွက်(၄) ကွက်ရှိသည့်အနက် အမှတ်(၃)ရပ်ကွက်သည် မင်းတုန်းမြို့၏ အလယ်ဗဟို အချက်အခြာကျသော ရပ်ကွက်ဖြစ်ပြီး အ.ထ.ကကျောင်း၊ မြို့နယ်ဆေးရုံကြီး၊ မြို့မ ဈေးကြီး၊ စိုက်ပျိုးရေးရုံး၊ ပြန်ကြားရေးရုံး၊ မြေစာရင်းရုံးနှင့် စည်ပင်ရုံးများရှိသည့်အတွက် လူအသွား အလာများသော ရပ်ကွက်ဖြစ်ပါကြောင်း၊ အမှတ်(၃)ရပ်ကွက်တွင် လမ်းမတော် လမ်းတစ်လမ်းတည်း ရှိပြီး အဆိုပါလမ်းကို  ဈေးသွားဈေးပြန်များ၊ ကျောင်းသွားကျောင်းပြန်များ၊ ဆေးရုံသွားသူများ၊ ရုံးသွား သူများ၊ ဆိုင်ကယ်များ၊ ကားများဖြင့် ရှုပ်ထွေးခြင်းကြောင့် မကြာခဏဆိုသလို Accident များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမှတ်(၃)ရပ်ကွက်တွင် မြို့ပတ်လမ်းတစ်လမ်းရှိရန် မဖြစ်မနေလိုအပ်နေပြီ ဖြစ်ပါကြောင်း၊

အမှတ်(၃)ရပ်ကွက်အတွင်း ဆက်သွယ်သွားလျက်ရှိသော တံတားသုံးစင်းအနက် မြို့ပတ်လမ်း ဖြစ်သော အမှတ်(၂)ရပ်ကွက်မှ အမှတ်(၄)ရပ်ကွက်ကိုဆက်သွယ်ထားသည့် ကမ်းနားလမ်း (ရွှေဂူလမ်း) ပေါ်ရှိ ပျက်စီးနေသာ ၄၅ ပေရှည်သည့် တံတားနှစ်စင်းသည် လူသွားလူလာများပြီး ပြန်လည်ကောင်းမွန်မည်ဆိုပါက မြို့ပတ်လမ်းအတွက်လည်း အခြေအနေကောင်းမည်ဖြစ်သည့် အတွက် အလျင်အမြန်တည်ဆောက်ပေးစေလိုပါကြောင်း၊

သို့ဖြစ်ပါ၍ အဆိုပါတံတားနှစ်စင်းသည် အရေးပေါ်မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်နေပါ သဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးနိုင်ပါမည်နှင့်  ဆောင်ရွက်မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဖြစ်သည့်ဆိုသည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

အမှတ်(၃)ရပ်ကွက်အတွင်း ဆက်သွယ်သွားလျက်ရှိသော တံတားသုံးစင်းသည်  ရွှေဂူတံတား(၁)၊ ရွှေဂူတံတား(၂)နှင့်‌ မြောက်ပြင်တံတားများဖြစ်ပြီး သစ်သားတံတားအမျိုးအစားဖြစ်ကာ မင်းတုန်း မြို့နယ်၏ အမှတ်(၃)ရပ်ကွက်အတွင်း တည်ရှိပါကြောင်း၊ ၁၉၇၈ ခုနှစ် မင်းတုန်းမြို့နယ်ပတ်လမ်းကို မြို့နယ်ပါတီကောင်စီကဦးဆောင်ပြီး ကိုယ်ထူကိုယ်ထဖောက်လုပ်ခဲ့ခြင်းဖြစ်သည့်အပြင် အမှတ်(၃) ရပ်ကွက် ရွှေဂူလမ်းတွင် သစ်သားတံတားနှစ်စင်း၊ မြို့ပတ်လမ်းတွင် မြောက်ပြင်ကျေးရွာနှင့် ဆက်သွယ်သွားလာရန် သစ်သားတံတားတစ်စင်း စုစုပေါင်းသစ်သားတံတား သုံးစင်းအား ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သည်ဟု သိရှိရပါကြောင်း၊

၁၉၈၃ ခုနှစ်တွင် ပုသိမ်-မုံရွာကားလမ်းနှင့်‌ မင်းတုန်းမြို့ကို ဆက်သွယ်သည့်လမ်း ၄ မိုင် ၆ ဖာလုံကို မြေသားလမ်းအဖြစ် ဖောက်လုပ်ခဲ့ပြီး ၁၉၅၈-၁၉၈၆ ခုနှစ်မှာ အမာခံကျောက်ချောလမ်း၊ ၁၉၈၆-၁၉၈၇ ခုနှစ်တွင် ကတ္တရာလမ်းအဖြစ် အဆင့်‌မြှင့်‌တင်ဆောင်ရွက်ခဲ့တဲ့အတွက် အဆိုပါတံတားများအား အသုံးပြုမှုနည်းပါးသွားခဲ့သည်ကို သိရှိရပါကြောင်း၊ အသုံးပြုမှုနည်းပါးသော်လည်း ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်တွင် ရွှေဂူတံတားအမှတ်(၁)ကိုလည်းကောင်း၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် ရွှေဂူ တံတား(၂)ကိုလည်းကောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြင်ဆင်ထိန်းသိမ်းခဲ့ပါကြောင်း ရွှေဂူ တံတားအမှတ်(၁)သည် အလျား၊ အနံ၊ အမြင့်‌ ၄၈ ပေ x  ၁၄ ပေ x ၁၆ ပေရှိပြီး ကွန်ကရစ် တံတားအဖြစ်အသစ်ပြန်လည်တည်ဆောက်မည်ဆိုရင် ခန့်မှန်းငွေကျပ် ၇၆.၈ သန်းကုန်ကျမည် ဖြစ်ပါ ကြောင်း၊ ရွှေဂူတံတားအမှတ်(၂)သည် အလျား၊ အနံ၊ အမြင့်  ၄၅ ပေ x  ၁၄ ပေ x ၁၀ ပေရှိပြီး ကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည်တည်ဆောက်မည်ဆိုပါက ခန့်မှန်းငွေကျပ် ၇၂ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ မြောက်ပြင်တံတားကို အသစ်ပြန်လည်တည်ဆောက်မည်ဆိုပါက အလျား၊ အနံ၊ အမြင့် ၃၀ ပေ x ၂၀ ပေ x ၁၀ ပေကွန်ကရစ်တံတား တစ်စင်းနှင့်ကျောက်ရိုးစီမြေထိန်းနံရံ နှစ်ဖက်ပြုလုပ်ပြီး မြေသားလမ်းမြေနီဖို့ခြင်း ပေ ၁၀၀ ခန့် ဆောင်ရွက်ရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ် ၆၂ သန်း ကုန်ကျမှာဖြစ်ပါကြောင်း၊

မင်းတုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်မှာ မျှော်စင်လမ်းကွန်ကရစ်တံတား တစ်စင်း၊ အမှတ်(၃)ရပ်ကွက်မှာ စံပြလမ်း ကွန်ကရစ်တံတားတစ်စင်း စုစုပေါင်းကွန်ကရစ်တံတား နှစ်စင်းကို ငွေကျပ် ၈ သန်းနှင့် လျာထား ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မင်းတုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ် ဝင်ငွေလျာထားချက်သည် ကျပ် ၇၆.၇၂၇ သန်းဖြစ်ပြီး ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက် သည် ကျပ် ၅၉.၁ သန်းဖြစ်ပြီး အဆိုပါအသုံးစရိတ်ကို မြို့ပေါ်ရပ်ကွက်များရှိ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းတွင် မျှဝေသုံးစွဲရခြင်းကြောင့် ယင်းတံတားသုံးစင်းအား ပြန်လည်တည်ဆောက်ရန် အဖွဲ့ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်‌ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဒေါ်ခင်သန်းနု (မင်းတုန်း)