Law Database | Mail | English Version

အမေး ၊ အဖြေများ

(ခ)-ချီဖွေမှဆော့လော်မြို့သို့ဆက်သွယ်ထားသော (၃၄)မိုင်လမ်းဟောင်းအား အမြန်ဆုံးဖွင့်လှစ်ပေး ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ဆော့လော်မြို့နယ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်တွင် ပါဝင်ပြီး ချီဖွေမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ တရုတ်ပြည်သူ့နှင့်‌ နယ်နိမိတ်ထိစပ်လျက်ရှိပါကြောင်း၊ ယခင်က ချီဖွေမြို့နယ်မှတစ်ဆင့် ယခင်လမ်းဟောင်း ၃၄ မိုင်လမ်း ဖောက် လုပ်ရန်ဖြင့် ဆော့လော်ပြည်သူများ အဆင်ပြေချေမွေ့စွာ ဆက်သွယ်သွားလာခဲ့ကြပါကြောင်း၊ ၂၀၁၂ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အခြေအနေလုံခြုံရေးအရ ပြည်သူများ သွားလာ၍မရတော့ဘဲ တောင်သုံးလုံးလမ်းဖြင့် ချီဖွေမှဆော့လော်မြို့ထိ ခရီးမိုင် ၇၅ မိုင်ခန့် တောင်တက်တောင်ဆင်း လမ်းကြမ်းခရီးများဖြင့် ခက်ခက်ခဲခဲ သွားလာနေကြရပါကြောင်း၊

ချီဖွေမှဆော့လော်မြို့သို့ ယခုတောင်သုံးလုံးလမ်း စုစည်းလမ်းဖြင့် သွားပါက ဆန်တစ်အိတ်သယ်ခ တစ်သောင်းကျပ်ကျော်၊ ဘိလပ်မြေတစ်အိမ်သယ်ခ တစ်သောင်းကျပ်၊ ဒီဇယ်တစ်ပေပါ သယ်ခ ခြောက်သောင်းကျပ်အထိ ‌ကားခများ ပေးဆောင်နေကြရပါကြောင်း၊ မိမိအနေဖြင့်လည်း မိမိမဲဆန္ဒနယ်သို့ သွားရောက်လာတွင် မြစ်ကြီးနားမှ ချီဖွေမြို့သို့သွားရန် လိုင်းကားများရှိပြီး လူတစ်ဦးအတွက် နှစ်သောင်းကျပ်အထိသာ ခရီးစရိတ်ပေးဆောင်ရပါကြောင်း၊ ထိုမှတစ်ဆင့် ချီဖွေမှ ဆော့လော်မြို့သို့ ယခုတောင်သုံးလုံးလမ်း စုစည်းလမ်းဖြင့်သွားပါက လိုင်းကားများလည်း မရှိပါကြောင်း၊ ခရီးကြမ်းတမ်းပြီး ခရီးမိုင်ရှည်လျားသည့်အတွက် ဆိုင်ကယ်ကယ်ရီခမှာ ကျပ်တစ်သိန်းငါးသောင်းကျပ်၊ ကားအော်ဒါငှားမည်ဆိုပါက ခုနစ်သိန်းမှ ရှစ်သိန်းကျသည်ထိ ပေးစီးနေရပါကြောင်း၊ သို့ဖြစ်ပါ၍  ဆော့လော်မြို့နယ် ပြည်သူလူထုများမှာ စာနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ခရီးသွားလာစရိတ်များကို ယခင်လမ်းဟောင်း ၃၄ မိုင်လမ်းခရီးသွားလာ ပို့ဆောင်စရိတ်ထက် နှစ်ဆကျော် ပေးဆောင်နေရ၍ ပြည်သူများ စားနပ်ရိက္ခာသယ်ဆောင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်ရန် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း။

 ဆော့လော်မြို့နယ်သည် ယခု နှစ်တွင်မိုးများပြီး တောင်ယာမီးမချို့ရခြင်း၊ တောင်ယာစာပါးခင်း အနည်းငယ်မှာလည်း မိုးကျခြင်း၊ ကြွက်စားခြင်းတို့ကြောင့် စားစရာ ဆန်မရှိဘဲ အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ စားစရာမရှိ၍ မြစ်ကြီးနား-ချီဖွေမြို့နယ်တို့မှ တစ်ဆင့် ဆန်ဝယ်စားမည်ဆိုပါက လမ်းမကြီး သယ်ယူစရိတ်များသည့်‌အတွက် ဆော့လော်မြို့ပေါ်အရောက် ဆန်တစ်အိတ်ဈေးနှုန်းသည် ငါးသောင်းကျော်ကျပ်အထိ ရှိလာသည့်အတွက် အချို့သော ဆင်းရဲသားပြည်သူလူထုများမှာ အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထို့အပြင် ဆော့လော်မြို့နယ်မှ မြို့နယ်အဖြစ် သတ်မှတ်ခံခဲ့ရသည်မှာ နှစ်ပေါင်း ၄၅ နှစ်ခန့် ကြာပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဖွံ့ဖြိုးတိုးတက်မှု လုံးဝမရှိဘဲ အခြားမြို့နယ်များနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု အလွန်နောက်ကျနေသည်ကို တွေ့မြင်ရပါကြောင်း၊ မြို့နယ်တစ်ခုသာဆိုသော်လည်း ကတ္တရာလမ်းကို လုံးဝမတွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာအစိုးရအဖွဲ့အနေဖြင့် ယခင်လမ်းဟောင်း ၃၄ မိုင်လမ်းအား ပိတ်ထားသော KIA လက်နက်ကိုင်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင် နှစ်ဖက်နားလည်မှုရယူကာ ၃၄ မိုင်လမ်းအား အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

ကချင်ပြည်နယ်အတွင်းရှိ ချီဖွေ-ဆော့လော်-မန်ကျီ-ဝဲလ်တန်လမ်းသည် ချီဖွေ မြို့မှ မိုင်တိုင် ၀/၀ မှ ဝဲလ်တန် မိုင် ၉၀/၀ အထိ မိုင် ၉၀ ရှည်လျားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်း ဖြစ်ပါကြောင်း၊ ချီဖွေမှ ဆော့လော်အထိ ၃၄ မိုင် ရှည်လျားပြီး လက်ရှိလမ်းအနေအထားမှာ အမာခံလမ်း ၃ မိုင်နှင့် မြေလမ်း ၃၁ မိုင်ဖြစ်ပါကြောင်း၊ ချီဖွေ-ဆော့လော်-မန်ကျီ-ဝဲလ်တန်လမ်းတွင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် မတိုင်မီ ယခင် ၁၅ နှစ် ကျော်ကာလအတွင်းကပင် လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်မှစပြီး ချီဖွေမြို့အတွက် ကန်ပိုင်ယန်တံတား မိုင် ၀/၀ မှ ဆော့လော်မြို့ မိုင် ၃၄/၀ အထိ ၃၄ မိုင် လမ်းသည် နယ်မြေလုံခြုံရေး အခြေအနေအရ ယနေ့အချိန်အထိ လုံးဝသွားလာ၍မရသော ဆော့လော်မြို့ မိုင် ၃၄/၀ ကနေပြီး ဝဲလ်တန်မြို့ မိုင် ၉၀/၀ အထိသာ သွားလာ၍ ရနေပါကြောင်း၊ ချီဖွေမှ ဆော့လော်ကို သွားလာရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထားသော ချီဖွေ - လန်းယန် (တောင်သုံးလုံးလမ်း၊ စုစည်းလမ်း) လမ်းကိုသာ အသုံးပြု၍ သွားလာနိုင်ပါကြောင်း၊

ချီဖွေမှ ဆော့လော်သို့ ဆက်သွယ်ထားသည့် ချီဖွေ-ဆော့လော်လမ်းပိုင်း ၃၄ မိုင်အရှည်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များသို့ ပေါင်းစပ်ညှိနှိုင်းပြီး နယ်မြေအခြေအနေ အေးချမ်းတည်ငြိမ်မှု ရရှိလာသည့်အခါ ဆောင်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးလာမာလေး (ဆော့လော်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကန်ပိုင်ယန်တံတား မိုင် ၀/၀ မှ ဆော့လော်မြို့ မိုင် ၃၄/၀ အထိ ၃၄ မိုင် လမ်းသည် ၂၀၁၂ ခုနှစ် မတိုင်မီသွားလာ၍ရပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း KIA နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားသည့်နောက်ပိုင်း KIA က မိုင်းထောင်ပြီး လမ်းကိုပိတ် ထားခြင်းဖြစ်သည် ဟု ပြည်သူများက ပြောပါကြောင်း၊ဝန်ကြီး ဖြေကြားချက်တွင် လမ်းကိုလုံခြုံရေး အခြေအနေကောင်းမွန်လာပါက ပြုပြင်ပေးနိုင်မည်ဖြစ်ပြီး လုံခြုံရေး အခြေအနေ မကောင်းမွန်သည့် အတွက် လောလော ဆယ် ဆောင်ရွက် မပေးနိုင်သေးကြောင်း ဖြေကြား သွားပါကြောင်း၊နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ အနေဖြင့် အမြန်ဆုံး တိုင်ပင်ညှိနှိုင်းပြီး လမ်းကို ပိတ်ထားသည့် KIA လက်နက်ကိုင် အဖွဲ့များအနေဖြင့် နှစ်ဦးနှစ် ဖက် စေ့စပ်ညှိနှိုင်းနားလည်မှု ရယူပြီးမှ ပြည်သူများ သွားလာနိုင်စေရန် စီစဉ်ဆောင် ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်

ယခုလမ်းနှင့်ပတ်သက်၍ မိမိတို့ဌာနအနေဖြင့် ယင်းနေရာကို လုံးဝချင်းကပ်၍ မရသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိခြင်း ဖြစ်ပါကြောင်း၊ နယ်မြေလုံခြုံရေး ကောင်းသွားမည်ဆိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဤလမ်းပိုင် ၃၄ မိုင်ကို အမြန်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ရာသီ မရွေးသွားလာ၍ရသော လမ်းတစ်ခုဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
မေးမြန်းသူ 
ဦးလာမာလေး (ဆော့လော်)