Law Database | Mail | English Version

အမေး ၊ အဖြေများ

(ခ)-ကျွန်းစုမြို့နယ်အတွင်းရှိအခြေခံပညာကျောင်း များအား Sanction နှင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊မရှိနှင့်မကျီးကျွန်းကိုယ်ထူကိုယ်ထကျောင်းအား အ.မ.က- Sanction ၌ ထားပေးနိုင်ခြင်းရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ပြည်မင်းကြီးကျေးရွာအုပ်စု မကျီးကျွန်းကျေးရွာသည် ပြည်ထဲရေးလက်အောက်တွင် တရားဝင်အသိ အမှတ်ပြုထားပြီးဖြစ်သော်လည်း ကျောင်းသား ၁၂၃ ဦး တက်ရောက်သင်ကြားနေသည့် ကိုယ်ထူ ကိုယ်ထ အ.မ.က ကျောင်းသည် လွန်ခဲ့သည့် ၁၂ နှစ်ကပင် ကိုယ်ထူကိုယ်ထကျောင်း တစ်ကျောင်း ဖြစ်ခြင်းကြောင့် ပညာရေးဌာန၏ ထောက်ပံ့မှုကို မရရှိခဲ့ပါကြောင်း၊ ကျောင်းသားအရေအတွက်မှာ နှစ်စဉ်တိုးတက်လာ၍ နိုင်ငံတော်မှ အထောက်အပံ့ရရှိနိုင်ရန် အ.မ.က - Sanction ကျောင်းအဖြစ် ချထားပေးရန် တင်ပြတောင်းဆိုခြင်းဖြစ်ပါကြောင်း၊

မင်းဂုတ် ကျောင်းသည် အ.လ.က(ခွဲ)ဖြင့် ပညာသင်ကြားပေးနေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပါ၍ အလယ်တန်းအဆင့်တိုးမြှင့်ပေးပါရန် နှင့် သဇင် အ.ထ.က(ခွဲ)ကျောင်းတွင် ပညာသင်ယူရန်အတွက် ရေလမ်းခရီး ၁၀ မိုင်ခန့် ကွာဝေးခြင်း၊ ငွေရေးကြေးရေး အခက်အခဲ တို့ကြောင့် ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခဲ့ရသည့် ကျောင်းသားများ ရှိခဲ့ပါကြောင်း၊

ကျွန်းစု မြို့နယ်အတွင်းရှိ စစ်ဘုကျေးရွာ အ.လ.က (မူလွန်)ကျောင်းသည် အ.လ.က (ခွဲ)ဖြစ်ပြီး အနီးဆုံးကျောင်းနှင့် ရေမိုင် ၁၀ မိုင်ကွာဝေးပါကြောင်း၊ မင်းဂုတ်ကျောင်း အ.လ.က(ခွဲ)သည် အနီးဆုံး ကျောင်းနှင့် ရေမိုင် ၁၀မိုင်၊ ချောင်းချိုး အ.လ.က(ခွဲ)မှ အနီးဆုံးကျောင်းသို့ ရေမိုင် ၁၄ မိုင်၊ ရေကန် အော် အ.လ.က(ခွဲ)မှ အ.လ.က ကျောင်းသို့ ရေလမ်းခရီးဖြင့် အနည်းဆုံး နှစ်နာရီကြာပါကြောင်း၊ တောနောက်လယ် အ.လ.က မမူလွှာမှာ အ.လ.က (ခွဲ)ကျောင်းသို့ အနီးဆုံးရေမိုင် ၃ မိုင်၊ မိုင်းသွေးကွက်သစ် အ.မ.ကမှာ အ.မ.က (မူလွန်) သို့ အနီးဆုံးရေမိုင် တစ်မိုင် ၊ လင်မလို အ.မ.က မှ အ.မ.က(မူလွန်)သို့ အနီးဆုံးကျောင်းသို့ နှစ်နာရီခန့် ရေလမ်းခရီးဖြင့် သွားရပါကြောင်း၊ မန်ကျည်းကြော ကိုယ်ထူကိုယ်ထ အ.မ.ကကျောင်းသည် အနီးဆုံးကျောင်းသို့ ရေမိုင် လေးမိုင်ခန့် ကွာဝေးသဖြင့် ကျောင်းများအဆင့်တိုးမြှင့်ပေးရန် ၂၀၁၆ ခုနှစ်တွင် တင်ပြထားခြင်းဖြစ်ပါကြောင်း၊  အဆိုပါ ကျောင်းများကို အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မန်းကျည်းကြော ကိုယ်ထူကိုယ်ထ ကျောင်းကို အ.မ.က Sanction အဖြစ် ထားပေးနိုင်ခြင်းရှိ/မရှိတို့ကို သိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် တွင် ချမှတ်ပေးပါ၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကိုသိလိုပါ ကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နှစ်အလိုက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများကို ဘဏ္ဍာငွေဘောင် အတွင်း ဖြစ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် မူလတန်းကျောင်း အဆင့်တိုးမြှင့်ရန် ကျောင်းသားဦးရေသတ်မှတ်ချက်၊ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ရန် ကျောင်းသားဦးရေ သတ်မှတ်ချက်၊ အထက်တန်းကျောင်းအဆင့်တိုးမြှင့်ရန် ကျောင်းသားဦးရေသတ်မှတ်ချက်များ မူဘောင် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ် အတွင်း တိုင်းဒေသကြီး /ပြည်နယ် အလိုက် ကျောင်းအဆင့်တိုးမြှင့်ရန် စိစစ်ချက်အရ မူဘောင်နှင့် ကိုက်ညီသော ကျောင်းပေါင်း ၉၃၇ ကျောင်း အဆင့်မြှင့်ခဲ့ပါကြောင်း၊ ၎င်း မူဘောင်များနှင့်မကိုက်ညီသော်လည်း ကိုယ်စားလှယ်တော်ကြီး များ၏ တင်ပြချက်အရလည်းကောင်း၊ ပြည်သူလူထု၏ လိုလားချက်အရလည်းကောင်း၊ သတ်မှတ်ချက် ကို ဖြေလျှော့ပြီး ဖြစ်နိုင်သမျှ ထပ်မံအဆင့်‌မြှင့်ထားပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ၃၃၁၂ ကျောင်း အဆင့်မြှင့်ဆောင်ရွက် ပေးပြီးပါကြောင်း၊ ကျွန်းစုမြို့နယ် မန်ကျဉ်းကျွန်း ကျေးရွာ အုပ်စုသည် စုစုပေါင်းမူဆင့်သင် ကျောင်းသားကျောင်းသူ ၁၂၃ ဦး ရှိပါကြောင်း၊ကိုယ်အားကိုယ်ကိုး မူလတန်းကျောင်းမှ အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် လည်း ကိုက်ညီသဖြင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းမှ အခြေခံပညာမူလတန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် ဆောင် ရွက်ပေးမည်ဖြစ် ပါကြောင်း၊ မြို့နယ်မှ တစ်ဆင့် အမှုတွဲတည်ဆောက်ပြီး ဘတ်ဂျက်လျာထား ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ကျွန်းစုမြို့နယ် သံပုတ် ကျေးရွာအုပ်စု ၊ တောနောက်သည် ကျေးရွာရှိ ကျောင်းများကို  အခြေခံ ပညာအလယ်တန်းကျောင်းခွဲ အဖြစ် တိုးမြှင့်‌ သတ်မှတ်ပေးပါ ကြောင်း၊ ၎င်းကျောင်းကို ၂၀၁၁-၁၂ ပညာသင်နှစ်မှစ၍ အခြေခံပညာဦးစီးဌာန၏ စာအမှတ်၊ ဌာနခွဲ-၁(ခ)/၆၄၂ ကျောင်းတုန်း ၂၀၁၁ ဖြင့် ထုတ်ပြန်ပြီး တွဲဖက်အခြေခံပညာအလယ်တန်းကျောင်းမှ အခြေခံပညာ အလယ်တန်းကျောင်းခွဲ သို့ ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျောင်းများအနက် စစ်ပုကျေးရွာ အခြေခံပညာမူလ တန်းလွန်ကျောင်းသည် စုစုပေါင်းအလယ်ဆင့် သင် ကျောင်းသား ၁၂၇ ဦးရှိပါကြောင်း၊  မူဘောင်သတ်မှတ်ချက်အရ ၂၀၀ နှင့်အထက်ရှိမှ အဆင့် တိုးမြှင့်‌ပေး၍ ရပါကြောင်း၊ မင်းဂုတ်ကျေးရွာ အ‌ခြေခံပညာအလယ်တန်းကျောင်းတွင် စုစုပေါင်း အလယ်အဆင့် သင်ကျောင်းသား ၂၂၉ ဦး၊ ချောင်းဝကြီးကျေးရွာ ၊ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် စုစုပေါင်း အလယ်ဆင့်သင် ကျောင်းသား ၁၄၂ ဦး၊ ရေကန်အော်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲ စုစုပေါင်း အလယ်ဆင့်သင်ကျောင်းသား ၁၄၆ ဦး ရှိပါကြောင်း၊ မူဘောင် အားဖြင့် အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ အခြေခံပညာအလယ်တန်း ကျောင်းအဆင့်‌ သို့ တိုးမြှင့်ပေးရန် သတ်မှတ်ချက်မှ ၂၄၀ ဦးဖြစ်ပါကြောင်း၊

မိုင်းသွေးကွက်သစ်ကျေးရွာ အခြေခံပညာ မူလတန်းတွင် စုစု‌ပေါင်း မူစစ်သင် ကျောင်းသား ၁၈၈ ဦး၊ လင်မလိုကျေးရွာအခြေခံပညာမူလတန်း ကျောင်းတွင် စုစုပေါင်း မူစစ်သင်ကျောင်းသား ကျောင်းသူ ၁၇၄ ဦးရှိပါကြောင်း၊ မူဘောင်အားဖြင့် အခြေခံပညာမူတန်းကျောင်းမှ အခြေခံမူလတန်း လွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် မူစစ်သင် ကျောင်းသား ၂၅၀ ဦးနှင့်အထက် ရှိဖို့လိုပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစု မြို့နယ်အတွင်းရှိ ကျောင်းများအနက် စစ်ဘုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ မင်းဂုတ် ကျေးရွာအခြေခံ ပညာအလယ် တန်း ကျောင်းခွဲ၊ ချောင်းဝကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ရေကန်အော်ကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ၊ မိုင်းသွေးကွက်သစ်‌ကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ လင်မလို ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းများသည် လက်ရှိ သတ်မှတ်မူဘောင်နှင့် ကိုက်ညီရန် လိုအပ်သေးသော်လည်း ဘဏ္ဍာရေး အခြေအနေအရ မူဘောင်များကို ဖြေလျော့ပြီး ဆောင်ရွက်ပေးနိုင်သည့် အခြေအနေရှိပါက ဖြည့် ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ဖြေကြားသည့် ဌာန 
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
မေးမြန်းသူ 
ဒေါ်တင်တင်ရီ (ကျွန်းစု)