Law Database | Mail | English Version

အမေး ၊ အဖြေများ

(က)-နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကိုမဆပ်သူ တစ်ဦးတစ်ယောက်ကြောင့်နောင်နှစ်တွင်ချေးငွေ ထုတ်မပေးပါသဖြင့် ငွေကျေပြီးသောတောင်သူ များကို ဆက်လက် ထုတ်ပေးပါရန် တောင်းခံခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

နိုင်ငံတော်မှ နှစ်စဉ် တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများ ဝိုင်းကြီးချုပ်စနစ်ဖြင့် အဖွဲ့လိုက် ထုတ်ချေးပေးနေပါကြောင်း၊ မိမိတို့အဖွဲ့မှ ယခင်က ၁၀ ဦး၊ ယခု ၃ ဦးထဲမှ တစ်ဦးဦးက မပေးဆပ်ခဲ့လျှင် တာဝန်ကျေပေးဆပ်ထားသည့် တောင်သူများလည်း နောက်နှစ်ချေးငွေများ ထုတ်ယူခွင့် ဆုံးရှုံးရပါကြောင်း၊ မြို့နယ်စိုက်ဘဏ်ကလည်း တာဝန်မကျေသောသူများကို အရေးယူခြင်းမရှိသည့်တွက် အလွဲသုံးစား လုပ်နေသူများ အတင့်ရဲနေကြပါကြောင်း၊ တချို့တောင်သူများ၊ ရပ်/ကျေးစိုက်ဘဏ်တာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဧကစာရင်းများ လိမ်လည်ပြီး ငွေအမြောက်အမြား ထုတ်ယူသုံးစွဲ၍ ပြန်မဆပ်သောကြောင့် တောင်သူများ ချေးငွေမရရှိတော့ပါကြောင်း။ ဥပမာ တချို့ဝါရင့်အုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာအုပ်စုရှိ ငွေချေးတောင်သူများထံမှ ဘဏ်ချေးငွေဆပ်ရန် ငွေများတောင်းယူပြီး မြို့နယ်သို့ သွားရောက်မဆပ်ဘဲ မိမိကိုယ်ကျိုးအတွက် အသုံးပြုသောကြောင့် တောင်သူများမှာ ငွေလည်းဆုံး၊ စိုက်ဘဏ်တွင် အကြွေးစာရင်းပေါ်၍ နောက်နှစ်ချေးငွေမရရှိကာ ဒုက္ခရောက်နေကြပါကြောင်း။

မှန်ကန်ပြီးတာဝန်ကျေသော တောင်သူလယ်သမားများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာနေကြရသည့်အတွက် တောင်သူများ၏ အဓိကလိုအပ်ချက်သည့် ရင်းနှီးငွေဖြစ်ပါကြောင်း။ စိုက်ပျိုးစရိတ်ချေးငွေကို အကြောင်းအမျိုးမျိုးဖြင့် အလွဲသုံးစားလုပ်နေသူများအား ဥပဒေကြောင်းအရ ကြပ်မတ်အရေးယူပေးပါရန်နှင့် ချေးငွေတာဝန်ကျေသော တောင်သူလယ်သမားများကို ဆက်လက်ငွေထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


ဖြေကြားချက် 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသည့် အခါ တောင်သူများ၏ ပိုင်ဆိုင်သည့်ပစ္စည်းများ၊ အိုးအိမ်ခြံမြေများကို အာမခံရယူထားခြင်းမရှိဘဲ ၎င်းတို့ နှစ်သက်သူအချင်းချင်း ပူးတွဲပြီး အာမခံသည့် Group Liability စနစ်ကို ကျင့်သုံးပြီး စိုက်ပျိုးစရိတ်များကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ယခုလို အစုအဖွဲ့အာမခံစနစ်ဖြင့်ချေးသည့် စိုက်ပျိုးစရိတ် အခြေအနေ အပေါ်တွင် ပြန်လည်သုံးသပ် ကြည့်မည်ဆိုလျှင် ၆-၁၂-၂၀၁၆ ရက်နေ့အထိ စာရင်းအရ ၂၀၁၂ ခုနှစ် မိုးရာသီမှစပြီး ၂၀၁၅ ခုနှစ်ဆောင်းချေးငွေအထိ အချိန်စေ့ရောက်ပြီး တောင်သူလယ်သမားများ ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသေးသည့် ကြွေးကျန်သည် နိုင်ငံတော်မှာ ကျပ် ၅၅ ဘီလီယံကျော် ရှိနေဆဲဖြစ်ပါကြောင်း၊ တောင်သူများ၏ ချေးငွေပေးဆပ်မှုအပေါ် မူတည်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေနှင့် မြန်မာ့ စီးပွားရေး ဘဏ်ကို ပြန်လည်ပေးဆပ်ရခြင်းဖြစ်ပါကြောင်း၊ သတ်မှတ်ချိန် ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက မြန်မာ့ စီးပွားရေး ဘဏ်အနေဖြင့် ဘဏ်၏စည်းမျည်းစည်းကမ်းများအရ နောက်ချေးငွေအတွက် ထပ်မံခွင့်ပြု ပေးနိုင်ခြင်း မရှိသည့်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲ ကြုံတွေ့နေရမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဘဏ်အနေဖြင့် အလွန်များပြားသည့် ငွေပမာဏဖြစ်သည့် ဘီလီယံပေါင်းများစွာသော နိုင်ငံတော်ငွေကြေးအတွက် ဖြစ်နိုင်သရွေ့အတိုင်းအတာ အတွင်း တောင်သူများအပေါ် ၎င်းတို့အချင်းချင်း ပူးတွဲအာမခံမှုကိုသာ ရယူထုတ်ချေးထားရခြင်း ဖြစ်ပါကြောင်း၊ ချေးငွေရယူရန် အစုအဖွဲ့ ဖွဲ့သည့်နေရာတွင် မိမိတို့အချင်းချင်း အမှန်တကယ်တာဝန်ယူနိုင်သူ၊ တာဝန်ခံနိုင်သူနှင့် ဖွဲ့စည်းနိုင်ရန်အတွက်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် တောင်သူများစိုက်ပျိုးသောမြေဧက၊ မြေအမျိုးအစား အ‌ပေါ်မူတည်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ-၇ အထောက်အထားကို ရယူထုတ်ချေးပါကြောင်း၊ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးသည့် ဧကနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်ကို ရယူထုတ်ချေးခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို အကြောင်းအမျိုးမျိုးကြောင့် အလွဲသုံးစားလုပ်မှုများ သိရှိပေါ်ပေါက်လာပါကလည်း ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတာဝန်ရှိသူနှင့် ကျေးလက်ဒေသ အုပ်ချုပ်ရေးမှူးများ ဧကစာရင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်ခြင်းရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲထံ ဆက်သွယ်တင်ပြပြီး လုပ်ငန်းဆောင်ရွက်မှုမှ မသမာမှုရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူလယ်သမားများ ချေးငွေပြန်လည်ပေးဆပ်ရာတွင် သက်ဆိုင်ရာမြို့နယ် ဘဏ်ခွဲကို ငွေချေးသူ ကိုယ်တိုင်လာရောက်ပေးဆပ်ရသည့် စနစ်ဖြစ်ပါကြောင်း၊ ထို့အပြင် ငွေပေးဆပ်ရာတွင် ဘဏ်ခွဲ၏ ငွေလက်ခံကောင်တာတွင် လာရောက်ပေးဆပ်ပြီး တရားဝင်ငွေရပြေစာကို ရယူသိမ်းဆည်းထားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ချေးငွေထုတ်ချေးစဉ် မြို့နယ်ဘဏ်ခွဲများက တောင်သူလယ်သမားများကို အစဉ်အမြဲ ပညာပေးနှိုးဆော်လျက် ရှိပါကြောင်း၊

ဘဏ်မန်နေဂျာများအနေဖြင့် မြေခွန်တော်ဥပဒေအရ အရေးယူဆောင်ရွက်ခွင့်ရှိသည်ဆိုသော်လည်း ကြွေးကျန် သူများ၏ အိုးအိမ်ပစ္စည်းများကို နို့တစ်ထုတ်၊ ဝရမ်းကပ်၊ လေလံတင်ရောင်းချရာတွင် တရားရုံး၊ အုပ်ချုပ်ရေး ဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရမှုမျိုးရှိပါကြောင်း၊ လက်တွေ့တွင် ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် အဖက်ဖက်မှစိစစ်ရသည့် အခြေအနေရှိပါကြောင်း၊ ဘဏ်အနေဖြင့် တောင်သူများ၏ အခက်အခဲကို စာနာသောအားဖြင့် စောင့်ဆိုင်းကောက်ခံလျက်ရှိပါကြောင်း၊ တစ်ဖက်မှလည်း ကောက်ခံရရှိခြင်း မရှိသူများကို ဥပဒေနှင့်အညီ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို အကြောင်းအမျိုးမျိုးကြောင့် အလွဲသုံးစားလုပ်သူများကို ဥပဒေကြောင်းအရ ကြပ်မတ်စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တာဝန်ကျေ လယ်သမားများကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ငွေထုတ်ချေးပေးနိုင်ရေးအား စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်သိန်း (ဝက်လက်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ငွေကြေးများရရှိရန်အတွက် စိုက်/ဘဏ်မှ အပြစ်ပေးအရေးယူသည်ဟု ဝန်ကြီးက ဖြေသွားပါကြောင်း၊ အားနည်းချက်များရှိနေခြင်းကြောင့် ၎င်းမှာ အကြွေးများ ကျန်နေခြင်းဖြစ်ပါကြောင်း၊ ဝက်လက်မြို့နယ်မှာ ဆိုလျှင် ငွေချေးသည့် တောင်သူသည် ၂၄၀၀၀ ကျော်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ် သုံးနှစ် ကြွေးဟောင်းလက်ကျန်က မည်မျှရှိသလဲဆိုလျှင် မိမိတို့မြို့နယ်မှာ ၈၆၈.၉ သိန်းရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီးတစ်ခုလုံးအတွက် သုံးနှစ်အကြွေးကျန်က သိန်းပေါင်း ၃၉၄၈၈.၉ သိန်းရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၃၇ မြို့နယ်ကို ပျမ်းမျှတွက်ကြည့်မည်ဆိုပါက တစ်မြို့နယ်ကို သိန်း ၁၀၈၀ ခန့် အကြွေးတင်နေပါကြောင်း၊ ယခုလို တစ်နိုင်ငံလုံးတွင်ရှိသည့် မြို့နယ်တိုင်းတွင် ယခုလို အကြွေးများ တင်မည်ဆိုပါက အစိုးရအနေဖြင့် အိတ်ပေါက်နှင့် ဖားကောက်နေသကဲ့သို့ မိမိတို့နိုင်ငံသည် အဆင်မပြေ ဆင်းရဲနေဦးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကြွေးဟောင်းများကို မည်သို့နည်းလမ်းများနှင့် ပြန်လည်တောင်းယူ မည်နည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လက်ရှိအားဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၏ပြဋ္ဌာန်းထားသည့် ဥပဒေတွင်လိုအပ်ချက်၊ အားနည်ချက်များလည်း ရှိပါကြောင်း၊ ထို့ကြောင့် ယခုလာမည့် ဧပြီလ ၁ ရက်နေ့ကစပြီး ဆက်စပ်ရာလုပ်ငန်း ဝန်ကြီးဌာနဖြစ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို လယ်ယာဖွံ့ဖြိုးရေးဘဏ်အား လွှဲပြောင်းပေးပြီး Structure Reform ခေါ် ဘဏ်၏ ပြုပြင်ပြောင်းလဲမှုပိုင်းကို ဆောင်ရွက်သွားရန်လည်း စီစဉ်ထားရှိပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် အခါတွင် နိုင်ငံတော်က ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် ပုဂ္ဂလိကနှင့်အစိုးရ တွဲဖက်ဆောင်ရွက်မည့် အခြေအနေမျိုးကိုလည်း ဆက်လက်စီမံဆောင်ရွက်သွားမည့် အခြေအနေရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဦးမြင့်သိန်း (ဝက်လက်)