Law Database | Mail | English Version

အမေး ၊ အဖြေများ

(က)-ပြည်သူ့ဝန်ထမ်းများပြည်သူ့အကျိုးအတွက် ခရီးသွားလာရာတွင်ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခံစားမှုရရှိစေရန် မြန်မာနိုင်ငံခရီးစရိတ်လက်စွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များအား ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ခရီးစရိတ်နှင့်ပတ်သက်၍ FR-32 အရ ဝန်ထမ်းများ ပြည်သူ့အကျိုးအတွက် ခရီးသွားလာရာတွင် ကုန်ကျစရိတ်ကာမိရန် ထုတ်ပေးသည့်စရိတ်ဟု ဖော်ပြထားပြီး FR-95 အရ တာဝန်ဝတ္တရားဆောင်ရွက်ရာတွင် မလွဲမရှောင်သာ အမှန်ကုန်ကျခဲ့သော အသုံးစရိတ်များကို ကာမိစေရန် ထုတ်ပေးသောစရိတ်ဟု ဖော်ပြထားအပြင် FR-44 အရ လက်ခံရရှိသူ ဝန်ထမ်းအတွက် အမြတ်အစွန်းမဖြစ်စေရဟု သတ်မှတ်ပြဋ္ဌာန်းထားရှိပါကြောင်း၊ ထို့ကြောင့် မူလ အခြေခံနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြဋ္ဌာန်းချက်၊ သတ်မှတ်ချက် များကို ပြင်ဆင်ရန် လိုအပ်နေသည်ကို တွေ့ရပါကြောင်း၊

ခရီးစရိတ်ဥပဒေပါ ပြဋ္ဌာန်းချက်များမှ ရထား၊ သင်္ဘော၊ ကားမရှိသည့် နေရာများကို မိုင်နှုန်းစရိတ်နှင့် ပတ်သက်၍ ခွင့်ပြုနှုန်းသည် ဝန်ထမ်းအဖွဲ့အစည်းများ ရာထူးအဆင့် (၁)၊ (၂)၊ (၃) သည် တစ်မိုင်ကို ၇၅ ပြားနှုန်း၊ အဆင့်(၄)၊ (၅) သည် ပြား ၅၀ နှုန်း၊ အဆင့်(၆)၊ (၇) သည် ၃၈ ပြားနှုန်း၊ အဆင့် (၈)၊ (၉)၊ (၁၀) သည် ၂၅ ပြားနှုန်းနှင့် အဆင့် (၁၁) အောက်ကို ၁၃ ပြားနှုန်းဖြစ်သည့်အတွက် လက်ရှိခေတ်ကာလနှင့် လုံးဝဆီလျော်မှုမရှိသည်ကို တွေ့ရပါကြောင်း၊

နယ်လှည့်ခရီး စရိတ်အနေဖြင့် Burma Travelling Allowance Manual တွင်ပါသော ခရီးစရိတ် နည်းဥပဒေ ၈၅ အရ ရာထူးအဆင့် ရထား၊ သင်္ဘောဖြင့် သွားသည့်အခါ ရာထူးအဆင့် (၁)၊ (၂)၊ (၃) သည် မိုင် ၁၀၀ အထိ အထက်တန်း တစ်ဆ၊ မိုင် ၁၀၀ အတွက် နောက်တစ်ဆအတွက် ၆ ကျပ်ထက်မပိုသည့် အပိုကြေး၊ အဆင့်(၄) မှ (၉)အထိ မိုင် ၁၀၀ အထက်ကို အထက်တန်းတစ်ဆခွဲ  အဆင့်(၁၀) အနေဖြင့် အထက်တန်း တစ်ဆနှင့် ရိုးရိုးတစ်ဆ၊ အဆင့်(၁၁)၊ (၁၂) သည် အထက်တန်း တစ်ဆ သို့မဟုတ် ရိုးရိုးတန်း သုံးဆ၊ အခြားအဆင့်သည် ရိုးရိုးတန်း တစ်ဆနှင့် နေ့တွက်စရိတ် ခွင့်ပြုထားသည်ကို တွေ့ရပါကြောင်း၊ မော်တော်ကားဖြင့် ခရီးသွားသည့်အခါ ဦးစီးအရာရှိနှင့် အထက်အဆင့်ကို မော်တော်ကားခ၏ လေးဆ၊ ပြန်တမ်းဝင်မဟုတ်သည့်ရာထူးနှင့် စာရေးဝန်ထမ်းအဆင့်ထိကို သုံးဆနှင့် အခြားအဆင့်ကို တစ်ဆနှင့် နေ့တွက် ခွင့်ပြုထားသည်ကို တွေ့ရပါကြောင်း၊

နယ်ပြောင်းခရီးစရိတ်အနေဖြင့် ရထား၊ သင်္ဘောဖြင့် သွားသည့်အခါ ရာထူးအဆင့်‌ ၁ မှ ၉ အထိ အထက်တန်းသုံးဆ၊ ရာထူး ၁၀ မှ ၁၂ အထိ အထက်တန်းနှစ်ဆ၊ ကျန်အဆင့်ကို ရိုးရိုးတန်း သုံးဆ ခွင့်ပြုထားသဖြင့် မော်တော်ကားဖြင့် ခရီးသွားသည့်အခါ ဦးစီးအရာရှိနှင့် အထက်အဆင့်ကို ခြောက်ဆ၊ ပြန်တမ်းဝင်မဟုတ်သူနှင့် စာရေးဝန်ထမ်းအဆင့်ကို လေးဆ၊ အခြားအဆင့်ကိုသုံးဆ ခွင့်ပြုထားသည်ကို တွေ့ရပါကြောင်း၊တင်ပြထားသည့် နှုန်းထားများသည် ယခင်က နှုန်းထားများသည် သင့်လျော်သော်လည်း လက်ရှိယာဉ်ခနှုန်းများသည် အလွန်ဈေးကြီးနေသည့် အချိန်တွင် FR-44 အရ ပြဋ္ဌာန်းထားသည့် အမြတ်အစွန်း မဖြစ်စေရဆိုသူည့် ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ FR-32  နဲ့ FR-95 ပါ ပြဋ္ဌာန်းချက်တွေအရ ကုန်ကျစရိတ်များ ကာမိရန် ထိုက်သင့်သည့် အဆနှုန်းကိုလည်း ပေးသင့်သည်ကို သိရသည့်အတွက် ပြင်ဆင်ဆောင်ရွက်သင့်ပါကြောင်း၊

အများပြည်သူသုံးယာဉ်များ သွားလာမှုမရှိသည့် နေရာဒေသများကို ပြောင်းရွှေ့ရသည့်အခါ သယ်ဆောင်ရသည့် ပစ္စည်းခများအတွက် တင်ခ၊ ချခများမှာ ပိဿာ ၂၀ ကို ၂၅ ပြားနှုန်းဖြင့် သတ်မှတ်ပေးပြီး သယ်ဆောင်ခများကို နှစ်မိုင်နှင့်အထက် လှေ၊ မော်တော်ဖြင့် သွားသည့်အခါ ၃ ပြား၊ လှည်း၊ အခြားယာဉ်ဖြင့် သွားသည့်အခါ ၆ ပြား၊ မြင်း၊ လား၊ ကျွဲ၊ နွားနှင့် သွားသည့်အခါ ၉ ပြား၊ အထမ်းသမားအတွက် ၁၃ ပြား ခွင့်ပြုထားပြီး နှစ်မိုင်အတွင်း လှေ၊ မော်တော်ဖြင့် ၆ ပြား၊ လှည်း၊ အခြားယာဉ်ဖြင့် ၁၃ ပြား၊ မြင်း၊ လား၊ ကျွဲနွားတို့အတွက် ၁၉ ပြားနှင့် အထမ်းသမား အတွက် ၂၅ ပြား၊ နှုန်းများ ခွင့်ပြုထားသည့်အတွက် ခေတ်ကာလနှင့် မဆီလျော်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံလက်စွဲဥပဒေပါ ခေတ်ကာလနှင့် ဆီလျော်အပ်စပ်မှု မရှိသော ဥပဒေပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်အချိန်ကာလ တွင် ပြင်ဆင်ဆောင်ရွက်ပေးမညကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

နိုင်ငံ့ဝန်ထမ်းများ တာဝန်ဖြင့် ခရီးသွားလာရာတွင် မြန်မာနိုင်ငံခရီးစရိတ်နည်းဥပဒေ (Travelling Allowance Manual) ပါ ပြဋ္ဌာန်းချက်များအရ ခွင့်ပြုလျက်ရှိသကဲ့သို့ အချို့စရိတ်များသည် ခေတ်ကာလနှင့် မကိုက်ညီတော့သည့်အတွက်  အခါအားလျော် စွာ ပြင်ဆင် သတ်မှတ်ခဲ့သော နှုန်းထားများအရလည်း ခံစားခွင့်ပြုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံခရီးစရိတ်လက်စွဲတွင် ပါဝင်သော ခရီးစရိတ် အမျိုးအစားများအနက် ခရီးသွားနေ့တွက်စရိတ် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၏  ၂၁-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၃၀၈၆/၂၀၁၅ ဖြင့် ယခင် နေ့တွက်စရိတ် ၁၇၀၀ ကျပ် အစား ကျပ် ၃၀၀၀ သို့ တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးခဲ့ပါကြောင်း။

ခရီးသွားနေ့တွက်စရိတ်နှင့် ပတ်သက်၍ တိုးမြှင့်ပြင်ဆင်ပေးခဲ့သည့် မှတ်တမ်းများကို ပြန်ကြည့်သည့်အခါ၌  ၁၉၇၉ ခုနှစ်အထိ ၁၀ ကျပ်သာရှိခဲ့ရာမှ ၁၉၈၉ ခုနှစ်၌ ၁၅ ကျပ်သို့ ပြင်ဆင်ပေးခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်၌ ၁၁၀၀ ကျပ်သို့ ပြင်ဆင်ပေးခဲ့ရပါကြောင်း၊ ၂၀၁၃ ခုနှစ်၌ ၁၇၀၀ ကျပ်တို့ ပြင်ဆင်ပေးခဲ့ပြီး ယခုနောက်ဆုံး ကျပ် ၃၀၀၀ သို့ တိုးမြှင့်ပြင်ဆင် ပေးထားပါကြောင်း၊ လက်ရှိကာလတွင် တာဝန်ဖြင့်ခရီးသွားလာသော နိုင်ငံ့ဝန်ထမ်းများ၏ အမှန်တကယ် ကုန်ကျသည့် ခရီးစရိတ်များကို ခွင့်ပြုပေးပိုင်ခွင့်ရှိသူ ဌာနအကြီးအကဲ၏ ထောက်ခံချက်၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်၏ ထောက်ခံချက်တို့ဖြင့် တင်ပြလာပါက ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံခရီး စရိတ်လက်စွဲတွင် လစာနှုန်းအဆင့် ၁၁ ဆင့် ခွဲခြားသတ်မှတ်ပြီး သာမန်ဒေသနှုန်းနှင့် အထူးဒေသနှုန်းဟူ၍  ခွဲခြားခွင့်ပြုခဲ့သည့် မိုင်နှုန်း စရိတ်များအစား သက်ဆိုင်ရာ ဒေသအာဏာပိုင်က သတ်မှတ်ထားသော ယာဉ်စီးခ နှုန်းထားများအရ အများပြည်သူသုံး ယာဉ်ဖြင့်သွားလာပါက အမှန်တကယ်ကုန်ကျသည့် ခရီးစရိတ်ကို ပြေစာအထောက်အထားဖြင့် ခွင့်ပြုပါကြောင်း၊ အများပြည်သူသုံး ယာဉ်မရှိသည့် ဒေသများတွင် သွားလာပါက သက်ဆိုင်ရာ ဒေသအာဏာပိုင်က သတ်မှတ်ပေးထားသည့်နှုန်း ထားဖြင့် ခွင့်ပြုပါကြောင်း၊ ပြောင်းရွှေ့ခရီးနှင့် နယ်လှည့်ခရီးတို့အတွက် မြန်မာနိုင်ငံ ခရီးစရိတ်လက်စွဲတွင် သတ်မှတ်ပြဋ္ဌာန်းထားသော မီးရထားခများနှင့် ယာဉ်စီးခများကို အဆနှုန်းဖြင့် ခွင့်ပြုခြင်းအစား ခရီးသွားခဲ့သည့် ယာဉ်လက်မှတ်၊ ပြေစာတို့ဖြင့် တင်ပြပါက အမှန်တကယ် ကုန်ကျသည့် ခရီးစရိတ်အဖြစ် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ အမှန်တကယ် ကုန်ကျသည့် ခရီးစရိတ်အတွက် ခရီးသွားခဲ့သည့် ယာဉ်လက်မှတ် အထောက်အထား မရရှိနိုင်သည့် အခြေအနေမျိုးတွင် သက်ဆိုင်ရာဒေသအာဏာပိုင်၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စသည့် ဌာနများက ခေတ်ကာလနှင့်အညီ ပြောင်းလဲပြင်ဆင်ပြီး သတ်မှတ်ပေးသော နှုန်းများအရ ခွင့်ပြုလျက်ရှိပါကြောင်း၊ ဝန်ထမ်းများ တာဝန်နှင့် ပြောင်းရွှေ့သည့်နေရာတွင် ပစ္စည်းသယ်ယူခြင်းများအတွက် တန်ဆာခကို မြန်မာနိုင်ငံ ခရီးစရိတ်လက်စွဲ၌ ပြဋ္ဌာန်းထားသော၊သယ်ယူခွင့်ရှိသော သတ်မှတ်အလေးချိန်အတွင်း အမှန်တကယ် သယ်ယူသည့် အလေးချိန်ကို ပစ္စည်းသယ်ယူခနှုန်းထားများဖြင့် ခွင့်ပြုခြင်းအစားကို သက်ဆိုင်ရာဒေသ အာဏာပိုင်၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့က ခေတ်ကာလနှင့်အညီ ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးသည့် တန်ဆာခနှုန်းထားများအရ အမှန်တကယ် ကုန်ကျသည့် စရိတ်အဖြစ် ခွင့်ပြုပါကြောင်း။

အဆိုပါ အမှန်တကယ်ကုန်ကျခဲ့သည့် ခရီးစရိတ်များကို ခွင့်ပြုသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အထောက်အထား ပြည့်စုံစွာဖြင့် တင်ပြရပြီး ခေတ်ကာလနှင့်လျော်ညီခြင်း အမှန်တကယ် ကုန်ကျသည့် စရိတ်များဖြစ်ခြင်းတို့ကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကလည်း ကန့်ကွက်မှုမရှိခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ၁၉၈၆ ခုနှစ်ကထုတ်ပြန်ခဲ့သော ဌာန၊ အဖွဲ့အစည်းများက လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဆိုင်ရာ အမိန့်ကြော်ငြာစာ (ဘဏ္ဍာရေး စည်းမျဉ်း) ကို ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြည်တွင်းပြည်ပ ပညာရှင်များနှင့်ပါ ပူးပေါင်းပြီး ပြင်ဆင်လျက်ရှိပါကြောင်း၊ ၎င်းဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသည် မကြာမီပြီးစီးမည် ဖြစ်ပါကြောင်း၊ ပြင်ဆင်ပြီးသည့်အခါ နိုင်ငံ့ဝန်ထမ်းများ နိုင်ငံ့အကျိုးအတွက် ခရီးသွားလာရာမှာ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခံစားမှုရရှိစေရန်နှင့် ခေတ်ကာလနှင့် လျော်ညီစေရန် မြန်မာနိုင်ငံ ခရီးစရိတ်လက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များ ပြင်ဆင်ပေးရန်ကိစ္စရပ်များကို ဆက်လက်သုံးသပ် ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း၊ ထိုသို့ ပြင်ဆင်ဆောင်ရွက်ရသည့်နေရာတွင် ဝန်ထမ်းများ အမှန်တကယ် ကုန်ကျခဲ့သည့် ခရီးစရိတ်များကို ခံစားခွင့်ရရှိစေရန်နှင့် လက်ခံရရှိသည့် ဝန်ထမ်းအတွက် အမြတ်အစွန်း မဖြစ်စေရန်စသည့် အခြေခံစည်းမျဉ်းများကို ထည့်သွင်းစဉ်းစားပြီး ဌာန၊ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ပညာရှင်များ၏ အကြံဉာဏ်များကို ပါရယူ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
မေးမြန်းသူ 
ဦးခင်ချို (လှိုင်းဘွဲ့)