Law Database | Mail | English Version

အမေး ၊ အဖြေများ

(က)-ဒေါပုံမြို့နယ်ရှိသင်္ဘောကျင်းလမ်းဆုံလမ်းမ ကျယ်ကြီးတွင်အများပြည်သူများဘးကင်းလုံခြုံ စွာ ဖြတ်သန်းနိုင်ရေးအတွက် သင့်လျော်သည့် အစီအမံများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ဒေါပုံမြို့နယ်ရှိ သင်္ဘောကျင်းလမ်းဆုံ လမ်းမကျယ်ကြီးတွင် မော်တော်ယာဉ်ကြီးများ၊ ခရီးသည်တင် ယာဉ်လိုင်းမျိုးစုံများ နှင့် အခြားယာဉ်အမျိုးမျိုးတို့ နေ့စဉ်နှင့်အမျှ အရှိန်ပြင်းစွာဖြင့် သွားလာနေကြသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ၄င်းနေရာတွင် မိမိတို့မြို့နယ်၏ ဌာနပေါင်းစုံ၊ရုံးအသီးသီး စုဝေးသောနေရာလည်း ဖြစ်သည့်အပြင် ခရီးသွားပြည်သူ အများအပြားက တစ်ဖက်လမ်းကို မော်တော်ယာဉ်လိုင်းကြောင်းတို့ ပြောင်းစီးပြီး လိုချင်သည့် နေရာဒေသ အသီးသီးကို သွားလာနိုင်ရန်အတွက် အဓိက ဖြတ်သန်း သွားလာနေရခြင်း ဖြစ်ပါကြောင်း၊တစ်ဖက်ကား လမ်းမကို ဖြတ်ကူးနိုင်ရန်အတွက် လမ်းမကျယ်ကြီးတွင် အရှိန်ပြင်းပြင်းနှင့် မောင်းနေသည့် ကားတွေကြားထဲ လမ်းအလယ်တွင်ချထားသည့် ကွန်ကရစ်တုံးများ၏ ကြားထဲမှ ဖြတ်သန်း သွားလာနေရ သည် ကို တွေ့ရမည် ဖြစ်ပါကြောင်း၊၄င်းလမ်းမကြီးတွင် လူကူးမျဉ်းကြားတို့ မရှိသည့်အပြင် အချက်ပြမီးပွိုင့်လည်း မရှိသောကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပြီး အသက်ဆုံးရှုံးမှုတို့ ဖြစ်ရပါကြောင်း၊ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် သင်္ဘောကျင်း လမ်းဆုံ လမ်းမကြီးတွင် အများပြည်သူ ဘေးကင်းလုံခြုံစိတ်ချစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ သင်္ဘောကျင်းလမ်းဆုံ လမ်းမကျယ်ကြီးတွင် ကုန်သေတ္တာတင် ယာဉ်ကြီးများ၊ ခရီးသည်တင်မော်တော်ယာဉ်လိုင်းများ စသည်ဖြင့် မော်တော်ယာဉ်အမျိုးမျိုးတို့နှင့် အများပြည်သူတို့ စဉ်ဆက်မပြတ် သွားလာနေကြသောကြောင့် လမ်းမကြီး၏တစ်ဖက် ယာဉ်သွားလမ်းမှ အခြားတစ်ဖက်သို့ ဖြတ်ကူးသွားလာရာမှာ ကြန့်ကြာမှုရှိခြင်း၊ မကြာခဏ ယာဉ်တိုက်မှုဖြစ်ပြီး အသက်ဆုံးရှုံးမှုများ ဖြစ်ပွားလျက်ရှိခြင်းတို့ကြောင့် အများပြည်သူများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် လူကူးဂုံးကျော်တံတားတစ်စင်းအား လာမည့်ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါလမ်းဆုံတွင် မော်တော်ယာဉ်လိုင်းများမှ ခရီးသည်တင်ချခြင်းများအား စည်းကမ်းမဲ့စွာ မပြုလုပ်နိုင်စေရန် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းပြီး စနစ်တကျဖြစ်စေ ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အများပြည်သူများ လမ်းမကျယ်ကြီးကို ဖြတ်ကူးရာတွင် လူကူးမျဉ်းကြားမရှိသည့်အတွက် ယာဉ်တိုက်မှု များ ဖြစ်ပွား လျက်ရှိ ရာ နောက်နောင်တွင် ထိုအန္တရာယ်များ မဖြစ်ပေါ်စေရန် စနစ်တကျ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီး သင့်လျော်သောနေရာများ၌ လူကူးမျဉ်းကြားများ ထားရှိပေးခြင်း၊ လိုအပ်ပါက အချက်ပြမီးပွိုင့်များထားရှိ၍ သင်္ဘောကျင်းလမ်းဆုံလမ်းမကြီးကို အသုံးပြုနေရသော အများပြည်သူများ အချိန်ကြန့်ကြာမှုမရှိစေဘဲ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်စေရန် စီမံဆောင်ရွက် မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်
မေးမြန်းသူ 
ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို (ဒေါပုံ)