Law Database | Mail | English Version

အမေး ၊ အဖြေများ

(က)-ခေါင်လန်ဖူးမြို့နယ်တွင်အရည်အချင်းရှိသည့် ပညာရေးဝန်ထမ်းများ တိုးမြှင့်ချထားပေးရန် အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း အကြောင်းအရာ 

ခေါင်လန်ဖူးမြို့နယ်သည် အဓိကအားဖြင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှုအနောက်ကျဆုံးမြို့နယ်ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တွင် အ.ထ.က ကျောင်းတစ်ကျောင်း၊ အ.ထ.က(ခွဲ) တစ်ကျောင်း၊ အ.လ.က တစ်ကျောင်း၊ အ.လ.က(ခွဲ) ခုနစ်ကျောင်း၊ မူလွန်တစ်ကျောင်း၊ အ.မ.က ၅၇ ကျောင်း စုစုပေါင်း ၆၈ ကျောင်းရှိပါကြောင်း၊ ၆၈ ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပညာရေးဝန်ထမ်း ခွဲဝေအင်အား ၅၃၄ ဦး ရှိရမည်ဖြစ်သော်လည်း လက်ရှိဝန်ထမ်းဦးရေမှာ ၃၅၉ ဦးသာရှိပြီး ၁၇၅ ဦး လစ်လပ်လျက်ပါကြောင်း၊

မိမိတို့ ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေးကဏ္ဍ၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ငါးဘာသာ၊ ခြောက်ဘာသာ ဂုဏ်ထူးမဆိုထားနှင့် ရိုးရိုးဖြင့် အောင်မြင်မှုမရှိသည်မှာ ၂၀၀၉ ခုနှစ်ကစပြီး ခြောက်နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမရှိသည့်အတွက် ဒေသခံဝန်ထမ်း အလွန် ရှားပါးနေပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အရည်အချင်းရှိ ပညာရေးဝန်ထမ်းများ စေလွှတ်ပေးမှု မရှိခြင်း၊ မူလတန်းပြဆရာဆရာမများနှင့် အလယ်တန်းပြဆရာဆရာမများအား တစ်ဆင့်မြင့် ရာထူးတိုးမြှင့် ခန့်ထားပြီး စေလွှတ်ပေးခြင်း၊ ဆရာဆရာမများ စာသင်နှစ်အမီ မရောက်ရှိခြင်း၊ သင်ရိုးညွှန်းတမ်းများကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိဘဲ သင်ကြားနေခြင်း၊ မလေ့လာထားသည့် သင်ရိုးများကို အခန်းကျော်ပြီး သင်ခြင်း၊ စာသင်ချိန်မပြည့်ခြင်း၊ ကျောင်းပိတ်ချိန်မရောက်ရှိဘဲ ကြိုတင်ပိတ်သွားခြင်း၊ သင်ထောက်ကူပစ္စည်း မရှိခြင်း၊ တာဝန်ကျဆရာဆရာမများ ပြည်နယ်အစီအစဉ်ကြောင့်ဟုဆိုကာ ပူတာအိုမြို့တွင် တွဲဖက်ချထားခြင်း စသည်တို့ကြောင့် ဒေသခံကျောင်းသားကျောင်းသူများသည် ပညာရေးတွင် များစွာ နောက်ကျခဲ့ရပါကြောင်း၊ ၂၂-၉-၂၀၁၆ ရက်နေ့တွင် ဖြေကြားပေးပို့သော ပညာရေးဝန်ကြီးဌာန၏ ဖြေကြားချက်တွင် မြို့နယ်ပညာရေးမှူးရုံးအနေဖြင့် စီမံချက် ရေးဆွဲဆောင်ရွက်ခြင်းနှင့် ဘာသာရပ် အလိုက် စစ်ဆေးရေးအဖွဲ့များ စေလွှတ်၍ သင်ကြားသင်ယူမှု လုပ်ငန်းများကို ကြီးကြပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အထိ ပညာရေး မှတ်တမ်းများအရ စစ်ဆေးရေးအဖွဲ့စေလွှတ်ပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း လုံးဝမရှိခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် သင်ရိုးညွှန်းတမ်းများတစ်ခုတည်းဖြစ်သော်လည်း အရည်အချင်းရှိ ဆရာဆရာမများ သင်ကြားသင်ယူမှု အားနည်းခြင်းကြောင့် တခြားမြို့များနှင့် များစွာကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအတိုင်းသာ ဆက်သွားမည်ဆိုပါက ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ဒေသခံကလေးများအတွက် ပညာရေးတွင် ရင်လေးစရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ထူးချွန်စွာအောင်မြင်မှုရရှိရန်နှင့် ဒေသခံ ဝန်ထမ်းများ ထွက်ပေါ်လာစေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အချင်းရှိသည့် ပညာရေးဝန်ထမ်းများ တိုးမြှင့်ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 

ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်ရှိ ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်းများကို အရည်အသွေးပြည့်ဝစေရန်အတွက် ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ပူးပေါင်းပြီး အရည်အသွေးမြင့်မား‌ရေးသင်တန်းများနှင့် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ဘာသာရပ်မွမ်းမံ သင်တန်းများ ကျင်းပပေးပြီး အရည်အချင်းနှင့် အရည်အသွေး မြင့်မားအောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာ အထက်တန်းကျောင်းများတွင် လစ်လပ်လျက်ရှိသော ဆရာဆရာမများနှင့် ပညာရေး ဝန်ထမ်းများခန့်အပ်ရာမှာ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း ဒေသခံများကို ဦးစားပေးခန့်အပ်သည့်မူ ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ဒေသခံ ဝန်ထမ်းမရရှိပါက အခြားဒေသများမှ ပညာရေးဝန်ထမ်းများကို ၎င်းတို့၏ ဆန္ဒပြု လျှောက်ထားသည့်အပေါ် မူတည်ပြီး ရွေးချယ်ခန့်ထားပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာပြည်ဒေသ အနှံ့ ဝေးလံခေါင်ဖျားဒေသများအတွက်ပါ ပါဝင်ပြီး ခေါင်လန်ဖူးမြို့နယ်အတွက်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ် အတွက် လုပ်ငန်းခွင်ကြို ဆရာအတတ်သင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ၄၀၆ ဦး၊ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ၄၃၈ ဦး လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပြီး လုပ်ငန်းခွင်တွင် တာဝန်ပေးနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၅၂၃ ဦး လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး လာမည့် ၂၀၁၇-၁၈ အတွက် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခုမှ သင်တန်းသား သင်တန်းသူ အရေအတွက် ၅၉၀ ဦး ခေါ်ယူလေ့ကျင့်ပေးရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခေါင်လန်ဖူးမြို့နယ်အတွင်း အရည်အချင်းပြည့် ဆရာဆရာမများကို အရေအတွက်သာမက ရှိရင်းစွဲ ဆရာဆရာမများကိုလည်း အရည်အသွေးမြင့်မားရေးအတွက် ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
မေးမြန်းသူ 
ဦးအာမိုးဆီ (ခေါင်လန်ဖူး)